ယန်တိုင်၏စကားက ကျောင်းအုပ်ချန်း၏ ဒေါသကို ပိုမို၍ တောက်လောင် စေသည်။ ကောင်းကင် တစ်ခုလုံးက သူ၏မျက်လုံးထဲတွင် ရှိနေသည့်အလား ဖြစ်သည်။ လက်ဆန့်တန်းလိုက် သည်နှင့် ဥက္ကာခဲမုန်တိုင်းက လေထဲတွင် ရုန့်ရင်းကြမ်းတမ်းစွာ ထွက်ပေါ်လာသည်။
“ဒါကို အဆုံးသတ် ကြတာပေါ့…” ကျောင်းအုပ်ချန်း၏ မျက်လုံးများက ရေခဲတမျှ အေးစက်နေသည်… “ဒါဆို မင်းက ဒီလို မလုပ်ခင်တည်းက ဘာလို့ မစဉ်းစားတာလဲ…”
“မင်းက တကယ်ပဲ ရူးသွားပြီ…” ယန်ထန်းက ကောင်းကင်သို့ ခုန်တက်လာကာ သူ၏ခန္ဓာကိုယ်က ပြင်းထန်သော အပူရှိန်များ တညီးညီး ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ကား ဧရာမနေမင်းကြီး တစ်စင်းလို သူ့ဘေးပတ်လည်မှ အရာအားလုံးကို အရောင်ညီးညီး ထလောင်စေသည်။ သူက ဥက္ကာခဲများထံသို့ တိုးဝင်သွားကာ ပျက်စီးမှုများအား အတတ်နိုင်ဆုံး တားဆီးရန် ကြိုးစားသည်။
သူရိယနေမင်း ကျောင်းမှ ရှီတန်ခိုးရှင်များကလည်း အရပ်မျက်နှာ မျိုးစုံကို မျက်နှာမူ၍ ကျောင်းအုပ်ချန်း၏ တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားကြသည်။
ကျောင်းအုပ်ချန်း၏ ခန္ဓာကိုယ်က ကြယ်တာရာအလင်းများ ထွက်ပေါ်လာကာ သူက ရီဖူရှင်းအား ဆောင်ယူလျက်ပင် ရီဖူရှင်းကို တိုက်ခိုက်ခဲ့သော ရှီတန်ခိုးရှင်ထံသို့ တိုးဝင်သွားသည်။
ကျောင်းအုပ်ချန်း ဘေးပတ်လည်မှလည်း ကြယ်မင်းကျောင်းမှ ရှီတန်ခိုးရှင်များက အရံအတား စွမ်းအားများကို ထုတ်လွှတ် ပေးကြသည်။ ဖိအားကား ထိတ်လန့်ဖွယ်ပင်။ ကျောင်းအုပ်ချန်း၏ ပစ်မှတ်ထားခံရသော ရှီတန်ခိုးရှင်၏ အမူအရာက ပြောင်းလဲသွားသည်။ ကျောင်းအုပ်ချန်းက အမှန်ပင် ရူးသွားသွားပြီဟု သူ တွေးလိုက်သည်။
ကျောင်းအုပ်ချန်းက လှမ်းသွားလျက် မြေပြင်က ကွဲအက်ကာ ကောင်းကင်ကပင် ပြိုဆင်းလာသလို ခံစားကြရသည်။ သူက ကြယ်အလင်းအလား ပြေးဝင်သွားပြီး တစ်ချိန်တည်းမှာပင် ကျောင်းအုပ် ယန်တိုင်ကလည်း သူ၏နောက်ကျောတွင် နေဓာတ်လုံးတစ်ခု ပေါ်လာပြီး ကျောင်းအုပ်ချန်းထံသို့ ပျံသန်းသွားသည်။
ကျောင်းအုပ်ချန်းက ရှေ့ကို တိုးသွားသော အချိန်တွင်ပင် နေမင်းရောင်ခြည်များက သူ၏ခန္ဓာကိုယ်ကို ကျဆင်းလာကာ သူ့ကိုယ်မှ ကြယ်တာရာ အလင်းကို ပိုမို လင်းလက်စေသည်။
နေဓာတ်လုံး ပတ်လည်တွင် မီးလျှံသင်္ကေတများ ဖြစ်ပေါ်လာကာ ကျောင်းအုပ်ချန်းထံသို့ တိုးဝင် လာကြပြန်သည်။ သို့သော် ကျောင်းအုပ်ချန်းက ရပ်တန့်ခြင်းမရှိပေ။ ဘုန်းခနဲမြည်သံနှင့်အတူ သူတို့နှစ်ယောက် ပြင်းထန်စွာ ရင်ဆိုင်မိပြီး ကျောင်းအုပ်ယန်တိုင် အဝေးကို လွင့်စဉ်သွားသည်။
ကျောင်းအုပ်ချန်းက ကြယ်တာရာ တော်ဝင်ပညာအား လေ့ကျင့်ပြီး ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်သည်။ တခြားတစ်ဖက်တွင် ကျောင်းအုပ်ယန်တိုင်ကား နေမင်းမီးတောက်တွင် ထူးချွန်သည်။ အနီးကပ် တိုက်ခိုက်မှုတွင် ကျောင်းအုပ်ယန်က ကျောင်းအုပ်ချန်းအား မယှဉ်နိုင်ပေ။
သို့သော် မီးဓာတ်စွမ်းအားများက သူ၏ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာကြသည်။ သူ၏အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ ကျောင်းအုပ်ချန်းက မြေပြင်မှ ရှီတန်ခိုးရှင်အား သူ၏လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ကောင်းကင်က ပိုမို မည်းမှောင်သွားဟန် ရကာ ဧရာမ လက်ဝါးကြီးက သူ့ထံကို ကျဆင်းလာသည်။ ရှီတန်ခိုးရှင်ကား ကြယ်တာရာ မြေဆွဲအား၏ ဖိအားအတွင်းကို ချက်ချင်း ကျဆင်းသွားသည်။ ကျောင်းအုပ်ချန်းကား မြေဓာတ်စွမ်းအင်ကို တိုက်ရိုက် ထိန်းချုပ်နိုင်စွမ်း ရှိသည်။
တဝုန်းဝုန်း မြည်သံနှင့်အတူ ဧရာမလက်ဝါးက ရီဖူရှင်းအား တိုက်ခိုက်ခဲ့သော ရှီတန်ခိုးရှင်ထံသို့ ကျသည်။ ထိုရှီတန်ခိုးရှင်၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ကျောင်းအုပ်ချန်းကဲ့သို့ ရှီတန်ခိုးရှင် ဖြစ်သော်လည်း တကယ့်သီးသန့် အဆင့်ကား ကွာခြားလွန်းလှသည်။ ထိုရှီတန်ခိုးရှင်ကား ကျောင်းအုပ်ချန်း၏ ဖိအားကို ခံနိုင်ခြင်း မရှိဘဲ သူ၏လှုပ်ရှားမှုများအားလုံး ထိန်းချုပ်ခံလိုက်ရသည်။
“ချန်းယွန်…” ကျောင်းအုပ်ယန်က အော်လိုက်သည်။ သို့သော် သူ နောက်ကျသွားပြီ ဖြစ်သည်။ ဘန်းခနဲ မြည်သံနှင့်အတူ ဧရာမ လက်ဝါးအောက်တွင် ထိုရှီတန်ခိုးရှင်ကား အသံပင် မထွက်နိုင်ဘဲ မြေပြင်၌ ပြားကပ်သွားသည်။ သူ့ပတ်လည် တစ်ဝိုက်တွင် ပေတစ်ရာမျှ ကျယ်ဝန်းသော ချိုင့်ခွက်ကြီး ဖြစ်သွားသည်။
ကျောင်းအုပ်ယန်က သေသွားသောလူအား ကြည့်လိုက်သည်။ သူ၏အမူအရာက လွန်စွာ အရုပ်ဆိုးနေ၏။ ကျောင်းအတွက် ရှီတန်ခိုးရှင် တစ်ယောက်က အလွန်အမင်း အရေးပါသည်။ သူက အမိန့်ကို မနာခံဘဲ ရီဖူရှင်းကို တိုက်ခိုက်ခဲ့သည့်တိုင် ကျောင်းအုပ်ယန်က သူ့အား ကာကွယ်လိုစိတ် ရှိသည်။ ထို့အပြင် သူကား သာမန် ရှီတန်ခိုးရှင် မဟုတ်ပေ။ သူက သူရိယနေမင်းကျောင်း၏ ထူးခြား ထက်မြက်သော ရှီတန်ခိုးရှင်ဖြစ်ကာ ကျောင်းအုပ်ယန်တိုင်၏ လက်ရင်းတပည့် တစ်ယောက်လည်း ဖြစ်သည်။
သူရိယနေမင်းကျောင်းက သူကဲ့သို့သောလူအား အသက် အသေခံလိုသည် မဟုတ်ပေ။ သို့သော် ကျောင်းအုပ်ချန်းက ဖြစ်လာနိုင်သော အကျိုးဆက်များ အားလုံးကို လျစ်လျူရှုကာ သတ်ဖြတ်ခဲ့သည်။
ကျောင်းအုပ်ချန်းက ရီဖူရှင်းကို ကြည့်သည်။ သူ၏ဒဏ်ရာက လွန်စွာ ပြင်းထန်ကာ အမြန်ကုသရန် လိုနေသည်။
“သွားစို့…” ကျောင်းအုပ်ချန်းက အမိန့်ပေးသည်။ သူက ကောင်းကင်သို့ ပျံတက်သွားသည်တွင် ကြယ်မင်းကျောင်းမှ လူများ အားလုံးကလည်း သူ့နောက်မှ လိုက်ပါသွားကြသည်။
ယန်တိုင်က သူတို့အား ဒေါသတကြီး ကြည့်သည်။ လက်ရှိတွင် သူ၏ တိုက်ခိုက်လိုစိတ်က ထိန်းချုပ်၍ပင် မရနိုင်။ သို့သော် သည်နေရာကား သူ၏ သူရိယနေမင်းကျောင်း ဖြစ်သည်။ သူက စတင် တိုက်ခိုက်လိုက်သည်နှင့် သူ၏တပည့်များ ကပ်ဘေးဆိုက်တော့မည်။ စက္ကန့်ပိုင်းမျှ ရင်ဆိုင် ထိတွေ့ခြင်းက သူ့အတွက် ကြီးလေးသော ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေသည်။
ထွက်သွားသော လူများကို ကြည့်ကာ တစ်စုံတစ်ယောက်က အနီးကို ကပ်လာပြီး ပြောသည်… “ချန်းယွန်က အရမ်း လွန်သွားပြီ… ကျောင်းအုပ်… ကျုပ်တို့ သွားတိုက်ကြမလား…”
ကျောင်းအုပ်ယန်က သူ့ကို ကြည့်သည်။ ထို့နောက် မြေပြင်ပေါ်တွင် ပြားကပ်နေသော ရှီတန်ခိုးရှင်ကို ကြည့်သည်။ အမှန်အားဖြင့် သူတို့က ပထမဆုံး မှားယွင်းခြင်း ဖြစ်သည်။ ရီဖူရှင်းကား ဒဏ်ရာပြင်းထန်စွာ ရကာ သူ၏တန်ခိုးအစွမ်းက ပျက်စီးသွားသည်မှာ သေချာသည်။ ယခု ကျောင်းအုပ်ယန်က ကြယ်မင်းကျောင်းကို သွားရောက် တိုက်ခိုက်လျှင် ဖြစ်လာမည့် အကျိုးဆက်ကို သူသိသည်။ မိုးမြေကောင်းကင်မြို့တွင် သူတို့ကျောင်း နှစ်ကျောင်းက သမိုင်းထဲတွင်သာ ကျန်ရစ်နိုင်သည်။
သူရိယနေမင်းကျောင်းက တပည့်များက လေထဲကို ပျံတက်လာကာ မြေပြင်မှ မြင်ကွင်းကို ထိတ်လန့်စွာ ကြည့်ကြသည်။ ခုနက ကြီကျယ်ခမ်းနားကာ ထည်ဝါသော သူတို့၏ ကျောင်းကြီးကား ယခု အမှိုက်ပုံနှင့်ပင် မခြားနားတော့။ ဤသို့သောအဆင့် တိုက်ပွဲမျိုး မိုးမြေကောင်းကင်မြို့တွင် ဖြစ်ပေါ်လာမည်ဟု သူတို့ မထင်ထားကြ။
ရီဖူရှင်းကား အကာနာအဆင့် ဂျူနီယာတစ်ယောက်မျှသာ ဖြစ်သော်လည်း သူရိယနေမင်းကျောင်း ပျက်စီးခြင်းနှင့် ရှီတန်ခိုးရှင် သေဆုံးရသည့် အကြောင်းအရင်း ဖြစ်သည်။ ဤသို့သော ဖြစ်ရပ်မျိုးကို အတိတ်တွင် တစ်ခါမှ မဖြစ်ဖူးပေ။
ကျောင်းအုပ်ချန်းနှင့် သူတို့အဖွဲ့တို့ ကျောင်းကို ပြန်ရောက်လာပြီးနောက် သားတော်၏ နန်းဆောင်ထဲတွင် စွမ်းအား အမြင့်ဆုံးလူများ စုစည်း ရောက်လာနေကြသည်။ ရီဖူရှင်း၏ဒဏ်ရာက အတော်ဆုံး ဆေးပညာရှင်များ၏ ကုသမှုအောက်တွင် တည်ငြိမ်သွားပြီ ဖြစ်သည်။
ထိုအခိုက်တွင် ယူချင်း၊ ရီဝူချင်းနှင့် လို့လန်ရွှီတို့က အခန်း အပြင်ဘက်တွင် ရှိနေကြသည်။ သူတို့အားလုံးက ဒေါသ ပေါက်ကွဲနေကြသည်။ သူရိယနေမင်း ကျောင်းကား မိုးမြေ ကောင်းကင်မြို့၏ ဂုဏ်သိက္ခာ ကြီးမားသော ကျောင်းတစ်ကျောင်း ဖြစ်ကာ အကာနာအဆင့် တန်ခိုးရှင် တစ်ယောက်၏ အသက်အန္တရာယ်ကို ပေးရန် ကြိုးစားခဲ့ကြသည်။
“ကျောင်းအုပ်… သူ ဘယ်လိုလဲ…” ကျောင်းအုပ်ချန်းက အခန်းအပြင်မှ ထွက်လာသည်တွင် သူတို့အုပ်စုက အပြေးအလွှား သွာမေးကြသည်။
ကျောင်းအုပ်ချန်း၏ အမူအရာက သုန်မှုန်နေကာ ဘာမှ မပြော။ သူ့ဘေးမှ ပါလာသော တစ်ယောက်က ပြောသည်… “ရီဖူရှင်းရဲ့ အသက်အန္တရာယ်က မစိုးရိမ်ရဘူး… ဒါပေမဲ့ သူ့တန်ခိုး အစွမ်းတွေက ပျက်စီးသွားပြီ… သူ နောက်ထပ် လေ့ကျင့်ဖို့ မဖြစ်နိုင်တော့ဘူး…”
အရိုးအဆစ်မြည်သံနှင့် အတူ ယူချင်း၏မျက်လုံးများ နီရဲလာသည်… “ကျုပ်မယုံဘူး…” ထို့နောက် သူက တခြားလူများ တားဆီးချိန်ပင် မရလိုက်ဘဲ ရီဖူရှင်း၏ အခန်းထဲကို ပြေးဝင်သွားသည်။
“ဒါက ယန်တိုင်ရဲ့ အစီအစဉ် ဟုတ်ဟန်မကျဘူး… သူက ဒီလောက် ကောက်ကျစ် ရက်စက်မယ်လို့ မထင်ဘူး…” ကုဟန်ရှင်းက သုံးသပ်သည်။
“ဖြစ်နိုင်ပါတယ်…” ကျောင်းအုပ်ချန်းက ပြောသည်… “ဒါပေမဲ့ ဒါက သူ့အစီအစဉ် ဟုတ်တာ မဟုတ်တာနဲ့ မဆိုင်တော့ဘူး… ရီဖူရှင်းကို သူရိယနေမင်းကျောင်းက ဖမ်းခေါ်သွားတာ ဖြစ်ပြီး သူက ဒီအတွက် တာဝန်ယူရမယ်…”
“မှန်တယ်…” ကုဟန်ရှင်းက သဘောတူသည်။
“ဒီအဖြစ်အပျက်တွေ အားလုံးကို နောက်ကွယ်က တစ်ယောက်ယောက် ကြိုးကိုင် ဖန်တီးနေသလိုပဲ…” သခင်မလောင်က တွေးတွေးဆဆ ပြောသည်။
“တစ်ယောက်ယောက်က လျှို့ဝှက်ပြီး ပြဿနာ ရှာနေတယ် ဆိုတာကို ငါသိတယ်… ဒါပေမဲ့ ကျင်းယွန်ရှောင်းက ရီဖူရှင်းကို လုပ်ကြံဖို့ ကြိုးစားခဲ့တာကလည်း အမှန်တရားပဲ… ငါက ရီဖူရှင်းကို မေးခဲ့တယ်… သူ ကျင်းယွန်ရှောင်း သေရမယ်လို့ ပြောတယ်… ဒါကြောင့် ငါက အကျိုးဆက်ကို စဉ်းစားခဲ့တယ်… ဒါပေမဲ့ ယန်တိုင်က ဒီလို ညစ်ပတ်မယ်လို့ မထင်ထားခဲ့ဘူး…” ကျောင်းအုပ်ချန်း၏ အသံက ဒေါသသံ စွက်နေသည်။
ထိုစဉ်မှာပင် ကောင်းကင်ထက်မှ နောက်ထပ် ဖိအားတစ်ခု ဆင်းသက်လာသည်။ ကြည့်ရသည်မှာ ကြယ်မင်းကျောင်းက နောက်ထပ် အခက်အခဲတစ်ခုကို ရင်ဆိုင်ရမည့်ဟန် ရှိသည်။ ကျောင်းအုပ်ချန်းက ကောင်းကင်ထက်တွင် ပေးလာသော လူစုကို ကြည့်သည်။
“ကြည့်ရတာ နောက်ထပ် လူလိမ်လူကောက် တစ်အုပ် ရောက်လာပြန်ပြီ…” ကုဟန်ရှင်းက မှတ်ချက်ချသည်။ ထိုလူများကား စန္ဒာငွေလမင်းကျောင်းမှ လူများ ဖြစ်ကြသည်။ ခေါင်းဆောင် လာသူကား ကျောင်းအုပ်ကုန်းခွေ ဖြစ်သည်။
“ချန်းယွန်… ကြယ်မင်းကျောင်းရဲ့ သားတော်က တန်ခိုးအစွမ်း ဖျက်ဆီးခံရတယ်ဆို… သူဘယ်လိုနေလဲ…” ကုန်းခွေက ပြောသည်။
“ဟိုဟိုဒီဒီ လျှောက်ပြောမနေနဲ့…” ကျောင်းအုပ်ချန်းက သူ့ကို အေးစက်စွာ ကြည့်သည်။ ကုန်းခွေက ဤနေရာသို့အထိ ရီဖူရှင်းကို စိုးရိမ်ရုံမျှဖြင့် ရောက်မလာ။
ကုန်းခွေ ရယ်မောလိုက်သည်… “ရီဖူရှင်း ရထားတဲ့ တော်ဝင် ပညာရပ်ကာ ကောင်းကင် အလင်းတန်း သုံးခုဆို… အခု သူ့ရဲ့ စွမ်းအားတွေက ပျက်စီးသွားပြီဆိုတော့ ကောင်းကင် အလင်းက ကျောင်းသုံးကျောင်းကို ပြန်ပေးသင့်တယ်… ယန်တိုင်က သူနဲ့သက်ဆိုင်တာကို ယူသွားပြီဆိုတော့ စန္ဒာငွေလမင်းနဲ့ဆိုင်တဲ့ ကောင်းကင် အလင်းကို ပြန်မပေးသင့်ဘူးလား…”
“ထွက်သွား…” ကျောင်းအုပ်ချန်းက တစ်ခွန်းတည်းသာ ပြောသည်။
အားလုံးက ကုန်းခွေကို အေးစက်စွာ ကြည့်ကြသည်။ တစ်ဖက်လူ အားနည်းနေသော အချိန်ကို အခွင့်အကောင်းယူကာ ကောင်းကင်အလင်းကို လာရောက် ယူဆောင်ခြင်းက သူတို့အား ခံရခက်စေသည်။
ကုန်းခွေက ရယ်မောလိုက်သည်။ သူရိယနေမင်းကျောင်းက သူတို့ ရသင့်သော ကောင်းကင် အလင်းကို ယူသွားပြီ ဖြစ်သည်။ သူတို့က မည်သို့ ထိုင်ကြည့် နေရမည်နည်း။ သူကလည်း ရှန့်ထိုတန်ခိုးရှင်၏ တော်ဝင် ပညာရပ်များကို စိတ်ဝင်စားပေသည်။
“ထိပ်သီးကျောင်း သုံးကျောင်းက ဇာစ်မြစ် တစ်ခုတည်းကပဲ…” ကုန်းခွေက ပြောသည်… “ဒါက နဂိုကတည်းက ကျုပ်တို့ ဘိုးဘေးတွေရဲ့ မျိုးဆက်အမွေပဲ… အခု တော်ဝင်လမ်းအတွက် ဆက်ခံသူက ပျက်စီးသွားရပြီ… အခု ကောင်းကင်အလင်းက မူလပိုင်ဆိုင်သူ လက်ထဲကို ပြန်ပေးရမယ်…”
“မင်း ဆန္ဒရှိရင် တိုက်…” ကျောင်းအုပ်ချန်းက အေးစက်စွာ ပြောသည်။
“ငါက မင်းလို ကြီးမားတဲ့ ဖျက်ဆီးမှုကို လုပ်မည့်လူ မဟုတ်ဘူး… မင်းက လက်ရှိ အခြေအနေကို နားမလည်တာလည်း မဟုတ်ဘူး… ကြယ်မင်းကျောင်းက ကျင်းကလန်နဲ့ သူရိယနေမင်းကျောင်း တို့ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရတယ်… အခု မင်းက စန္ဒာငွေလမင်း ကျောင်းကိုလည်း ရန်သူ လုပ်မလို့လား… မင်းက သေသေချာချာ စဉ်းစားပြီးပြီလား…” ကုန်းခွေ၏အသံကလည်း တစ်စတစ်စ အေးစက် လာနေသည်။
“မင်းကို ထွက်သွားဖို့ ပြောနေတယ်… မင်းက ငါပြောတာကို မကြားဘူးလား…” ကျောင်းအုပ်ချန်းက အေးစက်စွာ ပြောသည်။
သို့သော်လည်း ရီဖူရှင်း၏အခန်းထဲမှ ကောင်းကင် အလင်းတန်းတစ်ခုက ကုန်းခွေထံသို့ ပျံသန်းသွားသည်။ ပထမက ကုန်းခွေက အံ့အားသင့် နေသေးသည်။ ထို့နောက် သူက ကောင်းကင်အလင်းအား သူ၏စိတ်အသိနှင့် ပေါင်းစပ်ကာ ရုပ်သိမ်းလိုက်သည်။ ထို့နောက် ကောင်းကင် အလင်းတန်းလာရာ အခန်းကို ကြည့်ကာ ပြုံးသည်… “ချန်းယွန်… မင်းတပည့်က မင်းထက် ဘာလုပ်ရမယ် ဆိုတာကို သိတယ်… ငါသွားပြီ…” ကုန်းခွေက ခုနက သူ ရရှိခဲ့သည်ကို သိသည်။
အခန်းထဲတွင် ရီဝူချင်းတို့ အားလုံးက ဒေါသထွက် ကြရသည်။
“မင်းက ဘာလို့ သူ့ကို ပေးလိုက်ရတာလဲ…” ယူချင်းက ရီဖူရှင်း၏လက်ကို ကိုင်ဆွဲကာ မေးသည်။
ရီဖူရှင်းက ခေါင်းယမ်းကာ ပြုံးသည်… “ငါ့မှာ အစီအစဉ် ရှိတယ်…” သူက ညင်သာစွာ ပြောသည်… “မင်းတို့အားလုံး အပြင်ကို ထွက်နေကြ… ကျောင်းအုပ်နဲ့ ကျန်တဲ့လူကိုလည်း ထွက်သွားဖို့ ပြောလိုက်ပါ… ငါ့ကို ဘယ်သူမှ မနှောင့်ယှက်ကြနဲ့…”
“ကျောင်းအုပ်မှာ အစီအစဉ် တစ်ခုခု ရှိမှာပါ…” ရီဝူချင်းက အကြံပေးသည်။
“ငါ ကိုယ့်ဘာသာ စမ်းကြည့်ဦးမယ်…” ရီဖူရှင်းက ပြောသည်… “ငါ့ကို အချိန်နည်းနည်းပေး… အပြင်က စောင့်နေကြ…”
ယူချင်းက ခေါင်းညိတ်သည်တွင် သူတို့အားလုံး အပြင်ကို ထွက်သွားကြသည်။
သူတို့ ထွက်သွားသည်တွင် ရီဖူရှင်းက လက်သီးကို တင်းတင်းဆုပ်သည်။ သူ၏ရင်ဘတ်က မခံချင်စိတ်က တစ်စတစ်စ ထိုးဆွနေကြသည်။ အရှိန်အဝါ ကြီးမားသော ရှီတန်ခိုးရှင်များက သူ့ထံကို ရောက်လာကြသည်။ သူက အန္တရာယ်ကို ရှောင်ဖယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ထိုလူများက သူ့ကို သတ်ရန် ကြိုးစားခဲ့ကြသည်သာ…။ ဤသို့သော အခြေအနေ ရောက်လာမှတော့ သူကလည်း စည်းစောင့်နေစရာ မလိုတော့။
ရီဖူရှင်း၏ခန္ဓာကိုယ်တွင် အစိမ်းရောင်များ စတင် ဖြစ်ပေါ်လာသည်။ ထို့နောက် သစ်ကိုင်းသစ်ရွက်များ ဖြစ်ပေါ်လာကာ မကြာမီ အစိမ်းရောင် သစ်ပင်ကြီးတစ်ပင် ရီဖူရှင်း၏ ခေါင်းထက်၌ ဖြစ်ပေါ်လာသည်။ ထိုအရာကား သူ၏သက်စောင့်ဝိညာဉ် ဖြစ်သည်။
သူ၏မျက်လုံးများကို မှတ်လိုက်သည်တွင် သစ်ကိုင်းများက ဆက်လက်ရှင်သန် ကြီးထွားလာသည်။ တဖြည်းဖြည်းဖြင့် သူ၏အခန်းက ဧရာမ သစ်ပင်ကြီးဖြင့် ပြည့်နှက် သွားသည်။ ထို့နောက် အစိမ်းရောင် သစ်ကိုင်း သစ်ရွက်များက ရီဖူရှင်း၏ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ် သွားတော့သည်။
***