Switch Mode

အပိုင်း (၄၈၂)

ကျိုက်ရှင်းအိမ်တော်

ရွှယ်ထျန်းမြို့ကား မိုးမြေကောင်းကင်မြို့၏ အနောက်ဘက် အရပ်တွင် ရှိသည်။ အနောက်စူးစူးကို သွားလျှင် သူတို့က မြေရိုင်းဒေသ၏ ဗဟိုချက်မနေရာ ဖြစ်သော ကျုံကျိုးမြို့ကို ရောက်နိုင်သည်။

မိုးမြေကောင်းကင် မြို့ကား မြေရိုင်းဒေသ အရှေ့ဘက်နယ်၏ တစ်ခုတည်းသော အဓိကမြို့လည်း ဖြစ်သည်။ ထို့ကြောင့် မိုးမြေကောင်းကင် မြို့တွင် ထိပ်သီးကျောင်း သုံးကျောင်းသာ ရှိသည် မဟုတ်ဘဲ များစွာသော အင်အားကြီး ကလန်များလည်း ရှိကြသည်။ သို့သော်လည်း မြေရိုင်းဒေသတွင်ကား ထိုသို့ အင်အား ကြီးမားသော မြို့ကြီးများစွာ ရှိပေသည်။

ကျိုက်ရှင်း အိမ်တော်ကား ထိုနေရာ တစ်ဝိုက်တွင် အင်အားအကြီးဆုံး ကလန်ဖြစ်သည်။ သူတို့က ရွှယ်ထျန်းမြို့၏ မြို့တော်ဝန်ကိုပင် ရွေးချယ်ခန့်အပ်နိုင်ပြီး မြို့ကို အုပ်ချုပ်စေသည်။ ပြိုင်ဆိုင်မှုက မိုးမြေကောင်းကင် မြို့လောက် မပြင်းထန်သော်လည်း ကျိုက်ရှင်း အိမ်တော်က ရွှယ်ထျန်းမြို့အပေါ် လွှမ်းမိုးနိုင်စွမ်းအား တခြားအဖွဲ့များက ယှဉ်နိုင်ခြင်း မရှိပေ။

ရွှယ်ထျန်းမြို့အနီး အပြင်ဘက် ကောင်းကင်တွင် လူတစ်စု သတ္တဝါများကို စီးနင်း၍ မြို့တည့်တည့်ကို ပျံသန်း သွားနေသည်။ သူတို့ကား ရီဖူရှင်းတို့ အဖွဲ့ဖြစ်သည်။ သူတို့အုပ်စုထဲတွင် ကြယ်မင်းကျောင်းမှ စွမ်းအားမြင့် တန်ခိုးရှင်များ၊ အနောက်တောင် နဂါးကလန်မှ စွမ်းအားမြင့် တန်ခိုးရှင်များနှင့် ကုကလန်မှလူများ ပါလာကြသည်။ လောင်လင်းအာမူကား သခင်မလောင်၏ ခွင့်ပြုချက်ဖြင့် ရီဖူရှင်းနောက်မှ လိုက်ပါလာ၏။

ကုယွန်ချီကလည်း ကုကလန်ကို ကိုယ်စားပြု လိုက်ပါလာသည်။ ကျင်းကလန်ကလည်း လာရောက်မည် ဖြစ်သော်လည်း သူတို့က ရီဖူရှင်းတို့ အုပ်စုနှင့် အတူလာခြင်း မရှိပေ။

“ငါတို့ မကြာခင် ရောက်တော့မယ်…” ကုယွန်ချီက ပြောသည်။

“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ယွန်ချီ… ငါက ကျိုက်ရှင်း အိမ်တော်က ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံကို ဘယ်လို ယူရမလဲ…”

ရီဖူရှင်းနှင့် ကုယွန်ချီတို့ကား ယခင်ကထက် များစွာ ရင်းနှီးနေပြီး ဖြစ်ကာ အခေါ်အဝေါ်များ ကလည်း သူငယ်ချင်း မိတ်ဆွေများ အလား ဖြစ်လာခဲ့သည်။

“ဒါက နင့်အတွက် ကျောင်းအုပ်က ပေးတဲ့ အလုပ်ပဲ… ငါက ဘယ်လိုလုပ် သိမှာလဲ…” ကုယွန်ချီက ပြုံးသည်။ ရီဖူရှင်းအား ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ရယူရန် စေခိုင်းခြင်းက အမှန်ပင် ရက်စက် လှပေသည်။

ကျိုက်ရှင်း အိမ်တော်မှ ခေါင်းဆောင်က ထိုနှင်တံအား သေလောက်အောင် မြတ်နိုး တန်ဖိုးသည်။ ရီဖူရှင်းအား သူက ထုတ်ပေးစရာ အကြောင်းမရှိပေ။

ရီဖူရှင်း ခေါင်းခဲသွားသည်။ လမ်းတွင် သူက ကျိုက်ရှင်း အိမ်တော်နှင့် ထိပ်သီးကျောင်း သုံးကျောင်းအကြား ပတ်သက်မှုကို သိရှိခဲ့ရသည်။

ထိပ်သီးကျောင် သုံးကျောင်း မဖြစ်ပေါ်လာခင်က ရှန့်ထိုတန်ခိုးရှင်တွင် လက်ရင်း တပည့်များစွာ ရှိခဲ့သည်။ သူ့တပည့် တစ်ယောက်စီက ကွဲပြားသော စွမ်းရည်များကို ဆက်ခံရရှိခဲ့သည်။ ရှန့်ထိုတန်ခိုးရှင် သေဆုံးသွားပြီးနောက် သူတို့အကြား အယူအဆ ကွဲပြားမှုများ ဖြစ်ပေါ်လာကာ နောက်ဆုံးတွင် ထိပ်သီးကျောင်း သုံးကျောင်းအဖြစ် ကွဲပြားသွားသည်။

ကျိုက်ရှင်း အိမ်တော်၏ ဘိုးဘေးသည်လည်း ရှန့်ထိုတန်ခိုးရှင်၏ တပည့်တစ်ယောက် ဖြစ်သည်။ အယူအဆများ ကွဲပြားကာ တကွဲတပြား ဖြစ်သွားကြပြီးနောက် သူကလည်း ကိုယ်ပိုင်လမ်းကို ဖောက်ကာ ကျုံးကျိုးမြို့ဘက်သို့ အခြေချခဲ့သည်။

ကြယ်မင်းကျောင်း၏ တည်ထောင်သူက ကြယ်တာရာ ပုရပိုက်ကို လက်ခံရရှိခဲ့သည်။ ထို့အတူ ကျိုက်ရှင်း အိမ်တော် ဘိုးဘေးက ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ဆက်ခံရရှိခဲ့၏။ နှစ်ပေါင်းများစွာ ကြာသောအခါ ထိပ်သီးကျောင်း သုံးကျောင်းက မိုးမြေကောင်းကင် မြို့၏ တန်ခိုးကျင့်ခြင်း ကောင်းကင်ဘုံ ဖြစ်လာခဲ့သည်။ သို့သော်လည်း ကျိုက်ရှင်း အိမ်တော်၏ မျိုးဆက်များမူကား မိုးမြေကောင်းကင်မြို့မှ ထိပ်သီးကျောင်း သုံးကျောင်းတွင် လာရောက် လေ့ကျင့်ခြင်း မရှိကြဘဲ ကျုံးကျိုးမြို့မှ ကျောင်းတော်များကိုသာ သွားရောက် လေ့ကျင့်ကြလေ့ ရှိသည်။ ကျိုက်ရှင်း အိမ်တော်၏ ဘိုးဘေးများက သူတို့သာလျှင် တော်ဝင်လမ်း၏ တရားဝင် ဆက်ခံသူများဟု ယုံကြည်ကြသည်။ ယနေ့တိုင် ကျိုက်ရှင်း အိမ်တော်က ကြယ်မင်းကျောင်းကို တစ်ခါမှ လာရောက် တက်ရောက်ခဲ့ခြင်း မရှိဖူးပေ။

ဤသို့သော သမိုင်းကြောင်း ရှိသည့်တိုင် ကျောင်းအုပ်က သူ့အား ကျိုက်ရှင်း အိမ်တော်၏ ရတနာကို လာရောက် ယူငင်စေခြင်းက ကျောင်းအုပ်၏ ရည်ရွယ်ချက်ကို ရီဖူရှင်းက နားမလည်နိုင် ဖြစ်ရသည်။

သူတို့အုပ်စု ရှေ့ကို ဆက်သွားလျှင် ကြီးမားသော မြို့ကြီး၏ အပေါ် ကောင်းကင်ကို ရောက်လာသည်။

“ကျုပ်တို့ ရွှယ်ထျန်း အိမ်တော်ကို ရောက်ပြီ…” အကြီးအကဲ တစ်ယောက်က ကြေညာသည်။ သူကား ဆရာယွန်ဖြစ်သည်။ သားတော်နှင့်အတူ ခရီးထွက်ရန် အဆင့်မြင့် နိုဘယ်များစွာကို စေလွှတ်ခဲ့သည်။ ဆရာယွန်က ထိုအထဲမှ တစ်ယောက် ဖြစ်သည်။

ကြယ်မင်းကျောင်းက တပည့်များအထဲမှ နိုဘယ်အဆင့် ရှိသူများအား သားတော်နှင့်အတူ ခရီးထွက်လိုသလား မေးခဲ့သော်လည်း ဘယ်သူမှ စိတ်ပါဝင်စားခြင်း မရှိခဲ့ကြပေ။

ရီဖူရှင်းက ပြိုင်ဘက်ကင်း ပါရမီကို ပြသခဲ့ခြင်းက မှန်ကန်သော်လည်း အဆင့်မြင့် နိုဘယ်များ ဖြစ်သည့်အလျောက် သူတို့တွင်လည်း ကိုယ်ပိုင်မာနများ ရှိကြပေသည်။ သူတို့က ရီဖူရှင်း၏ လက်အောက်ခံ သဘောဖြင့် လိုက်ပါ ကာကွယ် စောင့်ရှောက်ရမည်ကို မလိုလားကြပေ။

“ဆင်းကြမယ်…” လောင်လင်းအာ၏ နောက်မှ ယန်ရှင်းက နဂါးပေါ်မှ ပြောသည်။ နဂါးကြီးက လူအများအပြား၏ အကြည့်အောက်တွင် ယန်ရှင်းမြို့ကို ဆင်းသက် လာသည်။

သို့သော် မြို့သူမြို့သားများက သိပ်အံ့အားသင့်ဟန် မရပေ။ ကျိုက်ရှင်း အိမ်တော်က သူ၏မွေးနေ့ကို ပြုလုပ်သည့် အချိန်တိုင်း နေရာ ဒေသမျိုးစုံမှ စွမ်းအားမြင့် တန်ခိုးရှင်များ လာရောက် ဂုဏ်ပြုကြသည်။ နှစ်စဉ်နှစ်တိုင်း ဤသို့သော ဖြစ်ရပ်မျိုးကို ပုံမှန် ကြုံနေရသည့်အတွက် သူတို့က သိပ်မအံ့ဩကြတော့။

သူတို့အုပ်စုက ရွှယ်ထျန်းမြို့ထဲကို ဆင်းသက်ပြီးနောက် တည်းခိုခန်း တစ်ခုတွင် အခြေချကြသည်။ မြို့ကို တခြားအရပ်မှ လူများ ရောက်လာသည်ကို ကြားလျှင် ထိုသတင်းက နေရာတိုင်းကို ပျံ့နှံ့သွားသည်။ နောက်ဆုံးတွင် မြို့တော်ဝန် အိမ်တော်က ထိုသတင်းကို ကြားကြ ရတော့သည်။

တည်းခိုခန်း အပြင်ဘက် စားသောက်ဆိုင် များတွင်လည်း ပြောဆို ဆွေးနွေးသံများ ညံစီနေသည်။ သူတို့အားလုံးက တည်းခိုခန်းကို ရောက်ရှိလာသော လူစိမ်းများက  ဘယ်ကလာသည်ကို ခန့်မှန်းနေကြ၏။ သည်အုပ်စုကား အတော်အတန် ကြီးမားကာ နဂါးများဖြင့် ရောက်လာကြသည်။ ထို့အပြင် မြို့တော်ဝန်၏ သားနှင့် သမီးတို့က ထိုလူများကို ဦးဆုံး သွားရောက် တွေ့ဆုံကြ၏။

ယခုတွင်ကား ရီဖူရှင်းက မြို့တော်ဝန်ရုံးမှ လာရောက် တွေ့ဆုံသူများအား ဧည့်ခံနေသည်။ လာရောက်တွေ့ဆုံသူ၏ ခေါင်းဆောင်ကား လူငယ်တစ်ယောက်နှင့် မိန်းကလေးတစ်ယောက် ဖြစ်သည်။

“ခင်ဗျားတို့က မိုးမြေ ကောင်းကင်မြို့က ဒီကို အကြာကြီး ခရီးနှင်လာကြရပြီ… ဘာလို့ မြို့တော်ဝန် အိမ်တော်ကို လာပြီး မတည်းကြရတာလဲ…” လူငယ်က လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြုံးလျက် ပြောသည်။ သူက အခန်းအလယ်တွင် တည်ငြိမ်စွာ ရပ်နေသော ရီဖူရှင်းကို ကြည့်ကာ မည်သူဖြစ်မည်ကို ခန့်မှန်းနေသည်။

ကြယ်မင်းကျောင်းက အလွန် ငယ်ရွယ်ကာ နိုဘယ် အဆင့်ထက် နိမ့်သော လူများကို ကိုယ်စားပြု စေလွှတ်လေ့ မရှိခဲ့ပေ။ ကြည့်ရသည်မှာ ကြယ်မင်းကျောင်းက ကျိုက်ရှင်း အိမ်တော်အား သိပ်အလေးအနက် ထားဟန်မရတော့။

မှန်သည်… လူငယ်က ထိုသို့ မှတ်ချက်တော့ မပေးရဲပေ။ ကြယ်မင်းကျောင်းက တစ်ယောက်မှ မစေလွှတ်ခဲ့လျှင်ပင် ဘယ်သူကမှ ဝေဖန်ရဲမည် မဟုတ်ပေ။ ထိပ်သီးကျောင်း သုံးကျောင်းကား မြေရိုင်းဒေသ အရှေ့ဘက်နယ်၏ အင်အားအကြီးဆုံး ကျောင်းဖြစ်သည်။

“သူက ကြယ်မင်းကျောင်းရဲ့ သားတော်ပဲ…” ဆရာယွန်က ဘေးမှ အေးစက်စွာ ပြောသည်။ လူငယ်က ရီဖူရှင်းအပေါ် အပြုအမူက အနည်းငယ် ရင့်သီးနေသည်ဟု သူခံစားရသည်။

လူငယ်က အနည်းငယ် အံ့အားသင့်သွားဟန် ရပြီးမှ ပြုံးလျက်ပြောသည်… “ဒါက သားတော်ကိုး… ကျုပ် ရိုင်းစိုင်းမိပြီ… ဒါက ကျုပ်ညီမ ရှဲချိန်လင်… ကျုပ်နာမည်က ရှဲယွန်ဖုန်းပါ…”

ရှဲချန်လင်ကလည်း ရီဖူရှင်းကို စိတ်ဝင်စားစွာ ကြည့်သည်။ ကြယ်မင်းကျောင်းက ဘယ်အချိန်က သားတော်ဘွဲ့ ချီးမြှင့်လိုက် သနည်း။ သူမက ကြားသိခြင်း မရှိခဲ့ပေ။

မိုးမြေကောင်းကင် မြို့တွင် သားတော် နှင်းအပ်ပွဲအား အကြီးအကျယ် ပြုလုပ်ခဲ့သော်လည်း မိုးမြေကောင်းကင်မြို့နှင့် ရွှယ်ထျန်းမြို့တို့ကား အလွန် ဝေးကွာပေသည်။ ရွှယ်ထျန်းမြို့မှ အင်အားစုများကလည်း မိုးမြေကောင်းကင်မြို့မှ သတင်းများကို စိတ်ဝင်စားခြင်း မရှိကြပေ။ သို့သော် မိုးမြေကောင်းကင်မြို့မှ ကြယ်မင်းကျောင်းက သူ့အား သားတော်အဖြစ် ချီးမြှင့်မှတော့ သူ၏ပါရမီက အလွန် ကောင်းမွန်ရပေမည်။

“ဒီကိစ္စအတွက် လာမယ်ဆိုရင် ပြန်ကြပါတော့… ကျုပ်တို့က ခင်ဗျားတို့ကို အနှောင့်အယှက် ပေးဖို့ ဆန္ဒမရှိပါဘူး…” ရီဖူရှင်းက ထိုင်နေရာမှ တည်ငြိမ်စွာ ပြောသည်။ သူ၏လေသံက အေးစက်သည်။ လူငယ်၏အသံက စိတ်ရင်းဖြင့် ပြောဆိုဟန်များ မရှိဘဲ သူတို့အား သည်အတိုင်း လာရောက်ကာ မဖြစ်မနေ လုပ်ရမည့် အလုပ်တစ်ခုကို လာလုပ်ပုံမျိုး ဖြစ်နေသည်။ ရီဖူရှင်းက ထိုသို့သော ထုံးစံများကို လိုက်ပါရန် အချိန်မရှိပေ။

ရှဲယွန်ဖုန်းနှင့် ရှဲချိန်လင်တို့က အံ့အားသင့် သွားကြသည်။ သားတော်က သူတို့အား ဧည့်ခံရန်ပင် စိတ်ကူးမရှိခြင်းက သူတို့အတွက် မထင်မှတ်ထားသော အပြုအမူ သဘောထား ဖြစ်သည်။ သားတော်က ဂုဏ်မောက်သည်ဟု သူတို့က တွေးမိလိုက်ကြသည်။

“ဒီလိုဆိုရင်လည်း ကျုပ်တို့ ပြန်ပါတော့မယ်… တကယ်လို့ တစ်ခုခုလိုရင် သားတော်က မြို့တော်ဝန် အိမ်တော်ကို လာပြီး အသိပေးစေ လိုပါတယ်…” လူငယ်က ပြောသည်။ ထို့နောက် သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ နှုတ်ဆက် ထွက်ခွာ သွားသည်။

သူတို့ ထွက်သွားလျှင် ဆရာယွန်က ပြောသည်။ သူ၏အမူအရာက အေးစက်နေသည်… “မြို့တော်ဝန် လက်အောက်က လူတွေကတောင် ဒီလို ပြုမူနေပြီ… သူတို့က ထိပ်သီးကျောင်း သုံးကျောင်းကို သိပ်အလေးအနက် မထားကြတော့တဲ့ပုံပဲ…”

“ဒါက ကျိုက်ရှင်း အိမ်တော်ရဲ့ လွှမ်းမိုးမှုကြောင့်ပဲ မလား…” ရီဖူရှင်းက မေးသည်။ သူက ယွန်ယွဲ့မြို့မှ အချိန်များအား ပြန်လည် သတိရမိသည်။ ဝမ်မိသားစုက ထိုအချိန်က ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များကို အလွန်ရိုသေ လေးစားခဲ့ကြသည်။ သို့သော်လည်း ထိုစဉ် အချိန်တုန်းက ယွန်ယွဲ့မြို့ကား အလွန် အားနည်းသောကြောင့် ဖြစ်သည်။ ယခု ရွှယ်ထျန်းမြို့မူကား ကျိုက်ရှင်း အိမ်တော်ကဲ့သို့သော ကိုယ်ပိုင် အင်အားကြီး အဖွဲ့အစည်းရှိရာ သူတို့ကလည်း တခြား အင်အားစုများအား အလွယ်တကူ အထင်ကြီး လေးစားမည် မဟုတ်ပေ။

“ဟုတ်တယ်…” ဆရာယွန်က ခေါင်းညိတ်သည်… “ကျိုက်ရှင်း အိမ်တော်ရဲ့ နောက်ခံမရှိရင် သူတို့က ဒီလို ပြုမူရဲမှာ မဟုတ်ဘူး…”

ရီဖူရှင်းက ရယ်မောကာ ထရပ်သည်… “ဆရာယွန်… ကျွန်တော်က ဒီကိစ္စတွေကို ခင်ဗျားကို လွှဲပေးလို့ ရမလား… ကျုပ်ကို ကူညီပေးပါဦး…”

“သေချာတာပေါ့…” ဆရာယွန်က ခေါင်းညိတ်သည်။

ရှဲယွန်ဖုန်းနှင့် ရှဲချိန်လင်တို့ တည်းခိုခန်းမှ ထွက်ခွာ လာကြသည်။ ရှဲယွန်ဖုန်း၏ မျက်နှာတွင် အေးစက်သော အပြုံးတစ်ခုကို တွေ့ရ၏။

“ထိပ်သီးကျောင်း သုံးကျောင်းက သားတော် ရှိတယ် မကြားမိပါဘူး… ဒီနှစ်မှ အဲဒီနေရာကို ပေးအပ်ခဲ့တာလား…” ရှဲယွန်လင်က မေးသည်။

“ဖြစ်နိုင်တယ်… ကြယ်မင်းကျောင်းက သားတော်ကတော့ တော်တော် မောက်မာတယ်…” ရှဲယွန်ဖုန်းက ရယ်သည်… “ငါတို့ကို စကားတောင် ကောင်းကောင်း မပြောဘဲ ပြန်လွှတ်တယ်…”

“သူက ထိပ်သီးကျောင်း သုံးကျောင်းရဲ့ တပည့် ဆိုတော့လည်း … သားတော် အနေနဲ့ ချီးမြှင့်ခံရတယ် ဆိုတော့ သူက တော်တော်တော့ ပါရမီမြင့်ပုံရတယ်…” ရှဲချိန်လင်က ခန့်မှန်းသည်။

“သူ့လို ငယ်ရွယ်တဲ့ သားတော်က… ကြယ်မင်းကျောင်းက ဘာတွေ စဉ်းစားနေတာလဲ… လူတွေကရော တကယ်ပဲ လက်ခံကြလား…” ရှဲယွန်ဖုန်းက မေးခွန်းထုတ်သည်… “ပါရမီဆိုတာနဲ့ပဲ သားတော်ဘွဲ့က ရသွားရောလား…” သူက ဆက်ပြောသည်။

ပုံမှန်အားဖြင့် ရှဲယွန်ဖုန်းက ထိပ်သီးကျောင်း သုံးကျောင်း၏ ဆုံးဖြတ်ချက်ကို သံသယ မဝင်ပေ။ ထိုလူများကလည်း အရူးများ မဟုတ်ကြပေ။

“ဒါကို ဘယ်သူက ဂရုစိုက်လို့လဲ… ငါတို့မှာ ကိုယ်ပိုင် ယုံကြည်မှုနဲ့ အမှတ်အသား ရှိတာပဲကို…” ရှဲယန်ဖန်းက အဝေးမှ တောင်ကုန်းကြီး တစ်ခုကို ကြည့်သည်။ သူတို့၏ ယုံကြည်မှုက ကျိုက်ရှင်း အိမ်တော်တွင် ရှိသည်။

ယနေ့ ရွှယ်ထျန်းမြို့မှ လူငယ် မျိုးဆက်များတွင် သူတို့ မျှော်ကြည့်ရမည့် ကိုယ်ပိုင် လေးစား အားကျရသော သူရဲကောင်းများ ရှိကြပေသည်။ အထူးသဖြင့် ကျိုက်ရှင်း အိမ်တော်မှ ပါရမီရှင် နှစ်ယောက် ဖြစ်သည်။ တစ်ယောက်ကား မြေရိုင်းဒေသ ကျုံကျိုးမြို့မှ  တော်ဝင် ကျဲနန်းတော်ကို လေ့ကျင့်ရန် ဝင်ရောက်သွားပြီး ဖြစ်သည်။ ထိုကြီးမြတ်မှုနှင့် ယှဉ်လျှင် ထိပ်သီးကျောင်း သုံးကျောင်းက ဘာမှ မဟုတ်ပေ။ တော်ဝင် ကျဲနန်းတော်ကား မြေရိုင်းဒေသ တစ်ခုလုံး၏ အကောင်းဆုံး လေ့ကျင့်ရာ ကောင်းကင်ဘုံ ဖြစ်ပေသည်။

“တခြား ဧည့်သည်တွေလည်း ရောက်လာကြပြီ… ငါတို့ သွားကြည့်သင့်တယ်… သူရိယ နေမင်းကျောင်နဲ့ စန္ဒာငွေလမင်း ကျောင်းတို့ကလည်း သားတော် မရှိဘူးဆို မပြောနိုင်ဘူး…” ရှဲချိန်လင်က ပြောသည်။ သို့သော် သူမက သည်ကိစ္စကို သိပ်အလေးအနက် ထားသည် မဟုတ်။ သူမတို့၏ ယုံကြည်မှုက သတ်သတ် ဖြစ်သည် မဟုတ်ပါလား။

နောက်တစ်နေ့ နံနက်တွင် ရွှယ်ထျန်းမြို့မှ အရေးပါသော လူများက တစ်နေရာတည်းတွင် စတင် စုစည်း လာနေကြသည်။

ရွှယ်ထျန်းမြို့ အပြင်ဘက်တွင် တောင်တန်းကြီးတစ်ခု လဲလျောင်းနေသည်။ ခေါင်းမော့ကာ ကြည့်လျှင် တောင်တန်းကြီးပေါ်တွင် အစီအရီ ဆောက်လုပ်ထားသော နန်းတော်များအား ခမ်းနား ကြီးကျယ်စွာ မြင်ရသည်။ ထိုအဆောက်အဦများ တည်နေရာကား ကျိုက်ရှင်း အိမ်တော်ပင် ဖြစ်ပေသည်။

တောင်ခြေအား စွမ်းအားမြင့် တန်ခိုးရှင်များက စောင့်ကြပ် နေကြသည်။ တောင်ပေါ်ကို သွားနိုင်သော လှေကားထစ်က တစ်ခုတည်းသာ ရှိသည်။ ယခုတွင်ကား နေရာဒေသ အသီးသီးမှ ရောက်လာသော စွမ်းအားမြင့် တန်ခိုးရှင်များက လှေကားခြေရင်းတွင် စုစည်း နေကြသည်။

“အဲဒါ သူရိယနေမင်း ကျောင်းက လူတွေပဲ…”

“အဲဒါက စန္ဒာငွေလမင်း ကျောင်းက လူတွေပဲ…”

“ကြယ်မင်းကျောင်းက ဧည့်သည်တွေလည်း ရောက်လာပြီ…” ရီဖူရှင်းတို့ အုပ်စုကို မြင်သည်တွင် တစ်ယောက်က ပြောသည်။

ထိပ်သီးကျောင်း သုံးကျောင်းက ပုံမှန်အားဖြင့် လူအများ၏ အာရုံစိုက်မှုကို ရရှိသည်။

“အဲဒါက ကောင်းကင်ဘုံကျောင်းက လူတွေပဲ…” တစ်ယောက်က ပြောသည်။ လူတစ်စုက အားကောင်းသော အရှိန်အဝါများဖြင့် ကောင်းကင်မှ​ ကျဆင်း လာကြသည်။

“ဇာမဏီကျောင်းက လူတွေလည်း ရောက်လာကြပြီ…” နောက်တစ်နေရာမှ အလွန်လှပသော မိန်းမပျိုများ ဆင်းသက် လာကြသည်။

“ရွှယ်ယွန်တောင်က လူတွေနဲ့ ချိန်လိုင် တရားရေးရာ အိမ်တော်…” လူအုပ်က အချင်းချင်း တီးတိုး ပြောကြသည်။ ထိုအုပ်စုများက ထိပ်သီးကျောင်း သုံးကျောင်းလောက် အင်အား ကြီးမားခြင်း မရှိသော်လည်း သူတို့က သည်နယ်ပယ်ဝန်းကျင်မှ အင်အားကြီးကလန်များ ဖြစ်ကြသည်။ ထိုကလန်များအပြင် တခြား မိသားစုများကလည်း လာရောက် ဂုဏ်ပြု တက်ရောက်ကြသည်။

ယခုကား တခြားအုပ်စုများမှ စွမ်းအားမြင့် တန်ခိုးရှင်များကပင် ထိပ်သီးကျောင်း သုံးကျောင်းဘက်ကို ရံဖန်ရံခါလှမ်းကြည့်ကြသည်။ တချို့၏ အကြည့်များက လေးစား အားကျခြင်းများ ရှိနေကာ တချို့၏ မျက်လုံးများက ပြိုင်ဆိုင်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်နေသည်။ သို့သော် ရီဖူရှင်းက ထိုလူများ၏ အပြုအမူများ သဘောထားများ အားလုံးကို လျစ်လျူရှုထားသည်။ သူ၏ စိတ်ထဲတွင်ကား တစ်ခုတည်းသာ ရှိသည်။

ကျိုက်ရှင်း အိမ်တော်မှ ရတနာကို သူက မည်သို့ ရအောင် ယူရမည်နည်း။

***

Comment

Leave a Reply

Options

not work with dark mode
Reset