မိုးမြေကောင်းကင်မြို့၊ ကြယ်မင်းကျောင်းသားတော် နေထိုင်ရာ နန်းတော်၌ ရီဖူရှင်းက တခြားလူများနှင့်အတူ လေ့ကျင့်နေသည်။ ကျိုက်ရှင်းအိမ်တော်မှ ကိစ္စရပ်များနှင့် ပတ်သက်သော သတင်းက ထိပ်သီးကျောင်း သုံးကျောင်းကို ပျံ့နှံ့သွားပြီး ဖြစ်သည်။ ရီဖူရှင်းက အမှန်ပင် လောင်ရီထျန်းထက် သာလွန်သော ပါရမီကို ပိုင်ဆိုင်သည်ဟု အံ့အားသင့် ချီးကျူးရသည်။ ကြယ်မင်းကျောင်းတွင်ပင် ရီဖူရှင်းအား မနာလိုသူများ၊ လေးစား အားကျသူများ အများအပြား ရှိလာသည်။
ကျောင်းအုပ်က ရီဖူရှင်းအပေါ် ကောင်းလွန်းလှသည်။ ဦးဆုံး သူက ရီဖူရှင်းအတွက် မိုးမြေကောင်းကင်မြို့တွင် ကြီးကျယ် ခမ်းနားသော သားတော်ဘွဲ့ အပ်နှင်းပွဲ ကျင်းပသည်။ ထို့နောက် သူက ရီဖူရှင်းအတွက် ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ကိုယ်တိုင် သွားရောက် ယူဆောင်ပေးသည်။
ကောလာဟလများအရ ရီဖူရှင်းက သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံမှ တော်ဝင် ပညာရပ်များအား ဆက်ခံရရှိခဲ့ကာ ယခု ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံဖြင့် ပေါင်းလျှင် ယခင်ကထက် အလွန်အမင်း အားကောင်း လာသည်ဟု ဆိုသည်။
နိုဘယ်အဆင့်ကို မရောက်ရှိသော တပည့်များက လွန်စွာ စိတ်ပျက်ကြရသည်။ သူတို့က ရီဖူရှင်းအား စိန်ခေါ်ရန် အခွင့်အရေး ဘယ်တော့မှ ရတော့မည် မဟုတ်ပေ။ ထူးချွန်လှပါသည်ဟု ပြောသော လောင်မူနှင့် ကျင်းယွန်ရှောင်းတို့ပင် ရီဖူရှင်း၏ တန်ခိုးအဆင့် တိုးတက်မှုကို လိုက်မမီဘဲ နောက်ကျန်ရစ် ခဲ့ကြပေပြီ။ ရီဖူရှင်း၏ အခမ်းအနားက အမှန်တကယ်ပင် မိုးမြေကောင်းကင်မြို့တွင် ခေတ်တစ်ခု၏ အစပျိုးခြင်း ဖြစ်နိုင်သည်။
ရီဖူရှင်းက ထိုကိစ္စများကို အာရုံထဲ မရှိပေ။ လက်ရှိတွင် သူ၏လေ့ကျင့်ရေးက သိပ်အဆင်ပြေလှသည် မဟုတ်။ ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံကို သူက ခက်ခဲပင်ပန်းစွာ ဝှေ့ယမ်းနေရသည်။
ကောင်းကင်ဘုံကိုးဆင့်မှ ကျဆင်းလာသော သတ္တုဖြင့် ပြုလုပ်ထားသော ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကား ပေါင်ကိုးသောင်း လေးလံသည်။ ထိုမျှလေးလံသော နှင်တံအား ဝှေ့ယမ်းရသည်မှာ အလွန်အမင်း ခက်ခဲသည်။
ရီဖူရှင်းက မူကျိဖန်နှင့် တိုက်ခိုက်ခဲ့စဉ်က သူက ကောင်းကင် အလင်းမှ ရှန့်ထိုအသိနှင့် နှင်တံ၏ စိတ်အသိတို့ကို ဆက်နွှယ်ထားရာ သူက နှင်တံ၏ပူးပေါင်း ပါဝင်မှုကြောင့် အလွယ်တကူ ဝှေ့ယမ်းနိုင်သည်။ ထို့ကြောင့်ပင် ထိုနေ့က အားလုံး မြင်တွေ့ခွင့်ရခဲ့သော တိုက်ခိုက်ရေးစွမ်းအင် ဖြစ်လာသည်။
သို့သော်လည်း သူ၏ကာယအား သက်သက်ဖြင့် နှင်တံကို ဝှေ့ယမ်းသည်ကား သူ့အတွက် သည်းမခံနိုင်စရာ ကောင်းလှသည်။ ခဏအတွင်းတွင် သူက နာကျင် ကိုက်ခဲလာကာ စိတ်ပျက်စွာဖြင့် ရပ်နားလိုက်ရသည်။ သူက နှင်တံအား မြေပြင်ပေါ်ကို ထောက်ကာ အနားယူရန် ဟန်ပြင်လိုက်သည်တွင် နှင်တံကို မြေပြင်ပေါ်နှင့် ထိတွေ့သံ ဒုန်းခနဲမြည်သွားပြီး မြေပြင်က အက်ကွဲသွားသည်။
“ဘာလဲဟ…” ရီဖူရှင်းက သူ၏လက်မှ နှင်တံကို တစ်လှည့် မြေပြင်ကို တစ်လှည့် ကြည့်ကာ ဆွံ့အရသည်။
ယူချင်းနှင့် ရီဝူချင်းတို့ကလည်း ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့် သွားကြ၏။ လို့လန်ရွှီက ပြောသည်… “မှော်ပညာကိုပဲသုံးတဲ့ တန်ခိုးရှင် တစ်ယောက်က ဒီနှင်တံကို သယ်ယူသွားနိုင်မယ်လို့ ငါမထင်ဘူး…”
ရီဖူရှင်းက သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။ သူကား မှော်ပညာနှင့် သိုင်းပညာ တွဲရက် လေ့ကျင့်သူဖြစ်သည်။ သူ၏ခန္ဓာကိုယ်က အလွန် သန်မာသော်လည်း နှင်တံကို သယ်ရသည်မှာ ခက်ခဲပင်ပန်းနေဆဲ ဖြစ်သည်။ ဘယ်မှော်ဆရာကမှ ထိုမျှလေးလံသော နှင်တံကို သယ်ကာ ပင်ပန်းဆင်းရဲခံမည် မဟုတ်ပေ။
“ယူချင်း… မင်းဘာလို့ မစမ်းကြည့်တာလဲ…” ရီဖူရှင်းက ပြောသည်။
ခေါင်းညိတ်ကာ ယူချင်းက ရီဖူရှင်း၏လက်ထဲမှ နှင်တံကို ကိုင်သည်။ ယူချင်းက ထူးခြားသော နည်းစနစ်များ ဘာမှ အသုံးပြုခြင်း မရှိဘဲနှင့် နှင်တံကို ဝှေ့ယမ်းသည်တွင် သူတို့၏အနီးမှ လေထုက တစ်မုဟုတ်ချင်းတုန်ခါလာပြီး ဖိအားက လေဟာနယ်တစ်ခုလုံးကို သက်ဆင်း လာသည်။
“ရပ်… ရပ်…” ရီဖူရှင်းက အော်သည်။ ယူချင်းက သူ့အား နားမလည်စွာ ကြည့်သည်တွင် ရီဖူရှင်းက ပြောသည်… “ရပြီ… ဒါကို ငါလည်း လုပ်နိုင်တယ်…” ထို့နောက် သူက နှင်တံကို ကိုင်ကာ တော်ဝင် နည်းစနစ်အား အသက်သွင်းပြီး စတင် ဝှေ့ယမ်းသည်။ သူ၏လှုပ်ရှားမှုက နှေးကွေးသော်လည်း သူ၏နှင်တံ လှုပ်ရှားမှုတိုင်းက ထူးခြားသော ဟန်ချက်ပါနေကော ကြီးစွာသော အားအင်များကို ဖြစ်ပေါ်စေသည်။
အမြဲတမ်း အေးစက်နေဟန်ရသော လို့လန်ရွှီပင် ပြုံးမိသည်။ ရီဖူရှင်းက ယူချင်းအား နှင်တံ၏ အလေးချိန်ကို ခံစားစေခြင်းက သူမည်မျှ ခက်ခဲပင်ပန်းသည်ကို သိစေလိုခြင်း ဖြစ်သည်။ သို့သော် ယူချင်းက သာသာယာယာဖြင့် နှင်တံကို ဝှေ့ယမ်းသည်တွင် သူက အလွန် အရှက်ရသွားပုံရ၏။ ထို့ကြောင့် သူက နှင်တံဖြင့် ပိုမိုကြိုးစား လေ့ကျင့်တော့သည်။
ရီဖူရှင်းတို့အုပ်စုနှင့် အချိန်တစ်ခုကြာ ဖြတ်သန်းလာပြီး နောက်တွင် သူတို့အားလုံး၏ အကျင့်စရိုက်များကို သိမြင်ခဲ့ရသည်။ ရီဖူရှင်းနှင့် ယူချင်းတို့ နှစ်ယောက်လုံးက အလွန် အားကောင်းသော သိုင်းပညာ ရှိကြသည်။ ရီဖူရှင်းက နတ်ငှက်၊ အစစ်အမှန်နဂါးနှင့် နတ်လူဝံတို့၏ သဘော သဘာဝများကို ပေါင်းစပ်ကာ သူ၏ခန္ဓာကိုယ်ကို လေ့ကျင့်သည်။ သူက ထူးဆန်းသော သိုင်းပညာ တစ်မျိုးကို ပုံမှန်လေ့ကျင့်ပြီး ထိုသို့ လေ့ကျင့်ချိန်တွင် ရီဖူရှင်းက သာမန်လူ မဟုတ်တော့ဘဲ ဧကရာဇ်တစ်ပါးအလား ထင်မှတ်ရစေအောင် သူ၏ ကိုယ်ဟန်အမူအရာ ကိုယ်ရောင် ကိုယ်ဝါများက ပြောင်းလဲ သွားတတ်သည်။
ယူချင်း၏လေ့ကျင့်မှုက အလွန်လျှို့ဝှက်ကာ ကြောက်စရာ ကောင်းသည်။ ထိုနည်းစနစ်က အလွန်နာကျင်ရသော နည်းစနစ်ဖြစ်ကာ ထိုအချိန်တွင် ယူချင်းအား နတ်ဆိုးတစ်ကောင်က ပူးကပ်နေသည်ဟု ထင်မှတ်ရ၏။
ထိုနည်းစနစ်က သူ၏ခန္ဓာကိုယ်အား အမြင့်ဆုံးသော သန်မာမှုကို ရရှိစေကာ ယူချင်း၏ပင်ကိုဗီဇ ပါရမီဖြင့် ပေါင်းလျှင် သူ၏ကာယအား သက်သက်က ရီဖူရှင်းထက် သာလွန်သည်မှာ သံသယ ရှိစရာပင် မလိုပေ။
တခြားတစ်ဖက်တွင် ရီဝူချင်းကား ဓားသမားဖြစ်သည်။ သူ၏ဓားပညာက သန့်စင်ကာ အားကောင်းသည်။
သုံးယောက်ထဲတွင် ရီဖူရှင်းကား ဓာတ်စွမ်းအင်မျိုးစုံတွင် ထူးချွန်ကာ များစွာသော ပညာရပ်များကို လေ့ကျင့်သောလူ ဖြစ်သည်။ သူ့ထံတွင် အားနည်းချက် ရဟန်မရဘဲ တတ်ကျွမ်းသော ပညာတိုင်းက အားကောင်းသည်။ ယူချင်းမူကား သန်မာမှုကို အခြေခံသည်။ သို့သော် ထိုနေရာတွင် သူ့အား ယှဉ်နိုင်သူ ရှိအံ့မထင်။ ရီဝူချင်းကလည်း ဓားပညာ တစ်ခုတည်းကိုသာ လေ့လာ လိုက်စားသည်။ သူတို့သုံးယောက်က သူတို့၏ ကိုယ်ပိုင်လမ်းကို လျှောက်လှမ်း နေကြ၏။
သူမက သူတို့၏ကြီးပြင်းမှု တစ်စိတ်တစ်ပိုင်းကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ သူတို့နှင့် ရှေးဟောင်းလို့လန်တွင် တွေ့ဆုံစဉ်က ရီဖူရှင်းတို့ကား ဓမ္မအဆင့်တွင်သာ ရှိသေးသည်။
ရီဖူရှင်းကား လက်ရှိတွင် ပြင်းထန်စွာ လေ့ကျင့်နေသည်။ သူက နှင်တံကို ဝှေ့ယမ်းသည်တွင် သူ၏လှုပ်ရှားမှုများက ပိုမို၍ သေသပ်လာကာ သဘာဝ ကျလာသည်။ သို့သော် သူ့အတွက် ခက်ခဲပင်ပန်းနေဆဲ ဖြစ်ကာ ခဏခဏ အနားယူရသည်။ သူက ကောင်းကင် အလင်းတန်းသုံးခုကို လေ့လာ ဆင်ခြင်နေခဲ့ရာ သူ၏စွမ်းအားက မြန်ဆန်စွာဖြင့် တိုးတက်နေသည်။
ပေါင်ကိုးသောင်း အလေးချိန်ရှိသော နှင်တံဖြင့် လေ့ကျင့်ခြင်းက ရီဖူရှင်း၏ ကြံ့ခိုင်မှုကို မြန်ဆန်စွာ အားကောင်း လာစေခဲ့သည်။ လဝက်ခန့် အတွင်းတွင် ရီဖူရှင်းက သိုင်းပညာ၌ အကာနာ အဆင့်ခြောက်သို့ တက်ရောက် သွားခဲ့သည်။ ယူချင်းသည်လည်း အကာနာ အဆင့်ခြောက်ကို ရောက်သွားပြီး ဖြစ်သလို ရီဝူချင်းမူကား အကာနာအဆင့်ခုနစ်သို့ အသီးသီး ရောက်သွားကြသည်။
***
နတ်ဗိမာန် အိမ်တော်ကား ရီဖူရှင်း၏ ပိုင်ဆိုင်မှုတစ်ခုဟု သတ်မှတ်နိုင် သေးသော်လည်း ရီဖူရှင်းက ကြယ်မင်းကျောင်း၏ သားတော် ဖြစ်သွားကတည်းက သူ့တွင် တန်ခိုးကျင့်ခြင်း အထောက်အပံ့များ မကင်းမဲ့တော့ပေ။ ထို့ကြောင့် နတ်ဗိမာန် အိမ်တော် ပိုင်ရှင်ဟူသော ဝိသေသက သူ့အတွက် ဘာမှ သိပ်မထူးတော့။
စိန့်ယွီမူကား နတ်ဗိမာန် အိမ်တော်တွင် အမြဲတမ်း အလုပ် ကြိုးစားနေခဲ့သည်။ ရီဖူရှင်းက သူမအား အိမ်တော်ကို ဦးစီးစေခဲ့သည့် အချိန်မှစ၍ လောင်မိသားစု၏ နောက်ခံကြောင့် မည်သူမှ သူမကို ပြဿနာ မရှာရဲကြ။ ထို့ကြောင့် မူလက နတ်ဗိမာန်အိမ်တော်၏ ဝန်ထမ်းမိန်းကလေး ဖြစ်သော်လည်း ယခုကား နတ်ဗိမာန် အိမ်တော်၏ ပိုင်ရှင်တစ်ဝက်ဟုပင် ပြော၍ ရနိုင်သည်။
လက်ရှိအချိန်တွင်ကား စိန့်ယွီက နတ်ဗိမာန် အိမ်တော်တွင် လမ်းလျှောက်နေသည်။ သူမ၏မျက်လုံးက လှပသော မိန်းကလေး တစ်ယောက်ထံကို ရောက်သွားသည်။ ထိုမိန်းကလေးက ယခင် စိန့်ယွီလုပ်ခဲ့သလိုပင် ဧည့်သည်များကို ကြိုဆိုဧည့်ခံနေသည်။
ထိုမိန်းမပျိုအား စိန့်ယွီက ရင်းနှီးသည်။ ထိုမိန်းကလေးက ရီဖူရှင်းအား တစ်ချိန်က စကားပြောဖူးသည်။ အဘယ်ကြောင့် သူမက နတ်ဗိမာန် အိမ်တော်တွင် အလုပ် လုပ်နေသနည်း။
ရုတ်တရက် လူနှစ်ယောက်က နတ်ဗိမာန် အိမ်တော်သို့ ဝင်ရောက်သွားကာ မိန်းမပျိုထံသို့ ရောက်လာသည်။ တစ်ယောက်က လှပချောမောသော မိန်းကလေးဖြစ်ပြီး မိန်းကလေး နှစ်ယောက်က ရုပ်ဆင်သည်။
“ယွီရို… နင်ဒီမှာ ဘာလုပ်နေတာလဲ…” ဝမ်ယွီချန်းက သူမ၏ညီမကို မယုံကြည်နိုင်စွာ ကြည့်သည်။ သူမ၏ညီမက ဝင်ငွေရရန် ဤနေရာသို့ လာရောက် အလုပ်လုပ်သည်ကို သူမ မယုံကြည်နိုင်။
“နင့်အပူ မပါဘူး…” ဝမ်ယွီရိုက ပြန်ပက်သည်။
“ငါနဲ့လိုက်ခဲ့…” ဝမ်ယွီရိုအား ကြည့်ကာ ဝမ်ယွီချန်းက တိုက်တွန်းသည်။ သည်ရက်ပိုင်းအတွင်း ကျင့်နန်နှင့် သူမ၏ဆက်ဆံရေးက တင်းမာခဲ့သည်။ ကျင့်နန်သူမထံကို ရောက်လာမြဲ ဖြစ်သော်လည်း သူမက သိပ်ဂရုမစိုက်တော့။
အတိတ်တွင် ကျင့်နန်က သူမအတွက် ပါရမီမြင့်သော စီနီယာဖြစ်ကာ လေးစား အားကျရသူလည်း ဖြစ်သည်။ သို့သော် ရီဖူရှင်းကိစ္စနှင့် ပတ်သက်၍ သူ့အား အမြင် ကျဉ်းမြောင်းသူမှန်း သိသွားခဲ့ပြီး သူမက စတင်၍ ရှောင်ဖယ်ခဲ့သည်။
“ငါ အလုပ် လုပ်ရဦးမယ်… နင်သွားတော့…” ဝမ်ယွီရိုက အေးစက်စွာ ပြောသည်။
“နတ်ဗိမာန်အိမ်တော် ပိုင်ရှင်က မင်းကို ဘာပေးလဲ…” ကျင့်နန်က သူမအား အေးစက်စွာ ပြောသည်။ ဝမ်ယွီရိုက သူ့အား ပြန်ကြည့်သည်။ သူမက သူ့အား သဘောမကျပေ။ သူ့အား သူမက စသိကတည်းက ကျင့်နန်က ရီဖူရှင်းကို အဆက်မပြတ် စော်ကား ပြောဆို နေသည်ကိုသာ သူမက မြင်ခဲ့ရသည်။ သူမ၏အစ်မနှင့် ရီဖူရှင်းတို့၏ဆက်ဆံရေး ဆိုးဝါးခဲ့သည်က သူ့စနက်ဖြစ်သည်ဟု ဝမ်ယွီရို ခန့်မှန်းမိသည်။
“ဒါက ရှင်နဲ့ မဆိုင်ဘူး…” ဝမ်ယွီရိုက အေးစက်စွာ ပြောသည်။
“ဒီမှာ အလုပ်လုပ်မယ့်အစား ဘာလို့ ငါ့အစေခံ လာမလုပ်တာလဲ… ငါက မင်းကို နှစ်ဆပေးမယ်…” ကျင့်နန်က ဝမ်ယွီရိုကို ပြောသည်။ ရီဖူရှင်းနှင့် ဖြစ်ရပ်များက သူ၏စိတ်အား များစွာ ပြောင်းလဲစေခဲ့သည်။ သူ၏နေ့ရက်တိုင်းက အမုန်းတရားများဖြင့် ပြည့်နှက်နေခဲ့ကာ သူ၏အပြုအမူ အပြောအဆိုများကလည်း တဖြည်းဖြည်း ရိုင်းစိုင်းလာခဲ့သည်။ ရီဖူရှင်းအား စော်ကားခဲ့သမျှ လူအများက သူ့အား ပြန်လည်၍ လှောင်ပြောင်ခဲ့ကြကာ သူ့အဖော်များကပင် သူ့ကို ရှောင်ဖယ်ခဲ့ကြသည်။
သူက ပိုပန်း၍ ရလုနီးပါး ဖြစ်ခဲ့သော ဝမ်ယွီချန်းပင် သူ့အား ရှောင်ဖယ်ခဲ့၏။ ရီဖူရှင်းကြောင့် သူ၏ဆုံးရှုံးမှုက ကြီးမားလွန်းရကား ရီဖူရှင်းနှင့် ပတ်သက်သမျှ သူ မုန်းတီးနေသည်။ အထူးသဖြင့် ရီဖူရှင်း၏ လက်အောက်တွင် အလုပ်လုပ်လိုသော ဝမ်ယွီရိုအား ကြည့်ကာ သူက ပေါက်ကွဲရ၏။
“ထွက်သွားပါ…” ဝမ်ယွီရိုက ပြောသည်။ သူမ၏စကားကို ကြားသည်တွင် ကျင့်နန်၏မျက်နှာက ပိုမိုတင်းမာလာသည်… “ယွီချန်း… မင်းရဲ့ ညီမက ငါတို့နဲ့ လိုက်မယ့်အစား ဒီမှာ အစေခံပဲ လုပ်ချင်ပုံရတယ်… သူက နောက်တစ်ယောက်ကို ပြုစုဖို့ မျှော်လင့်ထားသလားပဲ…”
“ဆရာ… မိန်းကလေး…” စိန့်ယွီက သူတို့အနီးကို လျှောက်လာသည်… “တခြားကိစ္စ မရှိတော့ရင် ဆရာတို့က ကျွန်မရဲ့ ဝန်ထမ်းကို အနှောင့်အယှက် မပေးပါနဲ့တော့…”
ကျင့်နန်က စိန့်ယွီကို ကြည့်သည်။ ငယ်ရွယ်ကာ အပြစ်ကင်းဟန်ရသော သူမ၏မျက်နှာက ယခင်ကထက် ပိုမိုသော ဂုဏ်ကျက်သရေ တစ်ခုကို ပိုင်ဆိုင်နေသည်။
“ငါ မှတ်မိသလောက်ဆိုရင် မင်းက အရင်တုန်းက ဒီနေရာမှာ အစေခံတစ်ယောက် သာသာပဲ မလား… ငါ့ကို ဒီလိုပြောရအောင်မင်းက ဘာလဲ…”
“ကျွန်မက နတ်ဗိမာန်အိမ်တော်ရဲ့ အုပ်ချုပ်သူပါ… အခု ရှင်က ဒီနေရာက ထွက်သွားသင့်ပြီ…” စိန့်ယွီက တင်းမာစွာ ပြောသည်။
“အစေခံ နေရာကနေ အုပ်ချုပ်သူ ဖြစ်သွားတယ် ဆိုတော့ မင်းက သူ့ကို ဘာတွေ ပေးဆပ်လိုက်ရလဲ…” ကျင့်နန်က ရယ်မောသည်။
သူ၏စကားက ညစ်ထေးသော အဓိပ္ပာယ်များ ပါဝင်နေသည်။ ထိုမေးခွန်းကား ရှင်လင်းလှသည်။ စိန့်ယွီ၏ အမူအရာကလည်း ချက်ချင်း ပြောင်းလဲသွား၏။ သို့သော်လည်း ကျင့်နန်က ဝမ်ယွီရိုကို ပြောသည်… “မင်းညီမက ဒီမှာ အစေခံလုပ်ချင်တာ မထူးဆန်းဘူး… သူမကလည်း ဒီလိုလမ်းကြောင်းကို ရှာနေတာ ဖြစ်ရမယ်…”
“သူ့ကို နှင်ထုတ်လိုက်စမ်း…” စိန့်ယွီက အေးစက်စွာ အမိန့်ပေးသည်။
အစောင့်များ ရောက်လာသည်တွင် ကျင့်နန်က ခြိမ်းခြောက်သည်… “ကျုပ်က ကြယ်မင်းကျောင်းက တပည့်ပဲ… မင်းတို့က ငါ့ကို လက်ဖျားနဲ့တောင် ထိရဲလို့လား…” ကျင့်နန်က ခြိမ်းခြောက်သည်။
“စိန့်ယွီ…” အဝေးမှ အသံတစ်သံ ကြားရသည်တွင် သူမက နောက်လှည့် ကြည့်သည်။ ဝင်လာသူအား ကြည့်ကာ သူမက အံ့အားအသင့်ရ၏။
“ပိုင်ရှင်…” စိန့်ယွီက သူ့အား နှုတ်ဆက်သည်။ အားလုံးက ရီဖူရှင်းအား အရိုအသေ ပေးကြသည်။
ကျင့်နန်၏ အမူအရာက တစ်မုဟုတ်ချင်း ပြောင်းလဲသွားသည်။ ရီဖူရှင်းက နတ်ဗိမာန် အိမ်တော်ကို အဘယ်ကြောင့် ရောက်လာရသနည်း။
“မင်းက ကြယ်မင်းကျောင်းက တပည့်ကို ကောင်းကောင်း ဧည့်ခံသင့်တယ်…” ရီဖူရှင်းက ပြုံးသည်။ စိန့်ယွီက အံ့အားသင့်သွားသလို ကျင့်နန်ကလည်း ရယ်မောလိုက်၏။
“သူက ထွက်မသွားချင်ဘူး ဆိုမှတော့ သူ့ကို မသွားစေနဲ့… လာကြစမ်း… ဂိတ်တံခါးကို ပိတ်ထားလိုက်…” ရီဖူရှင်းက အော်လိုက်သည်။
***
စာစဉ်(၃၃)ပြီးပါပြီ
ဆက်ပါဦးမည်။
***