Switch Mode

အပိုင်း (၄၇၀)

ဝန်ခံခြင်း

သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံ ပြိုလဲသည့် သတင်းက မိုးမြေ ကောင်းကင်မြို့ကို တောမီးအလား ပျံ့နှံ့သွားသည်။ လောင်မူနှင့် ချန်းဝမ်တို့က နဝမဘုံကို တက်ရောက် နိုင်ခဲ့ကြ၏။ သူတို့က ယခင် လောင်ရီထျန်း၏ အောင်မြင်မှုကို ခြေရာတိုင်း နိုင်ခဲ့ကြ၏။ သူတို့က ကိုယ်ပိုင်စွမ်းရည်ဖြင့် ဝင်ရောက်ခဲ့ခြင်း မဟုတ်သည့်တိုင် လောကမှ လူများက ရလဒ်ကိုသာ စိတ်ဝင်စားကြသည်။

မှန်သည်… ထိတ်လန့်ဖွယ် အကောင်းဆုံး သတင်းကား လျှို့ဝှက်ဘုံ ပြိုလဲစေခဲ့သော လူထူးလူဆန်း ဖြစ်သည်။ မရေမတွက်နိုင်သော လူများက ထိုလူ ဘယ်သူ ဖြစ်မည်ကို ခန့်မှန်းတွေးတော နေကြ၏။ ထိပ်သီးကျောင်း သုံးကျောင်းက လူတိုင်းကို စစ်ဆေးသော်လည်း မည်သည့် သဲလွန်စမှ မရပေ။

အမှန်တကယ်လည်း ထိုလူကား တစ်ခါကမှ မရှိခဲ့။ သို့သော် သည်ကိစ္စက အလွယ်တကူတော့ မပြီးပေ။ သိုင်းပညာ ကံစွမ်းအားကို ရရှိနိုင်သော နေရာကား ပျက်စီးသွားကာ ထိုသို့ဖြစ်အောင် လုပ်သူအား ရှာမတွေ့သေး။ ထိပ်သီးကျောင်း သုံးကျောင်းက သူတို့၏လေ့လာ စုံစမ်းမှုကို လက်လျှော့မည် မဟုတ်သည်မှာ သေချာ၏။ မည်သို့ဆိုစေ ရီဖူရှင်းက ထိုကိစ္စရပ်များကို စိတ်ပူဟန် မရှိပေ။ အားအင်များ ပြန်လည် ပြည့်ဖြိုး လာပြီးနောက် သူက စတင်၍ တန်ခိုးကျင့်ကာ ပြင်ပလောကနှင့် အဆက်ဖြတ် ထားသည်။

သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံထဲ၏ နဝမဘုံမှ သူက သိုင်းပညာ နည်းစနစ်ပေါင်း ဆယ့်ရှစ်မျိုးကို ဆက်ခံရရှိခဲ့သည်။ သူက လျှို့ဝှက်ဘုံမှ ထွက်လာပြီးနောက် သိုင်းပညာ ကံစွမ်းအားများကို တိုက်ခိုက်ရေး အတွက် အသုံးမချ နိုင်တော့သော်လည်း ထိုအရာများ အားလုံးက စိတ်စွမ်းအားများ အဖြစ် ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်ထဲကို ဝင်ရောက် သွားကြသည်။ ထိုအရာက ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များ မက်မောသော အကျိုးရလဒ် ဖြစ်သည်။

ထို သိုင်းပညာ ကံစွမ်းအား ဆယ့်ရှစ်မျိုးက ရီဖူရှင်းအတွက် အကျိုးကျေးဇူး များစွာ ရရှိသည်။ သူက ထိုနည်းစနစ်များ၏ တကယ့် အဆီအနှစ်များကို လေ့လာ ဆင်ခြင်ကာ သူ၏ကိုယ်ပိုင် စွမ်းရည်များနှင့် ပေါင်းစပ်သည်။ မှန်သည်… အကောင်းဆုံး ဆုလာဘ်ကား သိုင်းပညာ ဆယ့်ရှစ်မျိုး မဟုတ်ဘဲ ကောင်းကင် အလင်းသုံးခု ဖြစ်သည်။

ကောင်းကင် အလင်းသုံးခုက ရှန့်ထိုတန်ခိုးရှင်၏ စိတ်စွမ်းအား ပါရှိသည်။ နေ၊ လနှင့် ကြယ်များက ထောင်ပေါင်း များစွာသော ပုံစံများ ပြောင်းလဲကာ သူ့အား စွမ်းရည် အသစ်များ၊ ပညာရပ် အသစ်များကို သင်ယူစေနိုင်စွမ်း ပေးသည်။ ရှန့်ထို တန်ခိုးရှင်ကား ထိပ်သီးကျောင်း သုံးကျောင်း၏ တည်ထောင်သူ ဖြစ်သည်။ သည်ကျောင်းများက ရှန့်ထိုတန်ခိုးရှင်၏ မျိုးဆက်များ ဖြစ်ကြသည်။

ယခု လက်ရှိ ထိပ်သီးကျောင်း တစ်ကျောင်းစီက ရှန့်ထိုတန်ခိုးရှင်၏ စွမ်းရည် တစ်ခုတည်းကိုသာ ပိုင်ဆိုင်ကြသည်။ တခြား တစ်ဖက်တွင် ရီဖူရှင်းက ရှန့်ထိုတန်ခိုးရှင်၏ ပညာအမွေ အားလုံးကို ဆက်ခံရရှိခဲ့သည်။

ရီဖူရှင်း တစ်ယောက်တည်းသာ မဟုတ်ပေ။ သူက ယူချင်း၊ ရီဝူချင်းနှင့် လို့လန်ရွှီတို့ကိုလည်း သူနှင့်အတူ လေ့ကျင့်စေသည်။ သူက ကောင်းကင် အလင်းကို ထုတ်လွှတ်ပြီးနောက် သူတို့ကိုလည်း ထိုအထဲတွင် ပါဝင်သော စွမ်းအားများကို လေ့လာ ဆင်ခြင်စေသည်။ သူတို့က ရှန့်ထိုအသိ အနည်းငယ်မျှကိုသာ ခံစား သက်ဝင်မိလျှင်ပင် သူတို့အား လွန်စွာ အကျိုးကျေးဇူး ရစေ၏။

လိပ်မင်းတောင်ပေါ်၌ လိမ်မင်းက ရီဖူရှင်းတို့အား ရှီတန်ခိုးရှင်တို့၏ စွမ်းရည်ဖြစ်သော လောက၏ဥပဒေသ စည်းမျဉ်းများကို ပြသကာ လေ့လာ ဆင်ခြင်စေခဲ့သည်။ သူတို့က တောင်ပေါ်မှ​ဆင်းလာသောအခါ ပိုမို၍ အားကောင်း လာခဲ့ကြ၏။ သို့သော် သည်တစ်ခေါက် ရှန့်ထိုအသိက ရီဖူရှင်းအား လွန်စွာ ထူးခြားသော ခံစားချက်ကို ပေးသည်။ ရှိန့်အထို အသိကား လွန်စွာ ထူးဆန်း အံ့ဩဖွယ် ကောင်းကာ နက်ရှိုင်းလွန်း လှသည်။ ယခု သူတို့က အပေါ်ယံမျှသာ ခံစားသိမြင် နိုင်သေးသော်လည်း တဖြည်းဖြည်း ပိုမို၍ စွမ်းရည်များ ထက်မြက် လာကြသည်။

ယခုတွင်ကား လူနှစ်ယောက်က နတ်ဗိမာန် အိမ်တော်၏ နောက်ဘက် ကွင်းပြင်တွင် တိုက်ခိုက် နေကြသည်။

ရွှေအိုရောင် စစ်ပုဆိန်အား လက်ဖြင့်ကိုင်ကာ ယူချင်းက ကောင်းကင်မှ ကျဆင်းလာပြီး ရီဖူရှင်းကို ကြမ်းတမ်းစွာ တိုက်ခိုက်သည်။ သူ၏ပုဆိန်နောက်မှ ကြောက်မက်ဖွယ် ကောင်းသော လေပွေများ လိုက်ပါနေသည်။ ကောင်းကင်တွင် ဖြောင့်တန်းသော အလင်းကြောင်းတစ်ခု ပေါ်လာကာ လေဟာနယ်ပင်လျှင် နှစ်ခြမ်း ဖြစ်သွားဟန် ရသည်။

ရီဖူရှင်းက သူ၏လက်ကို မြှောက်လိုက်သည်။ များစွာသော ခရမ်းရောင် လျှပ်စီးများက သူ့ခန္ဓာကိုယ်တွင် ရစ်ပတ်လာကာ အရပ်မျက်နှာမျိုးစုံသို့ ပျံ့လွင့်သွား၏။ ထိုအရာများက တစ်ခုတည်းအဖြစ် ပေါင်းစုသွားပြီး ရီဖူရှင်း​ရှေ့၌ ဒိုင်းကာတစ်ခု ဖြစ်လာသည်။ ထိုဒိုင်းကာကား ရွှေရောင် အလင်းများပင် တောက်ပ ထွန်းလင်း နေ၏။

စစ်ပုဆိန်က အပေါ်မှ နေ၍ ဒိုင်းကာထံကို ကျဆင်း လာသည်။ ကြောက်မက်ဖွယ် လျှပ်စီးများက ပုဆိန်နှင့်အတူ အရာအားလုံးကို ဖျက်ဆီးရန် ကြိုးစားသည်။

ယူချင်းက မာန်တစ်ချက် သွင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်က တစ်ပတ်လှည့် သွားကာ စစ်ပုဆိန်အား စက်ဝန်းပုံစံ လှည့်၍ ခုတ်လိုက်သည်။ နောက်မှ လိုက်ပါလာသည်ကား ကြောက်မက်ဖွယ် မြေစွမ်းအင် ဖြစ်သည်။ လေ၏အလျင်နှင့်အတူ သူက ထပ်မံ၍ ခုန်ချပြန်သည်။

“လျှပ်စီး နတ်ဘုရား၏ ပြစ်ဒဏ်…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ ကြောက်မက်ဖွယ် လျှပ်စီးဒိုင်းကာက ရုတ်တရက် မရေမတွက်နိုင်သော ခရမ်းရောင် လျှပ်စီးတန်းများ အဖြစ် ပြောင်းလဲသွားပြီး ယူချင်းထံသို့ မိုးကြိုးပစ်သကဲ့သို့ တဒိန်းဒိန်း ကျသည်။

ယူချင်း၏ စစ်ပုဆိန်က လေထဲက ခုန်သွားလျှင် လျှပ်စီး အလင်းတန်းများ အားလုံးက ပျက်စီးသွားကာ အချို့ဆိုလျှင် အလယ်မှပင် ထက်ခြမ်းခွဲ ခံရ၏။ ကောင်းကင်တွင် မြေဓာတ် သဘာဝ စွမ်းအင်များ စုစည်း ဖြစ်ပေါ်လာကာ ဥက္ကာခဲများအလား ယူချင်းထံကို ကျဆင်းလာသည်။ မိစ္ဆာနဂါး နယ်မြေတွင် သူ၏အစ်ကိုသုံးနှင့် ထိပ်သီးနိုဘယ်တို့ တိုက်ခိုက်သည်ကို ရီဖူရှင်းက မြင်ခဲ့ကာ ထိုစွမ်းရည်ကား ရှန့်ထိုအသိထံမှ နားလည် ဆင်ခြင်ကာ လေ့ကျင့်ခဲ့၏။

“ကြယ်တာရာ နှစ်မြှုပ်ခြင်း…” ရီဖူရှင်းက လက်ဝှေ့ယမ်းသည်။ ချက်ချင်းပင် မရေမတွက်နိုင်သော ဥက္ကာခဲများ ယူချင်းကို လှည့်ပတ်ကာ ပိတ်ဆို့ သွားကြသည်။

ဘုန်း…

ယူချင်း၏ နတ်ဆိုး အတောင်ပံများ ဖြန့်ကားလိုက်သည်နှင့် ဥက္ကာခဲများ အားလုံး ပြိုကွဲသွားကာ အဝေးကို လွင့်စဉ် သွားကြ၏။ ယူချင်းကား လေထုထဲတွင် ပေါလော ရပ်နေဆဲ ဖြစ်သည်။

“တော်ပြီ… တော်ပြီ…” ရီဖူရှင်းက စိတ်ဓာတ်ကျစွာ ပြောသည်… “စိတ်ညစ်လိုက်တာ…” သူက သူ၏ မှော်စွမ်းရည်များအား တန်ခိုး အဆင့်တူအတွင်း တခြားလူများအား ထုတ်လွှတ်ပါက ထိုလူများက သေချာပေါက် ရှုံးနိမ့်ကြမည်သာ…။ သို့သော်လည်း ယူချင်းကိုမူ ဘာမှ အသုံးမဝင်ပေ။ သူတို့က တိုက်ခိုက်ရေး စွမ်းရည်ကို အချင်းချင်း တိုက်ခိုက်ကာ စမ်းသပ်နေကြခြင်း ဖြစ်သည်။ ယူချင်းအား အဆုံးစွန်ထိ ကြိုးစား မတိုက်ခိုက်ဘဲ သူက ဘယ်သောအခါမှ ယူချင်းကို အနိုင် မယူနိုင်သည်ကို ရီဖူရှင်း သိသည်။

“ကောင်းပြီ…” ယူချင်းက မြေပြင်ပေါ်ကို ဆင်းသက် လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါများလည်း ​ပျောက်ကွယ် သွားသည်။

လို့လန်ရွှီက ထိုတိုက်ပွဲအား ဘေးမှ ကြည့်နေသည်။ လျှို့ဝှက်ဘုံမှ ထွက်လာပြီး နောက်ပိုင်း ရှန့်ထိုစွမ်းအင်ကို လေ့လာ ဆင်ခြင်းခြင်းဖြင့် သူတို့နှစ်ယောက်၏ စွမ်းရည်များက ယခင်ထက် ပိုမိုအားကောင်း လာခဲ့သည်။ ထို့အတူ သူတို့နှစ်ယောက်၏ တန်ခိုး အစွမ်းများလည်း တိုးတက် လာခဲ့သည်။ ရီဖူရှင်းနှင့် ယူချင်းတို့ နှစ်ယောက်လုံးက အကာနာ အဆင့်ငါးကို ဝင်ရောက်ခဲ့ကြသည်။ သို့သော်လည်း အဆင့်မြင့် အကာနာများ၏ တိုက်ပွဲပင် သူတို့နှစ်ယောက်၏ တိုက်ပွဲလောက် ပြင်းထန်မည် မဟုတ်ပေ။

သူတို့ နှစ်ယောက်၏ တိုက်ခိုက် ဖျက်ဆီးအားကို လို့လန်ရွှီက ဘေးမှ ခံစားရသည်။ တကယ်၍ သူတို့နှစ်ယောက်ထဲမှ တစ်ယောက်ကိုသာ တခြား တစ်ယောက်နှင့် အစားထိုးပါက ထိုအစားထိုးလိုက်သူက ဆိုးရွားစွာ ရှုံးနိမ့်မည်မှာ သေချာ၏။

“ခုနက စိန့်ယွီ ရောက်လာတယ်… လင်းအာက နင့်ကို လာတွေ့တယ် ပြောတယ်…” လို့လန်ရွှီက ပြောသည်။ ရီဖူရှင်းတို့ တန်ခိုးကျင့်သော နေရာအား ဘယ်သူမှ ဝင်၍ မရပေ။ စိန့်ယွီပင် လာရောက်ခွင့် မရှိပေ။ သူမက လို့လန်ရွှီမှ တစ်ဆင့်သာ အကြောင်း ကြားနိုင်သည်။

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူက ထိုနေရာမှ ထွက်ကာ သူ၏အဆောင်သို့ ပြန်သွားသည်။ ထိုနေရာတွင်မူကား​ လောင်လင်းအာက စောင့်နေပြီး ဖြစ်သည်။ သူမက ရီဖူရှင်းကို မြင်သည်နှင့် ပြုံးရွှင်စွာ အော်ဟစ်သည်… “အစ်ကိုဖူရှင်း… ရှင်က လျှို့ဝှက်ပြီး ဘာတွေ လုပ်နေတာလဲ…”

“ငါ့မှာ ဘာတွေ လျှို့ဝှက်စရာ ရှိလို့လဲ…” ရီဖူရှင်းက မျက်လုံးများ ပြူးကျယ်စွာဖြင့် သူမကို ကြည့်သည်။ သူမကား ငယ်ရွယ်သည်။ သို့သော် အလွန် လည်ဝယ်၏။

“ဒါဆို လင်းအာက ဘာလို့ အထဲကို ဝင်ပြီး အစ်ကိုဖူရှင်းကို လာတွေ့လို့ မရတာလဲ…” လင်းအာက စိတ်တိုဟန်ဖြင့် ချစ်စဖွယ် ပြောသည်။ ထို့နောက် သူမက နောက်မှ လူများကို ပြောသည်… “ရှင်တို့ အပြင်ကို ထွက်သွားကြ… အစ်ကိုဖူရှင်းကို ပြောစရာ ရှိတယ်…”

“ဟုတ်ကဲ့… သခင်မလေး…” သူမ၏နောက်မှ လူများ အပြင်ကို ထွက်သွားကြသည်။

“ထွက်သွားလိုက်…” သူမက စိန့်ယွီကိုလည်း ပြောသည်။

စိန့်ယွီကလည်း ခေါင်းညိတ်ကာ ထွက်သွားသည်။ ရီဖူရှင်းက နတ်ဗိမာန် အိမ်တော်ပိုင်ရှင် ဖြစ်သော်လည်း သူမက လောင်လင်းအာ၏အမိန့်ကိုလည်း နာခံရမည် ဖြစ်သည်။

“မင်းပဲ လျှို့ဝှက်နေတာ…” ရီဖူရှင်းက လောင်လင်းအာကို ကြည့်ကာ ပြောသည်… “ဘာဖြစ်လို့လဲ…”

လောင်လင်းအာက လို့လန်ရွှီအား ကြည့်သည်။ ရီဖူရှင်းက သူမ၏သဘောကို နားလည်ကာ ပြောသည်… “သူမက ယုံကြည်ရတယ်…”

“အင်း…” လောင်လင်းအာက ခေါင်းညိတ်သည်… “အမေက လင်းအာကို လာခိုင်းလိုက်တာ… တစ်ယောက်ယောက်က အစ်ကိုဖူရှင်းကို စုံစမ်းနေတယ်…”

ရီဖူရှင်း၏ မျက်မှောင်များ ကွေးညွတ် သွားသည်။ သူက လုံးဝ ဘေးကင်းသေးသည်တော့ ဟုတ်ပုံမရပေ။ သူက နှစ်ကြိမ်မျှ ပေါ်ထွက်ခဲ့ရာ သဲလွန်စအချို့ ကျန်ခဲ့သည်။ သူက သက်သေများ အားလုံးကို ဖျက်ဆီးပြီး ဖြစ်သော်လည်း သူ့အား သံသယဝင်သူများ ရှိနေဆဲဖြစ်သည်။ အကယ်၍​သူ၏ နောက်ကြောင်းအား ထိုလူများ စုံစမ်း ဖော်ထုတ်နိုင်ပါက သူက အမှန်တရားကို ဖုံးကွယ် ထားနိုင်တော့မည် မဟုတ်တော့။

အရှေ့မြေရိုင်း ဒေသကား မြေရိုင်းဒေသနှင့် အလွန် ဝေးကွာသော အရပ်တွင်ရှိသည်။ သည်နေရာမှ လူများက ထိုသို့ ဝေးလံခေါင်းပါးသော အရပ်ကို စိတ်ဝင်စားမည် မဟုတ်ပေ။ သို့သော်လည်း ထိပ်သီးကလန်များက စုံစမ်း စစ်ဆေးခြင်းဖြစ်ရာ မသေချာခြင်းများစွာ ရှိနေဆဲ ဖြစ်သည်။

မှန်သည်… သခင်မလောင်က သူ့အား လာရောက် သတိပေးခိုင်းသည့် အကြောင်းအရင်းကို သိသည်။ လျှို့ဝှက်ဘုံမှ ထွက်လာပြီး သူ့အား စုံစမ်း စစ်ဆေးသောအခါ ရီဖူရှင်းက လက်စွပ်အား သူမကို ပေးခြင်းဖြင့် သခင်မလောင်အပေါ် ယုံကြည်မှုကို ပြသခဲ့သည်။ ထို့အပြင် သူက တခြားလူများကို လိမ်၍ ရမည် ဖြစ်သော်လည်း သခင်မလောင်ကို လိမ်၍ မရပေ။ သူက ဘယ်ကလာသည်ကို သခင်မလောင်က သိသည်။ ထို့ကြောင့် သူက သခင်မလောင်ကို ယုံကြည်မှ ရပေမည်။

“အစ်ကိုဖူရှင်း… လင်းအာကပဲ ဒီကိစ္စကို သိရမယ်တဲ့… တခြားလူတွေကို မပြောရဘူး ဆိုတော့ ဘာလို့ သူတို့က အစ်ကိုဖူရှင်းကို စုံစမ်းနေကြတာလဲ…” လောင်လင်းအာက ရီဖူရှင်းကို စိုးရိမ်ပူပန်စွာ ကြည့်သည်။ ရီဖူရှင်း တစ်ခုခု ဖြစ်တော့မည်ကို သူမကလည်း ရိပ်မိနေသည်။

“မင်းက ငယ်သေးတယ်… သိပ်မတွေးနဲ့…” ရီဖူရှင်းက ပြောသည်။

“ဘယ်သူ ငယ်လို့လဲ… လင်းအာက အသက် ဆယ့်ငါးနှစ်ရှိပြီ…” လင်းအာက ပြန်ငြင်းခုံသည်။

ရီဖူရှင်းက သူမအား ပြုံးကာ ကြည့်သည်။ သို့သော် သူ၏ရင်ထဲတွင် လေးလံနေသည်။ သူက ဤအခြေအနေကို မည်သို့ ဖြေရှင်း ရမည်နည်း သူက ထွက်ပေးရမည်လော…။ ထိုလူများက သူ့အား စုံစမ်းနေသည် ဆိုပါက သူ၏လှုပ်ရှားမှုကိုလည်း​ စောင့်ကြည့် နေရပေမည်။

“သခင်မက ဘယ်မှာလဲ…” ရီဖူရှင်းက လောင်လင်းအာကို မေးသည်။

“အနောက်ဘက် တရားရေးရာ စံအိမ်မှာ…” လောင်လင်းအာက ပြန်ဖြေသည်။

“ငါ သခင်မဆီကို သွားတွေ့ချင်တယ်…” ရီဖူရှင်းက ပြောသည်။

“ကောင်းတယ်… ပြီးရင် လင်းအာကို အဖော်လုပ်ပေး…” လောင်လင်းအာက ပြုံးလျက် ပြောသည်။

“မင်းက အတွေးလွန်နေပြီ…” ရီဖူရှင်းက မှတ်ချက်ချသည်… “လို့လန်… ငါ အပြင်သွားတယ်…” ထို့နောက် သူက လောင်လင်းအာနှင့်အတူ အပြင်ကို ထွက်သွားသည်။

ရီဖူရှင်းက သခင်မလောင်အား အနောက်ဘက် တရားရေးရာစံအိမ်၏ အထူးဆောင် တစ်ခုတွင် တွေ့ဆုံရသည်။ သူက အရိုအသေပေးလျှင် သခင်မလောင်က ပြောသည်… “အေးအေး သက်သာနေပါ…”

“လင်းအာကို အပြင်ကို ခေါ်သွားလိုက်…” သခင်မလောင်က သူမ၏ နောက်မှ​အစေခံကို ပြောသည်။ ထို့နောက် လင်းအာနှင့် အစေခံမိန်းကလေးတို့ အပြင်ကို ထွက်သွားကြသည်။

သခင်မလောင်နှင့် ရီဖူရှင်းတို့သာ အခန်းထဲတွင် ကျန်ရစ်သည်။ ရီဖူရှင်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောသည်… “သခင်မက အကြံပေးပါ…”

“ဘာတွေ ဖြစ်ပျက်ခဲ့တာ ကိုတောင် ငါက မသိဘူး… ဘယ်လို အကြံပေးရမလဲ…” သခင်မက ပြုံးသည်။

ရီဖူရှင်းက မချိပြုံး ပြုံးသည်… “သခင်မက ခန့်မှန်းထားပြီးသား ဖြစ်မှာပါ… ကျွန်တော်က ပြောနေစရာ မလိုတော့ပါဘူး…”

“အဲဒါ မင်းပဲမလား…” သခင်မလောင်၏ အကြည့်က ရီဖူရှင်းထံ ရောက်လာသည်။ ထိုနှစ်က သူမ၏အစ်ကို လောင်ရီထျန်းက နဝမဘုံကို တက်ရောက်ခဲ့ကာ အပေါ်ကို ဆက်မတက် နိုင်တော့ပေ။ ရီဖူရှင်းက အမှန်ပင် လုပ်ဆောင် နိုင်ခဲ့သည်။

“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သခင်မလောင် စိတ်လှုပ်ရှား သွား၏။ သူမက ခန့်မှန်းထားပြီး ဖြစ်သော်လည်း ရီဖူရှင်းက ဝန်ခံသောအချိန် အမှန်ပင် အံ့အားသင့်ရသည်။

ထိုအချိန်က လောင်ရီထျန်းကား မြေရိုင်းဒေသ အရှေ့ဘက်နယ်တွင် ပြိုင်ဘက် ကင်းခဲ့သည်။ ယခု ရီဖူရှင်းက သူမ၏အစ်ကိုထက် စွမ်းဆောင်နိုင်ခဲ့၏။ ဆိုလိုသည်က ရီဖူရှင်း၏ ပါရမီက သည်ခေတ်၏ အမြင့်ဆုံးတွင် ရပ်နိုင်ရန် လုံလောက်သည် ဟူ၏။ ထို့အပြင် ရီဖူရှင်းနှင် သခင်မလောင်တို့၏ ဆက်ဆံရေးက ကောင်းမွန်ပြီး ရီဖူရှင်း၏ နောက်ကြောင်း တချို့ကိုလည်း သူမက သိသည်။

“ဒါဆို လောင်မူကို မင်း ရိုက်ခဲ့တာပေါ့…” သခင်မလောင်က ရီဖူရှင်းကို ကြည့်ကာ ​မေးသည်။

ရီဖူရှင်းက အနည်းငယ် အရှက်ရသွားသည်။ မည်သို့ဆိုစေ လောင်မူကား နောင်တက်မည့် နဂါးကလန်၏ခေါင်းဆောင်ဖြစ်သည်။

“လင်းအာဆီက သူ့အဖေရဲ့ ပုံပြင်တွေကို မင်း ကြားဖူးမယ်လို့ ငါယုံတယ်… ငါ့အစ်ကို အသက်ရှိစဉ်က သူက ငါတို့မိသားစုကို ကာကွယ် ပေးခဲ့ပြီးတော့ သူနဲ့ လင်းအာတို့ရဲ့ ဆက်ဆံရေးကလည်း အရမ်း ကောင်းခဲ့တယ်… သူက လင်းအာကို သမီးအရင်းလိုပဲ ဆက်ဆံပြီးတော့ လောင်မူထက် အရေးပေးခဲ့တယ်… သူ ဆုံးသွားတဲ့အခါ ငါတို့ကလည်း လောင်မူကို အရေးပေးပြီး ဆက်ဆံခဲ့လို့ သူ့ကို မကောင်းတဲ့ စရိုက်တချို့ကို ဖြစ်စေခဲ့တယ်… ဒီအတွက် ငါနဲ့ လင်းအာ အဖေတို့က တစ်နည်းအားဖြင့် တာဝန်ရှိတယ် ပြောရမယ်…” သခင်မလောင်က ဖြည်းညင်းစွာ ပြောသည်… “လောင်မူအတွက် သင်ခန်းစာတစ်ခု ရတာလည်း ကောင်းတယ် ပြောရမယ်…”

သခင်မလောင်က ထိုနေရာတွင် ရပ်လိုက်ကာ ဘာမှ ထပ်မပြောတော့ပေ။ သို့သော်လည်း ရီဖူရှင်းက သူမအား လေးစားစွာဖြင့် ကြည့်သည်။ သူမ၏စကားက သူမ၏ သဘောထားကို ဖော်ပြနေသည်။

“သခင်မ… ကျွန်တော် နားလည်ပါတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset