တိမ်ကင်းစင်ကာ ကြယ်တစ်လုံးစ၊နှစ်လုံးစသာ ရှိနေသော ကောင်းကင်ယံတွင် လမင်းကြီးက ထိန်ထိန်သာလျက်ရှိသည်။
တိမ်ရေကန်မိုးသစ်တောထဲဝယ် ညဉ့်လေပြည်လေးများ ဆော်သွေးတိုက်ခတ်နေ၏။ မိုးရွာကျရာမှဖြစ်ပေါ်လာခဲ့သော မြစ်၊ချောင်းလေးများက လရောင်အောက်တွင် လှိုင်းကြက်ခွပ်လေးများ ထလျက် ငွေရောင်လက်နေသည်မှာ တမျိုးဆွဲဆောင်မှုရှိနေသည်။ သို့သော်လည်း တစ်ချက် တစ်ချက် ထွက်ပေါ်လာသော သားရဲများ၏အော်မြည်သံများ၊ ငှက်ကလေးများ၏တကျွိကျွိမြည်သံများက ပတ်ဝန်းကျင်အလှကို ခံစားသက်ဝင်နေသူအဖို့ စိတ်မသက်မသာ ဖြစ်စေသည်။
မြစ်တစ်စင်း၏ဘေး၊ တိမ်ရေကန်မိုးသစ်တော၏အစွန်အဖျားတွင် သနားစဖွယ်ကောင်းသလို ချစ်စဖွယ်ကောင်းသော မိန်းမပျိုလေးနှစ်ယောက်ရှိနေသည်။ မိန်းမပျိုတစ်ယောက်မှာ အရပ်ရှည်ပြီး တစ်ယောက်မှာ ချစ်စရာကောင်းကာ တစ်ယောက်တစ်မျိုးစီ ဆွဲဆောင်မှုရှိသည်။ အရပ်မြင့်မြင့်မိန်းမပျိုက ဘေးပတ်ဝန်းကျင်ကို သတိထား၍ ကြည့်နေစဉ် ချစ်စဖွယ်ကောင်းသော မိန်းမပျိုက အတွင်းအင်္ကျီကိုချွတ်လိုက်ရာ နှင်းပွင့်ပမာ ဖြူဆွတ်နေသောအသားအရည်လေး ထွက်ပေါ်လာသည်။ သူမက သူမ၏ချိုင်းပတ်လည်ရှိ ဒဏ်ရာတစ်ဝိုက်ကို ခပ်ဖွဖွတို့ထိနေရင်း နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။ ထို့နောက် သူမက စိတ်ပျက်အားလျော့နေသည့်မျက်ဝန်းများနှင့် နူးညံ့စွာ စကားဆိုလိုက်သည်။
” တုမင်၊ သုံးရက်တောင် ရှိသွားပြီ။ ကယ်ဆယ်ရေးက ဘယ်တော့လာမှာတုန်း။ ငါတို့စခန်းမှာလည်း အစားအစာတွေက ကုန်တော့မယ် ”
ထိုစကားကိုကြားသောအခါ အရပ်မြင့်မြင့်မိန်းမပျို တုမင်မှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ လွန်ခဲ့သော သုံးရက်အတွင်း သူမ၏ဘဝက အနိမ့်အမြင့်အတက်အကျ ကြမ်းတမ်းလွန်းခဲ့သည်။ သုံးရက်အကြာက သူမသည် ကောင်းကင်တာအိုကျောင်းသူတစ်ယောက်ဖြစ်ခဲ့သော်လည်း ယခု သူမက အန္တရာယ်များပြည့်နှက်နေသည့်နေရာသို့ ရောက်ရှိနေသည်။
တိမ်ရေကန်မိုးသစ်တောက လှပသော်လည်း မြေသားက စိုစွတ်ကာ ပွသယောင်းနေသည်။ တိရစ္ဆာန်အရိုးစုများကို အချိန်တိုင်း မြင်တွေ့နေရပြီး ခြေသလုံးခန့်တုတ်သောရောင်စုံမြွေကြီးများလည်း ရှိနေသည်။ ထိုမြင်ကွင်းက လူတစ်ယောက်၏ဦးရေခွံကို ထုံကျဉ်သွားစေနိုင်၏။
ရှေးဦးဝိညာဉ်ခေတ်စတင်ကတည်းက လူသားများကဲ့သို့ တိရစ္ဆာန်များတွင်လည်း ပြောင်းလဲမှုများစွာ ဖြစ်ခဲ့သည်။ ၎င်းတို့က ကြီးမားသောခွန်အားများကို ပိုင်ဆိုင်လာကြပြီး အလွန်ရက်စက်ကြမ်းကြုတ်လာကြသည်။ သို့ဖြစ်ရာ တောအုပ်များက လူသားများအတွက် တားမြစ်နယ်မြေများပင် ဖြစ်လာခဲ့သည်။
မိန်းမပျိုနှစ်ယောက်က သူတို့၏ပြဿနာများအတွက် စိတ်ပျက်ညည်းညူနေကြစဉ် သူတို့နှင့်မနီးမဝေးရှိ သစ်ပင်တစ်ပင်အောက်တွင် တည်ကြည်သောမျက်နှာပေးနှင့်ဖက်တီးတစ်ယောက်ရှိသည်။ သူက ခေါင်းကိုမော့ထားလျက် သေးပေါက်နေခြင်းဖြစ်၏။
ထိုဖက်တီးသည်ကား ဝမ်ပေါင်လဲ့မှလွဲ၍ တခြားသူမဟုတ်ပေ။ သူက မိန်းမပျိုနှစ်ယောက်ကို သတိမထားမိသလို သူ့ခြေထောက်အောက်ရှိ ပန်းပွင့်လေးများကိုလည်း မမြင်ချေ။ ထိုပန်းပွင့်လေးများက ငွားငွားစွင့်စွင့် ပွင့်ဖူးနေကြသော်လည်း တဖျောဖျောကျဆင်းလာသော ကျင်ငယ်ရည်များကြောင့် ကြမ်းတမ်းစွာ ယိမ်းခါနေသည်။
ချီးပဲ၊ ငါဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က လူတွေရဲ့နှလုံးသားထဲအထိ ထွင်းဖောက်မြင်နိုင်တဲ့ကောင်ပါကွ၊ ကောင်းကင်တာအိုကျောင်းရဲ့လှည့်ကွက်တွေထဲ ကျသွားရလိမ့်မယ်လို့ ငါ တစ်ခါမှ မျှော်လင့်မထားခဲ့ဘူး။
ဒီကောင်းကင်တာအိုကျောင်းက ညစ်ပတ်လွန်းတယ်။ ဒီလိုမျိုး တကယ်စမ်းသပ်ရတယ်လို့ကွာ။ သင်္ဘောကြီးကိုတောင် ဖောက်ခွဲပစ်ရက်တယ်။
ဝမ်ပေါင်လဲ့ ဒေါသအကြီးအကျယ်ထွက်နေ၏။ လွန်ခဲ့သောသုံးရက်က ငရဲသို့ အရှင်လတ်လတ်ကျဆင်းသွားခဲ့ရသည့်အလား ဖြစ်ခဲ့ရသည်။
သုံးရက်မတိုင်ခင်က သူနှင့်သူ့အတန်းဖော်များသည် ဝိညာဉ်ကျင့်ကြံခြင်းခန်းမထဲတွင် နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့၏။ ထိုစဉ် ဘုန်းခနဲမြည်ဟည်းသံကြီး ထွက်ပေါ်လာပြီး သူတို့၏ပစ္စည်းများကို မသယ်ဆောင်နိုင်ခင်မှာပင် ပြင်းထန်သောတွန်းအားတစ်ခုကြောင့် သင်္ဘောထဲမှ လွင့်ပျံထွက်လာခဲ့သည်။
ကျေးဇူးတင်ဖွယ်ကောင်းသည်မှာ သံလိုက်ဝိညာဉ်ဝတ်စုံက တုန်ခါမှုများကို လျော့ချပေးခဲ့ပြီး လျှပ်စီးများမှ ကာကွယ်ပေးခဲ့သည်။ သူက တိမ်ရေကန်မိုးသစ်တောထဲသို့ ဘေးကင်းစွာ ဆင်းသက်လာခဲ့သော်လည်း သင်္ဘောကြီးက မိုးကြိုးမုန်တိုင်းနယ်မြေမှာ ပေါက်ကွဲသွားခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရသည်။
ဝမ်ပေါင်လဲ့နှင့်တခြားသူများသည် တောအုပ်အနှံ့အပြားသို့ ကွဲသွားခဲ့သည်။ ထိုတောအုပ်ထဲတွင် အစာရေစာ ရှားပါးပြီး သားရဲများကလည်း လွန်စွာရက်စက်ကြမ်းကြုတ်သည်။ သူတို့၏အနာဂတ်က ဖြေရခက်သောမေးခွန်းတစ်ခုအဖြစ် ရှိနေခဲ့သည်။ သူတို့ရင်ဆိုင်ခဲ့ရသောပြဿနာများက သူတို့ကို အပြောင်းလဲကြီး ပြောင်းလဲသွားစေခဲ့သည်။ တချို့ကျောင်းသားများက အုပ်စုဖွဲ့ကာ သွားလာကြပြီး တချို့ကတော့ တစ်ကိုယ်တော် ခရီးဆက်ကြလေသည်။ တချို့က စိတ်ဓာတ်ခိုင်မာပြီး တချို့ကတော့ စိတ်ဓာတ်ပျော့ညံ့ကြသည်။
” သားရဲဖြစ်မှရှင်သန်မည် ” ဆိုသောအယူအဆနှင့်စမ်းသပ်သည်က ကောင်းကင်တာအိုကျောင်းသို့ ဝင်ခွင့်ရသည့်ကျောင်းသားများအတွက် ပြင်းထန်လွန်းလှသည်။ သို့သော် ဤကဲ့သို့ ရုတ်ချည်းအပြောင်းအလဲအောက်တွင် ထိုကျောင်းသားများထဲ၌ တချို့အရာများဖြစ်လာစေခဲ့သည်။ ထိုအရာများမှာ အလိုလောဘကြီးခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း သို့မဟုတ် အကြင်နာတရားရှိခြင်းများ ဖြစ်ပေသည်။
‘ အရှက်မရှိလိုက်တာကွာ ‘
ဝမ်ပေါင်လဲ့က စိတ်ပျက်လက်ပျက် ပြောဆိုလိုက်သည်။ လွန်ခဲ့သော သုံးရက်အတွင်း သူကြုံတွေ့ခဲ့ရသည်များက အစစ်အမှန်ဖြစ်သည်ဟု သူ ယုံကြည်သည်။ သူ ကြောက်လန့်လွန်း၍ သူ့အဓိကပြိုင်ဖက်ဖြစ်သော တုမင်တို့အဖွဲ့နှင့်နေရန်ပင် အကြိမ်ကြိမ်စိတ်ကူးနေခဲ့မိသည်။
ဤသုံးရက်တာအတွင်း အလုံအလောက် မစားခဲ့ရခြင်းကြောင့် သူ၏အသံလွှင့်လက်စွပ်မှ ဝိတ်တိုင်းတာခြင်းဆိုသည်ကို ကြည့်လိုက်ရာ ခြောက်ပေါင်အထိ ကျသွားသည်ကို အံ့အားသင့်ဖွယ်ရာ တွေ့လိုက်ရသည်။ ထိုဖော်ပြချက်ကြောင့် သူ အံ့သြတုန်လှုပ်သွားပြီး သံသသပင် ဝင်နေမိသည်။
ဤအခြင်းအရာက ယခင်က ဝမ်ပေါင်လဲ့ကြုံခဲ့ရသည်များနှင့် ကွာခြားလွန်းနေခဲ့သည်။ ယခင်ကဆိုလျှင် သူက ဝိတ်ကျစေရန် တစ်လလုံးလုံး ပျင်းရိငြီးငွေ့စွာ ကြိုးစားလုပ်ဆောင်ခဲ့ရပါသော်လည်း ဝိတ်မကျသည်သာမက တစ်ပေါင်ခွဲပင် တိုးလာခဲ့သေးသည်။
ယခု သုံးရက်အတွင်း သူ ခြောက်ပေါင်ဝိတ်ကျသွားခဲ့သည်။ အနှီအဖြစ်အပျက်က သူ့အတွက် လုံးဝလက်သင့်ခံစရာ မကောင်းပေ။
အထူးသဖြင့် သူဖတ်ခဲ့ရသော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများကို ပြန်တွေးမိသောအခါတွင်ဖြစ်သည်။ ထိုအထဲတွင် တာအိုကျောင်းများမှာ ကျောင်းသားသစ်စမ်းသပ်ချက်များဟုခေါ်သည့် စစ်ဆေးပွဲများကို အချိန်နှင့်အမျှ ကျင်းပလေ့ရှိကြောင်း မှတ်တမ်းတင်ထားသည်။
ဝမ်ပေါင်လဲ့သာ သေချာမလေ့လာထားခဲ့လျှင် ထိုအချက်ကို သတိထားခဲ့မိလိမ့်မည် မဟုတ်ချေ။ အဖြစ်အပျက်များကို ဆက်စပ်တွေးတောကြည့်လိုက်သောအခါတွင် တာအိုကျောင်းမှပြုလုပ်သောစစ်ဆေးပွဲက လွန်စွာ လက်တွေ့ကျလှသည်ကို သူ သိလိုက်သည်။ သူတို့က သာမန်လူတစ်ယောက်ကို အခြေခံ၍ ဖန်တီးထားခဲ့ခြင်းကိုသာ အပြစ်ပြောစရာရှိသည်။ သို့သော် သူက သာမန်လူတစ်ယောက် မဟုတ်ပေ။
သူ့ရှေ့တွင်ဖြစ်ပျက်နေသောအရာအားလုံးက ပုံရိပ်ယောင်ဖြစ်ကြောင်း ငါးဆယ်ရာခိုင်နှုန်း သူသေချာပြောနိုင်သည်။
သူ့ယူဆချက်ကို ပိုမိုခိုင်မာသွားအောင် သက်သေပြနေသည်က သမားတော်အိုကြီးထံမှ သူပြန်လည်ရရှိခဲ့သော အနက်ရောင်မျက်နှာဖုံးဖြစ်သည်။
ထိုအကြောင်းကိုတွေးမိသည်နှင့် သေးပေါက်နေသော ဝမ်ပေါင်လဲ့က သူ့ဗိုက်ကို ဆတ်ခနဲငုံ့ကြည့်လိုက်သည်။ သူ့နှလုံးသားထဲတွင် မယုံကြည်နိုင်ဖွယ်ကောင်းအောင် ထူးဆန်းသောအာရုံတစ်ခု ရုတ်ချည်း ထိုးတက်လာ၏။
ဝိညာဉ်ကျင့်ကြံခြင်းခန်းမထဲသို့ မဝင်ရောက်ခင်က အနက်ရောင်မျက်နှာဖုံးက သူ့ဝမ်းဗိုက်နားမှာရှိနေသည်ကို သူ သေချာမှတ်မိနေသည်။ ကြောက်မက်ဖွယ်ကောင်းလှသော အဖြစ်အပျက်အလှည့်အပြောင်းအောက်မှာ ထိုအကြောင်းကိုပင် သူ မတွေးတောနိုင်ခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် စောစောက သူ့လက်ကို မျက်နှာဖုံးဆီ လှမ်းခဲ့ရာ မျက်နှာဖုံးက ပုံမှန်အတိုင်းရှိနေသော်လည်း သူ့လက်က မျက်နှာဖုံးအား ထွင်းဖောက်၍ သွားသည်ကို သိရှိခဲ့ရသည်။ မျက်နှာဖုံးကို သူ မထိတွေ့မိခဲ့ပေ။
ပုံရိပ်ယောင်ကမ္ဘာက အရာအားလုံးကို အစားထိုးအသွင်ပြောင်းပေးနိုင်ခဲ့သော်လည်း မျက်နှာဖုံးကို ပုံစံတူပြုလုပ်ရာတွင် ခက်ခဲသွားခဲ့ဟန်တူသည်။
အချိန်ကြာလာသည်နှင့်အမျှ မျက်နှာဖုံး၏ပြင်ပအသွင်သဏ္ဍာန်က အစစ်အမှန်မဟုတ်တော့ဘဲ သိသာထင်ရှားလာသည်။ တချိန်တည်းမှာပင် မျက်နှာဖုံးဆီမှ ဝိုးတဝါးစာသားတချို့ ထွက်ပေါ်လာသည်။
ထိုစာသားများကို ရှင်းလင်းပြတ်သားစွာ သူ မဖတ်နိုင်သော်လည်း မျက်နှာဖုံးရှိပြောင်းလဲမှုများက သူ၏ယူဆချက်ကို ငါးဆယ်ရာခိုင်နှုန်းမှ တစ်ရာ ရာခိုင်နှုန်းအထိ ခိုင်မာသွားစေသည်။
သူ့ယူဆချက်ကို ဆက်လက်တွေးတောကြည့်လိုက်လျှင် အတုအယောင်ဘေးဒုက္ခများနှင့်စမ်းသပ်ပွဲ၏ ရည်ရွယ်ချက်ကို ခန့်မှန်းရန် မခက်ခဲတော့ပေ။
ကျောင်းသားအားလုံးက ရှေးဟောင်းသိုင်းပညာရပ်များကို သင်ကြားရခြင်းမရှိသေးရာ ခွန်အားကိုစမ်းသပ်ခြင်းလည်း မဖြစ်နိုင်ပေ။ ဤစမ်းသပ်ပွဲ၏ရည်ရွယ်ချက်က အန္တရာယ်နှင့်ရင်ဆိုင်ရသည့်အခါ အလျော့မပေးတတ်သော စိတ်ဓာတ်ကို စမ်းသပ်ခြင်းဖြစ်လိမ့်မည်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအား စမ်းသပ်ခြင်းလည်း ဖြစ်နိုင်ပေသည်။
ဝမ်ပေါင်လဲ့က သေးပေါက်နေရင်း သူ့ဦးနှောက်ကို အဆက်မပြတ် အလုပ်ပေးနေရာ တစ်ခါတရံ သူ၏ ကျင်ငယ်ရည်လမ်းကြောင်းက ဆတ်ခနဲ တုန်ခါသွားတတ်သည်။
သူ့ရှေ့ရှိပန်းပင်ငယ်လေးမှာ ဟိုဟိုသည်သည် ယိမ်းထိုးနေတော့သည်။ ဝမ်ပေါင်လဲ့မှာမူ စွမ်းဆောင်မှုရမှတ်များ ရရှိရန် သူ့ရှေ့ရှိအခွင့်အရေးကို ပိုင်နိုင်စွာ ဖမ်းဆုပ်ရမည်ဖြစ်ကြောင်း တွေးနေ၏။
ဟုတ်တယ်၊ ငါလုပ်ရမယ်။
ထိုသို့ကောက်ချက်ချပြီးသည်နှင့် ဝမ်ပေါင်လဲ့သည် ခန္ဓာကိုယ်ကို အနည်းငယ်ခါလိုက်ရင်း သူ့ဘောင်းဘီရှည်ကိုဆွဲတင်ရန်ပြင်လိုက်သည်။ ထိုစဉ် သူ့အကြည့်က မနီးမဝေးရှိမြစ်လေးဆီသို့ ရုတ်ချည်း ဆိုက်ရောက်သွားသည်။
ငွေရောင်ဖြန်းပက်နေသော လရောင်အောက်ဝယ် တုမင်က သတိကြီးကြီးထားလျက် ရပ်နေသည်။ သို့သော် ဝမ်ပေါင်လဲ့၏အကြည့်များက သူမထံ မဟုတ်ဘဲ အနာကို သန့်စင်နေသည့် ချစ်စဖွယ် မိန်းမပျိုလေးဆီသို့ ဆိုက်ရောက်သွားလေသည်။
ဟင်၊ လူယောင်ဆောင်ထားတဲ့အကောင်လေးပါလား။
ဝမ်ပေါင်လဲ့၏မျက်လုံးများပြူးကျယ်သွားပြီး တအံ့တသြရေရွတ်လိုက်သည်။ ထိုမြင်ကွင်းကြောင့် သူ့နှလုံးခုန်သံများ မြန်ဆန်လာ၏။ ပတ်ဝန်းကျင်တစ်ခုလုံးကို သတိထားလျက်ကြည့်နေသော တုမင်က ထိုအကြည့်ကို အာရုံခံမိသွား၏။ သူမက လှမ်းကြည့်လိုက်ရာ ဝမ်ပေါင်လဲ့နှင့် အကြည့်ချင်းဆုံသွားတော့သည်။ တဒင်္ဂကြာအံ့အားသင့်သွားပြီးနောက် သူမ၏အမူအရာပြောင်းလဲသွားသည်။ သို့သော် သူမက စူးစူးဝါးဝါးမအော်ဟစ်ခင်မှာပင် ဝမ်ပေါင်လဲ့က သူမကို ဒေါသတကြီး ကြည့်လိုက်ပြီး ဘောင်းဘီရှည်ကို ဆွဲတင်ကာ ဦးစွာအော်ဟစ်လိုက်ေလသည်။
‘ နင်ဘာကြည့်နေတာတုန်း၊ ယောက်ျားလေးတစ်ယောက် သေးပေါက်တာကို တစ်ခါမှ မမြင်ဖူးဘူးလား ‘
သူ့စကားများကို ကြားလိုက်သည်နှင့် တုမင်မှာ ပြောရန်ကြံရွယ်ထားသမျှစကားများအားလုံး လည်ချောင်းဝတွင် တစ်ဆို့သွားရတော့သည်။ သူမ၏ဘဝတွင် ဝမ်ပေါင်လဲ့ကဲ့သို့ အရှက်ကင်းမဲ့လှသော လူတစ်ယောက်ကို တစ်ခါမှ မကြုံဖူးခဲ့လေရာ ဒေါသကြောင့် တဆတ်ဆတ်တုန်ယင်နေတော့သည်။ သူမက မထိန်းချုပ်နိုင်တော့ဘဲ ကျိန်ဆဲလိုက်လေ၏။
‘ ခွေးကောင် ဖက်တီး၊ နင်ယောက်ျားရောဟုတ်လား ‘
ထိုစကားကိုကြားလိုက်ရသည်တွင် ဝမ်ပေါင်လဲ့မှာ ဒေါသအကြီးအကျယ်ထွက်လုနီးပါးဖြစ်နေတော့သည်။ သူ ကလေးဘဝကတည်းက မြွေဟောက်မတုမင်က သူ၏အဓိကပြိုင်ဘက်တစ်ယောက်ဖြစ်ခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်၍ မရလောက်အောင် မတည့်သော်လည်း ကံကြမ္မာအလှည့်အပြောင်းအောက်တွင် သူတို့နှစ်ယောက်က အမြဲတမ်း အတန်းအတူတူ တက်ခဲ့ရသည်။ ယခု သူတို့နှစ်ယောက်လုံး ကောင်းကင်တာအိုကျောင်းသို့ ဝင်ရောက်သည့်အခါမှာပင် တူညီနေသည်။ ဝမ်ပေါင်လဲ့က သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး လှောင်ပြောင်လိုက်သည်။
‘ ချီး ငါးဖောင်ရိုးမ၊ နင်ကရော မိန်းမ ဟုတ်လို့လား ‘
ဝမ်ပေါင်လဲ့က ပြန်လည်ရန်တွေ့လိုက်သည်တွင် တုမင်မှာ သွေးတစ်ပွက်အန်လုနီးပါးဖြစ်သွားတော့သည်။ သူမ၏နဖူးမှ သွေးကြောများ ထောင်ထလာပြီး အချိန်မရွေးတိုက်ခိုက်လာတော့မည့်အသွင် ရှိနေသည်။ ဝမ်ပေါင်လဲ့က သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။
‘ ငါ့အပြစ်မဲ့တဲ့ခန္ဓာကိုယ်လေးကို နင်တို့နှစ်ယောက်မြင်သွားပြီဆိုတော့ ငါဘယ်လိုလုပ် ဆက်အသက်ရှင်ရတော့မှာတုန်း ‘
သူ့ဘဝက အဓိပ္ပာယ်မရှိတော့သည့်အလား သူ့ဘောင်းဘီကို လက်ဖြင့်ဆွဲကာထွက်ပြေးလေသည်။ သူ့နောက်ကျောတွင် ချွေးစေးများစီးကျနေပြီး သူ့နှလုံးခုန်နှုန်းများ မြန်ဆန်နေသည်။ သူက အလွန်လျင်မြန်စွာ တုန့်ပြန်နိုင်ခဲ့သည့်အတွက် သူ့ကိုယ်သူ ချီးကျူးနေမိ၏။ ထိုသို့မဟုတ်လျှင် သူ ဒုက္ခရောက်သွားလိမ့်မည်။
ဝမ်ပေါင်လဲ့က ထွက်ပြေးသွားသည်ကိုမြင်သောအခါ တုမင်မှာ ဒေါသအကြီးအကျယ်ထွက်ကာ မျက်လုံးများပြူးကျယ်သွားတော့သည်။ သူမ၏နောက်ဘက်ရှိ မြစ်ထဲမှ ချစ်စဖွယ်မိန်းကလေးမှာ သူတို့နှစ်ယောက်၏ အပြန်အလှန် ရန်တွေ့စကားကို ကြားလိုက်ရသည်တွင် စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။ ဝမ်ပေါင်လဲ့က သူမအပေါ် အခွင့်အရေးယူသည်ဟု သူမ မခံစားမိချေ။ တုမင်က ပြေးလိုက်သွားသည်ကို မြင်သောအခါ သူမ၏အဝတ်အစားများကို အလျင်အမြန်ဝတ်ဆင်လိုက်၏။ ထို့နောက် သူတို့နောက်မှ ပြေးလိုက်သွားတော့သည်။
တုမင်၏ဒေါသတကြီးရှုံ့ချသံများက တိမ်ရေကန်မိုးသစ်တော၏တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းလိုက်သည်။ ယာယီစခန်းမှလူများသည် ထိုအသံများကို ကြားလိုက်ရပြီး အပြေးအလွှားရောက်လာကြကာ ဝမ်ပေါင်လဲ့လာရာလမ်းမှ စောင့်နေလိုက်သည်။
ထိုအုပ်စုကို ဦးဆောင်လာသည့်လူက အဖြူရောင်ဝတ်စုံနှင့် မီးတုတ်တစ်ချောင်းကို ကိုင်ဆောင်ထားသော လူငယ်တစ်ယောက်ဖြစ်သည်။ သူက သန်မာတောင့်တင်းဟန်ရှိပြီး ဓားသွားပမာ ဖြောင့်တန်းနေသော မျက်ခုံးမွှေးတစ်စုံနှင့် ကြယ်ပွင့်လေးများပမာ တလက်လက်တောက်ပနေသော မျက်လုံးတစ်စုံရှိသည်။ သူက ခေါင်းဆောင်တစ်ယောက်ဖြစ်မှန်း သိသာထင်ရှားလှသည်။
ထိုလူကား လျှိုတောက်ပင်း ဖြစ်သည်။ လွန်ခဲ့သောသုံးရက်အတွင်း ထိုစခန်းရှိလူအားလုံးကို သူ စုစည်းထားခဲ့သည်။
‘ ဝမ်ပေါင်လဲ့၊ မင်းဘာလုပ်တာတုန်း ‘
လျှိုတောက်ပင်းက ဒေါသတကြီးပြေးလိုက်နေသော တုမင်ကို သတိထားမိလိုက်သည်။ ထို့ပြင် ရှေ့ဆုံးမှဘောင်းဘီအနားစကို မကာ တဇွတ်ထိုးပြေးလာနေသော ဝမ်ပေါင်လဲ့။ ထိုထူးဆန်းသော မြင်ကွင်းက လျှိုတောက်ပင်းကို တအံ့တသြဖြစ်သွားစေသည်။ သူက တုမင်ကို သဘောကျနေသည်မှာ ကြာမြင့်နေပြီဖြစ်ရာ ဝမ်ပေါင်လဲ့ကို သဘောမကျခြင်းက သဘာဝကျသည်။
‘ ငါက သေးပဲပေါက် …’
ဝမ်ပေါင်လဲ့က သူ့စကားကို ဆုံးအောင်မပြောရသေးခင်မှာပင် မနီးမဝေးရှိ မိန်းမပျိုနှစ်ယောက်ဆီမှ ကြောက်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။
ထိုအသံကို သူတို့ကြားလိုက်သည်နှင့် နေရာတစ်ခုလုံးကို ဆိုးဝါးသောအနံ့အသက်တစ်ခုက ချက်ချင်းလွှမ်းခြုံလာ၏။ ကမ်းခြေကို လှိုင်းများရိုက်ခတ်လိုက်သည့်အလား တဝုန်းဝုန်းမြည်ဟည်းသံများ ချက်ချင်းလွင့်ပျံလာသည်။
ဝမ်ပေါင်လဲ့က ခေါင်းကိုဆတ်ခနဲလှည့်ကာ ဘေးပတ်လည်ကို ကြည့်လိုက်သည်။ တချိန်တည်းမှာပင် လျှိုတောက်ပင်းနှင့်တခြားကျောင်းသားများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ သူတို့သည် တုမင်နှင့် ချစ်စရာ မိန်းမပျိုလေး၏ဘေးပတ်လည်ရှိ သစ်ကိုင်းများနှင့် မြေပြင်ထက်မှ မရေမတွက်နိုင်သော မြွေများ ထွက်ပေါ်လာနေသည်ကို မြင်လိုက်ရသည်။
ထိုမြွေများမှာ အရောင်စုံရှိပြီး အလွန်အဆိပ်ပြင်းဟန်တူသည်။ မြွေအရေအတွက်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားလွန်းလှပြီး မိန်းမပျိုနှစ်ယောက်ကို မြွေပင်လယ်ကြီးက ဝိုင်းရံထားသည့်အလား ဖြစ်နေသည်။
မိန်းကလေးနှစ်ယောက်မှာ သူတို့ဘေးပတ်လည်ရှိ မြွေများကိုကြည့်ကာ ရုတ်ချည်းကြောက်လန့်တုန်လှုပ်သွားသည်။ အထူးသဖြင့် မြွေများက ပါးစပ်များကိုဟကာ လျှာများကိုထုတ်၍ တရွှီရွှီမြည်သံပေးလာသောအခါတွင် ြဖစ်ပေသည်။ ၎င်းတို့က တရွှီရွှီမြည်သံပေးနေရင်း အဆိပ်ရည်များကို မှုတ်ထုတ်လေရာ ဆိုးဝါးသောအနံ့အသက်များ ထောင်းခနဲ ထနေတော့သည်။
ထိုစဥ် လျှိုတောက်ပင်းက ဆတ်ခနဲ လှုပ်ရှားလိုက်သည်။ ဝမ်ပေါင်လဲ့နှင့် ပြောဆိုနေရန် သူ အချိန်မရှိပေ။ သူက တုမင်ဆီသို့ တဟုန်ထိုးပြေးဝင်သွား၏။ နီရဲသောမျက်ဝန်းများနှင့် အကူအညီပေးရန် ပြေးသွားကြသော တခြားကျောင်းသားတချို့လည်းရှိသည်။
အရာအားလုံးက အလွန်လျင်မြန်စွာဖြစ်ပျက်သွားခြင်းဖြစ်၏။ ထိုသို့လူအားလုံး အကူအညီပေးရန် အပြေးအလွှားသွားလိုက်ချိန်မှာပင် မလှမ်းမကမ်းရှိတောအုပ်ဆီမှ ကလေးတစ်ယောက်အော်သံ ထွက်ပေါ်လာသည်။ ထိုအသံက လူတစ်ယောက်၏နှလုံးသားကို ကြောက်လန့်စိတ်များဖြင့် မွှန်ထူသွားစေသည်။ လူတစ်ယောက်၏လက်မောင်းပမာ တုတ်ခိုင်ကာ အနီရောင်အစင်းကြောင်းများရှိနေသော သတ္တဝါတစ်ကောင်က ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် လာနေသည်ကို သူတို့မြင်လိုက်ရသည်။
ရံဖန်ရံခါ ၎င်းက ခုန်ပျံလာနေခြင်းကြောင့် ဖြူဖျော့သောခေါင်းတစ်လုံးရှိကြောင်း တွေ့လိုက်ရသည်။ ၎င်းက မြွေတစ်ကောင်၏ဦးခေါင်းနှင့်မတူဘဲ ကလေးတစ်ယောက်၏ခေါင်းနှင့် ဆင်တူသည်။ သို့သော်လည်း ၎င်း၏မျက်လုံးများအတွင်းရှိအကြည့်က လူအားလုံး၏နှလုံးသားများကို ခဲဆွဲထားသည့်အလား လေးလံသွားစေသည်။
‘ ဟုန်ကူပိုင်ယင်မြွေ ‘
ကျောင်းသားတစ်ယောက်က ၎င်းကို မှတ်မိသွားသည်။ လူအားလုံး မွှန်ထူသွားကြပြီး ကြောက်လန့်တကြားအော်ဟစ်ကာ နောက်ဆုတ်သွားကြသည်။
လျှိုတောက်ပင်းသည် ဆံပင်ရှည်များ တဖျပ်ဖျပ်လွင့်နေပြီး ရပ်နေ၏။ ပြင်းထန်သောအမျက်ဒေါသကြောင့် သူ့နှလုံးသားကို ဖျစ်ညှစ်နေသည့်အလား သူ ခံစားနေရသည်။ ဟုန်ကူပိုင်ယင်မြွေက နာမည်ဆိုးဖြင့် ကျော်ကြား၏။ ရှေးဦးဝိညာဉ်ခေတ်မှာ အန္တရာယ်အရှိဆုံးသားရဲတစ်ထောင်အနက် အပါအဝင်ဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်က ပျော့ပျောင်းသော်လည်း အလွန်လျင်မြန်ကာ ၎င်း၏အဆိပ်က ပြင်းထန်သည်။ ၎င်း၏အဆိပ်တစ်စက် ထိတွေ့မိလိုက်သည်နှင့် လူတစ်ယောက်က သွေးအိုင်ထွန်းကာ အနီရောင်အရိုးများ ထွက်ပေါ်လာလိမ့်မည်။
သူက တုမင်ကို သဘောကျသော်လည်း သူ့အသက်ကိုအဆုံးရှုံးခံရလောက်သည်အထိ မထိုက်တန်ဟု သူခံစားနေရသည်။ ဟုန်ကူပိုင်ယင်မြွေက ၎င်း၏သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်လိုက်သည့်အချိန်မှာပင် လျှိုတောက်ပင်းနှင့် တခြားသူများအားလုံး ကြောက်လန့်တုန်လှုပ်ကာ နောက်သို့ ဆုတ်လိုက်ကြသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ဝမ်ပေါင်လဲ့က သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်၏။ ထို့နောက် အဖြစ်အပျက်အားလုံးက အတုအယောင်သာဖြစ်သည်ကို သူတွေးမိကာ သူ့မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။ ဆရာများ၏ရှေ့မှောက်မှာ သူတောက်ပရန် အခွင့်အခါကောင်းဖြစ်သည်ကို သူနားလည်လိုက်သည်။
အားလုံးက အတုအယောင်ဖြစ်နေမှတော့ ငါ ဘာကိုကြောက်ရမှာတုန်း။
ထိုသို့ဆုံးဖြတ်ချက်ချပြီးသည်နှင့် ဝမ်ပေါင်လဲ့က လေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း အဝေးသို့ ထွက်ပြေးနေကြသော သူ့အတန်းဖော်များကို အထင်သေးစွာ တစ်ချက် ကြည့်လိုက်သည်။
‘ ငါးဖောင်ရိုးမ တုမင်က ရုပ်ဆိုးပြီး ကတ်ကတ်လန် ရန်တွေ့တတ်တယ်။ ငါ့ကိုလည်း အမြဲတမ်းခက်ခဲအောင် လုပ်တယ်။ ဒါပေမဲ့ အမှန်တရားဘက်တော်သား ငါ ဝမ်ပေါင်လဲ့က ကိုယ်ကျိုးမငဲ့တဲ့အပြင် ကိုယ့်အတန်းဖော်တွေဆို ကူညီတတ်တဲ့ လူတစ်ယောက်ပဲ ”
‘ ဒီလိုအန္တရာယ်ကြုံနေရတဲ့အချိန်မှာ ငါဘာလို့ နောက်ဆုတ်ရမှာလဲ။ တခြားသူတွေကတော့ သေမှာကြောက်လို့ တွန့်ဆုတ်ချင် တွန့်ဆုတ်နေမယ်။ ဒါပေမဲ့ ငါ့အတန်းဖော်အတွက်ဆိုရင် အသက်သေချင်သေပါစေကွာ။ ကြောက်မွှေးပါနေရင်တောင် ဇာဂနာနဲ့ နှုတ်ပစ်မယ်ကွ ‘
အရှက်မရှိသောဖက်တီးသည် သူ့စကားလုံးများအပေါ် လွန်စွာကျေနပ်အားရနေတော့သည်။ သူ့အသွင်က ပုံရိပ်ယောင်ကမ္ဘာထဲမှာ ရှိနေသည်ကို မေ့လျော့နေသည့်အလား၊ သူက ဟန်ဆောင်ရာတွင်သာ လုံးလုံးလျားလျား နစ်မြုပ်ထားလေသည်။
‘ ငါးဖောင်ရိုးမ၊ ဒီနေ့ ယောက်ျားဆိုတာ ဘာလဲ နင့်ကို ငါပြမယ် ‘
လူအားလုံးက ကြောက်လန့်တကြား နောက်ဆုတ်နေကြစဉ် ဝမ်ပေါင်လဲ့က နောက်မဆုတ်သည်သာမက အော်ဟစ်ကြုံးဝါးနေသည်။ သူက မေးကိုပင့်ထားလေရာ သူ၏လုံးဝိုင်းသောမျက်နှာက ဓားသွားပမာ စူးရှပြတ်သားနေဟန် အထင်းသားပေါ်နေသည်။
သူက ယောက်ျားဆန်မှုများပြည့်နေစေလျက် မြွေထံ အံ့မခန်းအရှိန်အဟုန်ဖြင့် ပြေးဝင်သွားလေသည်။
တမူထူးခြားပြီး အရှိန်အဝါကြီးမားသော အသွင်အပြင်က အမှန်တရားကို ကိုယ်စားပြုဟန်တူသည်။ သူကား မိန်းမပျိုလေးနှစ်ယောက်ဆီသို့ ပြေးသွားလေပြီ။
ထိုမြင်ကွင်းက တုမင်ကို ဆွံ့အသွားစေသည်။ သူမက မြွေများကို ကြောက်လန့်နေသည့်တိုင် အခြေအနေက သူမ၏မျက်လုံးထဲ ကိုးလို့ကန့်လန့်ဖြစ်နေသည်။ သို့သော်လည်း သူမ၏ဘေးရှိ ချစ်စရာမိန်းကလေးမှာ လွန်စွာစိတ်လှုပ်ရှားလာတော့သည်။
ဝမ်ပေါင်လဲ့၏အော်ဟစ်ကြုံးဝါးသံနှင့် ရဲရင့်တည်ကြည်သောအသွင်အပြင်က တခြားလူများကို အံ့သြမှင်တက်သွားစေသည်။ ဟုန်ကူပိုင်ယင်မြွေက မိန်းကလေးများအနီးသို့ တရွေ့ရွေ့ချည်းကပ်လာစဉ် ဝမ်ပေါင်လဲ့က ကောင်းကင်မှဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးအလား ရောက်ရှိလာသည်။ သူက လူပေါင်းများစွာ၏အသည်းနှလုံးကို ကြောက်ရွံ့မှုများ ဖုံးလွှမ်းစေခဲ့သည့် မြွေကို ခေါင်းမှ ဆွဲကိုင်ကာ အဝေးသို့ လွှင့်ပစ်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူက သူတော်စင်တစ်ပါးဖြစ်သွားသည့်အလား သူ့ခန္ဓာကိုယ်မှ အရှိန်အဝါများ ထိုးထွက်လာ၏။ သူက စိတ်အားတက်ကြွစွာဖြင့် တွေဝေတွန့်ဆုတ်မနေဘဲ စိတ်လှုပ်ရှားနေသော မိန်းမပျိုလေးကို ဆွဲခေါ်လိုက်ကာ ငေးကြောင်နေသော တုမင်အား ချိုင်းကြားတွင်ညှပ်၍ သယ်ဆောင်လိုက်ရင်း လူအုပ်ကြီးရှိရာသို့ ပြန်ပြေးလာသည်။
သို့သော်လည်း ထိုနေရာတွင် မြွေများစွာရှိနေရာ သူ့အပြန်ခရီး၌ သူ့ဖင်မှာ ကြိမ်ဖန်များစွာ မြွေပေါက်ခြင်းခံလိုက်ရ၏။ လူအုပ်ကြီးဆီသို့ ပြန်ရောက်သောအခါ သူ့မျက်နှာတစ်ခုလုံး ပြာနှမ်းနေလေပြီ။ မိန်းကလေးများကို အန္တရာယ်ကင်းရှင်းစွာ သယ်လာနိုင်ပြီဖြစ်ကြောင်း သိသောအခါမှသာ သူသည် စိတ်သက်သာရာရသွားပြီး ပုံလျက်သား လဲကျသွားသည်။
ငါ အတော်လေး မိုက်ရူးရဲဆန်သွားတဲ့ပုံပဲ…။ အီး.. ငါ့ဖင်ကလည်း နာလိုက်တာ။ တကယ့်ယောက်ျားတစ်ယောက်ဖြစ်ရတာ ဘယ်လောက်ခက်ခဲမှန်း ဒါက သက်သေပြလိုက်တာပဲ။
ဝမ်ပေါင်လဲ့သည် စိတ်ထဲတွင် နာကျင်စွာညည်းညူနေတော့သည်။ တုမင်က သူ့အား ငေးကြည့်နေဆဲဖြစ်သည်ကို သူမြင်နေရသည်။ ချစ်စရာကောင်းသော မိန်းကလေး၏မျက်လုံးများထဲတွင် ကျေးဇူးတင်သည့် အရိပ်အယောင်များ ယှက်သန်းနေ၏။ သူ့မျက်ခွံများက လေးလံလာသည့်တိုင် သူ့ကိုယ်သူ အတော်လေး ဂုဏ်ယူနေမိသည်။
သူ့ဖင်မှဒဏ်ရာများက ပိုမိုနာကျင်လာသောအခါ ဝမ်ပေါင်လဲ့က တုမင်၏လက်ကို ဆတ်ခနဲဆုပ်ကိုင်လိုက်ကာ
‘ တုမင်၊ နင့်အသက်ကို ကယ်လိုက်တာ အခုတော့ ငါ့ဖင်က မခံမရပ်နိုင်လောက်အောင် နာကျင်နေရပြီ။ မြွေဟောက်မတစ်ကောင်ကသာ စုပ်ထုတ်ပေးရင် ပျောက်မယ်လို့တော့ ငါကြားဖူးတာပဲ။ နင် ငါ့ကို ကူညီ …’
သူ့စကားမဆုံးခင်မှာပင် ဝမ်ပေါင်လဲ့သည် မူးဝေနောက်ကျိလာ၏။ သူ့ခေါင်းက ငိုက်စိုက်ကျသွားပြီး တုမင်၏ရင်ခွင်ထဲသို့ ကျရောက်တော့မည်ကို သူ ဝိုးတဝါး မြင်လိုက်ရသည်။ သို့သော်လည်း တစ်စုံတစ်ခုသော တွန်းအားကြောင့် ချစ်စရာကောင်းသော မိန်းကလေး၏ရင်နှစ်မြွှာကြားထဲသို့ အပ်မိသွားကြောင်း သူသိလိုက်သည်။
ထိုအခြင်းအရာကိုမြင်သောအခါ လူများ၏မျက်နှာများထက်တွင် ထူးဆန်းသောအရိပ်အယောင်များဖြစ်ပေါ်လာသည်။ ဝမ်ပေါင်လဲ့ကား သတိလစ်သွားသည့်တိုင် သူ့မျက်နှာပေါ်ရှိ မနှစ်မြို့ဖွယ်ကောင်းသော အကြည့်ကြောင့် တုမင်၏မျက်နှာ မည်းမှောင်သွားသည်။
ထိုစဉ် ပြည်ထောင်စုနယ်မြေအတွင်း တိမ်ရေကန်မိုးသစ်တောနှင့် အလွန်ကွာဝေးသောနေရာ၌ အနီရောင်သင်္ဘောကြီးသည် ကောင်းကင်တာအိုကျောင်းဆီသို့ တရွေ့ရွေ့ချဉ်းကပ်နေ၏။ ဝိညာဉ်ကျင့်ကြံခြင်းခန်းမထဲတွင် ရာကျော်သောကျောင်းသားများက နှစ်ခြိုက်စွာအိပ်မောကျနေသည်။ ထိုကျောင်းသားများထဲတွင် ဝမ်ပေါင်လဲ့သည်လည်း အပါအဝင်ဖြစ်၏။ သူက လှပသောအိပ်မက်တစ်ခုကို မက်နေသည့်အလား သူ့နှုတ်ခမ်းထောင့်စွန်းတွင် ချိုမြိန်သောအပြုံးတစ်စ တွဲခိုနေလေသည်။ သူ့ခေါင်းသည်လည်း ဘေးသို့ငိုက်စိုက်ကျနေ၏။
သင်္ဘောကြီး၏ပင်မခန်းမထဲတွင် သမားတော်အိုကြီးအပါအဝင် ဆရာအားလုံးက ပြူးကျယ်သောမျက်လုံးများနှင့် ငေးစိုက်ကြည့်နေကြ၏။ သူတို့က သူတို့ရှေ့ရှိ ဖန်သားပြင်များအနက် တစ်ခုကို ကြည့်နေကြခြင်း ဖြစ်သည်။
ဖန်သားပြင်ထက်ဝယ် တိမ်ရေကန်မိုးသစ်တောထဲမှာ တုမင်ကို ကယ်တင်ခဲ့သည့် သတိလစ်မေ့မျောနေသော ဝမ်ပေါင်လဲ့ရှိနေ၏။
‘ အဲဒီဖက်တီးရဲ့နာမည်က ဘာလဲ ‘
‘ ပုံရိပ်ယောင်ကမ္ဘာထဲကို သူတို့ရောက်နေပေမဲ့ လက်တွေ့နဲ့မခြားနားပါဘူး။ သူ့လုပ်ရပ်က သူ့ရဲ့ စစ်မှန်တဲ့စရိုက်သဘာဝကို ဖော်ပြနေတာပဲ ‘
‘ ဒီလိုသတ္တိရှိပုံမျိုး၊ ဒီလိုအကြောက်အလန့်မရှိပုံမျိုးနဲ့ အတန်းဖော်တွေကိုကယ်တာ ရှားတယ်။ နှစ်တစ်ရာမှာတောင် တစ်ယောက် မြင်ရခဲတယ်။ သူက ငါတို့တာအိုကျောင်းက အလိုရှိနေတဲ့ ကျောင်းသားမျိုးပဲ ‘
ဆရာများ တစ်ယောက်ပြီးတစ်ယောက် ဝမ်ပေါင်လဲ့ကို ချီးကျူးနေကြလေသည်။ ဝမ်ပေါင်လဲ့အား သူတို့၏ဋ္ဌာနများထဲသို့ ချက်ချင်းဝင်ရောက်ခွင့်ပေးရန် စဉ်းစားနေကြသော ဆရာတချို့ပင် ရှိသည်။ ကောင်းကင်တာအိုကျောင်း၏ ပါမောက္ခဖြစ်သော သမားတော်အိုကြီးသည်ပင် အတန်ငယ် အံ့အားသင့်သွားသည်။ တစ်ခုခုလွဲမှားနေသည့်အလား သူ ခံစားနေရပြီး တွေဝေနေ၏။
ငါ မှားပြီး ဆုံးဖြတ်ချက်ချမိလိုက်တာလား…
ထိုအကြောင်းကို တွေးတောမိရင်း သူက ကျောင်းသားများ၏ကိုယ်ရေးအကျဥ်း စာအုပ်များထဲမှ ဝမ်ပေါင်လဲ့ဆိုသောနာမည်နှင့် စာအုပ်ကိုယူကာ စတင်ဖတ်ရှုလိုက်လေသည်။
***
It’s so funny.Fantasy 🥰
ရီရတယ် ဖတ်လို့လဲကောင်းတယ်🤣💜