လျိုဖန်းနှင့် ရင်ဆိုင်ရသည်တွင် ချန်းယွီတော့ ပြဿနာတက်ပြီဟု သူတွေးလိုက်သည်။ သူ၏အစ်ကို အစ်မများထဲတွင် သူ၏အစ်ကိုကြီးကား တည်ငြိမ်ကာ စွမ်းအားကြီးသည်။ သူ၏အစ်မနှစ်က နူးညံ့ ညင်သာသည်။ သူ၏အစ်ကိုသုံးက မာနကြီးသည်။ အစ်မရှင်းအာက ငယ်ရွယ်ကာ ဂရုစိုက် ကြင်နာတတ်သည်။ သို့သော် အစ်ကိုလေးရွှီယီနှင့် အစ်ကိုငါး လျိုဖန်းတို့ကား ပြဿနာကောင်များ ဖြစ်ကြသည်။ သူတို့က သဲအိတ်ကောင် ယိရှောင်ရှီနှင့်အတူ ရောက်လာသည်။
ဝတုတ်ကိုမူကား ရီဖူရှင်းက လုံးဝ လျစ်လျူရှုထားသည်။ သူ့ကား စကားထဲ ထည့်ပြောရန် အဆင့်မရှိသေးပေ။
သည်ချန်းယွီဆိုသော လူက ချန်းကလန်မှ ဖြစ်ကာ အားနည်းပုံ မရပေ။ ရွှီယီနှင့် လျိုဖန်းတို့က အစ်ကိုသုံးလောက် မထက်မြက်သည့်တိုင် သူတို့ကား ထိုအဘိုးကြီး ကိုယ်တိုင် ရွေးချယ်ကာ သင်ကြားပေးခြင်း ခံရသောသူများ ဖြစ်ကြရာ သူတို့၏ စွမ်းရည်များက အားနည်းသည်တော့ မဟုတ်။ တစ်နှစ်ခန့် သူတို့ကို မတွေ့ဘဲ နေခဲ့ရကာ ယခု ပိုမိုအားကောင်း လာမည်မှာ သေချာ၏။
လို့လန်ရွှီက လျိုဖန်းအား နှစ်ခါမျှကြည့်ကာ ဖူရှင်း၏ အစ်ကိုများက လူထူးလူဆန်းများဟု တွေးမိသည်။ တိုက်ပွဲ မစမီလေးတွင်ပင် သူက ချန်းယွီအတွက် ထောင်ချောက်ဆင်ပြီး ဖြစ်သည်။ ဦးစွာ ရှီတန်ခိုးရှင်များအား ချီးမြှောက်ကာ တိုက်ပွဲပြီးနောက် ထပ်မံ၍ ဖိအားပေး မခံရစေရန် ကြိုတင် တားဆီး ထားသည်။
“အသိဉာဏ်နည်းတဲ့ အကောင်တွေ… ထွက်သွားစမ်း…” ချန်းယွီက အေးစက်စွာ ပြောသည်။ ကြယ်မင်းကျောင်းမှ ဝင်ရောက် တားဆီး လိုသော်လည်း လျိုဖန်း၏ စိုးရိမ်ပူပန်မှု ကင်းသော ပုံစံကို မြင်သည်တွင် သူတို့က ဝင်မပါတော့ဘဲ အခြေအနေကို စောင့်ကြည့်နေသည်။
“သေချာတာပေါ့…” လျိုဖန်းက ပြုံးကာ ရှေ့ကို ထပ်တိုးသွားသည်။ သူ့အနီးမှ လူများက တိုက်ပွဲဖြစ်မည့်ဟန် ရှိသည်တွင် နောက်ဆုတ် ပေးကြသည်။ ချန်းယွီကား နိုဘယ်အဆင့်တွင် ဖြစ်ကာ ထိုအဆင့်တိုက်ပွဲက သေချာပေါက် ပြင်းထန်ပေမည်။ မကြာမီ လျိုဖန်းအနီးတွင် ရွှီယီတို့မှ လွဲ၍တခြားလူများ မရှိတော့။
အလွန် အားကောင်းသော မီးလျှံများ သူတို့ထံ ဆင်းသက် လာသည်။ ချန်းယွီ၏ မျက်လုံးများတွင် ကြောက်မက်ဖွယ် မီးအသိများ တောက်လောင်နေကာ ပတ်ဝန်းကျင် တစ်ခုလုံးက အလွန် ပူပြင်းလာနေသည်။ ချန်းယွီက လက်ကို မြှောက်လိုက်ပြီး လေထဲမှ မီးလျှံစီးကြောင်း တစ်ခုကို ဖမ်းဆုပ်လိုက်သည်တွင် သူ့လက်ထဲ၌ အလွန် အားကောင်းသော မီးတောက်လက်ဝါး ပုံရိပ်တစ်ခု ဖြစ်လာသည်။ ထိုအရာက ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းကာ လျိုဖန်းထံသို့ ကျဆင်းလာ၏။
လျိုဖန်းက သူ၏လက်ကို မြှောက်လိုက်သည်။ သူ့လက်ထဲတွင် မီးနှင်တံတစ်ချောင်း ရှိသည်။ သူက လေထဲတွင် နှင်တံအား ဝှေ့ယမ်းသည်တွင် ထိုအရာက မီးကျာပွတ် တစ်ချောင်းလိုပင် လေထဲတွင် လှပစွာ ရစ်ခွေကာ ရှေ့ကို တိုးဝင်သွားပြီး မီးလက်ဝါးကို နှစ်ခြမ်း ကွဲသွားစေသည်။
ချန်းယွီက လေထဲတွင်ပင် ရပ်ကာ လက်ကို ဝှေ့ယမ်းသည်။ မရေမတွက်နိုင်သော မီးဓာတ်စွမ်းအင် စီးကြောင်းများ ကောင်းကင်တွင် ပေါ်လာကာ သူ့ပတ်ဝန်းကျင် တစ်ခုလုံး မီးကမ္ဘာ ဖြစ်သွားသည်။
နိုဘယ်တန်ခိုးရှင် တစ်ယောက်၏ စွမ်းအင်ကား အကာနာများထက် အလွန် အားကောင်းပေသည်။
ချန်းယွီ၏လက်ချောင်းက လျိုဖန်းထံကို ညွှန်လိုက်သည်တွင် ကောင်းကင်၌ မီးတောက်ဓားများ ဖြစ်လာကာ လျိုဖန်းထံကို ကျဆင်းလာသည်။
“မီးနဲ့ ကစားချင်တယ်ပေါ့…” သူ၏နှင်တံကို ထပ်မံ ဝှေ့ယမ်းသည်တွင် မီးမုန်တိုင်း တစ်ခုက နဂါးတစ်ကောင်အလား စတင် ဖြစ်ပေါ်လာသည်။ မီးနဂါးက သူ့ထံ ရောက်လာသော မီးတောက်ဓားများ အားလုံးကို ဝါးမျိုကာ ပိုမို အားပြည့်လာပြီး ကြောက်မက်ဖွယ် ရု့န်ရင်းကြမ်းတမ်းသော အရှိန်အဝါဖြင့် ချန်းယွီထံသို့ တိုးဝင်သွားသည်။
ချန်းယွီ၏အမူအရာက သုန်မှုန်သွားသည်။ ချက်ချင်းပင် မီးနဂါးက ကြောက်မက်ဖွယ် အော်ဟစ်ကာ မီးတောက်ဓားများကို ပြန်လည် အန်ထုတ်ကာ ချန်းယွီထံသို့ ပစ်လွှတ်လိုက်သည်။
ချန်းယွီက သူ၏လက်ကို ဆန့်တန်းပြီး သူရိယမီးတောက် လက်ဝါးကို သုံးလျက် မီးတောက်ဓားများကို ချေဖျက်ရန် ကြိုးစားသည်။ သို့သော်လည်း မီးနဂါးက ထိုလက်ဝါးပုံရိပ်ကိုပင် ရစ်ခွေ ဖျက်ဆီးကာ ရှေ့ကို တိုးလာနေပြီး ချန်းယွီကို ဝါးမျိုရန် ကြိုးစားသည်။ ချန်းယွီက နောက်ကို မြန်ဆန်စွာ ဆုတ်လျှင် တဖြည်းဖြည်း သူရိယနေမင်း ကျောင်းမှ တန်ခိုးရှင်များ ထိုင်နေရာသို့ပင် ပြန်ရောက်လာသည်။ သူ၏ခန္ဓာကိုယ်တွင် ခြေသုံးချောင်း မီးငှက်ပုံရိပ် ပေါ်လာပြီး သူ့ခန္ဓာကိုယ်အား ကြောက်မက်ဖွယ် မီးဓာတ်များ စီးဆင်း သွားသည်။
ဘုန်း..
မီးနဂါးက ချန်းယွီအား ဖြတ်တိုက် သွားသည်တွင် ချန်းယွီက မျက်နှာများ ပြာနှမ်းလျက် နောက်ကို ထပ်ဆုတ်သည်။ ထိုအချိန်ကျမှ လျိုဖန်းက သူ၏တိုက်ကွက်ကို ပယ်ဖျက်လိုက်ကာ ထိုနေရာတွင်ပင် ပြုံးလျက်ရပ်သည်။
“မင်းက ကိုယ့်ဘာသာကိုယ် ပါးရိုက်တာ ပိုလွယ်မယ်လို့ ကျုပ်ထင်တယ်…” လျိုဖန်းက ပြုံးလျက်ပြောသည်။ ချန်းယွီ၏မျက်နှာက သုန်မှုန်သွားသည်။
“မင်း ဘယ်သူလဲ…” သူရိယနေမင်း ကျောင်းမှ တစ်ယောက်က မေးသည်။ လျိုဖန်းက ချန်းယွီနှင့် သာမန်ကာလျှံသာ တိုက်ခိုက်နေခြင်း ဖြစ်သော်လည်း လျိုဖန်းက ထူးခြား ကောင်းမွန်သော မီးဓာတ် ထိန်းချုပ် နိုင်စွမ်းကို ပြသခဲ့သည်။
“ထမင်းချက် တစ်ယောက်ပါပဲ… ဒီလောက် မဟုတ်ပါဘူး…” လျိုဖန်းက ပြုံးလျက် ပြန်ပြောသည်။
ချန်းယွီက သူ့ကို အေးစက်စွာ ကြည့်သည်။ သူက ထမင်းချက် တစ်ယောက်ကိုပင် အနိုင်မယူနိုင်ဟူ၍ သရော်ခြင်းလော။
“အစ်ကိုငါး… ဒါတော့ လွန်သွားပြီ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
ရီဖူရှင်း၏စကားကို ကြားကာ အားလုံးက အံ့အားသင့်ကြသည်။ ရုတ်တရက် ပေါ်လာသူကား ရီဖူရှင်း၏စီနီယာ ဖြစ်သည်။ သူက သူရိယနေမင်း ကျောင်းအား လှောင်ပြောင်သည်မှာ မထူးဆန်းတော့။
“ဒါကို နှိမ့်ချနေတယ်လို့ ခေါ်တယ်… မင်းလို မဟုတ်ဘူး…” လျိုဖန်းက ထည်ဝါ ခမ်းနားနေသော ရီဖူရှင်းအား ကြည့်ကာ သဘောမတူဟန်ဖြင့် ပြောသည်… “ကံကောင်းတာက မင်းက ငါတို့ အစ်ကို အစ်မတွေကို မျက်နှာ မပျက်စေခဲ့ဘူး… ကျုပ်ပြောတာ ဟုတ်တယ်မလား အစ်ကိုလေး…”
“ငါက ညီငယ်လေးကို အများကြီး ယုံတယ်…” ရွှီယီက ပြောသည်။
“အစ်ကိုလေး… ခင်ဗျားက အရင်ကထက် ပိုပြီး ကြည့်ကောင်းလာတယ်…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။
“ဒီလိုပဲ ဖြစ်ရမှာပေါ့…” ရွှီယီက သူ့အတွက် ပုံမှန်ကိစ္စလိုပင် ပြုံးလျက် ပြောသည်။
“အစ်ကိုခုနစ်… ခင်ဗျားက ဘာလို့ အရင်ကထက် ပိုဝလာရတာလဲ…” ရီဖူရှင်းက ယိရှောင်ရှီဘက်ကို လှည့်သည်။
“အဓိပ္ပာယ်မရှိတာ…” ယိရှောင်ရှီက ရီဖူရှင်းကို ဒေါသတကြီး ကြည့်သည်။ သူကား ယခင်ကထက် ပိုပိန်လာသည်။
“အလေးအနက် ထားစမ်းပါ…” လျိုဖန်းက ယိရှောင်ရှီကို ကြည့်ကာ ပြောသည်။ ထို့နောက် သူက ကြယ်မင်း ကျောင်းအုပ်ဘက်ကို လှည့်ကာ ပြောသည်… “စီနီယာ… ကျုပ်ရဲ့ ညီငယ်လေးကို ကောင်းကောင်းမွန်မွန် ထားပေးလို့ ကျေးဇူးတင်ပါတယ်… ဒီအကောင်ရဲ့ ပါရမီက ကျုပ်လောက် မမြင့်ပေမဲ့ သားတော်နေရာ အတွက် ကတော့ ပြဿနာ မရှိပါဘူး… ဒါပေမဲ့ ဒီအကောင်က တော်တော် ဉာဏ်များတယ်… စီနီယာက သူ့ကို ကောင်းကောင်း ထိန်းချုပ် ကွပ်ကဲသင့်တယ်…”
လူအုပ်၏အမူအရာက ရယ်ရွှင်ဖွယ် ဖြစ်လာကြသည်။ ရီဖူရှင်း၏ စွမ်းရည်အား လူတိုင်းက မြင်ပြီးဖြစ်သည်။ သို့တိုင်အောင် လျိုဖန်းက ရီဖူရှင်း၏ပါရမီက သူ့ကို မမီဟု ပြောသည်။ သူ့လောက် အရှက်မဲ့သောလူ ရှိအံ့မထင်။
“မင်းတို့က ရီဖူရှင်းရဲ့ စီနီယာတွေ ဆိုမှတော့ မင်းတို့ရဲ့ ပါရမီတွေကလည်း အရမ်း ကောင်းမယ် ဆိုတာ ကျုပ်သိတယ်… အခု ရီဖူရှင်းက ကျုပ်တို့ရဲ့ သားတော် ဖြစ်နေမှတော့ မင်းတို့ကလည်း ကြယ်မင်းကျောင်းကို မဝင်ချင်ကြဘူးလား…” အကြီးအကဲနန်က မေးသည်။ သည်လူငယ်များက စိတ်ဝင်စားဖွယ် ကောင်းသည်ဟု သူမြင်သည်။
“စီနီယာမှာ သားတော်နေရာ ရှိပါသေးလား…” လျိုဖန်းက မေးသည်တွင် အကြီးအကဲနန် မှင်တက်သွားသည်။ ထိုနောက် လျိုဖန်းက ပြုံးလျက် ဆက်ပြောသည်… “ကျွန်တော်က နောက်လိုက်တာပါ… ကျွန်တော်တို့က ထင်ပေါ်မှုကို မကြိုက်ပါဘူး.. ပြီးတော့ တစ်နေရာတည်း မှာလည်း နှောင်ဖွဲ့ပြီး မနေတတ်ဘူး… ဒါကြောင့် ကြယ်မင်းကျောင်းကို ဝင်ဖို့ အဆင်မပြေပါဘူး… ကျုပ်တို့ ဒီနေ့လာတာက ညီငယ်လေးဆီကို လာလည်ကြတာပါ…”
“ကောင်းပြီ… ကျုပ် နားလည်တယ်…” အကြီးအကဲနန်က ခေါင်းညိတ်သည်။
“ဟုတ်ပြီ… အခု သားတော်နှင်းအပ်ပွဲ အခမ်းအနားက ပြီးဆုံးသွားပြီ… အားလုံး ပြန်လို့ရပြီ…” ကြယ်မင်းကျောင်းအုပ်က လူအုပ်ကို ကြည့်ကာ ပြောသည်။ သူက သူရိယနေမင်းကျောင်းမှ တောင်းဆိုမှုများ အားလုံးကို လျစ်လျူရှုထားသည်။
တချို့က ကျောင်းအုပ်အား ကြည့်ကြသော်လည်း ဘာမှ မပြောကြ။ သူတို့ အများဆုံး လုပ်နိုင်သည်က ကြယ်မင်းကျောင်းအား အနည်းငယ် ဖိအားပေးခြင်းသာ။ ကျောင်းအုပ်က ရီဖူရှင်းအား သားတော်ဘွဲ့ ချီးမြှင့်မှတော့ ထိုကိစ္စများကို သူက အရေးလုပ်မည် မဟုတ်သည်မှာ ထင်ရှားသည်။ သူတို့ ဘာပြောပြော အသုံးဝင်မည် မဟုတ်ပေ။
လူအုပ်က ထရပ်ကာ ကွင်းပြင်ကြီးမှ စတင် ထွက်ခွာကြသည်။ ချန်းကလန် တန်ခိုးရှင်များက ရီဖူရှင်းတို့ အုပ်စုကို မုန်းတီးစွာ ကြည့်ကြသည်။
ကျန်လူများက သွားလိုသေးဟန် မရဘဲ ရီဖူရှင်းကို ကြည့်နေကြဆဲ…။ ယနေ့ ဖြစ်ပျက်ခဲ့သမျှက သူတို့အတွက် အမြဲတမ်း အမှတ်ရစရာ ဖြစ်နေပေတော့မည်။ ယခင်က ရီဖူရှင်းအား ဘယ်သူမှ သိပ်မသိကြပေ။ သို့သော် အံ့အားသင့်ဖွယ် ကောင်းအောင်ပင် မိုးမြေကောင်းကင်မြို့ကို ရောက်ပြီး သိပ်မကြာခင် ကြယ်မင်းကျောင်း၏ သားတော်ဖြစ်သွားကာ မိုးမြေကောင်းကင် တစ်မြို့လုံးက သူ့နာမည်ကို ကျော်ကြားစေခဲ့သည်။ ယနေ့တွင်ကား ကြယ်မင်းကျောင်းတွင် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် မွေးဖွားခဲ့သည်။
လူအုပ်ထဲတွင် စိန့်ယွီက သူမ၏နတ်ဗိမာန်အိမ်တော် ပိုင်ရှင်ကို ကြည့်ကာ ထွက်သွားလိုခြင်း မရှိသေးပေ။ ဝမ်ယွီရိုက ထွက်သွားသော အခါတွင်လည်း နောက်ကို အကြိမ်ကြိမ် လှည့်ကြည့်မိသည်။
အားလုံး ထွက်သွားသောအခါ နောက်ဆုံး ကြယ်မင်းကျောင်း တပည့်များသာ ကြယ်တာယာ ကွင်းပြင်၌ ကျန်ရစ်တော့သည်။ သူတို့အားလုံးက ရီဖူရှင်းကို ဆွံ့အစွာ ကြည့်နေကြသည်။
ကြယ်မင်းကျောင်း တပည့်များကား ရှုပ်ထွေးသော ခံစားချက်များကို ခံစားနေကြရသည်။ တချို့က ပျော်သည်။ တချို့က စိတ်ပျက်ကြရသည်။ မှန်သည်.. ကုယွန်ချီက ရီဖူရှင်းအတွက် ပျော်ရွှင်ရပေသည်။ လီမင်ကလည်း ပြုံးနေသည်။ မိစ္ဆာနဂါး နယ်မြေတွင် သူမနောက်ပြောင် နေခဲ့သော ကောင်လေးက သူမထက်ပင် အားကောင်းနေသည်။ သို့သော် ကျင့်နန်အတွက် မူကား ကပ်ဘေးဆိုက်ခြင်းပင်။ ယခု သူက လူအုပ်ထဲတွင် မျက်နှာ ညိုမှိုင်းလျက် ပုန်းကွယ်နေသည်။ ရီဖူရှင်းက ချန်းဝမ်ကိုပင် အနိုင်ယူနိုင်သည်။ သူကား လောင်မူနှင့် ကျင်းယွန်ရှောင်းတို့ အဆင့်တွင်ပင် မရှိပေ။ သူက ရီဖူရှင်းကို အကြိမ်ကြိမ် စော်ကားခဲ့သည်များကို တွေးကာ သူက လူပုံအလယ် မည်သို့ မျက်နှာပြ ရတော့မည်နည်း။
“အစ်ကို… ဘာလို့ ဒီကို ရောက်လာတာလဲ…” ရီဖူရှင်းက တခြားလူများ၏ ခံစားချက်ကို ဂရုမစိုက်ပေ။ သူက အစ်ကိုများကို မြင်တွေ့ရသည့်အတွက် ဝမ်းသာ ပျော်ရွှင်နေသည်။
“အခု အရှေ့မြေရိုင်း ဒေသက အခြေကျသွားပြီးတော့ အစ်ကိုကြီးကလည်း ဓားပညာမှာ အဆင့်တက် သွားတယ်… ငါတို့က အဲဒီမှာ လုပ်စရာ မရှိတော့တာနဲ့ မြေရိုင်းဒေသကို လာဖို့ ဆုံးဖြတ်ခဲ့ကြတာ…” ရီဖူရှင်း၏ မျက်ခုံးက မြင့်တက်သွားသည်… “အစ်ကိုကြီးက နောက်တစ်ဆင့်ကို တက်သွားပြီလား…”
“ဟုတ်တယ်…” လျိုဖန်းက ခေါင်းညိတ်သည်… “သူက အဆင့်ပဲ တက်သွားတာ မဟုတ်ဘူး… သူက ချစ်သူ အသစ်လည်း ရသွားတယ်…”
“ဘယ်သူလဲ…” ရီဖူရှင်းက မျက်လုံးပြူး သွားသည်။
“မင်း မှန်းကြည့်လေ…” လျိုဖန်းက ပြုံးလျက် ရီဖူရှင်းကို မေးသည်။
ရီဖူရှင်းက အတန်ကြာ တွေဝေသွားပြီးမှ ကောက်ကာငင်ကာ မေးသည်… “နတ်မိမယ် ဝမ့်ယွီလား… ”
ဉာဏ်ကောင်းတယ်… လျိုဖန်းက ချီးကျူးသည်။
ရီဖူရှင်းက ပြုံးလိုက်သည်။ ထိုစဉ်က အစ်ကိုကြီးက လစန္ဒာကလန်ကို သွားရောက် ကာကွယ်ပေးခဲ့ရာ နတ်မိမယ်ဝမ့်ယွီနှင့် ဆက်ဆံရေးက လွန်စွာ ကောင်းမွန်ခဲ့သည်။
နတ်မိမယ်ဝမ့်ယွီကား နတ်သမီးနှယ် လှပသော မိန်းမတစ်ယောက် ဖြစ်ကာ ထိုစဉ်ကတည်းက အစ်ကိုကြီးနှင့် လွန်စွာ လိုက်ဖက်သည်ဟု သူယူဆခဲ့သည်။ ယခု သူထင်ထားသည့် အတိုင်း အတွဲများ ဖြစ်သွားကြသည်။
“သူတို့ရဲ့ လက်ထပ်ပွဲက ဘယ်တော့လဲ…” ရီဖူရှင်းက မေးသည်။ အကယ်၍ သူ၏အစ်ကိုကြီးက လက်ထပ်မည် ဆိုပါက သူက သေချာပေါက်က သွားရန်လိုသည်။
“မသိသေးဘူး…” လျိုဖန်းက ပခုံးတွန့်သည်… “အစ်ကိုကြီးက ဆရာရဲ့ ကိစ္စတွေကို လုပ်နေရသေးတယ်…”
ရီဖူရှင်း၏အတွေးများ ခေါင်းထဲတွင် ဟိုမှသည် ပြေးသွားကြသည်။
“မှန်တယ်… မင်းက အစ်ကိုသုံးကို တွေ့လား…” လျိုဖန်းက ပြောသည်။
“အစ်ကိုသုံးကို ကျွန်တော် တစ်ခါ တွေ့ဖူးတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်… “အစ်ကိုသုံးက အခု အဆင်ပြေတယ်… သူက အဆင့်တက်ဖို့ လုပ်နေတယ်…”
“ဒါကောင်းတယ်…” ရွီယီနှင့် ကျန်လူများက ခေါင်းညိတ်ကြသည်။
“မိစ္ဆာနဂါး နယ်မြေတုန်းက လူနဲ့ မင်းနဲ့ ဘာဆက်စပ်နေလဲ…” ထိုအခိုက်တွင် အကြီးအကဲ တစ်ယောက်က ရီဖူရှင်းကို မေးသည်။
ရီဖူရှင်းက သူ့ကို ကြည့်သည်။ မေးလိုက်သူကား မိစ္ဆာနဂါးနယ်မြေကို လိုက်ပါသွားသော ဆရာယွန်ဖြစ်သည်။ ရီဖူရှင်းက ပြုံးကာ တောင်းပန်လိုက်သည်… “စီနီယာက အစ်ကိုသုံးကို အပြစ်မတင်ဖို့ တောင်းဆိုပါတယ်…”
ဆရာယွန်က ရီဖူရှင်းကို ဒေါသတကြီး ကြည့်သည်။ ရီဖူရှင်းအား သားတော်ဘွဲ့ ချီးမြှင့်ကတည်းက ရီဖူရှင်းက နဂါးမြက်ကို လုယူသွားသူ ဖြစ်သည်ကို သိလိုက်သည်။ သို့သော် သူဘာတတ်နိုင် မည်နည်း။
လူအုပ်ထဲတွင် ထျန်ကျုံး၏ အမူအရာက ပျက်ယွင်းသွားသည်။ သူ့အား အနိုင်ယူခဲ့သော ထိုရုပ်ချောသော စာပေသမားက ရီဖူရှင်း၏အစ်ကိုသုံး ဖြစ်နေသည်။
ရီဖူရှင်းက ကျောင်းအုပ်ကို ကြည့်လျှင် သူက လှေကားထစ်တွင် အေးဆေးစွာ ရပ်နေသည်ကို မြင်သည်။ သူကား အစ်ကိုများနှင့် စကားပြောနေရာ ကျောင်းအုပ်ကို လျစ်လျူရှုထားသလို ဖြစ်နေသည်။
“မင်း ဆက်ပြောပါ…” ကျောင်းအုပ်က ဘာမှ မပြောဘဲ သူ့လူများကို ခေါ်ကာ ထွက်သွာသည်။
ကုဟန်ရှင်းက ရှေ့ကို တက်လာကာ ပြောသည်… “ကောင်လေး… ကံကောင်းပါစေ…”
“ကျေးဇူးပါစီနီယာ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ကုဟန်ရှင်းဘေးတွင် ရပ်ကာ ကုယွန်ချီကလည်း နှစ်လိုဖွယ် ပြုံးပြသည်။
“အစ်ကိုဖူရှင်းက အကောင်းဆုံးပဲ…” လောင်လင်းအာက လက်မထောင်ပြသည်တွင် သခင်မလောင်ကလည်း ခေါင်းညိတ်ပြသည်။ သူတို့နှစ်ယောက် ထွက်သွားသည်။ သူက သခင်မလောင်အား သည်တစ်ခေါက် များစွာ အကြွေးတင် သွားသည်ကို သိသည်။ မဟုတ်လျှင် ယခု သူပြေးနေရတော့မည်။
***