“အစ်ကိုသုံးက ဘာလုပ်ခဲ့တာလဲ…” ရွှီယီက ဆရာယွန်နှင့် ရီဖူရှင်းတို့ စကားကို ကြားကာ မေးသည်။
“ကျွန်တော်က အစ်ကိုသုံးကို မြေရိုင်းဒေသရဲ့ မြို့ငယ်လေး တစ်မြို့မှာ သွားတွေ့တယ်… သူက ထိပ်သီးကျောင်း သုံးကျောင်းက စောင့်ကြည့်နေတဲ့ နဂါးမြက်ကို လုယူဖို့ ကြိုးစားနေတယ်… ဒါနဲ့ ကျွန်တော်က ရုပ်ဖျက်ပြီးတော့ နဂါးမြက်ကို အစ်ကိုသုံးနဲ့အတူ ခိုးခဲ့တယ်…” ရီဖူရှင်းက ပြုံးလျက် ပြန်ပြောသည်…” အကယ်၍ သာမန်တပည့် တစ်ယောက်က ထိုစကားကို ပြောပါက ကြောက်မက်ဖွယ် ကောင်းသော အဆုံးသတ်နှင့် ကြုံရနိုင်သော်လည်း ယခုကား ရီဖူရှင်းက ကြယ်မင်းကျောင်း၏ သားတော်ဖြစ်ကာ ထိုစကားကို ရယ်သွမ်းသွေး၍ ပြောနိုင်သည်။ ဆရာယွန်ကဲ့သို့ အဆင့်မြင့် နိုဘယ်များက မကျေမနပ် ဖြစ်သည့်တိုင် ဘာမှ လုပ်မရပေ။ နဂါးမြက်အပြင် လျှို့ဝှက်ဘုံကလည်း သူ့ကြောင့် ပြိုလဲခဲ့ရသည်။
ရွှီယီနှင့် လျိုဖန်းတို့က မယုံကြည်ခြင်း များစွာဖြင့် မျက်လုံးများ ပြူးကျယ် သွားကြသည်။
“အစ်ကိုတို့… ခင်ဗျားတို့က ဒီမှာ နေပြီး လေ့ကျင့်ချင်လား…” ရီဖူရှင်းက မေးသည်။ အလွန်ဝေးကွာသော အရပ်တွင် ပြန်လည် တွေ့ဆုံခြင်းက သူ့အား လွန်စွာ ပျော်ရွှင်စေသည်။ သူ၏အစ်ကိုများက ဉာဏ်များလွန်း လှသော်လည်း သူ့အပေါ် ကောင်းကောင်း ဆက်ဆံကြပေသည်။
“သားတော်နေရာလည်း မရှိတော့ဘူး… ဒီမှာ ဘာလို့ နေရမှာလဲ…” လျိုဖန်းက မလိုလားစွာ ပြောသည်။ သည်ကောင်က သားတော် ဖြစ်သွားရာ သူတို့အား ဘေးတွင် နေခိုင်းခြင်းက ကောင်းသော အကြံတော့ ဟုတ်ဟန်မကျ။ သူတို့က အောက်ကျတော့ မခံပေ။
“ကောင်းပြီ…” ရီဖူရှင်းကလည်း သဘောတူသည်။ ထိပ်သီးကျောင်း သုံးကျောင်း၏ သာမန်တပည့်များ အဖြစ် သူ၏အစ်ကိုများက နေလိုမည် မဟုတ်ပေ။
“ဒါဆို အစ်ကိုတို့မှာ တခြား အကြံတွေ ရှိသေးလား…” ရီဖူရှင်းက ဆက်မေးသည်။
“မိုးမြေကောင်းကင်မြို့မှာ မင်းနာမည်ကို ငါတို့ ကြားတာနဲ့ နတ်ဗိမာန် အိမ်တော်မှာ မင်းကို သွားရှာကြသေးတယ်… အခု မင်းက ဒီလောက် အဆင့်မြင့်တဲ့ နေရာကို ရထားပြီဆိုတော့ ငါတို့ စိတ်အေးပြီ…” လျိုဖန်းက ရီဖူရှင်း၏ပခုံးကို အသာပုတ်ကာ ပြောသည်… “အခု ငါတို့ အစ်မနှစ်ဆီကို သွားလည်လို့ ရပြီ…”
“အစ်ကိုတွေက ကျွန်တော့်ကို ဂရုစိုက်ကြတာပဲ…” ရီဖူရှင်းက ဆွံ့အစွာဖြင့် လျိုဖန်းကို ကြည့်သည်။ ထင်သည့်အတိုင်းပင် သူ့အား အစ်မနှစ်က ကော့တေးတွင် ကောင်းကောင်း ဆုံးမထားသော်လည်း လျိုဖန်းက သူ၏အစ်မနှစ်ကို အမှန် သတိရဟန် တူသည်။
“သေချာတာပေါ့…” လျိုဖန်းက လေးနက်စွာ ပြောသည်… “မင်းက ဂျီယူကို တစ်ခုခု ပြောချင်သေးလား…”
“ ကျွန်တော် အဆင်ပြေတယ်လို့ပဲ ဂျီယူကို ပြောပေးပါ…” ရီဖူရှင်းက တောက်ပစွာ ပြုံးလိုက်သည်။
“မင်းက ဘယ်တော့ ဟိုကို သွားမလဲ…” ယိရှောင်ရှီက မေးသည်။
“နိုဘယ်အဆင့်ကို ရောက်တဲ့အခါ…” ရီဖူရှင်းက ပြောသည်… “အစ်ကိုခုနစ်… ခင်ဗျားက အခု နိုဘယ်အဆင့်ကို ရောက်နေလောက်ပြီ…”
“သေချာတာပေါ့…” ဝတုတ်က နောက် ခေါင်းမော့ နိုင်တော့သည်။
“ဒါဆို အစ်ကိုခုနစ်က မြန်မြန် လေ့ကျင့်ဖို့တော့ လိုလိမ့်မယ်… မဟုတ်ရင် နောက်ဆို ကျုပ်ကို နိုင်တော့မှာ မဟုတ်ဘူး…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။ ဝတုတ်က သူ့ကို ဒေါသတကြီး ကြည့်ကာ အမှန်ပင် ရိုက်ပစ်ချင်သည်။
“အစ်ကိုလေး… ဆရာနဲ့ ဆရာကတော်ရော… ဘယ်လိုလဲ…” ရီဖူရှင်းက မေးသည်။
“သူတို့က စာအုပ်တောင်မှာ နေတယ်… ဘယ်သူက သူတို့ကို ထိရဲမှာလဲ…” ရွှီယီက မေးသည်။
“ချိန်ချန်ကရော…” ယူချင်းက မေးသည်။
“စိတ်အေးအေးထား… သူမကလည်း ကျောင်းတော်မှာ လေ့ကျင့်နေတယ်…” ရွှီယီက ခေါင်းညိတ်ကာ ပြောသည်တွင် ရီဝူချင်းကလည်း သူ့ကို ကြည့်နေသည်ကို မြင်သည်။ ရီဝူချင်းက သူ့ကို တစ်ခုခု မေးလိုသည့်ဟန်ကို မြင်ကာ ပြောသည်… “လျိုချန်းယွီလည်း အတူတူပဲ… ကျောင်းတော်မှာ လေ့ကျင့်နေတယ်… ဒါပေမဲ့ တစ်ခါတလေ သူမက တစ်နေရာမှာ သီးခြား နေနေပြီး အဝေးကို ကြည့်နေတတ်တယ်… မင်းရဲ့ တန်ခိုးအဆင့် မြင့်လာတဲ့အခါ အခွင့်အရေးရရင် သွားကြည့်သင့်တယ်…”
“ကောင်းပြီ…” ရီဝူချင်းက ခေါင်းညိတ်သည်။ သူက ရင်ထဲ သိပ်မကောင်း…။
“ငါတို့ သွားတော့မယ်…” လျိုဖန်းက ပြောသည်။
“အခုလား…” ရီဖူရှင်းက မှင်တက်သွားသည်… “အစ်ကိုတို့က မိုးမြေ ကောင်းကင်မြို့မှာ ရက်နည်းနည်းလောက် ကျွန်တော့်ကို အဖော် မလုပ်ပေးချင်ဘူးလား…”
“မင်းကို အဖော်ပြုရမယ် ဟုတ်လား…” လျိုဖန်းက ရီဖူရှင်းကို သဘောမကျစွာ ကြည့်သည်။
“ဒါက ဘယ်လို အကြည့်မျိုးလဲဟ…” ရီဖူရှင်းက လျိုဖန်း၏ အမူအရာကို မြင်ကာ စိတ်ပျက်သွားသည်။
“ငါတို့သွားပြီ… ကိုယ့်ဘာသာ ဂရုစိုက်…” လျိုဖန်းက နောက်လှည့်ကာ ထွက်သွားသည်။ သည်ကောင်ကား အစ်မနှစ်လည်း မဟုတ်…။ အဘယ်ကြောင့် သူ့ကို အဖော် လုပ်ရမည်နည်း။
“ဂရုစိုက်… မဟုတ်ရင် နှင်ထုတ်ခံရလိမ့်မယ်…” ရီဖူရှင်းက သူ့ကို အော်လိုက်သည်။
“ငါတို့က သူမကို သွားတောင်းရမ်းမယ့် အစ်ကိုသုံးလည်း မဟုတ်ဘူး… ငါတို့က နှင်ထုတ်ခံရစရာကို မရှိတာ…” လျိုဖန်းက လက်ဝှေ့ယမ်းသည်။ ရွှီယီနှင့် ယိရှောင်ရှီတို့လည်း ထွက်သွားကြသည်။ ရီဖူရှင်းက သူတို့၏ နောက်ကျောကို ကြည့်ကာ ပြုံးသည်… “အစ်ကိုလေး… အစ်ကိုငါး… အစ်ကိုခုနစ်… ဂရုစိုက်ပါ…”
“ကောင်းကင်က လွတ်လပ်တဲ့ ငှက်တွေ အတွက်ပဲ…” လျိုဖန်းကား အချုပ်အနှောင် ကင်းမဲ့သည်။ မြေရိုင်းဒေသကား အလွန် ကျယ်ပြောသည်။ သူက သွားလိုသော နေရာကို သွားနိုင်၏။ သူ၏ အစ်မနှစ်ကို မြင်တွေ့ပြီးနောက် သူက ဆက်လက်၍ ခရီးနှင် ရပေဦးမည်။
ရီဖူရှင်းက ပြုံးလိုက်သည်။ သူ၏ အစ်ကိုများကား ကော့တေးတွင် အလွန် ထိန်းချုပ် ကွပ်ကဲခံခဲ့ရသည်။ သူတို့၏ လွပ်လပ်မှုကို ခုံမင်သော စိတ်နေ သဘောထားများအရ သူတို့က ယခင်ကတည်းက ထွက်သွားကြပြီး ဖြစ်ပေမည်။ ယခု သူတို့က အရှေ့မြေရိုင်း ဒေသမှ ကိစ္စရပ်များကို စိတ်ပူပင်စရာ မလိုတော့ရာ အကန့်အသတ်မဲ့ သွားလာ နိုင်ပေတော့မည်။
ထိုသို့သော စိတ်နေ စိတ်ထားကား အလွန် ကောင်းမွန်လှသည်။
ရီဖူရှင်းက နောက်လှည့်ကာ ကြယ်မင်းကျောင်း ဘက်သို့ လျှောက်သွားသည်။ ယူချင်း၊ ရီဝူချင်းနှင့် လို့လန်ရွှီတို့က သူ့နောက်မှ လိုက်ပါ သွားကြသည်။ သူ၏ပုဂ္ဂိုလ်ရေး ကိစ္စများကို ပြောဆိုပြီးနောက် ကျောင်းအုပ်ထံ သွားရပေဦးမည်။
ရီဖူရှင်း ရောက်သွားလျှင် ရှေးဟောင်း နန်းတော်ထဲမှ ရီဖူရှင်းက အသံတစ်သံ ကြားလိုက်ရသည်…“ဝင်လာခဲ့… မင်းက နောက်ဆို အပြင်မှာ စောင့်နေစရာ မလိုဘူး…”
“ဟုတ်ကဲ့…” ရီဖူရှင်း၏ ခြေလှမ်းများက အထဲကို ဦးတည်လိုက်စဉ် နောက်ထပ် အသံတစ်သံကို ကြားရသည်… “သားတော်အတွက် နေစရာ နေရာ စီစဉ်လိုက်ဟေ့… သူ့ကို နေရာချပေးဖို့လည်း လုပ်ပေးလိုက်…”
“နားလည်ပါပြီ…” အပြင်မှ အစေခံက နန်းတော်ထဲမှ အမိန့်ကို နာခံကာ ထွက်သွားသည်။
ရီဖူရှင်းက ရှေးဟောင်း နန်းတော်ထဲကို ရောက်လျှင် သူက အတွင်း၌ ကြယ်တာရာ သီးသန့်နယ် တစ်ခုကို မြင်သည်။ ရှေးဟောင်း နန်းတော်၏အပေါ် လေထဲတွင်ကား ရှေးဟောင်း ပုရပိုက်တစ်စောင် ပေါလောပေါ်နေသည်။ ထိုအရာက ကြယ်မင်းကျောင်း၏ ရတနာပုရပိုက် ဖြစ်သည်။ ကြယ်မင်းကျောင်း ရတနာပုရပိုက်ထံမှ ကြယ်တာရာ ရောင်စဉ်များ လင်းလက်နေသည်။
“ဒါက ကြယ်မင်းကျောင်းရဲ့ မျိုးရိုးစဉ်ဆက် အမွေဖြစ်တဲ့ ကြယ်တာရာ ပုရပိုက်ပဲ… အထဲမှာ လျှို့ဝှက် မှော်စွမ်းရည်တွေနဲ့ နည်းစနစ်တွေ အများကြီးပါတယ်… မင်းက မင်းခန္ဓာကိုယ်မှာ ရှိတဲ့ ကောင်းကင် အလင်းကို သုံးပြီး ရတနာ ပုရပိုက်ထဲက ပညာရပ်တွေကို လေ့လာ ဆင်ခြင်လို့ရတယ်…” ကျောင်းအုပ်က ရီဖူရှင်းကို ပြောသည်။
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သားတော်အဖြစ် ချီးမြှောက်ခံရကာ ကြယ်မင်းကျောင်းသို့ ဝင်ရောက်ပြီး ကြယ်မင်းကျောင်း၏လျှို့ဝှက် ပညာရပ်များကို သင်ယူခွင့်ရခြင်းက တခြား ကြယ်မင်းကျောင်းသားများ အတွက် အိပ်မက်အဆင့်တွင်သာ ရှိသည်။
“မင်း တန်ခိုးကျင့်တာ ပြီးသွားရင် ငါက မင်းရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို တိုးတက်စေဖို့ တခြားနည်းလမ်းတွေ စဉ်းစားထားတာ ရှိတယ်… အခုတော့ ဘာကိုမှ မစိုးရိမ်ဘဲ လေ့ကျင့်လို့ရတယ်…” ကျောင်းအုပ်က သူ့အား ထပ်မံ၍ သတိပေးကာ ရှေးဟောင်း နန်းတော်ထဲမှ ထွက်သွားသည်။
တော်ဝင် အလင်းတန်းများက ဟိုမှသည် လင်းလက်နေကြကာ နန်းတော်ထဲမှ ကြယ်တာရာများနှင့် ပေါင်းစပ်နေကြသည်။ သူ၏ မျက်လုံးကို မှိတ်ကာ သူ၏ စိတ်ဝိညာဉ်အား ကြယ်တာရာ သီးသန့်နယ်နှင့် စတင် ပေါင်းစပ်ရန် ကြိုးစားလိုက်သည်။
ထို့နောက်တွင် သူ၏ခေါင်းထဲ၌ များစွာသော ပုံရိပ်များ….
ကြယ်တာရာများ အကြား၌ ထူးခြား ဆန်းကြယ်သော နည်းစနစ်များ…
ဧရာမ ကြယ်တစ်စင်းဖြင့် လုံးဝဥဿုံခုခံနိုင်စွမ်း ဖြစ်စေခြင်း…
သိသာစွာပင် သည်နည်းစနစ်က အလွန်အမင်း အားကောင်းသည်။ နောက်ထပ် ပုံရိပ်တစ်ခုတွင် ကြယ်တာရာ ကလေးများ စုပေါင်းကာ ကြောက်မက်ဖွယ် စွမ်းအားအဖြစ် ထုတ်သုံးနိုင်သော နည်းစနစ်ကိုလည်း တွေ့ရသည်။ ထို့နောက် ဥက္ကာပျံများမှ မြေဆွဲအားကို ထုတ်လွှတ်ခြင်း၊ ရန်သူကို ဖမ်းချုပ်ခြင်းများ စသော တိုက်ခိုက်ရေး ပညာရပ်များ အများအပြားကို သူမြင်ရသည်။
ရီဖူရှင်းအတွက် အမှန်ပင် မျက်စိပွင့် နားပွင့် ဖြစ်ရသည်။ ကြယ်တာရာ စွမ်းအားက မြေဓာတ်ကို အခြေခံသည်။ သို့သော် စွမ်းအားမြင့် ကြယ်တာရာ နည်းစနစ်များတွင် တခြား ဓာတ်သဘာဝများလည်း ကိန်းအောင်းနေသည်။ မှန်သည်… သည်ပညာရပ်များကို ဖန်တီးခဲ့သူကား သူ တွေးထင်သလောက် ရိုးရှင်းပုံမရ။
ရှီတန်ခိုးရှင်များက လောကနိယာမ တရားများကို လေ့လာ ဆင်ခြင်နိုင်စွမ်း ရှိကြသည်။ ရှန့်ထိုများက တာအိုကို ဦးဆောင်သူများ ဖြစ်ကြ၏။ ရှိန့်ထိုတန်ခိုးရှင်က ကောင်းကင်မှ ကြယ်တာရာများ၏ သဘာဝကို နားလည်ခြင်းအား အုတ်မြစ်အဖြစ် အသုံးပြုကာ များစွာသော ကြယ်တာရာ ပညာရပ်များကို ဖန်တီးခဲ့ပုံရသည်။
လက်ရှိ သူ၏အဆင့်ဖြင့် ဤထူးဆန်းသော စွမ်းအားကို ခံစားရုံမျှသာ တတ်နိုင်သည်။ နားလည်မှု အဆင့်ကို ပြောမည် ဆိုပါက သူက အခြေခံမျှသာ အသုံးပြုနိုင်စွမ်း ရှိသည်ဟု ပြောရမည်။
ရီဖူရှင်းကား သူ၏လေ့ကျင့်ခြင်းတွင် စိတ်နှစ်ထားကာ ကြယ်တာရာ သီးသန့်နယ်တွင် ရှီတန်ခိုးရှင်၏ တာအို သဘောတရားများကို နားလည် ဆင်ခြင်ခြင်းဖြင့် အချိန်များ ကုန်ဆုံးလျက် ရှိသည်။
***
ရီဖူရှင်းအား သားတော်ဘွဲ့ အပ်နှင်းပြီးနောက် မိုးမြေကောင်းကင် မြို့က အတန်ကြာ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သည်။ ယခုကား ရီဖူရှင်း၏နာမည်ကို မိုးမြေကောင်းကင်မြို့၌ မသိသူ မရှိတော့။ ရီဖူရှင်းက လောင်ရီထျန်း ကဲ့သို့သော လူဖြစ်လာမည်လား ဟူသော မေးခွန်းက စကားဝိုင်းတိုင်းတွင် ပါသည်။
မည်သို့ဆိုစေ ရီဖူရှင်းက လောင်ရီထျန်းထက် ကောင်းမွန်သော ပါရမီကို ပြသခဲ့သည်။ သို့သော် ပါရမီတစ်ခုတည်းက အောင်မြင်မှု၏ အချုပ်မဟုတ်ပေ။ ကံ၊ ဉာဏ်၊ ဝီရိယတို့ကလည်း အစိတ်အပိုင်းတစ်ခု အနေဖြင့် ပါသည်။ သို့သော်လည်း ရီဖူရှင်းက သားတော်ဘွဲ့ထူးကို ချီးမြှင့်ခံရခြင်းက သူ၏ကံကလည်း အလွန် အားကောင်းသည်ကို သိနိုင်သည်။ အချိန်ကသာ အကောင်းဆုံး အဆုံးအဖြတ် ဖြစ်ပေလိမ့်မည်။
ကြယ်မင်းကျောင်းကလည်း သည်အတောအတွင်း ငြိမ်းချမ်းသည်တော့ မဟုတ်။ ကျင်းမိသားစုက ကြယ်မင်းကျောင်းအုပ်၏ အပြုအမူကို သဘောမကျ ဖြစ်ရသည်။ ကျောင်းအုပ်က သူတို့အား ဘာမှ အသိပေးခြင်း မရှိဘဲ ရီဖူရှင်းကို အခမ်းအနားဖြင့် သားတော်ဘွဲ့ ချီးမြှင့်ခဲ့သည်။ ထို့အပြင် သူ့အား နဂါးကလန်နှင့် ကုကလန်တို့က ထောက်ပံ့ပေးထားခဲ့ရာ သူတို့က မကျေနပ်သည့်တိုင် ဘာမှ လုပ်၍ မရကြပေ။
အချိန်တစ်လခန့် ကြာမြင့်သွားပြီးနောက် ရီဖူရှင်းက သူ၏ စွမ်းအင်များက မြန်ဆန်စွာ တိုးတက် လာနေသည်ဟု ခံစားရသည်။ သူ၏ ကာယနှင့်ဉာဏ စွမ်းအားတို့က အလွန် အားကောင်းလာကာ အဆင့်တက်ရန် နီးစပ်လာသည်ဟု ခံစားနေရသည်။ သူက လျှို့ဝှက်ဘုံမှ ထွက်လာစဉ်က အကာနာအဆင့် ငါးကို တက်ရောက်ခဲ့သည်။ ယခု သူက နောက်တစ်ဆင့်တက်ရန် နီးစပ်လာရာ နိုဘယ်အဆင့်က မဝေးတော့ဟု သူခံစားရသည်။
ရီဖူရှင်းက သူ၏ တန်ခိုးကျင့်ခြင်းကို အဆုံးသတ်ပြီး နန်းတော် အပြင်ဘက်ကို ထွက်လာသည်တွင် သူ့ရှေ့၌ ကျောင်းအုပ်ချန်း ပေါ်လာသည်။ ကျောင်းအုပ်ချန်းက သူ့ကို ကြည့်ကာ ပြောသည်… “မင်းရဲ့ နှင်တံနည်းစနစ်က အရမ်း အားကောင်းတယ်… ဒီပညာက အရမ်းထူးခြား ထက်မြက်တဲ့လူ တစ်ယောက်က သင်ပေးခဲ့တာ ဖြစ်ရမယ်…”
“ဟုတ်တယ်… ” ရီဖူရှင်းက ခေါင်းညိတ်သည်။
“မင်းရဲ့ လက်နက်ကို ကြည့်ရအောင်…” ချန်းယွန်က မေးသည်။
ရီဖူရှင်းက သူ၏ဓာတ်ငါးမျိုး နှင်တံကို ထုတ်ယူလိုက်သည်တွင် ချန်းယွန်က သူ၏လက်ဖြင့် ကိုင်ကာ ဆသည်… “ဒါက သိပ်မဆိုးဘူး ဆိုပေမဲ့ လက်နက်က အသက်မဲ့နေသလိုပဲ… မင်းနဲ့ သိပ်မလိုက်ဘူး… မင်းက နောက်တစ်ခု သွားယူသင့်တယ်…”
“ဟမ်…” ရီဖူရှင်းက ကျောင်းအုပ် ချန်းယွန်ကို ကြည့်သည်။
“မြေရိုင်းဒေသ အရှေ့ဘက် နယ်ထဲမှာပဲ ကျုံးကျိုးမြို့ အနားမှာ ရွှယ်ထျန်းမြို့ ရှိတယ်… မြို့အပြင်ဘက် တောင်ကုန်းပေါ်မှာ အရမ်းအားကောင်းတဲ့ ကလန်တစ်ခုဖြစ်တဲ့ ကျိုက်ရှင်းကလန် ဆိုတာ ရှိတယ်…” ချန်းယွန်က ရီဖူရှင်းကို ကြည့်ကာ ဆက်ပြောသည်… “သိပ်မကြာခင် ကျိုက်ရှင်းကလန် ခေါင်းဆောင်ရဲ့ မွေးနေ့ ရောက်တော့မယ်… မင်းက ကြယ်မင်းကျောင်းကို ကိုယ်စားပြုပြီး မွေးနေ့ပွဲကို တက်ရောက်ရမယ်… အဓိက ဒီခရီးရဲ့ ရည်ရွယ်ချက်ကတော့ ကျိုက်ရှင်း အိမ်တော်ရဲ့ ရတနာဖြစ်တဲ့ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ရယူဖို့ပဲ…”
ရီဖူရှင်းက မှင်တက်သွားကာ အဘိုးအိုကို ဆွံ့အစွာ ပြောသည်… “ကျိုက်ရှင်းကလန်ရဲ့ ရတနာကို ကျွန်တော့်ကို ဘယ်လိုလုပ် သူတို့က ထုတ်ပေးမှာလဲ… သူတို့က ကြယ်မင်းကျောင်းက တောင်မှ သွားပြီး ဂုဏ်ပြုတက်ရောက် ပေးရတယ် ဆိုတော့ သူတို့ကလည်း အင်အားကြီး ကလန်တစ်ခုပဲ… သူတို့ကလန်ရဲ့ ရတနာကို ယူဖို့ဆိုတာက…”
“မင်းက ကြယ်မင်းကျောင်းရဲ သားတော်ပဲ… ဘာမလုပ်နိုင်တာ ရှိရမလဲ…” ချန်းယွန်က ထူးမခြားနားစွာ ပြောသည်… “ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံက ကောင်းကင်ဘုံ ကိုးဆင့်က ကျဆင်းလာတဲ့ သတ္တုခဲကို သုံးပြီး သွန်းလုပ်ထားတာ… သူ့ရဲ့ အလေးချိန်က ဂျင်ကိုးသောင်း ရှိတယ်… မင်းက အဲဒီနှင်တံကို သုံးနိုင်ရင် သူ့အလေးချိန် သတ်သတ်နဲ့ လူတွေ အများကြီးကို ဖိသတ်လို့ရတယ်… သူ့နာမည်ကလည်း ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံဆိုတော့ မင်းနဲ့ ကောင်းကောင်း လိုက်ဖက်တယ်…”
“ဂျင်ကိုးသောင်း…” ရီဖူရှင်း ထုံထိုင်းသွားသလို ခံစားရသည်။ သိုင်းပညာရှင်များက ကာယစွမ်းအင်အား ကောင်းသော်လည်း သိုင်းပညာနှင့် မှော်ပညာ နှစ်ခုလုံးကို လေ့လာသော သူကား အလွန် အားကောင်းသော ကာယခန္ဓာကို ပိုင်ဆိုင်သည်။ သို့သော် ဂျင်ကိုးသောင်းကို မရန်ကား စိတ်ကူး၍ပင် မရပေ။
“သွားပြင်ဆင် ထားလိုက်… မနက်ဖြန် သွားတော့… ဒီတစ်ခါ သွားမှာက ကြယ်မင်းကျောင်း တစ်ခုတည်း မဟုတ်ဘူး…” ကျောင်းအုပ်က ထိုသို့ပြောကာ နန်းတော်ထဲကို ဝင်သွားသည်။ ရီဖူရှင်းက မသက်မသာ ခေါင်းယမ်းသည်။ ကျောင်းအုပ်က သူ့အား သားတော်အဖြစ် နှင်းအပ်ကာ တော်ဝင် နည်းစနစ်များအား သင်ကြားစေသည်။ ယခု သူက သိဒ္ဓိဝင် လက်နက် တစ်ခုကို သွားယူရန် ကူညီပေးဦးမည်။
သူ ယူနိုင်မည်လား ဟူသော မေးခွန်းမူကား…
***