ရီဖူရှင်းကား အလွန်အမင်း မျက်နှာ ပြောင်လွန်းလှသည်။ သူရိယနေမင်း ကျောင်းနှင့် စန္ဒာငွေလမင်း ကျောင်းတို့ကလည်း သူ့ကို သဘောမကျစွာ ကြည့်ကြသည်။ ရီဖူရှင်း၏ ပြောစကားက လက်ခံနိုင်စရာ မရှိပေ။
“မလေးစားတာက မလေးစားတာပဲ… လက်ဆောင် မပါတာကို ဘယ်လို စကားလုံးတွေနဲ့ တန်ဆာဆင်ပြီး ဖုံးကွယ်ချင်လို့လဲ…” သူရိယ နေမင်းကျောင်းမှ နိုဘယ် တစ်ယောက် ဖြစ်သူ စီယန်က ပြောသည်။
“မင်းက ဘယ်သူ့ကို အရူး လုပ်ချင်နေတာလဲ…” စန္ဒာငွေလမင်း ကျောင်းမှ နိုဘယ် တစ်ယောက်ကလည်း ပြောသည်။ သူက ပျော့ပျောင်းကာ မိန်းမဆန်သော အငွေ့အသက်များ သူ့ထံမှ ရသော်လည်း သူကား အလွန် စွမ်းအားမြင့်သည်။
“ကြယ်မင်းကျောင်းက တပည့်တွေက တကယ်ပဲ မောက်မာတယ်…”
“သူတို့ရဲ့ အပြုအမူ အပြောအဆိုတွေ ကတောင် ရိုင်းစိုင်းလာတယ်…”
ထိပ်သီးကျောင်း နှစ်ကျောင်းက ဝင်ရောက်ပြောဆို ပြစ်တင်ကြသည်တွင် တခြား ဧည့်သည်များကလည်း တီးတိုးဝေဖန် ပြောဆိုကြတော့သည်။ သူတို့၏ လေသံများက တင်းမာနေကြကာ ရီဖူရှင်း၏စကားကို စိတ်ဆိုးကြသည်မှာ ထင်ရှားသည်။
ရှဲယွန်ဖုန်းနှင့် ရှဲချိန်လင်တို့ကလည်း ထိုမြင်ကွင်းကို ကြည့်ကာ ကျိတ်၍ ဝမ်းသာ နေကြသည်။ ယမန်နေ့က ရီဖူရှင်း၏ နှင်ထုတ်မှုက သူတို့အား မကျေမနပ် ဖြစ်စေသည်။
ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်က ရီဖူရှင်းအား ကြည့်သည်။ လူငယ်လေးကား ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါ ရှိသည်။ သူ၏ တန်ဖိုးကြီးကာ ထူးခြားသော ဝတ်စုံက သူ၏မြင့်မားသော အဆင့်အတန်းကို ပြနေသည်။
“ချန်းယွန်က ဒီလို လူငယ် တစ်ယောက်နဲ့ သူ့ကို ကိုယ်စားပြု ခိုင်းတာလား…” ခေါင်းဆောင်က တည်ငြိမ်စွာ ပြောသည်။
ကြယ်မင်း ကျောင်းအုပ်၏ နာမည်အရင်းက ချန်းယွန် ဖြစ်သည်။
ခေါင်းဆောင်၏ စကားကို ကြားသည်တွင် ရီဖူရှင်း၏ဘေးမှ ဆရာယွန်က ထရပ်ကာ အရိုအသေ ပေးလျက် ပြောသည်… “ကျုပ် ရှင်းပြပါ့မယ်… စီနီယာ… ဒါက ကြယ်မင်းကျောင်းရဲ့ သားတော်ပါ… ကျောင်းအုပ်က သားတော်ကို ကိုယ်စားပြု စေလွှတ်တာက ခေါင်းဆောင်ကို ကျုပ်တို့မှာ တော်ဝင်လမ်းကို ဆက်ခံမည့် သားတော် တစ်ယောက် ရှိနေပြီလို့ အသိပေးချင်လို့ပါ…”
ဆရာယွန်၏ စကားကို ကြားသည်တွင် ရီဖူရှင်းက အံ့အားသင့်ရသည်။ ကြည့်ရသည်မှာ ကျောင်းအုပ်က ဆရာယွန်ကို သူတို့၏ကိစ္စအား အကျဉ်းချုံး ရှင်းပြထားဟန် ရသည်။ ယခု ဆရာယွန်၏ တော်ဝင်လမ်းကို ဆက်ခံသူစကားက နောက်ကွယ်တွင် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်များ ပါဝင်နေဟန် ရသည်။
ခေါင်းဆောင်၏ အကြည့်က ချက်ချင်း ထက်ရှသွားသည်။ ရီဖူရှင်းအား ကြည့်ကာ သူက ပြောသည်… “ကျုပ်က ဒီသတင်းကို မကြားရပါလား…. ကြယ်မင်းကျောင်းက ဘယ်တုန်းက သားတော် ဘွဲ့အပ်နှင်းခဲ့တာလဲ…”
“သိပ်မကြာခင်ကပါ… ဒါက တစ်လလောက် ရှိပါပြီ…” ဆရာယွန်က ပြောသည်။
“သားတော်က တော်ဝင်လမ်းကို ခြေလှမ်းမယ်ဆိုတော့ သူက တကယ်ရော ဒီနေရာနဲ့ သင့်တော်လို့လား…” ခေါင်းဆောင်၏ မျက်လုံးများက ထွင်းဖောက် မတတ်ပင်။ ကျိုက်ရှင်း အိမ်တော်က ကြယ်မင်းကျောင်းနှင့် ဇာစ်မြစ်အတူတူ ဖြစ်ရာ တော်ဝင်လမ်းကို လျှောက်လှမ်းမည့်သူ ဆိုသော စကားကို သေချာပေါက် နားလည်ပေသည်။ ယခု ချန်းယွန်က သူ့အား သားတော်ဘွဲ့ ချီးမြှင့်ကာ ကျိုက်ရှင်း အိမ်တော်သို့ စေလွှတ်ခဲ့သည်။ ချန်းယွန်က ဘာတွေးနေသည်ကို ခေါင်းဆောင်က ချက်ချင်း နားလည်သည်။
“ကျောင်းအုပ်က သားတော်အတွက် မျှော်လင့်ချက် ကြီးမားပြီးတော့ သူက လောင်ရီထျန်းထက် တောင်မှ ပိုပြီး စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ထားတယ်… သားတော်က မြေရိုင်းဒေသမှာ ပြိုင်ဘက်ကင်းတဲ့လူ တစ်ယောက် ဖြစ်လာလိမ့်မယ်…” ဆရာယွန်က တစ်လုံးချင်း ပြောသည်တွင် မွေးနေ့ပွဲ တစ်ခုလုံး တိတ်ဆိတ်သွားကာ အားလုံးက ရီဖူရှင်းကို ကြည့်ကြသည်။
ဆရာယွန်၏စကားက ဘယ်လောက်တောင် မောက်မာ ဝင့်ကြွားလိုက်သလဲ…။ ယခင်က လောင်ရီထျန်းက အလွန် စွမ်းအားမြင့်ခဲ့ကာ မြေရိုင်းဒေသ အရှေ့ဘက်နယ် တစ်ခုလုံးတွင် ပြိုင်ဘက်ကင်းခဲ့သည်။ ကြယ်မင်းကျောင်းမှ အကြီးအကဲ တစ်ယောက်က လောင်ရီထျန်းထက်ပင် ထက်မြက်သူဟု ကြေညာလိုက်သည်က အနည်းငယ်တော့…။
ရီဖူရှင်းပင် ထိတ်လန့်ရသည်။ ကျောင်းအုပ်က သူ့အား သစ္စာဖောက် သွားသလို ခံစားရသည်။ သည်နေရာကား ကြယ်မင်းကျောင်း၏ နေရာ မဟုတ်ပေ။ ထိုသို့သော စကားကို ဤနေရာတွင် ပြောရန် သင့်တော်ပါ၏လော။ ထို့အပြင် ကျိုက်ရှင်း အိမ်တော်၏ မျိုးဆက်သစ် နှစ်ယောက် ကလည်း အလွန် ထူးခြား ထက်မြက်သူများ ဖြစ်ကြသည်။ ဆရာယွန်၏ စကားက မွေးနေ့ပွဲမှ လူအများအပြားကို အပြစ်ဖြစ်စေမည်မှာ သေချာလှသည်။ ယခု လူအများအပြားက ရီဖူရှင်းအား စမ်းသပ်လိုကြမည်မှာ သေချာပေ၏။
ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်က ဆရာယွန်ကို ကြည့်သည်။ သူ၏မျက်လုံးများက အေးစက်သော အငွေ့အသက်များ ယှက်သန်းနေသည်။ ဆရာယွန်ပြောသော စကားက ရီဖူရှင်းအား မြေရိုင်းဒေသ အရှေ့ဘက်နယ် တစ်ခုလုံးတွင် သူတစ်ယောက်ကသာ ပါရမီရှင် ဖြစ်နေသည်။
“ထိပ်သီးကျောင်း သုံးကျောင်းက တပည့်တွေက အရမ်း ထက်မြက်တယ် ဆိုတာ ဟုတ်နိုင်တယ်… ဒါပေမဲ့ ခင်ဗျားရဲ့ စကားက သိပ်လည်း လက်တွေ့မကျဘူး… ကိုယ့်ဘာသာ ယုံကြည်ချက် လွန်နေတဲ့ စကားသက်သက်ပဲ… ကောင်းကင်ကျောင်းတော်မှ တစ်ယောက်က ပြောသည်။ သူတို့က ထိပ်သီးကျောင်း သုံးကျောင်းအား ဆန့်ကျင်မိမည်ကို စိုးရွံ့ကြသော်လည်း ဆရာယွန်၏ စကားကိုမူကား လက်မခံနိုင်ပေ။
“မှန်တယ်… ကျုပ်တို့က ဒီမှာ လောင်ရီထျန်းနဲ့ ပတ်သက်ပြီး ပြောကြတယ်… တကယ်လို့ သားတော်က ဒီလောက် ထက်မြက်နေတယ် ဆိုရင်တောင်မှ သူက လောင်ရီထျန်းထက် ပိုအောင်မြင်မယ် ဆိုတာ မဖြစ်နိုင်ဘူး…” ချိန်လိုင် တရားရေးရာ အိမ်တော်က ပြောသည်… “ပြီးတော့ ကျိုက်ရှင်း အိမ်တော်က မူကျိချူနဲ့ မူကျိဖန်တို့လည်း ရှိနေတာပဲ… သခင်လေးက မြေရိုင်းဒေသရဲ့ အကောင်းဆုံး တန်ခိုးကျင့်တဲ့ နေရာဖြစ်တဲ့ တော်ဝင် ကျဲနန်းတော်ကို ဝင်သွားပြီးပြီ… အဲဒီမှာ လေ့ကျင့်တာက ဘယ်လောက်တောင် ကြီးကျယ် ခမ်းနားလဲ အကုန်သိတယ်… ပြီးတော့ သခင်မလေးက သခင်လေးလိုပဲ ပါရမီမြင့်တယ်… သူတို့နှစ်ယောက် ရှိတာတောင်မှ သားတော်က ပြိုင်ဘက်ကင်းတယ် ဆိုတာကတော့ တစ်ဆိတ်လွန်ရာ မကျဘူးလား…”
ခေါင်းဆောင်၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသော မူကျိချူက သူမ၏လှပသော မျက်လုံများဖြင့် ရီဖူရှင်းကို ကြည့်သည်။
ရီဖူရှင်းက လူအုပ်ထဲမှ ထွက်လာကာ ပြောသောလူအား အေးစက်စွာ ကြည့်သည်… “ကြယ်မင်းကျောင်းနဲ့ ကျိုက်ရှင်း အိမ်တော်အကြား စကားပြောတာမှာ ခင်ဗျားက ဘယ်သူမို့လို့ ဝင်ပြောနေရတာလဲ…”
“မင်း…” ချိန်လိုင် တရားရေးရာ အိမ်တော်မှလူက ရီဖူရှင်းကို လက်ညှိုးထိုးကာ ဘာမှ မပြောနိုင်တော့။
လူတိုင်း၏ အမူအရာများ ကလည်း တင်းမာ သွားကြသည်။ ကြယ်မင်းကျောင်းမှ လူများကသာ မောက်မာသည် မဟုတ်ဘဲ ထိုငယ်ရွယ်သော သားတော်ကလည်း တခြာလူများကို လေးစားဟန်မရဘဲ မောက်မာ ဝင့်ကြွားလွန်းလှသည်။ ယခု မွေးနေ့ပွဲကို ရောက်လာသူများက ထိပ်သီးအဆင့် အင်အားစုများ မဟုတ်သော်လည်း မြေရိုင်းဒေသ အရှေ့ဘက်နယ်တွင် ဩဇာလွှမ်းမိုးသော အဖွဲ့အစည်းများ ဖြစ်ကြသည်။ ယခု သူတို့အား လူပုံအလယ်တွင် ကြိမ်းမောင်းခြင်းက လွန်ကဲလွန်းလှသည်။
ရှဲယွန်ဖုန်းနှင့် ရှဲချိန်လင်တို့၏ မျက်လုံးများကလည်း အရောင်လက် သွားကြသည်။ ထင်ထားသည့်အတိုင်း မနေ့ကလိုပင် ရီဖူရှင်း၏ အပြုအမူများက တစ်ဖက်လူကို အလေးထားဟန် မရဘဲ မောက်မာ ရိုင်းစိုင်းလှသည်။
ရီဖူရှင်းက ထိုစကားများကို ဆရာယွန်နှင့် လိုက်လံ၍ ဇာတ်ကနေခြင်းသာ ဖြစ်သည်။ ဆရာယွန်၏ စိတ်ထဲတွင် ဘာရှိသည်ကို သူမသိသော်လည်း သူကတစ်ခုခုကို ကြံနေသည်မှာ သေချာသည်။ ထိုကိစ္စက ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံနှင့် သက်ဆိုင်ရပေမည်။
“ကျုပ်က ကောင်းကင် ကျောင်းတော်က တပည့်တစ်ယောက်ပဲ… ကြယ်မင်းကျောင်းရဲ့ ဂုဏ်သတင်းကို ကျုပ်က အရင်ကတည်းက ကြားဖူးတယ်… အခု လူချင်းတွေ့ရတော့ ကြယ်မင်းကျောင်းက တပည့်တွေက တကယ်ပဲ ထူးခြားတယ်… တကယ်ပဲ ခင်ဗျားက မြေရိုင်းဒေသ အရှေ့ဘက်နယ်မှာ ပြိုင်ဘက်ကင်းလား ကျုပ်က သိချင်မိတယ်…” လူငယ်တစ်ယောက်က ထက်ရှသော မျက်လုံးများဖြင့် ရီဖူရှင်းကို ကြည့်သည်။
“ကျုပ်ကလည်း သားတော်ကို စိန်ခေါ်ချင်တယ်…” ချိန်လိုင်တရားရေးရာ အိမ်တော်မှ လူငယ်တစ်ယောက် ကလည်း ကြေညာသည်။
လူအများအပြားက ရီဖူရှင်းကို မျှော်လင့်တကြီး ကြည့်ကြသည်။ သူ၏စွမ်းရည်က ဆရာယွန်၏ ပြောစကားဖြင့် အမှန် ထပ်တူကျသလား သူတို့အားလုံး သိလိုကြသည်။
“မင်းတို့က ငါ့ကို စိန်ခေါ်ချင်တယ်… ဟုတ်လား…” ရီဖူရှင်းက သူတို့ကို အေးစက်စွာ ကြည့်သည်။ သူက စကားထပ် မပြောတော့။ သူ၏အမူအရာက ထိုလူများကို အဖက်မတန်သလို ဟန်ပင်ကို အားလုံးက မြင်ကြရသည်။ လူတိုင်း၏ ဒေါသများ တဟုန်းဟုန်း ထတောက် လာကြသည်။ ရီဖူရှင်းက သူတို့အား အမှန်ပင် မျက်လုံးထဲကို မထည့်ပေ။
“ငါကလည်း မင်းရဲ့ စွမ်းရည်ကို ကြည့်ချင်တယ်…” ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်က ဟက်ခနဲ ရယ်မောသည်။ ထို့နောက် သူက ကြယ်မင်းကျောင်းမှ ကိုယ်စားလှယ်များကို ကြည့်ကာမေးသည်… “ချန်းယွန်က ဘာလိုချင်လဲ တည့်တိုးပြော…”
“ကြယ်မင်းကျောင်းနဲ့ ကျိုက်ရှင်း အိမ်တော်က အတိတ်တုန်းက ကတိကဝတ် တစ်ခုရှိခဲ့တယ်… အခု ကြယ်မင်းကျောင်းမှာ သားတော် တစ်ယောက် ပေါ်လာပြီ… ကျုပ်တို့က ကတိအတိုင်း လာခဲ့ကြတာပဲ…” ဆရာယွန်က ပြောသည်။
ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်က အေးစက်စွာ ပြန်ပြောသည်… “ဘယ်လို ဟာသလဲ… မင်းတို့က သားတော်ဘွဲ့ ချီးမြှင့်ပြီး တော်ဝင်လမ်းအတွက် ဆက်ခံသူတစ်ယောက် ဖန်တီးမယ်လို့ တွေးတယ်… ငါ့မြေးကလည်း အခု တော်ဝင် ကျဲနန်းတော်ကို ဝင်သွားပြီ… ကျိချူကလည်း ဒီမျိုးဆက်ရဲ့ အပေါ်ဆုံးမှာ ရပ်နိုင်လောက်အောင် ပါရမီမြင့်တယ်… ငါကလည်း တော်ဝင်လမ်း အတွက် ဆက်ခံသူ ရွေးလို့ရတယ်… ဒါဆို ငါက ကြယ်မင်းကျောင်းက ချန်းယွန်ဆီ သွားရမလား…”
“သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံက သားတော်ကြောင့် ပြိုလဲခဲ့တယ်… သူက အဲဒီနေရာမှာ တိုက်ခိုက်ခဲ့ကြတဲ့ စီနီယာတွေရဲ့ ကံစွမ်းအားကို ဆက်ခံခဲ့တယ်…” ဆရာယွန်က ဆက်ပြောသည်။
“ကျိုက်ရှင်း အိမ်တော်က အဲဒီနေရာကို တရားဝင်တယ်လို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ဘူး…” ခေါင်းဆောင်က အေးစက်စွာ ပြောသည်… “တော်ဝင်အမွေက ကျိုက်ရှင်း အိမ်တော်ရဲ့ ထိပ်ဆုံးမှာပဲ ရှိတယ်…”
“ဒါဆို သားတော်ကို တက်ခွင့်ပေးပါ…” ဆရာယွန်က ပြောသည်။
ခေါင်းဆောင်က ဆရာယွန်ကို ကြည့်သည်။ ကြည့်ရသည်မှာ ကြယ်မင်းကျောင်းက ကျိုက်ရှင်း အိမ်တော်၏ တော်ဝင်အမွေကို ယူဆောင် သွားလိုဟန် ရသည်။
“ခေါင်းဆောင်ကလည်း သားတော်ရဲ့ စွမ်းရည်တွေကို မြင်တွေ့ချင်တယ်လို့ ယုံကြည်ပါတယ်… တကယ်လို့ သားတော်ရဲ့ စွမ်းဆောင်ရည်ကို မယုံကြည်ဘူးဆိုရင် ဘာလို့ သူ့ကို ခွင့်မပြုရတာလဲ… သူသာ မစွမ်းရင် ဘာကိုမှ ယူသွားနိုင်မှာ မဟုတ်ဘူး…” ဆရာယွန်က တိုက်တွန်းသည်။ ရီဖူရှင်းက ဘေးတွင်ရပ်ကာ တိတ်ဆိတ်စွာ နားထောင်နေသည်။ ကြည့်ရသည်မှာ ကျောင်းအုပ်က သေချာ စီစဉ်ထားဟန် ရသည်။ သူက ရီဖူရှင်းအား ခွေးများ အကြားသို့ လွှင့်ပစ်လိုက်ခြင်း ဟုတ်ဟန် မကျတော့။
ရီဖူရှင်းက ကျိုက်ရှင်း အိမ်တော်၏ ရတနာကို လာရောက် ယူဆောင်ခြင်းက သေတွင်းကို ဝင်ရောက်သလို ထင်မှတ်ရသော်လည်း ကြည့်ရသည်မှာ ကြယ်မင်းကျောင်းနှင့် ကျိုက်ရှင်း အိမ်တော်၏ ဘိုးဘေးများက ရှေးယခင်ကတည်းက ကတိကဝတ်များ ရှိဟန်ရသည်။
“မင်းတို့က အချိန်အခါ ကောင်းကို ရွေးထားတာပဲ…” ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်က အေးစက်သော အပြုံးဖြင့် ပြောသည်… “ဒီလိုဆိုရင်လည်း မင်းကို ခွင့်ပြုပေးရတာပေါ့… ဘယ်သူက တော်ဝင်လမ်းရဲ့ အစစ်အမှန် နည်းလမ်းလဲ ဆိုတာကို မင်းတို့ ကြယ်မင်းကျောင်းက လူတွေကို ပြရတာပေါ့…”
လူတိုင်း၏ မျက်လုံးများက အရောင်လက် သွားကြသည်။ ခေါင်းဆောင်က ဘာတွေ စဉ်းစားနေသနည်း။
“ငါ့နောက်က လိုက်ခဲ့…” ခေါင်းဆောင်က နောက်လှည့်ကာ ဆက်၍ လျှောက်သွားသည်။ ဧည့်ပရိသတ်များ အားလုံးကလည်း သူ့နောက်မှ လိုက်ပါ သွားကြသည်။
လမ်းတစ်လျှောက်တွင် များစွာသော အေးစက်သော အကြည့်များ ရီဖူရှင်းထံ ရောက်လာသည်။ ထိုအတင့်ရဲသော လူငယ်က သည်ကိစ္စများ၏ တရားခံဖြစ်သည်။ အဆောက်အဦများ တစ်ခုပြီးတစ်ခု ကျော်ဖြတ်ကာ မကြာမီ သူတို့အားလုံးက တောင်ထိပ် တစ်ခုကို ရောက်လာသည်။
နောက်ဆုံးတွင် လူအုပ်က ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများကို စတင် ခံစားလာရသည်။ သူတို့၏ရှေ့မှ တကယ့်ခမ်းနား ကြီးကျယ်သော မြင်ကွင်းကို ကြည့်ပြီး သူတို့အားလုံး၏ ခြေလှမ်းများက ရပ်တန့်လိုက်ကြသည်။ သူတို့၏ စိတ်နှလုံးများ တုန်ခါနေကြသည်။
“ဒါက နာမည်ကျော် ကြယ်တာရာ ခေါင်မိုးလား…”
ကြယ်တာရာခေါင်မိုးက ကျိုက်ရှင်း အိမ်တော်၏ ထူးဆန်းသော နေရာဖြစ်သည်။ သူတို့၏ ရှေ့တွင်ကား ကြီးမား ကျယ်ပြန့်သော ကြယ်တာယာ သီးသန့်နယ် တစ်ခုရှိပြီး ကြယ်များက ကောင်းကင်တွင် အစီအစဉ်တကျ လှည့်ပတ် နေကြသည်။
ကြယ်တာယာ သီးသန့်နယ်က ဧရာမ လေဆင်နှာမောင်းကြီး တစ်ခုအလား ထင်မှတ်ရသည်။ သေချာစွာ ကြည့်လျှင် အလယ်ဗဟိုတွင် ရှေးဟောင်း တောင်ကုန်းကြီးက မိုးထိုးနေသည်ကို မြင်ကြရသည်။ တောင်ထိပ်တွင်ကား ကြယ်တာရာများ လှည့်ပတ်နေသော ပေပေါင်းထောင်ချီ ရှည်လျားသော နှင်တံကြီး တစ်ချောင်းကို ဒေါင်လိုက် စိုက်ထူထားသည်ကို မြင်ရသည်။
“အဲဒါ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံပဲ…” တစ်ယောက်က ပြောသည်။ လူအများအပြားက ထိတ်လန့်ကြသည်။ ရီဖူရှင်းက ထိုစွမ်းအား လွန်စွာမြင့်ဟန် ရသော သိဒ္ဓိဝင် လက်နက်ကို ကြည့်သည်။ ဤသို့ဆိုလျှင် သည်ဧရာမ လက်နက်က ဂျင်ကိုးသောင်းခန့် လေးသော သိဒ္ဓိဝင် လက်နက် ဖြစ်ရမည်။
“ချန်းယွန်က သားတော်ကို ကျိုက်ရှင်း အိမ်တော်ကို လာခိုင်းတာက သူ့ကို ဒီနေရာသို့ စေလွှတ်ချင်လို့လား…” ခေါင်းဆောင်က ရှေ့ကို လျှောက်သွားကာ ရီဖူရှင်းတို့အား ကြည့်သည်။
“ဟုတ်ပါတယ်…” ဆရာယွန်က ပြန်ပြောသည်… “တော်ဝင်လမ်းရဲ့ ဆက်ခံသူက အခု ပေါ်လာပြီ… ကောင်းကင် ပျက်သုဉ်းခြင်း လက်နက်က သူ့ဆီကို ပြန်ပေးသင့်တယ်… သားတော်က ဒီအတွက် မသင့်တော်ဘူးလို့ ထင်ရင် ခေါင်းဆောင်က ဘာလို့ သူ့ကို မစမ်းသပ်တာလဲ…”
“လောင်ရီထျန်း ကလည်း အရင်တုန်းက တစ်ကြိမ် စမ်းခဲ့သေးတယ်… အခု မင်းတို့ကျောင်းက သားတော်ဘွဲ့ ချီးမြှင့်ပြီး နောက်တစ်ယောက် လွှတ်ပြန်ပြီ… နောက်ပိုင်း ငါက ငါ့မွေးနေ့ပွဲတွေ အကုန်လုံးကို ဖျက်သိမ်းပြီး လိုက်တော့မယ်… ဘယ်လိုလဲ…” ခေါင်းဆောင်က အေးစက်စွာ ပြောသည်။
“ကျုပ်တို့က တခြား ရည်ရွယ်ချက်နဲ့ ဒီကို လာမယ်လို့ ခေါင်းဆောင်က ထင်ပါသလား…” ဆရာယွန်က ခေါင်းဆောင်ကို ကြည့်သည်။ ခေါင်းဆောင်က သည်နေရာသို့ သူတို့ကို ခေါ်လာပြီးမှတော့ သူ၏ ရည်ရွယ်ချက်ကို မေးခွန်းထုတ်ရန် မလိုတော့။
“သူက မြေရိုင်းဒေသ အရှေ့ဘက်နယ်မှာ ပြိုင်ဘက်ကင်းတယ်လို့ မင်းတို့က ပြောမှတော့ ငါက မင်းတို့ကို အခွင့်အရေး တစ်ခုပေးမယ်…” ခေါင်းဆောင်က ကြေညာသည်… “ငါက နိုဘယ်အဆင့်ကို ပါဝင်ခိုင်းမှာ မဟုတ်ဘူး… အကာနာအဆင့်က လူတွေပဲ သူနဲ့အတူ သီးသန့် နယ်ထဲကို ဝင်လိမ့်မယ်… တကယ်လို့ သူက ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ရယူနိုင်ခဲ့ရင် သူ့အပိုင်ပဲ … တကယ်လို့ သူ မအောင်မြင်ခဲ့ရင် သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံက ကံစွမ်းအားတွေကို ကျိုက်ရှင်း အိမ်တော်ကို ပေးရမယ်…” ခေါင်းဆောင်က ယုံကြည်ချက်ရှိစွာ ပြောသည်။ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံအား ယူဆောင်ရန် မလွယ်ကူသည်ကို သူသိသည်။
ယခု မူကျိချူကလည်း နိုဘယ်အဆင့်ကို တက်ရောက်ရန် ကြိုးစားနေသလို တော်ဝင်ကျဲနန်းတော်ကို ဝင်ရောက်တော့မည်လည်း ဖြစ်သည်။ ယခု ချန်းယွန်က သားတော် တစ်ယောက်အား သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံမှ ကံစွမ်းအားများကို ဆက်ခံရရှိထားသော သားတော် တစ်ယောက်အား စေလွှတ်ခဲ့သည်။ သူကလည်း စိန်ခေါ်မှုကို ပျော်ရွှင်စွာ လက်ခံကာ သူ၏မြေးမအား လက်ဆောင်ကြီး တစ်ခု ပေးရမည်။
“ဒါက…” ဆရာယွန် တွန့်ဆုတ် နေသည်။ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံအား ယူဆောင်ရန် မည်မျှ ခက်ခဲသည်ကို သူသိသည်။ လောင်ရီထျန်း ငယ်ရွယ်စဉ် ကလည်း တစ်ကြိမ် လာရောက် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောင်ပိုင်း သူက မြေရိုင်းဒေသ အရှေ့ဘက်နယ်၏ ပြိုင်ဘက်ကင်း ဖြစ်လာခဲ့သည်။ သူ၏ အဆင့်အတန်းဖြင့် ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို အတင်း လာရောက် ယူဆောင်ခြင်းက မသင့်တော်ရာ သူတို့က လက်လျှော့ခဲ့ရသည်။
အားလုံးက ရီဖူရှင်းကို အေးစက်သော အပြုံးဖြင့် ကြည့်ကြသည်။ သူက ပြိုင်ဘက်ကင်း သည်ဟု ကြွေးကြော်ခဲ့သည်။ ကြည့်ရသည်မှာ သူက ထိုစကားများကို ပြန်ရုပ်သိမ်းပြီး အရှက်တကွဲ အိမ်ပြန်ရတော့မည့်ပုံ ရနေသည်။ လူတိုင်း၏ အကြည့် အောက်တွင်ပင် ရီဖူရှင်းက ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ကြည့်ပြီး မနှေးမမြန် ပြောသည်… “ကျုပ် လက်ခံတယ်…”
***