ကြယ်မင်းကျောင်းက တော်ဝင်ဝတ်စုံ၊ သရဖူတို့နှင့်တကွ သားတော်ဘွဲ့ထူး ပေးအပ်မည့် သတင်းက မိုးမြေ ကောင်းကင်မြို့ကို အချိန်တိုအတွင်း ပျံ့နှံ့သွားသည်။
မြေရိုင်းဒေသ အရှေ့ဘက်နယ်၏ အဓိကမြို့ကြီးများ အားလုံးက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သည်ကိစ္စကား အလွန် အရေးကြီးသည်။ ယခု ကြယ်မင်းကျောင်းအုပ်က တစ်မြို့လုံးကို ကြေညာကာ အားလုံးကို အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ခေါ်ခဲ့သည်။
ထိပ်သီးကျောင်း သုံးကျောင်း၏ ဝင်ခွင့် အကဲဖြတ် စစ်ဆေးပွဲနှင့် သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံ ဖွင့်ပွဲတို့ပင် ဤမျှ လှုပ်ခတ်အောင် မစွမ်းသာ။
ယခု မြို့တွင်းမှ လူတိုင်းက ဤကိစ္စကို ပြောနေကြသည်။
မကြာမီ ကောလာဟလများနှင့် ခန့်မှန်းချက်များက စကားဝိုင်းများတွင် ညံညံစီသွားသည်။ သားတော်က ဘယ်သူဖြစ်မည်ကို အားလုံးက သိလိုကြသည်။ သူက နိုဘယ်အဆင့်ကလား သို့မဟုတ် အကာနာအဆင့်ကလား…။ သူက လောင်ရီထျန်း၏ မျိုးဆက်ဖြစ်သူ လောင်မူ ဖြစ်မလား…။
လူတချို့၏ ခန့်မှန်းချက်များကမူ ထူးခြားသည်။ သူတို့က ဤကိစ္စမှာ သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံနှင့် ဆက်စပ်နေသည်ဟု ခန့်မှန်းကြသည်။ ငွေဝတ်စုံလူကား ယခုထက်ထိ စုံစမ်း၍ မရသေးရာ သူက ကြယ်မင်းကျောင်းမှ လျှို့ဝှက်စွာ ပျိုးထောင်ခဲ့သောသူ တစ်ယောက် ဖြစ်နိုင်ပေသည်။ ကျောင်း၏ အရေးပါသော လူများကသာ သူ၏ တကယ့်မူလ ရုပ်သွင်ကို သိမည်။ ယခု သူက သားတော်အဖြစ် ထွက်ပေါ်လာရန် အဆင်သင့် ဖြစ်နေပြီ။ ထိုခန့်မှန်းချက်အား အမှန်ပင် လူအများက လက်ခံခဲ့ကြသည်။ ထိုခန့်မှန်းချက်က လွန်စွာ နီးစပ်သည်ဟု သူတို့ တွေးထင်ကြသည်။
တကယ့်အဖြစ်မှန်ကို သိသူများက ကြယ်မင်းကျောင်း၏ အဓိက ထောက်တိုင်များ ဖြစ်သော ထိပ်သီးကလန်မှ ခေါင်းဆောင်များသာ ဖြစ်သည်။ မည်သို့ဆိုစေ ထိုလူအချို့မှာ နဂါးကလန်နှင့် ကုကလန်မှ ခေါင်းဆောင်များသာ ဖြစ်သည်။ သို့သော် အခမ်းအနား မတိုင်မီ သူတို့က သတင်းအား ထုတ်ပြန်မည် မဟုတ်ပေ။
ကျင်းကလန်ကလည်း တချို့ကိစ္စရပ်များကို ခန့်မှန်း မိကြသော်လည်း သိပ်တော့လည်း မသေချာပေ။ သို့သော်လည်း ကျင်းကလန်က သူတို့အတွက် ကောင်းသော ကိစ္စရပ် မဟုတ်သည် ကိုတော့ နားလည်ကြသည်။ အဘယ်ကြောင့် ဆိုသော် ကြယ်မင်းကျောင်းက အမှန်တရားအား ကျင်းကလန်ထံသို့ မပေါက်ကြားရန် တားဆီး ထားသောကြောင့် ဖြစ်သည်။
နတ်ဗိမာန် အိမ်တော်တွင် စားသောက် နေသူများကလည်း ထိုကိစ္စကို ဆွေးနွေး ပြောဆိုနေကြသည်။ သို့တိုင်အောင် ရီဖူရှင်းက သူနှင့် မဆိုင်သလို အခန်းထဲတွင် အေးဆေးစွာ လေ့ကျင့်နေသည်။ သူက အချိန်ရတိုင်း လေ့ကျင့်ရန် လိုနေသည်။
ကျောင်းအုပ်ချန်းက တစ်မြို့လုံး၏ရှေ့တွင် သူ့အား သားတော်ဘွဲ့ထူး ပေးအပ်မည် ဖြစ်သည်။ သူ့အတွက် ကြီးကျယ် ခမ်းနားသော အောင်မြင်မှုတစ်ခု ဖြစ်သော်လည်း ထိုအရာက ဖိအားတစ်မျိုးလည်း ဖြစ်သည်။ ကျောင်းအုပ်ချန်းက သူ့အား လူပုံအလယ်ကို တိုက်ရိုက် တွန်းလွှတ်ခဲ့ကာ သူက သရဖူအား ဝတ်ဆင်လိုပါက ထိုဖိအားကို ခံနိုင်ရမည်ဟု ဆိုလိုနေသည်။
ရီဖူရှင်းက ပိုမို၍ အားကောင်းရန် လိုအပ်ပေသည်။ သူက သူ့မျိုးဆက် အတွင်းမှ လူများကို အလွယ်တကူ အနိုင်ယူနိုင်သည်ကို ယုံကြည်ချက် ရှိသည်။ သို့သော် သူ့မျိုးဆက်တွင် သူ့ထက် အသက်ကြီးသူများလည်း ပါဝင်သည်။ အမှန်တကယ်အားဖြင့် နိုဘယ်များပင် သူ့မျိုးဆက်မှ လူများဟု ပြောနိုင်ပေသည်။ သူက ထိုအရာများ အားလုံးကို ရင်ဆိုင်ရမည်။
ကောင်းကင်အလင်း သုံးခုထဲတွင် ပါဝင်သော အသိပညာများနှင့် သိုင်းပညာ ကံစွမ်းအားများက သူ့အား အချိန်ကြာညောင်းစွာ လေ့လာ ဆင်ခြင်ရန် လုံလောက်ပေ၏။ သူကား တစ်နေ့တည်းတွင်ပင် ပိုမိုအားကောင်း လာသည် ပြောရမည်။
မျက်လုံး တစ်မှိတ်အတွင်း သုံးရက် ကုန်ဆုံးသွားသည်။ ယခုကား ကြယ်မင်းကျောင်း၏ သားတော် နှင်းအပ်ပွဲဖြစ်သည်။ မရေမတွက်နိုင်သော လူများက ကောင်းကင် တစ်ခွင်နှင့်မြေပြင်နေရာ အနှံ့တွင် တရုန်းရုန်း ဖြစ်စေအောင် လူအစုစုများက ဦးတည်ရာ အရပ်တစ်ခုကို ဆူညံစွာ သွားနေကြသည်။ သူတို့က သားတော်မည်သူ ဖြစ်သည်ကို သိလိုကြ၏။
နတ်ဗိမာန် အိမ်တော်တွင် စိန့်ယွီက ရီဖူရှင်းထံကို ရောက်လာသည်။ ရီဖူရှင်းက သူမကို ခေါ်လိုက်ခြင်း ဖြစ်သော်လည်း သူမ၏ အမူအရာကို မြင်လျှင် တစ်ခုခု မူမမှန်သည်ကို ခံစားရ၏။ သူမက တစ်စုံတစ်ခုအား ပြောလိုဟန် ရသော်လည်း မပြောရဲဘဲ ချီတုံချတုံ ဖြစ်နေသည်။
စိန့်ယွီ၏ အမူအရာကို မြင်လျှင် ရီဖူရှင်းက မေးသည်… “ပြောချင်တာရှိရင် ပြောသာပြော…”
“ကျွန်မက ကြယ်မင်းကျောင်း အခမ်းအနားကို သွားကြည့်ချင်တယ်…” စိန့်ယွီက ပြောသည်။
“အမ်…” ရီဖူရှင်းက မျက်လုံးပြူး သွားသည်။
ရီဖူရှင်း၏ အမူအရာကို မြင်လျှင် စိန့်ယွီက ပြောသည်… “ကျွန်မက နတ်ဗိမာန် အိမ်တော်ရဲ့ ကိစ္စအရပ်ရပ်ကို စီမံပြီးပါပြီ… တကယ်ဆို ဆရာရီက ခိုင်းရာရှိရင် မြန်မြန် ခိုင်းပေးပါလား…”
“မရှိဘူး… ငါက နောက်ဆို နတ်ဗိမာန် အိမ်တော်မှာ ဆက်နေနိုင်မှာ မဟုတ်တော့ဘူး ဆိုတာ မင်းကို ပြောချင်လို့… မင်းက ဒီမှာ ယာယီ အုပ်ချုပ်လို့ရတယ်… နဂါးကလန်က လူတွေလည်း ကူညီကြလိမ့်မယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်…“သွားချင်ရင် သွားတော့…”
“ဟုတ်ကဲ့…” စိန့်ယွီက ဖျတ်လတ်စွာဖြင့် နောက်လှည့် ထွက်သွားသည်။
“မင်းက ဒီလောက်တောင် အမြန်လိုရလား…” ရီဖူရှင်းက စိန့်ယွီ၏ နောက်ကျောကို ကြည့်ကာ ရေရွတ်သည်။
“ကြယ်မင်းကျောင်းက ဒီနေ့ လူတွေနဲ့ ပြည့်နေလိမ့်မယ်… ရှင်က မြန်မြန်သွားပြီးနေရာ ဦးသင့်တယ်…” စိန့်ယွီက ထိုသို့ပြောကာ ပျောက်ကွယ် သွားသည်။ ရီဖူရှင်းက ပြုံးကာ ခေါင်းယမ်းသည်… “ငါလည်း သွားသင့်ပြီ…”
“သွားစို့…” ရီဖူရှင်း နောက်လှည့်ကာ ပြောသည်။ ယူချင်းတို့ အားလုံးက ခေါင်းညိတ်ကြသည်။ သိမ်းငှက်နက်ပေါ်ကို တက်ကာ သူတို့က ကောင်းကင်ပေးသို့ ပျံသန်း ထွက်ခွာ သွားကြသည်။
***
ယခုတွင်ကား ကြယ်မင်းကျောင်း ဂိတ်တံခါးကို လူများ ကြိတ်ကြိတ်တိုး နေကြကာ ထိုနေရာအား ရေတစ်စက် ချလိုက်လျှင်ပင် ယိုကျမည် မဟုတ်ဟု ထင်ရသည်။ ပတ်ဝန်းကျင် တစ်ခုလုံးကလည်း လူပင်လယ် ဖြစ်နေပြီး ကောင်းကင်နှင့်မြေပြင် အနှံ့ကို ပြည့်နှက်နေသည်။ မိုးမြေ ကောင်းကင်မြို့တွင် သည်ကဲ့သို့ မြင်ကွင်းမျိုးကို မမြင်ရသည်မှာ ကြာလှပြီ ဖြစ်သည်။ လူတိုင်းက ကြယ်မင်းကျောင်းမှ သားတော် ချီးမြှောက်ပွဲကို မြင်တွေ့လိုကြသည်။
