Switch Mode

အပိုင်း (၄၉၅)

ဖမ်းဆီးခြင်း

နတ်ဗိမာန် အိမ်တော်ကို ဝမ်ယွီရိုက ရောက်လာကာ ရီဖူရှင်းကို တွေ့သည်။

ရီဖူရှင်း သူမ၏ အလျင်စလိုပုံကို ကြည့်ကာ မေးသည်…“မင်းရဲ့ဒဏ်ရာက အခုမှ သက်သာခါစ ရှိသေးတယ်… ဘာတွေ အလျင်လိုနေတာလဲ…”

“ခုနကပဲ ငါ့အစ်မ ရောက်လာပြီး နင့်ကို တစ်ခု ပြောခိုင်းတယ်…” ဝမ်ယွီရိုက ပြောသည်။

“ဘာများလဲ…” ရီဖူရှင်းက တစ်ခုခု ထူးဆန်းနေသည်ကို ခံစားရသည်။

“ကျင့်နန်က ကောက်ကျစ်တဲ့လူလို့ ငါ့အစ်မ ပြောတယ်… သူ့ထက် အဆင့်အတန်း မြင့်တဲ့လူတွေရှေ့မှာဆို သူက အမြဲတမ်း သူ့အပြုအမူတွေကို ထိန်းချုပ်ပြီးတော့ မိုက်မဲတာတွေကို လုပ်လေ့မရှိဘူး… နတ်ဗိမာန် အိမ်တော်မှာတုန်းက ကျင့်နန်က နတ်ဗိမာန် အိမ်တော်ရဲ့ နောက်ခံကို လျစ်လျူရှုပြီးတော့ ငါနဲ့ စိန့်ယွီကို စော်ကား ပြောဆိုခဲ့တယ်… ဒါက ပုံမှန် မဟုတ်ဘူး…” ဝမ်ယွီရိုက ရီဖူရှင်းကို ကြည့်ကာ ဆက်ပြောသည်… “သူပြဿနာ လာရှာတဲ့ အချိန်မှာ နင်ပြန်လာတာနဲ့ တိုက်ဆိုင်သွားတာပဲ ရှိတာ… ပြီးတော့ သိပ်မကြာတဲ့အချိန်မှာ ယွန်ယွဲ့ကုန်သည် အုပ်စုက ရှမ်းကျင်း ဇနီးမောင်နှံက နတ်ဗိမာန် အိမ်တော်ကို ရောက်လာတာပဲ…”

ရီဖူရှင်း၏ အမူအရာက ပြောင်းလဲ သွားသည်။ ဝမ်ယွီရိုက ဆက်ပြောသည်…“ပြီးတော့ ကျင့်နန်က အရင်ကတည်းက ကျင်းယွန်ရှောင်းနဲ့ ခင်မင် ရင်းနှီးချင်တယ်… ဒါပေမဲ့ ကျင်းယွန်ရှောင်းက သူ့ကို ဘယ်တော့မှ မျက်လုံးထဲ ထည့်ခဲ့တာ မဟုတ်ဘူး… ဒါပေမဲ့ မကြာခင်က ကျင့်နန်နဲ့ ကျင်းယွန်ရှောင်းကို လူအများက တပူးတွဲတွဲ တွေ့ခဲ့ကြတယ်…”

ရီဖူရှင်းက မျက်လုံးကို မှိတ်ကာ သေချာ စဉ်းစားသည်။ ဝမ်ယွီချန်းက ဝမ်ယွီရိုမှ တစ်ဆင့် သည်စကားများကို သာမန် သဘောဖြင့် ပြောခိုင်းခြင်း မဟုတ်ပေ။ သည်ကိစ္စက ကျင့်နန်နှင့် ကျင်းယွန်ရှောင်းတို့ ပါဝင်နေသည်။ သည်ကွင်းဆက်များက တကွဲတပြား ဖြစ်ပျက်ခဲ့သော်လည်း အားလုံးကို ခြုံ၍ စဉ်းစားလျှင် သံသယ ဖြစ်ဖွယ်ရာ များစွာ ရှိသည်။

လုပ်ကြံမှု မအောင်မြင်သည်က လုပ်ကြံသူ နှစ်ယောက်က ထိုနေရာတွင်ပင် မိမိကိုယ်ကို သတ်သေခဲ့ကြသည်။ သူတို့နှစ်ယောက်က ရှမ်းယွန်ဖန်း၏ မိဘများဖြစ်ရာ သူတို့၏သားအတွက် လက်စားချေခြင်းက အမှန် ဖြစ်သင့်သောကိစ္စ ဖြစ်သည်။ နောက်တစ်ယောက်က သူတို့အား အသုံးပြုကာ သားတော်ကို အကွက်ချ လုပ်ကြံမည်ဟု ဘယ်သူမှ တွေးမိကြမည် မဟုတ်ပေ။

ထို့ကြောင့်လည်း သည်ကိစ္စက တခြား စုံစမ်းစစ်ဆေးမှုများ မရှိတော့ခြင်း ဖြစ်သည်။ သည်လုပ်ကြံမှုက လက်စားချေခြင်းသာ ဖြစ်သည်။ သို့သော်လည်း ယခု သေသေချာချာ စဉ်းစားသည်တွင် ထိုစုံတွဲက သူတို့၏သားအတွက် လက်စားချေခြင်း ဖြစ်သည့်အတွက် သူတို့အားလုံးက တခြား ကိစ္စများကို ထည့်မတွက်ခဲ့ကြပေ။

သူက ကြယ်မင်းကျောင်းတွင် တောက်လျှောက် လေ့ကျင့်နေခဲ့သည်။ ရီဖူရှင်းက ထိုနေ့တွင် နတ်ဗိမာန် အိမ်တော်တွင် ရှိမည်ကို ရှမ်းကျင်းမောင်နှံက မည်သို့ သိသနည်း။ ထိုနေ့က သူတို့ ပြဿနာရှာခြင်းက ရီဖူရှင်း ရှိနေခြင်းကို သေချာပေါက် သိကာ သူ့အား ထွက်လာစေရန် ဖြစ်ကြောင်း ကောက်ချက်ချ၍ ရသည်။

မှန်သည် … သူတို့က နတ်ဗိမာန် အိမ်တော်ကို တောက်လျှောက် စောင့်ကြည့်နေခြင်းလည်း ဖြစ်နိုင်သည်။ အကယ်၍ သူတို့က ပြင်းပြစွာ လက်စားချေလိုသည် ဆိုပါက ထိုမျှလောက် အားထုတ်ခြင်းက ဘာမှ မဟုတ်ပေ။

သို့သော် အရေးကြီးသော အချက်ကား ကျင့်နန်က ပုံမှန်နှင့်မတူဘဲ နတ်ဗိမာန် အိမ်တော်ကို အဘယ်ကြောင့် ပြဿနာ လာရှာရသနည်း။ မကြာမီ ရှမ်းကျင်းတို့ မောင်နှံ ပေါ်လာခြင်းကရော တိုက်ဆိုင်ခြင်းများလား…။

ဝမ်မိသားစု ခေါင်းဆောင်နှင့် စကားပြောရာတွင် ယွန်ယွဲ့မြို့က မိုးမြေ ကောင်းကင်မြို့မှ သတင်းများကို သိပ်မသိကြသည်မှာ ထင်ရှားသည်။ ရှမ်းကျင်းမောင်နှံက ယွန်ယွဲ့မြို့ကို ပြန်သွားကြပြီးဖြစ်ရာ ရီဖူရှင်းက ငွေရောင်ဝတ်လူ ဖြစ်သည်ဟူသော သတင်းကို ရရန် မလွယ်ကူပေ။ သို့သော်လည်း သူတို့မောင်နှံက မိုးမြေကောင်းကင်မြို့မှ သတင်းများကို တခြားလူများထက် ပိုမို၍​နားစွင့်သောကြောင့် ရီဖူရှင်း၏သတင်းကို ရရှိသွားသည်လည်း ဖြစ်နိုင်သည်။ သို့သော်လည်း ကျင့်နန်ကား သည်ကိစ္စများကို အသိဆုံးသော လူတစ်ယောက် ဖြစ်နေသည်။

သူတို့သားအတွက် လက်စားချေရန် တခြား တွန်းအားများ ပေးရန် မလိုပေ။ သို့သော်လည်း သူတို့အား သတင်းပေးကာ နေရာနှင့်အချိန်ကို စီစဉ်ပေးခြင်းက သူတို့အား သံသယ ဝင်စေနိုင်သော အချက်များ မဟုတ်ပေ။

ရီဖူရှင်း၏ မျက်လုံးအစုံက ဖျတ်ခနဲပွင့်လာကာ အေးစက်စွာ အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

“ကျင့်နန်က လုပ်ကြံမှုမှာ ပါဝင်ပတ်သက် နေတယ်လို့ အစ်မက ဆိုလိုတာလား…” ဝမ်ယွီရိုကလည်း အနည်းငယ် ရိပ်မိသည်။

“ငါလည်း မသိဘူး…” ရီဖူရှင်းက ပြုံးလျက်ပြောသည်… “ကြယ်မင်းကျောင်းက အကြီးအကဲတွေ စုံစမ်း စစ်ဆေးကြပါစေ…” သည်ကိစ္စက ကြယ်မင်းကျောင်းမှ တပည့်များ ပါဝင် ပတ်သက်နေကာ အထူးသဖြင့် ကျင်းကလန်၏သခင်လေး ကျင်းယွန်ရှောင်း ပါဝင်နေသောကြောင့် သူတို့က တစ်ဖက်တည်း အမြင်ဖြင့် ကောက်ချက်ချရန် မသင့်ပေ။

“စိန့်ယွီ…” ရီဖူရှင်းက လှမ်းခေါ်သည်။

“ပိုင်ရှင်…” မနီးမဝေးတွင် ရပ်နေသော စိန့်ယွီက လျှောက်လာသည်။

“နဂါးကလန်က လူတွေကို အနောက်ဘက် တရားရေးရာ စံအိမ်ကိုသွားပြီး သခင်မလောင်ကို ခုနက ဝမ်ယွီရို ပြောတဲ့စကားကို သွားပြောခိုင်းလိုက်… မင်းကတော့ ကုကလန်ကို သွားပြီး ကိုယ်တိုင် သွားပြောလိုက်…” ရီဖူရှင်းက ညွှန်ကြားချက်များ ပေးပြီး သူကိုယ်တိုင်က ကြယ်မင်းကျောင်းမှ အကြီးအကဲများနှင့် တွေ့ဆုံရန် ထွက်ခွာ သွားသည်။

***

ကြယ်မင်းကျောင်းတွင် ကျင်းယွန်ရှောင်း နေထိုင်ရာ နေရာသို့ ကောင်းကင်မှ​ လူတစ်စု ဆင်းသက် လာကြသည်။ ထိုလူများကို မြင်သည်တွင် ကျင်းယွန်ရှောင်း၏ အမူအရာက ပြောင်းလဲသွားသည်… “ဦးလေး… ဘာလို့ ကျောင်းကို လာတာလဲ…”

“တိမ်တိုက်ကိုးခု နန်းတော်သို့ ပြန်လိုက်လာခဲ့…” ထိုလူက အေးစက်စွာ ပြောသည်။

“ကိစ္စတစ်ခုခု ရှိလို့လား…” ကျင်းယွန်ရှောင်းက နားမလည်စွာ မေးသည်။

“ငါတို့ ပြန်ရောက်တဲ့အခါ ပြောကြမယ်… ကလန်ခေါင်းဆောင်က မင်းနဲ့ စကား ပြောချင်နေတယ်…” ထိုလူက ခေါင်းညိတ်သည်။ ဤတွင် ကျင်းယွန်ရှောင်းက ကျင့်နန်ဘက်ကို လှည့်ကာ ပြောသည်… “မင်း သွားလို့ရပြီ…”

“ဟုတ်ကဲ့… စီနီယာ…” ကျင့်နန်က အရိုအသေပေးကာ ထိုနေရာမှ ထွက်သွားသည်။ တခြားလူများ၏ ရှေ့တွင်မူကား သူက ကျင်းယွန်ရှောင်းကို စီနီယာဟု ခေါ်ဆိုသည်။

ကျင်းယွန်ရှောင်းနှင့် ကျင်းကလန်ဝင်များက ပျံသန်း ထွက်ခွာ သွားကြသည်။ ကျင်းကလန်မှ လူများက ရုတ်တရက် ပေါ်လာကာ ကျင်းယွန်ရှောင်းကို အဘယ်ကြောင့် ခေါ်သွားကြသည်ကို ကျင့်နန်က နားမလည်။ သို့သော် တစ်စုံတစ်ခုသော ခံစားမှုက သူ၏စိတ်နှလုံးကို လေးလံ ထိုင်းမှိုင်းစေကာ မကောင်းသော ခံစားချက်ကို သူရနေသည်။ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည် များလား။

မဖြစ်နိုင်…

ထိုကိစ္စက ဟာကွက် မရှိပေ။ ထို့အပြင် လုပ်ကြံသူ နှစ်ယောက်ကလည်း ထိုနေရာတွင်ပင် သေဆုံးသွားပြီး ဖြစ်သည်။

ကျောက်တုံး လမ်းကလေးပေါ်တွင် တွေဝေစွာ လမ်းလျှောက် နေစဉ်မှာပင် သူ့ထံသို့ လူတစ်စု လျှောက်လာသည်ကို ကျင့်နန်က မြင်သည်။ သူတို့အုပ်စုထံမှ အားကောင်းကာ အေးစက်သော အငွေ့အသက်များကို သူရနေသည်။ သူတို့အားလုံးက ကျင့်နန်ရှေ့တွင် ရပ်လိုက်ကြ၏။ သူတို့အနီးမှ လူများအားလုံးက အခြေအနေကို ရိပ်မိကြကာ နောက်ကို ဆုတ်ပေးကြသည်။ အားလုံးက ထိုလူများကို သိကြသည်။

သူတို့ကား ကြယ်မင်းကျောင်း၏ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ ဖြစ်၏။ ကျင့်နန်က ထိုလူများကို မြင်သည်တွင် သူ၏စိတ်နှလုံးက တုန်ခါသွားသည်။ သူ၏ ခြေထောက်များကလည်း အားနည်း သွားသလို ခံစားရသည်။

“ကျင့်နန်က အကြီးအကဲများနဲ့ စီနီယာများကို ဂါရဝပြုပါတယ်…” ကျင့်နန်က အကြောက်တရားကို ဖိနှိပ်ကာ ဦးညွှတ်သည်။

“ကျင့်နန်… ငါတို့နောက်ကို လိုက်ခဲ့…” ရှေ့ဆုံးမှ အကြီးအကဲက သူ့အား စူးရဲစွာ ကြည့်လျက်ပြောသည်။

ကျင့်နန်၏ မျက်နှာက တစ်မုဟုတ်ချင်း ပြာနှမ်းသွားသည်… “စီနီယာ… ဘာကိစ္စလဲ ကျွန်တော် သိလို့ ရမလား…”

“ငါတို့ စည်းကမ်း ထိန်းသိမ်းရေး ဌာနမှာ ပြောကြမယ်…” ရှေ့ဆုံးမှ လူက အေးစက်စွာ ပြောသည်။ ကျင့်နန်က သူ၏ အကြောက်တရားကို ကောင်းစွာ ထိန်းချုပ်နိုင်သည့်တိုင် ထိုလူ၏စကားက သူ၏ရင်ဘတ်ကို ထိုးဆွနေသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။ သူက တည်ငြိမ်စွာပင် ပြန်ပြောသည်… “ကောင်းပါပြီ…”

“သွားစို့…” သူတို့အုပ်စု ကျင့်နန်အား အလယ်မှ ဝန်းရံကာ စည်းကမ်း ထိန်းသိမ်းရေး ဌာနဘက်ကို ဦးတည်၍ ထွက်သွားကြသည်။ ထိုမြင်ကွင်းကို တွေ့မြင်ကြသော တပည့်များက စတင် ဆွေးနွေးဝေဖန် ကြတော့သည်။ စည်းကမ်း ထိန်းသိမ်းရေး ဌာနက လှုပ်ရှားသည်ကို သူတို့ မြင်ရခဲသည်။ မည်သို့ဆိုစေ ထိပ်သီးကျောင်း သုံးကျောင်းက တန်ခိုးကျင့်ရာ နေရာဖြစ်ကာ စည်မျဉ်း စည်းကမ်းများ တင်းကျပ်ထားခြင်းလည်း သိပ်မရှိပေ။ ထို့ကြောင့် အရေးကြီးသော ကိစ္စမဟုတ်လျှင် စည်းကမ်း ထိန်းသိမ်းရေး ဌာနက ဝင်ပါခြင်း မရှိပေ။ သူတို့ လှုပ်ရှားသည်တွင် ကြီးမားသော အရေးအခင်း တစ်ခုခုသာ ဖြစ်ရမည်။

ကျင့်နန်က မည်ကဲ့သို့ ပြဿနာအား ဆောင်ယူခဲ့သနည်း။

စည်းကမ်း ထိန်းသိမ်းရေး ဌာန၏ အဓိကနေရာတွင် လူတစ်ယောက်က အေးစက်စွာ ထိုင်နေသည်။ ကျင့်နန်က ထိုအကြီးအကဲအား မြင်သည်နှင့် သူ၏မျက်နှာက အကြီးအကျယ် ပျက်သွားသည်။

ထိုလူကား စည်းကမ်း ထိန်းသိမ်းရေး ဌာန၏ အမြင့်ဆုံး အာဏာကို ကိုင်ဆောင်ထားသော အကြီးအကဲချုပ်လု ဖြစ်သည်။ သူကား အကာနာအဆင့် တန်ခိုးရှင် တစ်ယောက်သာ ဖြစ်သည်။ ရှီအဆင့်အကြီးအကဲ ကိုယ်တိုင် ကိုင်တွယ်ရအောင် မည်သို့သော ကြီးမားသော ပြစ်ဒဏ်ကို သူ ကျူးလွန်ခဲ့သနည်း။

ဌာနတစ်ခုလုံး အပ်ကျသံ မကြားရအောင် တိတ်ဆိတ်နေသည်။ ကျင့်နန်မူကား သူ၏ နှလုံးခုန်သံကိုပင် ပြန်ကြားနေရသည်။

“ကိုယ်တိုင် ဝန်ခံ…” အကြီးအကဲလုက ကျင့်နန်ကို အချိန်အတန်ကြာ စိုက်ကြည့်ပြီးမှ တစ်ခွန်းတည်း ပြောသည်။ သူ၏အသံတွင် ထူးဆန်းသော အရှိန်အဝါများ ပါနေ၏။

ကျင့်နန်က ခေါင်းနပန်း ကြီးသွားကာ ကြောက်လန့်စွာ ဦးညွှတ်သည်… “ကျွန်တော်က ဆရာကြီး ပြောတာကို နားမလည်ပါဘူး…”

“ကျောင်းအုပ်က သားတော်ဘွဲ့ မအပ်နှင်းခင် ကျောင်းက အကြီးအကဲတွေ အကုန်လုံးကို ခေါ်ယူ ဆွေးနွေးတယ် … ကျောင်းအုပ်က စည်းမျဉ်း စည်းကမ်းတွေ အကုန်လုံးကို သွေဖည်ပြီး တော်ဝင်လမ်း အတွက် ဆက်ခံသူကို ရွေးချယ်တယ်… သားတော်ဘွဲ့ အပ်နှင်းဖို့အတွက် တော်ဝင်ဝတ်စုံနဲ့ သရဖူကိုတောင် ပြင်ဆင်ပြီး ကြီးမား ခမ်းနားတဲ့ပွဲ လုပ်ခဲ့တယ်… ကျင်းကလန်က သဘောမတူရင်တောင် သူတို့က အတိအလင်း ဆန့်ကျင်ပြောဆိုတာ မရှိခဲ့ဘူး… အဓိက သူတို့ကိုယ်တိုင်က ကျောင်းအုပ်ရဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုကို မြင်နေကြရလို့ပဲ…”

အကြီးအကဲလုက မသက်ဆိုင်သော စကားကို ပြောလိုက်ဟန် ရသော်လည်း သူက ဆက်ပြောသည်… “မင်းက လုပ်ခဲ့ပြီးမှတော့ ဖုံးကွယ်ဖို့ မကြိုးစားနဲ့တော့… တန်ခိုးရှင်တွေက ဘယ်အထိ သွားနိုင်လဲ မင်းသိတယ်… မင်းက ကိုယ်တိုင် ဝန်ခံမယ်ဆိုရင် မင်းရဲ့ အပြစ်ဒဏ်က သက်သာဖို့ မျှော်လင့်ချက် ရှိတယ်…”

ကျင့်နန်၏ အမူအရာက အကြီးအကျယ် ပျက်ယွင်းနေသည်။ သူက လမ်းတစ်လျှောက်လုံး ကြောက်ရွံ့ နေခဲ့သော်လည်း မျှော်လင့်ချက် ရောင်ခြည်ကလေး အနည်းငယ် ရှိနေသေးသည်။ သို့သော် ယခု အကြီးအကဲလု ပြောခဲ့သော စကားက သူ၏ မျှော်လင့်ချက်များ အားလုံးကို ရိုက်ချိုးလိုက်သည်။ စည်းကမ်း ထိန်းသိမ်းရေး ဌာနက တစ်စုံတစ်ခုကို သံသယဝင်၍ စုံစမ်းလျှင် ရေဆုံးရေဖျား လိုက်မည် ဖြစ်သည်ကို သူသိသည်။ သူမလုပ်ခဲ့သော် သူ့အတွက် ပြဿနာ မရှိနိုင်သော်လည်း သူလုပ်ခဲ့သည် ဆိုပါက လွတ်လမ်းလည်း မရှိနိုင်။

စည်းကမ်း ထိန်းသိမ်းရေး ဌာနကို ခေါ်ကာ အကြီးအကဲချုပ်လု ကိုယ်တိုင် စစ်ဆေးခြင်းက သံသယရှိရုံမျှသာ မဟုတ်ကြောင်း သိသာနေသည်။ စည်းကမ်း ထိန်းသိမ်းရေး ဌာနမှ ပညာရှင်များတွင် သူ့ထံမှ စကား ထွက်လာရန် နည်းလမ်းပေါင်းစုံ ရှိသည်။ ရှီအဆင့် တန်ခိုးရှင်များ ရှေ့တွင် အမှန်တရားကို ဖုံးကွယ်ရန် သူ့တွင် အရည်အချင်း မရှိပေ။

အေးစက်သော အကြည့်များ အောက်တွင် ကျင့်နန်က အသက်ရှူကျပ် လာသလိုပင် ခံစားရသည်။ သူကား မိုးမြေ ကောင်းကင်မြို့မှ ကလန်ငယ် တစ်ခုတွင် မွေးဖွားခဲ့ကာ ကြယ်မင်းကျောင်းကို ဝင်ခွင့်ရခြင်းက သူ၏ကြီးမားသော စွမ်းဆောင်ရည် ဖြစ်သည်။

အကြီးအကဲလု ပြောသော ကျောင်းအုပ်၏ ခိုင်မာသော စိတ်ကို သူလည်း မြင်သည်။ ထို့ကြောင့် သားတော်ကို လုပ်ကြံရန် ကြိုးစားသော ပြစ်မှုက သေးငယ်မည် မဟုတ်သည်က ပိုမို၍ သေချာစေသည်။

ဒုန်းခနဲမြည်ကာ ကျင့်နန်က ဒူးထောက်ပြီး သူ၏နဖူးကို ကြမ်းပြင်ဖြင့် တိုက်သည်… “ဆရာကြီး… ကျွန်တော်က သားတော်ရဲ့ ပါရမီကို မနာလို ဖြစ်ခဲ့မိပါတယ်… ဒါကြောင့် ယွန်ယွဲ့ကုန်သည် အုပ်စုက ရှမ်းယွန်ဖန်း သေတာကို စီနီယာ ကျင်းယွန်ရှောင်းကို ပြောမိတာပါ… ဒီကိစ္စကို အဓိက စီစဉ်ခဲ့တာက စီနီယာ ကျင်းယွန်ရှောင်းပါ… ကျွန်တော်က သူ့အမိန့်ကို နာခံခဲ့ရုံပါပဲ…”

အကြီးအကဲလုက မြေပြင်ပေါ်တွင် ဦးခိုက်နေသော ကျင့်နန်ကို ကြည့်သည်… “ဒါဆို လုပ်ကြံသူတွေကို ကျင်းယွန်ရှောင်းက မိုးမြေ ကောင်းကင်မြို့ကို ခေါ်ပြီး နတ်ဗိမာန် အိမ်တော်မှာ လုပ်ကြံဖို့ ကြံစည်ခဲ့တာပေါ့…”

“ဟုတ်ကဲ့…” ကျင့်နန်က ဦးခိုက်ရင်းမှပင် ပြောသည်… “ကျွန်တော်က ကြယ်မင်းကျောင်းရဲ့ တပည့်အနေနဲ့ မလုပ်သင့်သည်ကို လုပ်ခဲ့မိပါပြီ… ဒါကြောင့် ကျွန်တော့်ကို ကျောင်းက ထုတ်ပယ်ပေးဖို့ တောင်းဆိုပါတယ်…”

“မင်းက သားတော်ကို လုပ်ကြံဖို့ ကြိုးစားပြီးမှ ဒီအတိုင်း ကျောင်းက ထွက်ရုံနဲ့ အပြစ်က ကျေသွားပြီ ဟုတ်လား… ဘယ်လို ဟာသမျိုးလဲ… အခု မင်းက ဝန်ခံတယ် ဆိုမှတော့ ငါက မင်းကို အသက် ချမ်းသာပေးမယ်… ဒါပေမဲ့ မင်းရဲ့ တန်ခိုး အစွမ်းကိုတော့ ဖျက်ဆီးပစ် ရလိမ့်မယ်… လာကြစမ်း… သူ့အစွမ်းကို ဖျက်ပြီး ကျောင်းက နှင်ထုတ်လိုက်ကြ…”

“ဟုတ်ကဲ့…” ဘေးမှ နိုဘယ်တန်ခိုးရှင် တစ်ယောက်က ရှေ့ကို တိုးလာကာ ကျင့်နန်အား ဖမ်းဆုပ် လိုက်သည်။

“မဟုတ်ဘူး… ဆရာကြီး…. ကျွန်တော် မှားမှန်းသိပါပြီ… ကျွန်တော့်ကို ခွင့်လွှတ်ပါ…” ကျင့်နန်က ကြောက်လန့်တကြား အော်ဟစ်သည်။

ကျင့်နန်က အကြောက်အကန် ရုန်းကန်သည့်တိုင် သူဘာမှ မတတ်သာ။ သူ့အား ထိုတန်ခိုးရှင်က ဆွဲခေါ်သွားသည်တွင် မကြာမီ နာကျင်စွာ အော်ဟစ်သံနှင့်အတူ ကျင့်နန်က ကြယ်မင်းကျောင်း၏ အပြင်ဘက်ကို လွင့်စဉ် သွား၏။

ထို့နောက်တွင် စည်းကမ်း ထိန်းသိမ်းရေး ဌာနက ကျင်းကလန်ဘက်ကို ထွက်သွားသည်ကို လူအများက မြင်ကြရသည်။ ထို့နောက်တွင် ကျောင်းဝင်းထဲ၌ သတင်းများစွာက တော်မီးလို ပျံ့နှံ့သွားပြီး ကျောင်းတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ သားတော်အား လုပ်ကြံခြင်းတွင် ကျင့်နန်နှင့် ကျင်းကလန်မှ ကျင်းယွန်ရှောင်တို့ ပါဝင် ပတ်သက်နေသော သတင်းက အားလုံးသော သူအား ထိတ်လန့် အံ့အားသင့်စေသည်။ ကျင့်နန်ကား ကြယ်မင်းကျောင်းမှ နှင်ထုတ်ခံရပြီး ဖြစ်သည်။ ယခု ကြယ်မင်းကျောင်းက ကျင်းယွန်ရှောင်းကို ဖမ်းဆီး ကြတော့မည်လော…။

***


Comment

Leave a Reply

Options

not work with dark mode
Reset