Switch Mode

အခန်း ( ၁ )

ဝိတ်ချ ချင်တယ်

အရှေ့ပြည်နယ်၊ ပူပြင်းလွန်းလှသော နွေရာသီနေ့တစ်နေ့၊ မိုးသစ်တောထဲတွင် ဖြူလွလွ ဇာပဝါ တစ်ထည် လွှမ်းခြုံထားသည့်အလား မြူခိုးများ ရစ်သိုင်းလျက်ရှိနေသည်။ မိုးထိအောင်မြင့်မားလု မတတ် သစ်ပင်အိုကြီးများသည် တစ်ပင်နှင့်တစ်ပင် နွယ်ယှက်နေကြပြီး ငှက်ကလေးများက ထိုအပင်အိုကြီးများပေါ်တွင် ဟိုမှသည် လူးလာပျံသန်းနေကြ၏။ တချို့ငှက်ကလေးများမှာ အတောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ အစာရှာထွက်ရန် မိုးကုတ်စက်ဝိုင်းဆီသို့ ပျံသန်းသွားလေသည်။

ကောင်းကင်ဝေဟင်ပြင်၌ ထာဝရတည်ရှိနေခဲ့ဟန်တူသော နေမင်းကြီးက လူသားများ မှတ်မိသိရှိနေခဲ့သည့် အသွင်သဏ္ဍာန် မဟုတ်တော့ပေ။ ထိုအစား လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာက ကြေးညိုရောင် ရှေးဟောင်း ဓားကြီးတစ်လက်က နေမင်းကြီးကို ထိုးဖောက်သွားခဲ့ပြီး ထိုဓားကြီး၏ထိပ်ဖျားပိုင်းလေးသာ မြင်ခဲ့ရ၏။

စကြဝဋ္ဌာကြီးဆီမှ ရောက်ရှိလာခဲ့သော ထိုရှေးဟောင်းဓားကြီးသည် နှစ်ပရိစ္ဆေဒ ကြာမြင့်နေခဲ့သောကြောင့်ထင် ရှေးဟောင်းအငွေ့အသက်များ ထွက်ပေါ်နေခဲ့၏။ ထိုဓားကြီးသည် ကောင်း ကင်တစ်ခွင် ဖုံးလွှမ်းလျက် ရောင်ခြည်စက်ဝန်းပမာ ပြင်းထန်သောဖိအားများကို ထုတ်လွှတ်နေခဲ့ရာ မြေပြင်ကို အစိုးရသည့်အလား ကမ္ဘာမြေပြင်ထက်ရှိသက်ရှိအားလုံး၏လေးစားသက်ဝင်ခြင်း ခံခဲ့ရလေသည်။

အတန်ငယ်ဝေးသောနေရာမှကြည့်လျှင် မိုးသစ်တောနှင့်နေမင်းကြီးက ရင်သပ်ရှုမောဖွယ် ကောင်းသော ဆိတ်ငြိမ်ပန်းချီကားတစ်ချပ်အလား ဖြစ်နေသည်။ သို့သော် အဝေးတစ်နေရာမှ ထွက်ပေါ်လာသော အသံဗလံများကြောင့် ထိုအေးချမ်းသောမြင်ကွင်းလေးက ပျက်စီးသွားခဲ့ရသည်။ မိုးသစ်တောဆီသို့ နီရဲနေသော မီးပုံးပျံတစ်လုံးက ဖြည်းညင်းစွာ ပျံသန်းလာနေခြင်း ဖြစ်သည်။

မီးပုံးပျံကြီး၏ကိုယ်ထည်က လွန်စွာကြီးမားလှပြီး လူရာကျော်ဆန့်လေသည်။ ထိုနေရာတွင် လူငယ်များနှင့် မိန်းမပျိုများက သုံးယောက် သို့မဟုတ် လေးယောက်တစ်အုပ်စု ဖွဲ့လျက် ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေကြ၏။

သူတို့က ပြည်ထောင်စုအတွင်းရှိ တာအိုကျောင်းကြီးလေးကျောင်းရှိသည့်အနက် တစ်ခုဖြစ်သော ကောင်းကင်တာအိုကျောင်း၏ ကျောင်းသားသစ်များဖြစ်ကြသည်။ သူတို့က ပညာဆက်လက် သင်ကြားရန် မိုင်ပေါင်းများစွာ ကွာဝေးသော ဇာမဏီမြို့မှ ကောင်းကင်မြို့သို့ သင်္ဘောဖြင့် ပျံသန်းလာနေကြခြင်းဖြစ်သည်။

ပညာဆက်လက်သင်ကြားရရန် သူတို့အားလုံး မျှော်လင့်ချက်ကြီးမားနေကြခြင်းနှင့် လူငယ်လေးများနှင့် မိန်းမပျိုလေးများကြား လွန်စွာရင်းနှီးသော ဆက်ဆံရေးများရှိနေကြခြင်း
ကြောင့် ဖြစ်လိမ့်မည်။ သူတို့အားလုံးက မိုင်ထောင်ပေါင်းများစွာ ကွာဝေးသော ခရီးရှည်ကြီးကို တစ်ချက်ကလေးမှ ပျင်းရိငြီးငွေ့ခြင်းမရှိဘဲ လိုက်ပါလာကြလေသည်။

ခရီးရှည်ကြီးဖြစ်သည့်အတွက်ကြောင့် သင်္ဘောကြီးထဲတွင် ထမင်းစားခန်းများ၊ ကျင့်ကြံခြင်း အခန်းများ၊ ဆေးဝါးပစ္စည်းများနှင့် တခြားအသုံးအဆောင်ပစ္စည်းများထားသိုရာ အခန်းတို့ ပါရှိလေသည်။

သင်္ဘောကြီး၏ထမင်းစားခန်းမထဲတွင် ကျောင်းသားများ ရှိနေကြသည်။ စားပွဲတစ်လုံးတွင် ဗိုက်ပူပူနှင့် ဖက်တီးလေးတစ်ယောက် ထိုင်နေ၏။

သူက အသက်ဆယ့်ခုနစ်နှစ်ခန့်ရှိပြီး အပြာရောင် ဖောင်းပွနေသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏သေးငယ်လုံးဝန်းသော မျက်နာလေးက အရေးအကြောင်းများမရှိဘဲ ချောမွေ့ပြောင်ရှင်းနေ၏။ သူသည် သူ၏ဝမ်းဗိုက်ကို ပုတ်လိုက်ရင်း သူ့ရှေ့ရှိ စားပြီးသား ပန်းကန်ပြား ရှစ်ချပ်ကို နောင်တကြီးစွာ ရနေသည့်မျက်ဝန်းများနှင့် ငေးစိုက်ကြည့်နေသည်။

“ ငါတော့ နောက်ထပ် တစ်ပေါင်ခွဲလောက် ဝိတ်တက်တော့မယ်။ ဘာလို့ ဝိတ်တက်နေရတာတုန်းကွာ။ ပြည်ထောင်စုဥက္ကဋ္ဌ ဖြစ်ချင်ရင် ငါ အစောကြီး သေလို့ မဖြစ်ဘူးလေ ”

ဖက်တီးလေးသည် လေချဉ်တက်လိုက်ရင်း အစားအများကြီး စားခဲ့မိသည့်အတွက် စိတ်ထဲတနုံ့နုံ့ဖြစ်နေလျက် မျက်နှာကြီးရှုံ့မဲ့ကာ မျက်မှောင်ကြုတ်နေ၏။

ဖက်တီးလေး၏နာမည်မှာ ဝမ်ပေါင်လဲ့ဖြစ်သည်။ မကြာသေးမီက ကောင်းကင်တာအိုကျောင်းသို့ ဝင်ခွင့်ရခဲ့သော ကျောင်းသားများထဲမှ တစ်ယောက်ဖြစ်သည်။ သူ၏အသက်တမျှအရေးကြီးသော အိပ်မက်မှာ အရာရှိတစ်ယောက်ဖြစ်လာရန်ပင်။ ပို၍တိကျစွာပြောရလျှင် ဥက္ကဋ္ဌတစ်ယောက် ဖြစ်လာစေရေးပင်။ ဤကဲ့သို့ မြင့်မားသောအိပ်မက်တစ်ခု ဖြစ်ပေါ်လာရခြင်းမှာ သူ ငယ်စဉ်ဘဝက ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကြောင့်ဖြစ်ပေသည်။

သူ့မှတ်ဥာဏ်များထဲတွင် သူ၏အဖေက သူ့ခေါင်းကို ပုတ်ကာ ပညာရှိဆန်စွာ ပြောဆိုခဲ့သည်များအား မကြာခဏ သတိရနေသည်။

“ ပေါက်လဲ့၊ အရာရှိတစ်ယောက်ဖြစ်တာ အကောင်းဆုံးပဲကွ။ မှတ်ထား၊ ငွေက အရာအားလုံးကို ဖြေရှင်းပေးနိုင်ပေမဲ့ သားကို တခြားသူတွေက အနိုင်ကျင့်လို့ရတုန်းပဲ။ ဘယ်သူမှ အနိုင်ကျင့်တာ မခံချင်ရင်တော့ သားအနေနဲ့ အရာရှိတစ်ယောက်ဖြစ်အောင် လုပ်ရမယ်။ လူတွေအားလုံးကို အုပ်ချုပ်နိုင်တဲ့ ဥက္ကဋ္ဌတစ်ယောက်ဖြစ်လာရင်တော့ အတိုင်းထက်အလွန်ပေါ့ကွာ ”

အခြေခံကျောင်းသို့ မဝင်ရောက်ခင်အချိန်ထိ ဝမ်ပေါင်လဲ့က သူ့အဖေ၏စကားများကို နားမလည်ခဲ့သေးချေ။ သူ့အတွက် ကံကြမ္မာငင်သောနေ့ရက်ဟု ဆိုရလိမ့်မည်၊ ထိုနေ့က သူသည် အိမ်စာကို အချိန်မီပြီးစီးခြင်းမရှိခဲ့၍ အတန်းခေါင်းဆောင်၏အော်ဟစ်ငေါက်ငမ်းခြင်း ခံခဲ့ရသည်။ အတန်းခေါင်းဆောင်ကို သကြားလုံးနှစ်လုံး လာဘ်ထိုးခဲ့သော်လည်း သူ့နာမည်ကို မှတ်သွားခဲ့သေးသည်။ ထိုအကြောင်းအရာအားလုံးက သူ၏ငယ်ရွယ်နုနယ်သောနှလုံးသားထက်တွင် အမာရွတ်ပမာ စွဲကျန်ရစ်ခဲ့လေသည်။

ထိုအချိန်မှစ၍ သူက အတန်းခေါင်းဆောင်ဖြစ်ချင်လာခဲ့သည်။ တခြားလူများကို အနိုင်ကျင့်ခြင်း မဟုတ်သော်လည်း သူ့ကို တခြားလူများက အနိုင်လာမကျင့်ကြတော့မည်မှာ သေချာပေသည်။

တဖြည်းဖြည်း သူ အရွယ်ရောက်လာသည်နှင့်အမျှ အတန်းခေါင်းဆောင်များကို လူအများစုက အနိုင်ကျင့်ကြကြောင်း သူ နားလည်လာခဲ့သည်။ သို့ဖြစ်ရာ အမြင့်ဆုံးရာထူးဖြစ်သော
ပြည်ထောင်စုဥက္ကဋ္ဌဖြစ်လာသောအခါမှသာ သူ့ကို မည်သူမျှ အနိုင်မကျင့်ကြလိမ့်မည်မှာ သေချာနိုင်သည်။ ကောင်းကင်တာအိုကျောင်းသို့ သူ ရောက်ရှိလာခဲ့သည့် အကြောင်းမှာလည်း ပြည်ထောင်စု၏ အထက်တန်းအရာရှိများအားလုံးက တာအိုကျောင်းကြီး လေးကျောင်းမှ ဆင်းသက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။

သို့သော် သူ့ဘဝက ရွှေမှုန်ကြဲသောလမ်းမှာ လျှောက်နေရခြင်းမဟုတ်ပေ။ သူ့မိသားစု သွေးမျိုးဆက်က လွန်စွာထူးဆန်းသည်။ လွန်ခဲ့သောတစ်နှစ်အကြာက ပိန်ချုံးချိနဲ့လွန်း၍ အရိုးစုပမာ ဖြစ်နေသော သူ့အဖေက သူ့အား ဆွေမျိုးစဥ်ဆက်ဇယားအား ပြသခဲ့သည်ကို သူ မှတ်မိနေသေးသည်။

၎င်းကို မြင်တွေ့ဖူးသည်မှာ ဝမ်ပေါင်လဲ့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ သူ့ဘိုးလေးများ အားလုံးက အသက်သုံးဆယ့်ငါးမတိုင်ခင် ပေါင်နှစ်ရာ ကျော်ခဲ့ခြင်းကြောင့် သေဆုံးသွားရခြင်း ဖြစ်ကြောင်း သူသိရှိခဲ့ရသည်။

ထိုညက ဝမ်ပေါင်လဲ့ အိပ်မက် မက်ခဲ့လေသည်။ သူက ပြည်ထောင်စုဥက္ကဋ္ဌ မဖြစ်လိုက်ဘဲ သူ့ဘိုးဘေးဖက်တီးကြီးများနှင့် ပေါင်းစည်းသွားခဲ့ရသည်ဟူ၍။

နောက်နှစ်များတွင် သူ့အတွက် ဝိတ်ကျအောင်လုပ်ရခြင်းသည် အရေးကြီးသော ကိစ္စတစ်ရပ် ဖြစ်လာခဲ့သည်။ ရှေးဦးဝိညာဉ်ခေတ်တွင် ဝိညာဉ်ချီများကြွယ်ဝပြီး ရှေးဟောင်းသိုင်းပညာရပ်များ တိုးတက်လာခဲ့ကာ ဝိတ်ကျစေသောပညာရပ်များစွာ ရှိလေသည်။ သို့သော် ဝမ်ပေါင်လဲ့၏ ကိုယ်အလေးချိန်မှာ မပြောင်းမလဲတည်ရှိနေခဲ့ပြီး ထိုပညာရပ်များအားလုံးကို ကျင့်ကြံလိုက်သည့်အခါ ပို၍ပင် ဝိတ်တက်လာ၏။

ဝမ်ပေါင်လဲ့သည် အတိတ်ကအကြောင်းအရာများကို ပြန်လည်တွေးတောနေမိရင်း နောက်ရက်တွင် ဝိတ်ကျစေမည့်နည်းများအား ရှာမည်ဟု ဆုံးဖြတ်ချက်ချကာ အံကို တင်းတင်းကြိတ်လိုက် လေသည်။

သူက ဆုံးဖြတ်ချက်ချပြီးနောက် ချက်ချင်းစိတ်သက်သာရာရလာသည်။ ပြတင်းပေါက်အပြင်ဘက်ရှိ အပြာရောင်မိုးသားကောင်းကင်ကြီးကို ငေးကြည့်ကာ သူက သီချင်းလေးညည်းလိုက်၏။ သူ့စိတ်အခြေအနေက ယခင်အတိုင်း ပြန်ဖြစ်လာခဲ့လေပြီ။

“ သမားတော်လုက ငါပေးလိုက်တဲ့လက်ဆောင်ကို သဘောကျမလား သိချင်လိုက်တာ။ အဲဒါ အိမ်ကနေ ငါရခဲ့တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုပဲ။ အဲဒီအဘိုးကြီး သဘောကျလောက်မှာပါ ”
ဝမ်ပေါင်လဲ့သည် ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်ရင်း သမားတော်လု၏ သဘောကျမှုကိုသာ ရရှိခဲ့လျှင် တာအိုကျောင်းတွင် သေးငယ်သောနောက်ခံတစ်ခု ရရှိလိမ့်မည်ဖြစ်ကြောင်း တွေးနေသည်။

” ဆရာတွေမှာ သူ့လုပ်ပိုင်ခွင့်နဲ့သူရှိတယ်။ ဒါပေမဲ့ နောင်တချိန်ကျရင် ဆရာတွေအားလုံးကို လက်ဆောင်ပစ္စည်းတွေ ငါပေးရမယ်။ သမားတော်လုက အတော်လေး အသက်ကြီးနေပြီဆိုတော့ ကျောင်းမှာ ထိုက်သင့်သလောက် အရှိန်အဝါကြီးမားလိမ့်မယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခု ငါချမှတ်လိုက်တာပဲ ”
ထိုအကြောင်းကိုတွေးကာ ဝမ်ပေါင်လဲ့က ကျေနပ်အားရနေသည်။ သူ့စိတ်ထဲတွင် သူက ပြည်ထောင်စုဥက္ကဋ္ဌဖြစ်ရန် ခြေတစ်လှမ်းနီးလာပြီဟု ခံစားနေရတော့သည်။

ပြည်ထောင်စုဥက္ကဋ္ဌရာထူးနှင့်ပတ်သက်၍ သူ့ကိုယ်သူ အလွန်အမင်း ယုံကြည်မှုရှိ၏။ ထိုယုံကြည်မှုက သူ ကလေးဘဝကတည်းက စုဆောင်းလာခဲ့သော အထက်တန်းအရာရှိများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို လေ့လာခြင်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ အထက်တန်းအရာရှိတစ်ယောက်ဖြစ်လာစေရန်အလို့ငှာ ဝှက်ဖဲတချို့ကိုပင် သူ အသုံးပြုနိုင်၏။

သူက စိတ်ပျော်လာသောကြောင့် ပြတင်းပေါက်အပြင်ဘက်ရှိ မိုးသားကောင်းကင်ကြီးကို ငေးကြည့်လိုက်ရာ တိမ်ကင်းစင်ကာ လှပနေသည်ကို တွေ့လိုက်ရလေသည်။
ထို့နောက် သူ့မျက်လုံးများ ရုတ်ချည်းပြူးကျယ်သွားသည်။ အပြာရောင်မိုးသားကောင်းကင် ထက်တွင် တိမ်မည်းများ စုစည်းလာနေသည်ကို သူ သတိထားမိလိုက်၏။ ထိုတိမ်မည်းများက လျှပ်တစ် ပြက်အတွင်း ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားပြီး လျှပ်စီးများလည်း တဖျပ်ဖျပ်လက်လာသည်။ တိမ်များက တရွေ့ရွေ့ချည်းကပ်လာနေပြီး ကျောင်းသားများစွာ သတိထားမိလိုက်ကာ အလန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။

” အဲဒါ မိုးကြိုးမုန်တိုင်းပဲ ”

ဝမ်ပေါင်လဲ့သည်လည်း အထိတ်တလန့် အော်ဟစ်လိုက်၏။ ရှေးဦးဝိညာဉ်ခေတ် စတင်လာပြီးနောက် ဝိညာဉ်ချီများ ထွက်ပေါ်လာမှုကြောင့် ကမ္ဘာအနှံ့အပြားတွင် အံ့သြတုန်လှုပ်ဖွယ် ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့သည်။ ယခင်ကအတိုင်း ပျံသန်းနိုင်သော ပစ္စည်းများကို အသုံးပြုခြင်းက လုံခြုံစိတ်ချရသော ခရီးတစ်ခု မဖြစ်တော့သောကြောင့် ဝိညာဉ်ကျောက်တုံးများ လောင်စာဖြည့်ထားသည့် မီးပုံးပျံ သင်္ဘောများကို အသုံးပြုလာခဲ့ကြသည်။

ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်နေစဉ် ရုတ်တရက် မိုးကြိုးတစ်ခု ပစ်ခတ်လာ၏။ မိုးကြိုးတိမ်မည်းကြီးက လျင်မြန်စွာ အရွယ်အစားကြီးမားလာပြီး ၎င်းအတွင်းမှာ မိုးကြိုးလျှပ်စီးများနှင့် တဖျပ်ဖျပ်လက်နေတော့သည်။ အနက်ရောင်ကွန်ခြာတစ်ခုကဲ့သို့ ကောင်းကင်တစ်ခွင် ပြိုးပြိုးပြက် ပြက် လင်းလက်နေရာ ကြည့်ရှုနေကြသူများ၏နှလုံးခုန်နှုန်းများ မြန်ဆန်လာတော့သည်။ သင်္ဘောကြီး သည်ပင် အရှိန်လျော့သွားလေ၏။

ကျောင်းသားများအားလုံး စိုးရိမ်ပူပန်နေကြစဉ် ထမင်းစားခန်းမ၏တံခါး ပွင့်လာပြီး လေအေး တစ်ချက် ဖျတ်ခနဲတိုက်ခတ်လာကာ အဖြူရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ယောက် ဝင်လာသည်။ သူ့မျက်နှာထက်တွင် အရေးအကြောင်းများရှိနေသော်လည်း သူ့ထံမှ နူးညံ့သိမ်မွေ့သော အငွေ့အသက်များ ထွက်ပေါ်နေ၏။ သူ့အသွင်က လူငယ်တစ်ယောက်အလား ဖျတ်လတ်တက်ကြွ နေဟန်ရှိပြီး အထူးသဖြင့် စူးရှတောက်ပနေသောသူ့မျက်လုံးများအရ သူသည် ဖြောင့်မတ်မှန်ကန်သော လူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေသည်။ သူရောက်ရှိလာပြီးနောက် သူ၏ခန့်ညားထည်ဝါသော အသံကြီးက ထမင်းစားခန်းတစ်လျှောက် လွင့်ပျံလာလေသည်။

” အားလုံးပဲ ဝိညာဉ်ကျင့်ကြံခြင်းအခန်းကို ချက်ချင်းပြန်ပြီး သံလိုက်ဝိညာဉ်ဝတ်စုံကို ဝတ်ဆင်ထားကြပါ။ နောက်ထပ်အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းစာ အချိန်အတွင်း မိုးကြိုးမုန်တိုင်းနယ်မြေကို ရောက်လိမ့်မယ် ”

သူ့စကားဆုံးသည်နှင့် ထမင်းစားခန်းမအတွင်းရှိ ကျောင်းသားများအားလုံးက အလျင်အမြန် မတ်တတ်ရပ်လိုက်လေသည်။

ဝမ်ပေါင်လဲ့၏မျက်လုံးများ တလက်လက်တောက်ပနေသည်။ သူ့ရှေ့ရှိ အကြီးအကဲသည် သူလက်ဆောင်ပေးခဲ့သော သမားတော်လုဖြစ်သည်။ ဝမ်ပေါင်လဲ့သည် သမားတော်လု၏ ဟန်အမူအရာကိုကြည့်ကာ သူ၏ရင်းနှီးမြှုပ်နှံမှု မှန်ကန်သည်ဟု ယုံကြည်လာလေသည်။ အဘိုးအိုက အံ့မခန်းအရှိန်အဝါကြီးမားသော လူတစ်ယောက်ဖြစ်ပြီး သူက မှန်ကန်သော အကွက်ကို ရွှေ့လိုက်ခြင်းဖြစ်ကြောင်း တွေးနေမိသည်။

ဝမ်ပေါင်လဲ့သည် သူ့လုပ်ရပ်အတွက် သဘောကျနေစဉ် သမားတော်လုသည် အခန်းတွင်းသို့ လှည့်ပတ်ကြည့်ရှုနေရာမှ ဝမ်ပေါင်လဲ့ကို တွေ့မြင်သွား၏။ သူက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း ဝမ်ပေါင်လဲ့ဆီသို့ လျှောက်လာကာ အနက်ရောင်မျက်နှာဖုံးတစ်ခု ပစ်ပေးလိုက်လေသည်။

” အသက်ငယ်ငယ်လေးနဲ့ ဒီလိုတွေ လျှောက်လုပ်မနေနဲ့။ တာအိုကျောင်းကိုတောင် မရောက်သေးဘူး။ လာဘ်ပေးလာဘ်ယူတွေတောင် လုပ်တတ်နေပြီ။ ငါက အတွေ့အကြုံများနေပြီ။ မင်းရဲ့မျက်နှာဖုံးကို ပြန်သိမ်းထားလိုက် ”
သမားတော်အိုကြီး၏အသွင်အပြင်က တည်ကြည်နေပြီး သံမဏိကိုပင် ဖြတ်တောက်ပစ်နိုင်သည့်အလား ဖြောင့်မတ်မှန်ကန်သောအသွင်ဖြင့် ဝမ်ပေါင်လဲ့ကို သတိပေးစကား ဆိုလိုက်လေသည်။

ဝမ်ပေါင်လဲ့၏ရင်ထဲ ဒိန်းခနဲဖြစ်သွားပြီး မျက်နှာဖုံးကို ဖမ်းယူလိုက်လေသည်။ သမားတော် ဒေါသထွက်နေကြောင်း သူသိလိုက်လေရာ စိုးရိမ်စိတ်ဝင်လာ၏။ ရုတ်တရက် သူက ဖြေရှင်းချက်တစ်ခု ပေးရန်ပြင်လိုက်စဉ်မှာပင် အထက်တန်းအရာရှိများ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများထဲမှ မှတ်သားထားခဲ့ရသော ဝှက်ဖဲတစ်ချပ်ကို သတိရမိလိုက်လေသည်။ ၎င်းမှာ “ ဂုဏ်အရှိန်အဝါကြီးမားသူတစ်ယောက်၏ရှေ့တွင် ကိုယ့်အမှားကို ဝန်ခံလိုက်ခြင်းက ပညာရှိသောလုပ်ရပ်တစ်ခု “ဟူ၍ ဖြစ်ပေသည်။ ယထာဘူတကျကျပြောရလျှင် ထိုလုပ်ရပ်က ကြီးသောအမှုကို ငယ်သောအမှုအဖြစ် ပြောင်းလဲသွားစေလိမ့်မည်။

သို့ဖြစ်ရာ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး နောင်တကြီးစွာရနေဟန်ဖြင့် သူ့အမှားကို ဝန်ခံလိုက်လေသည်။
” ဆရာ၊ ဆရာပြောတာ မှန်ပါတယ်။ ကျွန်တော် အမှားလုပ်လိုက်မိပါတယ် ”

သမားတော်လုမှာ အနည်းငယ် အံ့အားသင့်သွားသည်။ ကျောင်းသားက သူ့အမှားကို အလွယ်တကူ ဝန်ခံလာခဲ့ရာ သူ ပြင်းထန်စွာ အပြစ်မတင်နိုင်တော့ချေ။

ဝမ်ပေါင်လဲ့သည် သမားတော်လု၏မျက်နှာအမူအရာကို မြင်သောအခါ စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ အထက်တန်းအရာရှိများ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိက မည်မျှအသုံးဝင်လဲဆိုသည်ကို တွေးတောကာ သူ သဘောကျနေ၏။

သမားတော်က ဟမ့်ခနဲ အသံတစ်ချက်ပြုလိုက်ပြီး ခေါင်းကိုမော့ကာ ထမင်းစားခန်းမအတွင်းရှိ ကျောင်းသားအားလုံးကို ကြည့်လိုက်လေသည်။ သူက ညာလက်ကို မြှောက်ကာ သူတို့အားလုံးဆီသို့ လက်ညှိုးထိုး၍ ပြောလိုက်၏။

” မင်းတို့အားလုံးက ကောင်းကင်တာအိုကျောင်းရဲ့ အနာဂတ်ကျောင်းသားတွေဆိုပေမဲ့ အရင်တုံးက မင်းတို့လုပ်ခဲ့တာတွေကို ပြန်တွေးကြည့်လိုက်ကြ။ မင်းတို့ မှတ်ထားရမှာက တိုက်ခိုက်ရေးသမားတွေဆိုတာ အရင်ဦးဆုံး ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ရမယ်။ ပြီးတော့ စဉ်းစားတွေးတောနေရမယ်။ နောက်ဆုံးအနေနဲ့ အဲဒီအတွေးတွေ အကောင်အထည်ပေါ်လာအောင် လုပ်ဆောင်ရမယ် ”

သမားတော်အိုကြီး၏ စကားသံများက ထမင်းစားခန်းမတစ်လျှောက် ပဲ့တင်ထပ်နေသည်။ ထိုစကားလုံးများကို ကြားလိုက်ရသူတိုင်း ရှက်ရွံ့ကာ ခေါင်းများကို ငုံ့ထားကြလေသည်။ ဝမ်ပေါင်လဲ့၏မျက်လုံးများမှာ ချက်ချင်း တောက်ပလာ၏။ လက်ရှိအချိန်က သူ တောက်ပရန် အခွင့်အခါကောင်းဖြစ်သည်ဟု ခံစားလိုက်ရသည်။

သူက မှတ်စုစာအုပ်လေးတစ်အုပ်ကို အလျင်အမြန် ထုတ်ယူလိုက်ပြီး သမားတော်အိုကြီး၏စကားလုံးများကို ချရေးထားလိုက်သည်။ သမားတော်အိုကြီး ပြောကြားနေစဉ် တစ်လျှောက် သူက စိတ်အားတက်ကြွနေသော မျက်နှာနှင့် သမားတော်ကို မော့ကြည့်ကာ စကားလုံးတစ်လုံးချင်းစီတိုင်းကို မှတ်မိရန် ကြိုးစားနေသည့်အလား လေးနက်တည်ကြည်သော အမူအရာနှင့် ခေါင်းတဆတ်ဆတ် ညိတ်နေလေသည်။ ထိုအခြင်းအရာသည်လည်း အထက်တန်းအရာရှိများ၏ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲမှ သင်ကြားချက်များဖြစ်သည်မှာ သိသာထင်ရှားလှသည်။

သူ၏တခြားအတန်းဖော်များက ထိုအခြင်းအရာကို မြင်သွားကာ ဝမ်ပေါင်လဲ့ကို နတ်ဘုရားတစ်ပါးအလား ကြည့်နေကြတော့သည်။

သမားတော်သည်လည်း ဝမ်ပေါင်လဲ့ဆီသို့ အကြည့်ရောက်သွား၏။ သူ့နှလုံးသားထဲတွင် ထူးဆန်းသောအာရုံတစ်ခု ရုတ်ချည်း ထိုးတက်လာသည်။ ကျောင်းသားပေါင်းများစွာကို သူ သင်ကြားပေးခဲ့သည့်တစ်လျှောက် ဤကဲ့သို့ ထူးဆန်းမှုမျိုးကို ကြုံတွေ့ခဲ့ရဖူးသည်မှာ ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။ သူက အတန်ကြာစိုက်ကြည့်နေပြီးနောက် ထေ့ငေါ့စကားဆိုလိုက်သည်။

” ခွေးကောင်လေး၊ ငါ့ကို ဆွဲဆောင်ဖို့ ဒီလောက်မလွယ်ဘူးကွ။ မိုးကြိုးမုန်တိုင်းနယ်မြေကိုသာ မင်း ကျေးဇူးတင်လိုက်တော့။ ဒီလိုမှမဟုတ်ရင် မင်းကို သုံးနေ့နဲ့ သုံးည လုံးလုံး စာသင်ပစ်တယ်။ အဲဒီအခါကျရင်သာ မင်းရဲ့မှတ်စုစာအုပ်ပေါက်စလေးထဲ အကုန်လုံးမှတ်ထားနိုင်မလား စိတ်ဝင်စားဖို့ ကောင်းသွားမယ် ”

ထိုစကားလုံးများကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် သူ့အသွင်က ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်မှ ပညာရှင်တစ်ဦး၏အငွေ့အသက်များ ထွက်ပေါ်လာကာ ထမင်းစားခန်း တစ်ခုလုံး ပြည့်ကြပ်သွားသည့်အလား ထင်မှတ်လိုက်ရလေသည်။ ကျောင်းသားတိုင်း လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ သမားတော်အိုကြီးက ဥာဏ်ကစားသည့်နေရာတွင် ဆရာတစ်ဆူဖြစ်ကြောင်း သူတို့အားလုံး ခံစားလိုက်ကြရသည်။

ဝမ်ပေါင်လဲ့က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ရင်း သူ့အိတ်ထဲမှ ကျောက်စိမ်းပေလွှာကို ဆွဲထုတ်ရန် ပြင်လိုက်သည်။ သို့သော် လက်ရှိအခြေအနေနှင့် မိုးကြိုးမုန်တိုင်းနယ်မြေသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း စဉ်းစားမိလိုက်သောအခါ ကျောက်စိမ်းပေလွှာကို ဆွဲထုတ်မည့်အကြံအား လက်လျော့လိုက်သည်။ ဝါရင့်ဆရာကြီးတစ်ယောက်၏ရှေ့တွင် အရှုံးပေးလိုက်ရခြင်းက ရှက်ရွံ့စရာ ကိစ္စတစ်ခု မဟုတ်ပေ။

သမားတော်အိုကြီးသည် ကျောင်းသားအားလုံး၏အမူအရာများကို မြင်လိုက်ရသောအခါ အားရကျေနပ်သွားသည်။ ထို့နောက် သူက စိတ်ဓာတ်မြှင့်တင်ရေး စကားလုံးတချို့ ပြောကြားလိုက်လေ၏။

” မှတ်ထားကြ။ မင်းတို့အားလုံး ကျင့်ကြံရာမှာပဲ အာရုံစိုက်ထား၊ ေလာဘကြီးတာ၊ လိမ်ညာလှည့်ဖျားတာတွေ မလုပ်ကြနဲ့။ ချစ်သူရည်းစားထားဖို့ဆို စိတ်ကူးထဲတောင် မထည့်နဲ့။ တဏှာရာဂနဲ့ အန္တရာယ်ဆိုတာ ဒင်္ဂါးပြားတစ်ခုရဲ့ မျက်နှာပြင်နှစ်ဖက်လိုပဲ။ မင်းတို့လုပ်နေတာတွေက မင်းတို့ လျှောက်လှမ်းရမယ့် လမ်းတွေအပေါ်မှာ သက်ရောက်မှုရှိတယ် ”

ထိုစကားလုံးများကို ပြောပြီးသည်နှင့် သမားတော်အိုကြီး၏ လက်ပတ်ဆီမှ ချိုလွင်သောအသံတစ်သံ ထွက်ပေါ်လာလေသည်။

” ဆရာကြီး ဘယ်ရောက်နေတာတုန်း။ သမီးရဲ့ ဝိညာဉ်သံလိုက်ဝတ်စုံကို မတွေ့တော့လို့။ ဘယ်နားလေးကို ထားလိုက်တာတုန်း။ မြန်မြန်လာပြီး ရှာပေးပါဦးရှင့် ”

ဆွဲဆောင်မှုရှိသော အသံလေးတစ်သံကြောင့် သမားတော်အိုကြီး၏ခန္ဓာကိုယ် ဆတ်ခနဲ တုန်ခါသွားသည်။ သူက ချောက်ကပ်ကပ် ချောင်းဟန့်လိုက်ပြီး ကျောင်းသားအားလုံး ကို စူးစိုက်ကြည့်လိုက်လေသည်။ ထို့နောက် သူက ချာခနဲလှည့်ကာ သုတ်ချေတင်ပြေးသွားတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် သူက စိတ်လှုပ်ရှားစွာဖြင့် လက်ပတ်ဆီသို့ စကားဆိုလိုက်လေ၏။
” အို ကလေး၊ စိတ်မပူနဲ့။ အခုပဲ လာနေပြီနော် ”

အဖြစ်အပျက်အလှည့်အပြောင်းကား မြန်ဆန်လွန်းလှသည်။ လူအားလုံးမှာ အံ့အားသင့်လျက် ကျန်ရစ်ခဲ့၏။ ဝမ်ပေါင်လဲ့သည်ပင် စိတ်ပျက်ကာ အံ့အားသင့်သွားခဲ့ရသည်။ အတန်ကြာပြီးနောက် သူက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။ ထို့နောက် ထမင်းစားခန်းထဲမှ စကားပြောသံများ ဟိန်းထွက်လာသည်။ ဝမ်ပေါင်လဲ့က အံတင်းတင်းကြိတ်ကာ ကျိန်ဆဲလိုက်တော့သည်။

အရှက်မရှိလိုက်တာ၊ သောက်ကျင့်မကောင်းတဲ့အဘိုးကြီး၊ ကျောင်းသူတွေအများကြီးရှိပေမဲ့ ငါတို့အတွက်တောင် မလောက်တာ၊ ကိုယ့်အသက်အရွယ်ကိုမှမထောက် ငါတို့ဆီကနေ လုယူချင်နေတယ်။ ဒါလား အရာရှိဆိုတာ….

ဝမ်ပေါင်လဲ့သည် ထိုကိစ္စကို တမြုံ့မြုံ့တွေးနေမိသည်နှင့်အမျှ ပိုမိုဒေါသထွက်လာကာ သူ့ပတ်လည်ရှိ ကျောင်းသားများနှင့်အတူ အတင်းတုတ်လေတော့သည်။ သူ့စိတ်ထဲတွင် အရာရှိတစ်ယောက် ဖြစ်လိုသောဆန္ဒမှာ ခိုင်မာပြတ်သားလာ၏။

နောက်ထပ်အချက်ပေးသံတစ်သံ လွင့်ပျံလာပြီး ကျောင်းသားအားလုံး၏စကားဝိုင်းများ ဆုံးခန်းတိုင်သွားသည်။ သူတို့အားလုံး ဝိညာဉ်ကျင့်ကြံခြင်းအခန်းဆီသို့ ချက်ချင်း အပြေးအလွှား သွားလိုက်ကြသည်။

ဝိညာဉ်ကျင့်ကြံခြင်းအခန်းသည် သင်္ဘောကြီး၏အလယ်တွင်တည်ရှိပြီး ၎င်း၏နာမည်အတိုင်း ကျောင်းသားများ ကျင့်ကြံရာနေရာဖြစ်သည်။ ထို့ပြင် ၎င်းက သင်္ဘောကြီးအတွင်းရှိ အလုံခြုံဆုံးအခန်းတစ်ခုလည်းဖြစ်ပေသည်။

ဝိညာဉ်ကျင့်ကြံခြင်းအခန်းထဲတွင် ကျောင်းသားများစုရုံးရောက်ရှိလာကြပြီး ဆရာများအောက်တွင် အတန်းလိုက်ထိုင်လိုက်ကြသည်။ သူတို့အားလုံးက ကောင်းကင်တာအိုကျောင်းမှ ပေးထားသည့် ဝိညာဉ်သံလိုက်ဝတ်စုံများကို ဝတ်ဆင်ထားကြ၏။

ဝိညာဉ်သံလိုက်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီးသည့်တိုင် ဝမ်ပေါင်လဲ့က သမားတော်လုအပေါ် ဒေါသထွက်နေဆဲဖြစ်သည်။ ထို့နောက် သူက ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး လူတစ်ယောက်ကို တွေ့မြင်သွားသောအခါတွင် သူ၏စိတ်ပျက်ဒေါသထွက်နေမှုများ ပိုမိုဆိုးဝါးလာတော့သည်။ မနှစ်မြို့သည့်မျက်ဝန်းတွေနှင့်အတူ သူ့မျက်ခုံးမွှေးတစ်စုံ တွန့်ကွေးသွား၏။

သူ့အကြည့် ဆိုက်ရောက်သွားရာနေရာတွင် ထိုင်နေသူကား သွယ်လျသော ခြေတံရှည်များနှင့် မိန်းမပျိုတစ်ယောက်ဖြစ်သည်။ သူမ၏အသွင်က စွဲမက်ဖွယ်ကောင်းသော်လည်း သူမ၏မျက်ခုံးမွှေးတစ်စုံက စိတ်အလိုမကျဟန်ဖြင့် တွန့်ကွေးနေသည်။ သူတို့နှစ်ယောက်၏အကြည့်များအရ တစ်ယောက်ကိုတစ်ယောက် အလွန်တရာ မုန်းတီးနေကြမှန်း သိသာထင်ရှားလှသည်။

ဆိုးလိုက်တဲ့ကံကွာ။

သူတို့နှစ်ယောက်လုံးက စိတ်ထဲတွင် ကျိန်ဆဲလိုက်ကြရင်း အကြည့်လွှဲလိုက်ကြလေ၏။

” ငါဘယ်သွား သွား၊ ဒီငါးဖောင်ရိုးမ တုမင်ကို တွေ့နေရတယ်။ စိတ်ပျက်ဖို့ကောင်းလိုက်တာ ”
ဝမ်ပေါင်လဲ့က သက်ပြင်းရှိုက်လိုက်ရင်း တီးတိုးရေရွတ်လိုက်သည်။ သူ ကျောင်းနေစဉ်အချိန်တည်းက တုမင်နှင့် အတန်းဖော်ဖြစ်ခဲ့သည်။ အများအားဖြင့် သူမက မာနကြီးပြီး လူတိုင်းကို အဖက်မလုပ်ချေ။ အခန်းထဲတွင်လည်း အတန်းခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး သူ့ကို အခက်တွေ့အောင် အမြဲတမ်းလုပ်လေ့ရှိသည်။ ထို့ပြင် သူ လာဘ်ထိုးခဲ့သော သကြားလုံး နှစ်လုံးကို ယူသွားခဲ့သည့်သူမှာလည်း သူမသာ ဖြစ်သည်။

” သူက ဘာများအထင်ကြီးစရာကောင်းနေလို့တုန်း။ အခု အတန်းခေါင်းဆောင်မဟုတ်တော့ဘူးမလား။ ငါ တာအိုကျောင်းကိုရောက်တာနဲ့ အရာရှိတွေရဲ့သင်ကြားချက်တွေကို သုံးပြီး အရာရှိတစ်ယောက်ဖြစ်လာအောင် လုပ်ပြမယ် ”
ဝမ်ပေါင်လဲ့က အေးစက်စက်နှာမှုတ်လိုက်၏။

မကြာမီ ကျောင်းသားအားလုံး အဝတ်အစားများလဲလှယ်ပြီးသွားပြီဖြစ်သည်။ သင်္ဘောကြီးအတွင်းရှိဆရာများက ကျောင်းသားအားလုံးကို လိုက်လံစစ်ဆေးကြည့်လိုက်ပြီး အရေးကြီးသော ကိစ္စတချို့ကို ရှင်းပြလိုက်သည်။ မိုးကြိုးမုန်တိုင်းနယ်မြေသို့ ဝင်ရောက်သည်နှင့် အန္တရာယ်များလာပြီဖြစ်ကြောင်းကိုလည်း ကျောင်းသားအားလုံးကို သတိပေးလိုက်သည်။ အသက်အန္တရာယ်ဖြစ်စေမည့်ကိစ္စရပ်များကို သတိထားရှောင်ရှားရလိမ့်မည်။

ကျောင်းသားအားလုံး၏အမူအရာများ ပြောင်းလဲသွားပြီးနောက် ဆရာများက လေးနက်တည်ကြည်သောအမူအရာများနှင့် ထွက်ခွာသွားကြသည်။ ဝိညာဉ်ကျင့်ကြံခြင်းအခန်းတံခါး ပိတ်သွားပြီး ဖျော့တော့သောအလင်းတန်းများ ကျဆင်းလာသည်။

ဝိညာဉ်ကျင့်ကြံခြင်းအခန်းထဲတွင် တီးတိုးပြောဆိုသံများ ရှိနေဆဲဖြစ်သော်လည်း အချိန်များကုန်ဆုံးလာသည်နှင့်အမျှ ကျောင်းသားအားလုံး၏စိတ်လှုပ်ရှားမှုများ မြင့်တက်လာတော့သည်။ တဖြည်းဖြည်းနှင့် တစ်ယောက်မှ စကားမပြောကြတော့ဘဲ အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်ခြင်းသာ ကြီးစိုးလာသည်။

မည်မျှတိတ်ဆိတ်နေသနည်းဟု ဆိုရလျှင် နှလုံးခုန်သံများကိုပင် ကြားရနိုင်သည်။ ဒေါသထွက်နေဆဲဖြစ်သော ဝမ်ပေါင်လဲ့သည်ပင် စိတ်လှုပ်ရှားလာသည်။ လက်ကျန်အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာခြင်းနှင့်အတူ သင်္ဘောကြီးတစ်ခုလုံး ရုတ်တရက် တုန်ခါသွားပြီး မိုးကြိုးမုန်တိုင်းနယ်မြေသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း အချက်ပေးလိုက်သည်။

အပြင်ဘက်တွင် မိုးကြိုးတိမ်မည်းများ ထူထပ်သိပ်သည်းစွာ ရှိနေပြီး မီးပုံးပျံသင်္ဘောလေးကို ဝါးမျိုတော့မည့် ဧရာမပါးစပ်ကြီးတစ်ခုအလား ထင်မှတ်ရသည်။

ဖျက်ဆီးခြင်းနတ်ဘုရားက အရာအားလုံးကို အဝေးသို့ ဆောင်ကျဉ်းသွားတော့မည့်အသွင်ရှိသည်။ ကောင်းကင်ယံထက်ရှိ အံ့သြတုန်လှုပ်ဖွယ်ဓားနေမင်းကြီးသည် အုတ်အော်သောင်းနင်းဖြစ်စေသောအရာများကို ရာသီဥတုက အဝေးသို့ သယ်ဆောင်သွားတော့မည့် ထိုဖျက်ဆီးခြင်းဖြစ်စဉ်အား လျစ်လျူရှုရန်သာ တတ်နိုင်ဟန်တူသည်။

ယခုနှစ်က ရှေးဦးဝိညာဉ်ခေတ်၏ ( ၃၇ ) နှစ်မြောက်ဖြစ်သည်။

သက္ကရာဇ် ( ၃၀၂၉ ) ခုနစ်တွင် ကမ္ဘာကြီး၏နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နယ်နိမိတ်ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ပြည်နယ်များအားလုံး စုစည်းလာရာ ပြည်ထောင်စုခေတ်သစ် စတင်လာလေသည်။

ထိုအချိန်တွင် မိုးကောင်ကင်အလွန်မှ ဓားကြီးတစ်စင်း ပျံသန်းလာကာ နေ ကို ထိုးစိုက်သွားခဲ့ပြီး ကမ္ဘာမြေတစ်လွှား ပြင်းထန်သော အငွေ့အသက်များ ဖြစ်တည်လာခဲ့၏။

ဓားအိမ်က ဟောင်းနွမ်းနေခဲ့ခြင်းကြောင့် ဖြစ်လိမ့်မည်။ ဓားကြီးက နေလုံးကြီးကို စိုက်ဝင်သွားခဲ့ရာတွင် ဓားအိမ်မှ မရေမတွက်နိုင်သော အကျိုးအပဲ့များ ထွက်ပေါ်လာကာ စကြဝဋ္ဌာတစ်ခွင် လွင့်ပျံသွားခဲ့လေသည်။ ထိုအကျိုးအပဲ့လေးများသည် ကမ္ဘာမြေအနှံ့အပြားသို့ ကျရောက်လာခဲ့၏။

ကြေးညိုရောင်ဓားကြီးနှင့် ၎င်း၏ဓားအိမ်အကျိုးအပဲ့များ ရောက်ရှိလာခဲ့ခြင်းကြောင့် ကမ္ဘာမြေပေါ်တွင် အဆုံးအစမဲ့ စွမ်းအင် အရင်းအမြစ်တစ်ခု ရုတ်ချည်း ဖြစ်ပေါ်လာသည်။ ထိုစွမ်းအင် အရင်းအမြစ်ကို ဝိညာဉ်ချီဟု အမည်ပေးလိုက်ကြ၏။

ဝိညာဉ်ချီများက လေကဲ့သို့ဖြစ်ပြီး တချို့နေရာများတွင် လေးလံကာ တချို့နေရာများတွင်မူ ပေါ့ပါးသည်။ ပြည်ထောင်စုနှင့် တခြားအုပ်စုများသည် ဓားအကျိုးအပဲ့များကို တွေ့ရှိကာ ကျင့်ကြံခြင်း၊ ဆေးဝါးဖော်စပ်ခြင်း၊ ဝိညာဉ် ကျောက်တုံး သန့်စင်ခြင်းစသည့် ပညာရပ်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပိုမိုရရှိလာခဲ့ကြသည်။ ဓားအကျိုးအပဲ့များပေါ်မှ စကားလုံးများသည် ရှေးဟောင်းစကားလုံးများဖြစ်ရာ လူအများကြားတွင် ရှေးဟောင်းစာပေ ခေတ်စားလာခဲ့သည်။

ဝိညာဉ်ချီ ထွက်ပေါ်လာမှုသည် မူလကရှိနှင့်ပြီးသား စွမ်းအင်အရင်းအမြစ်များကို လျင်မြန်စွာ ပျောက်ကွယ်သွားစေပြီး လူများ၏နေထိုင်မှုပုံစံကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။ ဝိညာဉ်ကွန်ယက် ဖြစ်ပေါ်လာခဲ့ရုံမျှမက ဝိညာဉ်ချီသည်လည်း လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကျင့်ကြံခြင်းလူ့အဖွဲ့အစည်းတစ်ခုအဖြစ်သို့ သွတ်သွင်းလိုက်သည်။

ထိုအချိန်မှစတင်၍ ကမ္ဘာတစ်ခွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်နှင့်အမျှ ရှေးဟောင်းသိုင်းပညာရပ်များ ရေပန်းစားလာခဲ့သည်။ ထို့ကြောင့် မသေမျိုးကျင့်ကြံခြင်းခေတ် စတင်လာခဲ့သည်။

ဒဏ္ဍာရီထဲတွင် ထိုအခြင်းအရာကို ရှေးဦးဝိညာဉ်ခေတ်ဟု ခေါ်ကြလေသည်။

မိုးကြိုးတိမ်မည်းများထဲရှိ မီးပုံးပျံသင်္ဘောကြီးက တဖြည်းဖြည်းရှေ့သို့ ရွေ့လျားလာ၏။ လျှပ်စီးများ တဖျပ်ဖျပ်လက်ကာ မိုးကြိုးများက သင်္ဘောကို တရစပ် ပစ်ခတ်နေ၏။ သို့သော် သင်္ဘောပတ်လည်ရှိ နူးညံ့ပျော့ပျောင်းသော အကာအကွယ်စက်ဝန်းကြောင့် သင်္ဘောကြီးက တည်ငြိမ်စွာ ဆက်လက်ပျံသန်းနေနိုင်သည်။

သင်္ဘော၏အလယ်ရှိ ဝိညာဉ်ကျင့်ကြံခြင်းအခန်းထဲတွင် ဝမ်ပေါင်လဲ့အပါအဝင် ကျောင်းသားအားလုံးရှိနေကြသည်။ ထိုနေရာရှိ ထူးဆန်းသောစွမ်းအားတစ်ခုကြောင့် သူတို့အားလုံး သတိမထားမိလိုက်ဘဲ နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့ကာ အိပ်မက်များမက်နေသည်။

သင်္ဘော၏နောက်ပိုင်းတွင် ဆရာရှစ်ယောက်ရှိ၏။ သူတို့ထဲမှအချို့မှာ ရေနွေးကြမ်းသောက်နေကြပြီး တခြားဆရာများက ပြုံးရွှင်ရယ်မောစွာ စကားဆိုနေကြသည်။ သူတို့အားလုံး၏လက်ရှိစကားပြောဆိုနေကြသည့်အသွင်အပြင်အရ ကျောင်းသားများကို ကြောက်လန့်တုန်ရီစေသည့် ဆရာများဟုပြောလျှင် ယုံနိုင်ဖွယ်ရာ ရှိမည်မဟုတ်ချေ။

သူတို့၏ခေါင်းဆောင်မှာ မျက်နှာတွင်အရေးအကြောင်းများရှိနေသည့် ပါမောက္ခတစ်ယောက်ဖြစ်သည်။ သူက ဆေးတံကြီးကို ကိုင်ကာ ရှူရှိုက်နေ၏။ ဝမ်ပေါင်လဲ့သာ ရှိနေလျှင် ထိုလူက အရှက်မရှိသော သမားတော်လုမှန်း တန်းပြောနိုင်လိမ့်မည်။

ထိုစဥ် သက်လတ်ပိုင်းအရွယ်ဆရာတစ်ယောက်က
” ပါမောက္ခ၊ အားလုံးအဆင်သင့်ဖြစ်နေပြီ။ နတ်မီးလျှံစမ်းသပ်ပွဲ စ လိုက်ရတော့မလား ” ဟူ၍ မေးမြန်းလိုက်ရာ သမားတော်လုက
” စလိုက်တော့ ” ဟု ပြန်လည်ဖြေကြားလိုက်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset