Switch Mode

အခန်း (၄)

ဓားသိုင်းစျာန်အဘိညာဉ်ကို သိမြင်ခြင်း၊ ပြုစုပျိုးထောင်မှုစစ်ဆင်ရေး အောင်မြင်ခြင်း

စံအိမ်တော်၌..
လုချန်ရှန်း ဝါးအိမ်အတန်းလိုက်ကြီးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“ကြိုက်တဲ့အိမ်တစ်လုံးရွေးလိုက်”
ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်ပြီး အားလုံးနေရာချထားပြီးနောက် လုချန်ရှန်းဆီကိုထွက်လာခဲ့လိုက်သည်။
လုချန်ရှန်းသည် အခင်းပေါ်မှာထိုင်ချလိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။
ဓားတစ်လက်နှင့် ဆေးပြားတစ်လုံးက ယဲ့ချိုးပိုင်ရှေ့မှာ ပေါ်လာလေတော့သည်။
“မင်းက ငါ့ကို မင်းရဲ့ဆရာအဖြစ် အသိအမှတ်ပြုလိုက်ပြီဆိုပေမဲ့ ငါ့မှာ မင်းကို ပေးစရာ ဘာမှမရှိဘူးဖြစ်နေတယ်။ ဒီတော့ ငါ မင်းကို အထွတ်အထိပ်ကိုရောက်အောင် ပို့ဆောင်ပေးမဲ့ ဒီစိမ်းမြမြတိမ်စိုင်ဓားရှည်တစ်လက်ပေးမယ်”
စိမ်းမြမြတိမ်စိုင်ဓားရှည်ကို ယဲ့ချိုးပိုင်မြင်သောအခါ အံ့သြထိတ်လန့်သွားရှာလေသည်။
စိမ်းမြမြတိမ်စိုင်ဓားရှည်ကို ဓားအိမ်ထဲမှာ ထည့်ထားပြီး ပတ်ပတ်လည်တွင်လည်း ဓားရောင်ခြည်ခပ်မှိန်မှိန်လေး လင်းလက်နေ၏။
ဓားကို သူကိုင်ကြည့်လိုက်ချိန်မှာ ဓားထဲမှစွမ်းအင်တစ်မျိုးကို ခံစားမိလိုက်ပြီး ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်သည်။
တာအိုလမ်းစဉ်နှင့်သက်ဆိုင်သော ကျင့်ကြံရေးနည်းဗျူဟာများနှင့် လက်နက်များဟာ သာမန်တော့မဟုတ်တန်ရာ။
ဓားကိုဆွဲထုတ်လိုက်ပါက ဘာများဖြစ်သွားမလဲ။
ထိုအကြောင်းကိုတွေးမိသည်နှင့် ယဲ့ချိုးပိုင်တစ်ယောက် ဓားကိုဆွဲထုတ်ကြည့်ချင်သွားသည်။
“အဲ့ဒါကိုဆွဲမထုတ်ဖို့ အကြံပေးချင်တယ်နော်။ လက်ရှိ မင်းအခြေအနေက ဓားရောင်ခြည်ကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး”
ထိုစကားကိုကြားတော့ ယဲ့ချိုးပိုင်လည်း သူ့အတွေးကိုပြန်ရုပ်သိမ်းလိုက်ရသည်။
“ဆရာ ဒါက အရမ်းအဖိုးတန်လွန်းတယ်။ ကျွန်တော် လက်မခံနိုင်ပါဘူး”
ဓားကို ပြန်ကမ်းပေးလာရင်း ယဲ့ချိုးပိုင်၏အမူအရာက လေးနက်နေသည်။
လုချန်ရှန်းသည် ယဲ့ချိုးပိုင်ကို တစ်ချက်မျှစောင်းငဲ့ကြည့်လိုက်ပြီးပြော၏။
“ငါပေးနေမှတော့ ဒီတိုင်းပဲယူထားလိုက်စမ်းပါ။ အဲ့ဒီဆေးပြားကလည်း မင်းရဲ့ကျန်းမာရေးပြဿနာကို ဖြေရှင်းပေးနိုင်တယ်”
ထိုသို့ပြောပြီး ယဲ့ချိုးပိုင်၏နားထင်ကို သူ ညွှန်လိုက်ပြန်၏။
ကျင့်ကြံရေးနည်းဗျူဟာနှင့် ပတ်သက်သော သတင်းအချက်အလက်များက ယဲ့ချိုးပိုင်၏အာရုံထဲ ကူးပြောင်းလာလေသည်။
အာဒိကပ္ပဓားသိုင်းကျမ်း
ဓားရှည်သည် တန်ထျန်းကို အသွင်ပြောင်းပေးနိုင်ပြီး အန္တိမဓားသိုင်းကိုယ်ထည်ကို ရရှိနိုင်ရန် ခန္ဓာကိုယ်မျှခြေကိုတည်ဆောက်ပေးနိုင်သည်။
၎င်း၏နက်နဲသိမ်မွေ့မှုသည် ယဲ့ချိုးပိုင်၏ဘဝမှာ တွေ့ရခဲသည်ဟုဆိုနိုင်ပေသည်။ မျိုးနွယ်စု၏ကျင့်ကြံရေးနည်းဗျူဟာများမဟုတ်ပါက လေ့ကျင့်ရေးဆင်းနေတုန်းက သူမြင်ခဲ့ဖူးတာမျိုးလည်းဖြစ်နိုင်သည်။ သူတွေ့ကြုံခဲ့ရသည်မှာ အာဒိကပ္ပဓားသိုင်းကျမ်း၏အပုံ၁၀၀၀၀ပုံလျှင် တစ်ပုံစာတောင်မရှိချေ။
ယဲ့ချိုးပိုင်၏နှလုံးသားမှာ ဒိတ်ခနဲဖြစ်သွားရသည်။ ထို့နောက် သူခေါင်းညိတ်ပြီး ထပ်မငြင်းတော့ပေ။ ဖန်တီးရေးဆေးပြားကိုတော့ သူ့ပါးစပ်ထဲကိုထည့်လိုက်ပြီး ကျင့်ကြံရေးနည်းဗျူဟာကို သိမြင်နိုင်ရန် တင်ပျဉ်ခွေထိုင်ချလိုက်သည်။
ထိုအရာကိုမြင်တော့ လုချန်ရှန်း ခေါင်းညိတ်လျက် သစ်သားအိမ်လေးထဲသို့ လျှောက်လာလေသည်။
“စနစ် တပည့်တပန်းပြုစုပျိုးထောင်မှုစစ်ဆင်ရေးက ဘာလဲ”
[ပြုစုပျိုးထောင်မှုစစ်ဆင်ရေးကို အသက်သွင်းနေပါပြီ။ ဓားသိုင်းစျာန်အဘိညာဉ်ကို ယဲ့ချိုးပိုင် သုံးရက်အတွင်းနားလည်လာအောင် လုပ်ပေးပါ။ အနည်းဆုံး ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်အထိ ရောက်နေရပါမယ်။ သူရောက်သွားပြီဆိုတာနဲ့ ပြီးမြောက်ရေးဆုလာဘ်ကို သင်ရရှိမှာပါ]
ဓားသိုင်းစျာန်အဘိညာဉ်တဲ့လား။
ဤကိစ္စသည် လွန်ခဲ့သည့်နှစ်နှစ်ဆယ်လုံး လုပ်စရာ ဘာတစ်ခုမှမရှိသည့်သူ့အဖို့တော့ ပြောပလောက်ဖွယ်မရှိ။ သို့သော် ယဲ့ချိုးပိုင်လိုလူသစ်လေးအတွက်တော့ ဓားသိုင်းစျာန်အဘိညာဉ်ကို သုံးရက်အတွင်းနားလည်ဖို့ မဖြစ်နိုင်ပေ။
ငလူး.. မင်း ငါ့ကို တမင်ခက်ခဲအောင်လုပ်နေတာလား။
သို့သော် သူ့အတွက် စစ်ဆင်ရေးတစ်ခုရဖို့ဆိုတာလည်း သိပ်မလွယ်ပေ။ သည်လောက်မြန်မြန်ဆန်ဆန်လက်မလျှော့နိုင်ပါ။
ထိုအကြောင်းကိုတွေးမိသော် သူသည် အဆင့်မြင့်သင်ကြားရေးနည်းလမ်းတစ်ခုကို စတင်အစီအစဉ်ဆွဲလေတော့သည်။
ဓားသိုင်းစျာန်အဘိညာဉ်သည် နားလည်သဘောပေါက်နိုင်မှုစွမ်းရည်အပေါ်သာ မူတည်သည်။
သူ့အဆင့်အတွက်ကလား။ ဆေးပြားတွေအများကြီးသောက်မှရမည်ဆိုလျှင်လည်း စိတ်ကြိုက်သောက်ခိုင်းပစ်တာပေါ့။
ထို့နောက်မှာတော့ လုချန်ရှန်းသည် အဂ္ဂိရတ်ဖိုကို ဖန်ဆင်းပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။
ကောင်းမွန်သော ဆေးဖက်ဝင်ရနံ့ရှိသည့် ဆေးဖက်ဝင်ဆေးမြစ်များကို ထိုဖိုထဲကို တစ်ခုပြီးတစ်ခုပစ်ထည့်လိုက်လေတော့၏။
သုံးရက်တာဟာ ခပ်မြန်မြန်ကုန်ဆုံးသွား၏။
အပြင်ဘက်မှာ တင်ပျဉ်ခွေလျက်ထိုင်နေသည့် ယဲ့ချိုးပိုင်သည် ရုတ်တရက်မျက်လုံးဖွင့်လာလေသည်။ ဝိညာဉ်ရေးရာချီစွမ်းအင်ဝဲဂယက်ကြီးက သူ့ပတ်ပတ်လည်မှာ ပေါ်ပေါက်လာပြီး ယဲ့ချိုးပိုင်ကိုဗဟိုပြုလျက် ချီစွမ်းအင်များကို စုပ်ယူနေချေသည်။
ထိုအခိုက်အတန့်မှာ လုချန်ရှန်းဟာ ကောက်ရိုးတဲလေးထဲမှ ထွက်လာသည်။ သူ့လက်ချောင်းများကို ဝှေ့ယမ်းလိုက်ချိန်မှာ အစီအရင်စာရွက်များက နေရာအနှံ့ကို ပျံ့နှံ့ရောက်ရှိသွားချိန်မှာ စံအိမ်တော်ကြီးတစ်ခုလုံးကို ဝန်းရံထားသော အစီအရင်ကြီးတစ်ခုကလည်း ဖြစ်ပေါ်လာ၏။
“အစီအရင်နိုးထစေ”
သူ့စကားအဆုံးမှာ ပတ်ပတ်လည်ရှိ ဝိညာဉ်စွမ်းအင်များက စံအိမ်တော်ထဲကို တိုးဝင်လာပြီး ယဲ့ချိုးပိုင်၏ဘေးပတ်လည်ရှိ ဝိညာဉ်ရေးရာချီစွမ်းအင်ဝဲဂယက်ကြီးကလည်း ပို၍သိပ်သည်းလာလေတော့သည်။
သူ့ကျင့်ကြံရေးအဆင့်သည် ဆက်လက်မြင့်တက်နေချေပြီ။
ချီစွမ်းအင်မွမ်းမံရေးတတိယအဆင့်။
ဆဋ္ဌမအဆင့်။
နဝမအဆင့်။
…..
အခြေခံအုတ်မြစ်ထူထောင်ရေးအဆင့်
သို့သော်ငြား ထိုကိုယ်ရောင်ကိုယ်ဝါကတော့ ရပ်တန့်မသွားချေ။ အခြေခံအုတ်မြစ်ထူထောင်ရေးအဆင့်ပြီးလျှင် ထိုအဆင့်၏အထွတ်အထိပ်ကို မရောက်မချင်း ရပ်တန့်မှာမဟုတ်။
သူသည် ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်ကိုရောက်ဖို့ လက်တစ်ကမ်းသာလိုပေတော့သည်။
ယဲ့ချိုးပိုင်သည် မျက်လုံးဖွင့်ကြည့်လိုက်ပြီး သစ်ကိုင်းတစ်ခုကို သာမန်ကာလျှံကာကောက်ယူလိုက်သည်။ ထို့နောက် ဓားသိုင်းနည်းဗျူဟာများကို တစ်ခုပြီးတစ်ခု ကျင့်ကြံနေတော့သည်။
ဤသည်မှာ အာဒိကပ္ပဓားသိုင်းကျမ်း၏ ဓားသိုင်းစွမ်းရည်ဖြစ်သည်။
ယဲ့ချိုးပိုင် သူ့လှုပ်ရှားမှုများကို ရပ်တန့်လိုက်သောအခါ သူ့စွမ်းရည်နှင့် ခွန်အားက အတိတ်တုန်းကထက်တောင် ကျော်လွန်နေတာကို ခံစားလိုက်ရသည်။
လုချန်ရှန်းက သူ့အား ဘဝသစ်တစ်ခုပေးလိုက်ခြင်းဟုပင် ဆိုနိုင်လေသည်။
သစ်ကိုင်းကို အောက်ပြန်ချလိုက်ပြီး ယဲ့ချိုးပိုင်တစ်ယောက် မြေပြင်ထက်မှာဒူးထောက်ပြီး စကားဆိုလေသည်။
“ကျွန်တော် လက်စားချေစရာရှိတာတွေပြီးသွားတာနဲ့ ဆရာ့ဆီမှာပဲ အမှုထမ်းပါတော့မယ်”
လုချန်ရှန်းကလည်း လက်လှမ်း၍ ယဲ့ချိုးပိုင်ကို ထူမသည်။
“ကောင်းပြီ။ ဆက်ကျင့်ကြံအားထုတ်ပါ။ ဒီမှာ.. ဆေးပြားနည်းနည်းရှိသေးတယ်။ နောက်နှစ်ရက်အတွင်း ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်အထိ ရောက်အောင်ကြိုးစားပြီး ဓားသိုင်းစျာန်အဘိညာဉ်ကို သိမြင်အောင်လုပ်ခဲ့”
ယဲ့ချိုးပိုင်ခမျာ လုချန်ရှန်း၏လက်ထဲက ဆေးပြားများကိုမြင်ပြီး ထိတ်လန့်သွားရပြန်သည်။
ယန်စွမ်းအင်သန့်စင်ရေးကြက်သွေးနီဆေးပြား၊ သမာဓိဆေးပြား၊ ဖျတ်လတ်ရေးဆေးပြား။
ဤပြဒါးရှင်လုံးဆေးသုံးမျိုးဟာ တောင်ပိုင်းနယ်မြေမှာ ရှားပါးလှသောပြဒါးရှင်လုံးများဖြစ်၏။
ထိုဆေးသုံးမျိုးကို သန့်စင်ပေးနိုင်သော အဂ္ဂိရတ်ဆရာများကိုလည်း လက်ချိုးရေ၍ပင်ရသည်။ ကံကောင်းထောက်မပြီး အခွင့်အရေးရမှသာ လုပ်နိုင်တာမျိုးပင်။
“ဆရာ ဒါက တန်ဖိုးကြီးလွန်းတယ်”
လုချန်ရှန်းလည်း ယဲ့ချိုးပိုင်ဆီကို ဆေးပြားများပစ်ပေးလိုက်ရသည်။
“ဘာတွေများ အဲ့လောက်အဖိုးတန်နေတာလဲ။ အဲ့ဒါမျိုးတွေ ငါ့မှာ ဒယ်စောက်တစ်လုံးစာ သန့်စင်ထားပြီးသား။ မလောက်သေးရင် ပြန်လာယူလှည့်”
ဒယ်စောက်တစ်လုံးစာတဲ့လား…။
ဆေးပြားတွေက ဂျယ်လီတုံးတွေအတိုင်းပဲ အဖိုးမတန်သလိုပြောနေတော့တာပဲ။
သို့သော် လုချန်ရှန်း၏တောင်းဆိုချက်ကို သူသတိရမိချိန်မှာတော့ ကူကယ်ရာမဲ့စွာဖြင့် ခါးသက်သက်ပြုံးလိုက်မိတော့သည်။
ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်ကို ခဏမေ့ထားလိုက်။
ဓားသိုင်းစျာန်အဘိညာဉ်ဆိုတာမျိုးက သည်လိုမျိုး အလွယ်တကူသိမြင်နိုင်သည့်အရာမဟုတ်ချေ။ တချို့လူများဆိုလျှင် ဘဝတစ်သက်တာလုံးကြိုးစားတာတောင် ဓားသိုင်းစျာန်အဘိညာဉ်ကို မတတ်မြောက်ကြပေ။
သို့သော် ထိုအကြောင်းကိုတွေးနေလည်း အလကားပင်။ ယဲ့ချိုးပိုင်၏အကြည့်တို့က တည်ငြိမ်သွားပြီး ဆက်လက်ကျင့်ကြံနေတော့သည်။
ထိုဆေးပြားများကို မှီဝဲပြီးနောက် သူ့ခွန်အားကလည်း သိသိသာသာမြင့်တက်လာလေသည်။
တစ်ချိန်တည်းမှာပင် ဓားရောင်ခြည်သည် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှာ လှည့်လည်နေပြီး ဓားရှည်တစ်လက်၏ တရွှီရွှီမြည်သံကို သူ့ခန္ဓာကိုယ်အတွင်းထဲက ကြားနေရပေသည်။
ချောက်ကမ်းပါးပေါ်ရှိ မိုးမခပင်ကြီးကလည်း ဤမြင်ကွင်းကိုစောင့်ကြည့်နေပြီး အကိုင်းအခက်များကို လှုပ်ယမ်းလိုက်သည်။
“ဒီကလေးရဲ့စွမ်းရည်က မဆိုးဘူး..အနှစ်သာရဖြန့်ကြက်ရေးဓားသိုင်းကိုယ်ထည်တစ်ခုတည်းကပဲ အာဒိကပ္ပဓားသိုင်းကျမ်းရဲ့ ကျင့်ကြံရေးအနေအထားတွေကို ကျေနပ်မှုရစေတာ”
ဘေးနားရှိသစ်ကိုင်းပေါ်မှာတော့ အနီရောင်တောင်ပံများနှင့် ငှက်ငယ်လေးတစ်ကောင်က ထိုမြင်ကွင်းကို တည်ငြိမ်လေးနက်သောအကြည့်ဖြင့် စိုက်ကြည့်နေလေသည်။
နောက်တစ်နေ့ ထပ်ကုန်လွန်သွားချေပြီ။
ယဲ့ချိုးပိုင် ကျောက်တုံးတစ်တုံးပေါ်မှာ ထိုင်နေတုန်း ရုတ်ခြည်းဆိုသလို ကိုယ်ရောင်ကိုယ်ဝါတစ်ဖြာက ပေါက်ကွဲထွက်လာလေသည်။
ယဲ့ချိုးပိုင်၏ပတ်ပတ်လည်ရှိ ဓားသွားချီစွမ်းအင်များကလည်း ဟိန်းဟောက်လျက်ရှိ၏။
သိပ်မကြာခင်မှာပင် သူ့ကိုယ်ရောင်ကိုယ်ဝါများက ပြန်လည်ငြိမ်သက်သွားသည်။
ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်။
ယဲ့ချိုးပိုင် မတ်တတ်ထလိုက်သည်။
ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်ကို သူရောက်ပြီးပြီဆိုသော်ငြား ကံကောင်းမှရနိုင်သော ဓားသိုင်းစျာန်အညိညာဉ်ကို သိမြင်နိုင်ဖို့က ဘယ်လိုများဖြစ်နိုင်မှာတဲ့လဲ။
သစ်သားစားပွဲပေါ်ရှိ ပန်းချီကားကို သူတစ်ချက်ကြည့်လိုက်မိပြီး သိချင်စိတ်ဖြင့် အနားကိုလျှောက်သွားလိုက်သည်။
၎င်းမှာ အမတဓားရေးပြပွဲပန်းချီကားတစ်ခုသာဖြစ်သည်။
ယဲ့ချိုးပိုင်သည် ထိုပန်းချီကားရှေ့မှာ တစ်ညလုံးရပ်နေမိသည်။
ထိုညမှာ ဓားသွားချီစွမ်းအင်ဟာ ယဲ့ချိုးပိုင်၏ပတ်ပတ်လည်မှာ ဝန်းရံထားသည်။ ဓားသွားချီစွမ်းအင်များသည် သိပ်သည်းသည်ထက်သိပ်သည်းလာ၏။ သူ့လက်ထဲရှိ စိမ်းမြမြတိမ်စိုင်ဓားသွားကလည်း အင်အားဖျော့တော့သော ဓားရောင်ခြည်တစ်ဖြာကို ထုတ်လွှတ်လာသည်။
လုချန်ရှန်းကတော့ ကောက်ရိုးတဲလေးထဲမှ ထွက်လာပြီး အညောင်းအညာဆန့်လိုက်၏။
အိုး.. သူက ဓားသိုင်းစျာန်အဘိညာဉ်ရဲ့ကနဦးအဆင့်ကိုတောင် ရောက်တော့မှာပဲ။
“ငွေရောင်မြင်းကုန်းနှီးတစ်ခုက မြင်းဖြူတစ်ကောင်ရဲ့အဆင်တန်ဆာပဲ။ အဲ့ဒါက သူရဲ့ရဲစွမ်းသတ္တိတစ်မျိုးကိုလည်း ဖော်ဆောင်လေတယ်”
လုချန်ရှန်း ခေါင်းတညိတ်ညိတ်ဖြင့် ရေရွတ်လိုက်သည်။
ယဲ့ချိုးပိုင်ကလည်း ကြားသွားပုံပင်။ ဓားသွားချီစွမ်းအင်များက ဝန်းကျင်အနှံ့ မြည်ဟည်းလာပြန်၏။
“ခြေဆယ်လှမ်းစာလောက်နဲ့တင် လူတစ်ယောက်ကိုသတ်ပစ်လိုက်တာက မိုင်တစ်ထောင်လောက်ရှည်တဲ့ခြေရာတွေကို မချန်ရစ်နိုင်ဘူး။ ပြီးပြီဆိုတာနဲ့ အဝတ်အစားတွေကို ဖုန်ဖတ်ခါပြီး အောင်မြင်မှုနဲ့ဂုဏ်သိက္ခာအတွက် ဖုံးကွယ်ထားလိုက်ရုံပဲ”
စကားအဆုံးမှာ ယဲ့ချိုးပိုင်၏မျက်ဝန်းအစုံသည် ရုတ်ခြည်းပွင့်လာပြီး သူ့လက်ထဲရှိ စိမ်းမြမြတိမ်စိုင်ဓားသွားသည်လည်း တလက်လက်တောက်ပလာချေတော့သည်။
ဓားသိုင်းစျာန်အဘိညာဉ်တို့က ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ထဲမှ ကောင်းကင်ထိတိုင် ကွန့်မြူးဖြန့်ကြက်နေတော့သည်။
လျှို့ဝှက်တာအိုကျောင်းတော်တစ်ဝှမ်းတွင် အုတ်အော်သောင်းတင်းဖြစ်သွားကြရှာသည်။
“ဒါက.. ဓားသိုင်းစျာန်အဘိညာဉ်ပဲ”
“နောက်ထပ်ဓားသမားတစ်ယောက် ထပ်ပေါ်လာပြီလား”
သိုင်းပညာသင်ကျောင်းတော်၏ ဓားသိုင်းခန်းမ၌..
အနီရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ဟာ တရားထိုင်နေပေသည်။ ထိုအခိုက် သူမသည် သူမ၏မျက်ဝန်းများကိုဖွင့်ပြီး ဓားသိုင်းစျာန်အဘိညာဉ်၏အသံလာရာလမ်းကြောင်းကို ကြည့်လိုက်သည်။
“လျှို့ဝှက်တာအိုကျောင်းတော်ကတော့ သူတို့ရဲ့ဂုဏ်သတင်းနဲ့ညီပါပေတယ်”
ထို့နောက် လုချန်ရှန်းက သူမကိုငြင်းဆန်ပြီး သာမန်လူငယ်လေးတစ်ယောက်ကို တပည့်အဖြစ်လက်ခံလိုက်တာကို ပြန်အမှတ်ရလိုက်သည်။
“ကျွန်မကို တပည့်အဖြစ်လက်မခံခဲ့မိတဲ့အတွက် ရှင်နောင်တရသွားအောင် ကျွန်မလုပ်ပြမယ်
ထို့နောက် သူမသည် မျက်လုံးမှိတ်လိုက်ပြန်ပြီး သူမရှေ့ရှိ သွေးနီရောင်ဓားရှည်၏ ဓားသိုင်းစျာန်အဘိညာဉ်ကို ထိုးထွင်းသိမြင်နိုင်အောင် ဆက်လက်ကြိုးစားလေတော့သည်။

ဓားသိုင်းစျာန်အဘိညာဉ်ကို ထိုးထွင်းသိမြင်အောင် ကြိုးစားခြင်းကသာ ဓားသိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်လာစေနိုင်သော နည်းလမ်းပင်။
ထိုအခိုက်မှာ လုချန်ရှန်း၏အာရုံထဲတွင် ပလုံစီသောအသံပေါင်းများစွာ ထွက်ပေါ်လာသည်။
[ပြုစုပျိုးထောင်မှုစစ်ဆင်ရေး အောင်မြင်ပါတယ်]
[ငရဲကိုးဘုံအစီအရင်၊ ဓားသိုင်းတာအိုနိယာမ၊ ကျင့်ကြံရေးသက်တမ်း နှစ်တစ်ထောင်တို့ကို လက်ခံသူ ရရှိလိုက်ပါပြီ]

Comment

  1. Thet Paing Soe Oo says:

    Very good 👍

Leave a Reply

Options

not work with dark mode
Reset