လူအိုကြီးက ရလဒ်ကိုကြေညာလိုက်သော်လည်း ဘယ်သူကမှ လက်ခုပ်သြဘာမပေးကြချေ။
ပွဲကြည့်သူအပေါင်း၏မျက်နှာထက်မှာ အံ့အားသင့်နေသောအရိပ်အယောင်များသာ ဖုံးလွှမ်းထား၏။
သိုင်းပညာခန်းမမှ လီဟယ်သည် သိုင်းပညာခန်းမ၏ ထိပ်တန်းကျောင်းသားများထဲမှ တစ်ယောက်ဖြစ်ပြီး မင်းမျိုးမင်းနွယ်မိသားစုများနှင့် မှူးကြီးမတ်ရာမိသားစုများထံမှ မြှောက်စားခံထားရသူပင်။ သူသည် သူ့ထက်အဆင့်မြင့်သူများကိုပင် သတ်ဖြတ်နိုင်ခဲ့ဖူးသည်။
ထိုကဲ့သို့သောလူဟာ ယဲ့ချိုးပိုင်ဆီမှာ ရှုံးနိမ့်သွားရချေသည်။
ယဲ့ချိုးပိုင်တစ်ယောက် သူ့ခွန်အား အကုန်ထုတ်မသုံးထားရသေးသလို တစ်ချိန်လုံးစိတ်အေးလက်အေးဖြစ်နေတာကို အမြော်အမြင်ရှိသူတိုင်း မြင်နိုင်ပေသည်။
ခေါင်းဆောင်ဖြစ်သူ ချင်းထျန်းနျန်ကတော့ ပြုံးလျက်ပြော၏။
“ကြည့်ရတာ အဲ့ဒီကလေးချန်းရှန်က လူကဲခတ်တော့တော်ပုံပဲ”
ကွန်ဖြူးရှပ်ဌာနမှခေါင်းဆောင်ကလည်း ခေါင်းတညိတ်ညိတ်နှင့်ဝင်ပြောသည်။
“ဒီကလေးရဲ့စွမ်းရည်က တကယ်မဆိုးလှဘူး”
ဓားသိုင်းခန်းမ၏အကြီးအကဲကတော့ ယဲ့ချိုးပိုင်ကို ထူးဆန်းသောအကြည့်တစ်စုံဖြင့်သာ ငေးကြည့်နေပြီး တစ်စုံတစ်ရာကို တွေးတောနေလေသည်။
ထိုအချိန်မှာ လူအိုကြီးသည် ယဲ့ချိုးပိုင်၏နံဘေးမှာ ဝင်ရပ်လိုက်ပြီး ထူးဆန်းလှသောအမူအရာဖြင့် မေးလိုက်သည်။
“ယဲ့ချိုးပိုင်.. မင်းရဲ့လက်ရှိထောက်ပံ့ရေးအမှတ်က ၂၀၀ပဲ။ မင်း ဆက်ပြီးစိန်ခေါ်ချင်လား။ ဒါပေမဲ့ မင်းရှုံးခဲ့မယ်ဆိုရင်တော့ မင်းရဲ့ထောက်ပံ့ရေးအမှတ်တွေအကုန်လုံးကို အနိုင်ရသူဆီကိုပေးလိုက်ရမှာနော်”
ယဲ့ချိုးပိုင်က လုံးဝတွေဝေမနေချေ။ ဤနေရာကို သူ တိုက်ခိုက်ဖို့ရောက်လာခြင်းဖြစ်ရာ ဤအခွင့်အရေးကို ကောင်းကောင်းအသုံးချရမည်။
“ဆက်ပြိုင်မယ်”
လူအိုကြီးက ခေါင်းညိတ်ပြပြီး နောက်ထပ်စိန်ခေါ်သူ၏နာမည်ကို ခေါ်လိုက်၏။
“အစီအရင်ခန်းမက ရှုမင်”
ရှုမင်သည် ယဲ့ချိုးပိုင်ကိုကြည့်ပြီး တည်ငြိမ်အေးဆေးစွာ စကားဆိုလိုက်သည်။
“မင်းက အရမ်းသန်မာတာပဲ။ ဒါပေမဲ့ မင်း ငါ့ရဲ့အစီအရင်ကိုဖြတ်နိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့”
ထိုသို့ပြောပြီးနောက် ရှုမင်သည် လက်ချောင်းများကို ဝှေ့ယမ်းလိုက်လေရာ အစီအရင်အဆောင်စာရွက်များ လွင့်ပျံလာလေတော့သည်။
ခုနစ်ရောင်ခြည်မြူခိုးများသည် အစီအရင်အဆောင်စာရွက်များအကြား ထွက်ပြူလာပြီး သိုင်းပညာယှဉ်ပြိုင်ပွဲကြိုးဝိုင်းတစ်ခုလုံးအနှံ့ ပြန့်ကျဲသွားသည်။
ကြည့်ရှုသူတွေထဲမှတစ်ယောက်က အံ့သြတကြီးပြောလေသည်။
“ဒါက ရှုမင်ရဲ့ခုနစ်ရောင်ခြယ်ပုံရိပ်ယောင်အစီအရင်ပဲ။ အဲ့ဒီထဲမှာပိတ်မိတဲ့လူကတော့ ပုံရိပ်ယောင်ခုနစ်စဉ်ရဲ့အရသာကို မြည်းစမ်းရမှာပဲ။ အဲ့ဒီနေရာကနေသာ ကျော်ထွက်မလာနိုင်ရင် လက်ကျန်ဘဝတစ်ခုလုံး အထဲမှာပဲပိတ်မိနေတော့မှာ”
“ဒါဆို ယဲ့ချိုးပိုင် ဒုက္ခရောက်တော့မှာမဟုတ်ဘူးလား”
“လူတိုင်းမှာ စိတ်ခံစားချက်ခုနစ်မျိုးနဲ့ စိတ်ဆန္ဒခြောက်ပါးရှိကြတယ်မဟုတ်လား”
အစီအရင်ခန်းမ၏ခေါင်းဆောင်သည် ထိုအခြင်းအရာကိုမြင်သောအခါ မပြုံးမိဘဲမနေနိုင်တော့ပေ။
“ရှုမင်က ငါ့တပည့်လေ။ ခုနစ်ရောင်ခြယ်ပုံရိပ်ယောင်အစီအရင်ကို ငါ သူ့ကို သီးသန့်သင်ပေးထားတာလေ။ အခု ယဲ့ချိုးပိုင်တော့ အခက်တွေ့တော့မှာပဲ”
ဓားသိုင်းခန်းမအကြီးအကဲကလည်း ခေါင်းတခါခါနှင့်ပြောလေသည်။
“ဓားသိုင်းကျင့်ကြံသူတစ်ယောက်က အစီအရင်တစ်ခုမှာ လွယ်လွယ်လေးမပိတ်မိတတ်ဘူး”
“ဒီလိုဆိုလည်း ကြည့်ကြသေးတာပေါ့”
ယဲ့ချိုးပိုင်သည် ခုနစ်ရောင်ခြယ်ပုံရိပ်ယောင်အစီအရင်ထဲမှာ ပိတ်မိနေချေသည်။ ပထမပုံရိပ်ယောင်သည် မိသားစုစွမ်းရည်စစ်ဆေးပွဲမှမြင်ကွင်းဖြစ်၏။
“နောက်တစ်ယောက်.. ယဲ့ချိုးပိုင်”
ယဲ့ချိုးပိုင်သည် ပုံရိပ်ယောင်ထဲမှာ သူ့ပတ်ပတ်လည်ရှိ သရော်ပြုံးပြုံးနေသောမျက်နှာများကိုကြည့်ရင်း ရှေ့ကို လျှောက်သွားလိုက်သည်။
ထိုအပြုံးမျက်နှာများသည် ကမ္ဘာ့အဆိုးယုတ်ဆုံးအရှက်ခွဲမှုများကဲ့သို့ ယဲ့ချိုးပိုင်၏နှလုံးသားကို ထိရှစေသည်။
မည်သို့ပင်ဆိုစေကာမူ ထိုစကားလုံးများက ယဲ့ချိုးပိုင်၏စိတ်ခွန်အားကို မချိုးဖျက်နိုင်ချေ။
သူသည် ဧရာမကျောက်တုံးပေါ်ကို လက်တင်လိုက်၏။ ရုတ်ခြည်းပင် အလင်းတစ်ဖြာသည် ပရမ်းပတာပြန့်ကျဲထွက်လာပြီး ဓားစွမ်းအင်လှိုင်းလုံးကြီးက ပုံရိပ်ယောင်တစ်ခုလုံးကို လုံးထွေးရစ်ပတ်ပစ်လိုက်သည်။
ခွမ်း..
ပထမပုံရိပ်ယောင် ကျိုးပျက်သွားလေသည်။
ထိုမှစတင်၍ ဒုတိယ၊တတိယနှင့် ခြောက်ခုမြောက်အထိ ယဲ့ချိုးပိုင်က လျှပ်တပြက်အတွင်း ဖျက်ဆီးပစ်လိုက်သည်။
ခုနစ်ခုမြောက်တွင် မိန်းမငယ်လေးတစ်ယောက်က ယဲ့ချိုးပိုင်၏အရှေ့မှာ မတ်တတ်ရပ်နေလေသည်။
ထိုမိန်းမငယ်လေးက ကောင်ငယ်လေးတစ်ယောက်၏အရိပ်နောက်ကို ပြေးလိုက်နေလေသည်။
သူမ၏နှုတ်ဖျားကလည်း “အစ်ကိုချိုးပိုင်”ဟု တစာစာခေါ်နေရှာသည်။
ထိုကောင်လေးသည် ထျန်းယွမ်မြို့တော်၏ ထိပ်တန်းဉာဏ်ကြီးရှင်အဖြစ် အသိအမှတ်ပြုခံထားရသည်။
သူတို့နှစ်ယောက်မှာ တစ်ယောက်က အရည်အချင်းရှိသောအမျိုးသားဖြစ်ပြီး တစ်ယောက်က လှပချောမောသောအမျိုးသမီး ဖြစ်၏။ သူတို့သည် ငယ်စဉ်ကတည်းက စေ့စပ်ကြောင်းလမ်းထားကြသည်။
ယဲ့ချိုးပိုင်သည် ထိုမြင်ကွင်းကို တိတ်တဆိတ်ကြည့်ရှုနေပြီး သူ့မျက်ဝန်းထဲမှာလည်း အတိတ်ကိုလွမ်းဆွတ်နေဟန် အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။
မြင်ကွင်းက ပြောင်းလဲသွားလေသည်။
မိန်းမငယ်လေးက ညင်သာနူးညံ့ပြီး ဆွဲဆောင်မှုရှိသောအမျိုးသမီးတစ်ယောက် ဖြစ်သွားသည်။
တစ်ဖက်မှာတော့ အမျိုးသားငယ်ဟာ လေ့ကျင့်ရေးဆင်းနေခိုက် သူ့စွမ်းရည်များကို ဆုံးရှုံးလိုက်ရသည်။
ထိုအချိန်မှာ အမျိုးသမီးလေးက ကောင်လေး၏မိသားစုထံသို့ မင်္ဂလာစာချုပ်တစ်ခုကိုယူလာပြီး မပြန်ခင်မှာ ထိုစာချုပ်ကို စုတ်ဖြဲသွားပေသည်။
ထို့နောက် သူတို့အားလုပ်ကြံရန် လုပ်ကြံရေးသမားများစေလွှတ်လိုက်သည်။
မြင်ကွင်းက ထိုနေရာမှာပင် အဆုံးသတ်သွား၏။
ယဲ့ချိုးပိုင်ခမျာ သက်ပြင်းချရင်း ပြောလိုက်သည်။
“အတိတ်က အတိတ်မှာပဲကျန်ခဲ့ပြီ။ မေတ္တာတရားကို မေတ္တာတရားနဲ့ပဲတုံ့ပြန်ပြီး အငြိုးအာဃာတရှိတယ်ဆိုရင်တော့ လက်စားချေပေါ့”
“ငါ ဒီနေရာမှာ ဘယ်လိုလုပ်ရပ်နေနိုင်မှာလဲ”
“ဓားသိုင်းတာအိုကို ဆက့်ကျင့်ကြံရဦးမှာလေ”
ယဲ့ချိုးပိုင်၏မျက်ဝန်းအစုံဟာ အလွန်အမင်းကြည်လင်နေချေသည်။ သူသည် တစ်စုံတစ်ရာကိုနားလည်သွားဟန်ပေါ်ပြီး ဓားဖြင့်ခုတ်ချလိုက်သည်။
ပုံရိပ်ယောင်ခုနစ်ခုမြောက်သည်လည်း ပျက်စီးသွားလေတော့သည်။
အပြင်ဘက်လောကမှာတော့..
လူတိုင်းက ယဲ့ချိုးပိုင် အစီအရင်ကိုဖောက်ထွက်လာနိုင်ပါ့မလားဆိုတာကို ဆွေးနွေးနေကြသည်။
ထိုအချိန်မှာ ရှုမင်၏အမူအရာ ပြောင်းလဲသွားသည်။
ခုနစ်ရောင်ခြယ်ပုံရိပ်ယောင်အစီအရင်ထဲရှိ ခုနစ်ရောင်ခြယ်မြူစိုင်ကြီး၏အလွှာများသည် တစ်ထပ်ချင်းလွင့်ပြယ်နေလေသည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ရှုမင်သည် အစီအရင်ကို အလောတကြီးပြန်တည်ဆောက်ဖို့ကြိုးစားလိုက်သော်ငြား အစီအရင်အဆောင်စာရွက်က စတင်ပြိုပျက်နေချေပြီ။
ရှုမင်လည်း သွေးတစ်ပွက်စာအန်ထုတ်လိုက်ပြီး မြေပြင်ပေါ်ကို လဲကျသွားသည်။
အစီအရင်ကို တန်ပြန်တိုက်ခိုက်လိုက်ခြင်းပင်။
ကြည့်ရှုသူအပေါင်းမှာလည်း အံ့သြထိတ်လန့်သွားကြလေတော့သည်။
သူတို့အားလုံးက ယဲ့ချိုးပိုင် အစီအရင်ကိုဖောက်မထွက်နိုင်တော့ဟု ထင်နေခဲ့ကြသည်။ သို့သော် သူသည် အစီအရင်ကိုဖောက်ထွက်လာနိုင်ရုံသာမက ဆယ်ကြိမ်အသက်ရှူရှိုက်စာလောက်မှာပင် အောင်မြင်သွားခဲ့သည်။
ရှုမင်၏ခုနစ်ရောင်စဉ်ပုံရိပ်ယောင်အစီအရင်ကို ဆယ်ကြိမ်အသက်ရှူရှိုက်စာလောက်နှင့် ဖျက်ဆီးလိုက်ခြင်းပင်။ ဘယ်လိုအယူအဆမျိုးကြီးပါလိမ့်။
ဓားသိုင်းခန်းမအကြီးအကဲကလည်း တအံ့တသြစကားဆို၏။
“ဓားသိုင်းနှလုံးသွေးကြောနက်နဲသိမ်မွေ့မှုပဲ”
ချင်းထျန်းနျန်၏မျက်နှာကလည်း တည်ငြိမ်အေးဆေးနေသည်။
အစီအရင်ခန်းမအကြီးအကဲကတော့ မယုံကြည်နိုင်လောက်အောင် ဖြစ်နေလေသည်။
“သူက ဒီအသက်အရွယ်လေးနဲ့ ဓားသိုင်းနှလုံးသွေးကြောနက်နဲသိမ်မွေ့မှုကို သိမြင်နားလည်နေပြီပေါ့။ ဒီကလေးရဲ့အနာဂတ်ကတော့ အကန့်အသတ်မဲ့ပါလား”
ထို့နောက်မှာတော့ ဓားသိုင်းခန်းမအကြီးအကဲသည် သိုင်းပညာယှဉ်ပြိုင်ရေးကြိုးဝိုင်းထဲကို ရုပ်ရွှေ့ပြောင်းသွားပြီး အလောသုံးဆယ်အမူအရာဖြင့် ယဲ့ချိုးပိုင်ကိုကြည့်လိုက်သည်။
“မင်း ငါ့ရဲ့ဓားသိုင်းခန်းမဂိုဏ်းထဲကိုဝင်ပြီး ငါ့တပည့်ဖြစ်ချင်လား”
ချင်းထျန်းနျန်နှင့် အခြားလူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြပြီး ရယ်ရအခက်၊ငိုရအခက်ဖြစ်သွားကြသည်။
ဘေးပတ်လည်ရှိလူအုပ်ကြီးကလည်း အံ့သြသွားကြလေသည်။
“ဓားသိုင်းခန်းမအကြီးအကဲက လူကိုယ်တိုင်လာပြီး သူ့ကိုအလစ်သုတ်ဖို့ကြံနေတာပဲ”
“ကြည့်ရတာ ယဲ့ချိုးပိုင်က တကယ်အစွမ်းထက်ပုံပဲ”
“အမှန်ပဲ။ အကြီးအကဲတွေတောင်မှ သူ့ကို ဂိုဏ်းထဲခေါ်သွင်းဖို့ ခယနေရတာလေ”
ယဲ့ချိုးပိုင်ကတော့ မှင်တက်သွားရှာလေသည်။ သို့သော် သူ အရိုအသေပေးလိုက်ပြီး တွေဝေမနေဘဲ ငြင်းလိုက်၏။
“ကျွန်တော်က စံအိမ်တော်မှာ တပည့်ခံပြီးပါပြီ။ တောင်းပန်ပါတယ် အကြီးအကဲ”
ဓားသိုင်းခန်းမအကြီးအကဲဟာ ပူပန်စွာပြောလာပြန်၏။
“မင်းက ဓားသိုင်းကျင့်ကြံသူတစ်ယောက်ပဲ။ ပြီးတော့ ငါတို့ဓားသိုင်းခန်းမမှာ ဓားသိုင်းတာအိုအခြေခံတွေ မနည်းမနောရှိတယ်။ ငါတို့ဓားသိုင်းခန်းမကိုသာလာမယ်ဆိုရင် ဓားသိုင်းစျာန်အဘိညာဉ်ကိုနှစ်ခြောက်ဆယ်အတွင်းမှာပဲ သိမြင်နိုင်လိမ့်မယ်။ စံအိမ်တော်မှာသာဆိုရင်..”
ဓားသိုင်းစျာန်အဘိညာဉ်…
ယဲ့ချိုးပိုင်၏အမူအရာမှာ ထူးဆန်းသွားသော်လည်း သူသည် ခေါင်းခါရမ်းပြီး ပြောလာလေသည်။
“ကျွန်တော့်မှာ ဆရာတစ်ယောက်ရှိထားပြီးပါပြီ”
ထိုအရာကိုမြင်တော့ ဓားသိုင်းခန်းမအကြီးအကဲသည် သက်ပြင်းချရုံသာတတ်နိုင်တော့သည်။
“ကောင်းပြီလေ။ ဒါပေမဲ့ ဓားသိုင်းခန်းမက မင်းကို အချိန်မရွေးကြိုဆိုနေတယ်နော်”
ထို့နောက် သူသည် ဓားရှည်သဏ္ဌာန်ကျောက်စိမ်းဆွဲပြားလေးကို ယဲ့ချိုးပိုင်ထံသို့ ပစ်ပေးလိုက်၏။
“ဒါက ငါတို့ဓားသိုင်းခန်းမရဲ့ကျောက်စိမ်းဆွဲပြားပဲ။ နောင်ကျရင် မင်းမှာ ဓားသိုင်းတာအိုနဲ့ပတ်သက်ပြီး မေးစရာရှိလာရင် မင်း ငါ့ကိုလာမေးနိုင်တယ်”
“ကျေးဇူးတင်ပါတယ် အကြီးအကဲ”
ယဲ့ချိုးပိုင်သည် သူ့အား တလေးတစားကျေးဇူးတင်စကားဆိုလိုက်သည်။
ဓားသိုင်းခန်းမအကြီးအကဲမှာ စကားပြော၍ပြီးစီးသည်နှင့် နေရာမှ ရုတ်ခြည်းပျောက်ကွယ်သွားလေတော့သည်။
ထို့နောက် ယဲ့ချိုးပိုင်က ဆက်တိုက်အနိုင်ရနေပြီး ခန်းမမျိုးစုံမှလူတိုင်းကို အလဲထိုးပစ်လိုက်သည်။
စံအိမ်တော်၏ဂုဏ်သတင်းကလည်း လျှို့ဝှက်တာအိုကျောင်းတော်ကြီးထဲမှာ ပဲ့တင်ထပ်သွားပြန်တော့သည်။
လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာတုန်းက လူတိုင်းသည် စံအိမ်တော်အကြောင်း သိကြသည်။
ယခုတော့ စံအိမ်တော်သည် တပည့်တစ်ယောက်လက်ခံလိုက်ပြီး သူတို့၏တစ်ကျော့ပြန်ရောက်ရှိလာမှုအကြောင်းကို အလွန်တရာသြဇာအာဏာညောင်းသောပုံရိပ်တစ်ခုနှင့်အတူ ကြေညာလိုက်ပေသည်။
ချင်းထျန်းနျန်ကတော့ စံအိမ်တော်ကိုရောက်နေပေသည်။
သူသည် လုချန်းရှန်ကို အကြောင်းစုံပြောပြလိုက်သည်။
လုချန်းရှန်၏အမူအရာမှာ ထူးဆန်းသွားလေသည်။
“ဘာလို့ ဒီကလေးက ဒီလောက်အထိ ထင်ထင်ပေါ်ပေါ်နေရတာလဲ။ တကယ်လို့ လူတိုင်းက စံအိမ်တော်မှာ တပည့်ခံချင်လာရင် ငါ အေးအေးဆေးဆေးနေရမှာမဟုတ်တော့ဘူး”
ချင်းထျန်းနျန်၏မျက်နှာကတော့ မည်းခနဲဖြစ်သွားလေသည်။
“မင်းမှာ ဒီလိုစွမ်းရည်မျိုးရှိနေတာကို ဘာလို့ တပည့်တွေထပ်လက်မခံချင်ရတာလဲ”
“ကျွန်တော့်မှာ ဘယ်လိုစွမ်းရည်မျိုးရှိလို့လဲ”
လုချန်းရှန်သည် သူ့လက်ကိုဆန့်တန်းရင်း ပြောလိုက်၏။
“ကျွန်တော့်ရဲ့ကိုယ်ပိုင်ကျင့်ကြံရေးကိုတောင် နားမလည်သေးဘူးလို့ ပြောထားပြီးသားပဲလေ။ ကျွန်တော်က တခြားလူတွေကို ဘယ်လိုလုပ်သင်ပေးနိုင်မှာတဲ့လဲ။ ချိုးပိုင်ကျတော့ သူက ပင်ကိုပါရမီအထုံရှိပြီးသားမို့ လက်ခံလိုက်တာ”
ချင်းထျန်းနျန်လည်း သက်ပြင်းချလိုက်ရင်း လုချန်းရှန်၏ပခုံးကို ပုတ်လိုက်သည်။
“မင်းမှာ ဒီလိုစွမ်းရည်မျိုးရှိမှန်း ငါသိပါတယ်။ မင်းက ဒီတိုင်းပျင်းနေရုံပဲရှိတာ”
ထို့နောက် ချင်းထျန်းနျန် ပြန်သွားလေသည်။
လုချန်းရှန်ခမျာ အပြစ်ကင်းစင်ရှာသည်။
ယနေ့ခေတ်ကြီးမှာ အမှန်တရားကို ဘယ်သူမှမယုံကြည်ကြတော့ချေ။