Switch Mode

အပိုင်း (၄၉၁)

လက်မည်းများ

ရီဖူရှင်း၏ အမိန့်ဖြင့် လူတချို့က နတ်ဗိမာန် အိမ်တော်၏ ဂိတ်တံခါးကို စောင့်ကြပ်ကြသည်။ ရီဖူရှင်းက သူ့အား စိုက်ကြည့် နေသည်ကို မြင်သည်တွင် ကျင့်နန်က စိုးရိမ်စိတ် ဝင်လာသည်…” မင်း ဘာလုပ်ချင်လို့လဲ…”

“ငါမရောက်ခင် သူ ဘာပြောခဲ့လဲ…” ရီဖူရှင်းက စိန့်ယွီကို မေးသည်။ သူက နောက်ဆုံး စကား အနည်းငယ်ကိုသာ ကြားခဲ့သည်။

“သူတို့နှစ်ယောက်က ဒီက မိန်းကလေး တစ်ယောက်ဆီ လာကြတာ… ဒါပေမဲ့ သူက ဒီကို ရောက်ကတည်းက အဲဒီမိန်းကလေးကို စော်ကားနေတယ်… ဒါကြောင့် သူ့ကို ဒီက ထွက်သွားဖို့ တောင်းဆိုနေတာ… ဒါပေမဲ့ ကျွန်မက ဒီနေရာကို ရလာတာက မဟုတ်တဲ့ နည်းတွေနဲ့လို့ ပြောနေတယ်…”

စိန့်ယွီက ခေါင်းငုံ့ သွားသည်တွင် သူမဆိုလိုသော သဘောကို ရီဖူရှင်းက နားလည်လိုက်သည်။

ရီဖူရှင်းက ကျင့်နန်ကို စိတ်ပျက် ရွံရှာစွာ ကြည့်သည်။ ကျင့်နန်က သူ့အား အကြိမ်များစွာ စော်ကားခဲ့သော်လည်း ရီဖူရှင်းက သူ့အား လျစ်လျူရှု ထားသည်။ ကျင့်နန်က သည်မျှ သူ့ကို တွယ်ကပ်ကာ ပြဿနာ ရှိနေမည်ဟု ရီဖူရှင်းက မထင်ထားပေ။

“ငါဘာမှ မလုပ်ရသေးဘူးလို့ ပြောနေတယ်…” ရီဖူရှင်း၏ အေးစက်သော အမူအရာကို မြင်သည်တွင် သူက စိတ်မတည်မငြိမ် ဖြစ်လာသည်။ မည်သို့ဆိုစေ ရီဖူရှင်းက ချန်းဝမ်ကိုပင် အနိုင်ယူနိုင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် ကျိုက်ရှင်းအိမ်တော် ခရီး၌ ရီဖူရှင်း၏ စွမ်းဆောင်ရည်များ ကိုလည်း ကြားထားသည်။ သူက ရီဖူရှင်းကို မယှဉ်နိုင်သည်ကို ကျင့်နန်က သိသည်။

“မင်းက ဒါကို ဘယ်လို ဖြေရှင်းချင်လဲ…” ရီဖူရှင်းက ကျင့်နန်ကို မေးခွန်းထုတ်သည်။

“ကျုပ်က တောင်းပန်ပြီး ထွက်သွားမယ်…” ကျင့်နန်က ပြန်ပြောသည်။

စိန့်ယွီက အေးစက်စွာ တစ်ချက် ရယ်သည်။ ဝမ်ယွီချန်းကလည်း စိတ်ပျက်စွာ ကြည့်သည်။ ယခုကျင့်နန်က ဘယ်လောက်တောင် ရွံစရာ ကောင်းသလဲဟု သူမတွေးသည်။ တစ်ချိန်က ထိုသို့သောလူကို လေးစား အားကျမိသော အဖြစ်ကိုလည်း စိတ်ပျက်ရသည်။

“ဒါက လုံလောက်လို့လား…” ရီဖူရှင်းက ပြောသည်။

ကျင့်နန်က ရီဖူရှင်းကို မုန်းတီးစွာ ကြည့်သည်… “ငါကလည်း ကြယ်မင်းကျောင်းရဲ့ တပည့်တစ်ယောက် ဖြစ်ပြီး မင်းထက်တောင် စီနီယာကျတယ်… မင်းက သားတော် ဖြစ်ရင်တောင်မှ မင်းလုပ်ချင်တာ လုပ်လို့ မရဘူး … ပြီးတော့ ငါက မိုးမြေကောင်းကင်မြို့ရဲ့ ဂုဏ်သရေရှိ မိသားစုကပဲ… ငါကမင်းကို တောင်းပန်စကား ပြောနေတာတောင် လွန်လှပြီ… မင်းက နောက်ထပ် ဘာလိုချင်သေးလို့လဲ…”

ရီဖူရှင်းက ဘာမှ ပြန်မပြောပေ။ အလင်းတစ်ချက် ပြိုးပြိုးပြက်ပြက် လက်သွားကာ သူ၏လက်တွင် ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံ ပေါ်လာသည်။

“ငါတို့ တစ်ချက်တည်းနဲ့ ဖြေရှင်းကြမယ်… ဒီနောက်ပိုင်း ဖြစ်ပျက်သမျှက မင်းကံပဲ…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။

ကျင့်နန်၏ အမူအရာက တင်းမာသွားသည်။ သူက နောက်ဆုတ်ကာ ထွက်သွားရန် ဟန်ပြင်သော်လည်း သူ၏ပြေးလမ်းများ အားလုံးကို အစောင့်များက ပိတ်ထားသည်ကို တွေ့ရသည်။ ရီဖူရှင်းအား ပြန်ကြည့်ကာ သူက ပြောသည်… “မင်းက ဒီလို လုပ်လို့ မရဘူး…”

သည်လက်နက်ကား ရီဖူရှင်း ရရှိခဲ့သည်ဆိုသော နှင်တံဖြစ်ရမည်။ သူ၏ အလေးချိန်က ပေါင် ကိုးသောင်းခန့် ရှိကာ ထိုနှင်တံဖြင့် အရိုက်ခံရပါက…

ကျင့်နန်ကား နတ်ဗိမာန် အိမ်တော်ကို လာရောက်ခဲ့သည့်အတွက် နောင်တ ရလာသည်။ ရီဖူရှင်းက ကြယ်မင်းကျောင်းတွင် ရှိနေသင့်သည်။ တိုက်တိုက်ဆိုင်ဆိုင် ရီဖူရှင်း ပြန်လာမည်ဟု ကျင့်နန်က မမျှော်လင့်ထားပေ။ ယခု ရီဖူရှင်းနှင့် ပက်ပင်းတိုးခြင်းက ကျင့်နန်၏ ဆိုးဝါးသော ကံဖြစ်သည်။

“ငါက နှင်တံကို ငါ့ရဲ့ ကိုယ်ပိုင်အားနဲ့ပဲ သုံးမှာ… မင်း အဆင်သင့် ဖြစ်ပြီလား…” ရီဖူရှင်းက ထိုသို့ပြောကာ ကျင့်နန်ကို ကြည့်သည်။

“မဟုတ်ဘူး…” ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံဖြင့် သူ့ရှေ့မှ ရီဖူရှင်းကို မြင်သည်တွင် သူ၏မျက်နှာက ပြာနှမ်း သွားသည်။

ရီဖူရှင်းက ရှေ့ကို တက်သွားကာ နှင်တံအား ဝှေ့ယမ်းလိုက်သည်။ ကျင့်နန်၏ မျက်နှာက ပြာနှမ်းသွားသည်။ သူ၏သက်စောင့် ဝိညာဉ်အား ထုတ်လွှတ်ကာ ကျင့်နန်က သူ၏သိဒ္ဓိဝင် လက်နက်ဖြင့် ကာကွယ်ရန် ကြိုးစားသည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်အား မှော်ပညာရပ်များဖြင့် အကာအကွယ် လုပ်သည်။

နောက် ခြေတစ်လှမ်းနှင့်အတူ ရီဖူရှင်းက သူ၏ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံဖြင့် ကျင့်နန်ကို ရိုက်ချလိုက်သည်။ လေခွင်းသံနှင့်အတူ ကျင့်နန်က သူ့ထံ ကြောက်မက်ဖွယ် ဖိအားတစ်ခု ဆင်းသက် လာသည်ကို ခံစားရသည်။ သူ၏မျက်နှာက ပြာနှမ်းသွားကာ မိမိကိုယ်ကို ကာကွယ်ရန် မျက်လုံး စုံမှိတ်၍ သဘာဝ စွမ်းအင်များကို အရူးအမူး ထုတ်လွှတ်သည်။

ဘုန်းခနဲ မြည်သံနှင့်အတူ နှင်တံက ကျင့်နန်၏ ရင်ဘတ်ပေါ်ကို ကျသည်။ သူကား တစ်ချက်တည်းဖြင့် နတ်ဗိမာန်အိမ်တော် ခြံဝင်းထဲမှ လွင့်စဉ်သွားသည်။

နတ်ဗိမာန် အိမ်တော်၏ အပြင်ဘက် လမ်းမထက်တွင် လူများ သွားလာ နေကြသည်။ ရုတ်တရက် လူတစ်ယောက် နတ်ဗိမာန် အိမ်တော်ဘက်မှ ကျဆင်းလာကာ လမ်းသွား လမ်းလာများအား အံ့အားသင့် ထိတ်လန့်စေသည်။  လူအများက ကျဆင်းလာသူအား စိတ်ဝင်တစား ကြည့်ကြသည်။

“ကြည့်ရတာ ကြယ်မင်းကျောင်းက တပည့် တစ်ယောက်နဲ့ တူတယ်…” တစ်ယောက်က ကျင့်နန်အား ကြည့်ကာ ပြောသည်။ ကျင့်နန်ကား မြေပြင်ပေါ်တွင် လဲလျောင်းကာ ပါးစပ်မှ သွေးများ တဝေါ့ဝေါ့ ထိုးအန်နေသည်။ သူ၏ခန္ဓာကိုယ်မှ ကလီစာများ အစိတ်အစိတ် အမြွှာမြွှာ ကွဲကြေသွားသလို သူ ခံစားနေရသည်။ အလွန်အမင်း နာကျင်မှုဒဏ်ကို မခံမရပ်နိုင် ဖြစ်လွန်းရကား သူက ကျယ်လောင်စွာ အော်ဟစ်သည်။

“အား…”

သူက ထိုနေရာတွင်ပင် ကောင်းကင်ကို မော့ကြည့်ရင်း လဲလျောင်း နေသည်။ သူ၏ မျက်လုံးများက နီရဲနေသည်။ ရီဖူရှင်းက သူ့အား သက်ညှာခဲ့ခြင်း မရှိပေ။ ထိုနှင်တံရိုက်ချက်က သူ့အား သေလုမြောပါး ဖြစ်သွားစေသည်။ သူက ရီဖူရှင်းကို မုန်းသည်။ သူက ရီဖူရှင်းကို သေစေလို၏။

နတ်ဗိမာန် အိမ်တော်ထဲ တွင်ကား ရီဖူရှင်းက ကျင့်နန်ကို ခေါင်းထဲပင် မထည့်ထား။ အကယ်၍ ကျင့်နန်က သူ့အား လာရောက် ရန်စခြင်း မရှိပါက သူကလည်း အာရုံထဲကိုပင် အဝင်ခံမည် မဟုတ်။

ဝမ်ယွီရိုအား ကြည့်ကာ ရီဖူရှင်းက မေးသည်… “မင်း ဒီမှာ ဘာလုပ်နေတာလဲ…”

“ငါက အလုပ်လုပ်ဖို့ တစ်နေရာ ရှာနေတာ… ဒါနဲ့ ငါက နတ်ဗိမာန် အိမ်တော်ကို သတိရသွားတယ်…” ဝမ်ယွီရိုက ရီဖူရှင်းကို ပြုံးကြည့်သည်။

“ဒါပေမဲ့ မင်းက ဝမ်မိသားစုရဲ့ တန်ဖိုးထားရတဲ့ သမီးပဲ… ဘာလို့ ဒါတွေ လုပ်မှရမှာလဲ…” ရီဖူရှင်းက နားမလည်ပေ။

“တန်ဖိုးထားရတဲ့သမီး…” ဝမ်ယွီရိုက မိမိကိုယ်ကို လှောင်ပြုံး ပြုံးသည်… “ငါ့ရဲ့ တန်ခိုးအဆင့်နဲ့ ငါက ကြယ်မင်းကျောင်းကို မဝင်နိုင်ဘူး… ငါမလုပ်နိုင်တာတွေ အများကြီးပဲ… ငါပြန်သွားရင် အိမ်ကလူတွေ ဘာပြောကြမယ် မသိဘူး…”

အမှန်ပင် သူမက ယွန်ယွဲ့မြို့တွင် ဝမ်မိသားစု၏ တန်ဖိုးထားရသော သမီးတစ်ယောက် ဖြစ်သည်။ သို့သော် သူမက မိုးမြေ ကောင်းကင်မြို့ကို ရောက်သောအခါ များစွာသော ခက်ခဲ ကြမ်းတမ်းမှုများကို တွေ့ကြုံခဲ့ရ၏။ မကြာသေးမီက သူမအား လူတချို့က လိမ်လည် လှည့်ဖြားကာ ဒုက္ခရောက်လုမတတ် ဖြစ်ခဲ့ရသည်။ ကံကောင်းစွာဖြင့် သူမက လွတ်မြောက်လာခဲ့ရာ နတ်ဗိမာန် အိမ်တော်ကို ရောက်လာခဲ့သည်။ ယခုမှ လောကကြီးက အလွန် ရက်စက် ကြမ်းတမ်းကာ သူမလို မြို့ငယ်လေးတစ်ခုမှ မိသားစုတစ်ခု၏ သမီးတစ်ယောက် အတွက် လုံခြုံမှု မရှိသည်ကို နားလည် လာသည်။

များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များ၊ ပါရမီရှင်များက အဘယ်ကြောင့် သက်တော်စောင့်များ အစေခံများလုပ်ရန် ဝန်မလေးကြသည်ကို နားလည်လိုက်သည်။ မည်သို့ဆိုစေ လူအားလုံးက ရီဖူရှင်းကဲ့သို့သော ပါရမီမျိုး မပိုင်ဆိုင်။

“ဒါဆိုးတာပဲ…” ရီဖူရှင်းက သက်ပြင်းချသည်။ ထို့နောက် သူက ပြုံးလျက် ပြောသည်… “ငါမင်းကို မိတ်ဆွေတစ်ယောက် အနေနဲ့ တစ်ခုခု ကျွေးမယ်ဆိုရင် ဘယ်လိုလဲ…”

“သေချာတာပေါ့…” ဝမ်ယွီရိုက အသာပြုံးသည်။

“သွားကြမယ်…” သူတို့နှစ်ယောက် ထွက်မသွားခင် ဝမ်ယွီရိုက ဝမ်ယွီချန်းကို ပြောသည်… “ငါက ကိုယ့်ဘာသာကိုယ် ဂရုစိုက်နိုင်တယ်… ငါက ငါ့ကို နောက်ထပ် စိတ်ပူနေစရာ မလိုတော့ဘူး…”

သူတို့နှစ်ယောက် ထွက်သွားသည်ကို ဝမ်ယွီချန်းက တိတ်ဆိတ်စွာဖြင့် ရပ်ကြည့်နေသည်။ သူ ရောက်လာကတည်းက သူမအား ရီဖူရှင်းက တစ်ချက်မျှပင် မကြည့်။ သူ၏ မျက်လုံးထဲတွင် သူမက တည်ရှိနေဟန်ပင်မရ။

သူမကား အမှန်ပင် စိတ်ပျက်ရသည်။ မသက်မသာလည်း ခံစားရ၏။ သို့သော် သူမက မည်သူ့ကို အပြစ်တင် ရမည်နည်း။ သူမက သူ့အား အတိတ်တွင် များစွာ ပြစ်တင်ဝေဖန်ခဲ့၏။ ရီဖူရှင်းက သူမအပေါ် မည်သည့် အာဃာသမှ မထားခြင်းကပင် အလွန်တရာ ကံကောင်းပေပြီ။ ယခု သူမတို့ကား သူစိမ်းများသာ…။

သူကား ကြယ်မင်းကျောင်း၏ သားတော်ဖြစ်ကာ မျိုးဆက်တစ်ခုလုံး၏ အရေးပါသော ပါရမီရှင်ဖြစ်သည်။ သူ၏အနာဂတ်ကား မမျှော်မှန်း နိုင်လောက်အောင် ကြီးမား ခန့်ထည်သည်။ ယခု သူမ၏ညီမက သူနှင့်အတူ မိတ်ဆွေများကဲ့သို့ ပေါင်းသင်းနိုင်သည်။ သူမမူကား အဝေးမှသာ ကြည့်နိုင်သည်။ မည်သို့ဆိုစေ အခွင့်အရေးက နှစ်ခါမလာ။

နတ်ဗိမာန် အိမ်တော်မှ စိတ်ပျက်စွာဖြင့် ထွက်လာရင်းက ဝမ်ယွီချန်းက လမ်းပေါ်တွင် လဲလျောင်းနေသော ကျင့်နန်ကို မြင်သည်။ သူမက ဘာမှ မခံစားရ။ တစ်ချက်မျှ ကြည့်ကာ တခြားတစ်ဖက်ကို လှည့်ထွက် သွားသည်။

ကျင့်နန်က ဝမ်ယွီချန်း ထွက်သွားသည်ကို မြင်သည်။ အချိန်အတန်ကြာသော် ကျင့်နန်က မိမိကိုယ်ကို ကြိုးစား ထရပ်နိုင်သွားသည်။ ဒယီးဒယိုင်ဖြင့် သူက ထိုနေရာမှ ထွက်သွား၏။

ရီဖူရှင်းနှင့် ဝမ်ယွီရိုက နတ်သမီးရေကန် ဘေးတွင် စားသောက် နေကြသည်။

“တစ်ခွက် သောက်ရအောင်…” ရီဖူရှင်းက ခွက်ကို မြှောက်ကာ ပြောသည်။

“သေချာတာပေါ့…” ဝမ်ယွီရိုက ခေါင်းညိတ်သည်။ ထို​နောက် သူတို့နှစ်ယောက်က အတူတူ သောက်ကြသည်။ ခွက်အနည်းငယ် သောက်ပြီးနောက် ဝမ်ယွီရို၏ မျက်နှာက ရဲလာသည်။ သူမ၏လှပသော မျက်လုံးများဖြင့် ရီဖူရှင်းကို ကြည့်ကာ ရယ်သည်… “ဝမ်လင်းဖန်က နင့်ကို ပထမဆုံး ခေါ်လာတုန်းက အချိန်ကို သတိရတယ် … အဲဒီတုန်းက ငါက နင့်ကို လုံးဝ မယုံတာ… ဒါပေမဲ့ ငါက ဝမ်လင်းဖန်ကို ယုံကြည်လို့ နင့်ကို ပြိုင်ပွဲဝင်စေခဲ့တယ်… အဲဒီတုန်းက နင်က ဘယ်လောက် မာနကြီးတယ် ဆိုတာကိုလည်း သတိရတယ်…”

ရီဖူရှင်းကလည်း ရယ်မောကာ ဘာမှ မပြောပေ။

“ဘဝက တကယ်ပဲ ခန့်မှန်းရခက်တယ်… နင်က ဒီလောက် ထူးချွန်မယ်လို့ ဘယ်သူက ထင်မိမှာလဲ… နင်က အင်အားစုသုံးခုကို အနိုင်ယူခဲ့တယ် ဆိုရင်တောင်မှ ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်ခွင့်ရရုံပဲလို့ ငါတို့က ထင်ခဲ့တယ်… နင်က ကြယ်မင်းကျောင်းရဲ့ သားတော် ဖြစ်လာမယ်လို့ တစ်ခါမှ မတွေးထားခဲ့ဘူး…” ဝမ်ယွီရိုက ပြောသည်။

“မင်း အဘိုး နေကောင်းလား…” ရီဖူရှင်း မေးသည်။

“အင်း… သူက ငါ့ကို အများကြီး မျှော်လင့်ထားတာ… သူက ငါ ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်ခွင့်ရတဲ့သတင်းကို စောင့်နေတယ်… ငါဒီကို မလာခင် နင်နဲ့ အစ်မရဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်ဖို့လည်း သတိပေးလိုက် သေးတယ်… အခုတော့ ငါက ဘယ်လိုတွေ ပြန်ပြောပြရမယ် မသိတော့ဘူး…” ဝမ်ယွီရိုက စိတ်မကောင်းဟန်ဖြင့် ပြောသည်။

“မင်းညီမနဲ့ ငါက အခု သူစိမ်းတွေ ဆိုပေမဲ့ မင်းက ဒါကို စိတ်ထဲ မထားပါနဲ့…” ရီဖူရှင်းက တွေးတွေးဆဆ ပြောသည်… “ဒါနဲ့ မင်းက နတ်ဗိမာန် အိမ်တော်မှာ နေတာလည်း မဆိုးပါဘူး… စိန့်ယွီကို ကူညီပြီး နတ်ဗိမာန် အိမ်တော်ကို အုပ်ချုပ်ပေးပေါ့…”

“ငါက နင် သနားညှာတာ စေချင်လို့ နတ်ဗိမာန် အိမ်တော်ကို လာခဲ့တာ မဟုတ်ဘူး…” ဝမ်ယွီချန်းက ရယ်မောသည်။ ရီဖူရှင်းက သူမအား ကူညီလိုသည်ကို သိသည်။

“ဒါက သနားညှာတာ မဟုတ်ဘူး… ငါတို့က မိတ်ဆွေတွေဆိုတော့ တစ်ယောက်ကို တစ်ယောက် ကူညီဖို့ ဝတ္တရားရှိတယ်…” ရီဖူရှင်းက တိုက်တွန်းသည်… “ပြီးတော့ မင်းက ယန်ထန်းနဲ့ ယန်ရီတို့ကိုလည်း ကူညီခဲ့တာပဲ… နောက်ပိုင်း သူတို့က မိုးမြေကောင်းကင်မြို့ကို ရောက်လာရင်လည်း မင်းက သူတို့ကို စောင့်ရှောက်ပေးလို့ ရတာပေါ့…”

ဝမ်ယွီရိုက သူ၏စကားကို ကြားကာ အံ့အားသင့် သွားသည်။ ထို့နောက် သူမက ရီဖူရှင်း၏ ကြည်လင် တောက်ပသော မျက်လုံးများကို ကြည့်ကာ မေးသည်… “နင် ကြိုက်တဲ့လူရှိလား…”

အတန်ကြာ တိတ်ဆိတ်နေပြီးမှ ရီဖူရှင်းက ပြောသည်… “အင်း… ရှိတယ်…”

“သူမကလည်း ထူးချွန်ရမယ်…” ဝမ်ယွီရိုက ပြုံးလျက်ပြောသည်။

“ဟုတ်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်… “သူမက ငါ့ထက်တောင် တော်သေးတယ်…”

ရီဖူရှင်း၏ မျက်လုံးများထဲမှ တလက်လက် ထသွားသည်ကို မြင်ကာ ဝမ်ယွီရိုက ထိုမိန်းကလေးကို အားကျရသည်။ သူမ၏ရှေ့မှ လူငယ်လေးနှင့် ဘယ်လို မိန်းကလေးက လိုက်ဖက် တင့်တယ်မည်ကို သူမက သိလိုသည်။

***

ဒဏ်ရာပြင်းထန်စွာ ရသွားသော ကျင့်နန်ကား ကြယ်မင်းကျောင်းကို တိုက်ရိုက် ပြန်သွားခြင်း မရှိပေ။ သူက မိုးမြေကောင်းကင်မြို့မှ သီးသန့်အိမ် တစ်လုံးထဲသို့ ဝင်သွားသည်။

အလွန် တောက်ပြောင် ဝင်းလက်သော အင်္ကျီကို ဝတ်ဆင်ထားသော လူငယ် တစ်ယောက်က အခန်းထဲတွင် ထိုင်နေသည်။ သူက ကျင့်နန်ကို မြင်ကာ မျက်မှောင်ကြုတ် သွားသည်… “မင်းက ဘာလို့ ဒဏ်ရာရလာတာလဲ…”

“ကျွန်တော် သူနဲ့ သွားတိုးတယ်…” ကျင့်နန်က ခေါင်းငုံ့သည်။

လူငယ်က အေးစက်စွာ ရယ်မောလိုက်သည်… “သူက နတ်ဗိမာန် အိမ်တော်ကို သူ့သဘောနဲ့ ထွက်လာတယ် ဆိုမှတော့ အချိန် မကုန်တော့ဘူးပေါ့… မင်းက ဒီအတွက် ဒဏ်ရာရတယ် ဆိုပေမဲ့ မင်းရဲ့ ဒဏ်ရာက အလဟဿ မဖြစ်ပါဘူး… သူက ဒီအတွက် ပြန်ပေးဆပ် ရတော့မယ်… မင်းက အခုအချိန်ကစပြီး ငါ့နောက်ကို လိုက်တော့…”

“ကျေးဇူးတင်ပါတယ်… သခင်လေး…” ကျင့်နန်က လူငယ်ကို ဦးညွှတ်သည်။ ယနေ့ သူခံစားခဲ့ရသော ဒဏ်ချက်က ထိုက်တန်ပေသည်။

“ခင်ဗျားတို့ နှစ်ယောက် ထွက်လာခဲ့…” လူငယ်က တည်ငြိမ်စွာ အမိန့်ပေးသည်။ သူ့ဘေးတွင် လူနှစ်ယောက် ပေါ်လာသည်။ သူတို့၏ မျက်လုံးများကလည်း အေးစက် နေကြသည်။

“သွားပြီးတော့ လှုပ်ရှားလိုက်… ဒီကိစ္စက ကျုပ်နဲ့ မပတ်သက်ဘူး ဆိုတာ သဘောပေါက်ထားပါ…” လူငယ်က နောက်လှည့် ထွက်ခွာသွားသည်။ သူတို့နှစ်ယောက်က သူ့အား သစ္စာဖောက်မည် မဟုတ်သည်ကို ကျင့်နန်က သိသည်။ ထိုလူများတွင် မိသားစုများ ရှိသည်။ သူတို့က သူ့အား ဘယ်သောအခါမှ ထုတ်ဖော်ကြမည် မဟုတ်ပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset