Switch Mode

အပိုင်း (၄၆၉)

ကောင်းကင်အလင်းတန်း

ရီဖူရှင်းကလည်း ခဏမျှ မှင်တက်သွားကာ ကျင့်နန်ကို ကြည့်သည်။ လူအများအပြား၏ အကြည့်အောက်တွင် ကျင့်နန်၏မျက်နှာ၌ ထူးဆန်းသော အမူအရာတစ်ခု ဖြစ်လာသည်။ သူ ခုနက ပြောသော စကားက အမှန်တကယ် သိ၍တော့ မဟုတ်ပေ။ ဝမ်ယွီချန်းက ရီဖူရှင်းအတွက် ဝင်ပြောခဲ့ရာ သူက စိတ်ထဲ မခံချိမခံသာဖြစ်၍​ တမင် ချောက်ချလိုခြင်း ဖြစ်သည်။ သို့သော်လည်း ထိုစကားများကို ပြောပြီးနောက် သူက မူမမှန်မှု တစ်ခုကို ခံစားလိုက်ရ၏။

အဲဒါက တကယ်ဆိုလျှင်ကော…။

မဖြစ်နိုင်…။ ကျင့်နန်က ထိုအတွေးကြောင့် ထိတ်လန့်သွားသည်။ ထိုမျှ အားကောင်းသော လူက ဘယ်လိုလုပ် ရီဖူရှင်း ဖြစ်နိုင်ပါ့မလဲ…။

တစ်စုံတစ်ယောက်က နောက်တစ်ယောက်အား သဘောမကျသောအခါ ထိုလူက စွမ်းရည်မြင့်သည်ကို မလိုလားပေ။ ရီဖူရှင်းကား နတ်ဗိမာန် အိမ်တော်ပိုင်ရှင် ဖြစ်ကာ အကဲဖြတ် ရွေးချယ်ပွဲ၌ သူက ထက်မြက်သော အရည်အချင်းများကို ပြသခဲ့ပြီး ဖြစ်သည်။ အကယ်၍ ရီဖူရှင်းကသာ လျှို့ဝှက်ဘုံအား ပြိုလဲရလောက်အောင် စွမ်းသောလူ ဖြစ်သည် ဆိုပါက…။ ကျင့်နန်က ထိုအချက်ကို လက်မခံနိုင်ပေ။ ထိုသို့ဆိုလျှင် ရီဖူရှင်းက လောင်ရီထျန်းထက်ပင် ပါရမီမြင့်ရမည်။ ထိုအချိန်က လောင်ရီထျန်းပင်လျှင် နဝမဘုံကို ရောက်ခဲ့သည့်တိုင် ဘာမှ ရရှိခဲ့သည် မဟုတ်ပေ။ ယခု ငွေရောင်ဝတ်လူက လောင်ရီထျန်း မတတ်နိုင်ခဲ့သည်ကိုပင် ဖြစ်မြောက် အောင်မြင်ခဲ့၏။

လူအများအပြားက သူ့အား ကြည့်နေသည်တွင် ရီဖူရှင်းက အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားကာ မျက်မှောင်ကြုတ် လိုက်သည်။ သူက ကျင့်နန်ကို ကြည့်ကာ ပြောသည်… “ကျင့်နန်… မင်းက ငါ့ကို အကြိမ်ကြိမ် အရှက်ခွဲခဲ့ပေမဲ့ ငါက တစ်ခါမှ ပြန်မငြင်းခဲ့ဘူး… အခု မင်းက ငါ့ကို မကောင်းတဲ့အကြံနဲ့ ချောက်ချဖို့ ကြိုးစားနေပြန်ပြီ… မင်းက ဘယ်လောက်တောင် ညစ်ပတ်တဲ့ အကောင်လဲ…” ကျင့်နန်က သူ့အား တမင် အပြစ်ရှာ ဝေဖန်နေသည်ကို ရီဖူရှင်းကလည်း သိသည်။ ကံမကောင်းစွာပင် ကျင့်နန် ပြောခဲ့သည်ကား တကယ့်နောက်ကွယ်မှ အမှန်တရားပင်။

“ကျုပ်က အမှန်ကိုပဲ ပြောတာ… စီနိယာတွေက အမှန်အမှား ဆုံးဖြတ်လိမ့်မယ်…” ကျင့်နန်က ပြန်လည် တင်းမာစွာ ပြောသည်။ သူကလည်း ရီဖူရှင်းကို တမင် စွပ်စွဲနေကြောင်း ဝန်ခံမည် မဟုတ်ပေ။

“မိစ္ဆာနဂါးဇုန်က အကြောင်းအရာ အသေးစိတ်ကို ပြောစမ်း…” ကြယ်မင်းကျောင်းမှ အကြီးအကဲ တစ်ယောက်က ပြောသည်။ ရီဖူရှင်းက သံသယဖြစ်ဖွယ်ရာ ကောင်းသည့်တိုင် ကျင့်နန်၏စကားမျှဖြင့် ဘယ်သူမှ ရီဖူရှင်းကို တရားခံဟု မသတ်မှတ်ပေ။

တပည့်တစ်ယောက်က ရှေ့ကို တက်လာကာ မိစ္ဆာနဂါးနယ်မြေတွင် ဖြစ်ပျက်ခဲ့သမျှအား ရှင်းပြသည်။ ကြယ်မင်းကျောင်းမှ အကြီးအကဲ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်… “ဒါဆို အဲဒီတုန်းက တစ်ယောက်က မှော်ဂီတပညာမှာ ထူးချွန်ပြီးတော့ သားရဲတွေကိုလည်း ထိန်းချုပ်နိုင်တာပေါ့…”

“ဟုတ်ကဲ့…” သူစီးနေတဲ့ ငှက်ကြီးနဲ့ သူနဲ့အတူ ပါလာတဲ့ သားရဲတွေက သူ့ဂီတရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပုံရတယ်…” ကျောင်းသားက အတည်ပြုသည်။

“ကောင်းပြီ…” ကြယ်မင်းကျောင်း အကြီးအကဲက ခေါင်းညိတ်သည်။ ထို့နောက် သူက ရီဖူရှင်းကို ကြည့်သည်… “အကဲဖြတ်တဲ့နေ့က မင်းရဲ့ဂီတကလည်း အတော် အားကောင်းပုံ ရတယ်…”

ချက်ချင်ပင် လူအများအပြားက ရီဖူရှင်းကို စိုက်ကြည့်ကြသည်။ ချန်းဝမ်၊ ကျင်းယွန်လင်၊ ကျင်းယွန်ရှောင်း၊ လောင်မူ၊ ကုယွန်ချီနှင့် တခြားလူများ အားလုံးကလည်း အံ့အားသင့် သွားကြသည်။

“သူတို့ကလည်း အဋ္ဌမဘုံကို တက်ခဲ့ကြတယ်… ဒါပေမဲ့ တံတားပေါ်က တန်ခိုးရှင်တွေကို ရင်မဆိုင်ခဲ့ကြဘူး… ကျုပ်တို့ ရောက်သွားတော့ သူတို့ကို အဋ္ဌမဘုံက နှင်ထုတ်ခဲ့တယ်… ပြီးတော့ ငွေရောင်ဝတ်လူ ပေါ်လာတာပဲ… ” ကျင်းယွန်လင်က ပြောသည်။

“ဒါဆို သူတို့က တကယ်ပဲ သံသယဝင်စရာ ကောင်းတာပဲ…” ထိပ်သီးကျောင်း သုံးကျောင်းမှ တန်ခိုးရှင်များက ရီဖူရှင်းကို ကြည့်သည်။ တစ်ယောက်က ပြောသည်… “နဝမဘုံမှ မင်း ဘာလုပ်ခဲ့တာလဲ…”

သူ့အား ပြောလိုက်သူက မာကျော ခက်ထန်သော ပုံဟန် ရှိနေသည်ကို မြင်လျှင် သူတို့က သူ့အား စမ်းသပ်နေခြင်းသာ ဖြစ်ကြောင်း ရီဖူရှင်း သိသည်။ ထို့ကြောင့် သူက မသက်မသာ ပြုံးကာ ပြောသည်… “စီနီယာ… ကျုပ်တို့မှာ ဒီလို အရည်အချင်း ရှိတယ်လို့ စီနီယာက တကယ်ပဲ ထင်မှတ်ပါသလား… ဒီလိုဆိုရင်လည်း ကျုပ်တို့က ထိပ်သီးကျောင်း သုံးကျောင်းကို ပူးပေါင်းပြီးတော့မှ လျှို့ဝှက်ဘုံထဲကို ဝင်မှာပေါ့… ဘာလို့ ဒီလိုလုပ်မှာလဲ…”

အားလုံးက မျက်မှောင်ကြုတ် လိုက်သည်။ ရီဖူရှင်း၏စကားက ကျိုးကြောင်း ဆီလျော်သည်။

“ပြီးတော့ လောကမှာ မှော်ဂီတပညာရှင်တွေ ရေတွက်လို့တောင် မရဘူး… ဒီလောက်တူတာနဲ့ ကျွန်တော်က ဘယ်လိုလုပ် သံသယ ဝင်ခံရတာလဲ… ပုံတူပွားတယ် ဆိုတာကလည်း ကျင့်နန်က အဓိပ္ပာယ် မရှိတာတွေ ပြောပြီး ကျွန်တော့်ကို တမင် ချောက်ချနေတာပဲ… အဲဒီတုန်းက ကျုပ်ဘေးမှာ လူတွေ အများကြီးရှိတယ်…” ရီဖူရှင်းက ဆက်ပြောသည်… “ဒါတွေအပြင် ကျုပ်က ယွန်ယွဲ့မြို့မှာ အဆင့်နိမ့် အကာနာပဲ ရှိသေးတယ်… ဘယ်လိုလုပ် ထိပ်သီးကျောင်း သုံးကျောင်းရဲ့ မျက်လုံးအောက်က ဘယ်လိုလုပ် နဂါးမြက်ကို လုယူလို့ ရမှာလဲ… ကျုပ်ရဲ့ တန်ခိုးအဆင့်ကိုလည်း ဖုံးကွယ် မထားခဲ့ဘူး… ဒီလောကမှာ တန်ခိုးအဆင့်တွေ အများကြီး ကျော်ပြီး အနိုင်ယူနိုင်တဲ့ရတနာ ဘယ်မှာ ရှိလို့လဲ… ”

ရီဖူရှင်း၏စကားကို ကြားလျှင် လူအများအပြားက စတင် တွေးတော ကြပြန်သည်။ လျှို့ဝှက်ဘုံတွင် ရီဖူရှင်းက သိုင်းပညာ ကံစွမ်းအားများကြောင့် စွမ်းအား မြင့်လာသည်မှာ ဖြစ်နိုင်သော်လည်း မိစ္ဆာနဂါး နယ်မြေတွင်ကား အဆင့်နိမ့်အကာနာက မည်သို့ အဆင့်မြင့် အကာနာများကို အနိုင်ယူနိုင်မည်နည်း။

ထိုအခြင်းအရာက လုံးဝ ဆီလျော်မှု မရှိပေ။

အကယ်၍ ရီဖူရှင်းက ငွေရောင်ဝတ်လူ ဖြစ်သည်ဆိုပါက ရှင်းပြမရသော ကိစ္စရပ်များစွာ ပေါ်ပေါက်လာသည်။ ပုံရိပ်ယောင် ပြုလုပ်ကာ ထွက်ပြေးစေခြင်း ကလည်း သိပ်ယုတ္တိ မရှိပေ။

လက်ရှိတွင် ထိုထူးဆန်းသောလူက ရုပ်ဖျက်ထားသည်က သေချာနေပြီ ဖြစ်သည်။ ငွေရောင်ဝတ်လူ၏ ရုပ်ရည်က အတုဖြစ်ရမည်။ ဖြစ်နိုင်ဖွယ် နှစ်ခုရှိသည်။ ပထမတစ်ခုက ထိုလူ ရုပ်ဖျက်ပြီး နဂါးမြက်ကို ယူပြီးမှ ထိပ်သီးကျောင်း သုံးကျောင်းကို သူ၏တကယ့် ရုပ်အမှန်ဖြင့် ဝင်ရောက်ခဲ့သည်။ ထို့နောက် သူက လျှို့ဝှက်ဘုံသို့ ဝင်ရောက်လာကာ အားလုံး၏ သိုင်းပညာ ကံစွမ်းအားများကို လုယူခဲ့၏။ ဤသို့ဆိုလျှင် ထိုလူက ထိပ်သီးကျောင်း သုံးကျောင်း၏ သတင်း အချက်အလက်များကို ကောင်းကောင်း သိကျွမ်းထားသူ ဖြစ်ရမည်။ သူက ဦးဆုံး နဂါးမြက်ကို ယူကာ ယခု သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံ…။ သူက လျှို့ဝှက်ကလန် တစ်ခု၏ပါရမီရှင် တစ်ယောက်လည်း ဖြစ်နိုင်ပေ၏။

ဒုတိယ ဖြစ်နိုင်ဖွယ်ကား သူတို့ ခန့်မှန်းသလို ထိုလူက ရီဖူရှင်းတို့ အဖွဲ့ထဲမှ ဖြစ်ရမည်။

“သူတို့မှာ တကယ်ပဲ ငွေဝတ်စုံရှိတယ်ဆိုရင် သူတို့ရဲ့ သိုလှောင် လက်စွပ်ကို ကြည့်ရင် သိတာပဲ…” ကျင်းယွန်လင်က ခံစားချက် ကင်းမဲ့စွာ ကြည့်သည်။ ရီဖူရှင်း မဖြစ်နိုင်ဟု သူ ခံစားရသော်လည်း ဖြစ်နိုင်ဖွယ်ကိုလည်း လျစ်လျူရှု၍ မရပေ။ လျှို့ဝှက်ဘုံထဲကို ဝင်ရောက်သူများ ထဲတွင် ရီဖူရှင်းတို့ကသာ အပြင်လူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ကို ဦးဆုံး စစ်ဆေးခြင်းက လွယ်ကူပေသည်။

မျက်မှောင်ကြုတ်ကာ ရီဖူရှင်းက ကျင်းယွန်လင်ကို ပြောသည်… “ဒါက မလွန်လွန်းဘူးလား…” သိုလှောင်လက်စွပ်ကား လူတစ်ယောက်၏ ကိုယ်ရေးကိုယ်တာနှင့် ဆိုင်သော လျှို့ဝှက်ချက်များ ရှိနေသောအရာ ဖြစ်သည်။ ဘယ်သူမှ သူတို့၏ သိုလှောင်လက်စွပ်ကို တစ်ပါးလူကြည့်ရန် ခွင့်ပြုကြမည် မဟုတ်ပေ။

“မင်းက တရားခံ မဟုတ်ဘူးဆိုရင် ဘာလို့ ပေးမကြည့်ရတာလဲ… ငါတို့ မင်းဆီက တစ်ခုခု ယူမယ်လို့ တွေးနေလို့လား…” အကြီးအကဲ တစ်ယောက်က ပြောသည်။

ရီဖူရှင်း၏ မျက်နှာက နက်မှောင်သွားသည်။ သူတို့၏ သိုလှောင် လက်စွပ်တွင် လျှို့ဝှက်ချက် မရှိဟု ဘယ်သူက အတိအကျ ပြောနိုင်မည်နည်း။ လူတိုင်း၏ အကြည့်ကို သတိထားမိကာ သိုလှောင် လက်စွပ်အား ထုတ်မပေး၍ မရတော့ဟု ရီဖူရှင်း သိလိုက်သည်။

“စီနီယာတွေက စစ်ဆေးချင်တယ် ဆိုမှတော့ ကျွန်တော်က မပေးဘဲ ဘယ်နေရဲပါ့မလဲ… ဒါပေမဲ့ ကျွန်တော်က အကုန်လုံးကိုတော့ မယုံကြည်နိုင်ဘူး… သခင်မလောင်ကို စစ်ဆေးခိုင်းရင် ဘယ်လိုလဲ…” ရီဖူရှင်းက သခင်မလောင်ကို ကြည့်ကာ ပြောသည်။

“မင်းက ဘာကို ဆိုလိုတာလဲ… ငါတို့က မင်းရဲ့ လက်စွပ်ထဲက တစ်ခုခုကို လုယူသွားမယ်လို့ တကယ် တွေးနေတာလား…” အကြီးအကဲ တစ်ယောက်က အေးစက်စွာ ပြောသည်။

“ဒါက တကယ်ပဲ ရှင်တို့က သူ့လက်စွပ်ကို စစ်ဆေးဖို့ မသင့်တော်ဘူး… တကယ်ပဲ သူက ဒီကိစ္စနဲ့ မသက်ဆိုင်ရင် ရှင်တို့က သူ့ကို အနိုင်ကျင့်နေတာပဲ… ရှင်တို့ ကျွန်မကို ယုံရင် ကျွန်မ စစ်ဆေးပေးမယ်…” သခင်မလောင်က ပြောသည်။

“ကျုပ်တို့က သခင်မကို ယုံတာပေါ့…” တစ်ယောက်က ဝင်ပြောသည်။ ရီဖူရှင်းက သူ၏ လက်သူကြွယ်တွင် ဝတ်ဆင်ထားသော လက်စွပ်အား ချွတ်ပေးသည်… “သိုလှောင် လက်စွပ်တွေက တန်ဖိုးကြီးပြီးတော့ ကျွန်တော်က မိစ္ဆာနဂါးနယ်မြေမှာ တစ်ခု ကောက်ရခဲ့တယ်… ကျွန်တော်တို့ အထဲမှာ သိုလှောင်လက်စွပ်က အဲဒီတစ်ကွင်းပဲ ရှိတယ်…” ထို့နောက် ရီဖူရှင်းက လက်စွပ်ကို သခင်မလောင်ထံသို့ ပေးလိုက်သည်။

သခင်မလောင်၏ စိတ်ဝိညာဉ် စွမ်းအားက လက်စွပ်ထဲကို ဝင်သွားပြီး သူမက ပြောသည်… “ရှင်တို့ ရှာနေတဲ့ဟာ အထဲမှာ မရှိဘူး…”

“ကျုပ်က ခင်ဗျားကို မယုံတာ မဟုတ်ပါဘူး သခင်မ… ကျုပ်ကြားတာက နဂါးကလန်က မင်းသမီးလေးက သူနဲ့ အရမ်း ရင်းနှီးတယ်ဆို… ဟုတ်တယ်မလား…” ကျင်းကလန်မှ တန်ခိုးရှင် တစ်ယောက်က ရုတ်တရက် ပြောသည်။ သခင်မလောင်က မျက်မှောင်ကြုတ် လိုက်ကာ သူမ၏မျက်လုံးများမှ အေးစက်သော အငွေ့အသက်များ ဖြတ်ပြေးသွားသည်။

“သခင်မလောင်… ဒီလိုဆိုရင်လည်း သခင်မ ယုံကြည်ရတဲ့ နောက်တစ်ယောက်ကို ပေးစစ်ဆေးလို့ ရပါတယ်…” ရီဖူရှင်းက ထပ်ပြောသည်။ သခင်မလောင်က ခေါင်းညိတ်ကာ ကြယ်မင်းကျောင်းမှ အကြီးအကဲ တစ်ယောက်ကို လက်စွမ်းအား ကမ်းပေးလိုက်သည်။ ထိုအကြီးအကဲက လက်စွပ်ကို စစ်ကြည့်သည်။ ထို့နောက် သူက ခေါင်းယမ်းကာ ရီဖူရှင်းကို ပြန်ပေးသည်။

“ဒီလိုဆိုရင် ကျွန်တော်တို့ ပြန်လို့ ရပါပြီလား…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။

“သွားတော့…” သခင်မလောင်က ပြောသည်။ ရီဖူရှင်းက အားလုံးကို ကြည့်ကာ လင်းအာကို ပြောသည်… “ငါ အရင်ပြန်နှင့်မယ်…”

“အင်း…” လောင်လင်းအာက အသာအယာ ခေါင်းညိတ်သည်။ ထို့နောက် သိမ်းငှက်နက်က အတောင်ပံကို ဖြန့်ကာ ရီဖူရှင်းတို့အား ခေါ်ဆောင်ပျံသန်း ထွက်ခွာ သွားတော့သည်။

လူအများအပြားက ထိုနေရာတွင်ပင် ကျန်နေခဲ့ရကာ စုံစမ်း စစ်ဆေးခြင်းများကို ခံယူကြရသည်။

ရီဖူရှင်းတို့က နတ်ဗိမာန် အိမ်တော်ကို ပြန်ရောက်သောအခါမှ သူက သက်ပြင်းချနိုင်၏။ သူက မိစ္ဆာနဂါးနယ်မြေတွင် ရေဓာတ်စွမ်းအားကို သုံး၍ ပုံရိပ်ယောင် ဖန်တီး လွတ်မြောက်စေသည့် ကိစ္စက ပေါက်ကြားလု နီးပါးပင်။ ကံကောင်းစွာပင် အပြင်ကို ရောက်သောအခါ စုံစမ်း စစ်ဆေးခံရမည်ကို ခန့်မှန်းမိ၍ ရတနာငွေဝတ်စုံအား လျှို့ဝှက်ဘုံ အတွင်း၌ ချန်ထားခဲ့သည်။ ထိုအပြင် သူက အဋ္ဌမဘုံမှ ရရှိခဲ့သော ရှီလက်နက်များကိုလည်း ချန်ထားခဲ့၏။ ယူချင်းတို့ကိုလည်း သူတို့ ရရှိခဲ့သော ရှီလက်နက်များကို ချန်ထားခဲ့စေသည်။

သူ၏နှလုံးသားက နာကျင် ခံစားရ၏။ မည်သို့ဆိုစေ သူက ဘာမှ မပေါက်ကြားစေရန် ထိုသို့လုပ်မှ ရပေမည်။

မကြာမီ ညအချိန်ကို ရောက်လာသည်။ ရီဖူရှင်းက နတ်ဗိမာန် အိမ်တော်၏ သီးသန့်ခန်း တစ်နေရာတွင် တင်ပလ္လင်ခွေ ထိုင်နေသည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်မှ အလင်းတန်းအချို့ ထွက်ပေါ်လာသည်။ ထိုအလင်းများက ထူးထူးခြားခြား လင်းလက် တောက်ပကြသည်။

မကြာမီ ထိုအလင်းတန်းများက သူ၏ခန္ဓာကိုယ်မှ အပြင်ကို ထွက်ပေါ်လာသည်။ ထိုအခိုက်တွင်ပင် အလင်းတန်းသုံးခုက ကောင်းကင်နတ်ဘုရား အလင်းကဲ့သို့ ထည်ဝါ မြင့်မြတ်စွာ ထွက်ပေါ်လာသည်။ အလင်းတန်း သုံးခုအောက်တွင် နေတစ်စင်း၊ လတစ်စင်းနှင့် မရေမတွက်နိုင်သော ကြယ်ပွင့်များ ပေါ်ထွက်လာသည်။ ထို့နောက် ပုံရိပ်ယောင်လူ သုံးယောက်လည်း ပေါ်လာကြသည်။ တစ်ယောက်က နေမင်းအထဲတွင် ထိုင်နေကာ တစ်ယောက်က လပေါ်တွင် ထိုင်နေ၏။ နောက်ဆုံး တစ်ယောက်က ကြယ်များ၏ လှုပ်ရှားမှုများကို ထိန်းချုပ်နေပုံရသည်။

ရီဖူရှင်း မသိလိုက်မီတွင်ပင် ယူချင်း၊ ရီဝူချင်းနှင့် လို့လန်ရွှီတို့က ထူးဆန်းသော အလင်း၏ ဆွဲဆောင်မှုကြောင့် သူ၏ဘေးကို ရောက်ရှိလာကြသည်။ ယခုကား သူတို့၏ အပေါ်ကောင်းကင်ကား အလွန်အမင်း လှပလွန်းပေသည်။ ပုံရိပ်သဏ္ဌာန်သုံးခုက လေထဲတွင် ရှန့်ထို တန်ခိုးရှင်များအလား ထိုင်နေကြသည်။

ထိုစဉ် ရီဖူရှင်းက ထိုအလင်းတန်းများအား သူ၏စိတ်ဖြင့် ထိန်းချုပ်လိုက်သည်။ ချက်ချင်းပင် ကောင်းကင်မှ လှပမက်မောဖွယ် မြင်ကွင်းက အလင်းတန်းသုံးခု အဖြစ် ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်ထဲ​ ဝင်ရောက် ပျောက်ကွယ် သွားတော့သည်။

ရီဖူရှင်းက တစ်နည်းနည်းဖြင့် အားနည်းသလို ခံစားရသည်။ သူကား တန်ခိုးကျင့်ရန် ကောင်းမွန်သော အချိန်အခါတွင် မရှိပေ။ သူက ရက်အနည်းငယ် အနားယူရန် လိုသေးသည်။

“အဲဒါ ဘာလဲ…” လို့လန်ရွှီက မေးသည်။

ရီဖူရှင်းက ခေါင်းမော့ကာ သူမအား ကြည့်သည်… “သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံထဲမှာ ကောင်းကင်အလင်း သုံးခု ရှိတယ်… အဲဒါက ရှန့်ထိုတစ်ယောက် သေဆုံး သွားခဲ့တဲ့နေရာပဲ…”

“ရှန့်ထိုသုံးယောက် မဟုတ်ဘူးလား…” လို့လန်ရွှီ၏ရင်ဘတ်က တုန်ခါသွားသည်။

“မဟုတ်ဘူး… တစ်ယောက်တည်းပဲ…” ရီဖူရှင်းက ခေါင်းယမ်းသည်… “ရှီတန်ခိုးရှင်က ထိပ်သီးကျောင်း သုံးကျောင်းရဲ့ တည်ထောင်သူပဲ… အတိတ်တုန်းက သူတို့က ကျောင်းသုံးကျောင်း မဟုတ်သေးဘူး… ကောင်းကင်ကျောင်း တစ်ကျောင်းပဲ ရှိခဲ့တယ်… နောက်ပိုင်းမှ ကျောင်းက သုံးခြမ်း ကွဲသွားတာ…”

“ရှန့်ထိုက ထိပ်သီးကျောင်း သုံးကျောင်းက လူငယ်မျိုးဆက်ကို သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံက စောင့်နေခဲ့တယ်… နင်က နန်းတော်ထဲကို ဝင်ခဲ့တာကြောင့် ကောင်းကင်အလင်းကို ရခဲ့တယ်… ရှန့်ထိုတန်ခိုးရှင်က စိတ်မဆိုးဘူးလား…” လို့လန်ရွှီက သက်ပြင်းရှိုက်ကာ မေးသည်။

ရီဖူရှင်းက ရှန့်ထိုတန်ခိုးရှင် တစ်ယောက်၏ ပညာအမွေကို ဆက်ခံရရှိခဲ့သည်။

“အဲဒီလိုပဲ ပြောလို့ရတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူက မသက်မသာ ပြုံးကာ ပြောသည်… “ငါက ထိပ်သီးကျောင်း သုံးကျောင်းကို မဝင်ချင်ခဲ့ဘူး… နောက်ဆုံးမှာ ငါက သူတို့ကျောင်း တည်ထောင်သူရဲ့ အမွေကို ရခဲ့တယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset