Switch Mode

အပိုင်း(၄၇၆)

အရှုံး

ကြယ်မင်းကျောင်း တပည့်များက နောက်ဆုတ်ကာ ရီဖူရှင်း၏ အနီး ပတ်ဝန်းကျင်ကို မြေကွက်လပ် ဖြစ်စေသည်။  လောင်မူနှင့် ကျင်းယွန်ရှောင်းတို့က ရှေ့ကို တက်လာကြသည်။

ယနေ့ ရီဖူရှင်းအား သားတော် ဘွဲ့ချီးမြှင့်ခဲ့ကာ ထိပ်သီးကျောင်း သုံးကျောင်းက တစ်ယောက်ယောက်က ထိုဆုံးဖြတ်ချက်ကို သံသယဝင်ပါက ရီဖူရှင်းအား ထိုနေရာနှင့် မသင့်တော်ကြောင်း သက်သေပြနိုင်သည်ဟု ဆိုသည်။ အကယ်၍ သူတို့က သက်သေပြနိုင်ပါက ကျောင်းအုပ်က မှားယွင်းသည်ဟု ဝန်ခံမည် ပြောသည်။ ထိုစကားက ရီဖူရှင်းအပေါ် သူ၏ယုံကြည်မှုကို ဖော်ပြနေသည်။

ဆိုလိုသည်က တန်ခိုး အဆင့်တူအတွင်း ရီဖူရှင်းက တစ်စုံ တစ်ယောက်ထံတွင်  ရှုံးနိမ့်ခဲ့ပါက ယနေ့ အခမ်းအနားက ဟာသတစ်ခုထက် မပိုပေ။ ထို့ကြောင့် ယခု ရီဖူရှင်း ကိုယ်တိုင်၏ ဂုဏ်သိက္ခာသာ ကမ်းပါးပေါ်တွင် ရှိသည် မဟုတ်ဘဲ ကြယ်မင်းကျောင်း၏ ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်ပေသည်။

သိသာစွာပင် ကျောင်းအုပ်ကိုယ်တိုင်က ရီဖူရှင်းတွင် ထိုသို့ အရည်အချင်း ရှိသည်ဟု ယုံကြည်သည်။

သူရိယ နေမင်းကျောင်းနှင့် စန္ဒာငွေလမင်း ကျောင်းမှ တပည့်များနှင့် အကြီးအကဲများ အားလုံးက ရီဖူရှင်းကို စိုက်ကြည့် နေကြသည်။ ရီဖူရှင်းက သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံကို ပြိုလိုစေခဲ့သူ ဖြစ်သည်ကို အားလုံးက နားလည် လိုက်ကြသည်။ ကျောင်းအုပ် ကိုယ်တိုင်က အခန်းအနား ကျင်းပကာ သူ့မျိုးဆက် တစ်ခုလုံးက စိန်ခေါ်စေ လောက်အောင် ယုံကြည်မှု ရှိစေသောသူက ထိုငွေရောင်ဝတ်လူမှလွဲ၍ တခြားမရှိနိုင်။ ခြွင်းချက်မဲ့ ပါရမီရှိသော သူကိုသာလျှင် ရှီတန်ခိုးရှင်များက သည်မျှ အလေးထားကြမည် ဖြစ်သည်။

မေးခွန်းထုတ်စရာ မလိုတော့ပေ။ သူက ငွေရောင်ဝတ်လူ ဖြစ်သည်။

ရီဖူရှင်းက ကျောင်းအုပ်ချန်း ကိုယ်တိုင်က လျှို့ဝှက် ပျိုးထောင်ခဲ့သောလူ ဖြစ်လေမလားဟု အချို့က ခန့်မှန်းကြသည်။ သူက ယနေ့ အခမ်းအနား မကျင်းပမီအထိ သူ၏တပည့်ကို လျှို့ဝှက်ထားကာ တကယ့်အချိန်ကျမှ ထုတ်ဖော် ကြေညာခြင်းကော မဖြစ်နိုင်လား…။ ပို၍ အရေးကြီးသည်ကား ရီဖူရှင်းက သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံမှ ရရှိခဲ့သောအရာ၊ သူ၏လက်ရှိ တန်ခိုးအဆင့်နှင့် အလားအလာတို့ ဖြစ်သည်။

ထိုအရာများကို မကြာမီ အားလုံးက သိရတော့မည့်ပုံပင်။

မရေမတွက်နိုင်သော လူများက မြေကွက်လပ် အလယ်မှ လူသုံးယောက်ကို ကြည့်ကြသည်။ လောင်မူနှင့် ကျင်းယွန်ရှောင်းတို့က ရီဖူရှင်းအား ဒေါသတကြီး ကြည့်ကြ၏။ အတိတ်တုန်းက ရီဖူရှင်းနှင့် တွေ့သောအခါ သူတို့ နှစ်ယောက်လုံးတွင် ပြင်းထန် အားကောင်းသော အရှိန်အဝါများ ရှိကြသည်။ သူတို့ကား မောက်မာ ဝင့်ကြွားကာ ရီဖူရှင်းကို မျက်လုံးထဲပင် မထည့်ခဲ့ကြ။ သို့သော်လည်း လက်ရှိ တော်ဝင်ဝတ်စုံနှင့် သရဖူတို့ကို ဝတ်ဆင်ထားသော ရီဖူရှင်းရှေ့တွင် ယခင်ကကဲ့သို့ ထင်ရှားသော ကိုယ်ရောင် ကိုယ်ဝါများ မရှိတော့။ ရီဖူရှင်းထံမှ ဖိအား တချို့ကိုပင် သူတို့က ခံစားကြရသည်။ ထိုအရာက သူ၏လက်ရှိ အဆင့်အတန်းကြောင့် မဟုတ်ဘဲ ရီဖူရှင်းက သူတို့ကို လျှို့ဝှက်ဘုံထဲတွင် အနိုင်ယူခဲ့ သောကြောင့်လည်း ဖြစ်သည်။

ငြင်းပယ်၍ မရနိုင်အောင် သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံထဲက သိုင်းပညာ ကံစွမ်းအားက သူတို့၏ပင်မ အင်အားဖြစ်ခဲ့ကာ သဘာဝ စွမ်းအားများကိုမူကား ထုတ်လွှတ်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် သူတို့၏ တကယ့် တိုက်ခိုက်ရေး စွမ်းရည်ကို လျှို့ဝှက်ဘုံထဲမှ အခြေအနေဖြင့် တိုင်းတာ၍ မရပေ။ ထို့ကြောင့် သူတို့က ရှုံးနိမ့်ခဲ့သော်လည်း ယခု သူတို့က မျှတသော တိုက်ပွဲတစ်ခုကို ထပ်မံ၍ မျှော်လင်ခဲ့ကြခြင်းပင်။

လောင်မူအတွက်မူကား သူ၏တိုက်ပွဲက သူ ရသင့်သည့် တစ်စုံတစ်ခု အတွက် တိုက်ခိုက်ခြင်း ဖြစ်သည်။  ကျင်းယွန်ရှောင်း အတွက်မူကား သူ၏ပျက်စီးခဲ့ရသော ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည်။

ရီဖူရှင်း၏ အကြည့်က လောင်မူထံ ရောက်သွားသည်…“မင်းက ငါ့ကို တန်းတူ သဘောမထားဘူး ဆိုတာ ငါသိတယ်… ဒါပေမဲ့ ဒါက မင်းရဲ့ကိုယ်ပိုင် စိတ်ကူးကမ္ဘာပဲ ဖြစ်ပြီးတော့ ငါကမင်းကို ဘာရန်ငြိုးမှ မရှိဘူး… မင်းက ငါ့ကို နိုင်ချင်မှ နိုင်မယ် ဆိုတာကိုလည်း မင်း သိသင့်တယ်… ဒါကြောင့် အရှုံးအတွက် အကျိုးအပြစ်ကို လက်ခံဖို့ အသင့်ပြင် ထားပြီးပြီလား…”

လူတိုင်းက သူ၏စကားကို ကြားပြီး ထိတ်လန့် သွားကြသည်။ ထိုသို့စကားကို ပြောရဲသောသူက မည်မျှပင် ယုံကြည်မှု ရှိသနည်း။ လောင်မူက ရလဒ်ကို ခံနိုင်ရည် မရှိမည်ကို သူက စိုးရိမ်သည်။

လောင်မူ၏အမူအရာက ပို၍ အေးစက်သွားပြီး လက်သီးကို တင်းတင်း ဆုပ်လိုက်သည်။ ရီဖူရှင်းက ဘာကို ပြောလိုသည်ကို သူသိသည်။ အကယ်၍ သူက တိတ်ဆိတ်စွာဖြင့် အခန်းအနားကို ရပ်ကြည့်နေခဲ့လျှင် အရာအားလုံးက အချိန်နှင့်အမျှ ပျောက်ကွယ် သွားမည်။ သို့သော်လည်း သူက လူအများရှေ့တွင် စိန်ခေါ်ရာ ရှုံးနိမ့်ခဲ့လျှင် အားလုံးက ယနေ့ အဖြစ်အပျက်ကို မှတ်မိသွားကြမည်။

“မင်းကရော… အရှုံးကို လက်ခံနိုင်လား…” လောင်မူက ပြန်ပက်လိုက်သည်။

ရီဖူရှင်းက ပြန်မပြောပေ။ သူက သခင်မလောင်ကို လေးစား၍သာ ထိုမျှ ပြောနေခြင်း ဖြစ်သည်။ ယခု လောင်မူက နောက်မဆုတ်သည်ကို မြင်လျှင် နောက်ထပ် ရွေးချယ်စရာ မရှိတော့။

“စရအောင်…” ရီဖူရှင်းက ပြောသည်။

လောင်မူထံမှ သားရဲအလား ကိုယ်ရောင်ကိုယ်ဝါ တစ်ခုနှင့်အတူ သူ၏နောက်ကျော၌  ရွှေနဂါးကြီး တစ်ကောင်က ရစ်ခွေလျက် ထွက်လာသည်။ လောင်မူ၏ ခန္ဓာကိုယ်တွင်လည်း ထူးခြားကာ သီးသန့်ဆန်သော ကိုယ်ရောင် ကိုယ်ဝါတစ်ခု ထွက်ပေါ်လာသည်။ အနောက်တောင် နဂါးကလန် အဖွဲ့ဝင်များက သူတို့ ဘိုးဘေးနဂါး၏ သွေးကို ဆက်ခံကာ နဂါးတစ်ကောင်း၏ စွမ်းရည်များကို ပိုင်ဆိုင်ကြသည်။

တစ်ချိန်တည်းမှာပင် တောက်ပ လင်းလက်သော ခရမ်းရောင် အလင်းတန်းများ ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်လာကာ သူ၏ ပတ်ဝန်းကျင်က လျှပ်စီး သီးခြားနယ်တစ်ခု ဖြစ်သွားသည်။ လျှပ်စီး အလင်းတန်းတစ်ခု လောင်မူထံ ဆင်းသက် လာသော်လည်း လောင်မူက ဘာမှ ခံစားရပုံမရပေ။ သူက မြေပြင်အား ဘန်းခနဲ ဆောင့်နင်းကာ လေထဲကို ပျံသန်းသွားပြီး သူ၏လက်က ရီဖူရှင်းအား လှမ်းဆွဲလိုက်သည်။

ရွှေနဂါးက အော်ဟစ်ကာ လေထုကို ခွင်းလျက် ရီဖူရှင်းထံသို့ တိုးဝင်လာသည်။

ရီဖူရှင်းက သူ၏ သက်စောင့် ဝိညာဉ်အား ထုတ်လွှတ်ခြင်း မရှိကြပေ။ သူက လက်တစ်ဖက်ကို မြှောက်လိုက်သည်နှင့် လျှပ်စီး အလင်းတန်းများ အားလုံး တစ်ခုတည်း ပေါင်းစပ်သွားကာ ကြောက်မက်ဖွယ် လျှပ်စီး မုန်တိုင်းအဖြစ် ပြောင်းလဲသွားသည်။ လျှပ်စီးမုန်တိုင်းက လျှပ်စီးဒိုင်းကာ ပုံစံရှေ့မှ ကာကွယ်ထားရာ ရွှေနဂါးက ဝင်လာသည်နှင့် မုန်တိုင်းလုံးများ၏ စုပ်ယူမှုကို ခံရပြီး အပိုင်းအပိုင်းအစစ ဖြစ်သွားကာ နာကျင်စွာ အော်ဟစ်သံ ထွက်လာသည်။

သူရိယ နေမင်းကျောင်းမှ ချန်းဝမ်က ထိုမြင်ကွင်းကို ကြည့်ကာ သံသယများ အားလုံး ရှင်းလင်း သွားသည်။ ရီဖူရှင်းကား အမှန်ပင် ငွေဝတ်ရုံနှင့်လူ ဖြစ်သည်။

ရီဖူရှင်းက လက်တွင် လျှပ်စီးနတ်ဘုရား ဒိုင်းကာကို ဆုပ်ကိုင်ထားသည်။ ထိုစွမ်းရည်ကား လျှို့ဝှက်ဘုံမှ နဝမအဆင့်တွင် သူတွေ့ခဲ့သော ပထမဆုံး ရှီတန်ခိုးရှင်၏ စွမ်းရည် ဖြစ်သည်။

လောင်မူက လက်များ တုန်ယင်စွာဖြင့် လေထဲတွင် ပေါလောရပ်နေသည်။ သူ့အား နတ်နဂါးတစ်ကောင် ပူးကပ်နေသည့်အလား စွမ်းအင်များ ရု့န်ရင်းကြမ်းတမ်း သွားသည်။ သူက တခြားအကွက်များ ဘာမှ မသုံးဘဲ ရီဖူရှင်းထံသို့ တိုက်ရိုက် ဒိုင်ဗင် ထိုးဆင်းသွားသည်။ ဧရာမနတ် နဂါးအလား သဏ္ဌာန်က ရီဖူရှင်းထံသို့ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဟုန်ဖြင့် ဆင်းသက်လာကာ သူ၏ လျှပ်စီးဒိုင်းကာကို ဆုပ်ဖြဲမည့်ဟန် မြင်ရသည်။

ရီဖူရှင်းက လက်ကို ဝှေ့ယမ်းပြီး လေထဲကို ကြည့်သည်။ များပြား ပြင်းထန်သော လျှပ်စီး စွမ်းအင်များက လေထဲတွင် ရှိနေဆဲဖြစ်ကာ လျှပ်စီးဒိုင်းကာက ရွှေရောင် သန်းနေသော ခရမ်းရောင် လျှပ်စီး အလင်းတန်းများ အဖြစ် ပြောင်းလဲသွားပြီး ရွှေနဂါးကြီးကို ရစ်ပတ်သွားသည်။ ချက်ချင်းပင် ကောင်းကင်၌ လျှပ်စီးများ ဖုံးလွှမ်းသွားကာ ရွှေနဂါးထံသို့ မိုးကြီးလျှပ်စီးများ တဒိုင်းဒိုင်းဖြင့် ဆင်းသက် လာကြသည်။ လျှပ်စီးနတ်ဘုရား ပြစ်ဒဏ်ကား ခြွင်းချက်မဲ့ တိုက်ခိုက်ရေး စွမ်းရည်သာ ရှိသည် မဟုတ်ဘဲ ကြောက်မက်ဖွယ် ကောင်းသော စိတ်ဝိညာဉ် တိုက်ခိုက်မှုလည်း ပါသည်။ သို့သော်လည်း နဂါးပေါ်တွင် လောင်မူက လွန်စွာ စိတ်တည်ငြိမ်စွာဖြင့် ဆက်လက် ဆင်းသက် လာသည်။ ရီဖူရှင်းက လက်မြှောက်လိုက်လျှင် လေတိုးသံများ ကြားရကာ မရေမတွက်နိုင်သော နွယ်ပင်များ ပေါ်လာပြီး ဧရာမနဂါးကြီးကို ရစ်ပတ်သွားသည်။

ထို့နောက် ရီဖူရှင်းက လက်ကို ဆန့်တန်းလိုက်သည်။ နောက်မှ လိုက်ပါလာသည်ကား များစွာသော ရွှေရောင် လက်ဝါးပုံရိပ်များ ဖြစ်သည်။ ရွှေရောင် လက်ဝါးများက လေထဲတွင် အဆက်မပြတ် လှည့်ပတ်ကာ ကြောက်မက်ဖွယ် ကောင်းသော လက်ဝါးတံဆိပ်တော် တစ်ခုအဖြစ် ပြောင်းလဲ သွားသည်။ ရီဖူရှင်းက လက်ကို မြှောက်ကာ တွန်းလိုက်သည်တွင် ဧရာမလက်ဝါး တံဆိပ်တော်က လေထုကို ဖြတ်ကျော်သွားပြီး နဂါးကြီး၏လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။

ဧရာမ နဂါးကြီးက တိုက်ခိုက်မှု နှစ်ခုအောက်တွင် ရုန်းကန်နေရဟန် ရှိသည်။ လောင်မူက ထိုသို့ ခက်ခဲနေသည်ကို မြင်လျှင် အားလုံးက ထိတ်လန့် သွားကြ၏။ ထင်မှတ်ထားသည့် အတိုင်းပင် လောင်ရီထျန်း၏ ဂုဏ်ယူရသော သား လောင်မူက ရီဖူရှင်းထံတွင် တစ်ကွက်မျှပင် မခံနိုင်။

နဂါးကြီး၏ ခန္ဓာကိုယ်က မြေကြီးပေါ်ကို ကိုင်ရိုက်ခံရကာ ပြင်းထန်သော အသံ တစ်ချက်နှင့်အတူ နဂါးပုံရိပ်က ပျောက်ကွယ်သွားပြီး လောင်မူ၏နဂိုခန္ဓာ ပြန်ထွက်ပေါ် လာ၏။

တိုက်ကွက်ကား ပြင်းထန်လွန်းသည်။

လောင်မူ၏ အမူအရာက ပြာနှမ်းသွားသည်။ သူ တွေးထားသည့် အတိုင်း သူတို့ နှစ်ယောက်အကြား ကွာဟမှုကား သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံမှ အတိုင်း ဖြစ်သည်။ တူညီစွာပင် သူ၏အဆုံးသတ်က ဘာမှ ဂုဏ်ယူဖွယ်ရာ မရှိဘဲ သနားဖွယ်ရာပင် ကောင်းနေသေးသည်။

သခင်မလောင်က လောင်မူကို ကြည့်ကာ တိတ်တခိုး သက်ပြင်းချသည်။ ရီဖူရှင်းက လောင်မူ၏ဘဝတွင် အဓိက အလှည့်အပြောင်း တစ်ခု ဖြစ်လာလိမ့်မည်။ လောင်မူက ဤအရှုံးကို ခံနိုင်ရည်ရှိဖို့ သူမမျှော်လင့်မိ၏။ အကယ်၍ ​သူက ပြန်ထနိုင်ခဲ့လျှင် ယခင်ကထက်ပင် ပို၍ စိတ်ဓာတ် ခိုင်မာလာနိုင်သည်။

ရီဖူရှင်းက လောင်မူကို မကြည့်ဘဲ ကျင်းယွန်ရှောင်းကို ဘက်ကို လှည့်လိုက်သည်။ ကျင်းယွန်ရှောင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ရီဖူရှင်းက လောင်မူအား အနိုင်ယူခဲ့ရာ သူကလည်း ရီဖူရှင်း၏ ပြိုင်ဘက် မဟုတ်နိုင်။

ရီဖူရှင်း၏ တိုက်ခိုက်ရေး စွမ်းရည်ကား ထိုမျှ အားကောင်းသည်။ သူက တစ်သက်လုံး ထိုအရှုံးကို ပြန်အဖတ်ဆယ် နိုင်ပါ့မလား…။

ဘန်း…

သူက ထိုသို့ တွေးနေစဉ်မှာပင် ရီဖူရှင်း၏ ခန္ဓာကိုယ်က သူ့ထံ ကြောက်မက်ဖွယ် အရှိန်အဝါဖြင့် ပျံသန်းလာသည်ကို မြင်လိုက်ရ၏။ ကျင်းယွန်​ရှောင်း၏ နောက်ကျောမှ နတ်ငှက်အတောင်ပံ တစ်စုံက ချက်ချင်း ဖြစ်ပေါ်လာကာ သူက မြန်ဆန်စွာဖြင့် နောက်ဆုတ်သည်။ သို့သော်လည်း ရီဖူရှင်းက လျှပ်စီး အရပ်ခြေလှမ်းဖြင့် လှမ်းသွား လိုက်သည်တွင် အရပ်ကိုယ်ပွား တစ်ခု ဖြစ်သွားကာ ကျင်းယွန်ရှောင်း ရှေ့ကို ရောက်သွားသည်။

ကျင်းယွန်ရှောင်းက မာန်သွင်း အော်ဟစ်သည်တွင် သူ၏အတောင်ပံက တုန်ခါသွားပြီး မရေမတွက်နိုင်သော သားမွေးရွှေဓားများ ရီဖူရှင်းထံသို့ ပျံသန်း သွားကြသည်။

ဘန်း… ရီဖူရှင်း၏ ခန္ဓာကိုယ် အနီးတွင် မြေဓာတ် အလင်းများ စတင် ဖြစ်ပေါ်လာသည်။ သူတို့ထဲတွင် များစွာသော ဖျက်ဆီးအားများ ပါဝင်ပြီး သူ့ထံ ပျံသန်းလာသော သားမွေးဓားများကို ပျက်စီးစေသည်။

ရီဖူရှင်းက အနီးကို ရောက်လာသည်ကို မြင်သည်တွင် ကျင်းယွန်ရှောင်း၏ အတောင်ပံကို ဖြန့်ကာ တစ်ဖန် ထွက်ပြေးရန် ပြင်သည်။ ရီဖူရှင်းက လေထဲတွင် လမ်းလျှောက်လျှင် ခြေလှမ်းတိုင်းက လျှပ်စီးလက်သံများ မြည်သည်။ သူ၏ခန္ဓာကိုယ်က ကျင်းယွန်ရှောင်း၏ မျက်နှာချင်းဆိုင် လွန်စွာ နီးကပ်သို့ နေရာသို့ ရောက်လာသည်။ ကျင်းယွန်ရှောင်း၏ အမူအရာက ပျက်ယွင်းသွားကာ သူ၏ အတောင်ပံများအား ဝှေ့ယမ်းလျက် ရီဖူရှင်းကို တိုက်ရိုက် ပိုင်းဖြတ်ရန် ကြံသည်။

ရီဖူရှင်းက လက်ကို မြှောက်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ကို လှည့်ပတ်နေသော မြေဓာတ်အလင်းက အတောင်ပံ၏ ရိုက်ချက်အား ကာကွယ်လိုက်သည်။ သူ၏လက်က ဆန့်တန်းသွားကာ ကျင်းယွန်ရှောင်း၏လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။

“အ…”

သူ၏လက်က ကျင်းယွန်ရှောင်းအား မြဲမြံစွာ ဆုပ်ကိုင်ရင်းကပင် သူတို့နှစ်ယောက်က လွန်စွာ မြန်ဆန်သော အရှိန်ဖြင့် အောက်ကို ပြန်လည် ကျဆင်း လာသည်။

ဒုန်း…

ပြင်းထန်စွာ ထိရိုက်သံ ထွက်ပေါ်လာကာ မြေပြင်က အက်ကွဲ သွားသည်။ ကျင်းယွန်ရှောင်း၏ ခန္ဓာကိုယ်ကား မြေပြင်နှင့် ပြင်းထန်စွာ ထိရိုက်ခဲ့သည်။ ရီဖူရှင်းက ကျင်းယွန်ရှောင်းအား တည်ငြိမ်စွာပင် တစ်ချက်ကြည့်ကာ နောက်လှည့် ထွက်သွားသည်။ သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံ၌ ကျင်းယွန်ရှောင်းက သူ့အား ဓားတစ်ချက်အား အလစ်ထိုးခုတ်ခဲ့ရာ သူက ထိုအကြွေးကို မှတ်သားထားသည်။ ယခု သူက အရှက်ခွဲခံလိုမှတော့ ရီဖူရှင်းကလည်း ညှာမနေတော့။

ကျင်းယွန်ရှောင်း၏ မျက်နှာက နာကျင်မှုနှင့် အရှက်ရမှုတို့ကြောင့် ရှုံ့တွနေသည်။ သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံတွင် ဒူးထောက်ခစားခဲ့ရသော မြင်ကွင်းကို သူက ပြန်လည် အမှတ်ရလာသည်။ သူ၏မျက်လုံးများက ဒေါသခိုးများ မီးတောက် မီးလျှံလို ဆူပွက်လာသည်။

ဘန်း…

သူ၏ခန္ဓာကိုယ်က မြေပြင်ပေါ်မှ ရုတ်တရက် ခုန်ထကာ လက်ထဲတွင် လွန်စွာ ထက်ရှသော ရှီဓားတစ်လက် ပေါ်လာသည်။ ထိုဓားက နတ်ငှက်အလား ကောင်းကင်နှင့် မြေပြင်အကြား လေထုကို ခွင်းလျက် ရီဖူရှင်း၏ နောက်ကျောကို မြန်ဆန်စွာဖြင့် တိုးဝင်သွားသည်။

ရီဖူရှင်း၏ ခြေလှမ်းက ရပ်တန့်သွားကာ မျက်မှောင်ကြုတ် လိုက်သည်။

“အတင့်ရဲတယ်…” ကြယ်မင်းကျောင်းမှ အကြီးအကဲ တစ်ယောက်က ကြိမ်းမောင်း လိုက်သည်။ ကျင်းကလန် အကြီးအကဲများကလည်း မျက်မှောင်ကြုတ် လိုက်ကြသည်။ ကျင်းယွန်ရှောင်းက သူ ဘာလုပ်နေသည်ကို သိသလော…။

ရီဖူရှင်း မလှုပ်ရှားရသေးမီတွင်ပင် လူတစ်ယောက်က လူအုပ်ထဲမှ ဓားတစ်လက်နှင့်အတူ လှုပ်ရှားလိုက်သည်။ ထိုလူကား လက်တစ်ဖက်သာပါပြီး သူက ဓားကို ထုတ်ကာ ကျင်းယွန်ရှောင်း၏ ဓားချက်ကို လှမ်းခုတ်လိုက်သည်။ ချက်ချင်းပင် ထောင်ပေါင်းများစွာသော ဓားချက်များက လေထဲတွင်ပေါ်လာကာ တစ်နေရာတည်းကို စုစည်းပြီး ဖြတ်တောက် လိုက်ကြရာ နတ်ငှက်အလား ဓားချက်က ပြိုကျ ပျက်စီးသွားရ၏။

သို့သော် မူလဓားက ရှေ့ကို ဆက်သွားကာ ဓားအလင်းများက အယ်ကိုင်ဓား၏ ဓားဦးတွင် လာရောက် စုစည်းကြပြီး နတ်ငှတ်ဓားကို ခုတ်လိုက်သည်။ တစ်ချိန်တည်းတွင် ဓားအားလှိုင်းများက နတ်ငှက်ဓားမှ တစ်ဆင့် ကျင်းယွန်ရှောင်း၏ ခန္ဓာကိုယ်ထဲကို စီးဆင်းလာသည်။

ထိုအခိုက်တွင် ကျင်းယွန်ရှောင်းက သူ့ခန္ဓာကိုယ်အား ထောင်ပေါင်း များစွာသော ဓားအသိများ လာရောက် ရစ်ပတ်ကာ သူ့အား အစိတ်စိတ် အပိုင်းပိုင်း ဖြတ်တောက် တော့မည်ကဲ့သို့ ခံစားလိုက်ရသည်။ သူ၏မျက်နှာက ပြာနှမ်းသွားပြီး သူ၏ဓားကလည်း မြေပြင်ပေါ်ကို ကျသည်။ သူ သတိမထားလိုက်မီတွင်ပင် တစ်ဖက်လူ၏ဓားက သူ၏လည်ပင်းကို ထောက်ထားပြီးဖြစ်သည်။ အကယ်၍ ဓားသွားကာ လက်မအနည်းငယ် တိုးဝင်လာခဲ့လျှင် သူက သေဆုံးသွားပြီ ဖြစ်မည်။

“သူ့ကို သံသယဝင်တယ်… မင်းမှာ ဒီအခွင့်အရေး ရှိလို့လား…” လက်တစ်ဖက်ပြတ် လူငယ်ထံမှ အေးစက်သော အသံက လောင်မူနှင့် ကျင်းယွန်ရှောင်း၏ နှလုံးထဲသို့ ဓားသွားအလား ထိုးဆွသွားသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset