လုဝမ်က သူ၏လူများကို ခေါ်ကာ တိမ်တိုက်ကိုးခု နန်းတော်သို့ ထွက်သွားပြီး ဖြစ်သည်။
စည်းကမ်း ထိန်းသိမ်းရေးဌာန အပြင်ဘက်တွင် ကျောင်းအုပ်ချန်းက ပြောသည်…“ကျောင်းရဲ့ အဓိက အကြီးအကဲတွေ အကုန်လုံးကို ကြယ်တာရာ မျှော်စင် အပြင်ဘက်မှာ စုစည်းလိုက်…”
“ဟုတ်ကဲ့ ကျောင်းအုပ်…” ပြဿနာကြီးက သူတို့၏တံခါးဝကို လာခေါက်ပြီဟု သိလိုက်ကြရကား အားလုံးက ခေါင်းညိတ်ကြသည်။ လုဝမ်ကိုယ်တိုင်က ကျင်းကလန်ကို ထွက်သွားသည့်တိုင် ကျင်းချန်းဖုန်းက ငြင်းပယ်မည် ဖြစ်သည်ကို သိထားဟန်ရသည်။
ကျင်းကလန် ခေါင်းဆောင် ကျင်းချန်းဖုန်း၏ စိတ်နေ သဘောထားကို သူတို့အားလုံး သိနားလည်ကြသည်။ ကြယ်မင်းကျောင်းက ကျင်းကလန်နှင့် ပတ်သက်မှုကို ဖြတ်တောက်လိုက်သည့် ကိစ္စက လတ်တလော လူပြောအများဆုံး ကိစ္စဖြစ်သည်။ ကျင်းချန်းဖုန်းက သူ၏မြေးကို ထုတ်ပေးမည် မဟုတ်ပေ။ ထိုသို့ ထုတ်ပေးလိုက်ပါက မိုးမြေကောင်းကင်မြို့တွင် သူ၏ဂုဏ်သိက္ခာများ အားလုံး ကျဆင်း သွားရပေတော့မည်။ ထို့အတူ ကြယ်တာရာ မျှော်စင် အပြင်ဘက်တွင် စုစည်းနေကြသော ကြယ်မင်းကျောင်း၏ စွမ်းအားမြင့် တန်ခိုးရှင်များကို မြင်ရမည်ဆိုပါက ထိုလူများက ပိုမို ထိတ်လန့် ကြရပေဦးမည်။
“မင်းလည်း သွားပြီးတော့ မပြင်ဆင်သင့်ဘူးလား…” ကျောင်းအုပ်ချန်းက ကုဟန်ရှင်းကို မေးသည်။
ရီဖူရှင်းကား နဂါးကလန်နှင့် ကုကလန်တို့၏ ထောက်ခံမှုဖြင့် ကြယ်မင်းကျောင်းသို့ ရောက်လာခြင်း ဖြစ်သည်။ ယခု ကြယ်မင်းကျောင်းက ရီဖူရှင်းအတွက် မျှတမှုကို ရှာဖွေရာတွင် ထိုကလန်နှစ်ခုက ဘေးမှနေ၍ လက်ပိုက်ကြည့်နေ၍ မရပေ။
“ဒီလုပ်ကြံမှုက ယွန်ချီကို သေလုနီးပါး ဖြစ်စေခဲ့တယ်… ကျုပ်က ဘယ်လိုလုပ် ခွင့်လွှတ်နိုင်ပါ့မလဲ…” ကုဟန်ရှင်းက အေးစက်စွာ ပြောသည်။
“ကျွန်မကလည်း နဂါးကလန်ကလူတွေကို စုစည်းပြီး ကျင်းကလန်ဆီကို သွားမယ်…” သခင်မလောင်က ထိုသို့ပြောကာ ထွက်သွားသည်။
“ဖူရှင်း… ကြယ်တာရာ မျှော်စင်ထဲကို ပြန်သွားလိုက် … မင်းက ဒီမှာပဲ ကျန်နေပြီး သတင်းကို စောင့်နေ…” ကျောင်းအုပ်ချန်းက ပြောသည်။
“ဟုတ်ကဲ့ ကျောင်းအုပ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။
အကြီးအကဲချုပ်နင်က ကျောင်းအုပ်ချန်း၏ဘေးကို လျှောက်လာကာ မေးသည်… “ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ ကျောင်းအုပ်…” ယနေ့ အဖြစ်အပျက်၏ အကျိုးအပြစ်ကို သူ နားလည်သည်။ သူရိယနေမင်းကျောင်းနှင့် စန္ဒာငွေလမင်း ကျောင်းတို့ကလည်း ကောင်းသည် မဟုတ်ပေ။ ကြယ်မင်းကျောင်းက အင်အား ယုတ်လျော့သည်နှင့် ဖြစ်လာမည့် အကျိုးဆက်ကိုသူတို့ မခန့်မှန်းနိုင်။
ကျောင်းအုပ်ချန်းက ခေါင်းမော့ကာ တည်ငြိမ်စွာ ပြောသည်… “ရှန့်ထိုတန်ခိုးရှင် မရှိတော့တဲ့နောက် ကောင်းကင်ကျောင်းတော်က ကျောင်းသုံးကျောင်း ကွဲထွက်သွားတယ်… ကလန်ခုနစ်ခုက ကျောင်းတွေထဲကို စိမ့်ဝင်လာခဲ့ကြတယ်… နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာခဲ့ပြီ… ထိပ်သီးကျောင်း သုံးကျောင်းက ဘာအောင်မြင်မှုရလဲ… မြေရိုင်းဒေသ အရှေ့ဘက်နယ်က အကောင်းဆုံးကျောင်း ဆိုတာက မြေရိုင်းဒေသ တစ်ခုလုံးနဲ့ယှဉ်ရင် ဘာမှ မဟုတ်တာကို မင်းတို့အားလုံး သိတယ်… ကျုပ်တပည့် လောင်ရီထျန်းက ဒီအထဲမှာ တစ်ဦးတည်းသော ထွန်းတောက်ခဲ့သူပဲ… ဒါတောင်မှ သူက တော်ဝင်လမ်းကို လျှောက်ရာမှာ သေဆုံးခဲ့ရတယ်…”
“ရှေးခေတ်ကတည်းက မရေမတွက်နိုင်တဲ့ ခေါင်းဆောင်တွေ စွမ်းအားမြင့် တန်ခိုးရှင်တွေ ပေါ်လာခဲ့ကြတယ်… ခေါင်းဆောင်တိုင်းက တော်ဝင်လမ်းကို တောင့်တခဲ့ကြတယ်… ဘယ်သူ အောင်မြင်ခဲ့လဲ… ငါ့ပါရမီက အကန့်အသတ် ရှိတယ်ဆိုတာ ငါကိုယ်တိုင် သိတယ်… တော်ဝင်လမ်းက ငါအိပ်မက် မက်လို့ရတဲ့အရာ မဟုတ်ဘူး… မြေရိုင်းဒေသ တစ်ခုလုံးမှာ တော်ဝင်လမ်း ဘယ်နှခုရှိလို့လဲ…”
ကျောင်းအုပ်ချန်း၏ လေသံက လေးနက်သွားသည်… “အခု ကောင်းကင်က ငါတို့မျက်လုံးရှေ့ကို တော်ဝင်လမ်းကို ဆက်ခံမည့်လူကို ပို့ပေးခဲ့တယ်… ဒါက မရေမတွက်နိုင်အောင် များပြားတဲ့နှစ်တွေထဲမှာ ရှားမှ ရှားတဲ့ အခွင့်အရေးပဲ… ငါက ဘယ်လို လက်လျှော့ရမှာလဲ… တော်ဝင်လမ်းကို ကိုယ်တိုင်တွေ့နိုင်ဖို့ ရှန့်ထိုတန်ခိုးရှင်တစ်ပါး မွေးဖွားတာကို မြင်တွေ့ခွင့်ရဖို့ ငါက နောက်ထပ် တော်ဝင်လမ်းတစ်ခုကို ဖန်တီးခွင့်ရဖို့…. ဒါက အခွင့်အရေးပဲ… အဲဒီလို ဖြစ်လာတဲ့အခါ မြေရိုင်းဒေသ တစ်ခုလုံးက အတော်ဆုံး အကောင်းဆုံး ပါရမီရှင်တွေက တောင်ဝင်ကျဲ နန်းတော်ကိုပဲ သွားကြမှာ မဟုတ်တော့ဘဲ ထိပ်သီးကျောင်း သုံးကျောင်းဆီကိုလည်း လာကြလိမ့်မယ်… ဒီလိုနဲ့ ကျုပ်တို့ကျောင်းကလည်း ပြန်ပြီး ကြီးမြတ် ထွန်းပြောင် လာလိမ့်မယ်… မင်းတို့က ဒီလိုနေ့ကို မမြင်တွေ့ချင် ကြဘူးလား…”
“ကျုပ်တို့က ကိုယ်ပိုင်ကလန် မထောင်ဘဲ ကျောင်းမှာ ဆက်နေခဲ့တာက လူငယ်မျိုးဆက်တွေကို သင်ကြားပြီး ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေဖို့ပဲ… တော်ဝင်လမ်းကို ကိုယ်တိုင် မြင်တွေ့ခွင့်ရဖို့ ဆိုတာကလည်း ကျုပ်တို့ရဲ့ မျှော်လင့်ချက်ပဲ…” အကြီးအကဲချုပ်နန်က ခေါင်းညိတ်သည်။ တော်ဝင်လမ်းအား မြင်တွေ့ခွင့်ရမည့်အရေး မည်သူက မလိုလားဘဲ နေမည်နည်း။ ထိုအရာက သူတို့အတွက် ဝေးကွာနေခြင်းကြောင့်သာ…။
“တကယ်လို့ ကျုပ်တို့ကသာ တော်ဝင်လမ်းကို မြင်တွေ့ခွင့် ရမယ်ဆိုရင် မနက်ခင်းတိုင်းက လှပနေမယ်လို့ ကျုပ်ယုံတယ်…” ကျောင်းအုပ်ချန်းက ပြုံးသည်.. “ကြယ်မင်းကျောင်းမှာသာ တော်ဝင်လမ်း မွေးဖွားခဲ့မယ်ဆိုရင် ကျုပ်ဘဝမှာ နောင်တရစရာ မရှိတော့ဘူး…”
“အဲဒီလိုဖြစ်လာဖို့ မျှော်လင့်ကြတာပေါ့… ဘယ်လိုပြောပြော တော်ဝင်လမ်း ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ မလား…” အကြီးအကဲနန်၏ မျက်နှာတွင် မချိပြုံးတစ်ခု ပေါ်လာသည်… “တော်ဝင်လမ်းအပြင် ရှီတန်ခိုးရှင် ဖြစ်လာနိုင်တဲ့လူက သာမန်လူတွေထက် မနောဓာတ် သန့်စင်ပြီးတော့ အမြင်ကျယ်ပြောတယ်… ဒီလိုလူက ရှေ့ကို အများကြီး သွားနိုင်တယ်…”
“လမ်းခရီးက ရှည်လျားပြီးတော့ ကျုပ်တို့က မဆုံးနိုင်အောင် လေ့လာ သင်ယူနေရတာပဲ မလား… တန်ခိုးရှင် လမ်းကြောင်းကို လျှောက်တဲ့အခါ အချိန်ကို ဘယ်သူက ဂရုစိုက်လို့လဲ… ကျင်းကလန်က ပေါ်ပေါ်ထင်ထင် မပြောပေမဲ့ သူတို့က သားတော်ကို သဘောမကျတာ သေချာတယ်… ပြီးတော့ ရီဖူရှင်းကို နဂါးကလန်က စေလွှတ်ခဲ့တာ ဆိုတော့ ဒီလို အပြောင်းအလဲ ဖြစ်လာဖို့ဆိုကာ အချိန်တစ်ခုပဲ လိုတာ… သူတို့က ရီဖူရှင်း ဒီထက် အားကောင်းလာမှာကို ဘယ်လိုမှ ခွင့်ပြုမှာ မဟုတ်ဘူး… ကျင်းကလန်နဲ့ အဆက်ဖြတ်ဖို့က အနှေးနဲ့အမြန် ရောက်လာမှာပဲ…” ကျောင်းအုပ်ချန်းက ပြုံးသည်။
“ကြည့်ရတာ ခင်ဗျားက အားလုံး တွေးထားပြီးသားပဲ ကျောင်းအုပ်ကြီး…” အကြီးအကဲနန်က သိပ်မပြောတော့။ ကျန်သော အကြီးအကဲများကလည်း သူတို့နှစ်ယောက်၏ စကားများကို ကြားကြသည်။ ကျောင်းအုပ်ချန်းက ထိုစကားများကို အားလုံး သိစေရန် ပြောခြင်းလည်း ဖြစ်ဟန်ရသည်။
အတန်ကြာသောအခါ လုဝမ်က သူ၏လူများကို ပြန်ခေါ်၍ ရောက်လာသည်။ ကျင်းယွန်ရှောင်း မပါလာရာ ကျင်းကလန် ခေါင်းဆောင်က နောက်တစ်ဖန် ငြင်းလွှတ်လိုက်ဟန် ရ၏။
“သွားဖို့ အချိန်တန်ပြီ…” ချန်းယွန်က သိပ်မပြောတော့။ သူက ကြယ်မင်းကျောင်းမှ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံးကို ဦးဆောင်ကာ ကျင်းကလန်ဘက်သို့ ပျံသန်းသွားသည်။
***
တိမ်တိုက်ကိုးခု နန်းတော်ကား အမှန်ပင် တိမ်များအကြား ဆောက်လုပ်ထားဟန် ထင်မှတ်ရအောင် မိုးထိုးနေကာ ကြီးကျယ် ခမ်းနားလွန်းလှသည်။
တိမ်တိုက်ကိုးခု နန်းတော်၏ ခန်းမဆောင်တွင် ကျင်းချန်းဖုန်းက သုန်မှုန်စွာ ထိုင်နေသည်။ ထို့အတူ သူ၏အနီးတွင်လည်း ကျင်းကလန် အကြီးအကဲများက သိပ်မျက်နှာ မကောင်းကြ။
“ခေါင်းဆောင်… ကြယ်မင်းကျောင်း၊ ကုကလန်နဲ့ နဂါးကလန်တို့က သူတို့ရဲ့လူတွေကို ခေါ်ပြီး တိမ်တိုက်ကိုးခု နန်းတော်ကို လာနေကြပါတယ်…” တစ်ယောက်က ကျင်းချန်းဖုန်းအား အစီရင်ခံသည်။
“ချန်းယွန်… မင်းက တကယ်ပဲ အတင့်ရဲတယ်…” ကျင်းချန်းဖုန်း၏ ရွှေရောင်လက်လက် ထနေသော မျက်လုံးများက လေဟာနယ်ကို ဖောက်ထွင်းမတတ် အဝေးကို ကြည့်သည်။
ကျင်းကလန်နှင့် ရီဖူရှင်း အကြားတွင် ချန်းယွန်က အမှန်ပင် အကာနာအဆင့်မျှသာ ရှိသေးသော လူငယ်လေးကို ရွေးခဲ့သည်။ သူက ရီဖူရှင်းအား ဘာမှလုပ်ရန် စိတ်ကူးမရှိဘဲ ချန်းယွန်ကို ကျင်းယွန်ရှောင်း ကိစ္စကိုသာ လျစ်လျူရှုစေလိုသည်။ သို့တိုင်အောင် ချန်းယွန်ကား လွန်ကဲလွန်းလှသည်။ သူ၏မာနဖြင့် ကျင်းယွန်ရှောင်းကိုလည်း မည်သည့်နည်းနှင့်မျှ ထုတ်ပေးမည် မဟုတ်ပေ။ ထို့ကြောင့် ကြယ်မင်းကျောင်းမှ သူ၏ကလန်ဝင်များကို ပြန်ခေါ်ကာ ချန်းယွန်အား ဖိအားပေးခဲ့သည်။ သို့သော် ချန်းယွန်ကား အရာအားလုံးကို လျစ်လျူရှုကာ ရူးသွပ်သော ဆုံးဖြတ်ချက်ကို ချခဲ့၏။
“ချန်းယွန်က တကယ်ပဲ စိတ်ဖောက် သွားပြီလား…” အကြီးအကဲ တစ်ယောက်က ဒေါသတကြီး အော်သည်။ ကျင်းယွန်ရှောင်းက လုပ်ကြံမှုတွင် တိုက်ရိုက် ပါဝင်ခြင်းလည်း မဟုတ်ပေ။ သူက ယွန်ယွဲ့ကုန်သည် အုပ်စုမှ ထိုဇနီးမောင်နှံကို အနည်းငယ် အသုံးချခဲ့ရုံမျှသာ…။ ချန်းယွန်က ထိုကိစ္စကို ဤမျှ အလေးအနက် ထားမည်ဟု သူတို့ မမျှော်လင့်ထားကြပေ။
“ဖိအားပေးတာကလည်း အရာ မရောက်ခဲ့ဘူး… လက်ရှိ အခြေအနေကို ဘယ်လို ဖြေရှင်းမလဲကိုပဲ စဉ်းစားကြရမယ်…” တစ်ယောက်က တည်ငြိမ်စွာ ပြောသည်။
အားလုံးက တိတ်ဆိတ် နေကြသည်။ ကြယ်မင်းကျောင်းက နဂါးကလန်နှင့် ကုကလန်တို့၏ အထောက်အပံ့များရှိရာ ကျင်းကလန်က မည်သို့မှ မယှဉ်နိုင်ပေ။ တကယ်တမ်း တိုက်ပွဲဖြစ်ပါက ကျင်းကလန်က ရှုံးနိမ့်မည်မှာ သေချာသည်။
မူလက သူတို့က ကျောင်းအုပ်ချန်းအား ဖိအားပေးခဲ့ကြသည်။ ယခု ကျောင်းအုပ်ချန်းက သူတို့ကို ဖိအားပေးရန် လာနေ၏။
အဝေးမှ လေတိုးသံများ ကြားရကာ တိမ်များ ဘေးကို ဖယ်ရှားကြသည်။ အရှိန်အဝါ ကြီးမားသော လူတစ်အုပ်က ကောင်းကင်တွင် ပေါ်လာသည်။ ကြယ်မင်းကျောင်းမှ လူများ ရောက်လာကြပြီ ဖြစ်သည်။
မကြာမီ နဂါးဟိန်းသံများ အဆက်မပြတ် ကြားရကာ အနောက်တောင် နဂါးကလန်မှ စွမ်းအားမြင့် တန်ခိုးရှင်များက နဂါးများ စီးနင်းလျက် ရောက်လာကြသည်။ ထို့အတူ ကုကလန်မှ တန်ခိုးရှင်များကလည်း အရှိန်အဝါကြီးစွာဖြင့် ရောက်လာကြ၏။ အင်အားကြီး အဖွဲ့သုံးခု၏ အောက်တွင် ခမ်းနား ကြီးကျယ်လှသော တိမ်တိုက်ကိုးခု နန်းတော်က အမှန်ပင် သေးငယ် သွားသယောင် ထင်မှတ်ရ၏။
ကျင်းယွန်ရှောင်းက ထရပ်ကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။ ထို့အတူ ကြယ်မင်းကျောင်း၏ယခင် အကြီးအကဲ တစ်ယောက်ဖြစ်သူ ကျင်းစီကလည်း သူ့ဘေးတွင် လာရပ်သည်။
“မင်းတို့အားလုံးက ဒီကို လာတာ တိုက်ခိုက်မလို့လား…” ကျင်းချန်းဖုန်း၏ အသံက ရေခဲတမျှ အေးစက်နေသည်။
“ကျင်းချန်းဖုန်း… ကျင်းယွန်ရှောင်းကလည်း ကြယ်မင်းကျောင်း တပည့်တစ်ယောက်ပဲ… အခု သူက သားတော်ကို လုပ်ကြံတာမှာ ပါနေတယ်.. ကျုပ်သမီးက အဲဒီကိစ္စမှာ သေမလို ဖြစ်ရတယ်… မင်းက သူ့ကို ထုတ်ပေးဖို့ ငြင်းနေတုန်းပဲလား…” ကုဟန်ရှင်းက ကြီးမားထည်ဝါသော အရှိန်အဝါဖြင့် မေးသည်။ မည်သို့ဆိုစေ သူကား ထိပ်သီး အင်အားစုတစ်ခု၏ ခေါင်းဆောင် ဖြစ်သည်။
“ချန်းယွန်… မင်းက ကျင်းယွန်ရှောင်းကို ဘာလုပ်ချင်လို့လဲ…” ကျင်းချန်းဖုန်းက မေးသည်။
“သားတော်ကို လုပ်ကြံဖို့ ကြိုးစားမှတော့ သူ သေရမယ်…” ကျောင်းအုပ်ချန်းက ပြောသည်။
“သေရမယ်… ဟုတ်လား… ကျင်းကလန်က ကြယ်မင်းကျောင်း အတွက် ဒီနှစ်တွေမှာ မရေမတွက်နိုင်အောင် ပေးဆပ်ပေးခဲ့တယ်… အခု မင်းက စကားတစ်ခွန်းတည်းနဲ့ အားလုံးကို ဖျက်ဆီးတယ်… ချန်းယွန်… မင်းက တကယ် တစ်ခုခုပဲ…” ကျင်းချန်းဖုန်း၏အသံက ဒေါသမာန်ဟုန်များ ပြင်းထန်နေသည်။
“ဒါဆို ကျင်းကလန်က ဒီကိစ္စမှာ ဘာလို့ ကျင်းမျိုးရိုး နာမည်မဟုတ်တဲ့ လူတွေကိုရော ခေါ်ပြီး ထွက်သွားရတာလဲ… သူတို့က ကြယ်မင်း ကျောင်းသားတွေလား… ကျင်းကလန်သားတွေလား… မင်းက ဒါကိုပဲ ကြယ်မင်းကျောင်း အတွက် ကောင်းကျိုးတွေ လုပ်ခဲ့တယ်လို့ ပြောချင်တာလား…”
ချန်းယွန်က ကျင်းချန်းဖုန်းကို ပြောသည်… “ငါတို့က ဒီကို အကြောင်းပြချက် နှစ်ခုနဲ့လာတယ်… ပထမတစ်ခုက ကျင်းယွန်ရှောင်းပဲ… ဒုတိယတစ်ခုက ကျင်းမျိုးရိုး မဟုတ်တဲ့လူတွေ… သူတို့က ကြယ်မင်းကျောင်းရဲ့ အထောက်အပံ့တွေကို အသုံးပြုပြီး လေ့ကျင့်ခဲ့ကြတယ်… အခု သူတို့က ကျင်းကလန်နောက်ကို လိုက်ပြီး ကြယ်မင်းကျောင်းကို ဆန့်ကျင်ခဲ့ကြတယ်… ကြယ်မင်းကျောင်းက သူတို့အတွက် ဘာလဲ… ကျောင်းကို သစ္စာဖောက်တာနဲ့ရော ဘာကွာသွားလဲ… အခု ကျင်းကလန်နောက်ကို ကျင်းမျိုးရိုး မဟုတ်ဘဲ လိုက်လာတဲ့လူတွေ အကုန်လုံးကို ကျုပ်က ကျောင်းကို ပြန်ခေါ်သွားပြီး ထိုက်သင့်သလို အပြစ်ပေးမှ ရမယ်…”
ကျင်းကလန်နောက်ကို လိုက်ပါလာကြသော ကျင်းမျိုးရိုး မဟုတ်သော ကြယ်မင်း ကျောင်းသားများ အားလုံး ကျောချမ်းကာ တုန်ယင် သွားကြ၏။
ကြယ်မင်းကျောင်းအုပ် ချန်းယွန်ကား ကျောင်း၏ အရေးကိစ္စများကို သိပ်အရေးလုပ်ခဲ့သည် မဟုတ်ပေ။ ကျောင်းဟူသည်ကား တန်ခိုးကျင့်ရာ နေရာဖြစ်ကာ ကျောင်းသားများ၏ ဆုံးဖြတ်ချက်များကို မည်သည့်အခါကမှ အတင်းလုပ်ယူခဲ့ခြင်း မရှိပေ။ ထို့ကြောင့်လည်း သူတို့က ကျင်းကလန်နောက်ကို လိုက်ပါရဲခဲ့ကြခြင်း ဖြစ်သည်။ ယခု ကျောင်းအုပ်ကြီးက ထိုကိစ္စအား အလေးထား ဖြေရှင်းတော့မည် ဆိုသောအခါ သူတို့အားလုံး ထိတ်လန့် ကြောက်ရွံ့ကြသည်။
“ချန်းယွန်…” ကျင်းချန်းဖုန်း၏အသံက ပိုမိုအေးစက် တင်းမာလာသည်။
“ကြယ်မင်းကျောင်းသို့ ပညာလာသင်ကြတဲ့ တပည့်တွေက အခု ကြယ်မင်းကျောင်းကို ပြန်တိုက်ခိုက်ဖို့ အသုံးပြုခံနေရတယ်… ကျုပ်က ဒါကို လက်ပိုက်ကြည့်နိုင်မယ်လို့ မင်းထင်လား…” ကျောင်းအုပ်ချန်းက တည်ငြိမ်စွာ ပြောသည်… “သစ္စာဖောက်တွေ အကုန်လုံးကို ထုတ်ပေးစမ်း… ဒါဆို အကြမ်းဖက်တာတွေ ဖြစ်လာမှာ မဟုတ်ဘူး…”
ချန်းယွန်က ထိုသို့ပြောပြီးသည်နှင့် ကြယ်တာရာ အလင်းများက တိမ်တိုက်ကိုးခု နန်းတော်ကို ဖြန့်ကြက်ကာ ကျဆင်းလာသည်။ နေရောင်အောက်တွင် ထည်ဝါစွာ ရပ်နေသော နန်းတော်ကား စက္ကန့်ပိုင်းအတွင်း ညအမှောင်မိုက်ထဲကို ရောက်သွားသည်။ ထိုအရာကား ရှီတန်ခိုးရှင်များ၏ စွမ်းအား ဖြစ်သည်။ သူတို့က ကောင်းကင်နှင့် မြေပြင်အား စေခိုင်းနိုင်စွမ်း ရှိကြသည်။
ကျင်းကလန် တစ်ခုလုံးက ဧရာမကြီးမားသော ဖိအားဒဏ်ကို ခံစားလိုက်ကြရသည်။ အလွန့်အလွန် အားကောင်းသော မြေဆွဲအားက သူတို့အားလုံးကို မလှုပ်နိုင်အောင် နှောင်ခတ်ထားသည်။ တန်ခိုး အစွမ်းနည်းသူတို့ကား ခြေတစ်လှမ်းမျှပင် မလှမ်းနိုင်။
ကျင်းချန်းဖုန်းက လေထဲကို ပျံဝဲသွားကာ ဧရာမ နတ်ငှက်ပုံရိပ်တစ်ခုက ညအမှောင်ထုအား ထက်ခြမ်းခွဲလျက် နေရောင်ခြည်ကို တစ်ဖန် တိမ်တိုက်ကိုးခု နန်းတော်သို့ ဖြန့်ကြက်စေသည်။
နတ်ငှက်ထံမှ အဆုံးမဲ့သော ရွှေရောင်အလင်းများ ဖြာထွက်နေကာ မြေဆွဲအား သီးသန့်နယ်အား တားဆီးနေဟန် ရသည်။ နတ်ဘုရားအလား တန်ခိုးရှင် နှစ်ယောက်က ကောင်းကင်နှင့် မြေပြင်အကြား အားပြိုင်နေကြသည်။
“ကျင်းချန်းဖုန်း… မင်းက ကျင်းကလန်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား…” ကုဟန်ရှင်းက ရှေ့ကို တိုးလာကာ မေးသည်။ ကျင်းကလန်မှ လူများအားလုံး မျက်နှာများ ပြာနှမ်း သွားကြ၏။ ကြယ်မင်းကျောင်း တစ်ခုတည်းကပင် သူတို့အား အကြီးအကျယ် ဖိအားဖြစ်နေပြီဖြစ်ရာ နဂါးကလန်နှင့် ကုကလန်တို့ဝင်ပြီး တိုက်ခိုက်ပါက သူတို့ အဆုံးသတ်က ကောင်းမည် မဟုတ်ပေ။
အဝေးမှ လူများကလည်း ထိုမြင်ကွင်းကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။ သို့သော် သူတို့အားလုံးက တတ်နိုင်သမျှ ဝေးဝေးကသာ ကြည့်နိုင်၏။ ရှီတန်ခိုးရှင်များ၏ တိုက်ပွဲအား မည်သူမှ အရဲစွန့်ကာ အနီးကပ် မကြည့်ရဲပေ။
ကြယ်မင်းကျောင်းနှင့် ကျင်းကလန်က အမှန်ပင် တိုက်ခိုက် ကြတော့မည်လော…။ မှန်သည်… ထိုလူများထဲတွင် တခြားကျောင်း နှစ်ကျောင်းမှ တန်ခိုးရှင်များလည်းပါကာ သူတို့အားလုံး ကျေနပ်အားရစွာ တိုက်ပွဲကို ကြည့်နေကြသည်။ ထိုလူများ တိုက်ခိုက်၍ ဆုံးရှုံးမှု ကြီးလေလေ သူတို့ အကျိုးအမြတ်ရလေလေ မဟုတ်ပါလား…။
***