ကျောင်းအုပ်ချန်းက ရီဖူရှင်း၏စကားကို ကြားသည်တွင် ထပ်မေးသည်…“ငါတို့ ဒီလိုလုပ်ရင် ဘယ်လို အကျိုးအပြစ်တွေ ရှိတယ်ဆိုတာ မင်း နားလည်တယ်မလား…” သူက ရီဖူရှင်း၏ ခံစားချက်ကို နားလည်သည်။ သူက ကျင်းယွန်ရှောင်းကို သတ်ပေး၍ ရ၏။ သို့သော် ကျင်းကလန်က မည်သို့ ပြန်လည် တုံ့ပြန်မည်ကိုမူကား မသေချာ။
သေချာသည်ကား ကျောင်းအုပ်ချန်းက ကျင်းယွန်ရှောင်းကို သတ်ခဲ့ပါက သူ၏လက်ရှိ အဆင့်အတန်းဖြင့် ဘာပြဿနာမှ မရှိနိုင်။ သို့သော် ရီဖူရှင်းကား မတူ။ သူကား အကာနာအဆင့်မျှသာ ရှိရာ ကျင်းကလန်ကဲ့သို့ ထိပ်သီးကလန်က တစ်နည်းနည်းဖြင့် ပြန်လည် တုံ့ပြန်မည်ဆိုပါက ကျောင်းအုပ်ချန်း၏ စွမ်းအားဖြင့်ပင် အပြည့်အဝ တားဆီးရန် ခက်ခဲ၏။
“ကျွန်တော် နားလည်ပါတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ကျင်းယွန်ရှောင်းက သူ့အား သတ်ဖြတ်ရန် ကြိုးစားဖူးသည်။ အကယ်၍ နောင်အနာဂတ်ကို ကြိုတွေး၍ စိုးရွံ့နေပါက သူ၏ ဖြစ်တည်ခြင်းက လွန်စွာ သေးသိမ် သွားပေတော့မည်။ ယနေ့ သူက ဤကိစ္စကို မျက်ကွယ် ပြုလိုက်သည့်တိုင် ကျင်းယွန်ရှောင်းနှင့် ကျင်းကလန်က ရန်စမီးကို အပြီးငြိမ်းရန် ထပ်မံ ကြိုးစားဦးမည်သာ…။
“ကောင်းပြီ…” ကျောင်းအုပ်ချန်းက ခေါင်းညိတ်သည်။
“ကျင်းစီက ကျောင်းအုပ်ကို တွေ့လိုပါတယ်…” ထိုအခိုက်တွင် စည်းကမ်း ထိန်းသိမ်းရေးဌာန အပြင်မှ ခွင့်တောင်းသံ တစ်ခုကို ကြားရသည်။
ချန်းယွန်က နောက်လှည့်ကာ ပြောသည်… “အပြင်ကို ထွက်ကြည့်ကြမယ်…”
ထို့နောက် သူတို့အုပ်စုက အပြင်ကို လမ်းလျှောက် ထွက်သွားကြသည်။
အပြင်တွင်ကား လူတစ်စု စောင့်နေ၏။ သူတို့က ကျောင်းအုပ်ချန်းကို မြင်သည်တွင် ဦးညွှတ် အရိုအသေပေးသည်… “ကျောင်းအုပ်ကြီး…”
“ကိစ္စတစ်ခုခု ရှိလို့လား…” ကျောင်းအုပ်ချန်းက မေးသည်။
“ကြယ်မင်းကျောင်း တပည့်တစ်ယောက် ဖြစ်တဲ့ ကျင့်နန်က သားတော်ကို လုပ်ကြံဖို့ စီစဉ် ဆောင်ရွက်ပြီးတော့ ကျင်းယွန်ရှောင်းကို အပြစ်ပုံချခဲ့တယ်လို့ ကျုပ်တို့ ကြားသိရပါတယ်… ကျောင်းအုပ်က ဒီလို အခြေအမြစ်မရှိတဲ့ စကားကို မယုံဖို့ ကျုပ်တို့ တိုက်တွန်းချင်ပါတယ်…” ကျင်းစီက အရိုအသေပေးကာ ပြောသည်။
“ကျင်းယွန်ရှောင်းက ကျောင်းကို ပြန်ရောက်လာတဲ့အခါ အမှန်တရား ပေါ်လာလိမ့်မယ်…” ကျောင်းအုပ်ချန်း၏ အကြည့်က ထိုအုပ်စုထံ ရောက်လာသည်။ ကျင်းကလန် အဖွဲ့ဝင်များက အမှန်တရားအား မျက်ကွယ်ပြုစေရန် ကျောင်းအား ဖိအား ပေးနေသည်ကို သူ နားလည်၏။
“ကျင်းကလန်က ကျောင်းနဲ့ အမြဲတမ်း ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းခဲ့တယ်… ဒီနှစ်တွေမှာ ကျုပ်တို့က ကြယ်မင်းကျောင်းရဲ့ အစိတ်အပိုင်း တစ်ခုလိုတောင်မှ ဖြစ်လာခဲ့တယ်… ကျင်းယွန်ရှောင်းက ကျင်းကလန်ရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက်ပဲ… ဘာလို့သူက သားတော်ကို လုပ်ကြံရမှာလဲ…” ကျင်းစီက စတင်၍ ညှိုနှိုင်းရန် ကြိုးပမ်းသည်… “ကျောင်းအုပ်က ဒီလို လူလိမ် လူကောက်ရဲ့ စကားကို ယုံပြီး ကျင်းယွန်ရှောင်းကို ဖမ်းဆီးမယ်ဆိုရင် ကျင်းကလန်က တကယ် ခက်ခဲတဲ့အခြေအနေကို ရောက်သွား ရလိမ့်မယ်… ကျုပ်အစ်ကိုက ကျင်းကလန် ခေါင်းဆောင် ဖြစ်တယ်… ကျင်းယွန်ရှောင်းက သူ့ရဲ့ တိုက်ရိုက် သွေးမျိုးဆက်လည်း ဖြစ်တယ်… တကယ်လို့ ကျောင်းက ကျင်းယွန်ရှောင်းကို မဖြစ်မနေ ဖမ်းဆီးမယ်ဆိုရင် ကျင်းကလန်ကို ကျောင်းက နှင်ထုတ်တာနဲ့ အတူတူပဲ…” ကျင်းစီက ဆက်လက်၍ နားချသည်… “ပြီးတော့ ဒီကိစ္စမှာ သံသယ ဖြစ်စရာတွေ အများကြီးပဲ… ဒါက ကျောင်းနဲ့ ကျင်းကလန်အကြား ပြဿနာ ဖြစ်စေလိုတဲ့ တစ်ယောက်ယောက်က ကြံစည်တာ ဖြစ်ဖို့ ပိုများတယ်…”
“ငါသိတယ်…” ချန်းယွန်က ခေါင်းညိတ်သည်… “ဒါပေမဲ့ ဒီကိစ္စမှာ ကျင်းယွန်ရှောင်းက တကယ် ပါဝင်နေသလား ဆိုတာကိုတော့ သူ့ကို စစ်ဆေးဖို့ မလိုဘူးလား… တကယ်လို့ ငါတို့က ကျင်းယွန်ရှောင်းကို မတရား စွပ်စွဲမိတယ်ဆိုရင် ငါကိုယ်တိုင် ကျင်းကလန်ကို သွားပြီး တောင်းပန်ပေးမယ်…”
“ကျောင်းအုပ်က ဒီလိုလုပ်မယ်ဆိုရင် ကျင်းကလန်ကို တကယ် အခက်တွေ့စေတော့မှာပဲ…” ကျင်းစီက ပြန်ပြောသည်… “ကျင်းကလန်က ကျောင်းအုပ်ကို အမြဲတမ်း အလေးထားခဲ့တယ်… ကျောင်းအုပ်ကြီးက သားတော်ဘွဲ့ အပ်နှင်းတုန်းကလည်း ကျင်းကလန်က ဆန့်ကျင်တဲ့စကား တစ်ခွန်းမှ မပြောခဲ့ဘူး… ယွန်ယွဲ့ကုန်အုပ်စုက လူတွေက သားတော်ကို လာပြီး လုပ်ကြံတယ်… ကျင်းကလန်ကလည်း လူသတ်သမားကို သဘောမကျဘူး… တစ်စုံတစ်ယောက်ရဲ့ စကား တစ်ခွန်း နှစ်ခွန်းတည်းနဲ့ ကျောင်းအုပ်က ဘယ်လိုလုပ် ကျင်းကလန်ကို အပြစ်ဖို့ချင် ရတာလဲ…”
“သားတော်နှင်းအပ်ပွဲ အခမ်းအနားမှာ သားတော်ကို တွေ့တာက ငါ့ကို တွေ့တာလို့ ကိုယ်တိုင် ကြေညာခဲ့တယ်… အခု သားတော်ကို လုပ်ကြံမှုမှာ ကျင်းယွန်ရှောင်းက ပါဝင် ပတ်သက်နေတာ ထင်ရှားနေမှတော့ သူ့ကို စုံစမ်းစစ်ဆေးဖို့ မဖမ်းဆီးသင့်ဘူးလား… မင်းက ငါ့ကို အကြိမ်ကြိမ်တားဖို့ ကြိုးစားနေတယ်… ကျင်းစီ… မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ…” ကျောင်းအုပ်ချန်းက အေးစက်စွာ ပြောသည်။
ကျင်းစီက ထပ်မံ ဖျောင်းဖျရန် ကြိုးစားသော်လည်း ကျောင်းအုပ်က ဖြတ်ပြောသည်… “ငါ့ဆုံးဖြတ်ချက်က နောက်ဆုံးပဲ… ကျင်းစီ… မင်းက ကျင်းကလန်ကို သွားပြီး ဘာလို့ ကျင်းယွန်ရှောင်းကို မခေါ်လာရတာလဲ…”
ကျင်းစီက ခေါင်းမော့ကာ ကျောင်းအုပ်အား ကြည့်သည်… “ကျောင်းအုပ်ကြီးက တကယ်ပဲ ဆုံးဖြတ်ချက်ကို မပြင်တော့ဘူးလား…”
“မင်းမသွားရင်လည်း လုဝမ် သွားလိမ့်မယ်…” ကျောင်းအုပ်ချန်းက ပြောသည်။
ကျင်းစီက အနည်းငယ် ဦးညွှတ်ကာ ပြောသည်… “နှုတ်ဆက်ပါတယ်…”
ထိုသို့ပြောပြီးသည်နှင့် ကျင်းစီက နောက်လှည့်ကာ ထွက်သွားသည်။ သူ့နောက်မှ လိုက်ပါ သွားသူများမှာလည်း ကျင်းကလန်မှ ဖြစ်ကြသည်။ သူတို့ထွက်သွားပြီး သိပ်မကြာမီတွင်ပင် လေထဲတွင် လူအများအပြားက ပျံသန်း ထွက်ခွာကြသည်။ ကျောင်း၏ ငါးပုံတစ်ပုံသော အကြီးအကဲများက ထွက်ခွာကြရာ ကျောင်းတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။
စည်းကမ်း ထိန်းသိမ်းရေးဌာန အပြင်ဘက်တွင် ကျောင်းအုပ်ချန်းတို့ အုပ်စုက လူအများအပြား ကျောင်းမှ ထွက်ခွာ သွားကြသည်ကို သိမြင်ကြသည်။ ကျောင်းအုပ်ချန်းက ကောင်းကင်ကို မော့ကြည့်ကာ တစ်စုံတစ်ခုကို စဉ်းစား တွေးတောနေဟန် ရသည်။ ကျန်လူများကလည်း တိတ်ဆိတ်နေကြသည်။ ကိစ္စက တဖြည်းဖြည်း ကြီးမားလာနေသည်။
ထို့နောက် ဌာနအသီးသီးမှ လူများက ထွက်ခွာသွားသော တန်ခိုးရှင်များ၏ စာရင်းအား လာရောက် အစီရင်ခံကြသည်။ အကြီးအကဲများသာ မဟုတ်ဘဲ ကြယ်မင်းကျောင်းမှ တပည့်များလည်း ရှုပ်ထွေးနေသည်။ လူအများအပြားက စည်းကမ်းထိန်းသိမ်းရေး ဌာနတွင် လာရောက် စုစည်းနေကြကာ အကြီးအကဲများကလည်း တဖွဲဖွဲ ရောက်လာကြသည်။
“ကျင်းချန်းဖုန်းက အရင်တုန်းကလိုပဲ စိတ်ကြီးဝင်နေတုန်းပဲ… သူက ကြယ်မင်းကျောင်းကို ဆုံးဖြတ်ဖို့ အတင်း တွန်းအား ပေးချင်တာလား…” တစ်ယောက်က ခံစားချက် ကင်းမဲ့စွာ ပြောသည်။ ကျင်းကလန်ကား သူတို့ကလန်မှ တန်ခိုးရှင်များ အားလုံးကို ကလန်သို့ ပြန်ခေါ်သွားသည်။ ထို့အပြင် သူတို့က များစွာသော ပါရမီမြင့် တပည့်များကိုလည်း ခေါ်ယူသွား၏။
နှစ်ပေါင်းများစွာ ကြာကတည်းက ကျင်းကလန်၊ ကုကလန်နှင့် နဂါးကလန်တို့က ကြယ်မင်းကျောင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ကာ ကြယ်မင်းကျောင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ ယခု ကျင်းကလန်က ရုတ်တရက် သူတို့၏ ကလန်ဝင်များကို ခေါ်သွားကာ ကြယ်မင်းကျောင်း၏ အင်အားက ယုတ်လျော့ သွားမည်မှာ သေချာသည်။
ထိပ်သီးကျောင်း သုံးကျောင်းက ပုံမှန်အားဖြင့် မိုးမြေ ကောင်းကင်မြို့တွင် အင်အား တူညီကြသည်။ သို့သော် ကျင်းကလန်က ရုတ်တရက် ထွက်ခွာသွားခြင်းက ကြယ်မင်းကျောင်းကို များစွာ အင်အား ယုတ်လျော့သွားစေကာ ထိပ်သီးကျောင်း သုံးကျောင်းအကြား အင်အား အနည်းဆုံး ဖြစ်သွားစေ၏။
“ကျောင်းအုပ်… ကျင်းစီပြောသလိုပဲ ဒီကိစ္စတစ်ခုလုံးရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေရမယ်… သားတော်က တော်ဝင် ပညာရပ်ကို ဆက်ခံရရှိတဲ့အတွက် သူရိယ နေမင်းကျောင်းနဲ့ စန္ဒာငွေလမင်း ကျောင်းတို့က သေချာပေါက် မကျေမနပ် ဖြစ်မှာပဲ… အခု ကြယ်မင်းကျောင်းက အားနည်းသွားပြီ…” တစ်ယောက်က စိတ်နှလုံးလေးလံစွာဖြင့် ပြောသည်။
“ကျင်းချန်းဖုန်းက ဒါကို သေချာပေါက် သိမှာပဲ… ဒါကြောင့် ကြယ်မင်းကျောင်းကို ဒီကိစ္စမှာ လက်ရှောင်ဖို့ ဖိအားပေးနေတာ…” နောက်တစ်ယောက်က ပြောသည်။
သူတို့၏အကြည့်များက ကျောင်းအုပ်ချန်းထံကို ရောက်လာသည်တွင် ကျောင်းအုပ်ချန်းက လက်နောက်ပစ်၍ ကောင်းကင်ကို မော့ကြည့်နေသည်။ အမှန်တကယ်အားဖြင့် သူက ရီဖူရှင်း၏အမြင်ကို တောင်းကတည်းက ဖြစ်နိုင်ဖွယ်များ အားလုံးကို တွေးတောပြီး ဖြစ်သည်။ ကျင်းကလန်ခေါင်းဆောင် ကျင်းချန်းဖုန်းက မည်ကဲ့သို့သောလူ ဖြစ်သည်ကို သူသိသည်။ သူတို့က မျိုးဆက်တစ်ခုတည်း ဖြစ်ကာ အချင်းချင်း အချိန်ကြာမြင့်စွာ သိလာခဲ့ကြသူများ ဖြစ်သည်။ သူကား မာနကြီးကာ မောက်မာသည်။ ကျင်းကလန်တစ်ခုလုံး ကြယ်မင်းကျောင်းမှ ထွက်ရမည် ဆိုလျှင်ပင် သူ၏စိတ်သဘောဖြင့် ကျင်းယွန်ရှောင်းအား လုံးဝ ထုတ်ပေးမည် မဟုတ်ပေ။ ကျင်းယွန်ရှောင်းက သူ၏မြေး ဖြစ်သောကြောင့် ထိုလမ်းကိုရွေးခြင်း မဟုတ်ဘဲ အကာနာအဆင့် တန်ခိုးရှင် တစ်ယောက်ထံတွင် ကျင်းကလန် တစ်ခုလုံးက အရှက်ရမည့် အလုပ်ကို လုံးဝ မလုပ်လိုသောကြောင့် ဖြစ်သည်။
“သူ့ကို ငါက သားတော် အပ်နှင်းတုန်းက အခမ်းအနား ကျင်းပပြီး တော်ဝင်ဝတ်စုံနှင့် သရဖူကို ပြင်ဆင်ပေးခဲ့တယ်… ငါက ရှန့်ထိုတန်ခိုးရှင်ရဲ့ ခမ်းနား ကြီးကျယ်မှုကို ပြန်လည် ရယူလိုပြီး သူ့ကို တော်ဝင်လမ်းကို ဆက်ခံစေတာက အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့လမ်း ဖြစ်မယ်ဆိုတာကို ငါက သိပြီးသားပဲ…” ကျောင်းအုပ်ချန်းက ကောင်းကင်ကို ကြည့်ကာ ဆက်ပြောသည်… “အခမ်းအနား မတိုင်မီက ငါက ရီဖူရှင်းကို မျိုးဆက် တစ်ခုလုံးကို လွှမ်းမိုးနိုင်လား မေးခဲ့တယ်… သူကလည်း လုပ်နိုင်ခဲ့တယ်…”
“သူက ပြောခဲ့သလို လုပ်နိုင်ခဲ့မှတော့ ကျန်ကဲ့ကိစ္စတွေက ငါတို့တာဝန်ပဲ… ကျင်းကလန်က သူတို့ သဘောထားကို မပြောခဲ့ပေမဲ့ သူတို့က ငါ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်တာ သေချာတယ်… ဒီနေ့ သူတို့ရဲ့ အပြုအမူက ငါတို့အတွက် အခွင့်အရေးလည်း ဖြစ်တယ်… အခုကစပြီး ကြယ်မင်းကျောင်းက တစ်စု တစ်စည်းတည်း ဖြစ်ပြီ…” ကျောင်းအုပ်ချန်းက ခေါင်းငုံ့သည်တွင် သူ၏အကြည့်က လူအုပ်အား ဖြတ်သန်းသွားသည်။ ထို့နောက် သူက တစ်လုံးချင်း ဆက်ပြောသည်… “ကျင်းယွန်ရှောင်းက သားတော်ကို လုပ်ကြံမှုမှာ ပါဝင် ပတ်သက်နေတယ်… သူ့ကို ပြစ်ဒဏ်မပေးရင် တခြား ကလန်တွေကလည်း သူ့လို မလုပ်ဘူးလို့ မပြောနိုင်ဘူး… ငါက ကျင်းယွန်ရှောင်းကို မဖြစ်မနေ အပြစ်ပေးဖို့ ဆုံးဖြတ်ထားတယ်…”
လူအုပ်က ကျောင်းအုပ်ချန်းကို ကြည့်ကြသည်။ သူတို့အားလုံးက ကျောင်းအုပ်၏ ဆုံးဖြတ်ချက် ခိုင်မာမှုကို မြင်ကြသည်။ သို့သော်လည်း တော်ဝင်လမ်းကို လမ်းဖောက်ရန် မလွယ်ကူပေ။ ထိုစဉ်အခါက ကျောင်းအုပ်ချန်းက လောင်ရီထျန်း အပေါ်တွင်လည်း မျှော်လင့်ချက် ကြီးမားခဲ့သည်။ သို့သော် သူကား အဝေးတစ်နေရာတွင် သေဆုံးခဲ့ရ၏။ ယခု ရီဖူရှင်းကား ကျောင်းအုပ်၏ မျှော်လင့်ချက်အသစ် ဖြစ်သည်။
“ကြယ်မင်းကျောင်းဝင်တွေ အားလုံး ငါ့အမိန့်ကို နားထောင်… ကျင်းကလန်က ကျင်းယွန်ရှောင်းက သားတော်ကို လုပ်ကြံပြီး ကျင်းကလန်ကို ထွက်ပြေးသွားတယ်… ကျင်းကလန်က သူ့ကို ကာကွယ်ဖို့ ကြယ်မင်းကျောင်းမှာ လေ့ကျင့်နေတဲ့ သူတို့ကလန်ဝင်တွေ အကုန်လုံးကို ခေါ်ဆောင်သွားတယ်…” ကျောင်းအုပ်ချန်း၏အသံက တည်ငြိမ်သည်စွာ ထွက်ပေါ်နေသည်… “ကြယ်မင်းကျောင်းက တန်ခိုးကျင့်တဲ့နေရာပဲ… ဒါပေမဲ့ ကျင်းကလန်က သူတို့ရဲ့ ကလန်ဝင်ကို ကာကွယ်ဖို့ ကျောင်းစည်းကမ်းကို ဖောက်ဖျက်ခဲ့တယ်… ဒီကိစ္စက ကျောင်းကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်… ဒါကြောင့် ဒီနေ့ကစပြီး ကျင်းကလန်က ဘယ်သူကမှ ကြယ်မင်းကျောင်းထဲကို ခြေတစ်လှမ်း လှမ်းခွင့်မရှိတော့ဘူး…”
လူအုပ်က ကျောင်းအုပ်ချန်း၏ စကားကို ကြားသည်တွင် ထိတ်လန့် သွားကြသည်။ ကျောင်းက ကျင်းကလန်နှင့် ပတ်သက်မှု အားလုံးကို ဖြတ်တောက်နေသည်။ ကျင်းကလန်ကလည်း ကျောင်းအုပ်ကို ဖိအားပေးရန် သူတို့၏ကလန်ဝင်များ အားလုံးကို ကလန်သို့ ပြန်ခေါ်သွားသည်။
ယခု ကျောင်းအုပ်ချန်းက အကာနာအဆင့်မျှသာ ရှိသော ရီဖူရှင်းကို ရွေးချယ်ခဲ့သည်။ ထို့အပြင် သူ၏နည်းလမ်းက ကြမ်းတမ်းကာ ပြတ်သားသည်။ ယခု သူ၏စကားကသာ ကျင်းကလန်နားထဲ ရောက်သွားသည်နှင့် ကြယ်မင်းကျောင်းနှင့် ကျင်းကလန်က ပြဿနာ အကြီးအကျယ် တက်တော့မည်ကို အားလုံးက နားလည်ကြသည်။
“လုဝမ်… မင်းလူတွေကိုခေါ်ပြီး ကျင်းကလန်က ကျင်းယွန်ရှောင်းကို သွားဖမ်းချေ… ကျင်းချန်းဖုန်းက သူ့မြေးကို ထုတ်မပေးရင် ငါကိုယ်တိုင် လာမယ်လို့ သူ့ကို ပြောလိုက်…” ကျောင်းအုပ်ချန်းက အမိန့်ပေးသည်။
“နားလည်ပါပြီ…” လုဝမ်၏ရင်ဘတ်က အနည်းငယ် လှုပ်ရှားနေသည်။ ကျောင်းအုပ်ချန်းကား တော်ဝင်လမ်းအတွက် ထိုမျှအထိ စွန့်စားလိုသည်။
လုဝမ်က သူ၏လူများကို ခေါ်ကာ ကောင်းကင်သို့ ပျံတက်သွားသည်။ ကျောင်းအုပ်ချန်း၏ စကားကလည်း ကျောင်းတစ်ခုလုံးကို ပျံ့နှံ့သွားကာ နေရာတိုင်းတွင် ရုတ်ရုတ်သဲသဲ ဖြစ်၏။
ကြယ်မင်းကျောင်းက ကျင်းကလန်နှင့် ပတ်သက်မှု အားလုံးကို ဖြတ်တောက် လိုက်သည်။ ယနေ့မှစ၍ ကျင်းကလန်က ကြယ်မင်းကျောင်းတွင် တန်ခိုးကျင့်ခွင့် မရှိတော့။
ထိုသတင်းက မိုးမြေကောင်းကင် တစ်မြို့လုံးကို လျင်မြန်စွာ ပျံ့နှံ့သွားရာ ကျင်းကလန်ကလည်း ကြားသိရသည်။ ကျင်းကလန်ကလည်း ထိုသတင်းကို ကြားရသည်တွင် လွန်စွာ ထိတ်လန့် အံ့အားသင့်ရ၏။ ကျင်းကလန်မှ တန်ခိုးရှင်များက ကြယ်မင်းကျောင်းမှ ထွက်ခွာ လာကြသည်က ကျင်းကလန်အပေါ် ထောက်ခံမှုကို ပြသခြင်း ဖြစ်သော်လည်း ယခု ထိုအပြုအမူက သူတို့အတွက် ကျောင်းနှင့် အဆုံးသတ် တစ်ခုလည်း ဖြစ်ခဲ့ရသည်။ အမှန်အားဖြင့် သူတို့က ကျောင်းနှင့် အဆက်အသွယ် ဖြတ်လိုခြင်း မရှိကြပေ။
ကျင်းချန်းဖုန်းက ထိုသတင်းကို ကြားသည်တွင် ဒေါသ ပေါက်ကွဲတော့သည်။ ချန်းယွန်က အဘယ်ကြောင့် ထိုမျှ ဆုံးဖြတ်ချက် ပြတ်သားရသည်ကို သူနားမလည်။
ကျင်းယွန်ရှောင်းက ထိုသတင်းကို ကြားသည်တွင် အကြီးအကျယ် ကြောက်ရွံ့ တုန်လှုပ်ရ၏။ သူ၏ မိုက်မဲမှုတစ်ခုက သည်ကဲ့သို့ အခြေအနေကို ဖြစ်စေလိမ့်မည်ဟု သူလုံးဝ မထင်ထား။
မိုးမြေကောင်းကင် တစ်မြို့လုံးက ချန်းယွန်၏အမိန့်ကြောင့် ပွက်ပွက်ဆူ သွားသည်။
***