Switch Mode

အပိုင်း (​၅၀၄)

သေဆုံးခြင်းသတင်း

ရှီတန်ခိုးရှင်က ရီဖူရှင်းအား တိုက်ခိုက်ခဲ့ကာ သူ၏ တန်ခိုး အစွမ်းအား ဖျက်ဆီးခဲ့သည်။ သူက မည်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။ သို့သော် ယန်တိုင်နှင့် ကုန်းခွေတို့ကလည်း ရီဖူရှင်း၏ လှည့်စားခြင်းကို ခံခဲ့ကြရဟန် ရသည်။

“ကျောင်းအုပ် … ကျင်းယွန်ရှောင်းကို သတင်းပေးတဲ့လူတွေကို စုံစမ်းလို့ ရပါလား…” ရီဖူရှင်းက မေးသည်။ ဤအဖြစ်အပျက်များ၏ နောက်တွင် တစ်စုံတစ်ယောက် ရှိသည်ကို သူတို့အားလုံး သိကြသည်။ ထိုလူများက သူရိယနေမင်း ကျောင်းနှင့်လည်း ဆက်စပ်နေရမည်။ မဟုတ်လျှင် သူတို့က ကြယ်မင်းကျောင်းကို ရောက်လာကာ သူ့အား ဖမ်းဆီးမည် မဟုတ်ပေ။

“ဝမ်ယွီချန်းကို ပြောခဲ့တဲ့လူက ကြယ်မင်းကျောင်းသား တစ်ယောက်ပဲ … သူက အရိပ်အမြွက် ညွှန်ပြရုံပဲရှိပြီး ငါတို့က ရင်းမြစ်ကို ရှာမတွေ့ဘူး…” ကျောင်းအုပ်က ပြောသည်… “ဒါပေမဲ့ သူတို့က သူရိယ နေမင်းကျောင်းက အဓိက ကလန်တွေ ဖြစ်ရမယ်…”

“ကလန်တွေ…” ရီဖူရှင်း၏ မျက်လုံးများက အရောင်လက် သွားသည်။

“ဟုတ်တယ်…” ကျောင်းအုပ်ချန်းက ခေါင်းညိတ်သည်… “ထိပ်သီးကျောင်း သုံးကျောင်းက ပြိုင်ဆိုင်မှု ပြင်းထန်တယ် ဆိုပေမဲ့ ယန်တိုင်ကတော့ မင်းကို ရက်ရက်စက်စက် လုပ်မှာ မဟုတ်ဘူး… သူက စစ်ဖြစ်ချင်မှာ မဟုတ်ဘူး… ဒါက သူရိယ နေမင်းကျောင်း အတွက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှုပဲ… ကြယ်မင်းကျောင်းလိုပဲ သူတို့မှာ အဓိက ကလန်နှစ်ခုရှိတယ်… သူတို့က ချန်းကလန်နဲ့ လျူကလန်တို့ပဲ… တကယ်လို့ မိုးမြေကောင်းကင်မြို့က စစ်ဖြစ်ပြီး ကစဉ့်ကလျားဖြစ်ရင် ဘယ်သူတွေက အကျိုးအမြတ် အများဆုံး ရမယ်လို့ မင်းထင်လဲ…”

“ကလန်တွေ…” ရီဖူရှင်းက ပြောသည်။

“ဟုတ်တယ်… ကလန်တွေ အကုန်လုံးက ကျောင်းတွေမှာ သူတို့ရဲ့လွှမ်းမိုးမှု အားကောင်းအောင် လုပ်ချင်ကြတယ်… ထိပ်သီးကျောင်း သုံးကျောင်းက မြေရိုင်းဒေသ အရှေ့ဘက်နယ်မှာ အင်အား အကြီးဆုံးပဲ… သူတို့က ထိပ်သီးကျောင်း သုံးကျောင်းကို ထိန်းချုပ်ချင်ကြတယ်…”

“စစ်ဖြစ်တာနဲ့ ကျောင်းတွေက အဓိက အထိနာတာပဲ… ကျောင်းကလူတွေ တိုက်ခိုက်တဲ့အခါ ကလန်ကလူတွေက နောက်မှာပဲ ရှိနေကြလိမ့်မယ်… ကျောင်းတွေက အားနည်းသွားတဲ့အခါ ကလန်တွေက ကျောင်းတွေမှာ နေရာပိုယူလာပြီး ပိုပြီး လွှမ်းမိုး နိုင်လာကြလိမ့်မယ်…”

ကျောင်းအုပ်ချန်းက ဆက်ပြောသည်… “အဲဒီနေ့က သူရိယနေမင်းကျောင်းက မင်းကို လာဖမ်းတယ် ဆိုမှတော့ သူတို့က သူရိယနေမင်း ကျောင်းကပဲ ဖြစ်ရမယ်… ယန်တိုင်က မင်းဆီမှာရှိတဲ့ တော်ဝင်ပညာကို ယူချင်တယ် ဆိုပေမဲ့ သူက အသုံးချခံခဲ့ရတာပဲ… ဒါပေမဲ့ သူကလည်း ဒါကို ခန့်မှန်းမိလိမ့်မယ်.. ဒါပေမဲ့ သူက တော်ဝင်ပညာကို လိုချင်လို့ လုပ်ခဲ့တယ်… အခု သူ ရခဲ့တယ်… ဟုတ်တယ်မလား…”

ရီဖူရှင်းက ခေါင်းညိတ်သည်။ နောက်ကွယ်မှ ကြိုးကိုင်သူကို သိရန် ဖြစ်စဉ် တစ်ခုလုံးမှ မည်သူက အကျိုး အများဆုံး ရမည်ကို စဉ်းစားရန် လိုသည်။ ကျောင်းအုပ်ချန်း ပြောသည်မှာ ဖြစ်နိုင်ပေသည်။

“ချန်းကလန် ခေါင်းဆောင်က ရည်မှန်းချက် ကြီးတယ်… လျူကလန် ခေါင်းဆောင်က ပိုပြီး တည်ငြိမ်တယ်… ချန်းကလန်က လုပ်တာ ပိုပြီး ဖြစ်နိင်တယ်…” ကျောင်းအုပ်ချန်း၏ အမူအရာက အေးစက်သွားသည်။ ရီဖူရှင်းကလည်း သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံကို ပြန်တွေးမိသည်။ ချန်းဝမ်နှင့် လောင်မူတို့ကလည်း နဝမဘုံကို ရောက်ခဲ့ကာ သူတို့ နှစ်ယောက်လုံးအား သူက ရိုက်နှက်ခဲ့၏။ ချန်းဝမ်က သူ့အား မုန်းတီးနေမည်မှာ သေချာသည်။

“ကျောင်းအုပ်… အခု ကျွန်တော် နေကောင်းသွားပြီ ဆိုမှတော့ အလိုက်သင့် ဆက်လှုပ်ရှား ကြတာပေါ့… သူတို့ ထောင်ချောက်ထဲ မကျစေနဲ့… ကျွန်တော်တို့က ဒီအကြွေးကို နောက်မှ တောင်းကြမယ်…” ရီဖူရှင်းက တိုက်တွန်းသည်။ သူက ထိုလူများကို ပြန်လည် လက်စားချေလိုသည့်တိုင် အချိန်တစ်ခု စောင့်ရန် လိုသေးသည်။

ကျောင်းအုပ်ချန်းက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “ဒါပေမဲ့ ငါတို့ရဲ့ ဆက်ဆံရေးက အဆိုးဝါးဆုံးကို ရောက်နေပြီးပြီ… မင်းက နေကောင်းသွားပြီး သူတို့ အစီအစဉ် မအောင်မြင်ခဲ့ဘူး ဆိုရင်တောင် သူတို့က ထပ်ကြိုးစားဦးမှာပဲ…”

“ကျွန်တော် သေတဲ့ သတင်းကို ကျောင်းအုပ်က ထုတ်ပြန်လိုက်လို့ ရတယ်…”

ကျောင်းအုပ်ချန်းက သူ့ကို အံ့အားသင့်စွာ ကြည့်သည်… “မင်း ထွက်သွားတော့ မလို့လား…”

“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ကျွန်တော်က နိုဘယ်အဆင့်ကို ရောက်ရင် မိုးမြေ ကောင်းကင်မြို့ အပြင်ကို သွားပြီး စိန်ခေါ်မှု အသစ်တွေ ရှာဖွေချင်ခဲ့တယ်… ဒါပေမဲ့ အခြေအနေက ဒီလို ဖြစ်လာတယ်… ကျွန်တော့်မှာ ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံ ရှိပြီးတော့ ကိုယ့်ကိုယ်ကိုယ် အထိုက်အလျောက် ကာကွယ်နိုင်ပြီ… ကျောင်းအုပ်က ကျွန်တော့်ကို ဒီမှာ ကာကွယ် ပေးထားနိုင်တယ် ဆိုပေမဲ့ အချုပ်အနှောင် အကန့်အသတ်တွေ အရမ်းများတယ်… ဒါက တန်ခိုးကျင့်ဖို့အတွက် မသင့်တော်ဘူး…”

“အတွေ့အကြုံ အသစ်အဆန်း ရှာတာက တကယ်ပဲ ကောင်းမွန်တယ် … ငါက မင်းအတွက် စီစဉ်ပေးမလို့ပဲ… ဒါပေမဲ့ ဒီလိုပုံစံမျိုး ဖြစ်လာမယ်လို့တော့ မထင်ထားဘူး…” ကျောင်းအုပ်ချန်းက ပြောသည်… “မင်း သေတဲ့ သတင်းကို ကြေညာဖို့ တကယ် သေချာပြီလား…”

“ကျွန်တော်က ကောင်းကင် အလင်းကို ဖျက်ဆီးချင်တယ်… ယန်တိုင်နဲ့ ကုန်းခွေတို့က ကျွန်တော့်ကို သံသယဖြစ်မှာပဲ… သေသွားတယ်လို့ ကြေညာတာက အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ… ဒါပေမဲ့ ရက်နည်းနည်းတော့ လိုသေးတယ်… ကျွန်တော်က သူတို့ရဲ့ ကျင့်စဉ်တွေကို သေချာ လေ့လာချင် သေးတယ်…”

“ကောင်းပြီ…” ကျောင်းအုပ်ချန်းက ပြောသည်… “မင်းက ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ ဒီလို လုပ်ကြတာပေါ့… ”

***

ရက်များ လများ ကုန်ဆုံးသွားသည်။ တဖြည်းဖြည်းဖြင့် ရီဖူရှင်း၏ အကြောင်းကို ပြောသူပင် သိပ်မရှိတော့။ တစ်နေ့တွင် သူရိယ နေမင်းကျောင်း၏ နန်းတော် တစ်ခုထဲတွင် ကျောင်းအုပ် ယန်တိုင်က တန်ခိုးကျင့်နေသည်။ သူက ကောင်းကင်အလင်းကို ထုတ်လွှတ်ကာ ဉာဏ်အလင်းရရန် ကြိုးစားနေသည်။ နေမင်းရောင်ခြည်က ထွန်းလင်း တောက်ပနေသည်။ ထိုအရာက တော်ဝင် ပညာရပ်လည်း ဖြစ်၏။ သို့သော်လည်း ကောင်းကင်အလင်းက မြန်ဆန်စွာပင် မှေးမှိန် သွားသည်။

ယန်တိုင်၏ မျက်လုံးက ရုတ်တရက် ပွင့်လာသည်။ ကောင်းကင်အား မော့ကြည့်သည်တွင် ရှန့်ထိုတန်ခိုးရှင်၏ပုံရိပ်က ဝေဝါး ပျောက်ကွယ် သွားသည်ကို သူမြင်ရသည်။

“ဘာဖြစ်တာလဲ…” ယန်တိုင်၏ အမူအရာက ပြောင်းလဲသွားသည်။ သူ၏ စိတ်စွမ်းအားက ထိုနေရာ တစ်ခုလုံးကို ဖုံးလွှမ်း သွားသော်လည်း ထူးခြားသော အရာတစ်ခုမှ သူမတွေ့ပေ။ သို့သော်လည်း ကောင်းကင်အလင်းကား ဤသို့နည်းဖြင့် လုံးဝ ပျောက်ကွယ် သွားသည်။

သူ၏အမူအရာက အေးစက်သွားသည်။ ရီဖူရှင်းက ကောင်းကင် အလင်းကို ပေးအပ်သော အချိန်တွင် တစ်ခုခု လုပ်ခဲ့သည်လား…။ အကယ်၍ ထိုအချက်သာ မှန်ကန်ပါက အဘယ်ကြောင့် သူတို့အား အချိန်ကြာမြင့်စွာ လေ့လာ ဆင်ခြင်၍ ရအောင် ပေးထားခဲ့သနည်း။ ထိုအရာက အဓိပ္ပာယ်မရှိပေ။

စန္ဒာငွေလမင်း ကျောင်းတွင်လည်း တူညီသော ဖြစ်ရပ်များ ဖြစ်သွားခဲ့သည်။ ကုန်းခွေကား ဒေါသ ပေါက်ကွဲတော့သည်။ သူက နက်ရှိုင်းစွာ နားလည်တော့မည်ဟု ထင်ရသော အချိန်တွင်ပင် ရုတ်တရက် ကောင်းကင်အလင်းက ပျောက်ကွယ် သွားခဲ့သည်။ သူကလည်း ယန်တိုင်လိုပင် ရီဖူရှင်းကို သံသယဝင်သည်။ သို့သော် ထိုအရာက သဘာဝ မကျပေ။

ကောင်းကင် အလင်းများ ပျောက်ကွယ်သွားပြီး နောက်တွင် ကြယ်မင်းကျောင်းမှ ကျောင်းအုပ်ချန်းက ရီဖူရှင်း သေဆုံးသွားပြီ ဖြစ်ကြောင်း ကြေညာသည်။ တစ်ကျောင်းလုံး ပွက်ပွက်ဆူ သွားသည်။

မျိုးဆက် တစ်ခုလုံးကို အနိုင်ယူခဲ့သော ဂုဏ်သရေဆောင် ပါရမီရှင်ကား အမှန်ပင် သေဆုံးသွားခဲ့သည်။

သည်ရက်ပိုင်း သားတော်၏ နန်းဆောင်ကို မည်သူမှ မဝင်ရပေ။ လူအများက သားတော်၏ အခြေအနေကို စိတ်ဝင်စားကြ သော်လည်း အချိန် ကြာလာသည်နှင့်အမျှ လူများက မေ့ပျောက် သွားကြသည်။ လူအနည်းငယ်ကသာ တစ်ခါတစ်ရံ ပြောဖြစ်ခဲ့ကြသည်။ သို့သော် ရီဖူရှင်းက ဤသို့ သေဆုံးသွားမည်ဟု မည်သူမှ မထင်ခဲ့ကြ။

ကုယွန်ချီကား ကြယ်မင်းကျောင်းတွင် လမ်းလျှောက်နေသည်။ သူမက ထိုသတင်းကို ကြားသောအခါ ချက်ချင်း သွေးဆုတ် သွားသည်။ သူမ၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး မြေပေါ်ကို ပြိုလဲကျလုနီးပါး ဖြစ်သွားသည်။

“ယွန်ချီ…” သူမ၏သူငယ်ချင်းက ကုယွန်ချီအား တွဲပေးကာ ကြည့်သည်။

သူမ၏ ပါးပြင်ကို မျက်ရည်များ စီးကျလာကာ ကုယွန်ချီက တီးတိုးပြောသည်… “မဖြစ်နိုင်ဘူး… ငါမယုံဘူး…”

“ယွန်ချီ… ကျောင်းအုပ်က ကိုယ်တိုင် ကြေညာခဲ့တာ…” ထိုမိန်းကလေးက ပြောသည်။ သူမက ကုယွန်ချီ၏ မိတ်ဆွေကောင်း တစ်ယောက် ဖြစ်ရာ သူမ၏ ခံစားချက်ကို သိနားလည်သည်။ ကုကလန်၏မင်းသမီးလေးက ရီဖူရှင်းအား အမြဲတမ်း လေးစား ချစ်ခင်ခဲ့သည်။

ကုယွန်ချီက သူမ၏နှုတ်ခမ်းအား ကိုက်လိုက်သည်။ ရီဖူရှင်းအား ပထမဆုံး တွေ့စဉ်တုန်းက အချိန်ကို ပြန်စဉ်းစားမိသည်။ ထို့နောက် သူမက အနောက်ဘက် တရားရေးရာ စံအိမ်တွင် ရီဖူရှင်းနှင့် ထပ်တွေ့သည်။ သူကား ငယ်ရွယ်ကာ ချောမောသည်။ သူမက ထိုစဉ်မှစ၍ သူ့အား စိတ်ဝင်စားခဲ့၏။

မှန်သည် … ရီဖူရှင်းတွင် ချစ်သူရှိမှန်းကို သူမ သိသည်။ ထို့ကြောင့် သူမက ရီဖူရှင်းထံမှ ဘာမှ မမျှော်လင့်ခဲ့။ ရီဖူရှင်း၏ အောင်မြင်မှုများကို တွေ့မြင်နေရရုံဖြင့် သူမက အမြဲတမ်း ကျေနပ် နှစ်သက်ခဲ့သည်။ သို့သော် ယခု သူမရှိတော့…။

“ယွန်ချီ… သိပ်လည်း ဝမ်းမနည်းပါနဲ့…” သူမ၏သူငယ်ချင်းက ပြောသည်။

“ငါသွားကြည့်ချင်တယ်…” ကုယွန်ချီက ရုတ်တရက် သားတော်၏ နန်းဆောင်ဘက်ကို ပြေးသွားသည်။

“ယွန်ချီ…” သူမ၏ သူငယ်ချင်းကလည်း ကုယွန်ချီနောက်ကို လိုက်ပါသွား၏။

ကြယ်မင်းကျောင်းတွင် ဝမ်ယွီရိုကလည်း သတင်းကို လက်ခံရရှိသည်။ သူမက ခေါင်းငုံ့ကာ အလွန်အမင်း ဝမ်းနည်းမှုကို ခံစားရသည်။

လောင်မူကလည်း ထိုသတင်းကို ကြားသည်တွင် အတန်ကြာ မတ်တတ်ရပ်ကာ အေးစက်နေခဲ့သည်။ ရီဖူရှင်းက မည်သို့ သေရသနည်း။

ကြယ်မင်းကျောင်းမှ လူများ အားလုံးတွင် အတွေးကိုယ်စီ ရှိနေကြသည်။ လောင်ရီထျန်းအား ကျော်ဖြတ်နိုင်မည့် ပါရမီရှင် တစ်ယောက်က ယခု လမ်းခုလတ်တွင် သေဆုံးခဲ့ရသည်။ သူ့အား ရှီတန်ခိုးရှင် တစ်ယောက်က တိုက်ခိုက်ခဲ့၏။

ထိုအချိန်တွင် လူတစ်ယောက် ကောင်းကင်ပေါ်ကို ပျံတက်သွားသည်။

“ကျောင်းအုပ်ချန်းပဲ… သူက ဘယ်ကို သွားနေတာလဲ…” လူအများအပြားက လှမ်းကြည့်ကြသည်။ ကျောင်းအုပ်ချန်းက ဒေါသတကြီး ထွက်သွားသည်။

ခဏအတွင်းတွင် သူက သူရိယနေမင်းကျောင်း၏ အဆောက်အဦပေါ်ကို ကျဆင်းလာကာ ယန်တိုင်နှင့် ကြောက်မက်ဖွယ် ကောင်းအောင် တိုက်ခိုက်ကြသည်။ ကောင်းကင်နှင့် မြေပြင်က အက်ကွဲရ၏။ အသစ်တစ်ဖန် ပြန်လည် တည်ဆောက်ထားသော သူရိယနေမင်း ကျောင်းကြီးကား ယခု ပြန်လည်၍​ အပျက်အစီးပုံကြီး ဖြစ်သွားရ ပြန်သည်။

ထိုတိုက်ပွဲက ထိတ်လန့်ဖွယ် ကောင်းသည်။ ကျောင်းအုပ် နှစ်ယောက်လုံး ဒဏ်ရာ ရသွားသောအခါတွင်မှ ကျောင်းအုပ်ချန်းက ဒေါသတကြီး သူ၏ကျောင်းကို ပြန်သွားခဲ့သည်။

ယန်တိုင်​၏ ဒေါသကိုမူကား ပြောဖွယ်ရာ မရှိတော့။ သို့သော် သူက ကျောင်းအုပ်ချန်း၏ ဒေါသကိုလည်း ခံစားမိသည်။ အကယ်၍ သူက ကြယ်မင်းကျောင်းကို သွားခဲ့ပါက အကျိုးဆက်က မတွေးရဲစရာ ဖြစ်သည်ဟု စဉ်းစားကာ ထိုအကောင်အား ဒေါသပေါက်ကွဲခွင့် ပေးလိုက် ရတော့သည်။

ထိုသတင်းက တစ်မြို့လုံးကို မြန်ဆန်စွာ ပျံ့နှံ့သွားကာ အားလုံးက ထိတ်လန့် ကြရသည်။

အနောက်ဘက် တရားရေးရာ စံအိမ်တွင် လောင်လင်းအာက အဆက်မပြတ် ငိုကြွေးသည်။ သူမ၏အမေထံကို ပြေးသွားကာ ကြယ်မင်းကျောင်းကို သွားရောက်ရန် ပူဆာသည်။ သူမကလည်း မယုံကြည်ပေ။

သခင်မလောင်က လောင်လင်းအာကို ခေါ်ကာ ကြယ်မင်းကျောင်းကို သွားရောက်ခဲ့သည်။ သူမကလည်း သိပ်မယုံချင်ပေ။

သည်အတောအတွင်း ကျောင်းအုပ်ချန်းကသာ သားတော်၏ နန်းဆောင်ထဲကို ဝင်ရောက်ခဲ့သည်။ ရီဖူရှင်း၏ အခြေအနေကို သူ တစ်ယောက်တည်းသာ သိသည်။ သူက ရီဖူရှင်းအား ကာကွယ်ရန် တခြားလူများ အားလုံးကို အရူးလုပ်ရန် ကြိုးစားနေသည်လော…။

သခင်မလောင် ရောက်သွားသောအခါ ကျောင်းအုပ်ချန်းက ရီဖူရှင်းကို မီးသင်္ဂြိုဟ်ပြီး ဖြစ်သည်။ သူက ပြာမှုန့်များကို ရီဖူရှင်း၏ သူငယ်ချင်းများကို ပေးအပ်ခဲ့သည်။ လူအများအပြားလည်း သက်သေရှိသည်။

သူရိယ နေမင်းကျောင်းနှင့် စန္ဒာငွေလမင်းကျောင်းတို့ ကလည်း သူတို့၏လူများကို ကြယ်မင်းကျောင်းသို့ စေလွှတ်ခဲ့သည်။ သူတို့ကလည်း သံသယဝင်ကြသည်။ အထူးသဖြင့် ယန်တိုင်နှင့် ကုန်းခွေတို့ ဖြစ်ကြ၏။ ကောင်းကင်အလင်းက ရီဖူရှင်း သေသည်နှင့် အဘယ်ကြောင့် ပျောက်ကွယ် သွားရသနည်း။ ရှန့်ထိုတန်ခိုးရှင်က ကောင်းကင်အလင်းကို ရီဖူရှင်း၏ အသက်ဖြင့် ပေါင်းစပ်ခဲ့သလော။ ထို့ကြောင့် ရီဖူရှင်း သေသောအခါ ကောင်းကင် အလင်းများက ပျောက်ကွယ် သွားရသည်။ ထိုသို့ မဟုတ်လျှင် တခြား ရှင်းပြချက်များလည်း မရှိတော့။ သူတို့က ထိုအချက်ကိုသာ ယုံကြည် ရပေတော့မည်။

လူအများအပြားက သက်ပြင်းချကြသည်။ မြေရိုင်းဒေသ အရှေ့ဘက်နယ်တွင် အကာနာအဆင့် တန်ခိုးရှင် တစ်ယောက်၏သေဆုံးခြင်းက တစ်ခါမှ ဤသို့ ကြီးမားသော လှုပ်ခတ်မှုကို မဖြစ်ပွားစေခဲ့ဖူးပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset