Switch Mode

အခန်း (၁)

တပည့်တစ်ယောက်ရဖို့ ခက်ခဲပင်ပန်းလိုက်ပုံများတော့...

“စနစ်..ဒီနေ့အတွက် စာရင်းသွင်းမယ်”

[စာရင်းသွင်းခြင်း အောင်မြင်ပါတယ်။ ဆုလာဘ်: ကျင့်ကြံရေးသက်တမ်း နှစ်ငါးရာ]

လုချန်ရှန်းခမျာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းတကုတ်ကုတ်လုပ်ရင်း ပြောလိုက်မိသည်။

“နှစ်၂၀တောင်ကျော်သွားခဲ့ပြီ။ နေ့တိုင်း ငါ စာရင်းသွင်းနေခဲ့ရပြီး စနစ်ကလည်း ကျင့်ကြံရေးသက်တမ်းတွေပဲ ဆုချနေတာ။ ဒီစနစ်မှာ တခြားလုပ်ငန်းဆောင်တာတွေ မရှိတော့တာလား”

ဤကမ္ဘာကြီးကို ကူးပြောင်းလာပြီး စနစ်နှင့်ချိတ်ဆက်မိသွားတုန်းက လုချန်ရှန်း အတော်စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ရသည်။ သူသည် အမတလမ်းစဉ်၏အထွတ်အထိပ်ကိုပင် တက်လှမ်းပြီး ကမ္ဘာကြီးကိုအုပ်စိုးနိုင်လိမ့်မည်ဟုပင် တွေးထင်ထားခဲ့သည်။

သို့သော် စနစ်က နှစ်၂၀ကြာသည်အထိ နေ့တိုင်းနေ့တိုင်း စာရင်းသွင်းခိုင်းနေလိမ့်မည်ဟု ဘယ်သူကများ ထင်ထားမှာတဲ့လဲ။ ဆုလာဘ်ကလည်း မကျရှုံးနိုင်သည့် ကျင့်ကြံရေးသက်တမ်းများသာ ဖြစ်ပေသည်။

တစ်နေ့ပြီးတစ်နေ့ကုန်လွန်သွားပြီး တစ်နှစ်ပြီးတစ်နှစ်ကုန်လွန်လာခဲ့၏။

လုချန်ရှန်းလည်း ထိုအရာနှင့်ပတ်သက်ပြီး ထုံသွားပြီသာ။

သူ့မှာ သူ့ခွန်အားအဆင့် ဘယ်လောက်ရှိမှန်းတောင်မသိပေ။

စနစ်ကလည်း လုချန်ရှန်း ကူကယ်ရာမဲ့နေရှာသည်ကို သိပုံရသွားပြီး ရှင်းပြလာသည်။

[လက်ခံသူက မူရင်းဇာတ်ကြောင်းနဲ့ အခုထိမချိတ်ဆက်မိသေးတဲ့အတွက် အခုအချိန်မှာ တခြားလုပ်ဆောင်ချက်တွေ မရှိသေးပါဘူး]

“ဒါဆို မူရင်းဇာတ်ကြောင်းနဲ့ ဘယ်လိုချိတ်ဆက်ရမလဲဆိုတာ လမ်းပြပေးလို့ရမလား”

[ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခွင့်မရှိပါဘူး]

“..”

ကူကယ်ရာမဲ့စွာပင် လုချန်ရှန်းလည်း စုတ်တံကိုကောက်ကိုင်၍ စားပွဲပေါ်မှာ အမတဓားသိုင်းပန်းချီကားကို ဆွဲနေလိုက်တော့သည်။

ဤသည်မှာ လုချန်ရှန်း၏နေ့စဉ်အလုပ်တစ်ခုဖြစ်၏။ ဘယ်လိုပဲဖြစ်ဖြစ် ကျင့်ကြံရေးသက်တမ်းတွေကို နေ့တိုင်း ဆုလာဘ်အနေနှင့် ရနေသည့်အတွက် ကိုယ်တိုင်ကျင့်ကြံစရာလည်း မလိုအပ်ချေ။

သူ မိုးမခပင်များကို စိုက်ပျိုးသည်။ ကြက်ပေါက်လေးများကို မွေးမြူသည်။ ပန်းချီကားတချို့ ဆွဲသည်။ ကဗျာတစ်ပုဒ်စနှစ်ပုဒ်စလည်း ရေးဖြစ်သည်။

စိတ်ပါသည့်အချိန်မျိုးတွင် ဆေးလုံးတချို့ကို သာမန်ကာလျှံကာမွမ်းမံချင်မွမ်းမံနေတတ်ပြီး အစီအရင်တည်ဆောက်ပုံအကြောင်းကိုလည်း လေ့လာတတ်သည်။

နောက်ဆုံးစုတ်ချက်ကို ဆွဲ၍ပြီးစီးသွားသောအခါ…

ဒေါင်!

ဤနေရာဝန်းကျင်၌ ခေါင်းလောင်းသံမြည်ဟည်းသွားလေ၏။

လုချန်ရှန်းက တစ်ချက်မျှကြည့်လိုက်ပြီး ပြော၏။

“ကြည့်ရတာ ဒီနေ့က လျှို့ဝှက်တာအိုကျောင်းတော် ကျောင်းသားသစ်လက်ခံမဲ့နေ့ထင်တယ်”

နည်းနည်းပါးပါးတွေးတောဆင်ခြင်ပြီးနောက် သူ့မှာလည်း ဘာမှလုပ်စရာရှိမနေသည့်အတွက် လမ်းလျှောက်လည်းထွက်ရင်း တစ်ချက်သွားကြည့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် လုချန်ရှန်းသည် လက်ထဲကစုတ်တံကိုချလိုက်ပြီး ပျောက်ကွယ်မသွားခင်မှာပင် အစိမ်းရောင်မီးခိုးအငွေ့အတန်းကြီးတစ်ခုအဖြစ် အသွင်ပြောင်းလိုက်သည်။

သူထွက်သွားသည့်ခဏလေးအတွင်းမှာ ဉယျာဉ်ထဲရှိ ငှက်ငယ်တစ်ကောင်ဟာ မီးတောက်နှယ် နီရဲလှသောတောင်ပံများကို တဖျပ်ဖျပ်ခတ်ရင်း ပန်းချီကားရှေ့ကို ရောက်လာလေသည်။ ထိုငှက်၏အကြည့်များသည် ပန်းချီကားပေါ်ရှိ အမတဓားရေးပြမှုပေါ်မှာ မြဲမြံနေ၏။

ပန်းချီကားထက်ရှိ အမတဓားသွားကလည်း လှုပ်ရှားလာဟန်ပြု၏။ ထို့နောက် ပန်းချီကားထဲရှိ ထိုအမတဓားသွားဆီမှ ချီစွမ်းအင်ရောင်စဉ်တန်းကြီး ဖြာထွက်လာလေတော့သည်။

ထိုအခိုက်အတန့်လေးမှာ ဉယျာဉ်တစ်ခုလုံးရှိ ချီစွမ်းအင်များလည်း လိမ်ယှက်ရောထွေးသွားကြပြီး လေဟာနယ်ကိုဖောက်ထွက်လာကြတော့သည်။

ငှက်ငယ်လေးခမျာ မျက်ကလူးဆန်ပြာဖြစ်သွားရှာသည်။ ၎င်းသည် သူ့အတောင်ပံလေးများကို တဖျပ်ဖျပ်ခတ်ရင်း နောက်ပြန်ဆုတ်လိုက်၏။ နောက်တော့ တောင်ပံပေါ်တွင် မီးလျှံများတောက်လောင်လာပုံမှာ ထိတ်လန့်ဖွယ်ကောင်းသော ထိုဓားသွား၏အရှိန်အဝါကို တားဆီးလိုသည့်ဟန်ပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမီးတောက်မီးလျှံကို ဓားသွား၏အရှိန်အဝါက တစ်မုဟုတ်ချင်းငြှိမ်းသက်ပစ်လိုက်သည်။ သို့သော် ဓားသွား၏အရှိန်အဟုန်ကတော့ လျော့ကျသွားခြင်းမရှိဘဲ ငှက်ငယ်လေးကို တန်းတန်းမတ်မတ်ခုတ်ပိုင်းချလိုက်လေသည်။

ထိုအချိန်မှာ နံဘေးရှိမိုးမခပင်ကြီးဟာ အကိုင်းအခက်များကို ဆန့်ထုတ်လိုက်ပြီး ထိုဓားသွား၏လားရာကို ပိတ်ကာထားလိုက်လေသည်။

“ငှက်ကလေး.. နောက်ဆိုရင် မဆင်မခြင်မလုပ်နဲ့တော့။ ဒီပန်းချီကားက သာမန်ကာလျှံကာဖန်တီးထားတယ်ဆိုပေမဲ့ နောက်ကွယ်ကအရှိန်အဝါကတော့ မင်းရင်ဆိုင်နိုင်တဲ့အရာမျိုးမဟုတ်ဘူး”

ထို့နောက် မိုးမခပင်ကြီးဟာ လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။

ငှက်ကလေးကလည်း မိုးမခပင်ကြီးပြောတာကို သဘောတူလက်ခံဟန်ဖြင့် ခေါင်းညိတ်ပြလေသည်။ ၎င်းသည် စားပွဲပေါ်ရှိပန်းချီကားကို စူးစူးစိုက်စိုက်ကြည့်ပြီးနောက် လာရာလမ်းအတိုင်း ပြန်လှည့်သွားပေတော့သည်။

လျှို့ဝှက်တာအိုကျောင်းတော်၌

ထိုကျောင်းတော်ကြီးထဲမှာ ပညာရှင်အမြောက်အများ လမ်းလျှောက်ထွက်လာလေသည်။

ဤကျောင်းတော်သည် တောင်ပိုင်းနယ်မြေထဲမှာ လူသိရှင်ကြားအသိအမှတ်ပြုခံထားရသော တာအိုကျင့်ကြံရေးကျောင်းတော်တစ်ခုပင်။

၎င်းသည် လောကီရေးရာမှခွဲထွက်ထားခြင်းဖြစ်ပြီး ဘယ်ဂိုဏ်းထဲမှာမှ မပါဝင်ထားသလို တော်ဝင်မျိုးနွယ်မိသားစုအရှုပ်အရှင်းများမှာလည်း ပါဝင်ခြင်းမရှိချေ။

သူတို့သည် တော်ဝင်နန်းဆက်ထံမှ အကျိုးအမြတ်ယူထားတာလည်းမရှိသလို ဧကရာဇ်၏အမွေဆက်ခံသူတို့၊ တော်ဝင်မျိုးနွယ်စုမှဆင်းသက်လာသူတို့ကို မျက်နှာလိုက်ခြင်းမျိုးလည်း မရှိ။ လျှို့ဝှက်တာအိုကျောင်းတော်ကို ပညာလာသင်ကြသူတိုင်းဟာ ညီတူညီမျှဆက်ဆံခံရသည်သာ။

ဤနေရာမှာ ခွန်အားသည်သာ အရာရာပင်။

ထို့ကြောင့်လည်း လျှို့ဝှက်တာအိုကျောင်းတော်က အခြားသူများထက် အထက်ရောက်နေရခြင်းပင်။

ထိုအချိန် ကျောင်းတော်ကြီး၏တောင်တန်းမုခ်ဝ၌ ဒါဇင်ချီသောလူငယ်များ မတ်တတ်ရပ်နေကြသည်။ သူတို့သည် ကျောင်းတော်ကြီး၏အကဲဖြတ်စစ်ဆေးမှုကို အောင်မြင်ထားကြသူများပင်။

ထို့နောက်တွင်တော့ ကျောင်းတော်၏အကြီးအကဲများက ကျောင်းသားသစ်လက်ခံတော့မည်ပင်။ အကြီးအကဲများသာ သူတို့ကို မျက်စိကျသွားပါက သူတို့၏အနာဂတ်ကလည်း အဆုံးအစမရှိတိုးတက်ဖြစ်ထွန်းတော့မည်သာ။

သူတို့၏တပည့်တပန်းများသည် တော်ဝင်မိသားစုနှင့် တော်ဝင်မင်းဆက်များ အလုအယက်လိုချင်တပ်မက်ကြသည်အထိ ထူးချွန်ကြသော ဉာဏ်ကြီးရှင်များပင်။ ထို့ကြောင့် ထိုလူငယ်လေးများအားလုံးဟာ အကြီးအကဲများထံမှ ရွေးချယ်ခံရဖို့အတွက်မျှော်လင့်ရင်း စိတ်လှုပ်ရှားနေကြပေသည်။

“ဒီနှစ်တော့ အလားအလာရှိတဲ့မျိုးစေ့ကောင်းလေးတွေ အများကြီးပါတာပဲ”

“ဟုတ်တယ်။ ထျန်းယွမ်မြို့တော်က မဟာမိသားစုလေးစုရဲ့အမွေဆက်ခံသူတွေတောင် ဒီကိုရောက်နေကြတယ်လို့ကြားတယ်”

“ဟားဟား ဒါဆိုရင် ငါတို့တွေ သေချာရွေးမှဖြစ်တော့မယ်ဟေ့။ ငါတို့တွေ အရိုက်အရာဆက်ခံသူတစ်ယောက်တောင် ရတော့မဲ့ပုံပဲ”

“အဲ့ဒါက ဒီလောက်လည်းမလွယ်ပါဘူး။ သူတို့မှာလုံလောက်တဲ့စွမ်းရည်ရှိနေရင်တောင်မှ ငါတို့တွေ သူတို့ရဲ့ပင်ကိုစရိုက်ကို စစ်ဆေးဖို့လိုဦးမယ်။ ဒီအတိုင်းလွှတ်ထားလိုက်လို့မရဘူး”

“အမှန်ပဲ”

ထိုအခိုက်အတန့်မှာ အကြီးအကဲများက သူတို့၏နောက်ကျောဘက်ဆီကို လှမ်းကြည့်လိုက်သည့်အခါ အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက် ခပ်ဖြည်းဖြည်းလမ်းလျှောက်လာတာကို မြင်လိုက်ရလေသည်။

အကြီးအကဲတစ်ဦးက မျက်မှောင်ကြုတ်လျက် စကားဆိုလိုက်သည်။

“သူက ဒီကိုဘာလို့လာရတာလဲ”

သူတို့ထဲကလူတချို့က သည်လူငယ်လေးကို မသိကြသည့်အတွက် ဘာပြောရမှန်းမသိဖြစ်နေကြသည်။

တစ်ယောက်ကတော့ ထမေးလေသည်။

“အကြီးအကဲ.. ဒီလူက ကျောင်းတော်ထဲကလား”

အကြီးအကဲတစ်ဦးကလည်း ရှုပ်ထွေးနေသောအမူအရာဖြင့် ပြန်ဖြေသည်။

“ဟုတ်လည်းဟုတ်တယ်။ မဟုတ်လည်းမဟုတ်ဘူး။ သူက စံအိမ်တော်ကလေ”

“စံအိမ်တော်လား”

လူပေါင်းများစွာမှာ အံ့သြထိတ်လန့်သွားကြရှာသည်။

ဘာပြော၍ပြောရမှန်းမသိသည့်လူများလည်း သေချာပေါက်ရှိသည်။ သူတို့သည် စံအိမ်တော်နှင့်ပတ်သက်ပြီး ဘာတစ်ခုမှသိမထားတာ သိသာလှသည်။

လျှို့ဝှက်တာအိုကျောင်းတော်သည် သိုင်းပညာသင်ကျောင်းတော်နှင့် ကွန်ဖြူးရှပ်ကျောင်းတော်ဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။ သို့သော် သူတို့အပြင် စံအိမ်တော်ဟုခေါ်သော ပြင်ပအဖွဲ့အစည်းတစ်ခုလည်း ရှိသေးသည်။

စံအိမ်တော်သည် ကျောင်းတော်၏အာဏာအောက်တွင်မရှိဟု ဆိုနိုင်သော်လည်း ကျောင်းတော်မှာရှိသောအရင်းအမြစ်များကိုတော့ ခံစားပိုင်ခွင့်ရှိသည်။

ထိုအရာက လူတိုင်းကို ပဟေဠိဖြစ်သွားစေသည်။ သို့သော် ဂိုဏ်းချုပ်၏မျက်စိအောက်မှာတော့ သူတို့ အသံကျယ်ကျယ်မထွက်ရဲကြချေ။

စံအိမ်တော်၏ခေါင်းဆောင်က အသစ်ပြောင်းလဲထားခြင်းဖြစ်ပြီး သူတို့တွေ တပည့်အသစ်ထပ်လက်မခံတော့တာ ရာစုနှစ်တစ်ခုကြာခဲ့ပြီဖြစ်၏။

လုချန်ရှန်းတစ်ယောက်ကိုသာ စံအိမ်တော်က လက်ခံထားပေသည်။ သူသည် အလွန်တသီးတသန့်ဆန်ပြီး အပြင်လည်း ထွက်ခဲသည်။ ထို့ကြောင့် စံအိမ်တော်မှာ သည်လိုလူတစ်ယောက်ရှိနေမှန်း သူတို့မေ့လျော့နေကြခြင်းပင်။

သို့ဖြစ်ရာ တချို့တချို့သောလူများ စံအိမ်တော်၏တည်ရှိမှုကို မသိတာလည်း မထူးဆန်းပေ။

လုချန်ရှန်းဟာ အကြီးအကဲများဆီ လျှောက်သွားလိုက်ပြီး ပြုံးလျက် အရိုအသေပေးလိုက်သည်။

“ချန်ရှန်း အကြီးအကဲတွေကိုနှုတ်ခွန်းဆက်ပါတယ်”

“လုချန်ရှန်း.. ဒီနေ့ ဒီကိုဘာလို့ရောက်လာရတာလဲ”

“ကျောင်းသားသစ်ခန့်အပ်ပွဲကို အရင်ရက်တွေက မင်းလာတာလည်း မတွေ့မိပါဘူး”

လုချန်ရှန်း ခေါင်းခါပြရင်း ပြန်ပြောသည်။

“ကျွန်တော်ပျင်းလာလို့ ကျောင်းသားသစ်ရွေးချယ်ပွဲကို တစ်ချက်လောက်ကြည့်ရအောင်ထွက်လာခဲ့တာပါ။ ကျောင်းသားသစ်လက်ခံဖို့စိတ်ကူးရှိလို့မဟုတ်ပါဘူး။ အကြီးအကဲ ကျွန်တော့်ကိုစိတ်ထဲမထားပါနဲ့”

ပျင်းလို့တဲ့လား…။

အကြီးအကဲများဟာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်မိသည်။ သည်ကလေးမှာ ကျောင်းတော်ထံမှထောက်ပံ့ပေးထားသော အရင်းအမြစ်များရှိသော်လည်း တပည့်တပန်းလက်ခံဖို့ ဆန္ဒမရှိချေ။ သူသည် အမှန်တကယ်ကို…

တာအိုလမ်းစဉ်ကို သင်ကြားပြသပေးဖို့အတွက် ကျောင်းသားသစ်လက်ခံခြင်းသည် သူတို့အတွက် ဂုဏ်ယူစရာကိစ္စတစ်ခုဖြစ်သည်။ လုချန်ရှန်းတစ်ယောက် ယခုလိုပြုမူနေတာကိုမြင်ရတာဟာ သူတို့အတွက် သိပ်တော့ကျေနပ်စရာမကောင်းချေ။

အတော်အတန်အသက်ကြီးရင့်သော အကြီးအကဲတစ်ဦးက မကျေမချမ်းစွာဖြင့် စကားဆိုလာ၏။

“ကျောင်းတော်ကြီးရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ လောကကြီးကို နည်းမှန်လမ်းမှန်ညွှန်ပြပေးရမှာ မင်းတာဝန်ပဲ။ မင်း စံအိမ်တော်အတွက် ကျောင်းသားသစ်လက်ခံတာတို့၊ မျိုးဆက်သစ်ရှာဖွေတာတို့ကို ဘာလို့မလုပ်ချင်ရတာလဲ”

လုချန်ရှန်းလည်း သူ့လက်များကိုဆန့်တန်းလိုက်ပြီး ပြန်ပြော၏။

“ကျွန်တော့်ဘာသာတောင် အမတလမ်းစဉ်ကို မကျင့်ကြံနိုင်သေးတာ။ သူများတွေကို ဘာလို့နှောင့်နှေးအောင်လုပ်နေဦးမှာလဲ။ ပြီးတော့ တပည့်တွေကိုသင်ပြပေးရတာ သိပ်ကိုပင်ပန်းတာလေ။ ကျွန်တော့်ဘာသာ တစ်ယောက်တည်းပဲ ပျော်ပျော်နေချင်တယ်။ ဘာလို့များ ဒုက္ခတွေခံနေမှာလဲ”

“ဒါပေမဲ့ ကျောင်းတော်ရဲ့အရင်းအမြစ်တွေကိုကျတော့ သုံးနေပြီးတော့ ဘာလို့သင်ပြမပေးချင်ရတာလဲ”

“စံအိမ်တော်ရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ မင်း ကိုယ့်အတွက်ကိုယ်ထည့်မတွက်ဘူးဆိုရင်တောင် စံအိမ်တော်ရဲ့အနာဂတ်အတွက်တော့ စဉ်းစားရမယ်လေ”

လုချန်ရှန်းခမျာ ကူကယ်ရာမဲ့သွားရသည်။ အကြီးအကဲများက သူ့အား သွေးဆောင်ဖို့ကြိုးစားနေသည့်ကိစ္စကြီးက ခေါင်းကိုက်ချင်စရာပင်။

သူ တစ်ခုခုပြောတော့မည့်အချိန်မှာပင် သူ့အာရုံထဲကအသံတစ်သံက သူ့အား ကြားဖြတ်နှောင့်ယှက်လိုက်သည်။

[လက်ခံသူ စစ်ဆင်ရေးတစ်ခုကို လက်ခံရရှိပါပြီ။ ကျေးဇူးပြုပြီး ထျန်းယွမ်မြို့တော်ကိုသွားပြီး ဒီတပည့်ကိုလက်ခံပါ]

[အမည် : ယဲ့ချိုးပိုင်]

[စွမ်းရည် : အဆင့် SSS]

[အထုံပါရမီ : နက်နဲလှသည့်ဓားသိုင်းပညာဗဟိုအချက်အချာ၊ ဓားသွားကိုယ်ထည်အနှစ်သာရဖြန့်ကြက်မှု၊ ဧကရာဇ်ဖြစ်နိုင်ခြေအလားအလာ]

ထို့နောက်မှာတော့ လုချန်ရှန်းတစ်ယောက် စကားတစ်ခွန်းသာပြောပြီး နေရာမှပျောက်ကွယ်သွားလေတော့သည်။

“အကြီးအကဲတို့.. ကျွန်တော် တပည့်သစ်လက်ခံဖို့ ထျန်းယွမ်မြို့တော်ကို သွားပါတော့မယ်။ ကျေးဇူးပြုပြီး ကျွန်တော်မပါဘဲ ပွဲစလိုက်ပါတော့နော်”

အကြီးအကဲများကတော့ ထိုနေရာမှာ ကြက်သေသေရင်း ကျန်ရစ်နေခဲ့ကြလေတော့သည်။

ဒီကလေးက အမတလမ်းစဉ်ကို သူကိုယ်တိုင်မကျင့်ကြံနိုင်သေးတဲ့အတွက် သူများတွေကို နှောင့်နှေးအောင်မလုပ်ချင်ဘူးလို့ ခုနလေးကတင် ပြောနေတာမဟုတ်ဘူးလား။ အခုကျတော့ တပည့်အသစ်လက်ခံတော့မယ်ဖြစ်သွားပြန်ပြီလား။

ယုံနေပါ့မယ် အားကြီးကြီး။

ဤနေရာတွင် မျိုးစေ့ကောင်းတွေအများကြီး ရှိနေသည်ဖြစ်ရာ ထျန်းယွမ်မြို့တော်အထိ အသည်းအသန်လိုက်နေစရာအကြောင်းမရှိပေ။ ထျန်းယွမ်မြို့တော်၏အမွေဆက်ခံသူပါရမီရှင်တွေအားလုံးကလည်း ဤနေရာမှာ ရောက်နေသည်မဟုတ်ပါလား။

Comment

Leave a Reply

Options

not work with dark mode
Reset