ထျန်းယွမ်မင်းဆက်၏ ပင်မမြို့တော်ဖြစ်သော ထျန်းယွမ်မြို့တော်သည် တော်ဝင်မိသားစုများနှင့် တကွဲတပြားဖြစ်နေသောဂိုဏ်းပေါင်းများစွာဖြင့် ပြည့်နှက်နေလေသည်။
ယဲ့မိသားစုမှာ ထျန်းယွမ်မြို့ရှိ အရေးပါသောမိသားစုလေးခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး အလွန်အင်အားကြီးသောမိသားစုကြီးပင်။
“ဒီနေ့က ယဲ့မိသားစုရဲ့ခွန်အားစစ်ဆေးပွဲကျင်းပမဲ့နေ့မဟုတ်လား”
“အမှန်ပဲလေ။ အဲ့လိုဆိုမှ ယဲ့ချိုးပိုင်လည်း ဒီပွဲမှာပါမှာမဟုတ်လား”
“ယဲ့ချိုးပိုင်ကတော့ သနားစရာပဲ။ ဒီမတိုင်ခင်တုန်းက ဓားသိုင်းသူတော်စင်ပိုင်ဆိုင်တဲ့ အမွေဆက်ခံရာနယ်မြေရဲ့ တားမြစ်ဧရိယာဘက်ကို သူ မတော်တဆသွားမိတာလေ။ အန္တိမဓားရှည်ရဲ့ချီစွမ်းအင်တွေက သူ့ကိုတိုက်ခိုက်လိုက်လို့ သူ့ခမျာ ကျင့်ကြံစဉ်တွေကို ဆုံးရှုံးလိုက်ရသလို ခန္ဓာကိုယ်မျှခြေလည်း ပျက်စီးသွားတယ်တဲ့။ အသက်ဘေးက လွတ်အောင်ထွက်ပြေးလာနိုင်တာတောင်မှ သူ့စွမ်းရည်တွေကတော့ သုံးစားမရတော့ဘူးလေ”
“အရင်တုန်းက ထျန်းယွမ်မြို့တော်ရဲ့ထိပ်တန်းဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်တဲ့ ယဲ့ချိုးပိုင်က ဒီလိုအခြေအနေအထိဖြစ်သွားတာပဲ။ သနားဖို့ကောင်းလိုက်တာ”
“ဟုတ်တယ်။ ယဲ့ချိုးပိုင်ရဲ့စိတ်နေစိတ်ထားက သိပ်ဖြောင့်မတ်တာ။ အရင်က သူ အထက်တန်းလွှာတွေကို စော်ကားမိထားတော့ သူ့ရဲ့ကျင့်ကြံစဉ်တွေကိုလည်း ဆုံးရှုံးလိုက်ရရော ယဲ့မိသားစုက သူ့ကိုစွန့်လွှတ်ပစ်လိုက်တော့တာပဲလေ။ ယဲ့ချိုးပိုင်တစ်ယောက် ဒီစစ်ဆေးပွဲပြီးတာနဲ့ ကလဲ့စားမုန်တိုင်းကြီးထဲမှာ ရှင်သန်လွတ်မြောက်နိုင်ပါ့မလားဆိုတာ ငါသိချင်မိပါရဲ့ကွာ”
“ကိုယ်ပြုတဲ့ကံက ကိုယ့်ထံပြန်လာတဲ့သဘောပါပဲ”
…
ယဲ့မိသားစုနေအိမ်ရှိ ဘိုးဘွားပိုင်ခန်းမကြီး၏ရှေ့၌..
စင်မြင့်အောက်မှာ လူအများအပြားစုဝေးနေကြပြီး ထိုစင်မြင့်ထက်မှာတော့ ခွန်အားစစ်ဆေးပွဲမှာသုံးမည့် ဧရာမကျောက်တုံးကြီးတစ်တုံးရှိနေချေသည်။
“နောက်တစ်ယောက်က ယဲ့ချိုးပိုင်”
ယဲ့ချိုးပိုင်ဟာ ဓားကို ရင်ခွင်ထဲပိုက်ထားပြီး ထောင့်နားလေးမှာထိုင်နေလေသည်။ သူ တိတ်တဆိတ်မတ်တတ်ထရပ်လိုက်ပြီး ထိုဧရာမကျောက်တုံးကြီးဆီကို ဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။
ပတ်ပတ်လည်ရှိလူအပေါင်းက ယဲ့ချိုးပိုင်အား စိုက်ကြည့်နေကြသည်။ တချို့ကတော့ နောင်တတကြီး သက်ပြင်းချနေကြသလို တချို့ကလည်း လှောင်ပြောင်လိုသောအမူအရာများဖြင့်သာ။
လူတစ်ယောက်ဟာ ယခင်က ဘယ်လောက်ပဲအမြင့်ဆုံးမှာ ရပ်တည်ခဲ့ရပ်တည်ခဲ့ အောက်ဆုံးကိုပြုတ်ကျချိန်မှာတော့ အကျနာမည်သာဖြစ်၏။
စင်မြင့်ထက်မှာတော့ လူသုံးယောက်ထိုင်နေကြသည်။ ခေါင်းဆောင်သည် ယဲ့မိသားစုအကြီးအကဲ ယဲ့ချင်းဖြစ်ပြီး ယဲ့ချိုးပိုင်၏ဖခင်ဆိုလည်း မမှားပေ။
ယဲ့ချင်းက စကားတစ်ခွန်းမပြောဘဲ ဓားကိုသာရင်ခွင်ထဲပိုက်ထားသည့် ယဲ့ချိုးပိုင်ကိုကြည့်ရင်း သက်ပြင်းဖွဖွချလိုက်မိသည်။
ယဲ့ချင်၏နံဘေးမှာတော့ လှပကြော့ရှင်းသောအဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က အေးစက်စက်အမူအရာဖြင့် မတ်တတ်ရပ်နေလေသည်။ သူမကတော့ ထိုမြင်ကွင်းကို အသက်မဲ့သောအမူအရာဖြင့်သာ စိုက်ကြည့်နေ၏။
ဧရာမကျောက်တုံးကြီးရှေ့ကို သူရောက်လာခဲ့လေပြီ။
ဘေးနားရှိအကြီးအကဲတစ်ယောက်က အေးတိအေးစက်စကားဆို၏။
“ယဲ့ချိုးပိုင်.. မင်းရဲ့လက်ကို ဧရာမကျောက်တုံးပေါ်ကိုတင်လိုက်”
ယခင်ကဆိုလျှင် သူ့အား အပြုံးတစ်ပွင့်ဖြင့် အသိအမှတ်ပြုတတ်လေ့ရှိသော ထိုအကြီးအကဲကို ယဲ့ချိုးပိုင် တစ်ချက်မျှကြည့်လိုက်မိသည်။ ထို့နောက် သူ့အကြည့်က ဖော်ရွေမှုကင်းမဲ့သောအမျိုးသမီးဆီကို ကျရောက်သွားသည့်အခါ တစ်စုံတစ်ရာကို နားလည်သဘောပေါက်လိုက်သောအရိပ်အယောင်တို့က သူ့မျက်ဝန်းထဲ လက်ခနဲဖြစ်သွားသည်။
သူတို့နှစ်ယောက်သည် သွားအတူစားအတူ အတူတကွသိုင်းပညာကျင့်ကြံခဲ့ကြသော ငယ်ကျွမ်းဆွေများပင်။
သူတို့အရွယ်ရောက်လာချိန်မှာ နှစ်ဖက်မိသားစုကလည်း ပလဲနံသင့်ကြသောကြောင့် မိသားစုနှစ်ခုက သူတို့အား ချက်ချင်းပင်စေ့စပ်ပေးခဲ့ကြသည်။
သို့သော် သူ၏သိုင်းပညာကျင့်ကြံစဉ်များကို ဆုံးရှုံးလိုက်ရပြီးနောက် စေ့စပ်ပွဲကလည်း ပျက်သွားရသလို လက်ထပ်စာချုပ်ကိုလည်း ဖျက်ဆီးပစ်လိုက်ကြသည်။
ယခင်ကသိကျွမ်းဖူးသော မိန်းမငယ်လေးကလည်း ယခုဆိုလျှင် အလွန်တရာစိမ်းသက်သွားလေပြီ။
သူ့အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး ဧရာမကျောက်တုံးပေါ်ကို လက်တင်လိုက်လေတော့သည်။
မကြာမီမှာပင် ခပ်ဖျော့ဖျော့အလင်းရောင်တစ်ခုက ဧရာမကျောက်တုံးကြီးထက်တွင် မှိတ်တုတ်မှိတ်တုတ်လင်းလက်လာ၏။
ထိုအခြင်းအရာကိုမြင်တော့ အကြီးအကဲက သရော်ပြုံးပြုံးလျက် ကြေညာလိုက်သည်။
“ယဲ့ချိုးပိုင် ချီစွမ်းအင်မွမ်းမံရေးတတိယအဆင့်၊ အဆင့်နိမ့်စွမ်းရည်”
“ထင်ထားတဲ့အတိုင်းပဲ။ ယဲ့ချိုးပိုင်က ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းသိနေတာပဲကို ဘာလို့များ ကိုယ့်ကိုယ်ကိုယ်အရှက်ထပ်ခွဲချင်နေရတာပါလိမ့်”
“ဖြစ်နိုင်တာက သူက တစ်ချိန်လုံးဉာဏ်ကြီးရှင်ပဲဖြစ်နေခဲ့တာဆိုတော့ သေမျိုးအဖြစ် ရာထူးလျှော့ချမခံချင်လို့ ထပ်ကြိုးစားကြည့်တာဖြစ်မှာပေါ့”
“ဒါပေမဲ့ ယဲ့ချိုးပိုင်က အရင်က လူတော်တော်များများကို စော်ကားမိထားတာလေ။ အနာဂတ်မှာ သူ့ဘဝမသာယာတော့မှာကို စိုးတော့စိုးရိမ်မိသား”
“ဘာတွေပဲဖြစ်ဖြစ် အခုကစပြီး ယဲ့မိသားစုက..မဟုတ်သေးဘူး.. ထျန်းယွမ်မြို့တစ်မြို့လုံးမှာ ယဲ့ချိုးပိုင်အတွက် နေရာမရှိတော့ဘူး”
စင်မြင့်ထက်မှာတော့ ယဲ့ချိုးပိုင်၏အမူအရာဟာ သိပ်မကောင်းမလှပေ။
အမျိုးသမီးကတော့ ထိုရလဒ်ကို အစကတည်းက ကြိုသိထားနှင့်ပုံပင်။ သူမသညိ ဘာစကားတစ်ခွန်းမှမပြောဘဲ တစ်ဖက်ကိုလှည့်ထွက်ကာ ထွက်သွားလေတော့သည်။
သူမပုံစံက ယဲ့ချိုးပိုင်၏ကျင့်ကြံစဉ်များ ဆုံးရှုံးသွားတာ တကယ်ဟုတ်မဟုတ်စစ်ဆေးချင်သည့်ပုံပေါက်၏။
ပတ်ပတ်လည်ရှိလှောင်ပြောင်သရော်သံများကို ကြားရသည့်အခါ ယဲ့ချိုးပိုင်ခမျာ ကူကယ်ရာမဲ့စွာဖြင့် ခါးသက်သက်ရယ်မောလိုက်မိသည်။
အမှန်ပါပင်။ ယဲ့မိသားစုထဲမှာ သူ့အတွက် နေရာမရှိတော့ပါလေ။
ယဲ့မိသားစုသည် ထျန်းယွမ်မင်းဆက်၏ မဟာမိသားစုကြီးလေးခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် အဆင့်အတန်းမြင့်မိသားစုကြီးဖြစ်၏။ ကျင့်ကြံစဉ်တွေဆုံးရှုံးလိုက်ရသော သူ့လိုအမှိုက်တစ်စကို ဘယ်သူကများ လက်ခံပေးမှာတဲ့လဲ။
ဤသတင်းသာပေါက်ကြားသွားလျှင် မျက်နှာပျက်အရှက်ရစရာကြီးပင်။
သူ့လက်မောင်းထဲက ဓားကိုကြည့်ပြီး ထွက်ခွာသွားလေသော အမျိုးသမီး၏ကျောပြင်ကိုလည်း တစ်ချက်မျှကြည့်လိုက်မိသည်။
ရုတ်ခြည်းဆိုသလို တစ်စုံတစ်ရာကို သူအဖြေရှာလိုက်နိုင်သည့်အလား အထက်နားဆီကို အော်ပြောလိုက်လေသည်။
“အဖေ.. ဒီနေ့ပဲ ကျွန်တော် ယဲ့မိသားစုကနေခွဲထွက်ပြီး တစ်ကိုယ်တည်းရွက်လွှင့်ပါတော့မယ်။ အဖေ့အနေနဲ့ လက်ခံပေးဖို့ ကျွန်တော်မျှော်လင့်ပါတယ်”
ယဲ့မိသားစုထဲမှာ ဆက်နေနေလျှင် ရှက်ဖွယ်လိလိဖြစ်နေလိမ့်မည်ပင်။ ထို့ပြင် သူ့အဖေကိုလည်း ဒုက္ခပေးရာကျနေမည်သာ။ ထိုအစား တစ်ယောက်တည်းထွက်သွားတာကသာ ပိုကောင်းပေလိမ့်မည်။ အခွင့်အလမ်းတချို့ကို ရချင်လည်းရလာနိုင်တာပဲမဟုတ်လား။
ယဲ့ချိုးပိုင် ဘာတွေးနေသလဲဆိုတာကို ယဲ့ချင်းသိသည်။ သူ့မှာ သက်ပြင်းချရုံသာတတ်နိုင်တော့သည်။
“မင်း… သေချာစဉ်းစားပြီးပြီလား”
ယဲ့ချိုးပိုင်က ခိုင်မာမှုအပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ တစ်ယောက်တည်းထွက်သွားပြီး အခွင့်အလမ်းတစ်ခုခုကိုရှာဖွေခြင်းကသာ သူ၏ကျင့်ကြံစဉ်များကို ပြန်ရယူနိုင်မည့်အခွင့်အရေးကို ရနိုင်မှာပင်။
ထိုအခွင့်အရေးက မရှိသလောက်နည်းပါးလှပြီး လုံးဝမဖြစ်နိုင်ဖို့အလားအလာများနေပေမဲ့ပေါ့။
ထိုအခြင်းအရာကြောင့် ယဲ့ချင်းလည်း ခေါင်းညိတ်ပြရုံမှတစ်ပါး တတ်နိုင်တာမရှိ။ မိသားစုအကြီးအကဲတစ်ယောက်အနေနှင့် သူ့မှာ ရွေးချယ်ခွင့်ရယ်လို့မရှိချေ။ ယဲ့မိသားစုထဲမှာ သူ့သားကို နေခိုင်းထားပြီး အရှက်တကွဲဖြစ်နေတာကိုမြင်ရမှာထက်စာလျှင် တစ်ကိုယ်တည်းလှည့်လည်သွားလာခွင့်ပြုလိုက်တာက ပိုကောင်းပေလိမ့်မည်။
ထို့ပြင် ကျင့်ကြံစဉ်များဆုံးရှုံးလိုက်ရသော ယဲ့ချိုးပိုင်ကို ကျန်အကြီးအကဲများက ယဲ့မိသားစုထဲမှာဆက်နေခွင့် ပေးမှာမဟုတ်ချေ။
ယဲ့ချိုးပိုင်ကတော့ အရိုအသေပေးပြီးသည်နှင့် ယဲ့မိသားစုဆီမှ ထွက်ခွာလာလေတော့သည်။
…
ထျန်းယွမ်းမြို့တော်ထဲမှ ထွက်လာပြီဆိုလျှင် အုံ့ဆိုင်းထူထပ်သောတောအုပ်ကြီးတစ်ခုကို တွေ့ရလိမ့်မည်။
တောအုပ်ထဲကိုရောက်တော့ ယဲ့ချိုးပိုင်သည် သူ့ခြေလှမ်းများကို တုံ့ခနဲရပ်တန့်ပစ်လိုက်ပြီး သူ့အရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူငါးယောက်ကို ကြည့်လိုက်သည်။ သည်လိုဖြစ်လာမှာကို သူ အစကတည်းက ကြိုသိထားနှင့်ပုံပင်။ သူက ဂရုမစိုက်ဟန်ဖြင့် ပြုံးလျက်စကားဆို၏။
“ငါ့နောက်ကနေ ဒီလောက်အကြာကြီးနောက်ယောင်ခံလိုက်လာခဲ့ပြီးတော့မှ နောက်ဆုံးတော့ ထပ်မထိန်းထားနိုင်တော့ဘူးပေါ့လေ”
အတိတ်မှာတုန်းက သူတို့တစ်တွေခံစားခဲ့ရသော မလိုမုန်းထားစိတ်များက နောက်ဆုံးမှာတော့ ပေါက်ကွဲထွက်လာလေပြီ။
သူတို့ထဲကတစ်ယောက်က ပြုံးလျက်ပြောလေသည်။
“ယဲ့ချိုးပိုင်.. ဒီလိုတွေဖြစ်လာမှာကို မင်းသိနေခဲ့တယ်ဆိုရင်လည်း အရင်တုန်းက ဘာလို့ အဲ့ဒီလိုလုပ်ရပ်မျိုးလုပ်ခဲ့သေးလဲ”
ယဲ့ချိုးပိုင်ကလည်း အပြုံးတစ်ပွင့်ဖြင့် ခွန်းတုံ့ပြန်၏။
“အချိန်တွေကို နောက်ပြန်ဆုတ်လို့ရရင်တောင် ငါ အဲ့ဒီလိုပဲထပ်လုပ်မိမှာ”
ယဲ့ချိုးပိုင်ဟာ စကားပြောနေရင်းဖြင့် ကျောက်စိမ်းဆွဲပြားလေးတစ်ခုကို လက်ထဲမှာ ဆုပ်ကိုင်ထားလိုက်သည်။
တစ်ယောက်ယောက်ကတော့ သူ့နောက်ကလိုက်လာမယ်မှန်း သူသိပြီးသားပင်။ သို့ဖြစ်ရာ ဘယ်လိုပြင်ဆင်မှုမျိုးမှမလုပ်ထားလျှင် သူ တုံးအရာကျသွားပေလိမ့်မည်။
“ဒါပေမဲ့ ငါ့ကိုရှင်းပစ်ဖို့မစောင့်နိုင်တော့တာ ဘယ်သူများလဲလို့ ငါမေးရပါစေ”
ထျန်းယွမ်မြို့တော်ထဲက သူထွက်လာပါပြီဆိုကတည်းက လုပ်ကြံရေးသမားတစ်ယောက်က သူ့နောက်က နောက်ယောင်ခံလိုက်လာခဲ့သည်။ သူ့မှာ ဘာရာထူးဂုဏ်ဒြပ်မှမရှိတော့သော်ငြား ယဲ့မိသားစုခေါင်းဆောင်၏သားတစ်ယောက်ဖြစ်နေဆဲပင်။
တစ်ဖက်လူဟာ သူ့ကို ဘယ်လောက်တောင်မုန်းတီးနေလဲဆိုတာ သိသာလွန်းသည်။
ဝတ်စုံနက်နှင့်လူက သရော်စကားဆိုသည်။
“မင်း သိတော့ရော ဘာလုပ်မှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းမှာ လက်စားချေဖို့အခွင့်အရေးလည်း မရှိပါဘူးကွာ။ ပြီးတော့ အတိတ်မှာတုန်က မင်းစော်ကားခဲ့ဖူးတဲ့လူတွေက ဒီလောက်များတာကို။ ဒါတွေမေးနေတာ ဘာအတွက်လဲ”
“အဲ့ဒါက ကိစ္စကြီးတော့မဟုတ်ပါဘူး..”
ယဲ့ချိုးပိုင်က ကျောက်စိမ်းဆွဲပြားလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားနေမိသည်။
ဤအရာသည် ဓားသိုင်းသူတော်စင်၏အမွေဆက်ခံရာနယ်မြေဆီမှ သူယူလာခဲ့သည့် တစ်ခုတည်းသောပစ္စည်းဖြစ်၏။ အထဲမှာ အစီအရင်ပုံစံတစ်စုံရှိသည်။ ၎င်းကို လွှတ်ထုတ်လိုက်တာနှင့် သူတို့သုံးယောက်စလုံး ရင်ဆိုင်နိုင်စွမ်းရှိမှာမဟုတ်ပေ။
အစီအရင်ထံမှ ပြန်ကန်ထွက်လာမည့်စွမ်းအားကို သူ၏လက်ရှိခွန်အားလောက်နှင့် ရင်ဆိုင်ဖို့မဖြစ်နိုင်သော်လည်း ယခုအချိန်မှာတော့ သူ့အတွက် ရွေးချယ်စရာမရှိ။
“ဒီလိုဆိုရင်လည်း…”
ခေါင်းဆောင်ဖြစ်သူဟာ သူ့ဓားကိုကိုင်မြှောက်လိုက်ပြီး ယဲ့ချိုးပိုင်ကိုတိုက်ခိုက်လေတော့သည်။
ဓားသွားထက်မှာ ဓားရောင်ခြည်များ တလက်လက်တောက်ပနေပြီး ယဲ့ချိုးပိုင်ကို ရှင်းထုတ်ပစ်ရန်ကြံရွယ်နေလေသည်။
တစ်ဖက်လူက လုံးဝတွန့်ဆုတ်မနေဘဲ ရှိသမျှခွန်အားကိုစိုက်ထုတ်၍ ယဲ့ချိုးပိုင်ကို တစ်ချက်တည်းနှင့် သတ်ဖြတ်ချင်ရုံပင်။
ယဲ့ချိုးပိုင်၏အမူအရာ တင်းမာသွားသည်။ ကျောက်စိမ်းဆွဲပြားကို သူ ပစ်ထုတ်တော့မည့်အချိန်မှာ အစိမ်းရောင်ဝတ်စုံနှင့်ပုံရိပ်တစ်ခုက သူ့အရှေ့မှာ ပေါ်လာလေသည်။
ထိုသူဟာ လက်ချောင်းလေးများကို ဆတ်ခနဲလှုပ်ရှားလိုက်သည့်အခါ ဓားသွားက သူ့လက်ချောင်းနှစ်ချောင်းကြားမှာ ညှပ်ထားခံရပြီး ဘယ်လိုလှုပ်ရှားမှုမျိုးကိုမှ မပြုနိုင်တော့ချေ။
ဓားရောင်ခြည်က သူ့လက်ချောင်းကိုထိမှန်သွားသောအခါ ရွှံ့ရုပ်လေးတစ်ရုပ် ပင်လယ်ထဲကျသွားသလို ဘယ်လိုထိခိုက်ရှနာမျိုးကိုမှ ဖြစ်အောင် မလုပ်နိုင်ရှာပေ။
“မင်း သူ့ကိုသတ်မှာကို ငါခွင့်မပြုနိုင်ဘူး။ တကယ်လို့ သူသာသေသွားရင် ငါ တပည့်တစ်ယောက်ဆုံးရှုံးသွားမှာပေါ့”
“မင်းက ဘယ်သူလဲ”
ဝတ်စုံနက်နှင့်အမျိုးသားက ထိတ်လန့်သွားပြီး သူ့ဓားကို ချက်ချင်းပြန်ရုပ်လိုက်လေသည်။
“ငါလား”
အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသောအမျိုးသားက ခေါင်းတခါခါလုပ်ရင်း သူ့လက်ချောင်းများဖြင့် ထပ်ခါထပ်ခါညွှန်ပြနေပေသည်။
ရုတ်ခြည်းပင် သူတို့ထဲက လူနှစ်ယောက်၏မျက်ခုံးနှစ်ဖက်ကြားမှာ သွေးစွန်းနေသောအပေါက်တစ်ပေါက် ပေါ်လာပေသည်။
ကျန်တစ်ယောက်မှာမူ နေရာမှာတင် ကြက်သေသေနေတော့သည်။
အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသားသည် သူ့အနောက်က ယဲ့ချိုးပိုင်ကိုကြည့်ပြီး ပြုံးလိုက်သည်။
“တစ်ယောက်တော့ကျန်သေးတယ်။ မင်းကိုသတ်ချင်နေတဲ့လူက ဘယ်သူလဲဆိုတာ မေးဦးမလား”