မူကျိချူက ကြယ်တာရာ သီးသန့်နယ်ကို ဝင်ရောက်လာသည်။ သူမ၏အဝတ်စများက လေထဲတွင် တဖျတ်ဖျတ် လွင့်နေ၏။ ရှဲယွန်ဖုန်းနှင့် ရှဲချိန်လင်တို့က သူမအား လေးစား အားကျစွာ ကြည့်နေကြသည်။ သူမ၏ ဟန်ပန်အမူအရာက သူတို့၏ စိတ်သဏ္ဌာန်ထဲကို ခိုင်မာစွာ အမြစ်တွယ် နေစေသည်။ မူကျိချူကား ရွှယ်ထျန်းမြို့၏ နာမည်ကျော် မိန်းမလှဖြစ်ကာ လူအများအပြား၏ အိပ်မက်နတ်သမီးလည်း ဖြစ်သည်။
မူကျိချူ၏ ဂုဏ်သတင်းက သည်နယ် တစ်ဝိုက်လုံးတွင် ကျော်ကြားသည်။ ယနေ့ မွေးနေ့ပွဲအား ကျိုက်ရှင်း အိမ်တော်၏ လွှမ်းမိုးမှုအောက်မှ အဖွဲ့အစည်များ၏ လူများက တက်ရောက်ကြခြင်း ဖြစ်သည်။ သူတို့က မြေရိုင်းဒေသ အရှေ့ဘက်နယ်၏ ထိပ်သီးကျောင်း သုံးကျောင်းကို မသိသည့်တိုင် မူကျိချူကို သိပေသည်။ သူတို့အတွက်မူကား မူကျိချူက လက်လှမ်းမမီနိုင်သော နတ်မိမယ် ဖြစ်သည်။ ယခု သူမက ကြယ်မင်းကျောင်းမှ သားတော်အား ကိုယ်တိုင် စိန်ခေါ်တော့မည် ဖြစ်သည်။
“သားတော်က မူကျိချူနဲ့ တိုက်ခိုက်ရင် ရှုံးဖို့များတယ်…” ပရိသတ်များက မှတ်ချက်ချသည်။ ရီဖူရှင်းက ထူးခြား ထက်မြက်သော စွမ်းရည်များကို ပြသခဲ့သည် မှန်သော်လည်း သူက မူကျိချူကို အနိုင်ယူနိုင်မည်ဟုကား ဘယ်သူမှ မယုံကြည်။ မည်သို့ဆိုစေ သူတို့အကြား တန်ခိုးအဆင့်က ကြီးမားစွာ ကွာဟပေသည်။
သူရိယနေမင်းကျောင်း၊ စန္ဒာငွေလမင်းကျောင်းနှင့် ကျင်းကလန်တို့မှ လူများက ရှေ့ကို စူးရှသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ကျိုက်ရှင်းအိမ်တော်၏ နာမည်ကျော် ပါရမီရှင် မူကျိချူက မိုးမြေကောင်းကင်မြို့မှ ပြိုင်ဘက်ကင်း ပါရမီရှင် ရီဖူရှင်းကို ယှဉ်နိုင်ပါ့မလား သူတို့က စောင့်ကြည့် နေကြသည်။
သူရိယနေမင်းကျောင်း၏ အတော်ဆုံး ပါရမီရှင်ဖြစ်သူ ချန်းဝမ်ကား အကာနာအဆင့် အမြင့်ဆုံးတွင် ရှိသော်လည်း ရီဖူရှင်းထံတွင် ရှုံးသည်။ သို့သော် မူကျိချူကား လောလာဟလများအရ ချန်းဝမ်ထက် ထူးချွန်မည်မှာ သေချာသည်။
လူအများစုက မသိသေးသော်လည်း မူကျိချူက တောင်ဝင်ကျဲနန်းတော်ကို ဝင်ရောက်ခွင့် ရထားသည်ဟု တချို့က ကြားသိထားကြသည်။ တော်ဝင်ကျဲနန်းတော်ကို ဝင်ရောက်နိုင်သော ပါရမီရှင်အား ဘယ်သူကမှ အထင်သေးမည် မဟုတ်ပေ။
မျက်လုံးများ အားလုံးက ကုကျိချူထံကို ရောက်နေသည်။ သို့သော် သူမက ဘာမှ ဂရုစိုက်ဟန်မရဘဲ တည်ငြိမ် အေးဆေးလှသည်။ သူမက ကြယ်တာရာ နယ်ထဲကို ရောက်သွားသည်တွင် သူမက လေစီးကြောင်းများကို စီးနင်းလျက်အပေါ်ကို မြန်ဆန်စွာ တက်သွားသည်။
“လှလိုက်တာ…” လူအများက သူမ၏ လှုပ်ရှားဟန်များကို ရင်သပ်ရှုမော ဖြစ်ရသည်။ အနက်ရောင် ဆံကေသာ၊ အနက်ရောင်ဝတ်စုံနှင့် လှပချောမွေ့သော လှုပ်ရှားဟန်များက သူမအား နတ်မိမယ် တစ်ပါးအလား ထင်မှတ်ရစေသည်။
သူ့ထံ လေဟုန်စီးလျက် တက်ရောက်လာသော မူကျိချူကို မြင်သည်တွင် သူမက ပြိုင်ဘက်ကင်းသော အလှပိုင်ရှင်ဟု ဝန်ခံရမည် ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းက သူမအား လျစ်လျူရှုကာ အပေါ်ကို ဆန်တက်နေသည်။ သူ၏အာရုံက ကောင်းကင်ပေါ်တွင် ရှိနေသော နှင်တံပေါ်တွင်သာ ရှိသည်။
ရီဖူရှင်းက အပေါ်ကို တက်လေလေ မြေဆွဲအားက ပိုအားကောင်းလေလေ ဖြစ်သည်။ သူ့အောက်မှ မူကျိချူက လေဟုန်စီးလာရင်းက သူ့ကို တဖြည်းဖြည်း မီလာပြီဖြစ်သည်။
သူမက သွယ်လျသော လက်ချောင်းများအား အသာဝှေ့ယမ်း လိုက်သည်တွင် မုန်တိုင်းတစ်ခုက ထူးဆန်းသော ဟန်ချက်ဖြင့် လှည့်ပတ်လာသည်။ ဧရာမ ဥက္ကာခဲများက သူမ၏ လက်လှုပ်ရှားဟန်ကို လိုက်၍ လိုက်ပါ လှုပ်ရှားကြသည်။ ထို့နောက် ထိုဥက္ကာခဲများက ရီဖူရှင်းထံကို ပြင်းထန်သော အရှိန်ဖြင့် တိုးဝင်လာကြသည်။ ထို့အပြင် ထိုလင်းလက် တောက်ပသော ဥက္ကာခဲများက တန်းတန်းမတ်မတ် ပြေးဝင်လာကြသည် မဟုတ်ဘဲ သူတို့က ကွေ့ကောက်ကာ ခန့်မှန်းရသော လမ်းကြောင်းဖြင့် ပြေးလာကြသည်။
မရေမတွက်နိုင်သော ဥက္ကာခဲများ၏ အောက်တွင် ရီဖူရှင်း၏ ဖြစ်တည်မှုက သေးငယ်လွန်း လှသည်။ ရီဖူရှင်းက မျက်မှောင်ကြုတ် လိုက်သည်။ သည်တိုက်ခိုက်မှုက သူ့အား အမှန်ပင် အန္တရာယ် ပေးနိုင်သည်။
ရီဖူရှင်း၏ အနီးတွင် ရုတ်တရက် ကြယ်တာရာများ ဖြစ်ပေါ်လာကာ ထွင်းလင်း တောက်ပ လာကြသည်။ အင်မော်တယ် ခန္ဓာကိုယ်များ ခံစစ်ပညာက အလွန် အားကောင်းပေသည်။
ထိုအခိုက်တွင် ဧရာမ ဥက္ကာခဲတစ်လုံးက သူ့ထံ ရိုက်ခတ်လာသည်။ ဝုန်းခနဲ မြည်သံနှင့်အတူ ရီဖူရှင်း ဖန်တီးထားသော ကြယ်များက တုန်ခါသွားကြသည်။ သို့သော် ရီဖူရှင်း၏ ခံစစ်ကိုမူကား ကျော်ဖြတ်နိုင်စွမ်း မရှိပေ။
သို့သော် ဥက္ကာခဲများက တစ်လုံးတည်း မဟုတ်ပေ။ တဝုန်းဝုန်း မြည်သံနှင့်အတူ ရီဖူရှင်း၏ ခန္ဓာကိုယ် ပတ်လည်မှ ကြယ်တာရာများက စတင် အက်ကွဲ လာကြတော့သည်။ နောက်ဆုံးတွင် ဘန်းခနဲ မြည်သံနှင့်အတူ လက်ကျန် ကြယ်တာရာက ပေါက်ကွဲသွားပြီး နောက်ထပ် ဥက္ကာခဲများ ရီဖူရှင်းထဲသို့ ပျံဝဲလာကြပြန်သည်။
ရီဖူရှင်းကလည်း သူ၏ခန္ဓာကိုယ်အား လေးပုံစံပြုလုပ်ကာ ကောင်းကင်သို့ ကြယ်တာရာအလား ပျံသန်းသွားသည်။ ဘန်းခနဲ မြည်သံနှင့်အတူ ဥက္ကာခဲက ပျက်စီးသွားသည်။ ရီဖူရှင်းက ထိုနေရာတွင်ပင် ရပ်ကာ မူကျိချူကို ကြည့်သည်။
“မူကျိချူ ဆိုတဲ့အတိုင်းပဲ…” ပရိသတ်များက မှတ်ချက်ချသည်။ လူတိုင်းက ရီဖူရှင်း၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသော အလွန် ချောမောသော မိန်းကလေးအား ကြည့်သည်။ သူမကား အကာနာအဆင့် အမြင့်ဆုံးတွင်ရှိကာ ကြယ်တာရာ မှော်ပညာတွင် ထူးချွန်ပြီး ရီဖူရှင်း၏ ခံစစ်အား ပျက်စီးသွားနိုင်အောင် တိုက်ခိုက်ခဲ့သည်။
ရီဖူရှင်းက ကြယ်မင်းကျောင်း၏ သားတော် ဖြစ်လျှင်ကော အဘယ်အရေးနည်း။ သူ၏နာမည်က မိုးမြေကောင်းကင် မြို့တွင်သာ လူသိသည်။ ယခု သူက မူကျိချူ၏ နာမည်ကို ပိုမို ထွန်းတောက်စေမည့် လှေကားထစ် တစ်ခုသာ ဖြစ်ပေတော့မည်။
မူကျိချူ၏ အကြည့်ကာ တည်ငြိမ် အေးဆေးလှသည်။ သူမက လက်ကို ဝှေ့ယမ်းသည်တွင် လေလှိုင်းများ ဖြစ်ပေါ်လာကာ ရီဖူရှင်းထံကို လှည့်ပတ်လျက် တိုးဝင်သွားသည်။ လေစီးကြောင်းများက လေထဲတွင်ပင် အားကောင်းစွာ လှည့်ပတ်ကာ လေပွေမုန်တိုင်းကြီး တစ်ခုဖြစ်လာပြီး ရီဖူရှင်းအား ဝါးမျိုလာသည်။
လေစီးကြောင်းများက ဥက္ကာခဲများကို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်စေသည်ကို ရီဖူရှင်းက မြင်သည်။ ပိုဆိုးသည်ကား လေစီးကြောင်းများက ရီဖူရှင်း ဖန်တီးလိုက်သော ကြယ်မုန်တိုင်းဖြင့် ပေါင်းစပ်သွားကာ ပိုမိုအားကောင်းသော ကြယ်တာရာ မုန်တိုင်း ဖြစ်သွားပြီး ရီဖူရှင်းကို တစ်မုဟုတ်ချင်း ရစ်ပတ် သွားကြသည်။
မူကျိချူက ရှေ့ကို တက်လာသည်။ သူမ၏ ဆံပင်ရှည်က လေထဲတွင် လွင့်မျော နေကြသည်။ သူမလှုပ်ရှားလျှင် သူမ၏နောက်တွင် သေးငယ်သော ကြယ်တာရာ သီးသန့်နယ်တစ်ခု ဖြစ်ပေါ်နေသည်။ ထိုသီးသန့်နယ် အငယ်စားက ရီဖူရှင်းအား ထိန်းချုပ်ထားသော သီးသန့်နယ်နှင့် ဆက်နွှယ်နိုင်ဟန် ရကာ ဥက္ကာခဲများက တုန်ခါလာပြီး မမြင်ရသော စွမ်းအင်များကလည်း လှိုင်းလုံးများအလား တုန်ခါကာ ပတ်ဝန်းကျင်ကို ရိုက်ခတ်သည်။
“သူမရဲ့ ဓမ္မက ကြယ်စုံည ကောင်းကင် အငယ်စားပဲ…” ရီဖူရှင်း၏ မျက်လုံးများက အရောင်လက် သွားသည်။ မူကျိချူ၏ သက်စောင့်ဝိညာဉ်က ကြယ်စုံည ကောင်းကင်နှင့် တစ်ခုခု ဆက်စပ်နေရမည်ဟု သူရိပ်မိသည်။ ကျိုက်ရှင်းအိမ်တော်က ကြယ်မင်းကျောင်းထက်ပင် တော်ဝင်လမ်းတွင် ပိုမို နီးစပ်ပုံရသည်။
မူကျိချူ၏ဓမ္မ ပေါ်လာသောအခါ ကောင်းကင်မှ ကြယ်တာရာ အလင်းတန်း များစွာက ရီဖူရှင်းထံ ဖျန်းပက်လာသည်။ ထိုအလင်းတန်းများက ကြယ်ကြွေ အလင်းများလိုပင် ခုနက ရီဖူရှင်း သုံးခဲ့သော နည်းစနစ်နှင့် ဆင်တူသည်။ သို့သော် သူမ၏ တိုက်ခိုက်မှုက ပိုမို၍ သဘာဝကျကာ ထူးဆန်းသော စွမ်းအင်တစ်ခုကလည်း တွယ်ငြိနေဟန် ရသည်။
ကြယ်တာရာ အလင်းများနှင့်အတူ ဥက္ကာခဲများကလည်း ကြောက်မက်ဖွယ် အရှိန်အဟုန်များဖြင့် ဆင်းသက် လာကြသည်။ သို့သော် ရီဖူရှင်းက ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေသည်။ သူက လက်ဆန့်တန်း လိုက်လျှင် ရွှေရောင်နှင်တံ တစ်ချောင်း သူ့လက်ထဲတွင် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှ နတ်ငှက်ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ရီဖူရှင်း၏ ခန္ဓာကိုယ်မှ နဂါးအော်သံကို ကြားကြရကာ သူ့အား နတ်လူဝံ၏ပုံရိပ်က ဖုံးလွှမ်းသွားသော အချိန်တွင် သူ၏ခန္ဓာကိုယ်က အမြင့်ဆုံးသော သန်မာမှုကို ရရှိသည်။
လေထုက တုန်ခါသွားကာ ကြယ်များက ရီဖူရှင်းအား တောက်ပ လင်းလက်စွာဖြင့် လှည့်ပတ် သွားကြသည်။ သူက နှင်တံကို ဝှေ့ယမ်းသည်တွင် ကြယ်အလင်းများက သူနှင့်အတူ လိုက်ပါ လှုပ်ရှားကြဟန် ရသည်။ ကြယ်အလင်း စွမ်းအင်က နှင်တံနှင့် ပေါင်းစပ် သွားသောအခါ နှင်တံက အမှန်ပင် ကြီးမား လေးလံသွား၏။
ကြယ်အလင်းများ၏ တိုက်ခိုက်မှုအောက်တွင် ရီဖူရှင်းက သူ၏ခန္ဓာကိုယ်မှ အားအင်များကို စုစည်းလိုက်သည်။ နှင်တံရိုက်ချက် တစ်ချက်နှင့်အတူ ကြယ်တစ်လုံးက လှုပ်ခတ်သွားကာ သူ့ထံ ရောက်လာသော အလင်းတန်း တစ်ခုအား ပြင်းထန်စွာ ရင်ဆိုင် ဖျက်ဆီးသည်။ သို့သော် ပိုမိုသော အလင်းတန်းများက ရီဖူရှင်းထံကို ကျဆင်းလာသည်။ သူ၏နောက်ကျောမှ အတောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ သူက နှင်တံဖြင့် အဆက်မပြတ် ဝှေ့ယမ်းသည်တွင် ပိုမိုသော ကြယ်တာရာများက ရှေ့ကို တိုးဝင်သွားပြီး အလင်းတန်းများကို ခုခံသည်။ ရီဖူရှင်း၏ လှုပ်ရှားဟန်က နှေးကွေးဟန် ရသော်လည်း ထူးဆန်းသော ဟန်ချက်တစ်ခု ပါနေကာ ရိုက်ချက် တစ်ချက်စီက အလွန် အားကောင်းဟန် ရနေသည်။
ရီဖူရှင်းက ကြီးမားသော အရှိန်အဝါဖြင့် အပေါ်ကို ဆက်တက်သည်။ မူကျိချူကလည်း သူနှင့် လိုက်ပါကာ အဆက်မပြတ် တိုက်ခိုက်သည်။ သူတို့နှစ်ယောက်က အပေါ်ကို ဆန်တက်နေရင်းကပင် ပြင်းထန်စွာ တိုက်ခိုက် နေကြသည်။
“ဒီကောင်လေးရဲ့ တိုက်စစ်အားက တော်တော် အားကောင်းတယ်…” ပရိသတ်များက မှတ်ချက်ချသည်။ မူကျိချူကား အလွန်အမင်း အားကောင်းသော်လည်း ယခု သူမက ရီဖူရှင်းကို ရိုက်ချနိုင်ခြင်း မရှိသေးပေ။
လျှပ်စီးများ တဖျတ်ဖျတ် လက်သွားကာ ရီဖူရှင်းက လျှပ်စီးအရပ် ခြေလှမ်းကိုသုံး၍ မူကျိချူထံသို့ တိုးဝင်သွားသည်။
သို့သော်လည်း မူကျိချူ၏ မျက်လုံးများက တည်ငြိမ်နေသည်။ ကြယ်အလင်းများက တစ်နေရာတည်းတွင် စတင် စုစည်းလာကာ အလွန် လင်းလက်လှပသော ကြယ်တာရာ ဆက်ကြောင်းတစ်ခု ဖြစ်လာသည်။
ဘုန်း…
ရီဖူရှင်းက အပေါ်မှ ရိုက်ချလျှင် ကြယ်တာရာ ဆက်ကြောင်း၌ အက်ကွဲကြောင်းကြီး ဖြစ်သွားသည်။ အက်ကွဲကြောင်းများက အဆက်မပြတ် ဖြစ်လာကာ ကြယ်တာရာ ဆက်ကြောင်းက အချိန်မရွေး ပျက်စီးတော့မည်ကဲ့သို့ ဖြစ်လာသည်။
ရီဖူရှင်း၏ ရိုက်ချက်က အလွန်အမင်း ပြင်းထန်သော စွမ်းအားများ ခိုအောင်းနေဟန် ရသည်။ ရီဖူရှင်းကား ကာယပိုင်းဆိုင်ရာ အလွန်သန်မာသည်။ သူ၏ နတ်သတ္တဝါဆန်း သက်စောင့်ဝိညာဉ်များ ပေါင်းလျှင် သူ၏ရိုက်ချက်က ကောင်းကင်ကိုပင် အခေါင်းပေါက် ဖြစ်စေလောက်အောင် ပြင်းထန်ပေသည်။ သို့သော်လည်း မူကျိချူ၏ခန္ဓာကိုယ်မှ ကြယ်တာရာ အလင်းများက သူ၏ကြယ်တာရာ ဆက်ကြောင်း စွမ်းအင်လှိုင်းများကို ပြန်လည် ပြုပြင် ပြင်ဆင်သည်။
လက်ဝါးရိုက်ချက် တစ်ခုတည်းဖြင့် မူကျိချူက ကြယ်ရောင်စဉ် အလင်း ဆက်ကြောင်းအား ပစ်လွှင့်ကာ ရီဖူရှင်း၏ဟန်ချက်ကို ထိန်းချုပ်ရန် ကြိုးစားသည်။ ကြယ်အလင်းများက ရီဖူရှင်းထံကို တဝုန်းဝုန်း ကျဆင်းလာရာ ရီဖူရှင်းက နှင်တံအား ဝှေ့ယမ်းကာ နောက်ဆုတ်သည်။ မာန်သွင်းသံ တစ်ချက်က ကောင်းကင်နှင့် မြေကြီးအကြား ပေါ်လာဟန်ရကာ နှင်တံအား ဝှေ့ယမ်းမှုကြောင့် ပိုမိုအားကောင်းသော စွမ်းအင်များ သူ့အနီးတွင် စုစည်း လာနေသည်။ ကြယ်တာရာများက နှင်တံတွင် ထူးခြားစွာ လာရောက် လှည့်ပတ်ကြသည်။ ထို့နောက် ရိုက်ချက် တစ်ချက်ဖြင့် မူကျိချူ၏ ကြယ်ရောင်စဉ် ဆက်ကြောင်းက ဘန်းခနဲမြည်ကာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားသည်။
ကြယ်ရောင်စဉ် ဆက်ကြောင်းက ကြယ်အပိုင်းအစများ ဖြစ်သွားကာ လေထဲတွင်ပျံ ပျံ့လွင့်သွားကြသည်။ ရီဖူရှင်း၏အနီးမှ ဥက္ကာခဲများကလည်း လှုပ်ရှားနေကြသည်။ ထိုအခိုက်တွင် အရာအားလုံးက ငြိမ်သက်သွားဟန် ရသည်။
ရီဖူရှင်းက မူကျိချူကို ကြည့်သည်။ သို့သော် သူ၏အကြည့်က ကြယ်တာရာ ကောင်းကင်ပြင်ထဲကို နစ်ဝင်သွားသလို ခံစားလိုက်ရသည်။
“ဒါ အဆုံးသတ်ပြီ… ” ရီဖူရှင်းက ပြောသည်။
ကျိုက်ရှင်းအိမ်တော်မှ လူများက ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်ကြသည်။ ချန်းယွန်က အမှန်ပင် ပါရမီမြင့်သော လူငယ်တစ်ယောက်ကို သားတော်အဖြစ် ရွေးခဲ့သည်ဟု တိတ်တဆိတ် ဝန်ခံရသည်။ ကံမကောင်းသည်က သူက မူကျိချူဖြင့် ရင်ဆိုင်နေရခြင်းပင်။
***