Switch Mode

အပိုင်း (၄၇၉)

ရင်းနှီးနေသော လှည့်ကွက်

ချန်းဝမ်၏ နေသူရိန် ဓားချက်က ကြမ်းတမ်းစွာ လှည့်ပတ်နေသော ဥက္ကာခဲများကို ဖြတ်ကျော်လျက် တိုးဝင်လာသည်။ ဓားအလင်း တစ်ချက်စီက ကြောက်မက်ဖွယ် ဖျက်ဆီးအားကို ပိုင်ဆိုင်သည်။ သို့သော်လည်း ဥက္ကာခဲများက မီးရောင် အလျှံညီးညီး လင်းလက်လာလျှင် နေမင်း၏ မီးလျှံများက သေဆုံး သွားရသည်။ ဓားအလင်းများက လုံးဝပျောက်ကွယ် သွားသော်လည်း ရီဖူရှင်း၏ ပတ်ပတ်လည်မှ ဥက္ကာခဲဝင်္ကပါမူကား ပုံမှန်အတိုင်း လှည့်ပတ်နေဆဲ ဖြစ်သည်။

ချန်းဝမ်၏ အမူအရာက အေးစက်သွားသည်။ သူ၏ တိုက်ခိုက်မှုက ရီဖူရှင်း၏ ခံစစ်ကို မကျော်ဖြတ်နိုင်ပေ။ သူ၏ စွမ်းရည်များက အဘယ်ကြောင့် ထိုမျှ အားကောင်း နေရသနည်း။ ယခု ရီဖူရှင်း ထုတ်သုံးသည့် ပုံစံက သည်မတိုင်မီက ပုံစံဖြစ်သော်လည်း အနည်းငယ် ကွဲပြားနေသည်။ ထိုအရာက ကြယ်တာရာပုံစံငယ် သီးသန့်နယ်တစ်ခု ဖြစ်သည်။

ရီဖူရှင်းက သူ၏လက်များကို ဖြန့်ကာ  ကြယ်တာရာ သီးသန့်နယ် အလယ်တွင် ရပ်နေသည်။ သူ၏ခန္ဓာကိုယ်အား ကြယ်အလင်းများ စူးရှစွာ လင်းလက်နေပြီး ထိုအရာက တကယ့် ကောင်းကင်မှ ကြယ်အလင်းများကဲ့သို့ ထင်မှတ်ရသည်။

ရီဖူရှင်း၏ မျက်လုံးများက အရောင်တောက် သွားသည်။ သူ၏ခန္ဓာကိုယ်က ရှေ့ကို ရွေ့လျားသွားလျှင် သီးသန့်နယ်ကလည်း သူနှင့်အတူ ချန်းဝမ်ထံသို့ တိုးဝင်သွားသည်။ ချန်းဝမ်က လေထက်ကို ခုန်တက်ကာ ဓားဖြင့် ခုတ်ချသည်တွင် နေရောင်ခြည်များ ရီဖူရှင်းထံကို ကျဆင်းလာသည်။ နောက်မှ လိုက်ပါလာသည်ကား မဆုံးနိုင်သော သဘာဝ စွမ်းအင်များမှ ဖြစ်ပေါ်လာကာ မီးလျှံ ဓားချက်များ ဖြစ်ပြီး အရာအားလုံးကို ဖျက်ဆီးတော့မည့်ဟန် ဆင်းသက် လာကြသည်။

ဟူး… ဟူး…

ရီဖူရှင်း၏အနီးမှ ဥက္ကာခဲများ မီးထတောက်ကာ မီးလုံးများအဖြစ် ပြောင်းလဲ ပေါက်ကွဲပြီး အစိတ်စိတ် ဖြစ်သွားကြသည်။ လူအများအပြားက ထိတ်လန့် သွားကြ၏။ ဓားချက်က သူ့အား ဖြတ်တောက် သွားတော့မည်လော…။

တဖြည်းဖြည်းဖြင့် နေသူရိန်ဓား၏ ဖျက်ဆီးအားက ရပ်တန့် သွားရသည်။ ရီဖူရှင်းက ချန်းဝမ်အား ခံစားချက် ကင်းမဲ့စွာဖြင့် ကြည့်ကာ သူ့အနီးမှ ပျက်စီးပြိုကွဲ သွားကြသော ဥက္ကာခဲများကို တစ်ဖန် ပြည်လည် စုစည်း လိုက်သည်။ ထို့နောက် သူက ချန်းဝမ်ထံသို့ လှမ်းလိုက်သည်။

ချန်းဝမ်၏ အမူအရာက အနည်းငယ် ပြာနှမ်းသွားသည်။ သူ၏ နေသူရိန်ဓားကို ခြေသုံးချောင်း မီးငှက်ဖြင့် ထပ်မံပေါင်းစပ်ပြီး ပိုမို အားကောင်းသော ဓားချက်ကို သူထုတ်သည်။ သို့သော်လည်း အဆုံးသတ်ကား ထူးမခြားနားပေ။ သူကား ဥက္ကာခဲ မုန်တိုင်းကို ဖြတ်ကျော်နိုင်ခြင်း မရှိ။

ရီဖူရှင်းကား ရောက်လာပြီ ဖြစ်သည်။ ချန်းဝမ်ကလည်း နောက်ဆုတ်ရန် ကြိုးစားသည်။ သို့သော် ရီဖူရှင်းက တစ်လှမ်းမျှ ရှေ့ကို တိုးကာ လေထုကို ဖြတ်ကျော်လျက် တည်နေရာ ခုန်ကူးကာ ချန်းဝမ်၏ရှေ့ကို ကျဆင်းလာသည်။ ချန်းဝမ်၏ တန်ခိုးအဆင့်က ပိုမိုမြင့်မားသော်လည်း သူက ရီဖူရှင်းထက် နှေးကွေးပေသည်။ သူ၏မျက်နှာက ပိုမိုပျက်ယွင်းလာကာ ဓားအား မြန်ဆန်စွာ ဝှေ့ယမ်းသည်။ သို့သော် ရီဖူရှင်းက ပိုမို နီးကပ်လာ၏။ ဓားချက်များ အောက်တွင် ဥက္ကာခဲများက ပြိုကွဲကြသည့်တိုင် သူ သတိမထားလိုက်မီတွင်ပင် ချန်းဝမ်က ရီဖူရှင်း၏ ကန့်သတ်နယ်ထဲကို ရောက်နေပြီ ဖြစ်သည်ကို သတိထားမိ လိုက်သည်။ သူကား ဥက္ကာခဲမုန်တိုင်းထဲကို ကျဆင်းခဲ့ပြီ။

ဘုန်း… ဘုန်း … ဘုန်း …

ရီဖူရှင်းက သူ၏လက်ကို လှုပ်ရှားလိုက်သည်နှင့် မရေမတွက်နိုင်သော ဥက္ကာခဲများ ချန်းဝမ်ထံသို့ တိုးဝင်သွားကြသည်။ ချန်းဝမ်က ဥက္ကာခဲများကို အရူးအမူး တိုက်ခိုက် ဖျက်ဆီးရာ ပေါက်ကွဲသံများ တဝုန်းဝုန်း ကြားကြရသည်။ ထိုအခိုက်တွင် လင်းလက်နေသော ဥက္ကာခဲတစ်ခုက နေသူရိန် ဓားသွားအား ဖျက်ဆီးကာ ချန်းဝမ်နှင့် ထိရိုက်သည်။

ဖူး…

ချန်းဝမ်၏ပါးစပ်မှ သွေးတစ်ပွက် အန်ထွက်သွားကာ သူ၏ ခန္ဓာကိုယ်ကလည်း ထိရိုက်မှုကြောင့် အလွန်အမင်း နာကျင်မှုကို ခံစားရသည်။ ရီဖူရှင်းက ထိုနေရာတွင် မရပ်ပေ။ သူက လက်ချောင်းများကို ဖြန့်ကာ တစ်ခုခုကို ကိုင်ဆုပ်သည့်ဟန် လုပ်လိုက်သည်တွင် ဥက္ကာခဲများက ချန်းဝမ်ထံသို့ တဘုန်းဘုန်းဖြင့် လာရောက် ထိရိုက်ကြသည်။ ချန်းဝမ်၏ ခန္ဓာကိုယ်က ဥက္ကာခဲ ထိရိုက်မှုများကြောင့် အရိုးများ ကျိုးအက်သွားဟန် ရကာ ပါးစပ်မှလည်း သွေးများ အဆက်မပြတ် စီးကျလာသည်။

“တော်လောက်ပြီ…” သူရိယနေမင်း ကျောင်းဘက်မှ အေးစက်သော အသံတစ်သံကို ကြားကြရသည်။ ရီဖူရှင်းက သူ၏လက်ကို ဝှေ့ယမ်းသည်တွင် ဘန်းခနဲ မည်သံနှင့်အတူ ချန်းဝမ်က သူရိယ နေမင်း ကျောင်းဘက်ကို လွင့်စဉ် သွားသည်။

ရီဖူရှင်း၏ မျက်လုံးများက မီးတောက် နေသော်လည်း သူ၏ ကိုယ်ရောင်ကိုယ်ဝါက အေးစက်သည်။ သူတို့က အဆင့်မြင့် အကာနာ တန်ခိုးရှင်များဖြင့် စိန်ခေါ်လိုမှတော့ သူကလည်း ထိုက်တန်သော ရိုက်ချက်မျိုး ပေးသင့်သည်။ ထိုမှသာ နောက်ထပ် စိန်ခေါ်မှုများကို ရပ်တန့်နိုင်သည်။

တိတ်ဆိတ်မှု များစွာဖြင့် လူအများအပြားက ချန်းဝမ်ကို ကြည့်ကြသည်။ သူရိယနေမင်း ကျောင်း၏ ပါရမီရှင်၊ ချန်းကလန်၏ အတော်ဆုံး လူငယ်မျိုးဆက်ဖြစ်သူ ချန်းဝမ်ကား အကာနာ အဆင့် အမြင့်ဆုံးတွင် ရှိသည်။ သူသည်လည်း လျှို့ဝှက်ဘုံ နဝမအဆင့်ကို တက်ရောက်ခဲ့သည်။ သို့တိုင်အောင် သူက ဆိုးဝါးစွာ ရှုံးနိမ့်ခဲ့၏။

သည်တိုက်ပွဲအပြီး ရီဖူရှင်းက နောက်ထပ် ဘာသက်သေမှ ပြနေစရာ မလိုတော့သည်ကို အားလုံးက နားလည်ကြသည်။ ကြယ်မင်းကျောင်း၏ သားတော် ရီဖူရှင်းကား သူ့မျိုးဆက်ကို လွှမ်းမိုးအုပ်စိုးရန် လုံလောက်သော အရည်အချင်း ရှိသည်။ သူက တန်ခိုးအဆင့် ကွာခြားမှုကို ကျော်ဖြတ်ကာ အကာနာအဆင့် အမြင့်ဆုံးတွင် ရှိသော ချန်းဝမ်ကို အနိုင်ယူနိုင်၏။ သူ့၏စွမ်းရည်ကား လိုသည်ထက်ပင် ပိုသေးသည်။

ကုဟန်ရှင်းနှင့် သခင်မလောင်တို့က လေထဲမှ လူငယ်လေးကို ကြည့်ကြသည်။ လောင်ရီထျန်းက သူ့အသက်အရွယ်တွင် ထိုမျှ ထွန်းတောက်ခဲ့ခြင်း မရှိခဲ့။ ယနေ့ ရီဖူရှင်းအား သူတို့က သားတော် နေရာသို့ တွန်းပို့ခဲ့ကြကာ နောက်တွင် နောက်ထပ် လောင်ရီထျန်း တစ်ယောက် ဖြစ်လာရန် မျှော်လင့်ခဲ့ကြသည်။ ယခု သူတို့၏ အမြင်အရမူ ရီဖူရှင်းက အနာဂတ်တွင် လောင်ရီထျန်းထက် ပိုမို အောင်မြင်နိုင်ရန် အလားအလာ ရှိပေသည်။

ကြယ်မင်းကျောင်းမှ ရှီတန်ခိုးရှင်များ ကလည်း ရီဖူရှင်းကို ကြည့်ကြသည်။ ကျောင်းအုပ်၏ ရုတ်တရက် ဆုံးဖြတ်ချက်ကို သူတို့က လုံးဝဥဿုံ ယုံကြည် လက်ခံခဲ့ခြင်း မရှိခဲ့ကြပေ။ ယခု ကျောင်းအုပ်တွင် လုံလောက်သော အကြောင်းပြချက် ရှိပုံရသည်ကို တွေ့မြင်ကြရသည်။ သူက မျိုးဆက် တစ်ခုလုံးကို အုပ်စိုးနိုင်သော တန်ခိုးရှင် တစ်ယောက်ကို ဖန်တီးလိုသည်။ သို့သော်လည်း သည်ကဲ့သို့သော လူကို ဖန်တီးရန် သူတို့က ကြီးစွာသော ဖိအားကို ခံစား ရပေတော့မည်။ ယခင်က လောင်ရီထျန်းအား သူတို့ ပြုစုပျိုးထောင်ခဲ့စဉ် ကလည်း သည်အတိုင်းပင်။

ကြယ်မင်းကျောင်း၏ ကျောင်းအုပ် မျက်နှာက မည်သည့်အမူအရာ ခံစားချက်ကိုမှ မတွေ့ရရာ သူ ဘာတွေးနေသည် ကိုလည်း တခြားလူများ ခန့်မှန်း မရနိုင်။

“သဘောမတူတဲ့လူတွေ ရှိသေးလား…” ကျောင်းအုပ်ချန်းက မေးသည်။ ထို့နောက် သူက ထပ်ပြောသည်… “ကျုပ်ရဲ့ ကြယ်မင်းကျောင်းမှာ နိုဘယ် အဆင့်ထဲက လက်မခံသေးတဲ့လူက သူ့ထက် ပိုပြီး စွမ်းဆောင်နိုင်ရင် သူ့နေရာကို ယူလို့ရတယ်…”

ကြယ်မင်း ကျောင်းသားများ အားလုံး တိတ်ဆိတ် နေကြသည်။ အကာနာအဆင့် ငါးမျှဖြင့် အကာနာဘုံ တစ်ခုလုံးကို လွှမ်းမိုးနိုင်သူထက် ပိုလုပ်နိုင်သောသူလား…။ နိုဘယ် အဆင့်တွင်ပင် ထိုသို့ လုပ်နိုင်သောလူ ရှိအံ့မထင်။ ယခုကား နောက်ထပ် မေးခွန်းထုတ်မည့်လူ မရှိတော့သည်ကို အားလုံးက နားလည်ကြပြီး ဖြစ်သည်။

“သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံထဲက မင်း ဘာရခဲ့တာလဲ…” သူရိယနေမင်း ကျောင်းမှ တစ်ယောက်က တိတ်ဆိတ်မှုကို ဖြိုခွင်းသည်။

ရီဖူရှင်းက ချန်းဝမ်နှင့် တိုက်ခိုက်သောအခါ သူ့အနီးတွင် လင်းလက်သော ရောင်စဉ်များကို တွေ့ရသည်။ သူတို့အားလုံးက ထူးဆန်းသော စွမ်းအားကို ခံစားကြရ၏။ ကြယ်မင်းကျောင်းက သူ့အား သားတော်ဘွဲ့ထူး ပေးအပ်ရအောင် လျှို့ဝှက်ဘုံထဲမှ သူက ဘာများ ရခဲ့သနည်း။

အားလုံးက စိတ်ဝင်စားစွာ နားစွင့်နေကြသည်။ ရီဖူရှင်းက ထိုငွေရောင်ဝတ်လူ ဖြစ်သည်ကို ခန့်မှန်းမိကြပြီး ဖြစ်သည်။ ယခု သူရိယနေမင်း ကျောင်းက အားလုံး သိလိုသော မေးခွန်းကို ထုတ်မေးသည်။ ယခုအချိန်ကား အမှန်တရားကို ထုတ်ဖော်ရန် အချိန် ဖြစ်ပေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သည်ပြိုင်ဘက်ကင်း ပါရမီရှင် လူငယ်လေးကြောင့် သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံ ပြိုလဲခဲ့ရသည်။

“ကျုပ်တို့မှာ ဒီအတွက် ပြောစရာ မရှိဘူး…” ရီဖူရှင်း ဘာမှ မပြောရသေးခင် ကြယ်မင်း ကျောင်းအုပ်က ပြန်ပြောသည်။

“သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံကို ထိပ်သီးကျောင်း သုံးကျောင်းက စောင့်ရှောက် ခဲ့ကြတယ်… အခု ဒီလူငယ်က လျှို့ဝှက်ဘုံကို ပြိုလဲစေခဲ့တယ်… ကျုပ်တို့အတွက် အခွင့်အလမ်း နယ်မြေတစ်ခု ဆုံးရှုံးစေခဲ့တယ်… ကြယ်မင်းကျောင်းက သူ့ကို သားတော် အဖြစ် အပ်နှင်းခဲ့တယ်… ဒါဆို ခင်ဗျားတို့က လျှို့ဝှက်ဘုံ ပြိုလဲတဲ့ကိစ္စကို ဘယ်လို ဖြေရှင်းပေးမလဲ…” သူရိယနေမင်း ကျောင်းမှ တန်ခိုးရှင် တစ်ယောက်က ပြန်ထိုးနှက်သည်။ လူအုပ်က စိတ်ဝင်စားစွာ ကြည့်နေကြသည်။ ယခု ကြယ်မင်းကျောင်းက ခြွင်းချက်မဲ့ ပါရမီရှင် တစ်ယောက်ကို အခမ်းအနား ကျင်းပကာ သားတော်ဘွဲ့ အပ်နှင်းသည်။ သူတို့က အရည်အချင်းအားဖြင့် ချိုးနှိမ်ကာ ပြဿနာ ရှာမရတော့ရာ ယခု လျှို့ဝှက်ဘုံ ပြိုလဲသည့်ကိစ္စကို အသုံးပြုကာ ဖိအားပေး လာသည်။

ယခု ကြယ်မင်းကျောင်းတွင် သားတော်တစ်ပါး ဖြစ်ပေါ်လာခဲ့ကာ ထိုလူငယ်က လျှို့ဝှက်ဘုံမှ သိုင်းပညာ ကံစွမ်းအား အများစုကို ယူဆောင် သွားခဲ့သည်။ သူရိယနေမင်းနှင့် စန္ဒာငွေလမင်း ကျောင်းတို့က မကျေမနပ် ဖြစ်ကြရသည်။

“နှစ်ထောင်ပေါင်း များစွာကြာအောင် ထိပ်သီးကျောင်း သုံးကျောင်းက တပည့်တွေက လျှို့ဝှက်ဘုံကို ဝင်ရောက်ပြီး သိုင်းပညာ ကံစွမ်းအားကို ရယူကြတယ်… ဒါက တစ်စုံ တစ်ယောက်ရဲ့ ကိုယ်ပိုင် အားထုတ်မှုရဲ့ ရလဒ်တစ်ခုပဲ… ကျုပ်တို့က ဖြေရှင်းစရာ ဘာပြဿနာမှ မမြင်ဘူး…” ကြယ်မင်းကျောင်းမှ တန်ခိုးရှင် တစ်ယောက်က ပြောသည်။ သူ၏အမြင်တွင် ထိုလူများ၏ တောင်းဆိုမှုက အဓိပ္ပာယ် မရှိပေ။

“သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံ ရှိသေးရင် ကျုပ်တို့က လူငယ်တွေကို လျှို့ဝှက်ဘုံကို စေလွှတ်ပြီး သူတို့အတွက် အခွင့်အလမ်းတွေ ဖန်တီးပေးလို့ ရတယ်… အခု သူ့ကြောင့် လျှို့ဝှက်ဘုံ ပြိုလဲသွားပြီ… သူက ကျုပ်တို့ကို ရှင်းပြချက် မပေးနိုင်ဘူးလား…” သူရိယနေမင်း ကျောင်းမှ တန်ခိုးရှင်က ထောက်ပြသည်။

“မှန်တယ်… လျှို့ဝှက်ဘုံက မိုးမြေ ကောင်းကင်မြို့မှာ ရှိတဲ့ လူငယ်တွေ အတွက် အခွင့်အလမ်း နယ်မြေတစ်ခုပဲ… အခု တစ်စုံ တစ်ယောက်ကြောင့် ပျက်စီးသွားရပြီ… အဲဒီလူက ကြယ်မင်းကျောင်းက သားတော် ဖြစ်နေမှတော့ ကြယ်မင်းကျောင်းက တာဝန်ယူသင့်တယ်…” နောက်တစ်ယောက်က မှတ်ချက်ချသည်။

“ဘာရှင်းပြချက် မင်းတို့ လိုချင်လဲ…” ကြယ်မင်း ကျောင်းအုပ်က အေးစက်စွာ ပြောသည်။ သူက ရီဖူရှင်းအား သားတော်ဘွဲ့ ပေးမှတော့ သူကလည်း ဖြစ်လာနိုင်ဖွယ် ဖိအားများကို ကြိုမြင်သည်။ ယခု ရီဖူရှင်းက သူ၏ပြိုင်ဘက်ကင်း ပါရမီကို ပြသခဲ့မှတော့ သူကလည်း ထိုဖိအားများကို ရင်ဆိုင်ဖြေရှင်း ရပေမည်။ ယနေ့ အခမ်းအနားက ကျောင်းအုပ်က ရီဖူရှင်းအပေါ် ယုံကြည်မှုကို ဖော်ပြခြင်းဖြစ်ကာ နောင်တွင် တခြား အင်အားကြီး အဖွဲ့အစည်းများက နောက်ကွယ်မှ သားတော်ကို တစ်စုံတစ်ခု ကြံစည်ခြင်း မရှိအောင်လည်း သူက ကြိုတင် ကာကွယ်ခြင်း ဖြစ်သည်။

“သူက တစ်ခုခု ရခဲ့တယ် ဆိုရင်တောင် ဒါက သူ့အားထုတ်မှုပဲ… ဒါပေမဲ့ လျှို့ဝှက်ဘုံ ပြိုလဲတဲ့ အတွက်တော့ သူက ရှင်းပြချက် ပေးရမယ် မထင်ဘူးလား… တကယ်လို့ သူက လျှို့ဝှက်ဘုံကို တည်ငြိမ်အောင် လုပ်ထားတဲ့ အရာတစ်ခုခုကို နေရာက ဖယ်ရှားခဲ့ရင် ဘယ်လိုလုပ်မလဲ…” တန်ခိုးရှင် တစ်ယောက်က ​မေးသည်။

“သူ လုပ်ခဲ့ရင်ကော ဘာဖြစ်လဲ…” ကျောင်းအုပ်က မေးသည်။

“လျှို့ဝှက်ဘုံက ထိပ်သီးကျောင်း သုံးကျောင်း ဝိုင်းဝန်း စောင့်ရှောက်ခဲ့တဲ့ နေရာပဲ… တကယ်လို့ သူက လျှို့ဝှက်ဘုံကို တည်မြဲအောင် လုပ်ထားတဲ့ ပစ္စည်းတစ်ခုခုကို ဖယ်ရှားခဲ့ရင် သူက အဲဒါကို ပြန်ထားရမယ်…” ထိုတန်ခိုးရှင်က ပြောသည်။

“လျှို့ဝှက်ဘုံက ပြိုလဲသွားပြီ… ကျုပ်တို့က ဘယ်လို ပြန်ထားမလဲ…” အကြီးအကဲနန်က ပြောသည်… “မင်းတို့ ပြောချင်တာကို တည့်တိုးပြော…”

“အဲဒါက ထိပ်သီးကျောင်း သုံးကျောင်း ကာကွယ်ထားတာ ဆိုမှတော့ ထိပ်သီးကျောင်း သုံးကျောင်းကပဲ ပိုင်ဆိုင်သင့်တာ မဟုတ်ဘူးလား…” သူရိယနေမင်း ကျောင်းမှ​ တန်ခိုးရှင်က သူ့ဆိုလိုရင်းကို ချုပ်သည်။

အားလုံး တိတ်ဆိတ် သွားကြသည်။ လူအများအပြားက ထိပ်သီးကျောင်း သုံးကျောင်း၏ အငြင်းပွားမှုကို ကြည့်နေကြသည်။ ရီဖူရှင်း၏ စွမ်းဆောင်ရည်က ထူးခြား ဆန်းကြယ်လွန်းရကား တခြားကျောင်း နှစ်ကျောင်းကပင် လျှို့ဝှက်ဘုံအတွင်းမှ​ သူရခဲ့သော ရတနာကို လက်လွှတ်ပေးလိုဟန် မရကြပေ။

ဖူး…

တစ်စုံတစ်ယောက်က ရယ်ချင်စိတ်ကို မထိန်းနိုင်သောကြောင့် လည်ချောင်းသံ တစ်ချက် ထွက်သွားသည်။ ထို့အတူ လွန်စွာ တိတ်ဆိတ်နေသော အချိန်တွင် ထိုသံကလည်း ကြည်လင်လွန်းလှသည်။ အားလုံး၏ အကြည့်က ထိုနေရာကို ရောက်သွားလျှင် လူငယ်တစ်ယောက်က လူကြားထဲတွင် ရပ်နေသည်ကို မြင်ကြသည်။

“ဆက်ပြောကြပါ…” ထိုလူငယ်က သူ့အား စိုက်ကြည့်နေသည်ကို မြင်လျှင် ဆက်လက် ရယ်မောလိုသော အမူအရာဖြင့် ပြောသည်။

“မင်းက ဘာလို့ ရယ်ရတာလဲ…” အေးစက်သော အသံနှင့်တူ သူရိယနေမင်း ကျောင်းမှ လူတစ်ယောက် ထွက်လာသည်။ နိုဘယ်အဆင့် တန်ခိုးရှင် တစ်ယောက်၏ အရှိန်အဝါက လူငယ်ထံ ဆင်းသက်လာသည်။

“ကျုပ်က အရင်ကတည်းက မြေရိုင်းဒေသ အရှေ့ဘက်နယ် ထိပ်သီးကျောင်း သုံးကျောင်းရဲ့ နာမည်ကို ကြားဖူးတယ်… အခု ဖြတ်သွားရင်းက လာကြည့်တာ ကြယ်မင်းကျောင်းက သားတော်ဘွဲ့ နှင်းအပ်တဲ့ အခမ်းအနားနဲ့ ပက်ပင်းတိုးတယ်… ကျုပ် သိသလောက် သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံထဲက ရတဲ့ အရာတစ်ခုကို ထိပ်သီးကျောင်း သုံးကျောင်းက ခွဲဝေ ပိုင်ဆိုင်တယ်လို့ မကြားဖူးပါဘူး…ဒါက စိတ်ဝင်စားဖို့ ကောင်းသားပဲ… ဒါကြောင့် စိတ်မထိန်းနိုင်ဘဲ ရယ်မိတာပါ… စိတ်မဆိုးပါနဲ့…” လျိုဖန်းက ပြုံးရယ်လျက် ပြောသည်။

လူအုပ်၏ အမူအရာများကလည်း ရယ်ရွှင်ဖွယ် ဖြစ်သွားကြသည်။ ထိုလူငယ် ပြောသည်မှာ ကျိုးကြောင်းဆီလျော် သော်လည်း သူက ထိပ်သီး အဖွဲ့အစည်းများ၏ အမျက်ရှမည်ကို မကြောက်သလော…။

ထင်မှတ်ထားသည့် အတိုင်းပင် ထိုနိုဘယ် တန်ခိုးရှင်က လျိုဖန်းထံကို လျှောက်လာသည်… “ထိပ်သီးကျောင်း သုံးကျောင်းက အကြီးအကဲတွေ စကားပြောတာမှာ မင်းက ဝင်စွက်ဖက်နေစရာ မရှိဘူး… ကိုယ့်ဘာသာ ပါးရိုက်ပြီး ထွက်သွားစမ်း…”

ထိုနိုဘယ် တန်ခိုးရှင်သည်လည်း ချန်းကလန်မှ ဖြစ်သည်။ ချန်းဝမ်ကား သူ၏တူဖြစ်ကာ လူပုံအလယ် အကာနာအဆင့်ငါး တန်ခိုးရှင်အား ရှုံးနိမ့်ခဲ့ရသောကြောင့် သူတို့က များစွာ အရှက်ရကြသည်။ ယခု တစ်စုံတစ်ယောက်က ထိပ်သီးကျောင်း သုံးကျောင်းမှ အကြီးအကဲများ စကားကို သရော်နေသည်။ ထိုအဖြစ်က သူတို့၏ဒေါသမီးကို လောင်စာ ကျွေးသလိုပင်။

လျိုဖန်း အံ့အားသင့်စွာဖြင့် ပြန်ပြောသည်… “ကျုပ်ပြောတာ မမှားပါဘူးနော်… ဟုတ်တယ်မလား…”

“ကိုယ့်ပါးကိုယ် ရိုက်စမ်း…” ချန်းယွီက ကြောက်မက်ဖွယ် အရှိန်အဝါဖြင့် ရှေ့ကို တိုးလာသည်။ ကြယ်မင်းကျောင်း အကြီးအကဲများက မျက်မှောင်ကြုတ် လိုက်သည်။ ကြည့်ရသည်မှာ ချန်းယွီက သည်အခွင့်အရေးကို သုံးလျက် ကြယ်မင်းကျောင်း၏ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်လိုနေသည်။

“အစ်ကို… ကျုပ်က ကျိုးကြောင်းဆီလျော်မှု မရှိတဲ့လူနဲ့ တွေ့ရင် ဘာလုပ်ရမလဲ…” လျိုဖန်းက ရွှီယီကို မေးသည်။

“မင်းက စကားနဲ့ ကောင်းကောင်း ပြောမရရင် လက်သီး သုံးသင့်တယ်…” ရွှီယီက ပြောသည်။

“တစ်ဖက်လူက အနီးမှာ ရှီတန်ခိုးရှင် ရှိတယ်… ကျုပ်က ဘယ်လိုလုပ် ယှဉ်နိုင်မလဲ…” လျိုဖန်းက ထပ်မေးသည်။

“ဆရာပြောတာက … ရှီတန်ခိုးရှင်တွေက အဲဒီအဆင့် ရောက်နိုင်တယ် ဆိုတာ သူတို့ရဲ့ ပါရမီ ရင့်သန်မှုကြောင့်ပဲ… သူတို့က ဂျူနီယာတွေရဲ့ တိုက်ပွဲမှာ ဝင်စွက်ဖက်မှာ မဟုတ်ဘူး…” ရွှီယီက လည်ဝယ်စွာ ပြန်ပြောသည်။

“ဒါမှန်တယ်…” လျိုဖန်းက လေးနက်စွာ ပြောသည်။

လူအုပ်က ထိုစကားကို ကြားသည်တွင် ထိတ်လန့် သွားကြသည်။ ချန်းယွီကား ချန်းကလန်မှ နိုဘယ်တန်ခိုးရှင် ဖြစ်သည်။ ရှီတန်ခိုးရှင်က ဝင်မပါလျှင်ကော ဘာကွာသွားမည်နည်း။

လေထဲတွင် ရီဖူရှင်းက ချန်းယွီကို စိတ်မကောင်းစွာ ကြည့်သည်။ ယခင်ကကဲ့သို့ပင် သိပ်မထူးခြားသော လှည့်စားနည်းများကို ပြန်မြင်နေရသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset