လောင်မူဖြစ်စေ၊ ကျင်းယွန်ရှောင်း ဖြစ်စေ ရီဖူရှင်း၏ရှေ့မှ သူတို့ အပြုအမူများက ရီဝူချင်း၏ ရိုက်ချိုးမှုကို ခံလိုက်ရသည်။ မောက်မာခြင်း၊ စိတ်ကြီးဝင်ခြင်း၊ တစ်ပါးသူကို အထင်သေးခြင်း။
ကျောင်း၏ အကဲဖြတ် စစ်ဆေးပွဲနေ့တွင် ရီဖူရှင်း၏ သူ၏ ထူးခြား ဆန်းကြယ်သော အလားအလာကို ဖော်ထုတ် ပြသခဲ့သည့်တိုင် သူတို့၏ စိတ်နေ သဘောထားက ထူးမခြားနားခဲ့။ သူတို့က တစ်ပါးလူကို ထိုမျှ အထင်သေး အမြင်သေး လုပ်ခွင့် ရှိသလော…။
လောင်မူနှင့် ကျင်းယွန်ရှောင်းတို့တွင် သူတို့၏မိသားစု နောက်ခံ အင်အားအပြင် သူတို့၏ အားကောင်းသော တိုက်ခိုက်ရေး စွမ်းရည်နှင့် ထူးခြားသော ပါရမီတို့ ရှိကြသည်။ သို့သော် ယူချင်းနှင့် ရီဝူချင်းတို့ အတွက်မူ သူတို့၏ထူးခြားသော စွမ်းရည်နှင့် ပါရမီတို့က အမှန်တကယ်အားဖြင့် လောင်မူနှင့် ကျင်းယွန်ရှောင်းတို့ အပေါ် ရီဖူရှင်းက အလေးအနက် မထားသောကြောင့်သာ။ သူတို့ မှီခိုနိုင်သော တစ်ခုတည်းသော အရာမှာ မိသားစုနောက်ခံ ဖြစ်သည်။ သူတို့ အဆင့်မီသလော…။
ကျင်းယွန်ရှောင်းက အလစ်တိုက်ရန် ရှီအဆင့် လက်နက်ကိုပင် ထုတ်သုံးရဲသည်။ သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံမှ ဓားချက်နှင့် ပေါင်းလျှင် သူတို့ကသာ စိတ်မထိန်းခဲ့ပါက ကျင်းယွန်ရှောင်း၏ လည်ချောင်းအား ယခင်ကတည်းက သူ၏ဓားနှင့် မိတ်ဆက် သွားရလိမ့်မည်။
ရေခဲတမျှ အေးစက်သော အယ်ကိုင်ဓား၏ အသွားက သူ၏လည်ချောင်းကို ထောက်ထားသည့် ခံစားချက်နှင့်အတူ သူ့လည်ပင်းမှ သွေးတစ်စက် ကျဆင်းလာသည်။ သူ၏ခန္ဓာကိုယ်က အရှက်ရမှု ကြောက်ရွံ့မှုတို့ကြောင့် တုန်ယင်နေသည်။ သူ့တွင် ရှီအဆင့်လက်နက် ရှိသော်လည်း ရီဖူရှင်း၏ နောက်လိုက် တစ်ယောက်ကပင် သူ့အား ဓားတစ်ချက်ဖြင့် သတ်နိုင်စွမ်း ရှိသည်။ အကယ်၍ သည်တိုက်ပွဲက သေခြင်း ရှင်ခြင်း တိုက်ပွဲဆိုပါက ထိုဓားချက်က သူ့အသက်ကို ယူသွားပေလိမ့်မည်။
ကြယ်မင်းကျောင်း၏ ပါရမီရှင်၊ ကျင်းကလန်၏ အဓိက မျိုးဆက်ဖြစ်သူ ကျင်းယွန်ရှောင်းကား နောင်တွင် လူပုံအလယ်၌ ခေါင်းဖော်ရဲမည် မဟုတ်တော့။
လူအများအပြားက ခန့်ညားကာ လက်တစ်ဖက်သာ ရှိသော လူငယ်အား ကြည့်ကြပြီး အကဲဖြတ် စစ်ဆေးပွဲနေ့မှ ယူချင်းနှင့် ကျင်းယွန်ရှောင်းတို့ ရင်ဆိုင်ခဲ့ကြရာတွင် ရီဖူရှင်းကသာ ထိုနေ့က ယူချင်းကို မတားခဲ့လျှင် ကျင်းယွန်ရှောင်းက ရှုံးနိမ့်ခဲ့မည်လော…။
“ဒီကို ပြန်လာခဲ့…” ကျင်းကလန်မှ တန်ခိုးရှင် တစ်ယောက်က ကြိမ်းမောင်း လိုက်သည်။ ကျင်းယွန်ရှောင်းက သုန်မှုန်စွာဖြင့် နောက်ဆုတ် သွားသည်။
ရီဝူချင်းက သူ့ကို ခံစားချက် ကင်းမဲ့စွာ ကြည့်နေသည်။ သို့သော် ကျင်းကလန် တန်ခိုးရှင်က ထပ်မံ၍ ပြောလိုက်သည်ကို ကြားကြရ၏… “စိန်ခေါ်ပွဲက စည်းမျဉ်း မရှိဘူး ဆိုပေမဲ့ မင်းက ဒီလောက်တောင် တန်ဖိုးမဲ့ရတာလား… ပြန်သွားပြီးတော့ ကိုယ့်အပြုအမူကို ပြန်ဆန်းစစ်…”
ရီဖူရှင်းက ထိုတန်ခိုးရှင်ကို တည်ငြိမ်စွာပင် ကြည့်သည်။ ထိုသို့သော တရားဝင် စိန်ခေါ်ပွဲတွင် အထူးတလည် စည်းမျဉ်းများ လိုပါသလော။ ကျင်းယွန်ရှောင်းက ရှုံးနိမ့်ခဲ့ပြီး ဖြစ်ကာ ရှီအဆင့် လက်နက်ဖြင့် အလစ် လုပ်ကြံသည်။
ကျင်းကလန် တန်ခိုးရှင်က ကျင်းယွန်ရှောင်းကို ကြိမ်းမောင်း မာန်မဲနေဟန် ရသော်လည်း အမှန်တကယ်အားဖြင့် သူ့ကို ကာကွယ်နေခြင်း ဖြစ်သည်။ သို့သော်လည်း ဘယ်သူကမှ ကျင်းကလန်ကို အပြစ်တင် ဝေဖန်ခြင်း မပြုကြ။ အားလုံး၏အာရုံက ကွင်းဘေးကို ထွက်ကာ လူအုပ်ထဲ တိတ်ဆိတ်စွာ ရပ်နေသော လက်တစ်ဖက်ပြတ် ဓားသမားထံတွင် ရှိသည်။
လောင်မူကလည်း စိတ်နှလုံး ကွဲကြေစွာဖြင့် ကွင်းထဲမှ ထွက်သွားပြီ ဖြစ်သည်။
ယခု အားလုံးက ရီဖူရှင်းကို ကြည့်နေကြသည်။ တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူက ကြယ်မင်းကျောင်းမှ လောင်မူနှင့် ကျင်းယွန်ရှောင်းတို့ ကဲ့သို့သော ပါရမီရှင်များကို အကွက် အနည်းငယ်မျှဖြင့် အနိုင်ယူခဲ့သည်။
သူကား အကာနာ အဆင့်ငါးတွင် ရှိသော်လည်း အလယ်အလတ် အကာနာ အဆင့်တွင် သူ့အား အနိုင်ယူနိုင်မည့်လူ ရှိအံ့မထင်။
ရီဖူရှင်းက ဆက်ပြောသည်… “ကျုပ် တန်ခိုးအဆင့်က နိမ့်တယ် ဆိုပေမဲ့ ကျောင်းအုပ်က သားတော်ဘွဲ့ကို ချီးမြှင့်ခဲ့တယ်… မိုးမြေကောင်းကင်မြို့မှာ ရေတွက်မရတဲ့ ပညာရှင်တွေ ရှိကြတယ်… မျိုးဆက်တိုင်းမှာ ပါရမီရှင်တွေ ရှိကြတယ်… ကြယ်မင်းကျောင်း တစ်ခုတည်းမှာပဲ ကျုပ်ထက် တန်ခိုးမြင့်တဲ့လူတွေ အရမ်းများတယ်… ဒါကြောင့် ခင်ဗျားတို့အားလုံး လက်ခံဖို့ ခက်ခဲမယ် ဆိုတာ ကျုပ်သိတယ်…”
လူအုပ်က တိတ်ဆိတ်စွာ နားထောင်နေသည်။ ယနေ့ အခမ်းအနားတွင် သူက မိမိကိုယ်ကို နှိမ့်ချခြင်းဖြင့် ကျောင်းအုပ်က သူ့အတွက် လုပ်ပေးခဲ့သော ကြီးမြတ်မှုများက အားလုံး အလဟဿ ဖြစ်ရတော့မည်။ သူက အဘယ်ကြောင့် ထိုစကားများကို ပြောနေရသနည်း။
“ဒါပေမဲ့…” ရီဖူရှင်းက ဆက်ပြောသည်… “ကျုပ်က သရဖူကို ဆောင်းခဲ့မှတော့ ဒီဖိအားကို ခံနိုင်ရည်ရှိဖို့ လိုတယ်… ကြယ်မင်းကျောင်းရဲ့ သားတော် ဘွဲ့ထူးနာမကို စိတ်မပျက်စေရအောင် ကျုပ် ရီဖူရှင်းက မိုးမြေကောင်းကင်မြို့က အလယ်အလတ် အကာနာ တန်ခိုးရှင်တွေ အကုန်လုံးကို စိန်ခေါ်ပါတယ်… တကယ်လို့ ကျုပ်ကို စိန်ခေါ်ချင်တဲ့လူ ဘယ်သူမဆို ကွင်းထဲကို ဝင်လာလို့ရတယ်… ကျုပ် ရှုံးသွားရင် သားတော် နာမည်နဲ့ မထိုက်တန်လို့ တော်ဝင်ဝတ်စုံနှင့် သရဖူကို ဖယ်ရှားပေးမယ်…” ထိုသို့ ပြောပြီးသည်နှင့် ရီဖူရှင်းက လူအုပ် တစ်ခုလုံးကို ကြည့်သည်… “စိန်ခေါ်မှုကို စောင့်လင့်နေပါတယ်…”
သူ၏အသံက သိပ်မကျယ်လောင် သော်လည်း လူတိုင်း၏ နားထဲကို လျှပ်စီးကဲ့သို့ တုန်ယင်စေသည်။ လေထုက တိတ်ဆိတ်မှု ကြီးစိုးနေကာ မရေမတွက်နိုင်သော အကြည့်များက ရီဖူရှင်းထံ ရောက်လာသည်။ သူ၏ တော်ဝင်ဝတ်စုံကား လေမတိုက်ဘဲ တဖျတ်ဖျတ် လူးလွင့်နေသည်။ သူ၏ချောမောသော မျက်နှာက တည်ငြိမ်သည်။
နှိမ့်ချပြီး နေခြင်းလား…။ သူတို့က အတွေးတိမ်လှသည်။
ရီဖူရှင်းက အကာနာ အဆင့်ငါးမျှဖြင့် မိုးမြေ ကောင်းကင်မြို့မှ အလယ်အလတ် အကာနာ တန်ခိုးရှင်များ အားလုံးကို စိန်ခေါ်လိုသည်။ ထိုအထဲတွင် သူရိယ နေမင်းကျောင်း၊ စန္ဒာငွေလမင်း ကျောင်းနှင့် တခြား ကလန်များပင် ပါ၏။
အားလုံးကို စိန်ခေါ်ခြင်း…။ ထိုအရာက ကျောင်းအုပ်၏ ယုံကြည်မှုကို သူက သက်သေပြခြင်းပင်။ သူက ထောင်ပေါင်း များစွာသော လူငယ်မျိုးဆက်များ၏ အပေါ်ဆုံးတွင် ရပ်နိုင်ရမည်။
ဘယ်လောက် ရူးသွပ်တဲ့ နှုတ်ထွက် စကားလဲ…။ အဆင့်မြင့် အကာနာမှ ပါရမီရှင်များပင် ဤသို့ စကားမျိုး ပြောရဲမည်မဟုတ်။ အလယ်အလတ် အကာနာ တန်ခိုးရှင်များ အားလုံး ဝိုင်းဝန်း တိုက်ခိုက်လျှင် အလွန် ရင်ဆိုင်ရ ခက်ခဲမည်။ ပင်လယ်တမျှ များပြားသော တိုက်ကွက်များအား အဆင့်မြင့် အကာနာများပင် ခံနိုင်ရည် မရှိပေ။
ကျောင်းအုပ်က ရီဖူရှင်းကို ကြည့်သည်။ သူက ယနေ့ အခမ်းအနားကို လုပ်ဆောင်ကာ တစ်မြို့လုံးကို လာရောက် ကြည့်ရှုစေခြင်းဖြင့် ရီဖူရှင်းကို ဖိအားများဆီသို့ တွန်းဖို့ခဲ့သည်။ လောင်ရီထျန်း ထွန်းတောက်ခဲ့စဉ် ကလည်း သူက အပေါ်ဆုံးသို့အထိ ထိုနည်းဖြင့်ပင် ပြိုင်ဘက်များ အားလုံးကို နင်းခြေခဲ့ရသည်သာ…။
ရီဖူရှင်းက ရှန့်ထို တန်ခိုးရှင်၏ အမွေကို ရရှိခဲ့ပြီးဖြစ်ရာ သူ၏ ဦးတည်ချက်ကို ပြီးဆုံး အောင်မြင်လိုပါက သူက သူ့မျိုးဆက်ကို လွှမ်းမိုး အောင်နိုင်ကာ အထက်ဆုံးသို့ တက်နိုင်ရမည်။ တခြားကိစ္စများကို သူက ဖြေရှင်းပေးမည်။
သည်တစ်ခေါက် သူ့အား သခင်မလောင်နှင့် ကုဟန်ရှင်းတို့က ထောက်ခံပေးခဲ့ရာ သူတို့ကလည်း ကြယ်မင်းကျောင်းနှင့်အတူ ထိုဖိအားကို ခံနိုင်ရပေမည်။ ယနေ့ သူတို့အားလုံးက ရီဖူရှင်း ဘယ်လောက် ဝေးဝေး သွားနိုင်သည်ကို စောင့်ကြည့်ရမည်။
“သားတော်မှာ ဒီလို အတွေးမျိုး ရှိနေမှတော့ မင်းတို့က မစမ်းကြည့်ချင်ကြ ဘူးလား…” ကြယ်မင်းကျောင်းမှ အရေးပါသော လူတစ်ယောက်က ပြောသည်။ သူကား ကျင်းကလန်မှ တန်ခိုးရှင်ဖြစ်သည်။ ချက်ချင်းပင် များစွာသော တန်ခိုးရှင်များ တိုက်ပွဲ ကွင်းပြင်ထဲကို ဝင်လာကြသည်။
“မင်းတို့ အားလုံးကလည်း သူ့ရဲ့ စွမ်းရည်ကို သွားပြီး လေ့လာ ကြည့်သင့်တယ်…” သူရိယ နေမင်းကျောင်းမှ အကြီးအကဲများနှင့် စန္ဒာငွေလမင်း ကျောင်းမှ အကြီးအကဲများ ကလည်း တိုက်တွန်းကြ၏။
တခြားကျောင်း နှစ်ကျောင်းတွင်လည်း မရေမတွက်နိုင်သော ပါရမီရှင်များ ရှိသည်။ ယခု ကြယ်မင်းကျောင်းက သားတော် တစ်ယောက်ကို ဖန်တီးလိုမှတော့ သူတို့ကလည်း ထိုအစီအစဉ် ဖျက်ဆီးရန် အတတ်နိုင်ဆုံး ကြိုးစားရမည်။ ရီဖူရှင်းက အားလုံးကို စိန်ခေါ်လိုမှတော့ သူတို့ကလည်း ထိုဆန္ဒကို ဖြည့်ဆည်း ရမည်။
“ချန်းလျူ…”
“ချိန်ယုံ…”
“ကျင့်ယွီ…”
တန်ခိုးရှင်များစွာ တိုက်ပွဲ ကွင်းပြင်ထဲကို ဝင်လာကြသည်။ ထိပ်သီးကျောင်း သုံးကျောင်းတွင် အလယ်အလတ် အကာနာအဆင့်၌ ကျင်းယွန်ရှောင်းထက် မနိမ့်သော ပါရမီရှင်များစွာ ရှိကြသည်။ ယခု သူတို့အားလုံး ရှေ့ကို ထွက်လာကြသည်။ တခြား ကလန်များမှ ထွက်လာသော လူများနှင့်ပါ ပေါင်းလျှင် ကြောက်မက်ဖွယ် ကောင်းသော လူတစ်စု ဖြစ်လာသည်။
“သူတို့က တကယ်ပဲ ပူးပေါင်း တိုက်ခိုက် ကြတော့မည့်ပုံပဲ…” လူအုပ်ထဲက တစ်ယောက်က ပြောသည်။
ပါရမီရှင်များ အားလုံးက မာနကြီးကြသည်။ သို့သော် ယခုကား သူတို့က ထိုမာနများကို ချကာ ရီဖူရှင်းကို ဝိုင်းဝန်း၍ တိုက်ခိုက် ကြတော့မည် ဖြစ်သည်။
လောင်မူနှင့် ကျင်းယွန်ရှောင်းတို့ ရှုံးနိမ့်ခဲ့သည်ကို မြင်ပြီးနောက် ရီဖူရှင်းကို တစ်ယောက်တည်း တိုက်ခိုက် အနိုင်ယူရန် မဖြစ်နိုင်သည်ကို သိကြသည်။
“စပါ…” ရီဖူရှင်းက တည်ငြိမ်စွာပင် ပြောသည်။ လူစုထဲမှ လူအနည်းငယ် ပျံသန်းလာသည်။ တစ်ယောက်က ပြင်းထန် အားကောင်းသော ဓားအသိဖြင့် ပျံသန်းလာသည်။
နောက်တစ်ယောက်က မှော်ပညာ ထူးချွန်ဟန်ရကာ သူ့ခန္ဓာကိုယ်အနီးတွင် ကြောက်မက်ဖွယ် လေပွေလှိုင်းများ ဖြစ်ပေါ်နေသည်။
နောက်တစ်ယောက်က သူ၏ သက်စောင့်ဝိညာဉ်အား ထုတ်ဖော် လိုက်သည်တွင် ဧရာမ ရွှေလူဝံကြီးတစ်ကောင် ပေါ်ထွက်လာသည်။ သူက လေပေါ်ကို ခုန်လွှားကာ မြေပြင်ပေါ်သို့ အရှိန်အဟုန်ကြီးစွာဖြင့် ကျဆင်းသည်။ တစ်ချိန်တည်းမှာပင် ခြေထောက်ဖြင့် ကစ်ချက်တစ်ချက် ထုတ်လိုက်လျှင် ခြေဖဝါး ပုံရိပ်တစ်ခုက ရီဖူရှင်းထံသို့ ပြင်းထန်စွာ ကျဆင်းလာသည်။
လေပြင်းတစ်ချက် ဝှေ့ယမ်း တိုက်ခတ်သွားပြီး ရီဖူရှင်း၏ အဝတ်စက လွင့်သွားကာ သူက ခေါင်းမော့လျက် လေထဲကို ကြည့်သည်။
ရွှေရောင် ခြေဖဝါးပုံရိပ်က နီးကပ်လာသည်တွင် သူက လက်ဆန့်တန်း လိုက်သည်နှင့် မရေမတွက်နိုင်သော လျှပ်စီးတန်းများ သူ့လက်တွင် စုစည်းလာပြီး နဂါးတစ်ကောင်၏ ပုံရိပ် ဖြစ်ပေါ်လာကာ ခြေဖဝါးပုံရိပ်အား ယိုင်နဲ့ ပျောက်ကွယ် သွားစေသည်။ လျှပ်စီးနဂါးက ရပ်တန့်ခြင်း မရှိဘဲ တစ်ဖက်လူထံသို့ ပြင်းထန်စွာ ကျဆင်းသည်။ ဘုန်းခနဲ မည်သံနှင့်အတူ ထိုလူ သွေးအန်သည်။
လေပွေနှင့် ဓားအလင်းကလည်း တစ်ချိန်တည်းမှာ ကျဆင်းလာသည်။ ရီဖူရှင်းက လက်ဆန့်တန်း လိုက်သည်နှင့် မရေမတွက်နိုင်သော လျှပ်စီး စွမ်းအင်များက သူ့ရှေ့တွင် လျှပ်စီးနတ်ဘုရား ဒိုင်းကာတစ်ခု ဖြစ်ပေါ်လာကာ ဓားအလင်းနှင့် လေပွေတို့ကို တားဆီးသည်။
“သွား…” သူက လက်ကို ဝှေ့ယမ်းသည်တွင် လျှပ်စီးဒိုင်းကာမှ လျှပ်စီး အလင်းတန်းများ အဖြစ် ပြောင်းလဲသွားပြီး လျှပ်စီး နတ်ဘုရား ပြစ်ဒဏ်က လေပွေမုန်တိုင်း ပိုင်ရှင်အား တဒိန်းဒိန်း ရိုက်ခတ်သွားပြီး သူ့ကို ဒဏ်ရာ ပြင်းထန်စွာ ရစေသည်။ ဓားသမားက လေ၏အလျင်ဖြင့် လျှပ်စီး အလင်းတန်းများကို ရှောင်တိမ်း သော်လည်း ရွှေရောင်နွယ်ပင်များက ကောင်းကင်တစ်ခွင် ဖုံးအုပ်ကာ သူ့အား ရစ်နှောင်ထားပြီး ဖြစ်သည်။ ထို့နောက်တွင် သူကလည်း မြေကြီးနှင့် မိတ်ဆက် သွားရ၏။
လူသုံးယောက်က ဆက်တိုက် ရှုံးနိမ့်သွားသည်ကို မြင်လျှင် တိုက်ပွဲ ကွင်းပြင်ထဲမှ လူအများအပြား ရီဖူရှင်းထံ ခုန်ဝင် လာကြသည်။ ချက်ချင်း လေထုထဲမှ သဘာဝ စွမ်းအင်များက စုပ်ယူခံရသောကြောင့် ခန်းခြောက်သွားဟန် ရကာ များစွာသော စွမ်းအားများက အဆက်မပြတ် လာရောက် ရိုက်ခတ်ကာ ရီဖူရှင်းကို ဖိအားပေးရန် ကြိုးစားကြသည်။
လူအုပ်က ရီဖူရှင်းကို မျက်ခြည်မပြတ် ကြည့်ကြသည်။ သူက ထိုမျှ များပြားသော တိုက်ခိုက်မှုများကို မည်သို့ ရင်ဆိုင်မည်နည်း။
ရီဖူရှင်းက လေထဲကို လှမ်းကြည့် လိုက်သည်။ သဘာဝ စွမ်းအင် စီးကြောင်း တစ်ခုက သူ့ခန္ဓာကိုယ်အား လာရောက် ရစ်ပတ်သည်။ သူက လက်နှစ်ဖက်လုံးကို ဆန့်ထုတ် လိုက်သည်နှင့် သူ့ပတ်ဝန်းကျင်တွင် ဥက္ကာခဲများ ပေါ်လာကာ ပြင်းထန်စွာ လှည့်ပတ်သည်။ ထို့နောက်တွင် မရေမတွက်နိုင်သော သဲမုန်တိုင်းများ၊ လျှပ်စီးမုန်တိုင်းများ၊ လေပွေများ ဆက်တိုက် ဖြစ်ပေါ်လာသည်။ ပြိုင်ဘက်များ၏ စွမ်းအားများ ဆင်းသက် လာသောအခါ ထိုအရာများ အားလုံးက တိုက်ရိုက် ပျက်ပြယ် သွားရသည်။
“အဲဒါ ဘာနည်းစနစ်လဲ…” လူအများအပြားက နားမလည်ဟန်ဖြင့် ကြည့်ကြသည်။ ကြယ်မင်းကျောင်းမှ အကြီးအကဲများပင် အံ့အားသင့် သွားကြ၏။ သူတို့က သည်နည်းစနစ်အား တစ်ခါမှ မမြင်ဖူးကြပေ။ ကျောင်းအုပ်က အသစ် ဖန်တီးလိုက်သော တိုက်ကွက်များလား…။
သည်တိုက်ကွက်က ကြယ်မင်းကျောင်းမှ မဟုတ်ပေ။ ကော့တေးတွင် ရီဖူရှင်းက ထိုအဘိုးကြီးထံမှ များစွာသော အဆင့်မြင့် နည်းစနစ်များကို သင်ယူခဲ့ရသည်။ သည်ပညာရပ်ကား ဓာတ်စွမ်းအား မျိုးစုံကို ပေါင်းစပ် အသုံးပြုရသော “မုန်တိုင်းအလွန်…” အမည်ရသော တိုက်ကွက် ဖြစ်သည်။ သည်တိုက်ကွက်က လူအုပ်စုနှင့် ရင်ဆိုင်ရသော အချိန်တွင် အလွန် အသုံးဝင်ပြီး ပမာဏကြီးသော သဘာဝ စွမ်းအင်ကို လိုအပ်ကာ စိတ်စွမ်းအား အလွန် အားကောင်းရန် လိုသည်။
ရီဖူရှင်းက ရှီတန်ခိုးရှင်များ၏ သိုင်းပညာ ကံစွမ်းအားများကို ခွဲခြမ်းစိတ်ဖြာပြီး ကောင်းကင် အလင်းကို လေ့လာရင်းက သူက မုန်တိုင်းအလွန် တိုက်ကွက်အား ပြုပြင် ပြောင်းလဲ နိုင်ခဲ့ကာ ဥက္ကာခဲ မုန်တိုင်းကိုပါ ထည့်သွင်း နိုင်ခဲ့သည်။
ကောင်းကင်တွင် ဥက္ကာခဲများက ကောင်းကင်မှ ကြယ်များအလား ပြင်းထန်စွာ လည့်ပတ် နေကြသည်။ ထိုအရာက သူ့လမ်းကြောင်းမှ အရာခပ်သိမ်းကို ဝါးမျိုကာ ပတ်ဝန်းကျင် တစ်ခုလုံးကို အားကောင်းသော မြေဆွဲအားကို ခံစားရစေ၏။ အားလုံးသော စွမ်းအားများက ထိုအထဲကို စီးဝင် သွားကြသည်။
ရီဖူရှင်းက လက်နှစ်ဖက်လုံးကို ဆန့်ထုတ်ကာ လေထဲကို ဝှေ့ယမ်းသည်။ ချက်ချင်းပင် ဥက္ကာခဲမုန်တိုင်းက ကြောက်မက်ဖွယ် ဖျက်ဆီးအားဖြင့် ပတ်ဝန်းကျင်အနှံ့ကို ရိုက်ခတ်သွားသည်။ လေထဲမှ လူများက ကြောက်လန့်တကြားပင် မြန်ဆန်စွာဖြင့် နောက်ဆုတ်ရန် ကြိုးစားကြသည်။ သို့တိုင်အောင် သူတို့က ဥက္ကာခဲများ၏ ရိုက်နှက်ခံရကာ မြေပြင်ပေါ်ကို လွင့်စဉ်ကျကာ ဒဏ်ရာ ပြင်းထန်စွာ ရသွားကြသည်။ ထိုအုပ်စုက ခဏအတွင်း ပြိုလဲသွားရ၏။
ရီဖူရှင်းက မိမိကိုယ်ကို စိတ်ပျက်ရသည်။ သူ၏တန်ခိုး အဆင့်နိမ့်ကာ သည်နည်းစနစ်အား ထိန်းချုပ်မှု အားနည်းသေးရာ ဖျက်ဆီးအားက သိပ်မကောင်းသေးဟု ခံစားရသည်။ သည်နည်းစနစ်၏ တကယ့်စွမ်းရည်ကား မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူသိသည်။
***