Switch Mode

အပိုင်း (၄၇၁)

အထောက်အပံ့

လောင်မူအတွက် သင်ခန်းစာတစ်ခု ရခြင်းမှာ ကောင်းသော အချက် ဖြစ်သည်ဟု သခင်မလောင်က ပြောရာ ထိုကိစ္စအတွက် ရီဖူရှင်းကို အပြစ်မတင်ဟု ဆိုလိုသည်။ သို့သော် သူမနှင့် လင်းအာ၏ အဖေက လောင်မူကို မည်သို့ သဘောထားသည် ကိုလည်း ပြောသည်။ ဆိုလိုသည်က ရီဖူရှင်းက သူ ဘာလုပ်သည်ကို နားလည်ရမည်။ ရီဖူရှင်းက လောင်မူကို သဘောမကျသည့်တိုင် သိပ်အလေးအနက် မထားသင့်။ သူက လောင်မူကို စိတ်ဆိုးသော အချိန်တွင် ရိုက်နှက်ခြင်းက နောက်ဆုံး အတိုင်းအတာ ဖြစ်သည်။

“အဲဒီက မင်း ဘာရခဲ့တယ် ဆိုတာကို ပြောသင့်တယ်… ဟုတ်တယ်မလား…” သခင်မလောင်က ရီဖူရှင်းကို ကြည့်သည်။

“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်က အလင်းတန်းသုံးခု ထွက်ပေါ် လာသည်။ ချက်ချင်းပင် ကောင်းကင်၏ အရောင်က ပြောင်းလဲသွားကာ နေ၊ လနှင့် ကြယ်တာရာများ ပေါ်ထွက်လာသည်။

ပုံရိပ်သဏ္ဌာန်သုံးခုကို ကြည့်ကာ သခင်မလောင်က အလွန် ထိတ်လန့် အံ့အားသင့်ရသည်။

ထို့နောက် ရီဖူရှင်းက ထိုနေရာတွင်ပင် ရပ်ကာ တိတ်ဆိတ်စွာ ရပ်နေသည်။ ရီဖူရှင်းက နဝမဘုံကို တက်ရောက်ခဲ့သည်ကို သခင်မလောင်က သိသွားပြီဖြစ်ရာ ဤလျှို့ဝှက်ချက်အား ထုတ်ပြခြင်း ဖုံးကွယ်ခြင်းက သိပ်မကွာခြား တော့ပေ။ ထို့အပြင် သူ၏ လေ့လာ အကဲခတ်မှုအရ သခင်မလောင်၏ စိတ်နေ သ​ဘောထားကာ ကောင်းမွန်ကာ သူ့အား မကောင်းကြံမည် မဟုတ်ဟု ခံစားနေရသည်။

“အဲဒါ ဘာလဲ…” သခင်မလောင်က မေးသည်။

“သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံရဲ့ နန်းတော်ထဲမှာ ကောင်းကင် အလင်းတန်းသုံးခု ရှိတယ်… ပိုင်ရှင်က ထိပ်သီးကျောင်း သုံးကျောင်းရဲ့ တည်ထောင်သူပဲ…” ရီဖူရှင်းက ပြန်ပြောသည်။ သူရိယနေမင်း၊ စန္ဒာငွေလမင်း၊ ကြယ်မင်း။

ထိပ်သီးကျောင်း သုံးကျောင်းတို့ကား ယခင်က တစ်ကျောင်းတည်း ဖြစ်သည်။ သခင်မလောင်က ထိုအချက်ကို ကောင်းကောင်း သိသည်။ သခင်မလောင်၏ မျက်လုံးများက ရီဖူရှင်းကို ကြည့်ကာ လေးနက်စွာ တွေးတောနေဟန် ရသည်။

အခန်းက အလွန် တိတ်ဆိတ်နေသည်။ ရီဖူရှင်းကလည်း စိတ်ရှည်စွာဖြင့် စောင့်သည်။ အတန်ကြာလျှင် သခင်မလောင်က သတိပြန်ဝင်လာဟန် ရ၏။ ရီဖူရှင်းကို ကြည့်ကာ သူမက မေးသည်… “ကျောင်းသုံးကျောင်းကို မင်းက ဘာလို့ မဝင်ချင်ရတာလဲ…”

“သခင်မက ကျွန်တော် ဘယ်ကလာလဲ သိတာပဲ… ကော့တေးမှာ ကျွန်တော့်ဆရာနဲ့ စီနီယာတွေက ကျွန်တော့်အပေါ် အရမ်းကောင်းတဲ့ လူတွေပဲ…. ဒါကြောင့် ကော့တေးက ကျွန်တော့်အတွက်တော့ အရမ်း အလေးထားရတဲ့ နေရာတစ်ခုဆိုလည်း မမှားဘူး… ဒါကြောင့်ပဲ ကျွန်တော်က တခြားကျောင်း တစ်ခုခုကို ဝင်ပြီး နောက်တစ်ယောက်ရဲ့ တပည့်တစ်ယောက် မဖြစ်ချင်ဘူး…” ရီဖူရှင်း ပြန်ပြောသည်… “ပြီးတော့ ကျွန်တော်က ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်ခဲ့ရင်တောင် ကျောင်းက စည်းမျဉ်း စည်းကမ်းတွေနဲ့ အချုပ်ခံရပြီး လွတ်လပ်မှု ဆုံးရှုံးမှာကို စိုးရိမ်တယ်… ကျွန်တော်က မိုးမြေကောင်းကင်မြို့မှာ အဲဒီလောက် ကြာကြာ နေဖို့ ဆန္ဒမရှိဘူး…”

သခင်မလောင်က ခေါင်းညိတ်သည်။ ထို့နောက် သူမက ပြောသည်… “ရှန့်ထို တန်ခိုးရှင်ရဲ့ အမွေကို မင်းက ဆက်ခံခဲ့မှတော့ မင်းနဲ့ ထိပ်သီးကျောင်း သုံးကျောင်း အကြားမှာ ဖြတ်တောက်မရတဲ့ ပတ်သက်မှုတစ်ခု ဖြစ်သွားပြီးပြီ… ပြီးတော့ မင်းကို အခု လေ့လာ စုံစမ်းနေတဲ့လူတွေ ရှိတယ်… တကယ်လို့ မင်းက ဘယ်သူလဲ ဆိုတာကို သူတို့သိရင် မင်းအတွက် အခြေအနေ မကောင်းဘူး… မင်းအတွက် ရွေးစရာ နှစ်ခုရှိတယ်… ပထမလမ်းက ဒီနေရာက အဝေးဆုံးကို ပြေးဖို့ပဲ… ဒီလမ်းကို ရွေးပြီး နောက်ပိုင်း သူတို့က တစ်နေ့မှာ အမှန်တရားကို သိသွားခဲ့ရင် ထိပ်သီးကျောင်း သုံးကျောင်းက မင်းကို မိုးဆုံးမြေဆုံး လိုက်ဖမ်း ကြလိမ့်မယ်…”

ရီဖူရှင်း ဆွံ့အသွားသည်။ သူကား သူ၏အစီအစဉ်ကို အတတ်နိုင်ဆုံး လျှို့ဝှက် လုပ်ဆောင်ခဲ့သည်။ ဘေးကင်းရန် အတွက် သူက များစွာသော ရတနာများကိုလည်း လျှို့ဝှက်ဘုံထဲတွင် လွှင့်ပစ်ခဲ့ရ၏။ သူက သဲလွန်စ လုံးဝ မကျန်အောင် အတတ်နိုင်ဆုံး ပြုလုပ်ခဲ့သည်။ သူ၏နောက်ခံကို သိသွားရန်မူကား အမှန်တရားက ရှင်းလင်းစွာ ပေါ်ထွက်လာမည်မှာ သေချာ၏။ သူတို့က တခြား သက်သေများကို ရှာဖွေနိုင်သည်။ ဥပမာ ကောင်းကင် တောင်ပေါ်မှ မိစ္ဆာနတ်ငှက်၏ အကြောင်း ဖြစ်သည်။

“ဒုတိယလမ်းကရော…” ရီဖူရှင်းက မေးသည်။

“ကြယ်မင်းကျောင်းကို ဝင်ရောက်ဖို့ပဲ…” သခင်မလောင်က ပြောသည်။

“ကြယ်မင်းကျောင်း တပည့်ဖြစ်ဖို့…” ရီဖူရှင်းက အံ့အားသင့် ရသည်… “ကျွန်တော် လုပ်ခဲ့တာတွေကို အပြစ် မတင်ကြဘူးလား…”

“မင်းကို ဘာအတွက် အပြစ်တင်မှာလဲ…” သခင်မလောင်က ပြောသည်… “နဂါးမြက်က အရေးပါတယ် ဆိုပေမဲ့ ဒါက ရှီအဆင့်အောက်က လူတွေအတွက်ပဲ… အကဲဖြတ်ပွဲနေ့က ပြဿနာကလည်း သာမန်ကိစ္စ တစ်ခုပဲ… မင်းသိရမှာက အဲဒီ အခြေအနေတွေမှာ ဘယ်ရှီတန်ခိုးရှင်ကမှ ထွက်ပေါ် မလာခဲ့ဘူး ဆိုတာပဲ… ဒါကြောင့် အဲဒါတွေက အရေးမကြီးဘူး…”

“မင်းက ရှန့်ထိုတန်ခိုးရှင်ရဲ့ အမွေကို ရခဲ့တာက မတူတော့ဘူး… ဒါက ထူးခြား လေးနက်တဲ့ အဓိပ္ပာယ်တွေ ပါနေတယ်… မင်းက ကြယ်မင်းကျောင်းကို ဝင်ခဲ့ရင် သာမန် တပည့်တစ်ယောက် ဘယ်ဖြစ်လာပါ့မလဲ…”

ရီဖူရှင်း၏မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ သူတို့ တည်ရှိနေသော နေရာကို မူတည်၍ ကွဲပြားသော အမြင်များ ရှိကြပေသည်။ ရီဖူရှင်းကား အကာနာ အဆင့်တွင်သာ ဖြစ်ကာ သူ၏အမြင်က သခင်မလောင်၏ နေရာမှ အမြင်နှင့် ကွဲပြားပေသည်။

နဂါးမြက်နှင့် အကဲဖြတ်နေ့ပွဲနေ့မှ ပြဿနာတို့က အရေးပါသော ကိစ္စရပ်များဟု တွေးတောကာ စိုးရိမ်သော်လည်း သခင်မလောင်က ထိုကိစ္စများက အရေးမပါဟု ပြောသည်။ ရှီတန်ခိုးရှင်များ အတွက် ထိုအရာများက သာမန်များသာ ဖြစ်သည်။ ထိုကိစ္စများကို ရှီတန်ခိုးရှင်များက ခေါင်းထဲပင် မထည့်ပေ။ သို့သော်လည်း ရီဖူရှင်းက ရှန့်ထို တန်ခိုးရှင်၏ အမွေကို လက်ခံရရှိခဲ့ရာ ထိုကိစ္စက အရေးပါလာသည်။ ထို့ကြောင့် သခင်မလောင်က ထိုသို့ ပြောလိုက်သည်နှင့် ရီဖူရှင်းက ချက်ချင်း နားလည်လိုက်သည်။ သူကား အပိုသက်သက် စိုးရိမ်နေခြင်းသာ…။

သခင်မလောင်က သူ့အတွက် ရွေးပေးသော ဒုတိယလမ်းမှာ ကြယ်မင်းကျောင်းကို ဝင်ရောက်ရန် ဖြစ်သည်။

“ဒီကိစ္စတွေက အရေးမပါဘူး ဆိုပေမဲ့ ကြယ်မင်းကျောင်းမှာ ရွေးစရာ ပိုပြီး ရှိသေးတယ်…” ရီဖူရှင်းက ပြောသည်။ သူက ရှန့်ထို တန်ခိုးရှင်၏အမွေကို ဆက်ခံခဲ့ရာ ကြယ်မင်းကျောင်းက ထိုအရာများ အားလုံးကို ပြန်ယူသွားပိုင်ခွင့် ရှိနေသည်။

“ဒါကြောင့်ပဲ မင်းက ကြယ်မင်းကျောင်းကို ဝင်ရမှာ… နဂါးကလန်က ကြယ်မင်းကျောင်းကိုပဲ လွှမ်းမိုးနိုင်တယ်…” သခင်မလောင်က ပြောသည်… “မင်း မသိသေးတာလည်း ဖြစ်နိုင်တယ်… အခု ကြယ်မင်းကျောင်းကို နောက်ကွယ်က ထောက်ပံ့နေတဲ့ ကလန်လေးခု ရှိတယ်… အဲဒါက ကောလိပ်၊ နဂါးကလန်၊ ကုကလန်နဲ့ ကျင်းကလန်တို့ပဲ…”

“မင်းက ကျင်းကလန်ကလူတွေ အတော်များများနှင့် မတည့်ဘူး… ပြီးတော့ ကျင်းကလန်နဲ့ နဂါးကလန်တို့ရဲ့ ဆက်ဆံရေး အခြေအနေကြောင့် မင်းကို ကြယ်မင်းကျောင်းကို ဝင်ဖို့ ထောက်ခံ ပေးတာကြောင့် ကျင်းကလန်က အန္တရာယ်ကို ဖယ်ရှားပြီး မင်းကို ရှင်းထုတ်ဖို့ ကြိုးစားမှာပဲ… ဒါပေမဲ့ နဂါးကလန်က ကျင်းကလန်ကို ပြန်ပြီး ဖိအားပေးနိုင်တယ်… ဒါကြောင့် အဓိက အဆုံးအဖြတ် ပေးမှာက ကောလိပ်နဲ့ ကုကလန်တို့ပဲ… လင်းအာရဲ့ ဦးလေး အသက်ရှိစဉ်က နဂါးကလန်နဲ့ ကုကလန်ရဲ့ ဆက်ဆံရေးက အရမ်း ကောင်းတယ်… လောင်မူနဲ့ ကုယွန်ချီတို့ရဲ့ စေ့စပ်ပွဲကိုတောင်မှ စီစဉ်ဖို့ ကြံခဲ့ကြသေးတယ်… နောင်ပိုင်း ကလန်နှစ်ခုက နည်းနည်း စိမ်းသွားတယ် ဆိုပေမဲ့ ယွန်ချီက မင်းကို တကယ် လေးစားပုံရတယ်… ဒါကြောင့် ကုကလန်က မင်းကို ထောက်ပံ့သရွေ့ နဂါးကလန်နဲ့ ကုကလန်တို့က ကောလိပ်ကို လွှမ်းမိုးနိုင်လိမ့်မယ်… ဒါဆို ကျင်းကလန်လည်း ဘာမှ မတတ်နိုင်တော့ဘူး…”

သခင်မလောင်က သုံးသပ်ပြသည်… “ဒါကြောင့် ငါတို့က အောင်မြင်ဖို့ များတယ်… အခု မင်းက ဘယ်လို ဆုံးဖြတ်မလဲ ငါသိချင်တယ်… ပထမနည်းလား… ဒုတိယနည်းလား…”

သခင်မလောင်က အားလုံးကို ရှင်းလင်းစွာ စီစဉ် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ရီဖူရှင်းက အတန်ကြာ စဉ်းစားပြီးနောက် သူမကို မေးသည်… “ကြယ်မင်းကျောင်းကို ဝင်ပြီးရင် ကျွန်တော့်ရဲ့ အဆင့်က ဘယ်လိုဖြစ်မှာလဲ…”

“ကောလာဟလတွေ အရတော့ ကောင်းကင် ကျောင်းတော် တစ်ခုတည်း ရှိတဲ့အချိန်တုန်းက တပည့်တွေ အကြားထဲမှာ သားတော်ဘွဲ့ထူးနဲ့ အမြင့်ဆုံး ဂုဏ်ပြုပေးအပ်တဲ့ နေရာ ရှိခဲ့တယ်… နောက်ပိုင်း ရှန့်ထိုတန်ခိုးရှင် မရှိတော့တဲ့အခါ သားတော် နေရာကလည်း ပျောက်ကွယ် သွားတယ်… မင်းက ရှန့်ထိုတန်ခိုးရှင်ရဲ့ အမွေကို ရခဲ့မှတော့ သားတော်ဘွဲ့ထူးနဲ့ ကျောင်းကို ဝင်ရောက်တာက အသင့်တော်ဆုံးပဲ…” သခင်မလောင်က ပြောသည်။

“ပြီးတော့ မင်းက ကြယ်မင်းကျောင်းကို ဝင်ခဲ့ရင် သူရိယနေမင်း ကျောင်းနဲ့ စန္ဒာငွေလမင်း ကျောင်းတို့က သေချာပေါက် မကျေမနပ် ဖြစ်မှာပဲ… မင်းက အောင်မြင်ခဲ့ရင် ကြယ်မင်းကျောင်းနဲ့ တသားတည်း ဖြစ်သွားမှာပဲ… မင်းရဲ့ အဆင့်အတွက် စိတ်ပူစရာ မလိုဘူး…”

“ကျွန်တော်တို့ မအောင်မြင်ခဲ့ရင်ရော…” ရီဖူရှင်းက မေးသည်။

“ငါတို့ မအောင်မြင်ခဲ့ရင် မင်းရခဲ့တာ အကုန်ပေးလိုက်… မင်း ဘေးကင်းအောင် ငါလုပ်ပေးမယ်…” သခင်မလောင်က ပြောသည်။

“ကောင်းပါပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်… “သခင်မက အားလုံးကို စီစဉ် ပေးစေလိုပါတယ်…” သူက ဒုတိယလမ်းကို ရွေးရပေတော့မည်။ ပထမ နည်းလမ်းကား အလွန် အန္တရာယ်များ၏။ သူက ထွက်ပြေးခဲ့လျှင်ပင် အန္တရာယ်က ပျောက်ကွယ်သွားသည် မဟုတ်ပေ။ မိုးမြေကောင်းကင်မြို့တွင် သူက တခြား ကလန်များစွာ၏ လူငယ် မျိုးဆက်များနှင့်လည်း ကတောက်ကဆများ ဖြစ်ပွားခဲ့သေးသည်။ အကယ်၍​ သူက ကြယ်မင်းကျောင်း၏ သားတော် ဖြစ်ခဲ့ပါက သူ၏အဆင့်က ထိုကလန်များမှ ဂျူနီယာများကို အာရုံထဲ ထည့်ထားစရာ လိုတော့မည် မဟုတ်တော့ပေ။

“ကောင်းတယ်…” သခင်မလောင်က ခေါင်းညိတ်သည်… “ပြန်သွားပြီးတော့ စောင့်နေ… အားလုံး စီစဉ်လို့ ပြီးတဲ့အထိ နတ်ဗိမာန် အိမ်တော်ကို စောင့်ကြပ်ဖို့ လူတချို့ လွှတ်ပေးထားမယ်…”

“ကျေးဇူးတင်ပါတယ်… သခင်မ…” ရီဖူရှင်းက ခေါင်းညိတ်ကာ ထိုနေရာမှ ထွက်လာခဲ့သည်။ ထို့နောက် လောင်လင်းအာကို အချိန်အနည်းငယ် အဖော်လုပ်ပြီး နတ်ဗိမာန် အိမ်တော်ကို ပြန်လာခဲ့သည်။

သူ၏ တန်ခိုးအဆင့်ဖြင့် တိုက်ရိုက် ဝင်ရောက် ပတ်သက်၍ မရပေ။ ထို့ကြောင့် သူက သခင်မလောင်၏ စီစဉ်မှုကိုသာ စောင့်နေရန် လိုသည်။ ကြယ်မင်းကျောင်း၏ သားတော် ဖြစ်ရန်ကား ထိပ်သီး အင်အားစုများ အားလုံး ပါဝင် ပတ်သက်သော ကိစ္စဖြစ်သည်။ ယခုကား သူက စိတ်ရှည်စွာ စောင့်ရန်သာ လိုသည်။

သို့သော်လည်း ထိုကိစ္စက မိုးမြေ ကောင်းကင်မြို့အား သိပ်ထူးထူးခြားခြား မဖြစ်စေခဲ့ပေ။ ထိုဖြစ်စဉ်က လျှို့ဝှက်သော အခြေအနေဖြင့် သွားနေသည်မှာ ထင်ရှား၏။ သခင်မလောင်က လူအများအပြားအား အသိပေး လုပ်ဆောင်မည် မဟုတ်သည်မှာ သေချာသည်။

ရက်အနည်းငယ် ကြာသောအခါ နဂါးကလန်မှ လူများက ရီဖူရှင်းကို အနောက်ဘက် တရားရေးရာ စံအိမ်သို့ ခေါ်ဆောင် သွားကြသည်။ ထို့နောက် ရီဖူရှင်းက အမှန်ပင် သခင်မလောင်နှင့်အတူ ရထားလုံး အတူစီး၍ နောက်တစ်နေရာသို့ သွားရသည်။ ထိုနေရာကား အလွန်ကြီးကျယ် ခမ်းနားသော စံအိမ်တော်ကြီး ဖြစ်သည်။ ရောက်သောအခါ သခင်မလောင်က ဤနေရာမှာ ကုကလန် ဖြစ်သည်ဟု ပြော၏။

သခင်မလောင်က အိမ်တော်ထဲကို ဝင်ရောက်လျှင် ကုကလန် ခေါင်းဆောင်နှင့် သူ၏ဇနီးတို့က ကိုယ်တိုင် လာရောက် ကြိုဆိုကြကာ သူတို့နောက်တွင် ကုမိန်နှင့် ကုယွန်ချီတို့ကိုလည်း မြင်ရသည်။

“ဆရာရီ… ဘာလို့ ဒီကို ရောက်နေတာလဲ…” ညနေစာ စားပွဲတွင် ကုယွန်ချီက ရီဖူရှင်းအား အံ့အားသင့်စွာ မေးသည်။ ရီဖူရှင်းက သခင်မလောင်နှင့်အတူ လာခဲ့သည်။ သခင်မလောင်က ကုကလန်ကို လာရောက် လည်ပတ်မည်ဟု သူမ၏အဖေက ပြောခဲ့၏။ သို့သော်လည်း ရီဖူရှင်းလည်း ရောက်လာမည်ဟု သူမ မထင်ထားခဲ့ပေ။

“ကျုပ်ကို မကြိုဆိုဘူးလား…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“မဟုတ်ဘူး… ကျွန်မက ပျော်သွားတာ…” ကုယွန်ချီက ပြုံးလျက် ပြောသည်… “ဆရာရီ… ကုကလန်မှာ ကိုယ့်အိမ်လိုပဲ လွတ်လွတ်လပ်လပ် နေနိုင်ပါတယ်…”

“ကိုယ့်အိမ်လို…” တစ်ယောက်က ရုတ်တရက် ပြောသည်။ ပြောလိုက်သူကား ခန့်ညား ထည်ဝါသော လူကြီးတစ်ယောက် ဖြစ်သည်။ သူကား ကုယွန်ချီ၏အဖေ ဖြစ်သည်။

“ယွန်ချီ… ဒီစကားနောက်မှာ တခြား အဓိပ္ပာယ်တွေ ရှိသေးလား…” ကုကလန် ခေါင်းဆောင်က ပြုံးလျက် ပြောသည်။

ကုယွန်ချီ မျက်လုံး ကလယ်ကလယ် ဖြစ်သွားသည်။ ထို့နောက် သူမ၏ပါးပြင်က ချက်ချင်း နီရဲသွားကာ ပြောသည်… “အဖေ… ဘာတွေ ပြောနေတာလဲ…”

“ဆရာရီ… အဖေက ဒီလိုပဲ ပေါက်ကရ ပြောတတ်တယ်… စိတ်မရှိပါနဲ့…” ကုယွန်ချီက ရှင်းပြသည်။

ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။ ထို့နောက် သူက ကုကလန် ခေါင်းဆောင်ကို အရိုအသေပေးကာ ပြောသည်… “ရီဖူရှင်းက စီနီယာကို တွေ့ရတာ ဝမ်းသာပါတယ်…”

“မင်းနဲ့ယွန်ချီတို့က အချင်းချင်း သိကြတယ် ဆိုမှတော့ ငါ့ကို ဦးလေးလို့ပဲခေါ်…” ကလန်ခေါင်းဆောင်က ပြုံးလျက်ပြောသည်။

ရီဖူရှင်က ကုကလန် ခေါင်းဆောင်ကို ကြည့်ကာ ထပ်မံ၍ အရိုအသေ ပေးလိုက်သည်… “ဦးလေး…”

“ကောင်းတယ်…” ကုဟန်ရှင်းက ရီဖူရှင်းအား စကတည်းက လေ့လာ အကဲခတ်နေဟန် ရသည်။ ရီဖူရှင်းက သူ့ရှေ့တွင် လွန်စွာ ယုံကြည်မှုရှိသော ပုံစံကို ထိန်းသိမ်းရန် အလွန် ခက်ခဲပေသည်။ ထို့အပြင် ရီဖူရှင်းကား ကြည့်ကောင်းကာ ပါရမီမြင့်သည်။ မှန်သည်… သူကား အားလုံး ပြည့်စုံလုနီးပါးပင်။ သခင်မလောင်က သူ့အား ကူညီလိုသည်မှာ မထူးဆန်းတော့။

သူက ထောက်ခံရန် ထိုက်တန်သလား ဟူသည်ကို ကိုယ်တိုင်လေ့လာ အကဲခတ်မည် စိတ်ကူးခဲ့သည်။

“ထိုင်ကြပါ…” ကုဟန်ရှင်းက သခင်မလောင်ကို ပြောသည်… “သခင်မ… စားကြရအောင်…”

ထို့နောက် လူတိုင်းက ညနေစာ စားသောက်ကြသည်။ ကုဟန်ရှင်းက ရီဖူရှင်းနှင့်လည်း စကားအနည်းငယ် ပြောသည်။ ထို့နောက် သခင်မလောင်က ရီဖူရှင်းကို ခေါ်ကာ ပြန်လည် ထွက်ခွာသွား၏။ ထိုတွေ့ဆုံပွဲ၏ အဓိပ္ပာယ်ကို ဘယ်သူမှ​မသိပေ။

“အဖေ… ဘာလို့  ဆရာရီက ဒီကို လာရတာလဲ…” ကုယွန်ချီက စိတ်ဝင်စားစွာ မေးသည်။ ရီဖူရှင်းနှင့် လောင်လင်းအာ အကြား ဆက်ဆံရေးက အလွန် ကောင်းသည့်တိုင် သခင်မလောင်က ရီဖူရှင်းအား ကုကလန်သို့ ခေါ်လာရန် အကြောင်း မရှိပေ။ ထို့အပြင် သူမ၏ အဖေကလည်း ရီဖူရှင်းကို အကဲခတ်နေပုံရ၏။

ယွန်ချီ… မင်း သူ့ကို ဘယ်လို မြင်လဲ… ကုဟန်ရှင်းက မေးသည်။

“ဆရာရီရဲ့ ဂီတပညာက ထူးခြား ဆန်းကြယ်ပြီးတော့ သူက ကိုယ်ပိုင်သံစဉ်တွေ ကိုလည်း ဖန်တီးနိုင်တယ်… သူက နှိမ့်ချနေတတ်ပြီး စိတ်နှလုံး ကောင်းတယ်… ပုံမှန်အားဖြင့် သူက လူကောင်း တစ်ယောက်ပဲ…” ကုယွန်ချီက ထပ်ပြောသည်… “အဖေက ဘာလို့ မေးရတာလဲ…”

ကုဟန်ရှင်းက သူ၏သမီးအား ကြည့်သည်။ သူမက ရီဖူရှင်းက ဘယ်လောက် ထူးခြား ထက်မြက်သည်ကို သိဟန်မရပေ။ မည်သို့ဆိုစေ သူကား လောင်ရီထျန်းထက်ပင် ပါရမီမြင့်ပေသေးသည်။

“မင်းက သူ့ကို အရမ်း ချီးကျူးနေတယ် ဆိုမှတော့ သူ့ကို သမက်တော်ရင် မကောင်းဘူးလား…” ကုဟန်ရှင်းက အရွှန်းဖောက်သည်။

ကုယွန်ချီ၏ မျက်နှာက နီရဲသွားသည်။ ထို့နောက် သူမက အဝေးကို ထွက်သွားကာ ပြောသည်… “အဖေက ဘာတွေ ပြောနေတာလဲ… သမီး ကျောင်းကို ပြန်တော့မယ်…”

သူမ၏ နောက်ကျောကို ပြုံးလျက် ကြည့်နေသော ကုဟန်ရှင်း၏ ခေါင်းထဲတွင်ကား တခြားအတွေးများ ရှိနေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset