အပိုင်း (၄၉၂)

လုပ်ကြံခြင်း

နတ်ဗိမာန် အိမ်တော်၏ နတ်သမီးရေကန်တွင် ဝမ်ယွီရိုကား သေရည်မူးလာပြီ ဖြစ်သည်။ နတ်ဗိမာန်အိမ်တော်မှ ဝိုင်များက သာမန်ရိုးရိုးများ မဟုတ်ကြပေ။ တန်ခိုးရှင်များပင် သေရည်မူးနိုင်သည်။

ရီဖူရှင်းကလည်း သူမနှင့် သောက်သည်။ ယွန်ယွဲ့မြို့မှ ဝမ်မိသားစု၏ မင်းသမီးက စိတ်ညစ်နေသည်ကို သူမြင်သည်။ မာနကြီးသော မိန်းကလေးက မိုးမြေ ကောင်းကင်မြို့တွင် အဆုံးသတ် တစ်ခုနှင့် ကြုံခဲ့ရကာ သူမက အမှန်လည်း စိတ်ဓာတ်ကျမည် ဖြစ်သည်။ သို့သော်လည်း လူအများက ဤသို့သော ကိစ္စမျိုးကို မေ့ပျောက်ကာ ရှေ့ဆက်ရမည်သာ။ သူမကလည်း အချိန်တန်လျှင် မေ့ပျောက်သွားဖို့ ရီဖူရှင်း မျှော်လင့်သည်။

ထိုအချိန်တွင် ကုယွန်ချီလည်း နတ်သမီးရေကန်ကို ရောက်လာသည်။ ရီဖူရှင်းက သူမကို မြင်သည်တွင် သူက စိန့်ယွီကိုလည်း လာရောက်ရန် ပြောဆိုသည်။ ပြုံးလျက် သူက ပြောသည်…“ယွန်ချီ… ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ…”

“နင်က တန်ခိုးပဲ ကျင့်နေတော့မှာလားလို့ ထင်နေတာ … အခုတော့ အားလပ်ချိန် ရပြီပေါ့…” ကုယွန်ချီက ပြုံးလျက်ပြောသည်။ ဘေးမှ စိန့်ယွီက ပြုံးသည်။ ရီဖူရှင်းက ဟန်ဆောင်နေခြင်းလား တုံးအသည်လား သူမ မသိပေ။ ထိုအရာက မည်သို့ တိုက်ဆိုင်ခြင်း ဖြစ်နိုင်မည်နည်း။ ကုမိသားစု၏ မင်းသမီးလေးက ရီဖူရှင်းအား သဘောကျရာ နတ်ဗိမာန် အိမ်တော်ကို မကြာခဏ လာလေ့ရှိသည်။

ချောမောလှပကာ အေးချမ်း သိမ်မွေ့သော မိန်းကလေးက အမှန်ပင် ရီဖူရှင်းနှင့် လိုက်ဖက်ဟန် ရသော်လည်း ဝမ်းနည်းစရာ ကောင်းသည်က ရီဖူရှင်းတွင် ချစ်ရမည့်သူ ရှိနေပြီးသား ဖြစ်ဟန်ရသည်။ သူမကား အလွန် ပါရမီကောင်းသည်။ သို့သော် သူမက အဘယ်ကြောင့် ထိုသို့ ဖြစ်နေသည်ကို စိန့်ယွီ နားမလည်။

“ငါတို့က တန်ခိုးအဆင့် အသစ်တစ်ခု တက်နိုင်ခဲ့တာနဲ့ စိတ်ကို ဖြေလျှော့ရအောင် ရောက်လာခဲ့တာ … မဟုတ်ရင် ငါတို့အားလုံး ရူးသွားလိမ့်မယ်…” ရီဖူရှင်းက ရယ်သည်။ တန်ခိုးကျင့်ခြင်း တွင်လည်း အကန့်အသတ် ရှိပေသည်။ သူတို့တွင် ကြည်လင်သော စိတ်အခြေအနေ မရှိပါက တန်ခိုးကျင့်ခြင်းကလည်း သိပ်အရာ မရောက်နိုင်ပေ။

“နင်က အရမ်း တော်နေတာတောင်မှ အရမ်း ကြိုးစား လေ့ကျင့်နေတာပဲ…” ကုယွန်ချီ၏ မျက်လုံးများက ရေစင်များအလား ကြည်လင်လှသည်။

“တန်ခိုးကျင့်တယ် ဆိုတာ အဆုံးသတ်မှ မရှိတာ…” ရီဖူရှင်းက ပြောသည်… “ငါက အားနည်းနေဆဲပါပဲ…” သူ့တွင် လုပ်စရာများစွာ ရှိသေးသည်။ ကြယ်မင်းကျောင်း၏ သားတော်ဘွဲ့မျှက သူ့အတွက် ဘာမှ အရာမရောက်ပေ။

အနည်းငယ် ရီဝေနေသော ဝမ်ယွီရိုက ကုယွန်ချီကို ကြည့်သည်။ မိန်းကလေးများ အချင်းချင်း မသိစိတ်က ခံစားမိသော အရာတချို့ ရှိပေသည်။ ကုယွန်ချီ၏ မျက်လုံးထဲမှ လေးစား ချစ်ခင်မှုကို သူမက မြင်နေရသည်။ ပြုံးလျက်ပင် သူမက အတွေးများကို ဖယ်ရှားလိုက်သည်။ သူမက ဤကဲ့သို့လူများဖြင့် မိတ်ဆွေ ဖြစ်ရခြင်းဖြင့် စိတ်ကျေနပ် သင့်သည်။ ယွန်ယွဲ့မြို့မှ ပြိုင်ပွဲကြောင့် မဟုတ်လျှင် သူမတို့ အချင်းချင်း တွေ့ဆုံရင်းနှီးစရာ အကြောင်းပင် မရှိ။

ဘုန်း…

ရုတ်တရက် ကျယ်လောင်သော အသံတစ်သံကို ကြားကြရသည်။ ထို့နောက် မိန်းမ တစ်ယောက်က ပြောသည်… “မင်းတို့ရဲ့ အုပ်ချုပ်သူကို ခေါ်လိုက်စမ်း…”

“နတ်ဗိမာန် အိမ်တော်က ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးပါဘူးရှင့်…” အစေခံ မိန်းကလေးက ရိုကျိုးစွာ ရှင်းပြနေသည်။

“မင်းတို့ အုပ်ချုပ်သူကို ခေါ်လိုက်စမ်းလို့ ငါပြောနေတယ်…” ထိုမိန်းမ၏ အသံကား စူးရှသည်။

“ ကျွန်မ သွားကြည့်လိုက်မယ်… ” စိန့်ယွီက ပြောကာ ထရပ်သည်။

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက ပြင်ကို လှမ်းကြည့်သည်တွင် ယောက်ျား တစ်ယောက်နှင့် မိန်းမတစ်ယောက်ကို လှမ်းမြင်သည်။ သူတို့က ဝါးခမောက်ကို ဆောင်းထားကြကာ သူတို့၏ ဆံပင်များက အနည်းငယ် ရှုပ်ပွနေသည်။ သူတို့က နာမည်ရရန် ကြိုးစားနေသော တန်ခိုးရှင်စုံတွဲ ဖြစ်ဟန်ရသည်။

“ဘာဖြစ်တာလဲ…” စိန့်ယွီက သူတို့ထံ လျှောက်သွားကာ မေးသည်တွင် အစေခံ မိန်းကလေးက နောက်ဆုတ်သည်။ ထိုမိန်းမက စိန့်ယွီကို ကြည့်ကာ စားပွဲကို ညွှန်ပြသည်။ စားပွဲပေါ်တွင်ကား ပိုးကောင်တစ်ကောင် တွယ်ကပ်နေသည်။

“မဖြစ်နိုင်ဘူး…” စိန့်ယွီက ခေါင်းယမ်းသည်… “နတ်ဗိမာန် အိမ်တော်က ဒီလိုတစ်ခါမှ မဖြစ်ဖူးပါဘူး…”

“ဒါဆို ငါက တမင် လုပ်တယ်လို့ မင်း ထင်နေတာလား…” ထိုမိန်းမက အေးစက်စွာ ပြောသည်။

“ဧည့်သည်တော်တို့က စားသောက်နေတုန်း အောက်က တွယ်တက် လာတာလည်း ဖြစ်နိုင်ပါတယ်… ဒါပေမဲ့ ကျွန်မတို့က ဒီအတွက် တာဝန်ယူပါ့မယ်… ကောင်းမွန်တဲ့ အစား အသောက်တွေကို အသစ် ပြင်ဆင်ပေးပါ့မယ်…” စိန့်ယွီက ပြောသည်။ ထိုမိန်းမက နိုဘယ်တန်ခိုးရှင် ဖြစ်သည်ကို သူမက ခံစားမိသည်။ သို့သော် နတ်ဗိမာန် အိမ်တော်က မကြောက်သော်လည်း စီးပွာရေး လုပ်ငန်းက ဧည့်သည်များကို စိတ်ကျေနပ်အောင် လုပ်ပေးရန် လိုပေသည်။ သူမက အတတ်နိုင်ဆုံး ငြိမ်းချမ်းသော နည်းဖြင့် ဖြေရှင်းရမည်။

“ငါက ဒီလောက် စိတ်ပျက်စရာ အခြေအနေနဲ့ ကြုံရတာတောင် မင်းတို့က ငါ့ကို ထပ်စားစေချင် သေးလို့လား…” ထိုမိန်းမက တင်းမာစွာ ပြောသည်… “အဲဒါကို စားစမ်း…”

“ဧည့်သည်တော်… ဒါက တော်တော် လွန်ပါတယ်…” စိန့်ယွီ၏ အမူအရာက ပြောင်းလဲသွားသည်။

“ငါက မင်းကို စားလို့ ပြောနေတယ်…” ထိုမိန်းမ၏အသံက ပိုမို တင်းမာလာသည်။ လူအများအပြားက ထိုမြင်ကွင်းကို ကြည့်နေကြသည်။ သည်နေရာက မည်သည့် အဖွဲ့အစည်းနှင့် သက်ဆိုင်သည်ကို ထိုစုံတွဲက မသိသလော။

နတ်ဗိမာန် အိမ်တော်ဘက်မှ မှားသည် ဆိုလျှင်ပင် စိန့်ယွီကို ထိုပိုးကောင်အား စားစေခြင်းက ပြဿနာရှာခြင်းသာ ဖြစ်သည်။ ထိုအချိန်တွင် ရီဖူရှင်းနှင့် ကုယွန်ချီတို့ကလည်း အပြင်ကို ထွက်လာကြသည်။ သူတို့နောက်တွင် လူအများအပြား ပါသည်။

“နတ်ဗိမာန် အိမ်တော်ကို ခင်ဗျားတို့ကို တောင်းပန်ပြီးတော့ လျော်ကြေးပေးဖို့ ဆန္ဒရှိတယ်…” ရီဖူရှင်းက ပြောသည်… “ဒါပေမဲ့ ပြဿနာရှာဖို့ မကြိုးစာပါနဲ့…”

ထိုမိန်းမက ရီဖူရှင်းနှင့် သူ၏နောက်မှ လူများကို ကြည့်သည်… “ဘာလဲ… နတ်ဗိမာန် အိမ်တော်က အင်အားသုံးပြီး လူတွေကို အနိုင်စားမလို့လား…”

“နတ်ဗိမာန် အိမ်တော်က ပြဿနာ မဖြစ်ချင်ဘူး… ဒါပေမဲ့ ကြောက်လည်း မကြောက်ဘူး…” ရီဖူရှင်း၏အသံက အေးစက်သွားသည်။ ဤစုံတွဲကား တမင် လာရောက် ပြဿနာရှာခြင်းပင်။

“မင်းက ငါတို့ကို ခြိမ်းခြောက် နေတာလား…” ဘေးမှလူက ပြောသည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါက စိမ့်ထွက်လာသည်။ သူ၏မျက်လုံးက စူးရှစွာဖြင့် ရီဖူရှင်းထံ တိုက်ရိုက် ရောက်လာသည်။ သူ၏မျက်လုံးများက ကြောက်မက်ဖွယ် နိုဘယ်အသိများနှင့် မီးလျှံများ ပြည့်နှက်နေသည်။

ရီဖူရှင်းနောက်မှ ဝမ်ယွီရိုက ထိုမျက်လုံးများကို မြင်ဖူးသလို ခံစားရသည်။ သို့သော်လည်း ထိုလူ၏ မျက်နှာတွင် အရေးကြောင်းများနှင့် ပုံမှန်မဟုတ်သော အရောင်များ ခြယ်သထားရာ သူမက မှန်းဆ၍ မရပေ။ ထိုလူက သူ၏မျက်နှာကို တမင် ရုပ်ဖျက်ထားဟန် ရနေသည်။

ထိုအချိန်တွင် သူမ၏နှလုံးက ပြင်းထန်စွာ တုန်ခါသွားသည်။ သူမ၏ခေါင်းထဲကို လူတစ်ယောက်၏ အကြောင်း ဝင်ရောက် လာသည်တွင် ချက်ချင်း အော်လိုက်သည်… “သတိထား… အဲဒါ ရှမ်းကျန်း…” သူမက ထိုသို့ ပြောလိုက်သည်နှင့် ထိုလူဆောင်းထားသော ဝါးခမောက်က ဘာမှ မကျန်အောင် လောင်ကျွမ်း ပျက်စီးသွားသည်။ သူ၏မျက်လုံးများက ကြောက်မက်ဖွယ် အခိုးအငွေ့များ ထွက်လာကာ သူ၏နိုဘယ်အသိက ရီဖူရှင်း၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက်လာသည်။

ချက်ချင်းပင် ရီဖူရှင်းက သူ၏ စိတ်နယ်ပယ်ထဲမှ လောင်ကျွမ်းကာ နာကျင်မှုကို ခံစားရပြီး မျက်လုံးကို မှိတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ကောင်းသော ရေခဲအသိက ထိုမိန်းမထံမှ ပျံ့လွင့်လာကာ ရီဖူရှင်း၏ အနီးတစ်ဝိုက်အား ရစ်ပတ်သွားသည်။ သူတို့၏ တန်ခိုး အစွမ်းများ အားလုံးက ရီဖူရှင်းထံ ရောက်ရှိလာရာ သူတို့၏ပြစ်မှတ်က ထင်ရှားနေသည်။ သူတို့က ရီဖူရှင်းကို သတ်ရန် ရောက်လာကြခြင်း ဖြစ်သည်။

ယောက်ျားလုပ်သူက လေဟာနယ်ကို ခွင်းလျက် ရှေ့ကို တက်လာသည်။ သူကား မြန်ဆန်လွန်းလှ၏။ သူ၏တန်ခိုး အဆင့်ကလည်း အဆင့်မြင့် နိုဘယ်ဖြစ်သည်။ ရီဖူရှင်း၏နောက်မှ​လူများနှင့် ကုယွန်ချီတို့က ပြေးထွက် လာကြသည်တွင် ထိုလူ၏ ကြောက်မက်ဖွယ် လက်ဝါးပုံရိပ်က ကျဆင်းလာပြီး ဖြစ်သည်။ ထိုလက်ဝါးရိုက်ချက်က လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာဖြင့် ရီဖူရှင်းအား အသေ ရိုက်သတ်ရန် ကျဆင်းလာသည်။

နတ်သမီးရေကန်၌ စားသောက် နေကြသူများ အားလုံး ထိတ်လန့် သွားကြသည်။ ရီဖူရှင်းအား လူနှစ်ယောက်က လာရောက် လုပ်ကြံသည်။ သူတို့က သေမည်ကို မကြောက်ကြ ပေဘူးလား။ သို့သော် သည်လူနှစ်ယောက်က သူတို့၏အသက်ကို ရင်း၍ ရီဖူရှင်းကို သတ်ဖြတ်လိုကြသည်။

စွမ်းအားမြင့်လေလေ သေရမှာကို စိုးရွံ့လေလေ ဖြစ်သည်။ ထို့ကြောင့် စွမ်းအားမြင့် တန်ခိုးရှင်များက အသက်စွန့်ကာ အလောင်းအစား လုပ်သော အပြုအမူမျိုး လွန်စွာ ရှားပါးပေသည်။ သို့သော် ဤလူနှစ်ယောက် မူကား…

ရီဖူရှင်း၏နောက်မှ လူများမူကား တုံ့ပြန်ရန်ပင် အချိန်မရှိပေ။ ရီဖူရှင်း၏ဘေးမှ လူများသာ ကာကွယ်ရန် အခွင့်အရေး ရှိသည်။ သို့သော် ယူချင်း၊ ရီဝူချင်းနှင့် ကုယွန်ချီတို့ကလည်း ရီဖူရှင်းထက် ပိုမို အားကောင်းသည် မဟုတ်။ သူတို့က မည်သို့ ကာကွယ်နိုင်မည်နည်း။ သို့တိုင်အောင် သူတို့က တွန့်ဆုတ်ခြင်း မရှိဘဲ ပြန်လည် တိုက်ခိုက် လိုက်ကြသည်။

မထင်မှတ်သော အခြေအနေကြောင့် အားလုံး၏ အဆုံးစွန်သော စွမ်းအားများကို ထုတ်ဖော်ရန် ဖြစ်လာသည်။ ယူချင်းက တစ်မုဟုတ်ချင်း နတ်ဆိုး ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားကာ ကျယ်လောင်စွာ မာန်သွင်းသည်။ မိစ္ဆာတိုင်အား ကိုင်ကာ သူက ရီဖူရှင်းရှေ့၌ ရပ်လိုက်သည်။ ရီဝူချင်းထံမှ နိုဘယ်ဓားအသိ ထွက်ပေါ်လာကာ အယ်ကိုင်ထားဖြင့် လှမ်းခုတ်ချလိုက်သည်။ လို့လန်ရွှီက သူမ၏ ရေခဲစာအုပ်အား ထုတ်ဖော်ကာ တိုက်ခိုက်မှုအား အေးခဲရန် ကြိုးပမ်းသည်။ ကုယွန်ချီနှင့် ဝမ်ယွီရိုတို့ပင် ပြန်လည် တိုက်ခိုက်ကြသည်။

ကုယွန်ချီက သူမ၏ကု့ချင်းကို ထုတ်ယူကာ စတင်၍ တီးခတ်သည်။ ကု့ချင်းထံမှ​ ရှီအသိတစ်ခု ထွက်ပေါ်လာသည်။ ဝမ်ယွီရို၏ လက်နက်က အားအနည်းဆုံး ဖြစ်ကာ နိုဘယ်အဆင့် ဓားတစ်လက်သာ ဖြစ်သည်။

အားလုံးက တိုက်ခိုက်ကြသည်တွင် အခြေအနေက ဝရုန်းသုန်းကား ဖြစ်သွားသည်။ ပတ်ဝန်းကျင်မှ လူများ အားလုံးက ထိတ်လန့် သွားကြ၏။ ထိုလူများ အားလုံးက သူတို့၏ဘေးကင်းမှုကို လျစ်လျူရှုကာ ပြန်လည် တိုက်ခိုက်ကြသည်။

ဘုန်း…

ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်သွားသည်။ ထိုလက်နက်များက မည်မျှ အားကောင်းပါစေ အသုံးပြုသူများက အကာနာအဆင့်မျှသာ ရှိကြပေသည်။ သူတို့က အဆင့်မြင့် နိုဘယ်၏ တိုက်ခိုက်မှုကို မည်သို့ ခုခံနိုင်မည်နည်း။

ဝမ်ယွီရိုနှင့် ကုယွန်ချီတို့ နှစ်ယောက်လုံး နောက်ကို လွင့်စဉ် သွားကြသည်။ ရီဝူချင်းနှင့် ယူချင်းတို့ နှစ်ယောက်လုံး နောက်ကို ဆုတ်သွားကြရကာ သူတို့၏ပါးစပ်မှ သွေးများ စီးကျလာသည်။ ရီဖူရှင်း၏အနီးမှ ရေခဲများပင် ကြေပျက် သွားကြသည်။

ထိုမိန်းမ၏ မှော်စွမ်းအင်က ထပ်မံ ကျဆင်း လာပြန်သည်။ သူတို့အားလုံးက ရေခဲထဲတွင် နစ်မြုပ်သွားကာ မလှုပ်ရှားနိုင်တော့။ ထိုလူက ရှေ့ကို ထပ်တိုးလာကာ ယူချင်းနှင့် ရီဖူရှင်းကို လက်ဝါးဖြင့် ထပ်မံ ရိုက်ချသည်။

လျှပ်စီးအရပ် ခြေလှမ်းကို အသုံးပြုကာ ရီဖူရှင်းက ယူချင်း၏ရှေ့ကို ရောက်သွားသည်။ သည်တစ်ခေါက် ယူချင်းအား ကာကွယ်ခွင့် သူမပေးနိုင်။ အလင်းရောင်များ ဝင်းလက်သွားကာ သူ၏လက်တွင် ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံ ပေါ်လာသည်။ ထိုအရာက ဧရာမ အရွယ်အစားသို့ ပြောင်းလဲသွားကာ သူနှင့် ယူချင်းကို နှင်တံနောက်သို့ ရောက်သွားစေသည်။

ကြောက်မက်ဖွယ် လက်ဝါးက ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံပေါ်ကို ကျသည်။ ဧရာမ နှင်တံကြီးမှ တုန်ခါသွားကာ ရီဖူရှင်းနှင့် ယူချင်းတို့ နောက်ကို လွင့်စဉ် သွားကြပြန်သည်။ သူတို့၏ ပါးစပ်မှ သွေးများ အဆက်မပြတ် အန်ကျကာ မျက်နှာက ပြာနှမ်း သွားကြသည်။

သူ၏တိုက်ခိုက်မှု နှစ်ခုလုံးက မအောင်မြင်သည်ကို မြင်လျှင် သူ၏ အမူအရာက ပြောင်းလဲ သွားသည်။ နိုဘယ် ကိုယ်ရောင်ကိုယ်ဝါက ပြင်းထန်စွာ ထွက်ပေါ်လာကာ သူ၏မျက်လုံးမှ လူသတ်လိုသော အငွေ့အသက်များ ဟုန်းဟုန်း ထတောက်သည်။ သို့သော် ထိုအချိန်တွင်ပင် နောက်ထပ် အရှိန်အဝါတစ်ခု ကောင်းကင်မှ ကျဆင်းလာသည်။ ထိုတားဆီးမရသော စွမ်းအားက သူ့အား ဖိနှိပ်လာသော အချိန်တွင် သူ၏အဆင့်မြင့် နိုဘယ် အစွမ်းဖြင့်ပင် သူကား မလှုပ်ရှားနိုင်တော့။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” သူက ခက်ခက်ခဲခဲ ခေါင်းမော့ကာ အပေါ်ကို ကြည့်သည်တွင် အဘိုးအို တစ်ယောက် လက်နောက်ပစ်ကာ ကောင်းကင်မှ ဆင်းသက် လာသည်ကို မြင်သည်။ အဘိုးအို၏ မျက်လုံးများက အေးစက် နေသည်။

“ရှီတန်ခိုးရှင်…” နတ်သမီးရေကန်မှ လူများအားလုံး ထိတ်လန့် သွားကြသည်။ ရှီတန်ခိုးရှင် တစ်ယောက်က ရီဖူရှင်းအား နောက်ကွယ်မှ ကာကွယ် ပေးနေသည်။ ကြယ်မင်းကျောင်းက ရီဖူရှင်းအား အမှန်ပင် တန်ဖိုးထား၏။ သို့တိုင်အောင် ရီဖူရှင်းကား အသတ်ခံရလုနီးပါး…

အဆင့်မြင့် နိုဘယ် တန်ခိုးရှင်က ထိုမျှ အနီးကပ် တိုက်ခိုက်ခြင်းက အကာနာ တန်ခိုးရှင် တစ်ယောက် အတွက် သေရမည် မုချဖြစ်သည်။ သို့သော် ရီဖူရှင်းတို့အဖွဲ့က စက္ကန့်မျှ အချိန်ဆွဲနိုင်ခဲ့ခြင်းက သူတို့၏ အသက်ဘေးကို လွန်မြောက် သွားစေသည်။ ရှီတန်ခိုးရှင်ကား အလွန် စွမ်းသည့်တိုင် သူတို့ကလည်း အချိန်တိုင်း သတိမရှိနိုင်။

အဘိုးအိုက အပေါ်မှ ဆင်းသက် လာသည်တွင် ထိုစုံတွဲ မြေပြင်ပေါ်ကို ဒူးထောက်ကျသည်။ ထိုမျှ ကြီးမားသော အရှိန်အဝါကို သူတို့ မခံနိုင်။ သူတို့က ခက်ခက်ခဲခဲ ခေါင်းမော့ကာ မြေပြင်ပေါ်မှ ပြန်လည် ထရပ်လာသော ရီဖူရှင်းကို အေးစက်စွာ ကြည့်ကြသည်။ ရီဖူရှင်းက မည်သို့ အသက်ရှင် နိုင်ရသနည်း။

“မင်းတို့က ဘယ်သူတွေလဲ…” အဘိုးအိုက အေးစက်စွာ မေးသည်။ ပုံမှန်အားဖြင့် သူက လူသတ်သမားများကို တိုက်ရိုက် သတ်ဖြတ်မည် မဟုတ်ပေ။

ထိုစုံတွဲက နှုတ်ပိတ် ထားကြသည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေရင်းက ဝမ်ယွီရိုက အားနည်းစွာ ပြောသည်။

“ရယ်စရာပဲ… အကာနာ တန်ခိုးရှင် တစ်ယောက်ကို ရှီတန်ခိုးရှင်က စောင့်ကြပ်နေတယ်… ကျုပ်က လက်စားမချေနိုင်တာ ဘယ်လောက် မုန်းတီးဖို့ ကောင်းသလဲ…” ရှမ်းကျင်းက အံကြိတ်သည်။

“ဘယ်လို လက်စားချေမှုမျိုးလို့ အသက်စွန့် ရတာလဲ…” အဘိုးအိုက မာကျောစွာ ပြောသည်။

“ကျွန်မသားအတွက် လက်စားချေတာအပြင် တခြား ဘာရှိဦးမှာလဲ…” ထိုမိန်းမက မဲ့ပြုံးပြုံးကာ ပြောသည်… “ကျွန်မသားက ထိပ်သီးကျောင်း သုံးကျောင်းမှာ လေ့ကျင့်ပြီးတော့ တောထဲမှာ မထင်မရှား သေဆုံးခဲ့ရတယ်… ဘယ်သူက သူ့ကို ဂရုစိုက်လဲ…”

“ထပ်မပြောနဲ့တော့…” ယောက်ျားလုပ်သူက သူ၏မိန်းမလက်အား ကိုင်ကာ အဘိုးအိုကို ပြောသည်… “ကျုပ်တို့က ကျုပ်တို့ သားအတွက် လာပြီး လက်စားချေတာပဲ… အခု ကျုပ်တို့ မအောင်မြင်ဘူး ဆိုမှတော့ ကျုပ်တို့ရဲ့ အသက်နဲ့ ပေးဆပ်ရမှာပဲ… ခင်ဗျားက ကျုပ်တို့ကို သတ်မလား… ကျုပ်တို့က ကိုယ့်ဘာသာ သတ်သေရမှာလား…”

***


Comment

Leave a Reply

Options

not work with dark mode
Reset