အပိုင်း (၅၀၁)

သေစေနိုင်သော ရုတ်တရက် တိုက်ခိုက်မှု

ရီဖူရှင်းကား သူရိယနေမင်းကျောင်းသို့ အတင်း ခေါ်ဆောင်လာခြင်းခံရသူ ဖြစ်သည်။ သူ၏ပူးပေါင်းမှုက စိတ်ရင်းနှင့် ဖြစ်ဟန်ရကာ သူပြောသမျှ အားလုံးကလည်း အမှန်တရား ဖြစ်ဖို့များသည်။ သို့သော် လူသားတို့၏ နှလုံးသားကား ရှုပ်ထွေးသည်။ ရီဖူရှင်းက ကောင်းကင်အလင်းကို လက်လွှတ်လိုက်ခြင်းက အမှန်ကန်ဆုံး အချက်ဖြစ်သည်။

ရီဖူရှင်းကလည်း အခြေအနေကိုသိကာ သူ၏အသက်ကို ကယ်ရန် လိုက်လျောညီထွေ ပြုမူနေသည်ဟု ပြောရမည်။ သူရိယနေမင်းကျောင်းမှ ကျောင်းအုပ် ယန်တိုင်ကလည်း ထိုအချက်ကို ပြောနိုင်၏။ သို့သော် အမှန်တကယ်အားဖြင့် သူကလည်း ရီဖူရှင်းကို သတ်ရန် မလိုလားပေ။ ထိုသို့လုပ်ခြင်းက စစ်ကြေညာခြင်းဖြင့် ထူးမခြားနားပေ။

“ကောင်းကင်နေအလင်းကို ငါ ခံစားကြည့်ရအောင်…” ယန်ထန်း၏က ပြောသည်။ မျက်လုံးများ အားလုံးက ရီဖူရှင်းထံ ရောက်လာ၏။

“ဟုတ်ကဲ့… စီနီယာ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ကောင်းကင်နေအလင်း တစ်ခုက ယန်ထန်းထံသို့ လွင့်ပျံ့သွားသည်။

“ကျွန်တော်က ကောင်းကင်အလင်းနဲ့ အဆက်ဖြတ်လိုက် ပြီးပါပြီ…စီနီယာက…” ရီဖူရှင်း၏ စကားမဆုံးမီတွင်ပင် ယန်တိုင်က ကောင်းကင်အလင်းကို သူ၏စိတ်အသိနှင့် ဆက်နွှယ်လိုက်သည်။ နေအလင်းက ရှန့်ထိုတန်ခိုးရှင် ထုတ်လွှတ်သည့်အလား သူ၏ရှေ့တွင် ထွန်းတောက်နေသည်။

“တော်ဝင်လမ်း…” ယန်တိုင်၏ မျက်လုံးများက စိတ်လှုပ်ရှားဟန်များ အထင်းသား ပေါ်နေသည်။ ထို့နောက် သူက ကောင်းကင်အလင်းအား သိမ်းဆည်းလိုက်ကာ ရီဖူရှင်းကို ပြုံးလျက်ကြည့်သည်… “အခုကစပြီး မင်းက ငါနဲ့လေ့ကျင့်လို့ရတယ်…”

ယန်တိုင်က ရီဖူရှင်းထံမှ တခြား ကောင်းကင်အလင်း နှစ်ခုကို မလုယူပေ။ ထိုအရာများက သူရိယနေမင်းကျောင်းနှင့် မသက်ဆိုင်။ အကယ်၍ သူက အတင်းယူခဲ့ပါက တခြားကျောင်း နှစ်ကျောင်းက ဤအတိုင်း ငြိမ်နေမည် မဟုတ်ပေ။

“ယန်တိုင်…” ကောင်းကင်ပေါ်မှ အေးစက်သော အသံတစ်သံကို ကြားကြရသည်။ ထို့နောက်တွင် လူတစ်အုပ် ကောင်းကင်မှ ဆင်းသက်လာသည်။ သူတို့ကား ကြယ်မင်းကျောင်းမှ​ကျောင်းအုပ် ချန်းယွန်တို့အုပ်စု ဖြစ်သည်။

သူတို့က ကျင်းကလန်တွင် ရှိနေစဉ်မှာပင် သတင်းကို ရရှိခဲ့ကြသည်။ ရီဖူရှင်းအား သူရိယနေမင်းကျောင်းက အတင်း ခေါ်ဆောင်သွားသည်ကို ကြားသည်တွင် သူတို့က ချက်ချင်း လိုက်ပါ လာခဲ့ကြသည်။

ယန်တိုင်က ကောင်းကင်ကို ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောသည်… “ချန်းယွန်… မင်းက သူရိယနေမင်းကျောင်းကို ဘာလို့ လာတာလဲ…”

“ယန်တိုင်… မင်းက သူရိယနေမင်းကျောင်းက ကျောင်းအုပ် တစ်ယောက် ဖြစ်တယ်… တစ်ဖက်လူရဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ရီဖူရှင်းကို အတင်းခေါ်သွားတာ မရှက်ဘူးလား…” ကျောင်းအုပ်ချန်၏ အသံက အေးစက်စွာ ရောက်လာကာ ကောင်းကင်မှလည်း ကြောက်မက်ဖွယ် ဖိအားတစ်ခု ကျဆင်းလာသည်။

“ချန်းယွန်… ရီဖူရှင်းက ထိပ်သီးကျောင်း သုံးကျောင်းရဲ့ တော်ဝင် ပညာရပ်တွေကို ပိုင်ဆိုင်တယ် … ရှန့်ထိုတန်ခိုးရှင်ရဲ့ တော်ဝင်လမ်းကို ခံစားကြည့်မလို့ ရီဖူရှင်းကို ဖိတ်ခေါ်တာ ဘာမှားလို့လဲ…”

“သူ့ကို လွှတ်လိုက်…” ကျောင်းအုပ်ချန်း၏ မျက်လုံးများက လွန်စွာ စူးရှနေသည်။

ယန်တိုင်က ရီဖူရှင်းအား ကြည့်သည်တွင် ရီဖူရှင်းက ကျောင်းအုပ်ချန်းဘက်ကို အရိုအသေပေးကာ ပြောသည်… “ကျောင်းအုပ်ကြီး… သူရိယနေမင်းကျောင်းက ရှေးဟောင်း ရှန့်ထိုတန်ခိုးရှင်ရဲ့ တော်ဝင်ပညာရပ်တွေကို လေ့လာဆင်ခြင်ဖို့ ကျွန်တော့်ကို လာရောက် ဖိတ်ခေါ်ခဲ့ပါတယ်…” ထို့နောက် သူက ယန်တိုင်ဘက်ကို လှည့်ကာ ပြောသည်… “စီနီယာ… ကျောင်းအုပ်ကြီးကို ရှင်းပြပေးပါ့မယ်…”

ထိုသို့ ပြောပြီးနောက် ရီဖူရှင်းက ကောင်းကင်သို့ ပျံတက်သွားသည်။ ချက်ချင်းပင် မျက်လုံးပေါင်း များစွာက သူ့ထံ ရောက်လာသည်။ သူက ထိုသို့ ပြောသော်လည်း တကယ်တမ်း ကျောင်းအုပ်ချန်း ဘေးနားကို ရောက်သည်တွင် သူ၏ဆုံးဖြတ်ချက် အပေါ်တွင်သာ မူတည်သွားပြီ ဖြစ်ကြောင်း အားလုံးက သိကြသည်။

“ရပ်စမ်း…” ပြင်းထန် အားကောင်းသော စွမ်းအားက ရီဖူရှင်းထံ ချက်ချင်း ကျဆင်းလာသည်။ ထိုအရာကား သူ့ကို နှလုံးခုန်သံ တစ်ချက်အတွင်း သတ်ဖြတ်နိုင်သော ရှီအသိဖြစ်သည်။ ကျောင်းအုပ်ချန်းက ဤနေရာကို ရောက်လာသော်လည်း သူက အရဲကိုးသော အပြုအမူမျိုး မလုပ်ရဲပေ။ ထို့ကြောင့် သူက ရီဖူရှင်းအား ကျင်းကလန်သို့ မခေါ်သွားခြင်း ဖြစ်သည်။ အကယ်၍ ကျင်းချန်းဖုန်းက ဒေါသတကြီး တိုက်ခိုက်လျှင် ရီဖူရှင်း၏ဘေးကင်းမှုကို သူ အာမမခံနိုင်ပေ။

ရီဖူရှင်းက လေထဲတွင်ပင် ရပ်ကာ ပြန်ကြည့်သည်… “ကျွန်တော့်ကို ဘာပြောမလို့လဲ… စီနီယာ…”

အားလုံးက ယန်တိုင်ကို ကြည့်ကာ သူ့သဘောထားကို စောင့်နေကြသည်။

ရီဖူရှင်းကို မဖမ်းမီက သူတို့၏ ရည်ရွယ်ချက်က ရီဖူရှင်း၏လက်ထဲမှ ကောင်းကင်အလင်းကို ရရန်ဖြစ်သည်။ ရီဖူရှင်းက သူတို့၏သဘောကို ကောင်းမွန်စွာ လိုက်လျောပြီး ကောင်းကင်အလင်းကို အလွယ်တကူ ထုတ်ပေးကာ အချိန်ဆွဲခဲ့သည်။ ကျောင်းအုပ်ချန်း ရောက်လာသောအခါ သူတို့က ရီဖူရှင်းအား ဘာလုပ်မည်ကို မဆုံးဖြတ်ရသေးပေ။ ရီဖူရှင်းက ဤနေရာတွင်နေရန် ကတိပေးခဲ့သော်လည်း ယခု လက်ရှိပုံစံအရ သူပြောခဲ့သည်မှာ အလိမ်အညာသာ ဖြစ်သည်။

ရီဖူရှင်းအား လက်လွှတ်လိုက်ပါက ယခုလတ်တလော သူရိယနေမင်းကျောင်း အတွက် ဘာပြဿနာမှ မရှိနိုင်ပေ။ သို့သော် အားလုံးက ရီဖူရှင်း၏ပါရမီကို သိကြသည်။ လုံလောက်သော အချိန်တစ်ခုတွင် ရီဖူရှင်းက သူတို့အတွက် ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်လာတော့မည်။

အခြေအနေက ချက်ချင်း တင်းမာသွားသည်။

“ယန်တိုင်…” ကျောင်းအုပ်ချန်း၏ အကြည့်က ယန်တိုင်ထံကို ရောက်လာသည်။ ကောင်းကင်တွင် လွန်စွာ ကြီးမားသော ဧရာမကြယ်တာရာ သီးသန့်နယ်တစ်ခု ပေါ်လာသည်။ သူရိယနေမင်းကျောင်း၏ ကောင်းကင်တစ်ခုလုံး မှောင်မိုက်သွားသည်။

ယန်တိုင်ကသာ ရီဖူရှင်းအား တစ်စုံတစ်ခု လုပ်ခဲ့ပါက ကျောင်းအုပ်ချန်းက ချက်ချင်း တိုက်ခိုက်မည့်ဟန် ရသည်။

ယန်တိုင်က ရီဖူရှင်းအား တစ်ချက်ကြည့်ကာ ရယ်လိုက်သည်… “ချန်းယွန်… မင်း ဘာလုပ်နေတာလဲ… ငါတို့က စကားကောင်းကောင်း ပြောနေကြတာကို… ငါက သူ့ကို သူရိယနေမင်း ကျောင်းမှာနေပြီး ငါနဲ့အတူ လေ့ကျင့်ခိုင်းမလို့ပဲ… ဒီနည်းနဲ့ သူလည်း ပညာရတာပေါ့… ဒါပေမဲ့ ဒါတွေကို ရီဖူရှင်းကိုယ်တိုင် ဆုံးဖြတ်လို့ရတယ်…”

ကျောင်းအုပ်ချန်းက အနည်းငယ် စိတ်အေးသွားဟန် ရသည်။ ယန်တိုင်က ရီဖူရှင်းအား တစ်ခုမှ လုပ်မည် မဟုတ်ဟု သူ တွေးထင်သည်။ သူ၏ရည်ရွယ်ချက်က ကောင်းကင်အလင်းကို ရရန်ဖြစ်ကာ ရီဖူရှင်းအား သတ်ရလောက်အောင် အကြောင်းပြချက် ရေရေရာရာ မရှိပေ။

ရီဖူရှင်းကလည်း ကျောင်းအုပ်ချန်းကဲ့သို့ပင် တွေးရာ သူက အားလုံးကို လိုက်လျောညီထွေ ကောင်းမွန်စွာ ပြုမူခဲ့သည်။ သူက အတတ်နိုင်ဆုံး ပြဿနာတက်မည့် အရေးကို ရှောင်ဖယ်ကာ ဆုတ်သာ တက်သာ အခြေအနေမျိုးကို ဖန်တီးခဲ့သည်။ နှစ်ဖက်လုံးက ထုတ်မပြသော ရည်ရွယ်ချက်များ ရှိသော်လည်း ယန်တိုင်က အေးအေးဆေးဆေး နောက်ဆုတ်နိုင်သော အခွင့်အရေး အပြည့်အဝ ရှိပေသည်။

ယခု ရီဖူရှင်း၏အဓိက ရည်ရွယ်ချက်က ဤနေရာမှ ထွက်သွားရန် ဖြစ်သည်။ ရန်တိုင်၏ စကားကို ကြားသည်တွင် ရီဖူရှင်းကလည်း စိတ်အေးသွားရသည်။

“ဖူရှင်း… ဒီကို လာခဲ့…” ကျောင်းအုပ်ချန်းက ပြောသည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်းထံသို့ စွမ်းအားလှိုင်းတစ်ခု တိုးဝင်သွားသည်။

ရီဖူရှင်းက ရှေ့ကို ထပ်သွားရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း သူက ခြေတစ်လှမ်းမျှပင် လှမ်းရသေးသည်။ ကြောက်မက်ဖွယ် အန္တရာယ်တစ်ခုကို ခံစားရကာ သူ၏အမူအရာက ပြောင်းလဲသွားသည်။ ထို့နောက် ကြောက်မက်ဖွယ် အားလှိုင်းက သူ၏ ခန္ဓာကိုယ်အား ဓားသွားတစ်လက်လို ဖြတ်သန်း သွားတော့သည်။

အင့်ခနဲမြည်သံနှင့်အတူ သူ၏ခန္ဓာကိုယ်အား ဓားသွားတစ်ခုက ဝင်ရောက်သွားကာ အတွင်းကလီစာများ၊ အကြောအရိုးများ အားလုံးကို တိုက်စား ဖျက်ဆီးတော့သည်။ ရီဖူရှင်း၏မျက်နှာက စာရွက်အလား ဖြူရော်သွားကာ ပါးစပ်မှလည်း သွေးများ အဆက်မပြတ် စီးကျလာသည်။

သူက သူရိယနေမင်းကျောင်းသို့ ခေါ်ဆောင်ခံရပြီး ကတည်းက သတိထားနေခဲ့ကာ အန္တရာယ်ကို ရှောင်ဖယ်ရန် လုပ်ကြံဇာတ်ခင်းခဲ့သည်။ သူ၏ရည်ရွယ်ချက်ကား အချိန်ဆွဲကာ အသက်ရှင်မည့် လမ်းစရှာရန် ဖြစ်သည်။

ယခု သူရိယနေမင်း ကျောင်းအုပ် ကိုယ်တိုင်က သူ့သဘောဟု ပြောကာ လွှတ်ပေးရန် သဘောထားကို ပြောဆိုသောအခါ သူကလည်း တွန့်ဆုတ်ခြင်း မရှိဘဲ ကျောင်းအုပ်ချန်းထံကို သွားရောက်ရန် ဟန်ပြင်ခဲ့သည်။ သို့သော် တစ်စုံတစ်ယောက်က သူ့အသက်ကို နုတ်ယူရန် ကြိုးပမ်းခဲ့၏။

ကျောင်းအုပ်ချန်း၏ အမူအရာ ပြောင်းလဲသွားသည်။ ကောင်းကင်တစ်ခွင်လုံး အမှောင်ထုက ပိုမို သိပ်သည်းလာကာ ကြီးစွာသော ဖိအားက မြေပြင်ပေါ်ကို ဆင်းသက်လာသည်။ သူနှင့်အတူ ပါလာသူများ အားလုံး၏ အမူအရာကလည်း အလွန်အမင်း အေးစက် သွားကြသည်။ သခင်မလောင်နှင့် ကုဟန်ရှင်းတို့၏ ဒေါသကလည်း ပေါက်ကွဲကြရသည်။ သူရိယနေမင်းကျောင်းက ဤသို့ လုပ်မည်ဟု သူတို့ လုံးဝ မထင်ထားကြ။

သူရိယနေမင်းကျောင်းမှ လူများ၊ ကျောင်းအုပ်ယန်တိုင်နှင့် တခြား ရှီတန်ခိုးရှင်များ အားလုံးကလည်း ထိတ်လန့် သွားကြသည်။ သည်တိုက်ခိုက်မှုကို သူတို့လည်း မမျှော်လင့်ထားကြ။

ကျောင်းအုပ်ချန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။ တစ်ဖက်လူက ထိုသို့လုပ်ခဲ့မှတော့ သူကလည်း သည်းခံနေစရာ မလိုတော့။ ရီဖူရှင်း၏ ခန္ဓာကိုယ်အား ကြယ်တာရာ အလင်းများ ရစ်ပတ်သွားကာ သူ့ဘေးကို ရောက်လာသည်။

ရီဖူရှင်း၏မျက်နှာကား အလွန်အမင်း ပြာနှမ်းနေကာ ကြီးစွာသော နာကျင်မှုကို ခံစားနေရဟန် တူသည်။ သူ၏သွေးကြောများ အရိုးများအားလုံး ဖျက်ဆီးခံရကာ အတွင်းပိုင်းဒဏ်ရာက အလွန်အမင်း ပြင်းထန်သည်။

ကျောင်းအုပ်ချန်း၏ မျက်နှာက နက်မှောင်နေသည်။ ကြယ်တာရာ ညနက်ထဲတွင် မရေမတွက်နိုင်သော ဥက္ကာခဲများ ဖြစ်ပေါ်လာသည်။ သူရိယနေမင်းကျောင်းမှ​ တပည့်များက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် ကြောက်ရွံ့ သွားကြသည်။ ထိုဥက္ကာခဲများ အောက်ကို ကျဆင်းလာပါက ထိုအရာက ကမ္ဘာပျက်ခြင်းနှင့် ခြားမည်မထင်။

“ချန်းယွန်…” ယန်တိုင်၏ အမူအရာကလည်း ပြောင်းလဲသွားသည်။ ရီဖူရှင်းအား တိုက်ခိုက်သူအား ကြည့်ကာ သူက မေးသည်… “မင်းကို ဘယ်သူက တိုက်ခိုက် ခိုင်းတာလဲ…”

“ရှမ်းယွန်ဖန်းက ကျုပ်တို့ကျောင်းက တပည့်ပဲ…” ထိုလူက အေးစက်စွာ ပြောသည်… “ရီဖူရှင်းက ကြယ်မင်းကျောင်းက သားတော်ဆိုတိုင်း သူရိယနေမင်းကျောင်းက တပည့်ကို သတ်လို့ရမလား… သူ့ရဲ့ အပြစ်အတွက် ပေးဆပ်ရမှာပဲ…” ထို့နောက် သူက တိုက်တွန်းသည်… “ကျောင်းအုပ်… ဒီကလေးက ပါရမီမြင့်ပြီး အရမ်းလည်တယ်… တကယ်လို့ သူ့ကို အခု မရှင်းပစ်ရင် နောက်ပိုင်း ကျုပ်တို့အတွက် အန္တရာယ်ကြီး ဖြစ်လာလိမ့်မယ်…”

ချန်းယွန်က ထိုလူဘက်သို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် လေပွေများက ဥက္ကာခဲများနှင့်အတူ ပစ်လွင့်သွားကာ ကြယ်အလင်းများ ဝင်းလက် တောက်ပစွာဖြင့် ထိုလူကို ရစ်ပတ်သွားသညည်။

သူတို့နှစ်ဦးလုံးက ရှီတန်ခိုးရှင်များ ဖြစ်ကြသော်လည်း တကယ့်စွမ်းအားများတွင် မူကား ကျောင်းအုပ်ချန်းနှင့် ကွာဟချက် ကြီးမားလွန်းလှသည်။ ကျောင်းအုပ်ချန်းက သူ့လက်ကို ဆုပ်လိုက်သည်နှင့် ထိုလူခုခံရန်ပင် မရလိုက်ဘဲ ဥက္ကာခဲများက သူ့ကို ရစ်ပတ်သွားကာ မလှုပ်နိုင်တော့။

“ချန်းယွန်… အလျင်မလိုနဲ့…” ယန်တိုင်က ထိုလူ၏ရှေ့တွင်ပေါ်လာကာ သူ့ခန္ဓာကိုယ်ပေါ်ကို လက်တင်လိုက်သည်။ ချက်ချင်းပင် မီးတောက်များ သူ့လက်မှ တစ်ဆင့် စီးဆင်းသွားကာ ဥက္ကာခဲများကို ကြေပျက် သွားစေသည်။

သို့သော် လေထုက တုန်ခါကာ ပေါက်ကွဲသံများ ကြားရပြီး ကောင်းကင်မှ ဧရာမ ဥက္ကာခဲများက သူရိယနေမင်း ကျောင်းပေါ်သို့ ကြယ်တာရာ အလင်းများအလား ကျဆင်း လာကြသည်။

သူရိယနေမင်းကျောင်းကား ချက်ချင်းပင် အုတ်အော်သောင်းနင်း ဖြစ်သွားကာ လူတိုင်းက ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် ထွက်ပြေးကြသည်။

တဝုန်းဝုန်း မြည်သံများနှင့်အတူ ဥက္ကာခဲများ သူရိယနေမင်းကျောင်း၏ အဆောက်အဦများပေါ်သို့ အဆက်မပြတ် ကျဆင်းလာကာ စက္ကန့်ပိုင်း အတွင်းတွင် ကမ္ဘာပျက်မတတ် ဖြစ်သွားသည်။ မြေပြင်က အက်ကွဲကြောင်းကြီးများ အပေါက်ကြီးများ ဖြစ်သွားကာ တစ်လောကလုံး ပျက်စီးသွားသည့်အလား ထင်မှတ်ရသည်။

“ချန်းယွန်… ထိပ်သီးကျောင်း သုံးကျောင်းက တစ်ကျောင်းနဲ့ တစ်ကျောင်း ရင်ဆိုင်နေတယ် ထင်ရပေမဲ့ ကျောင်းသုံးကျောင်းက မူလဇာတိ တစ်ခုတည်းကပဲ… မင်းရူးသွားပြီ…” ယန်တိုင်က သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အော်ဟစ်သည်။ ချန်းယွန်က ကြယ်တာရာ တော်ဝင်ပညာအား လေ့ကျင့်သည်။ ထိုပညာက မြေဓာတ်စွမ်းအားကို အခြေပြုထားကာ ဖျက်ဆီးအားက လွန်စွာ ပြင်းထန်သည်။ သူ၏စွမ်းအားက သူရိယနေမင်းကျောင်း တစ်ခုလုံးကို ခဏချင်း ပျက်စီးပြိုလဲ သွားစေသည်။

“ထိပ်သီးကျောင်း သုံးကျောင်းက ဇာတိတစ်ခုတည်းက ဆိုတာကို မင်းက သိသေးတာပဲ…” ချန်းယွန်၏မျက်နှာက ဒေါသကြောင့် နီရဲနေသည်။ သူက ရီဖူရှင်းအပေါ် များစွာ မျှော်လင့်ထားသည်။ သူရိယနေမင်းကျောင်းက ရီဖူရှင်းထံမှ ကောင်းကင်အလင်းကို မျက်စိကျကာ လာရောက် ဖမ်းဆီးသွားသည်ကို နားလည် ပေးနိုင်သော်လည်း ရီဖူရှင်းအား သတ်ရန် ကြိုးစားသည်က ခွင့်မလွှတ်နိုင်စရာပင်။

သခင်မလောင်ကလည်း ထိုမြင်ကွင်းကို ကြည့်ကာ မှင်တက်နေသည်။ ကျောင်းအုပ်ချန်းက နောက်ပိုင်းနှစ်များတွင် ဤမျှ ဒေါသထွက်သည်ကို သူမတို့ တစ်ခါမှ မမြင်ဖူးပေ။ ကြည့်ရသည်မှာ မိုးမြေကောင်းကင်မြို့က အေးချမ်းတော့မည့်ပုံ မရှိတော့။ ထို့နောက် သူမက ရီဖူရှင်းအား တိုက်ခိုက်ခဲ့သောသူကို ကြည့်သည်။ ထိုလူက ရီဖူရှင်းအား တိုက်ခိုက်ခြင်းဖြင့် ဤသို့သော အခြေအနေကိုပင် မျှော်လင့်နေပုံရသည်။

မှန်သည်… ဤသို့သော အခြေအနေကို မီးစာ ထိုးပေးသောလူများ အမှန်ရှိရမည်။ ကျင်းယွန်ရှောင်းက လုပ်ကြံခြင်းကို စီစဉ်ခဲ့သော်လည်း ထိုဖြစ်ရပ်များ၏ နောက်ကွယ်တွင် အင်အားစုများ ရင်ဆိုင် တိုက်ခိုက်ကြမည်ကို လိုလားနေသော အုပ်စုတစ်စု ရှိရမည်။ ကြည့်ရသည်မှာ ပိုမိုကြီးမားသော ဖြစ်ရပ်များ ဖြစ်ပေါ် လာနိုင်သေးသည်။

“ထိပ်သီးကျောင်း သုံးကျောင်းက မူလဇာတိ တစ်ခုတည်းက လာတာ…” ယန်တိုင်က ဝမ်းခေါင်းသံဖြင့် အော်သည်… “အခု အခြေအနေက ဒီအထိ ရောက်လာပြီ… သူ့တန်ခိုးအစွမ်းတွေ ပျက်ပြယ်သွားပြီး တော်ဝင်လမ်းလည်း ပျက်စီးသွားပြီ… ဘယ်လိုပြောပြော သူက သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံထဲက ကံစွမ်းအားတွေကို ယူဆောင်သွားတာပဲ… ကြယ်တာရာ ကောင်းကင် အလင်းကို မင်းယူပြီး ထွက်သွားတော့… ဒီကိစ္စကို ဒီမှာ အဆုံးမသတ်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို ငါတို့ ကိုယ်တိုင်အောင် ထိန်းချုပ်လို့ရမယ်လို့ ငါမထင်ဘူး…”

***


Comment

Leave a Reply

Options

not work with dark mode
Reset