အပိုင်း (၄၉၆)

ငြင်းဆန်ခြင်း

တိမ်တိုက်ကိုးခု နန်းတော်ကား မိုးမြေကောင်းကင်မြို့ အလယ်တွင်ပင် ရှိကာ လွန်စွာ လှပတင့်တယ်ပြီး ကြီးမား ခန့်ထည်ကာ ကောင်းကင် နန်းတော်အလား ထင်မှတ်ရသည်။

မိုးမြေကောင်းကင်မြို့တွင် တိမ်တိုက်ကိုးခု နန်းတော်ကား အလှပဆုံးသော အဆောက်အဦဟုလည်း ပြောနိုင်သည်။ လက်ရှိ ကျင်းကလန်၏ အိမ်တော်ထဲတွင် လူငယ်တစ်ယောက်က ရွှေရောင် ဝင်းလက်နေသော ကြမ်းပြင်၌ ဒူးထောက် နေရသည်။ သူ့ရှေ့တွင်ကား လူအများအပြားက သူ့ကို အေးစက်စွာ ကြည့်နေကြ၏။ ကြမ်းပြင်တွင် ဒူးထောက်နေသူ လူငယ်ကား ကျင်းယွန်ရှောင်း ဖြစ်သည်။

“အဘိုး… ဦးလေးချန်းကပဲ ဒီကိစ္စကို သိတယ်… ဦးလေးချန်းက ကျင်းကလန်ကို သစ္စာရှိပြီး ဘယ်တော့မှ ဒီကိစ္စကို ထုတ်ဖော်မှာ မဟုတ်ဘူး…” ကျင်းယွန်ရှောင်းက သူ၏ရှေ့မှ အဘိုးအိုကို စိုးရိမ်စွာ ကြည့်နေသည်။ အဘိုးအိုကား သူ၏မျက်လုံးများ၊ ဆံပင်များနှင့် မုတ်ဆိတ်မွေးများ အားလုံး ရွှေရောင်လက်လက် ထနေကာ သူ၏မျက်လုံးက အလွန်အမင်း စူးရှသည်။

သူကား ကျင်းကလန်၏ ခေါင်းဆောင် ကျင်းချန်းဖုန်း ဖြစ်သည်။ ယနေ့ ကျင်းယွန်ရှောင်းအား ကလန်သို့ ပြန်ခေါ်ယူ လာခြင်းမှာ ကျင်းယွန်ရှောင်း၏ အစေခံ တစ်ယောက်ကြောင့် ဆိုလျှင်လည်း မမှားပေ။ ရီဖူရှင်း လုပ်ကြံခံရပြီး နောက်ပိုင်းတွင် ကျင်းကလန်က မမှန်မှုတစ်ခုကို တွေ့ရှိခဲ့ပြီး ကလန် ခေါင်းဆောင်ထံကို သတင်းပို့ခဲ့သည်။ ကျင်းယွန်ရှောင်း၏ အစေခံက လုပ်ကြံမှု မတိုင်မီက ယွန်ယွဲ့မြို့ကို သွားရောက်ခဲ့သည်ကို သူတို့ သိရှိခဲ့ကြသည်။ ထို့ကြောင့် သူတို့က ထိုအစေခံအား စစ်ဆေး မေးမြန်းရာ ကျင်းယွန်ရှောင်းက ရီဖူရှင်းအား လုပ်ကြံမှုတွင် ပါဝင် ပတ်သက် နေသည်ကို သူတို့ သိခဲ့ကြသည်။

“ဒီအကြောင်းကို ကြယ်မင်းကျောင်းက နောက်တပည့် တစ်ယောက်က ပြောခဲ့တာဆို… သူ့နာမည်က ကျင့်နန်… ဟုတ်တယ်မလား…” ကျင်းယွန်ဖုန်းက မေးသည်။

“သူကလည်း ဒီကိစ္စမှာ ပါပါတယ်… သတင်းတွေ ထွက်လာရင် သူလည်း လွတ်မှာ မဟုတ်လို့ ဘာမှ ပြောမှာ မဟုတ်ဘူး… ပြီးတော့ ကျွန်တော်က သူ့ကို ကျွန်တော့် လက်အောက်ကို သွတ်သွင်း ပြီးပါပြီ… အမှား မရှိနိုင်ပါဘူး…” ကျင်းယွန်ရှောင်းက ပြောသည်။

“ကြယ်မင်းကျောင်းက အကြောင်း တစ်ခုခုကြောင့် သေသေချာချာ လေ့လာ စုံစမ်းရင် ဘယ်လိုလုပ်မလဲ…” ကျင်းချန်းဖုန်းက ကျင်းယွန်ရှောင်းကို မေးသည်။

“အဘိုး… လုပ်ကြံဖို့ ကြိုးစားတဲ့လူတွေက အဲဒီနေရာမှာပဲ သေဆုံး သွားခဲ့ပြီးပါပြီ… သူတို့သားအတွက် လက်စားချေတာ ဖြစ်လို့ နောက်ထပ် စုံစမ်း စစ်ဆေးတာ မရှိပါဘူး…” ကျင်းယွန်ရှောင်းက ခေါင်းယမ်းသည်။

“အရူး… ငါ့လူတွေကို ကြယ်မင်းကျောင်းကို လွှတ်ပြီးပြီ… သူတို့က မင်းရဲ့လူကို အစဖျောက်ကြလိမ့်မယ်… ဘယ်လိုပြောပြော လူသေက စကားမပြောဘူး…”

ကျင်းယွန်ရှောင်း၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ခါသွားသည်။ သူ၏အဘိုးကား ကျင်းကလန် ခေါင်းဆောင်ဖြစ်ကာ လူသတ်ရာတွင် အလွန် ဆုံးဖြတ်ချက် ပြတ်သားသည်။ သူက ကျင့်နန်ကို သဘောမကျသည့်တိုင် သူ့ဘေးတွင် နောက်ထပ် အစေခံတစ်ယောက် ထပ်တိုးခြင်းက ပြဿနာ မရှိပေ။ သို့သော် သူ၏အဘိုး တွေးခေါ်ပုံက သူနှင့် ကွဲပြားကာ ဖြစ်လာနိုင်ဖွယ် ဘေးရန်အား လုံးဝ ချန်ထားခြင်း မရှိပေ။

မှန်သည်… သာမန်တပည့် တစ်ယောက်ကို သတ်ဖြတ်ခြင်းက သားတော်ကို လုပ်ကြံခြင်းနှင့် ယှဉ်လျှင် အရေးမပါပေ။ ကြယ်မင်းကျောင်းတွင် မရေမတွက်နိုင်သော တပည့်များရှိကာ ပြင်ပတွင် သွားလာနေရင်းဖြင့် သေဆုံးသွားသူများလည်း အများအပြား ရှိပေသည်။ တပည့်တစ်ယောက်က သေဆုံးသွားသည်မှာ အထူးအဆန်းတော့ မဟုတ်။

“ဟုတ်ကဲ့ အဘိုး…” ကျင်းယွန်ရှောင်းက သူ၏အဘိုးကို အဘယ်သို့ ငြင်းပယ် ရဲမည်နည်း။ ကျင်းကလန်တွင် ကလန်ခေါင်းဆောင်၏သဘောကို မည်သူမှ မငြင်းဆန်ရဲပေ။

“သူ့ကိစ္စရှင်းပြီးမှ မင်းနဲ့ ငါနဲ့ တွေ့ဦးမယ်… ” ကျင်းချန်းဖုန်းက အေးစက်စွာ ပြောသည်။ သူက ကျောင်းအုပ်ချန်းနှင့် မျိုးဆက် တစ်ခုတည်းဖြစ်ရာ ချန်းယွန်က ရီဖူရှင်းအား သားတော် အပ်နှင်းခြင်းက ဘာအဓိပ္ပာယ် ဖြစ်သည်ကို သူ အလွန် နားလည်သည်။ ကျင်းကလန်အား ကြယ်မင်းကျောင်းက အသိပေးခြင်း မရှိသောကြောင့် ကျင်းကလန်က မကျေမနပ် ဖြစ်သည့်တိုင် ကျင်းကလန် ခေါင်းဆောင်က တစ်ခွန်းမှ မဟခဲ့ပေ။ သူက ကျောင်းအုပ်ချန်း၏ စိတ်သဘောကို နားလည်သည်။

ကျင်းချန်းဖုန်းကား သူ၏ အမုန်းတရားကို သိမ်းဆည်းကာ သေကွင်း သေကွက်ကို ထိအောင် ပြစ်မည့် အချိန်အခါကို စောင့်နေခြင်း ဖြစ်သည်။ ယခု အချိန်အခါကောင်း မဟုတ်ပေ။

ကျင်းယွန်ရှောင်း၏ မိုက်မဲသော အပြုအမူက သူ့အတွက် လုပ်ရကိုင်ရ ခက်ခဲစေသည်။

ထိုအချိန်တွင် အဝေးမှ လူတစ်ယောက် ပျံသန်း ရောက်ရှိလာကာ ကျင်းချန်းဖုန်းအား အရိုအသေ ပေးသည်… “ကလန်ခေါင်းဆောင်… ကျွန်တော်တို့ ပြဿနာတက်ပြီ…”

“ဘာလဲ…” ကျင်းချန်းဖုန်းက မေးသည်။

“ကျင့်နန်ကို ကြယ်မင်းကျောင်းရဲ့ စည်းကမ်း ထိန်းသိမ်းရေး ဌာနက ခေါ်သွားပြီးမှ သူ့စွမ်းအားတွေကို ဖျက်ဆီးပြီး ကျောင်းက နှင်ထုတ်လိုက်တယ်…” ထိုလူက ဆက်ပြောသည်… “အခု စည်းကမ်း ထိန်းသိမ်းရေး ဌာနက လူတွေက ကျင်းကလန်ဆီကို လာနေကြတယ်… သူတို့က မကြာခင် ရောက်လာ ကြလိမ့်မယ်…”

ကျင်းကလန်မှ လူများအားလုံး၏ အမူအရာများ ပျက်ယွင်း သွားကြသည်။ ကျင်းယွန်ရှောင်းမူကား ပိုမို၍ ထိတ်လန့်ရသည်… “ဘယ်လို ဖြစ်နိုင်မှာလဲ… ကျောင်းက ဒီကိစ္စကို ဘယ်လို သိသွားရတာလဲ…”

ကျင်းချန်းဖုန်းက ကျင်းယွန်ရှောင်းကို အေးစက်စွာ တစ်ချက် ကြည့်ကာ ပြောသည်… “သူ့ကို ခေါ်သွား…”

“နားလည်ပါပြီ…” တစ်ယောက်က ကျင်းယွန်ရှောင်းကို ခေါ်ကာ ထွက်ခွာ သွားသည်။

“မင်းတို့ ဘယ်လို မြင်ကြလဲ…” ကျင်းချန်းဖုန်းက တခြားလူများကို ကြည့်ကာ မေးသည်။ သူက ထိုသတင်းကို ရသည့်တိုင် တုန်လှုပ်ခြင်း ကင်းသည်။ သူ့တန်ခိုး အဆင့်ဖြင့် လောကကြီး ပျက်စီးလျှင်ပင် သူက တည်ငြိမ်နိုင်သည်။

ကျင်းကလန်မှ လူများ အားလုံးက ကလန် ခေါင်းဆောင်က ဘာမေးသည်ကို နားလည်ကြသည်။ ကြယ်မင်းကျောင်းက ကျင်းယွန်ရှောင်းကို ထုတ်ပေးရန် တောင်းဆိုပါက သူတို့ မည်သို့ တုံ့ပြန်မည်နည်း။

“ကြယ်မင်းကျောင်းက ကျင်းကလန်နဲ့ တိုက်ရိုက် ရင်ဆိုင်ရဲတယ်… ကျောင်းမှာ ကျုပ်တို့ ကလန်ရဲ့ နေရာကို သူတို့ လုံးဝ မျက်လုံးထဲ မထည့်တာ သေချာတယ်… ဘာလို့ ဒီကိစ္စကို သူတို့ မဖုံးထားပေးနိုင် ရတာလဲ…” တစ်ယောက်က သဘောမကျစွာ ပြောသည်။

“ကျောင်းအုပ်ချန်းက သားတော်ဘွဲ့ အပ်နှင်းတုန်းကလည်း ကုကလန်နဲ့ နဂါးကလန် ထောက်ခံတဲ့အတွက် ကျင်းကလန်ကို ကြိုတင် အသိပေး ဆွေးနွေးတာမျိုး မလုပ်ခဲ့ဘူး… ကြယ်မင်းကျောင်းက ကျင်းကလန်ကို အပြင်ဘက်ကို တွန်းလွှတ်နေတာလား…” နောက်တစ်ယောက်က အပြစ်တင်သည်။

သားတော် အပ်နှင်းပွဲက ကျင်းကလန်ဝင်များ၏ ရင်ဘတ်တွင် နစ်ဝင်နေသော ဓားတစ်လက်နှင့် ဆင်တူသည်။ ကျင်းယွန်ရှောင်း၏ မိုက်မဲသော အပြုအမူက အလျင်စလို လိုသော်လည်း သူတို့အားလုံးက တိတ်တခိုး သဘောတူကြသည်သာ။

“ကျုပ်တို့က ယွန်ရှောင်းကို ဘယ်လိုမှ ထုတ်ပေးလို့ မဖြစ်ဘူး… ဒီလို လုပ်လိုက်ရင် ကျုပ်တို့ရဲ့ ဂုဏ်သိက္ခာ ဘယ်ကျန်တော့မလဲ… ပြီးတော့ ကြယ်မင်းကျောင်းကို ဝင်သွားတဲ့ တပည့်တွေက ကျုပ်တို့ကလန်ကို ပြန်ဝင်ကြမှာ မဟုတ်တော့ဘူး…” အကြီးအကဲ တစ်ယောက်က အခြေအနေကို သုံးသပ်သည်။ ထိပ်သီးကျောင်း သုံးကျောင်းက ရှည်လျားသော သမိုင်းအမွေကို ပိုင်ဆိုင်ကာ လူငယ်မျိုးဆက်များက ကျောင်းကို ဝင်ရောက် လေ့ကျင့်ပြီး အားကောင်းသော ခေါင်းဆောင်များ ဖြစ်လာနိုင်သည်။ ကျောင်းက လူငယ်များအား သင်ကြား ပြသပေးသည့်တိုင် သူတို့က မူလဇာတိအားဖြင့် ကျင်းကလန်မှ ဖြစ်သည်။ သူတို့က ကျောင်းမှ ထွက်ပြီးသောအခါ ကျင်းကလန်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ကြပြီး အချို့က ကျင်းကလန်ကိုပင် ပြန်လည် ဝင်ရောက်ကြသည်။

မျိုးဆက်များစွာ တည်တံ့လာခဲ့သော ကျင်းကလန်က ကြယ်မင်းကျောင်းတွင် သူတို့၏ ကလန်ဝင်များ အများအပြား ရှိစေခြင်းဖြင့် ကြယ်မင်းကျောင်းအပေါ်​ သူတို့၏ ဩဇာလွှမ်းမိုးမှု ကြီးမားစေခဲ့သည်။

“သူတို့လာတာကို စောင့်ဦး…” ကျင်းချန်းဖုန်းက ဘာမှ သိပ်မပြောတော့ပေ။ မကြာမီ ကြယ်မင်းကျောင်း၏ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်များ ရောက်လာကြကာ ကျင်းချန်းဖုန်းရှေ့ကို ခေါ်ဆောင် လာခဲ့ကြသည်။

ကျင်းကလန်၏ အကြီးအကဲများ စုစည်း နေကြသည်ကို မြင်သည်တွင် ကျင်းကလန်က သတင်းရထားပြီး ဖြစ်ကြောင်း စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်များ နားလည် လိုက်ကြသည်။

“စီနီယာ…” စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်များက ကျင်းချန်းဖုန်းကို အရိုအသေ ပေးကြသည်။ ကျန်းကလန် ခေါင်းဆောင်ကား ကျောင်းအုပ်ချန်းနှင့် မျိုးဆက်တစ်ခုတည်း ဖြစ်ရာ သူတို့က ကျင်းကလန် ခေါင်းဆောင်အား အရိုအသေပေးရန် လိုသည်။

“မင်းတို့က ဘာအတွက် လာတာလဲ ငါသိလို့ရမလား…” ကျင်းချန်းဖုန်းက မေးသည်။

“စီနီယာ… ကျင်းယွန်ရှောင်းက သားတော်ကို လုပ်ကြံမှုမှာ သံသယဖြစ်စရာ ကောင်းနေပါတယ်… အကြီးအကဲလုက သူ့ကို ကျောင်းကို​ခေါ်လာဖို့ ညွှန်ကြား လိုက်ပါတယ်…” ခေါင်းဆောင် လုပ်ဟန်တူသူက ဦးညွှတ်ကာ ပြောသည်။

“ငါလည်း အဲဒီကိစ္စကို ကြားတယ်… အဲဒါက သူသတ်ခဲ့တဲ့လူရဲ့ မိဘတွေက လာပြီး လက်စားချေတာဆို… ဘာလို့ ကျင်းယွန်ရှောင်းက ဝင်ပါနေရတာလဲ… မင်းတို့ တစ်ခုခု မှားနေတာများလား…”

“လုပ်ကြံသူတွေက တကယ်ပဲ ယွန်ယွဲ့ကုန်သည် အုပ်စုက လာကြတာပဲ… ဒါပေမဲ့ သူတို့ကို နတ်ဗိမာန် အိမ်တော်မှာ လုပ်ကြံဖို့ စီစဉ်ပေးတဲ့လူက ကျင်းယွန်ရှောင်းနဲ့ ကျင့်နန်တို့ ဖြစ်တယ် ဆိုတာကို ကျုပ်တို့ တွေ့ရှိထားပါတယ်… စီနီယာက ကျုပ်တို့ကို ခက်ခဲအောင် မလုပ်ဖို့ တောင်းဆိုပါတယ်…” ကြယ်မင်းကျောင်း စည်းကမ်း ထိန်းသိမ်းရေး တာဝန်ခံက ရှင်းပြသည်။ သူတို့ မျှော်လင့် ထားသည့်အတိုင်း ကျင်းကလန်က ကျင်းယွန်ရှောင်းကို အလွယ်တကူ မထုတ်ပေးပေ။

“ကျင်းယွန်ရှောင်းကို ခေါ်သွားပြီးနောက် အကြီးအကဲလုက သူ့ကို ကိုယ်တိုင် စုံစမ်း စစ်ဆေးပြီးတော့ သေချာတော့မှ အပြစ်ပေးမှာပါ…”

“သာမန်တပည့် တစ်ယောက်ရဲ့ စကားက ဒီလောက် လွယ်လွယ် ယုံကြည်စရာ ကောင်းလို့လား… အဖြစ်အပျက် တစ်ခုလုံးကို ကျင့်နန်က စီစဉ်တာ ဖြစ်ရမယ်လို့ အကြီးအကဲလုကို ပြန်သွားပြောလိုက်… ကျင့်နန်က ကျင်းယွန်ရှောင်းကို တမင် အပြစ်ပုံချတာ ဖြစ်ရမယ်…” ကျင်းချန်းဖုန်းက ပြောသည်။

စည်းကမ်း ထိန်းသိမ်းရေးမှူးက ဆက်ပြောလိုဟန် ရသော်လည်း ကျင်းချန်းဖုန်းက လက်ကာပြသည်… “သွားကြတော့… အမှန်တရားကို မြန်မြန် စုံစမ်း စစ်ဆေးကြ… တကယ်လို့ လိုအပ်လာရင် ငါက ကျောင်းအုပ်ဆီကို ကိုယ်တိုင်သွားမယ်…”

“နားလည်ပါပြီ… ကျွန်တော်တို့ ပြန်သွားပြီးတော့ အစီရင်ခံပါ့မယ်…” အခြေအနေက ဤသို့ ဖြစ်လာမှတော့ သူတို့က ပြန်သွားရုံမှအပ မည်သို့မှ မတတ်နိုင်ပေ။ ကျင်းချန်းဖုန်း၏မြေး ကျင်းယွန်ရှောင်းကို သည်အတိုင်း ဖမ်းဆီး၍ မရသည်ကို သူတို့ နားလည်ကြသည်။

***

ရီဖူရှင်းက ကြယ်မင်းကျောင်းကို ပြန်ရောက်နေပြီး ဖြစ်သည်။ လက်ရှိတွင် ကြယ်မင်းကျောင်း၏ စည်းကမ်း ထိန်းသိမ်းရေး ဌာနတွင် အကြီးအကဲလု၊ ရီဖူရှင်း၊ ကုကလန်မှ တန်ခိုးရှင်များနှင့် နဂါးကလန်မှ လူများ ဖြစ်ကြသည်။ သူတို့ အားလုံးက ကျင်းကလန်ကို သွားသောလူများ ပြန်လာသည်ကို စောင့်နေကြသည်။

သိပ်မကြာခင် ကျင်းကလန်ကို သွားသော လူများ ပြန်ရောက် လာကြသည်။ ကျင်းယွန်ရှောင်း ပါမလာသည်ကို မြင်သည်တွင် သူတို့အားလုံးက ကျင်းကလန်၏ သဘောထားကို နားလည် လိုက်ကြသည်။

စည်းကမ်း ထိန်းသိမ်းရေးမှူး၏ စကားများကို နားထောင်ပြီးသည်တွင် အကြီးအကဲလုက ရီဖူရှင်းကို ကြည့်သည်။ သူက ကျင်းချန်းဖုန်း၏ သဘောကို နားလည်သည်။ သူက ကြယ်မင်းကျောင်းအား သည်အရေးတွင် ကျင်းယွန်ရှောင်းအား လက်ရှောင် ခိုင်းစေလိုပြီး အပြစ်များအား ကျင့်နန် တစ်ဦးတည်ကိုသာ ပုံချလိုသည်။

“ရီဖူရှင်း … ဒီကိစ္စကို ကျောင်းအုပ်ပဲ ဆုံးဖြတ် နိုင်တော့တယ်…” အကြီးအကဲလုက ပြောသည်။ သည်ကိစ္စက ကျင်းကလန်နှင့် ပတ်သက်နေသည်။ ကျင်းကလန်ကား ကြယ်မင်းကျောင်း၏ ထောက်တိုင် တစ်ခုလည်း ဖြစ်ရာ သူက အလွယ် ဆုံးဖြတ်၍ မရပေ။

“ကျင်းကလန်က အဘိုးကြီးက စကား တစ်ခွန်းတည်းနဲ့ ဒီကိစ္စကို အဆုံးသတ် ချင်တယ်တဲ့လား… ” ကြွဆတ်သော အသံတစ်ခုကို အပြင်မှ ကြားရသည်။ ထို့နောက် လူအချို့အထဲကို ဝင်လာသည်။

သူတို့ကား ကုကလန် ခေါင်းဆောင် ကုဟန်ရှင်း၊ နဂါးကလန်မှ သခင်မလောင်နှင့် ကျောင်းအုပ်ချန်းတို့ ဖြစ်ကြသည်။

“ကျောင်းအုပ်… စီနီယာကု… သခင်မ…” ရီဖူရှင်းက သူတို့အား ဦးညွှတ်ကာ အရိုအသေ ပေးသည်။ ကျန်လူများ အားလုံးကလည်း လေးစားစွာ ဂါရဝပြုကြ၏။

“လုပ်ကြံတဲ့လူက ယွန်ယွဲ့ကုန်သည် အုပ်စုက ဖြစ်တယ်… နောက်ကွယ်က ကြိုးကိုင်တာက ကျင်းယွန်ရှောင်း ဖြစ်တဲ့အတွက် သူတို့က တိုက်ရိုက် ပတ်သက်တဲ့လူကိုပဲ အပြစ်ပုံချပြီးတော့ ပြီးသွားစေချင်ပုံ ရတယ်… ” သခင်မလောင်က ပြောသည်။

“ဒီကိစ္စကြောင့် ယွန်ချီက သေလုနီးပါး ဖြစ်ခဲ့တယ်… ကျင်းချန်းဖုန်းက သူ့မြေးကို အပြစ်က လွတ်စေချင် သေးတယ်… ကျုပ်က ဘယ်လိုလုပ် လက်ခံရမလဲ…” ကုဟန်ရှင်းက သူ၏ သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောသည်။

“မင်း ဘယ်လိုထင်လဲ…” ကျောင်းအုပ်ချန်း၏ အကြည့်က ရီဖူရှင်းထံ ရောက်လာသည်။

“ကျင်းယွန်ရှောင်းက ဒီကိစ္စမှာ သေချာပေါက် ပါနေတယ်… ကျင့်နန်မှာ ဒီလို လုပ်နိုင်စွမ်း မရှိဘူး… ပြီးတော့ ကျင့်နန်နဲ့ ကျင်းယွန်ရှောင်း တတွဲတွဲ ဖြစ်နေတာ… ကျင့်နန်က သူ့ပြစ်မှုကို ဝန်ခံခဲ့တာတွေကို တွက်ရင် ကျင်းယွန်ရှောင်းက နောက်ကွယ်က စေခိုင်းသူ ဖြစ်တယ်ဆိုတာ သေချာတယ်…”

“မင်းက ဘယ်လို လုပ်ချင်လဲ…” ကျောင်းအုပ်က မေးသည်။

ရီဖူရှင်းက  ကျောင်းအုပ်ချန်းကို ကြည့်သည်။ ကျင်းကလန်က ကျောင်း၏အဓိက ထောက်တိုင် တစ်ခုဖြစ်ရာ ကျင်းယွန်ရှောင်း အပေါ် သူတို့က အပြစ်ပေးမည် ဆိုပါက အနုတ်သဘော ဆောင်သော အခြေအနေများ ဖြစ်လာ နိုင်သည်ကို သူသိသည်။

“ကျွန်တော်က ကံကောင်းပြီး အသက်ရှင်ခဲ့တယ် ဆိုပေမဲ့ သွေးကြွေးကို သွေးနဲ့ပဲ ဆပ်ရမယ်… လူသတ်ဖို့ ကြိုးစားတဲ့လူက သေရမယ်…” ရီဖူရှင်းက ဆုံးဖြတ်ချက် ခိုင်မာစွာ ပြောသည်။ သည်ကိစ္စတွင် သူ တစ်ယောက်တည်း ခံရသည် မဟုတ်ပေ။ ယူချင်း၊ ဝူချင်း၊ လို့လန်၊ ကုယွန်ချီနှင့် ဝမ်ယွီရိုတို့ အားလုံး သေလုနီးပါး ဖြစ်သွားသည်။

ကျောင်းအုပ်ချန်းက သူ၏သဘောထားကို မေးလျှင် သူက ကျင်းယွန်ရှောင်းကို သတ်လိုသည်ဟုသာ ဖြေရပေမည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset