ခေါင်းလောင်း မြည်သွားသည်နှင့် တစ်ကြောင်းလုံး ဆူညံပွက်လောရိုက် သွားသည်။ လက်ရှိတွင်ကား ကြယ်မင်းကျောင်းမှ ဂျူနီယာများ၊ စီနီယာများ အားလုံးက တစ်နေရာတည်းကို ဦးတည် သွားနေကြသည်။
ကျင်းယွန်ရှောင်း၏ မျက်နှာက သုန်မှုန်နေသည်။ သခင်မလောင် ရောက်ရှိလာပြီး မကြာမီ ကြယ်တာရာ ခေါင်းလောင်း မြည်ခဲ့သည်။ ထို့ကြောင့် ခေါင်းလောင်းသံက သခင်မလောင်နှင့် သေချာပေါက် ဆက်စပ်နေရမည်။ မေးခွန်းက ရီဖူရှင်းနှင့် ဆက်စပ်နေလားဟူ၍ ဖြစ်သည်။ သူက တခြားလူများထက် ပိုသိသည်။ ဥပမာ သခင်မလောင်က ရီဖူရှင်းအား ကုကလန်သို့ ခေါ်သွားခဲ့သည်ကို သိသည်။ ကျင်းကလန်ကလည်း တချို့အရာများကို ခန့်မှန်း သိရှိနေသည်။ ထို့ကြောင့် သူကား ကျန်သောလူများထက် ပို၍ အာရုံခံစားမှု ကောင်းနေသည်။ ဖြစ်နိုင်ဖွယ်ကို စဉ်းစားကာ သူ၏မျက်နှာက လွန်စွာ မည်းမှောင်နေ၏။ အမှန်တရားက သူ တွေးထင်သည့်အတိုင်း မဟုတ်ပါစေဟု သူ ဆုတောင်းနေသည်။
ကုယွန်ချီကလည်း ကြယ်တာရာ ကွင်းပြင်ကို သွားနေသည်။ သူမ၏ဘေးတွင် မိန်းကလေး များစွာလည်း လိုက်ပါ လာကြသည်။
“ယွန်ချီ… ဘာဖြစ်နေလဲ နင်သိလား…” တစ်ယောက်က ကုယွန်ချီကို မေးသည်။ မည်သို့ဆိုစေ ကုမိသားစုကား ကြယ်မင်းကျောင်းတွင် အဓိက အစိတ်အပိုင်း တစ်ခုဖြစ်ရာ များစွာသော လျှို့ဝှက်ချက်များကို သိသည်။
“ဟင့်အင်း… ငါမသိဘူး…” ကုယွန်ချီကလည်း နားမလည်ပေ။ သူမက တန်ခိုးကျင့်ရာမှ ခုနကမှ ထွက်လာခဲ့ရာ သခင်မလောင်နှင့် ရီဖူရှင်းတို့ ကြယ်မင်းကျောင်းကို ရောက်လာသည်ကို မသိပေ။ သူမ၏မိသားစုကလည်း ပြောပြခြင်း မရှိခဲ့။
“ဒါက ကြယ်တာရာ ခေါင်းလောင်းသံကို ပထမဆုံး ကြားရတာပဲ… ဒါပေမဲ့ အခု ကျောင်းမှာ ကြီးမားတာ တစ်ခုခု ဖြစ်တယ်လည်း မကြားမိပါလား…” လူအများအပြားကလည်း နားမလည်ကြပေ။
ကျင့်နန်၊ ဝမ်ယွီချန်းနှင့် တခြားလူများကလည်း ကြယ်တာရာ ကွင်းပြင်သို့ သွားလာရင်းက ပြောဆို ဆွေးနွေး နေကြသည်။ ရှေ့မှ စင်ပေါ်တွင်မူကား အကြီးအကဲများ အားလုံးက ဝေခွဲမရသော ပုံစံများဖြင့် ဖြစ်နိုင်ဖွယ်များကို ဆွေးနွေး ပြောဆို နေကြသည်ကို မြင်ရ၏။ ထိုအထဲတွင် ထန်ကျုံးကဲ့သို့သော ထိပ်သီး နိုဘယ်တန်ခိုးရှင်များစွာ ပါဝင်ပေသည်။
“စီနီယာထန်… ဘာဖြစ်နေတာလဲ ခင်ဗျား သိလား…” တစ်ယောက်က လှမ်းမေးသည်။ ထန်ကျုံးကား နိုဘယ်ဆင့် အမြင့်ဆုံးတွင်ရှိကာ အမြင့်ဆုံး အဆင့်အတန်းတွင် ရှိသော တပည့်တစ်ယောက် ဖြစ်၏။ သူက တစ်ခုခု သိရပေမည်။
သို့သော်လည်း ထန်ကျုံးက ခေါင်းယမ်းသည်။ သူကလည်း အဘယ်ကြောင့် ခေါင်းလောင်းသံ မြည်သည်ကို နားမလည်ပေ။
ထိုအခိုက်တွင် လူတစ်စုက ကြယ်တာရာကွင်းပြင်သို့ ပျံသန်းလာသည်။ သူတို့ထဲမှ တစ်ယောက်ချင်းစီက ထူးခြားကာ နက်ရှိုင်းသော ကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင်ကြကာ သူတို့က သဘာဝနှင့် တသားတည်း ဖြစ်နေသည့် ခံစားချက်အား လူအများကို ပေးသည်။
“ကျောင်းရဲ့ ရှီတန်ခိုးရှင်တွေလည်း ရောက်လာကြတယ်…” တပည့် အများအပြားက အံ့အားသင့်ကြ၏။ ကြယ်မင်းကျောင်းမှ ရှီတန်ခိုးရှင်များကို တွေ့ရန် လွန်စွာ ခက်ခဲပေသည်။ တစ်ခါတစ်ရံ သူတို့က လူအများကို ဟောပြောပွဲများ ပြုလုပ်သော အချိန်မှသာ သူတို့ကို တွေ့ခွင့်ရပေသည်။ ယခု ကျောင်း၏ ရှီတန်ခိုးရှင်များကလည်း ကြယ်တာရာ ကွင်းပြင်ကို ရောက်လာသည်။ ကြယ်မင်းကျောင်း၏ တပည့်များ အားလုံးက သည်ကဲ့သို့ နေ့မျိုးတွင်သာ အစုံအလင် စုစည်း မိပေလိမ့်မည်။
“ဦးလေး…” ကျင်းယွန်လင်နှင့် ကျင်းယွန်ရှောင်းတို့က လူအုပ်ထဲတွင် ရပ်နေရင်းက အကြီးအကဲ တစ်ယောက်ကို ကြည့်သည်။ ထိုအကြီးအကဲက သူတို့အား ကြည့်ပြီး ခေါင်းယမ်းပြသည်။ ကျင်းကလန်မှ ရှီတန်ခိုးရှင်ပင် မည်သည့် သတင်းမှ မရကြ။ ခေါင်းလောင်းက သူတို့အား အသိပေးခြင်း မရှိဘဲ တီးခြင်း ဆိုသည်မှာ သံသယရှိစရာ မလိုတော့ပေ။ ကျောင်းမှ လူများအားလုံးကို ဤနေရာသို့ စုရုံးရန် တိုက်ရိုက် ဆင့်ခေါ်ခဲ့သည်။
အားလုံးက စိတ်ဝင်တစား မျှော်လင့်စောင့်စား နေကြသည်။
အဝေးမှ နောက်ထပ် လူတစ်အုပ် ပျံသန်း လာကြသည်။ ခေါင်းဆောင်ကား အလွန်ထူးခြား နက်ရှိုင်းသော ကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင်သည်။ သူကား အကြီးအကဲချုပ် ဖြစ်သည်။
“အကြီးအကဲနန်…” ကျင်းကလန်မှ တန်ခိုးရှင် တစ်ယောက်က လျှောက်လာကာ မေးသည်… “ဘာဖြစ်နေတာလဲ…”
“ကျောင်းအုပ်က ကြေညာစရာ တစ်ခုရှိတယ်…” အကြီးအကဲနန်က ပြောသည်။
“ဘာများလဲ… ဘာလို့ ကျုပ်တို့ အားလုံးကို ဆင့်ခေါ်ရတာလဲ…” ကျင်းကလန် တန်ခိုးရှင်က ထပ်မေးသည်။
“ကျောင်းအုပ်က ခဏနေရင် လာလိမ့်မယ်… သူ ကြေညာတာကိုပဲ စောင့်နေလိုက်…” အကြီးအကဲနန်က ပြောသည်။ သူ့အနီးမှ လူများအားလုံး ထိတ်လန့် သွားကြသည်။ ကျောင်းအုပ်ကား အပြင်ကို ထွက်မလာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ သူက အမှန်ပင် ကိုယ်တိုင် ထုတ်ဖော် ကြေညာစရာ တစ်ခု ရှိနေသည်။
ကြယ်တာရာ ကွင်းပြင်ကို ယခုမှ ရောက်လာသူများလည်း ရှိကြသည်။ သတင်းရကာ ကျောင်းကို အခုမှ ရောက်လာသူများ ကလည်း ကြယ်တာရာ ကွင်းပြင်ကို မြန်ဆန်စွာ ပြေးလာနေကြ၏။
ကြယ်မင်းကျောင်းနှင့် သက်ဆိုင်ခြင်း မရှိသော သခင်မလောင်နှင့် ရီဖူရှင်းတို့ကလည်း ကြယ်တာရာ ကွင်းပြင်တွင် ရှိနေသည်ကို တချို့လူများက သတိထား မိကြသည်။ ရီဖူရှင်းက သခင်မလောင်၏ ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်နေသည်။ လောင်မူက သူတို့အား လှမ်းကြည့်သည်။ သူ ဘာတွေးနေသည်ကို ဘယ်သူမှ မသိကြပေ။ သို့သော်လည်း ကြယ်မင်းကျောင်းမှ လူများက သခင်မလောင်နှင့် ရီဖူရှင်းတို့ကို သိပ်အရေး မစိုက်ကြပေ။ ဤသို့သော အရေးကြီးသော အချိန်တွင် ပြင်ပလူများကို အာရုံစိုက်ရန် အချိန်မရှိပေ။
နေရောင်က ကြယ်တာရာ ကွင်းပြင်ကို ဖြန့်ကြက် ထားသည်။ မရေမတွက်နိုင်သော လူများက ထိုနေရာတွင် စုစည်းလာနေရာ မကြာမီ လူပင်လယ်ကြီး ဖြစ်သွားသည်။
ရုတ်တရက် လူတစ်ယောက်က ကွင်းပြင်သို့ ဖြည်းညင်းစွာ လျှောက်လာနေသည်။ သူကား ထူးခြား လေးနက်ကာ သိမ်မွေ့နက်ရှိုင်းဟန် ရပြီး လူက လမ်းလျှောက်လာလျှင် ထိုနေရာတွင် သူ တစ်ယောက်တည်းသာ ရှိသည့်အလား လူအများက ခံစားကြရ၏။ သူကား ကျောင်းအုပ် ကြယ်တာရာ ရှီတန်ခိုးရှင် ဖြစ်သည်။ မှန်သည် နာမည်က ဘွဲ့နာမသာ ဖြစ်သည်။ ရှီတန်ခိုးရှင် အများအပြားတွင် ကိုယ်ပိုင်ဘွဲ့နာမ ရှိကြ၏။
ကျောင်းအုပ်၏ နာမည်အရင်းကား ချန်းယွန် ဖြစ်သည်။ သူ၏ဘွဲ့နာမည် ကြယ်တာရာ ရှီတန်ခိုးရှင်က ကျောင်းအုပ် ဖြစ်ပြီး နောက်မှ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ကျောင်းအုပ် ချန်းယွန်က လှေကားထစ်အတိုင်း စင်ပေါ်ကို တက်သွားသည်။ တပည့်များ အားလုံးက သူ့အား လေးစားစွာ ဦးညွှတ် အရိုအသေ ပေးကြသည်။
ထို့နောက် မရေမတွက်နိုင်သော လူများက သူ၏စကားကို နားစွင့်နေကြသည်။
ချန်းယွန်က တပည့်များ အားလုံးကို ဝေ့ကြည့်ကာ ပြောသည်… “ဒီနေ့ မင်းတို့ အားလုံးကို ခေါ်လိုက်တာ ကြေညာစရာ တစ်ခုရှိလို့ပဲ… အရင်တုန်းက ရှန့်ထိုတန်ခိုးရှင် တစ်ယောက်က တပည့်တွေကို သင်ကြားပေးဖို့ အတွက် ကောင်းကင် ကျောင်းတော်ကို တည်ထောင်ခဲ့တယ်… တပည့်တွေထဲမှာ အထူးချွန်ဆုံးလူကို သားတော် ဘွဲ့ပေးပြီး သူ့နောက်ကို လိုက်စေခဲ့တယ်… သားတော်က ကျောင်းသား အားလုံးရဲ့ ခေါင်းဆောင်ပဲ… နောက်ပိုင်း ရှေးဟောင်း ရှန့်ထိုတန်ခိုးရှင် သေဆုံးသွားပြီး နောက်ပိုင်း ကောင်းကင် ကျောင်းတော်က ထိပ်သီးကျောင်း သုံးကျောင်း ဖြစ်သွားတယ်… သူချန်ခဲ့တဲ့ ထုံးတမ်း ဓလေ့တွေကလည်း တဖြည်းဖြည်း ပျောက်ကွယ် သွားတယ်…”
“ဒီနေ့ ငါက ရှေးဟောင်းရှန့်ထိုရဲ့ နည်းဟန်ကို အတုယူပြီးတော့ ကြယ်မင်းကျောင်းက သားတော်ဘွဲ့ကို ပြန်ပြီး အသက် သွင်းချင်တယ်… ငါက တပည့်တွေ အကုန်လုံးကို ဦးဆောင်ဖို့အတွက် တစ်ယောက်ကို သားတော် ဘွဲ့ပေးမယ် စဉ်းစားထားတယ်…” ကျောင်းအုပ်က ထိုသို့ ပြောလိုက်သည်တွင် လူတိုင်းက ထိတ်လန့် အံ့အားသင့် သွားကြသည်။ ကျောင်းအုပ်ချန်းက အမှန်ပင် သားတော်နေရာအား တစ်စုံတစ်ယောက်ကို ပေးအပ်ကာ သူတို့၏ခေါင်းဆောင် ဖြစ်စေလိုသည်။
ကျောင်းတွင် မျိုးဆက် တစ်ခုစီတိုင်း၌ အများက လေးစား အားကျရအောင် ထူးချွန်သူများ ရှိကြပေသည်။ ဥပမာ နိုဘယ် အဆင့်များထဲတွင် ထန်ကျုံး၊ လီဝမ်ချန်း၊ မိုရှောင်ယိုနှင့် လူတချို့တို့ ဖြစ်ကြသည်။ အကာနာ အဆင့်များထဲတွင် ကျင်းယွန်လင်၊ လောင်မူ၊ ကျင်းယွန်ရှောင်းနှင့် တခြားလူ အနည်းငယ်တို့ ဖြစ်ကြ၏။ သို့သော်လည်း သူတို့၏ ကွဲပြားသော တန်ခိုး အဆင့်များကြောင့် ဘယ်တစ်ယောက်က ကျောင်း၏ဦးစားပေးမှုကို ပိုမိုရရှိမည်ကို ခန့်မှန်းရ ခက်ပေသည်။
တခြား တစ်ဖက်တွင် သားတော်ဘွဲ့ထူးအား ကြယ်မင်းကျောင်းမှ ပေးအပ်ခဲ့သည်။ ဘာကို ဆိုလိုသနည်း။ သားတော် ဖြစ်လာသူက ကျန်လူများထက် ဩဇာအာဏာများ ရှိကာ သူတို့က လူငယ်များ၏ ခေါင်းဆောင် ဖြစ်လာမည်။ သူက ကျောင်း၏ တစ်ဦးတည်းသော ထွန်းတောက်သူ ဖြစ်မည်။
ကျောင်းပြင်ပတွင် သားတော်က ကြယ်မင်းကျောင်း တစ်ကျောင်းလုံးကို ကိုယ်စားပြုမည်။
မရေမတွက်နိုင်သော လူများက ထိုဂုဏ်ရှိန်မြင့်မားသော နေရာကို မက်မောကြသည်။ သို့သော်လည်း သူတို့က အိပ်မက်မျှသာ မက်ခွင့်ရှိသည်ကို သိကြသည်။ ထိုအခွင့်အရေး ရရှိနိုင်မည့် လူများကား လက်ဆယ်ချောင်းပင် မပြည့်ပေ။
ကျောင်းအုပ်ချန်းက ဘယ်သူ့ကို သားတော်နေရာ ပေးမည်နည်း။ အကြီးအကဲများစွာက အံ့အားသင့် ကြရသည်။ တချို့ အကြီးအကဲများက သိပြီးဖြစ်သည်။ သို့သော် အများစုက မသိကြပေ။ အဘယ်ကြောင့် ရုတ်တရက် ထိုသို့ ဆုံးဖြတ်ခဲ့ရသနည်း။
“ငါက သားတော်ကို ရွေးချယ် ထားပြီးပြီ… ကျောင်းက တာဝန်ရှိတဲ့လူတွေက သားတော်အတွက် တော်ဝင်ဝတ်စုံနဲ့ သရဖူကို ပြင်ဆင် ထားကြတော့… ဒါက အနာဂတ်မှာ မွေးဖွားမယ့် ရှန့်ထို တန်ခိုးရှင်ကို ကိုယ်စားပြုတယ်… နောက်သုံးရက်အကြာမှာ ငါတို့က ကြယ်မင်းကျောင်းရဲ့ သားတော် ဘွဲ့ပေးအပ်တဲ့ အခမ်းအနားကို ပြလုပ်မယ်… ငါတို့က မိုးမြေကောင်းကင်မြို့က လူတိုင်းကို အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားရမယ်…” ကျောင်းအုပ်ချန်းက ကြေညာသည်… “အခုကစပြီး အခမ်းအနား အတွက် အားလုံးက စတင် ပြင်ဆင်ကြပေတော့…”
ကျောင်းအုပ်က သည်ပွဲအား ကြယ်မင်းကျောင်း တစ်ခုတည်း မဟုတ်ဘဲ မိုးမြေကောင်းကင် တစ်ခုလုံးကို ကြေညာလိုဟန် ရသည်။ ကျောင်းအုပ်၏ စကားအရ သူက သည်ပွဲကို မည်မျှ အလေးထားသည်ကို သိနိုင်သည်။
ခေါင်းလောင်းက နောက်သုံးရက်တွင် ကျင်းပမည့်ပွဲကို ကြေညာလိုရုံမျှဖြင့် မြည်ဟည်းစရာ မလိုပေ။
ကြယ်မင်းကျောင်းက ရှန့်ထို တန်ခိုးရှင် တစ်ယောက် မွေးဖွားလိုနေသည်။ သို့သော်လည်း ကြယ်မင်းကျောင်းမှ ဘယ်တစ်ယောက်က ထိုသို့ ကြီးမြတ်မှုကို ထမ်းပိုးနိုင်မည်နည်း။
“ကောင်းပြီ… မင်းတို့ စတင် ပြင်ဆင်လို့ရပြီ…” ထိုသို့ပြောကာ ကျောင်းအုပ်ချန်းက သူရွေးချယ်ထားသူအား ကြေညာခြင်း မရှိဘဲ ထွက်သွားသည်။ ကျင်းကလန်မှ ရှီတန်ခိုးရှင် တစ်ယောက်က လျှောက်လာကာ မေးသည်… “အစ်ကိုနန်… ဘယ်သူ့ကို သားတော်ဘွဲ့ ပေးမှာလဲ…”
“သုံးရက်ကြာပြီးနောက် ကျောင်းအုပ်က ကိုယ်တိုင် ကြေညာလိမ့်မယ်… ကျုပ်ကလည်း ဘယ်သူဆိုတာကို မသိသေးဘူး…” အကြီးအကဲချုပ်နန်က ပြန်ပြောသည်။ ကျင်းကလန်၏ ရှီတန်ခိုးရှင်က မျက်နှာ ညိုမည်းသွားသည်။ သူက ခံစားချက် သိပ်မကောင်းပေ။
ကျောင်းအုပ်ချန်း ထွက်သွားပြီးနောက် ကြယ်တာရာ ကွင်းပြင်တွင် အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ ကျောင်းအုပ်က အမှန်ပင် ပြိုင်ဘက်ကင်း တန်ခိုးရှင် တစ်ယောက်ကို ဖန်တီးလိုနေသည်။
“အဲဒါ ဘယ်သူဖြစ်မလဲ…” အားလုံးက ခန့်မှန်း နေကြသည်။
လူအများအပြားက ထန်းကျုံး၊ လီဝမ်ချန်းတို့ကို လှမ်းကြည့်ကြသည်။ တချို့ကလည်း ထိုလူများကို တိုက်ရိုက် သွားမေးကြသည်။ သို့သော်လည်း ထိုလူများကိုယ်တိုင်က ဘာမှ သိဟန်ရပေ။
“အဲဒါ လောင်မူ ဖြစ်မလား…” လူအများအပြားက လောင်မူကို ကြည့်ကြသည်။ ယခင်က လောင်မူ၏အဖေ လောင်ရီထျန်းအား ကျောင်းအုပ်ချန်း၏ အချစ်ဆုံးတပည့် ဖြစ်ပေသည်။ နောက်ပိုင်း လောင်ရီထျန်း သေဆုံးသွားသောအခါ ကျောင်းအုပ်ချန်းက လွန်စွာ ဝမ်းနည်း ကြေကွဲခဲ့ရသည်။ လောင်ရီထျန်းကား သူ၏ဘဝတွင် အထူးချွန်ဆုံးသော တပည့် မဟုတ်ပါလား။ သူက မြေရိုင်းဒေသ အရှေ့ဘက်နယ်၏ ပြိုင်ဘက်ကင်းဖြစ်လာခဲ့သည်။ လောင်မူကား လောင်ရီထျန်း၏ သားဖြစ်ရာ ကျောင်းအုပ်ချန်းက လောင်မူအပေါ် ထူးခြားသော ခံစားချက်များ ရှိပေသည်။ ပြောကြသည်မှာ အကာနာအဆင့် တန်ခိုးရှင်များထဲတွင် လောင်မူ တစ်ယောက်တည်း ကိုသာ ကျောင်းအုပ်ချန်းက ကိုယ်တိုင် ကြပ်မတ် သင်ကြား ပေးခဲ့သည်။
ယခု ကျောင်းအုပ်ချန်းက ယခင် သူ၏ မျှော်လင့်ချက်များ အားလုံးကို လောင်မူအပေါ် ပုံအပ်တော့မည်လော။ မည်သို့ဆိုစေ လောင်မူကလည်း ယခုနှစ်တွင် သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံ၏ နဝမအဆင့်ကို တက်လှမ်းခဲ့သည်။
“လောင်မူ… အဲဒါ မင်းလား…” တစ်ယောက်က တိုက်ရိုက် မေးသည်။
လောင်မူလည်း တွေဝေနေသည်။ ခေါင်းယမ်းကာ သူက ပြောသည်… “ငါမသိဘူး…” သူက ခေါင်းမော့ကာ သခင်မလောင်ထံကို လှမ်းကြည့်သည်။ ဘယ်သူမှ မသိလိုက်မီတွင်ပင် သခင်မလောင်ကား ထွက်သွားပြီး ဖြစ်သည်။
ယခု ကြယ်မင်းကျောင်း၏ အပြင်ဘက်တွင် သခင်မလောင်နှင့် ရီဖူရှင်းတို့က နဂါးတစ်ကောင်ကို စီးနင်းနေကြသည်။ သခင်မလောင်၏ မျက်နှာတွင် ယခုထိ အတွေးများစွာက ဖြတ်ပြေးနေဆဲ ဖြစ်သည်။ သူမ၏ဘေးမှ ရီဖူရှင်းကို ကြည့်ကာ သခင်မလောင်က ပြောသည်… “မင်း အထဲကို ဝင်သွားတဲ့အချိန်မှာ ကျောင်းအုပ်က အလွယ်တကူ လက်ခံမယ်လို့ မထင်ထားခဲ့ဘူး… ဒါပေမဲ့ ကြယ်တာရာ ခေါင်းလောင်းသံက မြန်မြန်ဆန်ဆန်ပင် ထွက်ပေါ်လာခဲ့တယ်… ကျောင်းအုပ်က ဒီကိစ္စကို ကြေညာမယ်လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ သူက မင်းအတွက် အခမ်းအနား ကျင်းပပြီး တစ်မြို့လုံးကို ပြောပြချင်နေတာပဲ…”
“သူက ဘာလို့ ဒီလို လုပ်ရတာလဲ…” ရီဖူရှင်းက နားမလည်ပေ။ သူက ကြယ်မင်းကျောင်းကို ဝင်ရန် အခက်အခဲ တချို့ကို ရင်ဆိုင်ရမည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ကျောင်းအုပ်ချန်းက သူ့အား မြန်ဆန်စွာပင် လက်ခံခဲ့၏။
“ငါတွေးတာ မှားသွားတယ်…” သခင်မလောင်က ခေါင်းယမ်းသည်… “ကျောင်းအုပ်က အစ်ကို သေသွားတဲ့အတွက် အရမ်း ဝမ်းနည်းခဲ့ရမယ်… အခု ကျောင်းအုပ်က နောက်ထပ် လောင်ရီထျန်း တစ်ယောက် ဒါမှမဟုတ် သူ့ထက် တော်တဲ့လူ တစ်ယောက်ကို ဖန်တီးချင်တယ်… သူက ရှန့်ထိုတန်ခိုးရှင် တစ်ယောက် မွေးထုတ်ချင်တယ်…”
ရီဖူရှင်းက အနည်းငယ် ထိတ်လန့်သွားသည်။ သခင်မလောင် ပြောသည်မှာ မမှားဟု သူသိသည်။ ကျောင်းအုပ်က သားတော်ဘွဲ့ပေးအပ်သောအခမ်းအနားကို တစ်မြို့လုံးအား ကြေညာလိုသည်။ သူက ပြိုင်ဘက်ကင်း တန်ခိုးရှင်တစ်ယောက် ဖန်တီးလိုသည်။
ထိုအချိန်တွင် ရီဖူရှင်းက နန်းတော်ထဲတွင် ကျောင်းအုပ်က သူ့အား မေးသော မေးခွန်းကို ပြန်သတိရမိ၏။
ရှန့်ထိုတန်ခိုးရှင်၏ အမွေအား လက်ခံရရှိခဲ့သူက သူ့မျိုးဆက်၏ အပေါ်ဆုံးတွင် ရပ်နိုင်ရမည်။ သူလုပ်နိုင်မလား…။
***