ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၀၅ ခုနှစ် ကုန်ဆုံးရန် နှစ်လခန့် လိုသေးပေသည်။ ရီဖူရှင်း သေဆုံးပြီး အချိန်များစွာ ကြာမြင့်သွားပြီး ဖြစ်သည်။ ကြီးမားသော လှုပ်ခတ်မှု ဖြစ်ပွားပြီး နောက်ပိုင်း မိုးမြေ ကောင်းကင်မြို့က တစ်ဖန် ပြန်လည် ငြိမ်သက် သွားသည်။
အချိန်က အရာအားလုံးကို မြှုပ်နှံသွားမည် ဖြစ်သည်။ လူတစ်ယောက်က မည်မျှ ထူးခြား ထက်မြက်နေပါစေ သူတို့အား အချိန် မြစ်ရေစီးကြောင်းက မေ့ပျောက်စေမည်သာ…။ လောင်ရီထျန်း သေဆုံးစဉ်ကလည်း လူအများအား မမေ့မပျောက်နိုင်သော လှုပ်ခတ်မှုများ ဖြစ်ပွားစေခဲ့သည့်တိုင် အချိန်ကြာမြင့် သွားသောအခါ သူ့အကြောင်းကို ပြောသူ သိပ်မရှိတော့။
လတ်တလောတွင် ဖြစ်ရပ် အများအပြားလည်း ရှိနေခဲ့သည်။ ထိပ်သီးကျောင်း သုံးကျောင်း၏ ဆက်ဆံရေးမှာလည်း ပိုမိုဆိုးဝါးလာခဲ့ကာ တပည့်များအကြား မကြာမကြာ ရန်ဖြစ်ကြသည်။ ကျောင်းသား အချို့ပင်လျှင် သေဆုံး၏။ ကျင်းကလန်က ကြယ်မင်းကျောင်းနှင့် အဆက်ဖြတ်ပြီး နောက်ပိုင်းတွင် သူတို့က လျှို့ဝှက်သော အစီအစဉ်များကို လုပ်ဆောင်ခဲ့ကြသည်။ သူတို့၏ တပည့်များအား နေရာဒေသအနှံ့မှ ထိပ်သီး အင်အားစုများသို့ စေလွှတ်ကာ သင်ကြား လေ့လာစေသည်။
မြေရိုင်းဒေသကား အလွန် ကျယ်ပြောသည်။ မိုးမြေကောင်းကင်မြို့မှ ကလန်များက အရှေ့ဘက်နယ်တွင် အကောင်းဆုံးဟု သတ်မှတ် နိုင်သော်လည်း တော်ဝင် ကျဲနန်းတော်ကဲ့သို့သော နေရာကသာ မြေရိုင်းဒေသ၏ထိပ်ဆုံးတွင် ရပ်တည်နိုင်သည်။
ထို့အတူ မြေရိုင်းကောင်းကင် အဆင့်အတွင်း ရပ်တည်နိုင်သော လူများကလည်း မြေရိုင်းဒေသကို အမှန်တကယ် လွှမ်းမိုးနိုင်သူများ ဖြစ်ကြသည်။ သမိုင်းတစ်လျှောက် မြေရိုင်းဒေသ အရှေ့ဘက်နယ်က လောင်ရီထျန်း တစ်ယောက်သာ ထိုအဆင့်ထဲကို ဝင်ရောက်ဖူးခဲ့သည်။ သိသာစွာပင် ထိုအဆင့်မှ လူများက အလွန်အမင်း အားကောင်းကြ၏။ ကိုယ်ပိုင် စွမ်းရည်အပြင် ထိုအဆင့်က တခြား တိုက်ခိုက်ရေး စွမ်းရည်၊ ပါရမီနှင့် အလားအလာတို့ကို အကဲဖြတ်သည်။
လတ်တလောတွင် မိုးမြေကောင်းကင်မြို့၌ အကြောင်းအရာ နှစ်ခုကို လူပြောအများဆုံး ဖြစ်သည်။ ပထမသတင်းက မြေရိုင်း ကောင်းကင် အဆင့်တွင် အဆင့်တစ်ဆယ် အတွင်းဝင်သော တိမ်ဖြူမြို့၏ သခင်လေးအား တစ်စုံတစ်ယောက်က စိန်ခေါ်ခဲ့သည်။ သူကား ထူးခြားသော ပါရမီနှင့် တိုက်ခိုက်ရေးစွမ်းအင် ရှိသော လူငယ်တစ်ယောက် ဖြစ်ဟန်ရသည်။ သူက ရှီအဆင့်ကို လတ်တလောကမှ ဝင်ရောက်ခဲ့သည်။
သို့သော် တိမ်ဖြူမြို့ သခင်လေးက မည်သို့ ရှုံးနိမ့်မည်နည်း။ သို့တိုင်အောင် ထိုသို့သော စိန်ခေါ်မှုက လူအများအတွက် စိတ်ဝင်စားဖွယ်ရာပင်။ လူအများအပြားက တိမ်ဖြူမြို့ သခင်လေးကို ထိုလူက စိန်ခေါ်ခြင်းမှာ ကျူးကော့မိသားစု၏ သမီးကြောင့်ဟု ဝေဖန် ပြောဆိုကြသည်။
ကျူးကော့မိသားစု၏ သမီးအကြောင်း ပြောရမည်ဆိုလျှင် သူမက ရှီအဆင့်ကို ဝင်ရောက်သွားပြီ ဖြစ်သည်။ ထို့အပြင် သူမထက်လှသော မိန်းကလေး တစ်ဦးကိုလည်း ညီမအဖြစ် မွေးစားခဲ့သည်။ သူမက ကောင်းကင် စိတ်ဝိညာဉ် မှော်ပညာရှင် ဖြစ်သည်။ သူမအား ထိပ်သီး အဖွဲ့အစည်းများမှ လူငယ်ပါရမီရှင်များ အပါအဝင် မရေမတွက်နိုင်သော လူများက စွဲမက်ကြသည်။ သို့သော်လည်း ထိုသတင်းများက မိုးမြေ ကောင်းကင်မြို့ကို ရောက်သောအခါ သိပ်မတိကျတော့ပေ။ မြေရိုင်းဒေသက ကြီးမားကျယ်ပြောကာ ကျူးကော့ကလန်ကလည်း မိုးမြေ ကောင်းကင်မြို့နှင့် အလွန်အမင်း ဝေးကွာပေသည်။ ထိုသတင်းက မိုးမြေကောင်းကင်မြို့ကို ရောက်ရှိလာခြင်းက ထိပ်သီးကလန်များ ပါဝင်ပတ်သက် နေသောကြောင့်သာ ဖြစ်သည်။
မှန်သည်… စိတ်ဝင်စားဖွယ် အကောင်းဆုံး သတင်းကား နောင်နှစ်တွင် တော်ဝင်ကျဲနန်းတော်က တံခါးဖွင့်မည် ဖြစ်သည်။ ဆိုလိုသည်က သူတို့က တပည့်အသစ်များ လက်ခံမည်။
တော်ဝင်ကျဲနန်းတော်ကား မြေရိုင်းဒေသ တစ်ခုလုံးတွင် အင်အားအကြီးဆုံး စွမ်းပကား အမြင့်ဆုံး နေရာဖြစ်သည်။ သူတို့က သုံးနှစ်မှ တစ်ကြိမ် တပည့် လက်ခံသည်။ စမ်းသပ် စစ်ဆေးမှုကိုကား လူအများက တော်ဝင်လမ်းအဖြစ် လူသိများသည်။
သူတို့က တပည့်အသစ် လက်ခံတိုင်း မြေရိုင်းဒေသ တစ်ခုလုံးက တုန်ခါရသည်။ တော်ဝင်လမ်းကိုးခုက မြေရိုင်းဒေသ တစ်ခုလုံးကို ဖြန့်ကြက် လက်ခံမည် ဖြစ်သည်။ နှစ်သစ်တွင် ကြီးမားသော ပွဲလမ်း သဘင်ကြီးကို သူတို့ မြင်တွေ့ရတော့မည်။
ကြယ်မင်းကျောင်း အပြင်ဘက်တွင် ကုဟန်ရှင်းနှင့် ကျောင်းအုပ်ချန်းတို့ စကားပြော နေကြသည်… “ကျောင်းအုပ်… ရီဖူရှင်းက တကယ်ပဲ သေသွားတာလား…”
“မင်းက ဘာလို့ မေးတာလဲ…” ကျောင်းအုပ်ချန်းက မေးသည်။ ရက်လများစွာ ကြာမြင့်ပြီး ဖြစ်သော်လည်း ကုဟန်ရှင်းက အဘယ်ကြောင့် ရီဖူရှင်းကို လာမေး နေရသည်ကို သူ နားမလည်။
“ခုတလော လူတွေက တော်ဝင်လမ်း အကြောင်းကို ပြောဆို ဆွေးနွေး နေကြတယ်… ကျောင်းက လူတွေကို ရီဖူရှင်း သေတယ်ဆိုပြီး လိမ်တာက သူ့ကို တော်ဝင် ကျဲနန်းတော်မှာ သွားပြီး လေ့ကျင့်ခိုင်းမလို့ များလားလို့ တွေးမိတယ်…” ကုဟန်ရှင်းက မေးသည်။
ရီဖူရှင်း သေသွားပြီး နောက်ပိုင်း သူ၏ သူငယ်ချင်းများလည်း ပျောက်ကွယ် သွားကြသည်။ ကျောင်းအုပ်ချန်းကို ဤကိစ္စအတွက် သံသယ ဝင်သည်မှာ မထူးဆန်းပေ။ ရီဖူရှင်းက ဤနေရာတွင် ဆက်နေပါက အန္တရာယ် ရှိနိုင်၍ သူက အဝေးကို ပို့လိုက်သည် ဖြစ်နိုင်၏။
“ဒါကြောင့် မင်းက စပြီး သံသယ ဝင်လာတာလား…” ကျောင်းအုပ်ချန်းက မေးသည်။
“ဒါက ပုဂ္ဂိုလ်ရေးကိစ္စပါ… ကျုပ်သမီးက ဒီရက်ပိုင်းတွေမှာ အရမ်း စိတ်ဓာတ်ကျနေတယ်… နတ်ဗိမာန် အိမ်တော်မှာ ရီဖူရှင်းကို အသက်စွန့် ကာကွယ် ပေးခဲ့ကတည်းက မိန်းကလေးက သူ့ကို သဘောကျတယ် ဆိုတာ ကျုပ် သိခဲ့ရတယ်… ရီဖူရှင်း သေသွားတဲ့သတင်းက သူမကို လူသေလို ဖြစ်သွားစေခဲ့တယ်… ဒါကြောင့် ကျောင်းအုပ်ကို လာမေးတာပါ…”
“တကယ်က သူ တော်ဝင်လမ်းကို သွားမှာကို ငါမလိုလားဘူး… သူက ထိပ်သီးကျောင်း သုံးကျောင်းကို ဆက်ခံတာ ငါမြင်ချင်တယ်…” ကျောင်းအုပ်ချန်းက အဝေးကို ငေးကြည့်နေသည်။ သူက မိမိကိုယ်ကို ရေရွတ်နေဟန် ရသည်… “ဒါပေမဲ့ တော်ဝင် ကျဲနန်းတော်လို နေရာ ရှိနေသရွေ့ ထိပ်သီးကျောင်း သုံးကျောင်းက ခေတ္တခဏ ရပ်နားတဲ့နေရာပဲ ဖြစ်မယ်ဆိုတာ ငါသိတယ်… တော်ဝင်လမ်း ဖွင့်တာနဲ့ တပည့်တွေက သွားပြီးတော့ ကြိုးစားကြမှာပဲ… ငါက သူတို့ကို တားလို့ မရဘူး… ဒါက ထိပ်သီးကျောင်း သုံးကျောင်းအတွက် ကပ်ဆိုးတစ်ခုပဲ… ဒါကိုပဲ ငါက ပြောင်းလဲဖို့ အမြဲတမ်း ကြိုးစားနေခဲ့တာ…”
ကုဟန်ရှင်း နားလည်သည်။ တော်ဝင် ကျဲနန်းတော် ကဲ့သို့သော နေရာ ရှိနေသရွေ့ ထူးချွန် ထက်မြက်သူများက ထိပ်သီးကျောင်း သုံးကျောင်းမှ ထွက်ခွာကာ တော်ဝင်လမ်းကို စမ်းသပ်ခံကြမည် ဖြစ်သည်။ ထိပ်သီးကျောင်း သုံးကျောင်းက ထိုတပည့်များကို တားဆီး၍ မရပေ။ တော်ဝင် ကျဲနန်းတော်ကား ပိုမိုကောင်းမွန်သော နေရာဖြစ်သည်။ သူတို့က ထိုတပည့်များကို ထောက်ပံ့ရန် လိုအပ်သည်။
အကယ်၍ သူတို့က ထိုတပည့်များကို ထောက်ခံခဲ့ပါက သူတို့က တော်ဝင် ကျဲနန်းတော်ကို ဝင်ရောက် သွားသည့်တိုင် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်း နိုင်သေးသည်။ မည်သို့ဆိုစေ သူတို့က ထိပ်သီးကျောင်း သုံးကျောင်းမှ လာခဲ့သည်။ တော်ဝင် ကျဲနန်းတော်မှ တပည့်ကို သူတို့က ရန်သူ လုပ်နိုင်ပါမည်လော…။ သူတို့က တော်ဝင် ကျဲနန်းတော်မှ တပည့်ကို သတ်၍ ရနိုင်ပါမည်လော…။
ထိပ်သီးကျောင်း သုံးကျောင်းမှ ရှီတန်ခိုးရှင်များက သူတို့၏ ဂျူနီယာလေးများကို ပိုမို အောင်မြင်စေလို ကြသော်လည်း ဤနည်းလမ်းက အမှန်ပင် ဝမ်းနည်းဖွယ်ရာ ဖြစ်သည်။
ကျောင်းအုပ်ချန်းက ဤရိုးရာကို ပြောင်းလဲလိုသည်။ ထို့ကြောင့် သူက ရီဖူရှင်းကို သားတော်ဘွဲ့ အပ်နှင်း၏။ သူက ရှန့်ထို တန်ခိုးရှင် ဖန်တီးလိုသည်။
“ကျုပ် နားလည်ပြီ… ကျေးဇူးတင်ပါတယ်… ကျောင်းအုပ်…” ကုဟန်ရှင်းက ပြုံးကာ နှုတ်ဆက်သည်။ ကျောင်းအုပ်ရှင်းက သေသေချာချာ ရှင်းလင်းအောင် မပြောသော်လည်း သူက အဖြေကို သိရပြီးဖြစ်သည်။
ကျောင်းအုပ်ချန်းက ထိုနေရာတွင်ပင် ရပ်ကာ ကြီးကျယ် ခမ်းနားလှသော ကြယ်မင်းကျောင်းကို ကြည့်နေသည်။ သူ၏မျက်လုံးများက အနည်းငယ် ရီဝေနေသည်ဟု ထင်ရ၏။ နောက်တစ်နှစ် နှစ်သစ်တွင် ကျောင်းမှ ပါရမီရှင် တစ်အုပ်စုက တော်ဝင်လမ်းကို သွားရောက် စိန်ခေါ်ကြတော့မည် ဖြစ်သည်။
ကျင်းကလန်တွင် ကျင်းချန်းဖုန်းက ခန်းမကြီး တစ်ခုထဲတွင် ရပ်နေသည်။ သူ၏ရှေ့တွင်ကား လူငယ်တစ်စု…။ သူတို့အားလုံးက ကျင်းကလန်၏အတော်ဆုံး လူငယ်များ ဖြစ်ကြသည်။
“ဒီနှစ်မှာ ငါတို့က ကြီးမားတဲ့ အရှက်ခွဲမှုကို ခံရတယ်… ဒီကာလမှာ ငါက အတော်ဆုံး လူငယ်တွေကို တခြား နေရာတွေမှာ လေ့ကျင့်ဖို့ စေလွှတ်ပေးခဲ့တယ်… အခု မင်းတို့ကို ပြန်ခေါ်တာ ဘာလို့လဲ သိလား…” ကျင်းချန်းဖုန်းက မေးသည်။
“တော်ဝင်လမ်း အတွက်…” ကျင်းယွန်လင်၏ မျက်လုံးများက ထက်ရှနေသည်။ သူက နိုဘယ်အဆင့်ကို ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။ ယခု စုဆောင်းထားသော လူများ အားလုံးက အဆင့်နိမ့် နိုဘယ်များ ဖြစ်ကြသည်။
“မှန်တယ်… တော်ဝင်လမ်း အတွက်ပဲ…” ကျင်းချန်းဖုန်းက လေးနက်စွာ ဆက်ပြောသည်… “တော်ဝင်လမ်းက သုံးနှစ်တစ်ခါ ဖွင့်တယ်… အဆင့်နိမ့် နိုဘယ်တွေကပဲ အောင်မြင်ဖို့ အခွင့်အလမ်း များတယ်… မင်းတို့ အဆင့်က အသင့်တော်ဆုံးပဲ…”
အကာနာအဆင့်မှ လူများက အောင်မြင်ရန် အခွင့်အရေး သိပ်မရှိပေ။
တော်ဝင် ကျဲနန်းတော်က အဆင့်နိမ့်နိုဘယ်မှ စတင်၍ တပည့်များကို လက်ခံသည်ဟုပင် ပြောနိုင်သည်။ သူတို့က အတော်ဆုံး အကောင်းဆုံးများကို ရွေးချယ်ခြင်း ဖြစ်ရာ ရွေးချယ်ခံရသူက အောက်ခြေ မခိုင်မည်ကို စိတ်ပူနေစရာ မလို။ မှန်သည်… တော်ဝင် ကျဲနန်းတော်ကသာ ထိုသို့သော ရွေးပိုင်ခွင့် ရှိသည်။
“တော်ဝင် ကျဲနန်းတော်က ဆရာတွေ အကုန်လုံးက ရှီတန်ခိုးရှင်တွေပဲ… ပြီးတော့ မရေမတွက်နိုင်တဲ့ နိုဘယ်တန်ခိုးရှင်တွေ ရှိကြတယ်… အတော်ဆုံး အကောင်းဆုံး လူငယ်မျိုးဆက်တွေ အားလုံးက တော်ဝင် ပညာရပ်ကို သင်ယူကြရတယ်… အခု ကျင်းကလန်က ကြယ်မင်းကျောင်းရဲ့ အရှက်ခွဲမှုကို ခံရတယ်… မင်းတို့ထဲက တစ်ယောက်က တော်ဝင် ကျဲနန်းတော်ကို ဝင်ခွင့်ရမယ်လို့ ငါမျှော်လင့်တယ်… နောက်နှစ် တော်ဝင်လမ်းအတွက် ကောင်းကောင်း ပြင်ဆင်ကြ…”
“ဟုတ်ကဲ့…” အားလုံးက သံပြိုင်ပြောသည်။ သူတို့အားလုံးက မိုးမြေ ကောင်းကင်မြို့မှ ထိပ်သီးကလန်၏ မျိုးဆက်များ ဖြစ်ကြသော်လည်း မြေရိုင်းဒေသ တစ်ခုလုံးနှင့်ယှဉ်လျင် ဘာမှ မဟုတ်ပေ။ သူတို့တွင် ထူးထူးခြားခြား အခွင့်အရေးမရှိဘဲ တခြားလူများလိုပင် တော်ဝင်လမ်းကို ဝင်ရောက် စစ်ဆေးခံရမည် ဖြစ်သည်။
အနောက်ဘက် တရားရေးရာ စံအိမ်တွင် လောင်မူက တစ်ခုခုကို တွေးနေဟန် ရသည်။ ကျောင်းတွင် လေ့ကျင့်နေမည့်အစား သူက စံအိမ်ကို ရောက်လာသည်။
“လင်းအာ အခြေအနေ မတိုးတက်လာ သေးဘူးလား…” သူက အစေခံ မိန်းကလေးကို မေးသည်။
“သခင်မလေးက အရင်တုန်းက အတိုင်းပါပဲ… မကြာ မကြာ ဒေါသထွက်တတ် လာတယ်…” အစေခံ မိန်းကလေးက ပြောသည်။ ရီဖူရှင်း မရောက်လာမီက သခင်မလေးက စိတ်အပြောင်းအလဲ မြန်ကာ ဒေါသထွက် လွယ်သည်။ ရီဖူရှင်းက သူမအား ပြောင်းလဲ စေခဲ့သော်လည်း ယခု အရင်လို ပြန်ဖြစ်သွားသည်။
“မူအာ… အဲဒီမိန်းကလေးကို ဂရုမစိုက်နဲ့…” လှပသော မိန်းမတစ်ဦး လျှောက်လာသည်။ သူမကား သခင်မလောင် ဖြစ်သည်။
“အဒေါ်…” လောင်မူက သူမအား နှုတ်ဆက်သည်။
“မင်းက နောက်သုံးနှစ် ကြာတဲ့အခါ တော်ဝင်လမ်းကို ကြိုးစားမယ်လို့ ငါ ကြားထားတယ်…” သခင်မလောင်က မေးသည်။
“ဟုတ်ကဲ့…” လောင်မူက ခေါင်းညိတ်သည်။ သည်တစ်ခေါက်တွင် သူ့အတွက် မျှော်လင့်ချက် မရှိသည်ကို သူသိသည်။ သို့သော် နောက်သုံးနှစ် ကြာသောအခါ သူ၏တန်ခိုးအဆင့်် ပိုမြင့်လာပြီး အခွင့်အရေးလည်း ပိုရလာမည် ဖြစ်သည်။
“တော်ဝင်လမ်းက အန္တရာယ်များတယ်… မင်းအတွက် အခွင့်အရေး ရှိတယ် ဆိုပေမဲ့ ဒါက မြေရိုင်းဒေသမှာ အန္တရာယ် အကြီးဆုံး စမ်းသပ်မှုပဲ… လူအများအပြား သေကျေရတယ်… တော်ဝင်လမ်းပေါ်က လူတွေ အကုန်လုံးက လူငယ်မျိုးဆက်ကပဲ… ဒါကြောင့် စည်းမျဉ်းမရှိဘူး… စီနီယာတွေ မရှိဘူး… လူသတ်တာက နေရာတိုင်းမှာ ရှိတယ်… မင်းရဲ့ အဆင့်နဲ့ သွားရင် အရမ်း အန္တရယ် များလိမ့်မယ်…”
“ကျွန်တော် သတိထားပါ့မယ်… အဒေါ်…” လောင်မူက ပြောသည်… “ပြီးတော့ ကျွန်တော်က တော်ဝင် ကျဲနန်းတော်ကို အခု ဝင်သေးမှာမှ မဟုတ်တာ… စမ်းကြည့်တာလောက်က ဒီလောက် အန္တရာယ် မများလောက်ပါဘူး…”
“မင်းက ဆုံးဖြတ်ပြီးမှတော့ ငါက မပြောတော့ပါဘူး… ကောင်းကောင်း လေ့ကျင့်…” သခင်မလောင်က ခေါင်းညိတ်သည်။ တော်ဝင်လမ်းကို စမ်းသပ် ကြည့်လိုသည်ကား ယနေ့ခေတ် လူငယ်များ အားလုံး၏ အိပ်မက် ဖြစ်ရပေမည်။
***
စာစဉ်(၃၄)ပြီးပါပြီ
ဆက်ပါဦးမည်။
***