အပိုင်း(၅၀၃)

ခိုးသင်ခြင်း

ရှေးဟောင်း သစ်ပင်ကြီးက အစိမ်းရောင် တော်ဝင်အလင်းများ တောက်ပ လင်းလက်စွာဖြင့် လှုပ်ယမ်းနေသည်။ သစ်ပင်ဖုံးအုပ်ထားခြင်း ခံရသော ရီဖူရှင်း၏ခန္ဓာကိုယ်က ကျောက်စိမ်းအလား ထင်မှတ်ရ၏။ ထို့နောက် သစ်ပင်၏ အသက်ဓာတ်များက စတင်၍ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို စီးဆင်းလာကာ သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာ ဒဏ်ချက်များကို စတင်၍ ကုစားသည်။

ရီဖူရှင်းက မျက်လုံး မှိတ်လိုက်ကာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ဖြစ်ပျက်နေသမျှအား ခံစား သိမြင်သည်။ သူ၏ ကလီစာများက ကြေပျက်နေသည်။ သွေးကြောများ ပြတ်တောက်ကာ အရိုးများ ကွဲကြေနေသည်။ သူကား လုံးဝ မသန်မစွမ်း တစ်ယောက် ဖြစ်နေလေပြီ။ သူ၏ရန်သူက သူ့အား သူရိယနေမင်း ကျောင်းတွင် သေစေလိုဟန် မရပေ။ မဟုတ်လျှင် ရှီအသိဖြင့် သူ၏စိတ်ဝိညာဉ်အား တိုက်ရိုက် ဖျက်ဆီးကာ သတ်ဖြတ်၍ ရသည်။ သို့သော် သာမန်လူများအတွက် မသန်မစွမ်း ဖြစ်ရခြင်းက သေသည်နှင့် မခြားပေ။

သို့သော်လည်း လက်ရှိတွင် ရီဖူရှင်း၏ ခန္ဓာကိုယ်က တဖြည်းဖြည်းဖြင့် ပြန်လည် ကောင်းမွန် သက်သာ လာနေသည်။ သူ၏မူလဝိညာဉ် ရှေးဟောင်း သစ်ပင်ကြီးက အလွန် အားကောင်းသော စွမ်းအားကို ပိုင်ဆိုင်ကာ​ လောက၏ အရာအားလုံးကို ပြန်လည် ရှင်သန်စေနိုင်စွမ်း​ ရှိနေသည်။

အစိမ်းရောင် အလင်းက သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများ အားလုံးသို့ စိမ့်ဝင်သွားသည်တွင် ရီဖူရှင်း၏ ပြာနှမ်းနေသော မျက်နှာက အနည်းငယ် အရောင် ပြန်လွှမ်းလာသည်။ အတွင်းပိုင်းက တဖြည်းဖြည်း အသက်ဓာတ်များ ပြန်စိုပြည်လာသော အချိန်တွင် ကျိုးနေသော အရိုးများကတည်း တစ်စတစ်စဖြင့် ပြန်လည် ဆက်စပ်လာနေသည်။

တစ်ချိန်တည်းမှာပင် ရှေးဟောင်း သစ်ပင်ကြီး၌ သူ၏တခြား သက်စောင့်ဝိညာဉ်များ ဖြစ်ကြသော နတ်လူဝံ၊ နဂါးနှင့် နတ်ငှက်တို့က အသီးသီး ဖြစ်ပေါ်လာကြသည်။ ထို့နောက် သူတို့က အစိမ်းရောင် အလင်းနှင့်အတူ သူ၏ခန္ဓာကိုယ်ထဲကို ပြန်ဝင် သွားကြသည်။

သူ၏ အတွေးတစ်ချက်မှာပင် အလင်းတန်း တစ်ခုက သူ၏အနီးတွင် ဖြစ်ပေါ်လာသည်။ တော်ဝင်အလင်းက သူ၏ခန္ဓာကိုယ်အတွင်း ကြယ်တာရာများလို စီးဆင်းသွားသည်။ ထိုအလင်း ဖြတ်သန်းသွားသော နေရာတိုင်းမှ ကျိုးကြေသွားသော အရိုးဟောင်းများ နေရာတွင် အရိုးသစ်များ ပြန်လည် မွေးဖွား လာနေသည်။

ပြောကြသည်မှာ တစ်စုံတစ်ယောက်က အဆင့်တစ်ခုအထိ လေ့ကျင့်နိုင်ပါက သူက အင်မော်တယ် ဖြစ်နိုင်သည် ဟူ၏။ ဤသို့ဆိုလျှင် ကျိုးကြေသွားသော အရိုးများကို ပြန်လည် ကုစားနိုင်ခြင်းက သာမန် ဖြစ်ပေသည်။ သို့သော် ရီဖူရှင်းကား အကာနာအဆင့်မျှသာ ရှိသေးသည်။ ယခု ဖြစ်ပျက်နေသမျှက အမှန်ပင် ထူးဆန်း အံ့အားသင့်ဖွယ်ရာ ကောင်းလှသည်။

သူ၏သွေးကြောများနှင့် အရိုးများက တဖြည်းဖြည်း ပြန်လည် ကောင်းမွန် လာနေသည်။ အစိမ်းရောင် အလင်းနှင့်အတူ တခြား ဓာတ်သဘာဝ မျိုးစုံတို့က သူ၏ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားလျှင် နဂါးတစ်ကောင်၏ သွေးကြောများနှင့် နတ်ငှက်၏ အရိုးများကို ပေးစွမ်းသည်။ သူ၏ခန္ဓာကိုယ်က ကြယ်တာရာ အလင်းများ အောက်တွင် နစ်မြုပ်နေသည်။

“ငါတကယ် လုပ်နိုင်ခဲ့တာပဲ…” ရီဖူရှင်းကား မိမိကိုယ်ကိုပင် မယုံကြည်နိုင်။ သူ၏ မူလဝိညာဉ်က အရာအားလုံးကို ဖန်တီးနိုင်သော စွမ်းအား ရှိသည်ကို တွေးမိကာ တစ်ကြိမ်မျှ ကြိုးစား ကြည့်လိုရင်းသာ ဖြစ်သည်။ ယခု သူ အောင်မြင်ခဲ့သည်။ သူ၏သွေးကြောနှင့် အရိုးအသားများက ပိုမိုသန်မာလာကာ ဒဏ်ရာရရန်ပင် ခက်ခဲသွားပြီ ဖြစ်သည်။

သူ မသေတော့ဟု စိတ်ချသွားလျှင် ရီဖူရှင်းက မျက်လုံးကို မှိတ်ကာ သူ၏ခန္ဓာကိုယ်အား အလုံးစုံ ပြန်လည် ကောင်းမွန်အောင် ကုစားနေတော့သည်။

***

ကြယ်မင်းကျောင်း လူကား လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။

သားတော်၏ နန်းတော်သို့ လူများက မကြာခဏ လာရောက် သတင်း မေးကြသည်။ ကုယွန်ချီလည်း ရောက်လာခဲ့သည်။ သူမ၏ စိုးရိမ်ပူပန်မှုက သူမ၏မျက်နှာတွင် အထင်းသား မြင်နေရ၏။ ယူချင်းကလည်း စိတ်ပူသည်။ သို့သော် ရီဖူရှင်းက သူ့အား တံခါးဝတွင်သာ စောင့်ဆိုင်းရန် ပြောထား၏။

ယူချင်းက ရီဖူရှင်းကို ကောင်းကောင်း နားလည်သည်။ ရီဖူရှင်းက အလွန်အမင်း အရေးကြီးသော တစ်ခုခုကို လုပ်နေဟန်ရသည်။ သူက သူ၏ခန္ဓကိုယ်ကို ပြန်လည် ကုစားနေခြင်း ဖြစ်ရမည်။ ထို့ကြောင် ဘယ်သူလာလာ သူက အနှောင့်အယှက် မပေးစေရအောင် သတိထား စောင့်ကြပ် ပေးခဲ့သည်။

လောင်လင်းအာကလည်း ထိုသတင်းများကို ရကာ အပြေးလာခဲ့သည်။ သို့သော်လည်း တံခါးဝတွင်ပင် တားဆီးခံရ၏။

ရီဖူရှင်းကား ထူးချွန်လွန်းရကား အားလုံးက သူ့ကို မနာလို ဖြစ်ကြရသည်။ ရီဖူရှင်းက ကြယ်မင်းကျောင်းတွင် ရှိနေသရွေ့ တခြားလူများက ကျောင်းအုပ်၏အလေးပေးခြင်း ခံရမည် မဟုတ်ပေ။ တခြား အလွန်ပါရမီမြင့်သော လူများပင် အခွင့်အရေး မရှိပေ။

လွန်ခဲ့သော လအနည်းငယ်က သားတော်အဖြစ် ချီးမြှောက်ခံသော ပြိုင်ဘက်ကင်း ပါရမီရှင်က ဤသို့ အခြေအနေ ဖြစ်သွားမည်ဟု ဘယ်သူမှ မထင်ထားကြ။ အထူးသဖြင့် ရီဖူရှင်းအား ထိုသို့ဖြစ်အောင် လုပ်ခဲ့သော သူများက သူရိယနေမင်းကျောင်း ဖြစ်နေခြင်းက ပိုမို၍ ခံရခက်စေသည်။ သူ့အား အနိုင်ကျင့်ခဲ့သူက ပိုမို အားကောင်းလေလေ နာကြည်းစရာ ကောင်းလေလေ ဖြစ်ပေမည်။ ထို့အပြင် သူ့တွင် တခြားကျောင်း နှစ်ခုလုံးက လိုချင် မက်မောသော ပညာအမွေ ရှိနေသည်။

မကြာမီ သတင်းက ပျံ့နှံ့သွားကာ တစ်မြို့လုံးက ကြီးစွာ တုန်လှုပ်ခြင်း ဖြစ်ရသည်။

ကြယ်မင်းကျောင်း၏ စွမ်းအားမြင့် တန်ခိုးရှင်များက ကျင်းကလန်ထံသို့ သွားနေစဉ် သူရိယနေမင်းကျောင်းက အခွင့်ကောင်းယူ၍ သားတော်ကို ခေါ်ဆောင် သွားသည်။ ထိုအရာက သိက္ခာမရှိသော လုပ်ရပ်ဖြစ်သည့်အပြင် ရီဖူရှင်းအား သေလုနီးပါးလည်း ဖြစ်သွားစေခဲ့၏။ သူရိယနေမင်းကျောင်းက ထိုအတွက် ရှီတန်ခိုးရှင် တစ်ယောက်ကို ဆုံးရှုံးခဲ့ရကာ ကျောင်းကလည်း အပျက်အစီးပုံ ဖြစ်ခဲ့ရသည်။

ထို့အတူ စန္ဒာငွေလမင်း ကျောင်းကလည်း ရီဖူရှင်းထံမှ နောက်ထပ် ကောင်းကင်အလင်း တစ်ခုကို အတင်းလုယူ သွားကြပြန်သည်။ လူအများအပြားက ရီဖူရှင်း၏ ဆိုးဝါးသော ကံကြမ္မာကို သက်ပြင်းချကြရ၏။

ထိုသို့ ဖြစ်ပျက်ပြီးနောက် ထိပ်သီးကျောင်း သုံးကျောင်းက ယခင်ကလို လိုက်လျောညီထွေ မရှိကြတော့ပေ။ စစ်က အချိန်မရွေး ဖြစ်နိုင်သည်။ အကယ်၍ ကျောင်းအုပ် ယန်တိုင်ကသာ လျှော့မပေးခဲ့လျှင် စစ်ပွဲက အမှန်ဖြစ်ခဲ့သည်။

လဝက်ခန့် ကြာသောအခါ ရီဖူရှင်း၏ သွေးကြောများနှင့် အရိုးများက အများအပြား ပြန်ကောင်းမွန်လာပြီး ဖြစ်သော်လည်း ရီဖူရှင်းက အခန်းထဲမှ ထွက်လာခြင်း မရှိသေးပေ။ အားလုံးက စောင့်ဆိုင်းနေကြသလို ယူချင်းကလည်း လွန်စွာ စိုးရိမ်ပူပန်နေသည်။ သို့သော် သူက လွန်စွာ အားကောင်းသော အသက်ဓာတ်ကို ခံစားမိနေသည်။ သိသာစွာပင် ရီဖူရှင်းက အဆင်ပြေ ကောင်းမွန်နေပုံရကာ ယူချင်းက အပြင်မှသာ စောင့်ဆိုင်း နေရတော့သည်။

ကျောင်းအုပ်ချန်းက မကြာမကြာ လာကြည့်သည်။ ကုယွန်ချီနှင့် လောင်လင်းအာကလည်း ခဏခဏ လာကြည့်ကြသည်။ ဝမ်ယွီရိုနှင့် စိန့်ယွီတို့က ရံဖန်ရံဖန် လာသည်။

တစ်လခန့် ကြာသောအခါ ရီဖူရှင်း၏ ခန္ဓာကိုယ်က ယေဘုယျအားဖြင့် ပြန်လည် ကောင်းမွန်နေပြီဟု ပြော၍ ရသည်။ သူက လက်ဆန့်တန်းလျှင် အရိုးအက်သံများကိုမူ ကြားရသေးသည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ ထိပ်သီးကျောင်း သုံးကျောင်းအကြား ဆက်ဆံရေးကလည်း ပိုမို ဆိုးဝါးလာခဲ့သည်။ တပည့်များအကြား မကြာမကြာ ကတောက်ကဆများ ဖြစ်ကြသည်။ တခြား ဖြစ်ရပ်များလည်း ဆက်တိုက် ဖြစ်ပျက်ရာ ရီဖူရှင်း အကြောင်းကို ပြောသူ နည်းလာသည်။

ကောလာဟလများအရ ရီဖူရှင်း၏ တန်ခိုး အစွမ်းများ အားလုံးက ပျက်ပြယ်ခဲ့ပြီဟု ကြားကြရသည်။ ကျောင်းအုပ်ချန်းပင် သူ့ကို မကယ်နိုင်။ သားတော်၏ နန်းတော်က ပိတ်ထားသည်ဟုလည်း ပြောကြသည်။ ရီဖူရှင်းက သေသွားပြီ သို့မဟုတ် ထာဝရ မသန်စွမ်း ဖြစ်သွားပြီ ဖြစ်ရမည်။ ကြယ်မင်းကျောင်းက ရီဖူရှင်း၏ ကောင်းကင် အလင်းကို ယူကာ သူ့အား ထာဝရ အချုပ်ချထားသည်ဟု တချို့က ခန့်မှန်းကြသည်။

ကြယ်မင်းကျောင်း၏ သားတော်ကား တစ်ချိန်က လွန်စွာ ထွန်းတောက် ခဲ့သော်လည်း ကြယ်ကြွေတစ်လုံးလို မြန်ဆန်စွာ မှေးမှိန်ခဲ့ရသည်။

လူအများအပြားက သူ၏ကံကြမ္မာကို ဝမ်းနည်းတသ ဖြစ်ရသည်။ သူတို့က သူရိယနေမင်း ကျောင်း၏ရက်စက်မှု၊​ သိက္ခာမဲ့မှုကို အံ့အားသင့်ရသည်။

***

ကောင်းကင်အလင်းအား ရရှိပြီးနောက် သူရိယနေမင်း ကျောင်းအုပ် ယန်တိုင်နှင့် စန္ဒာငွေလမင်း ကျောင်းအုပ် ကုန်းခွေတို့က ကောင်းကင် အလင်းကို ဆင်ခြင် သုံးသပ်ကြသည်။

ယခုမူကား သူရိယနေမင်း ကျောင်းအား အသစ် ပြန်ဆောက်ထားပြီ ဖြစ်သည်။ ယန်တိုင်က သူ၏သူရိယ နန်းဆောင်တွင် တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်မှ နေရောင်ခြည်ကို ခံစားနေသည်။ အလင်းတန်းများက နေနတ်ဘုရား၏ ရောင်စဉ်များလို လှပလွန်းကာ သူ့ထံသို့ မီးဓာတ် သဘာဝစွမ်းအင်များ အဆက်မပြတ် စီးဆင်းနေသည်။

နေရောင်အောက်တွင်ပင် ကောင်းကင်အလင်း ထွက်ပေါ်လာကာ သက်တံရောင်စဉ်လို လှပစွာ တည်ရှိနေသည်။ သူ၏နောက်တွင်ကား လောကမှ မီးဓာတ်များ အားလုံးကို စုပ်ယူနိုင်သော မီးဓာတ်လုံး တစ်ခုပေါ်လာသည်။ သည်စွမ်းအားကား ရှေးဟောင်းနေမင်း ပုရပိုက်တွင် မှတ်သားထားသော လျှို့ဝှက်ပညာရပ် ဖြစ်သည်။ ဤပညာရပ်အား နေမင်း သက်စောင့်ဝိညာဉ် ရှိသူများသာ လေ့ကျင့်နိုင်သည်။

ကောင်းကင်အလင်း၏ အကူအညီဖြင့် သူက နေမင်းပုရပိုက်အား ယခင်ကထက် ပိုမိုနားလည် လာသည်။

ယန်တိုင် မသိသည်ကား ကြယ်မင်းကျောင်း၏ နန်းဆောင် တစ်ခုတွင် ရီဖူရှင်းကလည်း သူကဲ့သို့ ထိုင်နေခြင်းကိုပင်။ ရီဖူရှင်း၏ ခေါင်းထက်တွင် နေမင်းက အလင်းရောင်များ ဖျန်းပက်ပေးထားပြီး သူ၏နောက်တွင် နေဓာတ်လုံးတစ်ခု ဖြစ်ပေါ်နေသည်။ အတိုင်းအဆမဲ့သော မီးလျှံများက နေဓာတ်လုံးထဲကို စီးဝင်နေကြသည်။

ရီဖူရှင်းက မျက်လုံးမှိတ်ကာ နေမင်းပုရပိုက်အား စူးနစ်စွာ လေ့ကျင့်နေဟန် ရသည်။ အချိန်များစွာ ကြာမြင့်ပြီးနောက် သူ၏နောက်တွင် နေဓာတ်လုံး သုံးလုံး ဖြစ်ပေါ်လာသည်။ ထို့နောက် သူက မျက်လုံးကို ဖွင့်လိုက်သည်နှင့် နေမင်းအလင်းနှင့် နေဓာတ်လုံးတို့ ပျောက်ကွယ် သွားကြ၏။

“ဓာတ်လုံး ဘယ်နှလုံး ဖန်တီးနိုင်တာလဲ…” ယူချင်းက ဘေးနားမှ မေးသည်။

“နေမင်းပုရပိုက် အရတော့ ဓာတ်လုံးကိုးခု ဖန်တီးပြီးတဲ့အချိန်မှာ မလောင်ကျွမ်းနိုင်တဲ့ အရာ မရှိတော့ဘူးတဲ့…” ရီဖူရှင်းက ပြောသည်။

“မင်းက သူရိယ နေမင်းကျောင်းအုပ် လေ့ကျင့်တာကို တကယ် မြင်နိုင်တယ်ပေါ့…” ရီဝူချင်းက နားမလည်စွာ မေးသည်။ ယန်တိုင်က သူ၏ကောင်းကင် အလင်းကို အသုံးပြုလိုက်သည်နှင့် ရီဖူရှင်းက သူ ဘာလုပ်နေသည်ကို မြင်ရသည် ဆို၏။

“ဒါပေါ့…ငါက သူ လေ့ကျင့်တဲ့ပညာရပ်တွေ အကုန်လုံးကို မြင်ရတယ်… ဒါပေမဲ့ သူ့ရဲ့ ဉာဏ်အလင်းကို ငါမမြင်ရတာကတော့ နာတယ်…” ရီဖူရှင်းက စိတ်ပျက်ဟန်ဖြင့် ပြောသည်။ ရီဝူချင်းနှင့် ယူချင်းတို့က ဆွံ့အသွားသည်။

အကယ်၍ ယန်တိုင်နှင့် ကုန်းခွေတို့ကသာ သူတို့၏သီးသန့် ပညာရပ်များကို ရီဖူရှင်းက တိတ်တခိုး သင်နေသည်ကိုသိလျှင် ရီဖူရှင်းအား လာသတ်မည်မှာ သေချာသည်။

“ဖူရှင်း…” ထိုစဉ် ကျောင်းအုပ်ချန်း ပေါ်လာသည်။ ယူချင်းတို့ အုပ်စုအပြင် ရီဖူရှင်း၏ နန်းဆောင်ထဲကို ဝင်နိုင်သည်ကား ကျောင်းအုပ်ချန်း တစ်ယောက်သာ ရှိသည်။ ကျောင်းအုပ်ချန်း၏ ခွင့်ပြုချက်မရဘဲ မည်သူမှ မဝင်ရပေ။

“မင်း ဘယ်တော့ လေ့ကျင့်လို့ ပြီးမှာလဲ…” ကျောင်းအုပ်ချန်းက မေးသည်။

“ကျောင်းအုပ်… ကျွန်တော်က ယန်တိုင်နဲ့ ကုန်းခွေတို့ရဲ့ သီးသန့် ပညာရပ်တွေ အကုန် သင်ပြီးသွားရင် သူတို့ဆီမှာရှိတဲ့ ကောင်းကင်အလင်း နှစ်ခုကို ဖျက်ဆီးပြီးတော့ ကျောင်းအုပ်ကို အကုန် ပြောပြပါ့မယ်… အဲဒီအချိန်ကျရင် ကြယ်မင်းကျောင်းက ရှေးဟောင်း ရှန့်ထိုတန်ခိုးရှင်ရဲ့ ပညာအမွေ အပြည့်အစုံကို ရရှိပါလိမ့်မယ်…” ရီဖူရှင်းက ပြောသည်။ ကျောင်းအုပ်ချန်းက ရီဖူရှင်း၏သဘောကို နားလည်သည်။ ရီဖူရှင်း၏ လက်စားချေမှုက အမှန်ပင် ပြင်းထန်ပေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset