အပိုင်း (၄၉၃)

နောက်ကွယ်မှ ကြိုးကိုင်သူ

အဘိုးအိုက ရီဖူရှင်းကို ကြည့်သည်။ ထိုနှစ်ယောက်က ရီဖူရှင်း၏ ရန်သူများ ဖြစ်မှတော့ ရီဖူရှင်း၏ ဆုံးဖြတ်ချက်နှင့် ဆိုင်သွားပြီ ဖြစ်သည်။

လက်ရှိတွင် ရီဖူရှင်းသည်လည်း ဒဏ်ရာပြင်းသည်။ သူက အသက်မျှဉ်းမျှဉ်း မျှသာ ရှူနိုင်ကာ ရှေ့ကို ဒယိမ်းဒယိုင် လျှောက်လာသည်။ သို့သော် သူ၏အမူအရာက အေးစက်နေသည်။ သူ့အား ကာကွယ်ရန် ကြိုးစားရင်းက သူ့ဘေးမှ လူများမှာလည်း ဒဏ်ရာပြင်းစွာ ရကြ၏။ ယခု သူ့အား လုပ်ကြံသူကို ရီဖူရှင်းက သိပင်မသိပေ။

“ယွန်ယွဲ့ကုန်သည် အုပ်စု … ရှမ်းယွန်ဖန်းက ခင်ဗျားတို့ သားလား…” ရီဖူရှင်းက အေးစက်စွာ မေးသည်။ သူတို့က ယွန်ယွဲ့ကုန်သည် အုပ်စုမှဟု ဝမ်ယွီရိုက ပြောသည်။ ဤသို့ဆိုလျှင် သူတို့က ယွန်ယွဲ့မြို့မှ လာရမည်။

ရီဖူရှင်းက မိစ္ဆာနဂါး နယ်မြေတွင် လူနှစ်ယောက်ကိုသာ သတ်ခဲ့သည်။ တစ်ယောက်က ရှမ်းဟိုင်ဖြစ်ကာ နောက်တစ်ယောက်က ရှမ်းယွန်ဖန်း ဖြစ်သည်။ ရှမ်းယွန်ဖန်းက သူရိယနေမင်း ကျောင်းတွင် လေ့ကျင့်သည်ဟု သူ့အား ဝမ်ယွီချန်းက ပြောဖူးသည်။ သူက ထိပ်သီးကျောင်း သုံးကျောင်းမှ ဖြစ်သည်ဆိုလျှင် ယခု လုပ်ကြံသူ နှစ်ယောက် ရည်ညွှန်းသူက ရှမ်းယွန်ဖန်းသာ ဖြစ်ရမည်။

ရီဖူရှင်းကား သူ့ကို မေ့ပျောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သူက ရှမ်းယွန်ဖန်းအား ငွေရောင်ဝတ်စုံ ဝတ်ကာ သတ်ခဲ့သည်။ ယခု သူက ငွေရောင်ဝတ် လူဖြစ်သည်ကို လူအများက သိပြီးဖြစ်ကြရာ သူ၏မိဘများက သူ့အတွက် လက်စားချေလိုသည် ဆိုပါက ရှမ်းယွန်ဖန်းကို သတ်သူက ရီဖူရှင်း ဖြစ်သည်ကို အလွယ်ပင် စုံစမ်း သိရှိနိုင်သည်။

“ဟုတ်တယ်…” ထိုမိန်းမက ရီဖူရှင်းကို ဒေါသတကြီး ကြည့်သည်။ သူမ၏ မျက်လုံးများက လူသတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။ ရှမ်းယွန်ဖန်းကား သူမတို့၏ တစ်ဦးတည်းသော သားဖြစ်ကာ ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်နိုင်သော ပါရမီရှိသည်။ ယခု သူတို့၏ တန်ဖိုးထားရသော သားက တောထဲတွင် ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံရသည်။ မည်သို့ သူမတို့က လက်စားမချေလိုဘဲ နေမည်နည်း။ ကံမကောင်းစွာဖြင့် သူတို့ မအောင်မြင်ခဲ့။

ယခု သူတို့ကို လာရောက် ရှာဖွေသူက ရီဖူရှင်းအား သတ်ရန် တခြား နည်းလမ်းဖြင့် ကြိုးစားပါစေဟုသာ မျှော်လင့် နိုင်တော့သည်။ လုပ်ကြံမှုက ဤနေရာတွင် အဆုံးသတ်ပြီ ဖြစ်သည်။

သူတို့ နှစ်ယောက်က ဝန်ခံသည်တွင် ရီဖူရှင်း၏ အမူအရာက ပိုမို အေးစက်သွားသည်။ သည်တစ်ခေါက် သူသာ အမှန်တကယ် သေဆုံးသွားပါက အမှန်ပင် ကံဆိုးမိုးမှောင်ကျမှု ဖြစ်သည်။ ထိုစဉ်က ရှမ်းယွန်ဖန်းနှင့် ရှမ်းဟိုင်တို့က သူ့အား သတ်ရန် ကြံစည်ခဲ့ကြသည်။ ထို့ကြောင့် သူကလည်း ထိုလူများကို အလွတ်ပေးမည် မဟုတ်ပေ။ ယခု သူ၏မိဘများက လာရောက် လက်စားချေခြင်း အတွက်လည်း သူ့တွင် ပြောစရာ မရှိပေ။

“ကိုယ့်ဘာသာလုပ်…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။

သူတို့နှစ်ယောက်က နောက်ဆုံးအကြိမ် အဖြစ် ရုန်းကန်ရန် ကြိုးစားကြသည်။ သို့သော် အဘိုးအို၏ အရှိန်အဝါက တစ်ဖန် ကျဆင်း လာပြန်သောအခါ သူတို့၏ မျှော်လင့်ချက်များ အားလုံး ဆိတ်သုဉ်း သွားရသည်။

ရုတ်တရက် မိန်းမလုပ်သူက ရယ်မောလိုက်သည်။ ထို့နောက် သူမက ငိုကြွေးသည်။ သေခြင်းတရားအား ပြောရာတွင် လွယ်ကူသော်လည်း အမှန်တကယ် သေခြင်းတရားက မျက်စိရှေ့မှောက် ရောက်လာသောအခါ မည်သူမှ တည်ငြိမ်နိုင်စွမ်း မရှိပေ။

သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံကြသည်… “ယွန်ဖန်းကို အဖော် သွားလုပ်ကြရအောင်…” ရှမ်းကျင်းက ပြောသည်။ ထို့နောက် သူက မိမိနဖူးကို လက်ဝါးဖြင့် ရိုက်ကာ မြေပေါ်ကို ပြိုလဲကျသွားသည်။ သူမ၏လင်ယောက်ျားက သေဆုံးသွားသည်တွင် မိန်းမလုပ်သူ၏ မျက်နှာပေါ်တွင် မျက်ရည်များ တသွင်သွင် စီးကျလာသည်။ ထို့နောက် သူမကလည်း တူညီစွာပင် မိမိနဖူးကို ရိုက်ကာ ရှမ်းကျင်း၏ဘေး၌ လဲလျောင်းကြကာ မကြာမီ အသက်မဲ့သွားသည်။

သူတို့က ရီဖူရှင်းက ဘယ်သူ ဖြစ်သည်ကို သိရက်ဖြင့် လာရောက် လုပ်ကြံကြသည်။ ထို့ကြောင့် သူတို့က သေရန်လည်း ပြင်ဆင်ပြီး ဖြစ်သည်။ သူတို့က ရီဖူရှင်းကို လုပ်ကြံရာတွင် မအောင်မြင်လျှင်ပင် ကြယ်မင်းကျောင်းက သူတို့အား လွှတ်ပေးမည် မဟုတ်သည်ကို သိကြသည်။

အလောင်း နှစ်လောင်းကို ကြည့်ကာ ပတ်ဝန်းကျင်မှ လူများက စိတ်တည်ငြိမ်နိုင်ခြင်း မရှိကြတော့။ ယနေ့တွင် သည်မျှ ထိတ်လန့်ဖွယ် လုပ်ကြံမှုဖြင့် ကြုံတွေ့ရမည်ဟု သူတို့ မထင်ထားကြပေ။ သူတို့အားလုံးက ထိုစုံတွဲအား မသိကြသော်လည်း ကြယ်မင်းကျောင်း၏ သားတော်ကား သေလုနီးပါး ဖြစ်သွားသည်။ သည်အရာက တန်ခိုးရှင်လောက၏ ရက်စက်သော ဥပဒေသ တစ်ခုပင် မဟုတ်ပါလား။

လုပ်ကြံခြင်းက မအောင်မြင်ခဲ့။ ကုကလန်မှ​ ကုယွန်ချီမှာလည်း ဒဏ်ရာပြင်းစွာ ရကာ တခြားလူများ၏ အခြေအနေကလည်း သိပ်မကောင်း။ အကာနာအဆင့် အုပ်စုက အဆင့်မြင့် နိုဘယ်ကို ခုခံခဲ့ကြရသည်။ သူတို့က မသေဆုံးခဲ့သည်မှာ အလွန်အမင်း ကံကောင်းသည် ပြောရမည်။

ရီဖူရှင်းက ထိုအလောင်းများကို စိတ်မဝင်စားတော့။ သူက တခြားလူများကို စတင် စစ်ဆေးသည်။ ဝမ်ယွီရိုကား သူတို့ထဲတွင် အားအနည်းဆုံး ဖြစ်ရာ ဒဏ်ရာလည်း အပြင်းဆုံး ဖြစ်သည်။ လူသတ်သမား သေဆုံးသွားသည်ကို မြင်လျှင် သူမလည်း သတိလစ် သွားတော့သည်။

“စီနီယာ…” ရီဖူရှင်းက ရှီတန်ခိုးရှင်ဘက်ကို လှည့်သည်။ အဘိုးအိုက ဝမ်ယွီရို၏ ဘေးနားကို လျှောက်လာကာ သူမ၏လက်ကို အသာကိုင်သည်။ နွေးထွေးသော သဘာဝ စွမ်းအင်များက သူမ၏ ခန္ဓာကိုယ်ကို စီးဆင်းသွားကာ နှလုံးနှင့် အရေးပါသော အစိတ်အပိုင်းများကို ကာကွယ်ပေး၏။

“ကျောင်းက ဆေးဆရာကို သွားခေါ်လိုက်…” အဘိုးအိုက အမိန့်ပေးသည်။ သူက ကိုယ်တိုင် သွား၍ မရပေ။ မည်သို့ဆိုစေ သူ သတိတစ်ချက် လစ်သွားသည်နှင့် အကျိုးဆက်က မတွေးရဲစရာ။ သူ၏တန်ခိုး အဆင့်ဖြင့်ပင် လုပ်ကြံမှုကို အချိန်မီ တားလိုက်သည် ဆိုရုံမျှသာ …

“ဟုတ်ကဲ့…” နတ်ဗိမာန် အိမ်တော်မှ တစ်ယောက်က ခေါင်းညိတ်ကာ ပြေးထွက် သွားသည်။

“သူတို့ကို အနားယူဖို့ ခေါ်သွား… သူတို့ အသက် အန္တရာယ်မရှိဘူး…” အဘိုးအိုက ရီဖူရှင်းကို ပြောသည်… “မင်းလည်း အနားယူဖို့ လိုတယ်… သူတို့အတွက် စိတ်မပူနဲ့တော့…”

“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ထိုလူများ ဒဏ်ရာပြင်းစွာ ရသည်ကို မြင်သည်တွင် သူ၏စိတ်နှလုံးက ပြင်းစွာ နာကျင်ရသည်။ ထိုလူများက သူတို့၏အသက်ကို စွန့်ကာ သူ့ကို ကာကွယ်ပေးရန် ကြိုးပမ်းခဲ့ကြ၏။

ယူချင်းမူကား ပြောစရာပင်မလို။ သူက အမြဲတမ်း ရီဖူရှင်းကို ကာကွယ်ပေးမည်သာ…။ ရီဝူချင်းမူကား ရီဖူရှင်းနှင့် သေရေးရှင်ရေး အခြေအနေများစွာကို အတူရင်ဆိုင် ကျော်ဖြတ်ဖူးသော သွေးသောက် ရဲဘော်များ ဖြစ်သည်။ လို့လန်ရွှီက အစေခံဟု ပြောသည့်တိုင် သူတို့က အချိန်ကြာမြင့်စွာ အတူတူ ရှိနေခဲ့ကြပြီးဖြစ်ရာ အချင်းချင်းအကြား ခိုင်မာသော ကြိုးများ ရစ်ပတ်ထားပြီး ဖြစ်သည်။ သို့သော် ကုယွန်ချီနှင့် ဝမ်ယွီရိုတို့မူကား သာမန် မိတ်ဆွေများသာ ဖြစ်သည်။ သို့သော် သူတို့နှစ်ယောက်က အသက်စွန့်ကာ ရီဖူရှင်းကို ကာကွယ်ပေးရန် ကြိုးပမ်းခဲ့ကြ၏။

“မင်းတို့အားလုံး သွားကြတော့… ဒီနေ့ နတ်ဗိမာန် အိမ်တော်က ဧည့်သည် လက်မခံတော့ဘူး…” အဘိုးအိုက ပြောသည်။ ဤတွင် လူအုပ်က ကျဲပါး ပျောက်ကွယ် သွားတော့သည်။ သို့သော် မကြာမီ နတ်ဗိမာန်အိမ်တော်မှ အဖြစ်အပျက်မူကား မိုးမြေကောင်းကင် တစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သည်။

သည်နှစ်တွင် အားလုံးက အာရုံစိုက်ခြင်း ခံရသူက ရီဖူရှင်း ဖြစ်သည်။ သူက သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံကို ပြိုလဲစေ၏။ ကြယ်မင်းကျောင်း၏ သားတော်အဖြစ် အပ်နှင်းခံရကာ အကာနာအဆင့်တွင် ပြိုင်ဘက်ကင်းသည်။ သူက ကျိုက်ရှင်းအိမ်တော်မှ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ယူဆောင်နိုင်ကာ ယနေ့ လူငယ်မျိုးဆက်၏ နာမည်ကျော် ပါရမီရှင် ဖြစ်လာခဲ့သည်။ သို့သော် ယနေ့တွင် သူကား လုပ်ကြံခံခဲ့ရကာ အသက် သေလုနီးပါး ဖြစ်ခဲ့၏။

ကြယ်မင်းကျောင်းက သူ့နောက်ကွယ်တွင် ရှီတန်ခိုးရှင်အား စောင့်ရှောက် ခိုင်းထားသည်။ ကြယ်မင်းကျောင်းက သူ့အပေါ် မည်မျှ တန်ဖိုးထားသည်ကို အားလုံးက မြင်နိုင်၏။ ယခု ကုကလန်၊ နဂါးကလန်နှင့်​ တခြား ကလန်များကလည်း လုပ်ကြံမှု သတင်းကို ရကြသည်။ အဓိက ကလန်နှစ်ခုက သူတို့၏လူများကို နတ်ဗိမာန် အိမ်တော်ထံသို့ စေလွှတ်ခဲ့ကြသည်။ ကုကလန်၏သမီး ကုယွန်ချီကလည်း ဒဏ်ရာပြင်းစွာ ရကာ နတ်ဗိမာန် အိမ်တော်တွင် ရှိနေသည် မဟုတ်ပါလား။ ထို့အပြင် ကြယ်မင်းကျောင်းကလည်း စွမ်းအားမြင့် တန်ခိုးရှင်များကို စေလွှတ်ကာ နတ်ဗိမာန် အိမ်တော်ကို စောင့်ကြပ် ကာကွယ်စေသည်။

မြို့၏ လျှို့ဝှက်နေရာ တစ်ခုတွင် လူငယ်တစ်ယောက်က ဒေါသတကြီးဖြင့် သူ၏ရှေ့မှ ခုံကို ရိုက်ချိုးလိုက်သည်။ အဆင့်မြင့်နိုဘယ်က အကာနာ တန်ခိုးရှင် တစ်ယောက်ကိုပင် မသတ်နိုင်ရ ကောင်းလားဟု တွေးကာ သူ၏ဒေါသက ပိုမိုပေါက်ကွဲရသည်။

သူက အရာအားလုံးကို စနစ်တကျ စဉ်းစား တွေးခေါ်ခဲ့သည်။ ရှမ်းကျင်းက သူ၏သားအတွက် ရီဖူရှင်းကို လက်စားချေသည် ဖြစ်ရာ သူက ဝင်ပတ်သက်စရာ အကြောင်းမရှိ။ သူက မအောင်မြင်ခဲ့လျှင်ပင် သူ့အား မည်သူမှ သံသယဝင်မည် မဟုတ်ပေ။ သို့သော် ရီဖူရှင်း မသေသည့်အတွက် သူ၏ဒေါသက ပေါက်ကွဲရသည်။

ယခု ရီဖူရှင်းအား သတ်ရန် လွန်စွာ ခက်ခဲသွားပြီ ဖြစ်သည်။ အမှန်ပြောရလျှင် သတ်ရန် မဖြစ်နိုင်တော့။ သူ့အား ရှီတန်ခိုးရှင်က အမှန်ပင် ကာကွယ် ပေးနေသည်။ ယခု နောက်ထပ် ပိုမိုသော လူများက ရီဖူရှင်းကို ကာကွယ်မည်မှာ သေချာနေပြီ။

ထို့အပြင် လုပ်ကြံရန် တခြားလူများလည်း မရှိတော့ပေ။ သူက နောက်တစ်ယောက်အား ခိုင်းပါက ကြယ်မင်းကျောင်းက သေချာပေါက် စုံစမ်း ဖော်ထုတ်နိုင်မည်။ ယွန်ယွဲ့ကုန်သည် အုပ်စုမှ ရှန်းယွန်ဖန်း၏မိဘများသာ မည်သည့်အကျိုးမှ မငဲ့ဘဲ​ အသေခံကာ ရီဖူရှင်းကို လုပ်ကြံလိုသည်။

***

ထိပ်သီးမိသားစုမှ ခေါင်းဆောင်များ ကိုယ်တိုင် နတ်ဗိမာန် အိမ်တော်ကို ရောက်လာကြသည်။ ကုကလန်မှ ကုဟန်ရှင်းကလည်း သူ၏သမီးကို အပြေး လာကြည့်သည်။ ယခုကား ကုယွန်ချီက အိပ်ရာပေါ်တွင် လဲလျောင်းနေသည်။ သူ၏ အသားအရောင်က နဂိုထက် ပြာနှမ်းနေရာမှ​ ယခု အနည်းငယ် သွေးရောင် ထလာကာ အခြေအနေ ပိုကောင်းလာဟန် မြင်နေရသည်။ ကျွမ်းကျင်သော ဆေးဆရာက သူမအား ကုသပေးနေသည်။

“ခေါင်းဆောင်… သခင်မလေးက အခု သက်သာနေပါပြီ… ဒါပေမဲ့ ကောင်းကောင်း အနားယူဖို့တော့ လိုပါသေးတယ်…” ဆေးဆရာက ကုဟန်ရှင်းကို အရိုအသေပေးကာ ပြောသည်။ သို့သော် ကုဟန်ရှင်းကား ကုယွန်ချီကို ဒေါသတကြီး ကြည့်နေသည်။

“အဖေ…” သူမအဖေ၏ အမူအရာကို မြင်သည်တွင် ကုယွန်ချီက ခေါ်သည်။

“ယွန်ချီ… မင်း ဘာလုပ်ခဲ့တာလဲ ကိုယ့်ကိုယ်ကိုယ် သိလား… မင်းနဲ့ ရီဖူရှင်းက မိတ်ဆွေတွေ ဆိုပေမဲ့ ဒီလောက် အန္တရာယ် များတဲ့အချိန်မှာ ဘာလို့ ရူးမိုက်တဲ့ အပြုအမူမျိုး လုပ်နိုင်ရတာလဲ… မင်း တစ်ခုခု ဖြစ်သွားရင် မင်းအမေနဲ့ ငါက ဘာလုပ်ရမလဲ…” ကုဟန်ရှင်းကား ဒေါသ ပေါက်ကွဲနေသည်။

ကုယွန်ချီက ခေါင်းငုံ့ကာ အသာပြုံးသည်… “အဖေ… သမီး သက်သာနေပါပြီ…”

“မင်းက ဘယ်လိုလုပ် ပြုံးနိုင်သေးတာလဲ…” ကုဟန်ရှင်းက ကြိမ်းမောင်းသည်။

“ထားလိုက်တော့… ယွန်ချီက အခုမှ သက်သာလာတာ…” သူ့ဘေးမှ မိန်းမလှကြီး တစ်ယောက်က ပြောသည်။ သူမကား ကုယွန်ချီ၏အမေ ဖြစ်သည်။

“ဘာပဲဖြစ်ဖြစ်…” ကုဟန်ရှင်းက သက်ပြင်းချသည်… “သမီး မိန်းကလေးတွေက အရွယ် ရောက်လာတာနဲ့ ထိန်းလို့ကို မရတော့ဘူး… ယွန်ချီက အားတိုင်း နတ်ဗိမာန် အိမ်တော်ကို ပြေးနေတာရော မင်းသိလား… သူက ဒီလောက်တောင် ဆွဲဆောင်မှုရှိလား ငါ မတွေးတတ်တော့ဘူး…”

အဖေတစ်ယောက် အနေဖြင့် သူ၏သမီး ဘာတွေးနေသည်ကို သူသိသည်။ သူမက ရီဖူရှင်းအပေါ် ခံစားချက် မရှိဘဲ ထိုသို့ ကာကွယ်ပေးရန် ကြိုးစားမည် မဟုတ်ပေ။

“အဖေ… ဘာတွေ ပြောနေတာလဲ…” ကုယွန်ချီ၏မျက်နှာက နီရဲသွားသည်။

“ငါက ကျောင်းအုပ်ချန်းနဲ့ ဒီကိစ္စကို ပြောပြီး ကောင်လေးက ဘယ်လိုတွေးလဲ မေးရမယ်…” ကုဟန်ရှင်းက ပြောသည်။ ကြယ်မင်းကျောင်း၏ သားတော်က ပြိုင်ဘက်ကင်း ပါရမီကို ပိုင်ဆိုင်ကာ သူ၏သမီးနှင့် အလွန် လိုက်ဖက်သည်။ ပို၍ အရေးကြီးသည်က သူ၏သမီးက ရီဖူရှင်းကို သဘောကျနေသည်။

“အဖေ… မလုပ်ပါနဲ့…” ကုယွန်ချီ၏ အမူအရာ ပြောင်းလဲသွားသည်။

“ဘာလို့ မလုပ်ရမှာလဲ…” ကုဟန်ရှင်းက မေးသည်။

“သူ့မှာ ချစ်သူရှိတယ်…” ကုယွန်ချီက သူမ၏အဖေကို ကြည့်သည်။ သူမ၏အသံက တိမ်ဝင်သွား၏။

ကုဟန်ရှင်းက အနည်းငယ် အံ့အားသင့် သွားသည်။ သူ၏သမီးက ဝန်ခံလိုက်ခြင်းလည်း ဖြစ်သည်။ သို့သော် ရီဖူရှင်းတွင် ချစ်သူရှိသည်ကို သိရက်နှင့်ပင် သူမက ထိုသို့ ဖြစ်နေသည်။ သူအမှန် နားမလည်တော့။

“အဖေ… သမီးကို စိတ်မပူပါနဲ့… သမီးတို့က မိတ်ဆွေကောင်းတွေပါ…” ကုယွန်ချီက ပြောသည်။

ကုဟန်ရှင်း သက်ပြင်းချသည်။ သူ၏ဇနီးကို ကြည့်ကာ သူက ပြောသည်… “မင်းသမီးကိုလည်း ကြည့်ဦး… ဒါက ဘာတွေလဲ…”

မိုးမြေ ကောင်းကင်မြို့၏ အထင်ကရ ခေါင်းဆောင် တစ်ယောက် ဖြစ်သော သူက သူ၏သမီးအား ဘယ်လိုမှ ပြောမရတော့။

တခြား သီးသန့်ခန်း တစ်ခုတွင် လူအများအပြားက ရီဖူရှင်းကို လာရောက် တွေ့ဆုံနေကြသည်။ လောင်လင်းအာက ရီဖူရှင်း၏ဘေးတွင် စိုးရိမ်ပူပန်စွာ ကြည့်နေသည်။ သခင်မလောင်ကလည်း ရီဖူရှင်း၏ဒဏ်ရာ အခြေအနေကို ကိုယ်တိုင် လာရောက် ကြည့်ရှုသည်။

“စီနီယာ… တခြားလူတွေရော… ဘယ်လိုနေလဲ…” ရီဖူရှင်းက မေးသည်။

“စိတ်မပူနဲ့… သူတို့ အဆင်ပြေတယ်…” သခင်မလောင်က ပြောသည်… “ဒါကို သင်ခန်းစာယူ… နောင်ကို တစ်ယောက်ယောက်နဲ့ ရန်ငြိုးရှိရင် မင်းက သတိထားသင့်တယ်…”

“ဟုတ်ကဲ့…” ရီဖူရှင်းက မသက်မသာ ပြုံးသည်။ သူက အမှန်ပင် ရှမ်းယွန်ဖန်း သေဆုံးခြင်းကို လျစ်လျူရှုခဲ့မိ၏။

“ကျောင်းအုပ်က ဒီသတင်းကို ကြားပြီးတာနဲ့ ယွန်ယွဲ့ကုန်သည် အုပ်စုက ဒီကိစ္စနဲ့ ပတ်သက်နေသလား စုံစမ်းခိုင်းထားတယ်…” ရှီတန်ခိုးရှင်က ရီဖူရှင်းကို ပြောသည်… “တကယ်လို့ သူတို့ ပါဝင်ပတ်သက်မှု မရှိခဲ့ရင် ငါတို့က သူတို့ကို နောက်မဖြစ်စေဖို့ သတိပေးမယ်… သူတို့လုပ်တာဆိုရင် ဒါက မင်းသဘော ဖြစ်သွားပြီ…”

ရီဖူရှင်းက ခေါင်းညိတ်သည်။ ရန်ငြိုးရန်စများက မိသားစု ဆွေမျိုးများနှင့် မပတ်သက်စေသင့်ပေ။ ရှမ်းယွန်ဖန်း၏ မိဘများက လက်စားချေသည် ဆိုပါက သူကလည်း ထိုအတွက် အပြစ်မတင်နိုင်သလို ယွန်ယွဲ့ကုန်သည် အုပ်စုကိုလည်း အပြစ်မတင်သင့်ပေ။

သို့သော် လုပ်ကြံမှုတွင် သူတို့ ပါဝင် ပတ်သက်ပါက အကြောင်းအရာက ကွဲပြား သွားပေမည်။

သူနှင့် ကြယ်မင်းကျောင်းတို့ ကလည်း အကြောင်းပြချက် မရှိဘဲ လူမသတ်ပေ။ သူတို့က တန်ခိုးရှင်လောက၏ စည်းမျဉ်းများကို လိုက်နာရန် လိုသည်။ သူ့တွင်လည်း မိသားစု ရှိပေသည်။ အကယ်၍ သူက ထိုလူများနှင့် ရန်စရှိခဲ့ပါက နောင်တွင် သူ၏မိသားစုကို ရန်ရှာမည်လား ဘယ်သူမှ မပြောနိုင်ပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset