ယဲ့ချိုးပိုင်သည် မိုးမခပင်ကြီး၏နံဘေးမှာ တင်ပျဉ်ခွေထိုင်ရင်း ပေါင်ပေါ်မှာလည်း စိမ်းမြမြတိမ်စိုင်ဓားရှည်ကို တင်ထားသည်။ ဓားရှည်မှာပါသော ဓားသိုင်းစျာန်အဘိညာဉ်ကို ရှုမှတ်နေချေသည်။
ဓားသွားချီစွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲမှာ တစီစီမြည်နေပြီး သူ၏ဓားသိုင်းစျာန်အဘိညာဉ်သည် ဤကမ္ဘာကြီးပေါ်တွင် ပြည့်နှက်လာလိုက်သည်မှာ ပို၍ပို၍သိပ်သည်းလာလေတော့သည်။
မိုးမခပင်ကြီးက ထိုမြင်ကွင်းကိုမြင်သောအခါ ဤသို့မတွေးဘဲမနေနိုင်တော့ချေ။
“အနှစ်သာရဖြန့်ကြက်ရေးဓားသွားကိုယ်ထည်ရှိတဲ့လူတိုင်း ဓားသိုင်းဘုရင်ဖြစ်လာတယ်တဲ့။ ကြည့်ရတာ ဒီစကားတွေက အခြေအမြစ်မရှိတဲ့စကားတွေထင်တယ်”
တစ်ဖက်မှာတော့ လုချန်ရှန်းသည် စံအိမ်တော်၏ထိပ်မှာ ရောက်နေလေသည်။
“ဒီငရဲကိုးဘုံအစီအရင်ရဲ့စွမ်းအားက ကျောင်းတော်ရဲ့ ရတနာပေါင်းမိုးအစီအရင်ထက် ပိုအားကောင်းတယ်။ ဒါပေမဲ့ ဒါက စီရင်ရတာ တော်တော်လေးရှုပ်ထွေးတယ်။ အစီအရင်ပုံပေါ်လာဖို့ အမွှေးနံ့သာကိုမီးညှိဖို့တောင် အချိန်တွေကုန်သွားတာ မနည်းမနောပဲ”
အစီအရင်များကို အဆင့်အားဖြင့် ကောင်းကင်ဘုံ၊ မြေပထဝီ၊ အနက်ရောင်အဆင့်နှင့် အဝါရောင်အဆင့်ဟူ၍ ခွဲခြားထားသည်။
လျှို့ဝှက်တာအိုကျောင်းတော်၏ ကာကွယ်ရေးအစီအရင်မှာ မြေပထဝီအဆင့်အစီအရင်ပုံစံ ဖြစ်သည်။
နှိုင်းယှဉ်ရမည်ဆိုလျှင် ငရဲကိုးဘုံအစီအရင်မှာ ကောင်းကင်ဘုံအဆင့်ထက်ပင် များစွာသာလွန်နေသေးသည်။
ဤအစီအရင်ပုံစံမှာ အတော်အစွမ်းထက်လှသည်။
သို့သော် ၎င်းကိုပြုလုပ်ဖို့ လိုအပ်သောပစ္စည်းများက ပြဿနာဖြစ်နေခြင်းပင်။ အစွမ်းထက်သစ်သား၊ နိဗ္ဗာနရွှေစင်သစ်နီ၊ ဝါကျင့်ကျင့်မြေသားနှင့် ဖီးနစ်အရိပ်ရအပင်တို့ကို အစီအရင်ပြုလုပ်ရာ၌ လိုအပ်ပေသည်။
ထို့နောက်တွင် သေခြင်းတရားမြစ်ကြီးထဲက ရေကိုလည်း အစီအရင်ပြီးမြောက်စေရန်အတွက် အစီအရင်ဝိညာဉ်အဖြစ် သုံးရသေးသည်။ အစွမ်းထက်သစ်သား၊ ဝါကျင့်ကျင့်မြေသားနှင့် ဖီးနစ်အရိပ်ရသစ်ပင်တို့ကတော့ ရှာဖွေရလွယ်ကူသည်။ စံအိမ်တော်ထဲမှာ ထိုအရာများရှိသည်။
သို့သော် လုချန်ရှန်းသည် ဤနှစ်တွေအတွင်းမှာ ကျောင်းတော်ထဲက လုံးဝမထွက်ခဲ့သည့်အတွက် ကောင်းကင်ဘုံရွှေစင်သစ်နီကတော့ သူ့မှာမရှိပေ။
“ကြည့်ရတာ ကျောင်းတော်ထဲက ရတနာပေါင်းမိုးကို တစ်ချက်သွားကြည့်မှထင်တယ်”
ထိုသို့တွေးမိသည်နှင့် သူလည်းနောက်ပြန်လှည့်ကာ နေရာမှ ပျောက်ကွယ်လာလေတော့သည်။
…
လျှို့ဝှက်တာအိုကျောင်းတော်၌..
သိုင်းပညာသင်ကျောင်းတော်တွင် ခန်းမလေးခုရှိ၏။
ဓားသိုင်းခန်းမ၊ အစီအရင်ခန်းမ၊ ဆေးဝါးခန်းမနှင့် သိုင်းပညာခန်းမဟူ၍ပင်။
ထို့ပြင် ကွန်ဖြူးရှပ်ဌာနဟုခေါ်သော ကွန်ဖြူးရှပ်အတွေးအခေါ်များကျင့်သုံးသောဂိုဏ်းတစ်ဂိုဏ်းလည်း ရှိ၏။
ထိုအခိုက်မှာ ကျောင်းတော်ကြီး၏ခေါင်းဆောင်ဖြစ်သူ ချင်းထျန်းနျန်နှင့် အခြားအကြီးအကဲများသည် ကွန်ဖြူးရှပ်ဌာန၏ညီလာခံခန်းမမှာ အရေးကြီးကိစ္စများကို တိုင်ပင်ဆွေးနွေးနေကြလေသည်။
“ကျုပ်ကြားထားတာတော့ စံအိမ်တော်က တပည့်တစ်ယောက်လက်ခံထားတယ်ဆို”
ချင်းထျန်းနျန်သည် လူတိုင်းကိုကြည့်ရင်း စကားဆိုလိုက်၏။
“ကျုပ် နည်းနည်းတော့သိချင်မိတယ်။ ဘယ်သူကများ အဲ့ဒီကလေး လုချန်းရှန်ကို တပည့်လက်ခံချင်လာအောင် လုပ်လိုက်တာပါလိမ့်”
ထို့ပြင် သူသည် ထိုလူအတွက်နှင့် ကျောင်းတော်ထဲကပင် ထွက်ခွါသွားခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျ ထျန်းယွမ်မြို့တော်ကိုသွားခဲ့သည်။
လွန်ခဲ့သောနှစ်အနည်းငယ်လောက်က လုချန်ရှန်းသည် စံအိမ်တော်ထဲမှ ထွက်လာပြီး ကျောင်းတော်ကြီးမှ ထွက်ခွါဖို့ဆိုတာ ခဲယဉ်းလှသည်။
ခေါင်းဆောင်ရူက ခပ်ပြုံးပြုံးဖြင့်ပြော၏။
“သူ ရင့်ကျက်လာပြီး စဉ်းစားတွေးခေါ်တတ်လာတာဖြစ်မှာပေါ့”
“အဲ့လိုပဲမျှော်လင့်ရတာပဲ။ ကဲ.. ကျောင်းတော်ရဲ့ပြိုင်ပွဲအကြောင်းကို အရင်ပြောကြတာပေါ့။ တကယ်တော့ ဒီပွဲက ကျုပ်တို့တောင်ပိုင်းနယ်မြေကျောင်းတော်နဲ့ တခြားနယ်မြေသုံးခုက ကျောင်းတော်တွေကြားက ချစ်ကြည်ရေးတည်ဆောက်မှုတစ်မျိုးပဲ”
သိုင်းပညာခန်းမ၏ခေါင်းဆောင်က လှောင်ပြောင်သရော်လာသည်။
“ကျုပ်တို့ရဲ့ တောင်ပိုင်းနယ်မြေကျောင်းတော်ရဲ့အဆင့်တွေက လေးနှစ်ဆက်တိုက် အောက်ဆုံးမှာပဲရှိနေခဲ့တာ။ ကျုပ်တို့သာ မျိုးစေ့ကောင်းတွေကို မပျိုးထောင်နိုင်ဘူးဆိုရင် ထပ်ပြီး အောက်ဆုံးအဆင့်ကနေ တက်မှာမဟုတ်တော့ဘူး”
ချင်းထျန်းနျန်က သက်ပြင်းတစ်ချက်ခိုးချလိုက်ပြီး ပြော၏။
“အဲ့လိုအရာမျိုးက ကျုပ်တို့တွေဖိအားပေးလို့ရတာမှမဟုတ်တာ။ ဒါပေမဲ့ ငါတို့ကျောင်းတော်ထဲက တစ်စုံတစ်ယောက်က ဟိုတစ်နေ့ကပဲ ဓားသိုင်းစျာန်အဘိညာဉ်ရထားတာမဟုတ်ဘူးလား”
လူတိုင်းဟာ ဓားသိုင်းခန်းမအကြီးအကဲကို ကြည့်လိုက်ကြသည်။ သို့သော် ဓားသိုင်းခန်းမအကြီးအကဲကတော့ ခေါင်းတခါခါလုပ်လျက် သက်ပြင်းမောချလိုက်၏။
“အဲ့ဒါ ငါတို့ထဲကပဲ”
“ဒါဆို အဲ့ဒါ ဘယ်သူဖြစ်နိုင်လောက်လဲ”
တစ်နေ့တုန်းက ဓားသိုင်းစျာန်အဘိညာဉ်သည် ကောင်းကင်ထိတိုင် ထိုးခွင်းပျံသန်းသွားပြီး လျှို့ဝှက်တာအိုကျောင်းတော်ကြီးကိုပင် ဖုံးလွှမ်းသွားသည်။ ချင်းထျန်းနျန်လည်း ထိုကိုယ်ရောင်ကိုယ်ဝါများကို ခြေရာခံလိုက်ချင်ခဲ့သော်လည်း လျှပ်တပြက်အတွင်းမှာပင် ထိုဓားသိုင်းစျာန်အဘိညာဉ်ကို အထူးအတားအဆီးတစ်ခုက ကာရံထားလိုက်ပေသည်။
ထို့ကြောင့် မည့်သည့်သဲလွန်စခြေရာမှ မရှိတော့ချေ။
“ဒါဆိုလည်း အားလုံးပဲ အဲ့ဒီလူကိုအရင်ရှာကြတာပေါ့။ တကယ်လို့ သူက ငါတို့ကျောင်းတော်က ကျောင်းသားတစ်ယောက်ဆိုရင် ငါတို့ရဲ့အဆင့်က ဒီတစ်ခေါက်တော့ တက်လာနိုင်ခြေရှိသွားပြီ”
သူ့စကားအဆုံးမှာ တံခါးအပြင်ဘက်ဆီမှ အသံတစ်သံထွက်ပေါ်လာလေသည်။
“ဟေး ဟေး ဟေး.. တစ်ယောက်ယောက်ရှိလား”
ချင်းထျန်းနျန်သည် ထိုအသံနေအသံထားကိုကြားလိုက်ရပြီးနောက် ကူကယ်ရာမဲ့သွားရပြီး ဆွံ့အသွားရရှာသည်။ သူ လက်ကိုဝှေ့ယမ်းရင်း အတားအဆီးကို ဖယ်ရှားလိုက်သည်။
“ဝင်ခဲ့”
လုချန်ရှန်းသည် တံခါးကိုတွန်းဖွင့်ပြီး အထဲကိုဝင်လာသည်။ သူသည် အကြီးအကဲများကိုကြည့်လိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် အရိုအသေပေးလိုက်သည်။
“ချန်ရှန်း ခေါင်းဆောင်တို့နဲ့အကြီးအကဲတို့ကို နှုတ်ခွန်းဆက်သပါတယ်”
ချင်းထျန်းနျန်သည် သူ့ခေါင်းကိုဖိကိုင်လျက် ခေါင်းခဲနေဟန်ဖြင့် သူ့ကိုကြည့်လိုက်မိ၏။
“ဘာကိစ္စလဲ”
လုချန်ရှန်းကလည်း လာရင်းကိစ္စကို ရှင်းပြသည်။
“ခေါင်းဆောင်.. ကျွန်တော် ရတနာပေါင်းမိုးဆီကို သွားချင်လို့ပါ”
“ရတနာပေါင်းမိုးလား”
ချင်းထျန်းနျန် ကြက်သေသေလျက် မေးလိုက်၏။
“ဘာလို့ ရတနာပေါင်းမိုးဆီကိုသွားမှာလဲ”
ရတနာပေါင်းမိုးသည် ကျောင်းတော်၏ အရေးပါအရာရောက်သောနေရာတစ်ခု ဖြစ်သည်။ အကယ်၍ သူသာ အထဲကိုဝင်ချင်လျှင် ချင်းထျန်းနျန်ထံမှခွင့်ပြုချက်ကို အရင်ယူမှရပေမည်။
“ကျွန်တော် ဒီနေရာမှာ အစီအရင်တစ်ခုတည်ဆောက်နေတာ။ ကျွန်တော့်မှာ ကောင်းကင်ဘုံရွှေစင်သစ်နီတစ်ပိုင်းလောက် လိုနေလို့”
ကောင်းကင်ဘုံရွှေစင်သစ်နီတဲ့လား။
အကြီးအကဲများ၏အမူအရာ ပြောင်းလဲသွားချေသည်။
ဤသည်မှာ အလွန်ရှားပါးလှသော အစီအရင်တည်ဆောက်ရေးပစ္စည်းပင်။
ထိုအရာကို ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက် မြောက်များလှစွာသောဂိုဏ်းများက ၎င်းကိုရဖို့ အပြင်းအထန်တိုက်ခိုက်ကြသည်အထိပင်။
ကောင်းကင်ဘုံရွှေစင်သစ်နီကြောင့် စစ်ပွဲများဖြစ်သည့်အရေးကို ရှောင်လွှဲလို့မရချေ။
အစီအရင်ခန်းမ၏အကြီးအကဲက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“လုချန်ရှန်း မင်း အဲ့ဒါကို ဘာအတွက်လိုချင်နေတာလဲ။ အစီအရင်တွေအကြောင်း မင်းသိတယ်လို့လည်း ငါတစ်ခါမှမကြားဖူးပါဘူး။ အဲ့ဒါတင်မကဘူး။ ကောင်းကင်ဘုံရွှေစင်သစ်နီလို အခြေခံပစ္စည်းလေးတစ်ခုတည်းနဲ့ အစီအရင်တစ်ခုတည်ဆောက်လို့မရဘူးလေ”
ချင်းထျန်းနျန်က သူ့လက်ကိုဝှေ့ယမ်းလျက် ကြားဖြတ်ပြောလိုက်သည်။
“ချန်းရှန်.. မင်း ကောင်းကင်ဘုံရွှေစင်သစ်နီကို ဘာအတွက်လိုချင်တာလဲဆိုတာ ငါမမေးတော့ဘူး။ ငါ မင်းကိုပေးလို့ရတယ်။ ဒါပေမဲ့ မင်း အခြေအနေတစ်ခုကိုတော့ လိုက်လျောပေးရမယ်”
“ခေါင်းဆောင်.. ကျွန်တော်တို့လျှို့ဝှက်တာအိုကျောင်းတော်မှာ ကောင်းကင်ဘုံရွှေစင်သစ်နီတွေ အများကြီးမကျန်တော့ဘူးလေ”
ချင်းထျန်းနျန်က အကြီးအကဲများ၏ကန့်ကွက်စကားများကို လျစ်လျူရှုပြီး လုချန်ရှန်းကိုသာ ကြည့်လိုက်သည်။
လုချန်ရှန်းခမျာလည်း အနည်းငယ်ကူကယ်ရာမဲ့သွားသည်။ သို့သော် ထိုကောင်းကင်ဘုံသစ်နီကို အပြင်မှရှာဖွေမည်ဆိုလျှင်လည်း နည်းနည်းတော့ဒုက္ခများလှသည်။ သူ ခေါင်းညိတ်ရုံသာတတ်နိုင်လေသည်။
“ခေါင်းဆောင် ကျေးဇူးပြုပြီး ပြောသာပြောပါ”
ချင်းထျန်းနျန်ကလည်း ခေါင်းညိတ်လိုက်သည်။
“ရှင်းရှင်းလေးပါ။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက မင်း တပည့်တစ်ယောက်ကိုလက်ခံဖို့ ထျန်းယွမ်မြို့အထိသွားခဲ့သေးတယ်မလား။ သိုင်းပညာယှဉ်ပြိုင်ပွဲကြီးက တစ်ပတ်အတွင်း စတော့မှာ။ အဲ့ဒီအချိန်ကျရင် ငါ မင်းတပည့်ကိုလည်း ပါဝင်စေချင်တယ်”
“သိုင်းပညာပြိုင်ပွဲကြီးလား။ သူဆန္ဒရှိလားဆိုတာ ကျွန်တော်မေးရဦးမယ်”
“ဒါဆို ဒီကောင်းကင်ဘုံရွှေစင်သစ်နီ…”
“အဆင်ပြေပါတယ်။ သူက ကျွန်တော့်တပည့်ပါ။ သူ ကျွန်တော့်စကားကို မဆန့်ကျင်ရဲပါဘူး”
ချင်းထျန်းနျန် : “…”
လုချန်ရှန်း သက်ပြင်းခိုးချလိုက်သည်။
တပည့်ရေ.. ငါ မင်းကိုသစ္စာဖောက်တာ မဟုတ်ရပါဘူးကွာ။ သူ့ဘက်ကအပေးအယူက မက်လောက်စရာကြီးဖြစ်နေလို့ပါ။
ကိစ္စများကို ဖြေရှင်းပြီးနောက် လုချန်ရှန်းလည်း စံအိမ်တော်ကိုပြန်လာခဲ့လိုက်သည်။
ထိုအချိန်မှာ ယဲ့ချိုးပိုင်သည် ကောက်ရိုးအိမ်လေး၏အရှေ့မှာ ဓားရေးကျင့်ကြံနေ၏။
ဓားသွားချီစွမ်းအင်များကလည်း စိမ့်ထွက်နေပြီး ဓားရောင်ခြည်သည် မြူးထူးနေသည်။
လုချန်ရှန်း တစ်ချက်ကြည့်လိုက်ပြီး စကားဆို၏။
“ဓားစွမ်းအင်ကို ထိန်းချုပ်ဖို့လိုတယ်။ စိတ်ကြိုက်သုံးရင်ရော ဘာဖြစ်သလဲ။ မျက်စိနောက်ချင်စရာပဲပေါ့။ အသုံးလည်းမဝင်ဘူးလေ”
ယဲ့ချိုးပိုင်သည် ထိုစကားကိုကြားပြီး တစ်စုံတစ်ရာကိုသဘောပေါက်သွားဟန်ဖြင့် သူ့ဓားကိုတစ်ဖန်ပြန်မလိုက်သည်။
နေဝင်သွားပြီးနောက် ယဲ့ချိုးပိုင်၏ လက်ရှိဓားရေးနည်းဗျူဟာမှာ မတိုင်မီကလောက် မျက်စိနောက်ချင်စရာမကောင်းတော့ပေ။ ထိုအစား ၎င်းကို ကောင်းကောင်းမွန်မွန်ထိန်းချုပ်ထား၏။
ဓားကို ခပ်ဝေးဝေးမှာထားလိုက်ပြီးနောက် လုချန်ရှန်းလည်း ကောက်ရိုးအိမ်လေးထဲမှ ထွက်လာခဲ့လိုက်သည်။
ယဲ့ချိုးပိုင်ကလည်း ချက်ချင်းအရိုအသေပေးလိုက်ပြီး ပြော၏။
“ဆရာ”
“အင်း.. ဒီရက်တွေအတွင်း သေချာကျင့်ကြံနေ။ သိုင်းပညာယှဉ်ပြိုင်ပွဲတစ်ခု ဆယ်ရက်အတွင်းကျင်းပဖို့ရှိတယ်။ မင်းလည်း ဝင်ပြိုင်ရလိမ့်မယ်”
သိုင်းပညာယှဉ်ပြိုင်ပွဲလား။
ယှဉ်ပြိုင်လိုသောအရိပ်အယောင်သည် ယဲ့ချိုးပိုင်၏မျက်ဝန်းထဲမှာ ပုံရိပ်ထင်လာလေသည်။
“ဟုတ်ကဲ့ ကျွန်တော်နားလည်ပါပြီ”
…
တစ်ချိန်တည်းမှာပင် ထျန်းယွမ်မြို့တော်ရှိ ယဲ့မိသားစုနေအိမ်၌..
အကြီးအကဲချုပ်ယဲ့လင်းသည် သူ့သားကိုကြည့်ပြီး ပြုံးလိုက်သည်။ “ယန်အာ.. မင်းက လျှို့ဝှက်တာအိုကျောင်းတော်ရဲ့တပည့်အဖြစ် ရွေးချယ်ခံလိုက်ရပြီ။ မင်း ကောင်းကောင်းကြိုးစားပြီး ငါတို့ယဲ့မိသားစုကို အရှက်မရပါစေနဲ့”
ထိုသို့ပြောပြီးနောက် သူသည် ယဲ့ချင်းကို အထင်အမြင်သေးဟန်ဖြင့် ကြည့်လိုက်လေသည်။
ယဲ့ယန်ကတော့ အပြုံးတစ်ပွင့်ဆင်မြန်းလျက် အရိုအသေပေးလေသည်။
“ယဲ့ဟန် အဖေ့ကိုစိတ်မပျက်စေရပါဘူး။ ဒီသိုင်းပညာယှဉ်ပြိုင်ပွဲမှာ အဆင့်ကောင်းတစ်ခုရအောင်လုပ်ပြီး ယဲ့မိသားစုအတွက် ဂုဏ်ဆောင်ခဲ့မှာပါ။ အရင်က ယဲ့ချိုးပိုင်ကြောင့်ဆုံးရှုံးခဲ့တဲ့ဂုဏ်သိက္ခာကို ကျွန်တော် ပြန်အဖတ်ဆည်မှာပါ”
ယဲ့ချင်း၏အမူအရာသည် အလွန်တရာအကျည်းတန်သွားလေတော့သည်။
ယဲ့လင်းကတော့ ထိုစကားကိုကြားပြီး အော်ဟစ်ရယ်မောနေချေသည်။
“ဟားဟားဟား ကောင်းတယ်။ ကောင်းတယ်။ ဒီကနေ မင်းဆီကသတင်းကောင်းကို စောင့်နေမယ်ကွာ”
တစ်ချိန်တည်းမှာပင် သူ ယဲ့ချင်းကိုကြည့်ပြီး သူ့ပခုံးကိုပုတ်ကာ ခပ်ကျယ်ကျယ်ပြောလိုက်သည်။
“မိသားစုခေါင်းဆောင်.. ငါ့သားက အနာဂတ်မှာ ယဲ့မိသားစုကို ထောက်ပံ့ပေးတော့မှာ။ ငါတို့ယဲ့မိသားစုရဲ့လူငယ်မျိုးဆက်သစ်က သေချာပေါက်ကျရှုံးသွားဖို့မရှိဘူးပဲ”
Yes
Giid