ရုတ်တရက် လူအုပ်အကြားတွင် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ သူရိယနေမင်း ကျောင်းမှ လူအုပ်ကြီး တစ်အုပ်လည်း ရောက်လာသည်။ သူတို့နှင့်အတူ ကလန်များစွာကလည်း အတူ ရောက်လာကြသည်။ ထို့နောက် လစန္ဒာကလန်မှ တန်ခိုးရှင်များ ရောက်လာကြသည်။
သူရိယနေမင်း ကျောင်းနှင့် လစန္ဒာကျောင်းတို့က မိုးမြေ ကောင်းကင်မြို့တွင် ကြယ်မင်းကျောင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု အရှိဆုံး ရန်သူများ ဖြစ်ကြသည်။ ကြယ်မင်းကျောင်းက ရှေးဟောင်း ဓလေ့ထုံးတမ်းကို ပြန်လည် အသက်သွင်းကာ သားတော်နေရာကို ပေးအပ်ရန် ကြံနေသည်။ သူတို့က သေချာပေါက် လာကြည့်ရန် လိုပေသည်။
အဓိက ကလန်များစွာက ကြယ်မင်းကျောင်းထဲကို တစ်ဖွဲ့ပြီး တစ်ဖွဲ့ ဝင်ရောက် နေကြသည်။ နေရာမျိုးစုံမှ ပါရမီရှင်များစွာ ကလည်း အခမ်းအနားကို လာရောက်လာသည်။ ကြယ်မင်းကျောင်း၏ အပြင်စည်းတွင် လူအုပ်ကြီးက ဖြစ်နေပြီး ထိုအထဲတွင် တန်ခိုးရှင်အချို့ လမ်းလျှောက် နေကြသည်။
“ဒီမှာ တော်တော် စည်တာပဲ…” တစ်ယောက်က ပြောသည်။ သူကား ပိန်ပါးကာ သူ၏ မျက်လုံးများက အလွန် စူးရှသည်။ သူက ဟန်ပန်က ထောင်လွှားကာ ထီမထင်သော အမူအရာ ရှိသည်။
“မင်းက ဝင်ကြည့်ဦး မလို့လား…” ဘေးမှ ချောမောသော လူတစ်ယောက်က မျက်လုံး ပြူးကျယ်စွာဖြင့် ပြောသည်။
“တစ်ခါလောက် သွားကြည့်ရအောင်…” ပထမ လူငယ်က ပြုံးလျက် ပြောသည်။
“ငါတို့က ညီငယ်လေးကို ရှာရဦးမယ်…”
“ဒါဆိုလည်း ညီခုနစ်ကို မေးကြည့် ကြည့်မယ်…” ပိန်ပါးသော လူငယ်က သူ့ဘေးမှ ဝတုတ်ကို ပြုံးလျက် ကြည့်သည်။ သူ၏အကြည့်ကို ဂရုပြုမိကာ ဝတုတ်က ကျောစိမ့်သွားသည်… “အစ်ကိုလေး… ဘယ်လိုပြောပြော ကျွန်တော်တို့ အချိန် သိပ်မဖြုန်းသင့်ဘူး… တစ်ခါလောက် သွားကြည့်ရအောင်…”
“တခြားလူတွေ ဒီမှာ မရှိတာနဲ့ မင်းက ပြဿနာ ရှာချင်နေတာပဲ…” သူတို့ဘေးမှ လူငယ်က ပိန်ပါးသော လူငယ်အား သဘောမကျစွာ ပြောသည်။
“အစ်ကို… ကျွန်တော်က အစ်ကိုကောင်းဖို့ လုပ်နေတာလေ… ဒါက မိုင်တစ်ထောင် ခရီးသွားကာ စာအုပ်တစ်ထောင် ဖတ်တာထက် အကျိုးရှိတယ်ဆိုတဲ့ စကားကို လက်တွေ့ ကျင့်သုံးနေတာ… ကျွန်တော်တို့ ခရီးသွားမှတော့ လိုက်ပြီး စူးစမ်း လေ့လာသင့်တယ်…” ပိန်ပါးသော လူငယ်က ပြုံးလျက် ပြောသည်။
“ကျိုးကြောင်း ဆီလျော်တယ်…” ရုပ်ချောသော လူငယ်က ထိုလူငယ်၏ အရှက်မရှိသော စကားများနှင့် နေသားကျနေပြီး ဖြစ်သည်။ ထို့နောက် သူက ဘေးမှ ဝတုတ်ကို မျက်လုံးပြူးလျက် ကြည့်သည်။
ဝတုတ်က ခေါင်းငုံ့လိုက်ကာ သက်ပြင်းချသည်။ သူက တစ်ယောက်ကိုမှ ရန်စ၍ မရပေ။ ဘယ်တော့မှ သူတို့ နှစ်ယောက်ကို အနိုင်ရမည် သူမသိတော့…။
“ခုနစ်… လမ်းသွားဖောက်ချေ…” ချောမောသော လူငယ်က ပြောသည်။ ဝတုတ်က စိတ်ပျက်စွာဖြင့် လူပင်လယ်ကြီးကို ကြည့်သည်။
“မင်းက ဝတော့ လူကြားထဲ အလွယ် တိုးလို့ရတယ်…” ပိန်ပါးသော လူငယ်က ပြုံးလျက် ပြောသည်။ ဝတုတ်က ပါးစပ် ပိတ်လိုက်သည်။ အမြဲတမ်း သူ့အလှည့် ဘာလို့ ဖြစ်နေရတာလဲ…။
ယခုကား နေရာအနှံ့မှ တန်ခိုးရှင်များက ကြယ်မင်းကျောင်းတွင် လာရောက် စုစည်း နေကြသည်။
အခမ်းအနား စင်မြင့်၏ ဘေးနှစ်ဖက်တွင် ထိုင်ခုံများစွာရှိပြီး တန်ခိုးရှင်များစွာက ထိုင်နေကြသည်။ အနောက်ဘက် တောင်ကုန်း နဂါးကလန်၊ ကုကလန်၊ ကျင်းကလန်တို့ အားလုံး ရောက်နေကြပြီ ဖြစ်သည်။
ကုကလန်၏ ခေါင်းဆောင် ကုဟန်ရှင်းကား ကိုယ်တိုင် ရောက်လာသည်။ နဂါးကလန်မှလည်း သခင်မလောင် ရောက်လာသည်။ လက်ရှိ နဂါးကလန်၏ အရေးကိစ္စများကို သခင်မလောင်က စီမံခန့်ခွဲနေဟန် ရ၏။ ကျင်းကလန်မှလည်း ကလန်ခေါင်းဆောင် ကိုယ်တိုင် ရောက်လာသည်။
ယခု ကုယွန်ချီက သူမ၏အဖေ ဘေးတွင် ထိုင်နေသည်။ သူမက မေးသည်…“အဖေ… သားတော်က ဘယ်သူလဲ သိလား…”
“အင်း…” ကုဟန်ရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။
“ဘယ်သူလဲ…” ကုယွန်ချီက စိတ်ဝင်စားစွာ မေးသည်။ သူမက ဖြစ်နိုင်ဖွယ်လူကို စဉ်းစား၍ မရပေ။
“ကျောင်းအုပ် ကြေညာတာကို စောင့်ရအောင်…” ကုဟန်ရှင်းက ပြုံးကာ ပြောသည်။
ကုယွန်ချီက စိတ်ပျက်စွာဖြင့် ခေါင်းညိတ်သည်။ သူမ၏အဖေက သူမအား မပြောလိုရာ စောင့်ရုံမှ တပါး အခြား မရှိတော့။
ထိုစဉ် လူတစ်ယောက်က လျှောက်လာသည်။ သူကား ချောမောကာ ထူးခြားသော ဆွဲဆောင်အား ရှိသည်။ အသာအသာ ဦးညွှတ်ကာ သူက နှုတ်ဆက်သည်… “ကုဦးလေး…”
“ငါက မင်းကို မတွေ့တာ တော်တော် ကြာခဲ့ပြီ… မင်းက အခု ပိုပြီး ရုပ်ချောလာတာပဲကွ… မင်းအဖေ အတိုင်းပဲ… မင်းကလည်း တစ်နေ့ အောင်မြင်မှာ သေချာတယ်…” ကုဟန်ရှင်းက ပြုံးလျက် ပြောသည်။
“ကျေးဇူးတင်ပါတယ်… ကုဦးလေး… အဖေက အရင်တုန်းက ပြိုင်ဘက် ကင်းခဲ့တယ်… ကျွန်တော်က အဖေ့နာမည် မပျက်ရအောင် ကြိုးစားပါ့မယ်…” လောင်မူက လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောသည်။ ထို့နောက် သူက ကုယွန်ချီကို ခေါင်းညိတ်ပြသည်။ ကုယွန်ချီကလည်း ပြုံးကာ ပြန်၍ ခေါင်းညိတ်ပြ၏။ ထို့နောက် လောင်မူက ပြန်ထွက်သွားသည်။ သူက နှုတ်ဆက်ရန် လာရောက်ခြင်းသာ ဖြစ်သည်။ မည်သို့ဆိုစေ ယခင်က သူ၏အဖေနှင့် ကုဟန်ရှင်းတို့၏ ဆက်ဆံရေးက လွန်စွာ ကောင်းခဲ့သည်။
လူအများအပြားက လောင်မူနှင့် ကုယွန်ချီကို စိတ်ဝင်စားစွာ ကြည့်ကြသည်။ သူတို့ နှစ်ယောက်က နောက်တွင် အတွဲ ဖြစ်လာနိုင်ချေ ရှိသူများ ဖြစ်သည်။
ချိန်ယုံကလည်း ကုယွန်ချီကို ကြည့်သည်။ ထို့နောက် သူမ၏ဘေးမှ လူကြီးကို မေးသည်… “အဖေ… နဂါးကလန်နဲ့ ကုကလန်က လက်ထပ်ပြီး မဟာမိတ်ပြုမှာလား…”
“မဖြစ်နိုင်ဘူး…” သူမ၏ဘေးမှ လူကြီးက ခေါင်းယမ်းသည်။
“ကောင်းပြီ…” ချိန်ယုံက ခေါင်းညိတ်သည်… “အဖေ… သားတော်က ဘယ်သူလဲ အခုထိ မသိရသေးတာလား…”
“ဒါက တကယ်ပဲ လျှို့ဝှက်ချက် ဖြစ်နေတယ်… စောင့်ကြည့်ရအောင်… ငါတို့ မကြာခင် သိရတော့မှာပဲကို…”
ထိုအခိုက်တွင် ရီဖူရှင်းတို့ကလည်း ရောက်ရှိလာသည်။ ကြယ်မင်းကျောင်းမှ တပည့်များက သူ့ကို ကြည့်ကာ အဘယ်ကြောင့် သူက ထပ်မံ ရောက်လာသည်ကို တွေးတော နေကြသည်။
ကျင့်နန်ကလည်း ရီဖူရှင်းကို မြင်ကာ သူ၏မျက်နှာက အေးစက်သွား၏။ ရီဖူရှင်းက ကြယ်မင်းကျောင်းကို မဝင်လိုသော်လည်း သည်နေရာကို ခဏခဏ ရောက်လာနေသည်။ သို့သော်လည်း ရီဖူရှင်းက သခင်မလောင်၏ ဘေးနားကို ရောက်သွားသည်ကို မြင်လျှင် စိတ်လျှော့ လိုက်သည်။ ကြည့်ရသည်မှာ ရီဖူရှင်းက နဂါးကလန် အဖွဲ့ဝင်လုံးလုံး ဖြစ်သွားဟန် ရ၏။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ စင်ပေါ်တွင် ကြယ်မင်းကျောင်းမှ အရေးပါသော ရှီအဆင့် အကြီးအကဲများ အားလုံး တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ သူတို့က စင်မြင့်၏ ဘေးတစ်ဘက် တစ်ချက်တွင် တည်ငြိမ်စွာ ရပ်နေကြသည်။ ချက်ချင်းပင် ကျယ်ပြန့်သော ထိုနေရာကြီး တစ်ခုလုံးက တိတ်ဆိတ် သွားသည်။
ထိုစဉ်မှာပင် တန်ခိုးရှင် နှစ်ယောက် ပေါ်လာသည်။ တစ်ယောက်က အလွန် ထည်ဝါလှပသော ဝတ်ရုံရှည် တစ်စုံကို ကိုင်ထားပြီး နောက်တစ်ယောက်က သရဖူအား ကိုင်ထားသည်။ သူတို့နှစ်ယောက်က စင်မြင့်အလယ်တွင် ရပ်နေကြသည်။
မရေမတွက်နိုင်သော လူများက အံ့အားသင့် ကြရသည်။ သူတို့ နှစ်ယောက်ကား ရှီအဆင့် အကြီးအကဲများ ဖြစ်ကြသည်။
သူတို့က သူရဖူနှင့် ဝတ်စုံကို ကိုယ်တိုင် ယူဆောင် လာပေးကြသည်။ ထိုအခြင်းအရာက အမှန်ပင် ဂုဏ်ယူ ဝင့်ကြွားဖွယ်ရာ ကောင်း၏။
စင်မြင့် အပေါ်ဆုံးတွင် ကျောင်းအုပ်ချန်း ပေါ်လာသောအခါ အားလုံးသော အသံများ တိတ်ဆိတ် သွားကြသည်။ လူတိုင်းက သူ့ကို ကြည့်နေကြ၏။
သူက နောက်ဆုံးမှာ ကြေညာ တော့မည်လား…။
ကြယ်မင်းကျောင်းမှ မရေမတွက်နိုင်သော တပည့်များက သက်ပြင်း ရှိုက်လိုက်ကြသည်။ အထူးသဖြင့် အတော်ဆုံး တပည့်များပင်။ သူတို့အားလုံးက ထိုနေရာကို လိုချင် မက်မောကြသည်။ လောင်မူနှင့် ကျင်းယွန်ရှောင်းတို့ ကလည်း လူအုပ်ထဲတွင် ရှိသည်။ သူတို့က ကျောင်းအုပ်ချန်း၊ သရဖူနှင့် တော်ဝင် ဝတ်စုံတို့ကို ကြည့်နေသည်။
ကြယ်မင်းကျောင်း၏ အပြင်ဘက်နှင့် အတွင်းဘက် နေရာအားလုံးက တိတ်ဆိတ်နေကာ စောင့်စား နေကြသည်။
သားတော်က ဘယ်သူဖြစ်မလဲ…။
ကျောင်းအုပ်က လူအုပ်ကို ကြည့်သည်။ ထို့နောက် သူက တစ်လုံးချင်း ပြောသည်… “ဒီနေ့ ကြယ်မင်းကျောင်းက သားတော်ဘွဲ့ထူးကို အပ်နှင်းမယ်… ဧည့်သည်တော် အပေါင်းတို့က အခမ်းအနားမှာ သက်သေ ဖြစ်စေမယ်…”
“သားတော်ကို ဖိတ်ခေါ်ကြမယ်…”
“သားတော်ကို ဖိတ်ခေါ်ပါတယ်…” ဘေးမှ လူအများအပြားက ပြိုင်တူ အော်လိုက်ကြသည်။ သူတို့၏အသံက ကောင်းကင်တစ်ခွင်ကို ညံသွားသည်။
သားတော်ကို ဖိတ်ခေါ် နေကြသည်။ သားတော်က ဘယ်သူလဲ…။ ထိုနေရာ တစ်ခုလုံးက တိတ်ဆိတ်နေကာ လှုပ်ရှားခြင်း ကင်းမဲ့သည်။
ရုတ်တရက် လူအုပ်ထဲမှ အဖြူရောင်ဝတ်စုံကို ဝတ်ထားပြီး အလွန် ချောမောကာ ထူးခြား ဆန်းကြယ်သော လူငယ်တစ်ယောက်က လျှောက်လာသည်။ ထိုအခိုက်တွင် သူကား လောကတွင် တစ်ဦးတည်း ကျန်သောသူ ဟုပင် ထင်မှတ်ရသည်။
***