လူတိုင်းက ဝင့်ကြွားစွာ ရပ်နေသော လူငယ်ကို ကြည့်ကြသည်။ သူကား အလွန် အားကောင်းသည်။ သူ၏တိုက်ကွက် တစ်ကွက်မျှက ထိုတန်ခိုးရှင်များ အားလုံးကို ဒဏ်ရာရစေသည်။ ထိုတိုက်ကွက်၏ ဖျက်ဆီးအားကလည်း အလွန် ကြောက်မက်ဖွယ် ကောင်းသည်။
ဘုန်း…
ထိုအခိုက်တွင် လူတစ်ယောက်က လျှပ်စီးအလား ဆင်းသက် လာသည်။ ထိုလူက ရှေ့ကို တက်လာလျှင် ကောင်းကင်က တုန်ခါကာ တိုက်ကွက် တစ်ခုအား ဖော်ထုတ်ပြီးကာစ ရီဖူရှင်းထံသို့ တောင်တစ်လုံး ပုံရိပ်နှင့်အတူ ကျဆင်းလာသည်။ သူ၏စူးရှသော မျက်လုံးများက တစ်ဖက်လူကို ကြည့်ကာ ရီဖူရှင်းက သူ၏လက်အား ဆန့်ထုတ်လိုက် သည်တွင် သဘာဝ စွမ်းအင်များက နှင်တံတစ်ခုပုံစံ ဖြစ်လာသည်။
ရွှေရောင် အလင်းတန်းများ ရုတ်တရက် ထွက်လာကာ ရီဖူရှင်း၏ ခန္ဓာကိုယ်က လှုပ်ယမ်း သွားသည်ကို မြင်ကြရသည်။ သူ၏ နောက်ကျောတွင်ကား ရွှေရောင် အတောင်ပံတစ်ခု ဖြစ်ပေါ်လာ၏။ ရီဖူရှင်း၏ ခန္ဓာကိုယ်က လေထဲကို တဖြည်းဖြည်း မြင့်တက်လာကာ သူ၏လက်မှ ရွှေနှင်တံအား မြှောက်ကာ ထောင့်ဖြတ် ရိုက်ချလိုက်သည်။ ရွှေရောင် အလင်းတန်းက ကောင်းကင်ကို ဖြတ်တိုက်သွားပြီး ဘန်းခနဲ မြည်သံနှင့်အတူ တောင်ကုန်းပုံရိပ်က နှစ်ခြမ်း ဖြစ်သွားကာ နှင်တံက ထိုလူအား တိုက်ရိုက် ထိသည်။
“တက်ကြ…” လူအများအပြားက တစ်ချိန်တည်းတွင် ပေါ်လာကာ ရီဖူရှင်းထံသို့ ပြေးဝင် လာကြသည်။
ရီဖူရှင်းက လေထဲကို ခုန်တက်လိုက်လျှင် လျှပ်စီးအလင်းများ တဖျတ်ဖျတ် လက်သွားသည်။ နတ်ငှက်အတောင်ပံနှင့် လျှပ်စီးအရပ်ခြေလှမ်း ပေါင်းစပ်မှုက သူ့အား အမြန်နှုန်း၏ အမြင့်ဆုံးကို ရောက်သွားစေသည်။ သူက တည်နေရာ ခုန်ကူးသည့်အလား လူငယ် တစ်ယောက်၏ ရှေ့ကို ရောက်လာကာ သူ၏နှင်တံဖြင့် ဝုန်းခနဲ ရိုက်ချလိုက်သည်။ နောက်ထပ် အက်ကွဲသံ တစ်ခုနှင့်အတူ ထိုလူက မြေပြင်ပေါ်သို့ လွင့်စဉ် ကျသွားသည်။
ဘန်း… ဘန်း … ဘန်း…
ရီဖူရှင်း၏ အရိပ်မျှကိုသာ လူအများက မြင်ကြရသည်။ အကာနာ တန်ခိုးရှင် အနည်းငယ်မျှကသာ သူ၏လှုပ်ရှားမှုကို ခန့်မှန်းနိုင်သည်။ လူများက တစ်ယောက်ပြီး တစ်ယောက်က မြေပြင်နှင့် ထိရိုက်သံကိုလည်း ကြားနေကြရသည်။
တစ်ခဏအတွင်းတွင် မြေပြင်တွင် လူဆယ်ယောက်ခန့် လူးလှိမ့်နေကြရသည်။ အရောင်အလင်း လင်းလက်သော ထိုပုံရိပ်က အထက်နှင့်အောက် စုဆန်ကာ တိုက်ခိုက်နေပြီး သူ၏အတောင်ပံနှင့် လှုပ်ရှားဟန်များက အလွန် ဟန်ချက်ညီကာ ကြည့်ကောင်းလှသည်။ သူနှင့် ယှဉ်လျှင် ကျင်းယွန်ရှောင်းကား များစွာ လိုသေးသည်။
ကျင်းကလန်မှ တန်ခိုးရှင်များ၏ မျက်လုံးများက စူးရှသွားကြသည်။ ရီဖူရှင်းတွင်လည်း နတ်ငှက်ဝိညာဉ် ရှိနေသည်။
ချပ်…
စူးရှလင်းလက်သော ဓားတစ်ချက် ရီဖူရှင်းထံ တိုးဝင်လာသည်။ အားလုံးက လှမ်းကြည့်လိုက်လျှင် ချန်းလျူက ချန်းကလန်မှ လူတစ်စုကို ဦးဆောင်ကာ နေသူရိန်ဓားကို သုံး၌ ကြောက်မက်ဖွယ် ဓားချက်တစ်ချက် ထုတ်လွှတ် လိုက်သည်ကို တွေ့ကြရသည်။ ဓားအလင်းက လေထဲတွင်ပင် ရောင်စဉ်များ ခွဲဖြာထွက်လျက် ရီဖူရှင်းထံ လေထုကို လောင်ကျွမ်းလျက် တိုးဝင်လာသည်။
ဟူး… ဝုန်း…
နေရောင်ခြည်ဓား အလင်းများက ရီဖူရှင်းကို ဖြတ်ကျော် သွားသည်တွင် သူ့ခန္ဓာကိုယ်က ရုတ်တရက် ဟုန်းခနဲ မီးထတောက် သွားကာ နေရောင်ခြည်များက သူ့ခန္ဓာကိုယ်ကို လှည့်ပတ် စီးဆင်းသွားသည်။ သူ၏ခန္ဓာကိုယ်မှ မီးတောက်များက နေမင်းရောင်ခြည် အလား လောင်ကျွမ်း တောက်လောင် နေသည်။ နေသူရိဓားချက်ကား အမှန်ပင် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ဝါးမျိုခြင်းကို ခံရသည်။
ချက်ချင်းပင် ရီဖူရှင်း၏ နောက်တွင် နေတစ်စင်း ပေါ်လာသည်ကာ ကောင်းကင်တွင် ထွန်းလင်းသည်။ သူ၏ ရောင်ခြည်များက မျက်လုံးများကို စူးရှမှုန်ဝါး စေသည်။
“ဒုတိယမြောက် သက်စောင့်ဝိညာဉ်…” လူအုပ်က ရေရွတ်ကြသည်။ နေမင်း သက်စောင့်ဝိညာဉ်ကြောင့် သူ၏ခန္ဓာကိုယ်ကား မီးဓာတ်၏ မြစ်ဖျားခံရာ ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် သူ့အနီးတွင် မရေမတွက်နိုင်သော မီးတောက် သင်္ကေတများ ဖြစ်ပေါ်လာသည်။ ရီဖူရှင်းက မီးနတ်ဘုရားလိုပင် ရှေ့ကို တက်သွားလျှင် မီးတောက် သင်္ကေတများက ပတ်ဝန်းကျင် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားကြသည်။
ချန်းလျူနှင့် သူ့ကလန်ဝင်များက လွန်စွာ အားကောင်းသော မီးဓာတ်စွမ်းအင်ကို ခံစားကြရရာ သူတို့၏ သက်စောင့်ဝိညာဉ်များ ကိုလည်း အသီးသီး ထုတ်လွှတ်ကြသည်။
လေထဲတွင်ကား ပြိုင်ဘက်ကင်းသော သူ့ပုံသဏ္ဌာန်က နတ်လူဝံ၏ ဟန်ပင်ဖြင့် နှင်တံကို ဆုပ်ကိုင်ထားသည်။ ရီဖူရှင်း၏လက်တွင် နှင်တံက ပိုမိုကြီးမားလာကာ ဧရာမနှင်တံကြီး ဖြစ်သွားသည်။ နှင်တံကို ဝှေ့ယမ်းသည်တွင် ကောင်းကင်က မုန်တိုင်းထန် သွားသည်။
ဟူး … ရွှေရောင် အတောင်ပံအား ဖြန့်ကာ ရီဖူရှင်းက ရှေ့ကို ခုန်အုပ်လိုက်သည်။ ချန်းလျူနှင့် သူ့အဖွဲ့ဝင်များက ကြောက်မက်ဖွယ် ဖိအားကို ခံစားရကာ သူတို့၏မျက်နှာများ ပြာနှမ်း သွားကြသည်။ ရီဖူရှင်းက နှင်တံအား ဝှေ့ယမ်းလျှင် သူ့နောက်မှ လိုက်ပါလာသော ပုံရိပ်က ဧရာမကြီးမား လာသည်ကို မြင်နေရသည်။ ထိုအခိုက်တွင် သူတို့၏ မျက်လုံးရှေ့တွင် ကောင်းကင်တမျှ မြင့်မားသော ဧရာမနှင်တံကြီးက ကျဆင်းလာကာ ကမ္ဘာပျက်မတတ် အသံကြီးကို ကြားလိုက်ကြရသည်။ မြေပြင်က အက်ကွဲကြောင်းကြီး ဖြစ်သွားကာ ချန်းလျူနှင့် သူ့လူများ သွေးအန်ကြသည်။ သူတို့၏ ခန္ဓာကိုယ်က မြေပြင်ပေါ်ကို ပြိုလဲကျ၏။
ထိုအုပ်စုကား မြေပြင်ပေါ်မှ မထနိုင်တော့။ ရီဖူရှင်းက နှင်တံအား ဝှေ့ယမ်းကာ လူအများစု ရှိနေရာသို့ ထပ်လှမ်းသွားသည်။ ကောင်းကင်တွင် နှင်တံပုံရိပ်တစ်ခု ပေါ်လာကာ သူတို့ထံ ကျဆင်း လာပြန်သည်။
“လူစုခွဲကြ” တစ်ယောက်က အော်လိုက်သည်။ ချက်ချင်းပင် လူအများအပြားက ဦးတည်ရာ အရပ် အမျိုးမျိုးသို့ ဖြန့်ကြက်လိုက်ကြ သော်လည်း နှင်တံက သူတို့ထံသို့ ရောက်လာသည်သာ။
ရီဖူရှင်းအား ဘေးမှ ဝင်ရောက် တိုက်ခိုက် သူများကလည်း ရွှေရောင်နွယ်ပင်များ အောက်တွင် ရစ်ပတ်ကာ လွှင့်ပစ်ခံရသည်။
ပြိုင်ဘက်ကင်းသည်…။ ထိုအတွေးကား ကြယ်မင်းကျောင်း အပြင်ဘက်မှ လူများ၏ခေါင်းထဲကို ထိုခဏတွင်ပင် ရောက်လာခြင်း ဖြစ်သည်။ တန်ခိုးရှင် အများအပြားကား ရီဖူရှင်း၏ နှင်တံ တစ်ချက်မျှကိုပင် ခံနိုင်ရည် မရှိကြပေ။ သူကား မယုံကြည်နိုင် လောက်အောင် အားကောင်းသည်။
ယနေ့ကား ရီဖူရှင်းက ကြယ်မင်းကျောင်း၏ သားတော်အဖြစ် ချီးမြှင့်ခရကာ တော်ဝင်ဝတ်စုံကို ဝတ်ဆင်သည်။ ဆိုလိုသည်က သူက လူငယ်မျိုးဆက်အား ပြိုင်ဘက်မရှိ ဦးဆောင်သည်။ ချိန်ယုံလည်း ဝင်ရောက် တိုက်ခိုက်သည်။ သူမကလည်း တစ်ချက်တည်းဖြင့် မြေပြင်ပေါ်ကို ကျကာ ပါးစပ်မှ သွေးများ စီးကျလာသည်။ သို့သော်လည်း သူမအား တကယ်တမ်း အရှက်ရမှုကို ခံစားရသည်က ရီဖူရှင်းက သူမအား တစ်ချက်မျှပင် လှမ်းမကြည့်ခြင်းပင်။ သူ့အတွက် ချိန်ကလန်၏ သခင်မလေးက လမ်းတွင် ခေတ္တခဏ တွေ့ဆုံသူ ဖြစ်ကာ သူ အာရုံစိုက်ရန် ထိုက်တန်မှု မရှိဟူသော အချိုးမျိုးဖြစ်သည်။
သူမ တစ်ယောက်တည်းသာ မဟုတ်ပေ…။ ထိပ်သီးကျောင်း သုံးကျောင်းမှ ဝင်ရောက် တိုက်ခိုက်သူများ အားလုံးက မည်မျှ နာမည်ကြီးပါစေ သာမန်လူ ဖြစ်ပါစေ ရီဖူရှင်းအတွက် ကွဲပြားမှု မရှိပေ။ ခွဲခြား ဆက်ဆံ ခံရသူလည်း မရှိပေ။
တိုက်ပွဲအစကနေ အဆုံးအထိ အချိန်က သိပ်မကြာလိုက် သော်လည်း ယခု ရာပေါင်း များစွာသော တန်ခိုးရှင်များ အားလုံးက ရှုံးနိမ့်ခဲ့ပြီး ဖြစ်သည်။ တော်ဝင် ဝတ်စုံနှင့် သရဖူကို ဆောင်းထားရင်းက ရီဖူရှင်းက လေထဲတွင် ထည်ဝါစွာ ရပ်နေသည်။
“ကျုပ်ကို စိန်ခေါ်ချင်တဲ့လူ ရှိသေးလား…” ရီဖူရှင်း၏ အကြည့်က လူအုပ်ကြီးထံသို့ ရောက်သွားသည်။ ထိုမျှ များပြားသော တန်ခိုးရှင်များ ဝိုင်းဝန်း တိုက်ခိုက်ကြ သော်လည်း တစ်ယောက်မျှ ရီဖူရှင်းကို ယှဉ်ချနိုင်သူ မရှိပေ။ အမှန်တကယ်အားဖြင့် သူတို့အားလုံး တစ်ချက်မျှပင် မခုခံနိုင်။
လူအုပ်ထဲတွင် ရီဖူရှင်း၏ပုံစံကို ကြည့်ကာ လက်မှိုင်ချရသည်။ သူကား ယွန်ယွဲ့မြို့တွင်လည်း သည်အတိုင်း ဖြစ်သည်။ ယခု မိုးမြေကောင်းကင် မြို့တွင်ပင် သူ၏ ထွန်းတောက်မှုကို ငြှိမ်းသတ်နိုင်သူ မရှိပေ။
တခြားအရပ် တစ်ခုတွင် လူသုံးယောက်က လူအုပ်ကို တွန်းတိုး၍ ဝင်လာကြသည်။ ပိန်ပါးသော လူငယ်က ပြုံးလျက်ပြောသည်… “ညီငယ်လေးက တော်တော် မိုက်နေရောပဲ…”
“ကြည့်ရတာ သူ့စီနီယာတွေ ထိန်းကျောင်းမှု မရှိတော့ သူ့ဘဝကြီးက ပိုပိုပြီး ကောင်းနေသလိုပဲ…” နောက်ထပ် ရုပ်ချောသော လူငယ်ကလည်း ပြုံးလျက် ပြောသည်။
နောက်ဆုံးတွင် ရပ်နေသော ဝတုတ်က တောင်ပေါ်မှ သူ၏ နေ့ရက်များကို ပြန်တွေးမိသည်။ နှိုင်းယှဉ်စရာပင် ရှိပေ။ သူ၏ဘဝကား အလွန် သနားစဖွယ် ကောင်း၏။
“ထိပ်သီးကျောင်း သုံးကျောင်းကို တည်ထောင် ကတည်းက ဒါက ပထမဆုံးအကြိမ် သားတော်ဘွဲ့ထူးကို ချီးမြှင့်တာပဲ… ကြယ်မင်းကျောင်းက ဒီရိုးရာကို ဦးဆုံး ပြန်ဖောက်ထုတ်သူ ဆိုမှတော့ လုံလောက်တဲ့ လေးစားမှုကို ရဖို့ သားတော်က သူ့မျိုးဆက် တစ်ခုလုံးကို လွှမ်းမိုးဖို့ လိုတယ်… ပြီးတော့ သူက မိစ္ဆာနဂါးနယ်မြေမှာ အဆင့်မြင့် အကာနာရဲ့ စွမ်းရည်ကို ထုတ်ပြခဲ့တယ်လို့ ကြားတယ်…” သူရိယ နေမင်းကျောင်းမှ တန်ခိုးရှင် တစ်ယောက်က ပြောသည်။ ထိပ်သီးကျောင်း သုံးကျောင်းမှ ဘယ်သူကမှ ရီဖူရှင်းကို မယှဉ်နိုင်သည်က ကြယ်မင်းကျောင်း အတွက် ဘာမှ မဖြစ်သော်လည်း တခြားကျောင်း နှစ်ကျောင်း အတွက်မူ အရှက်ရစေသည်။
လူအများအပြားက မှင်တက် သွားကြသည်။ ထိပ်သီးကျောင်း သုံးကျောင်းတွင် ပါရမီရှင်များကား မရေမတွက်နိုင်အောင် ရှိသည်။ အဆင့်မြင့် အကာနာ တန်ခိုးရှင်က အကာနာ အဆင့်ငါးကို စိန်ခေါ်ခြင်းက အနည်းငယ် အနိုင်ကျင့်ရာ ရောက်ပေသည်။ သို့သော်လည်း လူအများအပြားက မိစ္ဆာနဂါး နယ်မြေမှ ကိစ္စကို သိပ်မသိကြပေ။ သူတို့ သိသည်ကား တန်ခိုး အဆင့်များစွာ ကျော်၍ တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ရီဖူရှင်းကား အကာနာ အဆင့်ငါးတွင်သာ ရှိသည်။
“အရှက်မရှိဘူး…” လောင်လင်းအာက မကျေမနပ် ပြောသည်။
ရီဖူရှင်း၏ အကြည့်က သူရိယနေမင်း ကျောင်းထံသို့ ရောက်သွားကာ ပြောသည်… “တကယ်လို့ သူရိယနေမင်း ကျောင်းက ကျုပ်ကို အဆင့်မြင့် အကာနာနဲ့ စိန်ခေါ်ချင်တယ် ဆိုရင် ထွက်လာခဲ့ပါ…”
ဟူး…
လူတစ်ယောက်က ခုန်လွှားကာ တိုက်ပွဲကွင်းပြင်သို့ ရောက်လာသည်ကို မြင်ကြသည်။ ထိုလူကို မြင်လျှင် လူအများအပြား၏အမူအရာများက ပြောင်းလဲ သွားကြ၏။
“အရှက်မရှိဘူး…” လောင်လင်းအာက ဒေါသကြောင့် မျက်နှာက နီရဲလာကာ ထိုစကားကို ထပ်ပြောသည်။ ကွင်းထဲကို ဝင်လာသူကား ချန်းကလန်မှ ချန်းဝမ်ဖြစ်သည်။ သူကား အကာနာ အမြင့်ဆုံးကို ရောက်နေပြီး ဖြစ်သည်။ သူကိုယ်တိုင်ကလည်း သူရိယနေမင်းကျောင်း၏ အတော်ဆုံးလူ တစ်ယောက် ဖြစ်ကာ သူတို့နှစ်ယောက် အကြား ကွာဟချက်က ကြီးမားလွန်းလှသည်။
ချန်းဝမ်က ရီဖူရှင်းကို ရက်စက်သော အမူအရာဖြင့် ကြည့်သည်။ လျှို့ဝှက်ဘုံ၏ နဝမအဆင့်တွင် သူ့အား ရီဖူရှင်းက တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။ ထိုအချိန်က ရီဖူရှင်းအား သိုင်းပညာ ကံစွမ်းအားများ ရစ်ပတ်ထားပြီး ယခုမူကား ကိုယ်ပိုင် စွမ်းအားများသာ ကျန်ရှိသည်။
ချက်ချင်းပင် နေသူရိန် မီးတောက်များက ချန်းဝမ်၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ သူက သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်လိုက်လျှင် ကောင်းကင်တွင် နေမင်းတစ်စင်း ပေါ်လာသည်။ နေမင်း၏ ဗဟိုချက်မတွင် ကောင်းကင်နတ်ငှက် တစ်ကောင် ဖြစ်သော ခြေသုံးချောင်း မီးငှက်၏ပုံရိပ်ကို ရေးရေးမျှ မြင်ရသည်။
ကြောက်မက်ဖွယ် စွမ်းအင်များ ချန်းဝမ်၏ ခန္ဓာကိုယ်ကို ရစ်ပတ်လာကာ သူ၏နောက်ကျောတွင် မီးလျှံ အတောင်ပံတစ်စုံ ထွက်လာပြီး အတောင်ပံကို ခတ်လျှင် မီးလျှံ ဓားသွားများက ရီဖူရှင်းထံကို ပျံသန်း လာကြသည်။
သူက လက်ကို ဆန့်ထုတ်လျှင် သူ့ခန္ဓာကိုယ်မှ မီးလျှံများက သူ့လက်တွင် နေသူရိန် နတ်ဓားတစ်လက် ဖြစ်ပေါ်လာကာ သူ့ထံမှ မီးလျှံများက အကာနာ အလယ်အလတ် အဆင့်ကို တိုက်ရိုက် လောင်ကျွမ်းစေနိုင် လောက်အောင် အားကောင်းပုံ ရနေသည်။ လူအများအပြားက ရီဖူရှင်းအတွက် စိုးရိမ်ကြသည်။ သူရိယ နေမင်းကျောင်း၏ စိန်ခေါ်မှုကို လက်ခံခြင်းက မြန်ဆန်သော ဆုံးဖြတ်ချက် တစ်ခုဟု သူတို့ ယူဆကြသည်။ သူရိယနေမင်းက အခွင့်အရေးအား လက်လွှတ်မခံဘဲ ချမ်းဝမ်အား စေလွှတ်ကာ တိုက်ခိုက်စေသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်က လေထဲတွင် ဆက်လက်၍ ပေါ်လောရပ်နေကာ သူ့ခြေထောက်တွင် လျှပ်စီးများ တဖျတ်ဖျတ် လက်နေသည်။ ထိုအခိုက်တွင် ချန်းဝမ်က သူ့ထံ ဖျန်းပက်နေသော နေမင်း မီးလျှံများ၏ အထောက်အပံ့ဖြင့် ခန္ဓာကိုယ်က လောင်ကျွမ်းလျက် ရီဖူရှင်းထံသို့ ခုန်လွှားလိုက်သည်။ သူက ရီဖူရှင်းထံသို့ နေသူရိန်ဓားဖြင့် အဝေးမှပင် လှမ်းခုတ်လိုက်သည်။
ဘန်း… ရီဖူရှင်းက မြေပြင်ကို ကန်လိုက်သည်တွင် လျှပ်စီး အရပ်ခြေလှမ်းက သူ့အား တည်နေရာကို ဆက်တိုက် ပြောင်းလဲစေသည်။ နေသူရိန်ဓား အလင်းက လွဲချော်သွားကာ အဝေးသို့အထိ လေထုကို ခွင်းကာ ဖြတ်ကျော် သွားသည်။ တန်ခိုးရှင် တစ်ယောက်က လက်ဝှေ့ယမ်းလိုက် သည်တွင် မမြင်ရသော အတားအဆီးတစ်ခု ပေါ်လာပြီး ဓားချက်က ပျောက်ကွယ် သွားသည်။
ချန်းဝမ်ကလည်း နှာခေါင်းတစ်ချက် ရှုံ့ကာ တူညီသော အလျင်ဖြင့် ရီဖူရှင်းနောက်မှ လိုက်ခုတ်သည်။ သူက နောက်တစ်ချက် လှမ်းခုတ်လိုက် သည်တွင် ဓားအလင်းက နေရောင်ခြည်အလား ချက်ချင်း ရီဖူရှင်း၏ တည်နေရာကို ဦးတည်သွားသည်။ သို့သော်လည်း ရီဖူရှင်းက ထိုဓားချက်ကို ကြိုသိနေသည့် အလား ထပ်မံ၍ ရှောင်ဖယ်ကာ သူ၏ပုံရိပ်ယောင်ကိုသာ ချန်ထားခဲ့သည်။
ချန်းဝမ် မျက်မှောင်ကြုတ် လိုက်သည်။ ရီဖူရှင်း၏ လှုပ်ရှားမှုများက သည်မျှ မြန်ဆန်မည်ဟု သူ မထင်ထားခဲ့ပေ။ သူက လေထဲကို တစ်ဖန် ခုန်လွှား လိုက်ပြန်သည်။ မရေမတွက်နိုင်သော ရောင်ခြည်များ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ လေထဲတွင် သူက ဓားအား အဆက်မပြတ် ဝှေ့ယမ်းလိုက် သည်တွင် နေရောင်ခြည် ဓားချက်များက ဦးတည်ရာ အရပ်မျိုးစုံသို့ ပြန့်ကျဲသွားကာ ရီဖူရှင်းအတွက် ရှောင်ဖယ်စရာ နေရာမရှိ ဖြစ်သွားသည်။
ရီဖူရှင်းက သူ့ထံ ပျံသန်းလာသော ဓားချက်ကို ကြည့်သည်။ သူ၏ လွတ်လပ်ခြင်း ကျင့်စဉ်က အသက် ဝင်လာသည်။ သူက ရှန့်ထို တန်ခိုးရှင်၏ ကောင်းကင် အလင်းတန်း သုံးခုကို အမွေဆက်ခံ ရထားသည်။ ထိုကောင်းကင် အလင်းတန်း သုံးခုက ထိပ်သီးကျောင်း သုံးကျောင်း၏ ပညာရပ်၏ အဆီအနှစ်များ ဖြစ်ကြသည်။ ချန်းဝမ်ကား ချန်းကလန်၏ ပါရမီရှင်ဖြစ်ကာ သူရိယ နေမင်းကျောင်းမှ နည်းစနစ်များကို အထူးပြု လေ့ကျင့်သည်။ သူက မီးဓာတ်ကို အထူးပြုလေ့ကျင့်ရာ သူက သူရိယ နေမင်းကျောင်း၏ စွမ်းရည်နှင့် အလွန် လိုက်ဖက်သည်။ ရီဖူရှင်းက ချန်းဝမ်၏ နည်းစနစ်များကို လေ့လာ အကဲခတ်လိုသည်။
ထိုစဉ်မှာပင် နေရောင်ခြည် ဓားချက်များက သူ့ထံ တိုးဝင် လာနေသည်။ ဓားတစ်ချက်စီတိုင်းက ကြောက်မက်ဖွယ် ဖျက်ဆီးအားများ ပါဝင်နေသည်။ သူ၏ခန္ဓာကိုယ်တွင် တူညီစွာပင် ကြောက်မက်ဖွယ် အလင်းများ လှည့်ပတ်နေသည်။ ချက်ချင်းပင် များစွာသော ဥက္ကာခဲများ ဖြစ်ပေါ်လာကာ သူ၏ခန္ဓာကိုယ် အနီးတွင် စုစည်း သွားကြသည်။ ဥက္ကာခဲ တစ်ခဲစီက စူးရှ လင်းလက်သော အရောင်အဆင်းများ ပါဝင်ပြီး တကယ့်ကြယ်တာရာ အလား မှိန်လိုက်လင်းလိုက် ဖြစ်လျက် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို လှည့်ပတ်နေသည်။
***