Switch Mode

အပိုင်း (၄၆၈)

စုံစမ်းစစ်ဆေးခြင်း

သိုင်းပညာ လျှို့ဝှက်ဘုံတွင်ကား အရာအားလုံးက ပျက်စီး ပြိုလဲနေသည်။ မြေကြီးက တုန်ခါနေကာ အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ် လာနေသည်။ ကောင်းကင်တွင် ဥက္ကာခဲများအလား ကျောက်တုံးကြီးများ ကျဆင်း လာနေသည်။

သည်နေရာကား မူလကတည်းက စိတ်ကူးယဉ်ကမ္ဘာ ဖြစ်သည်။

အားလုံးက ထွက်ပေါက်ကို ပြေးလွှားနေကြကာ လူမြစ်ရေစီးကြောင်း တစ်ခုအလား ဖြစ်နေသည်။ လူအုပ်ထဲတွင် သိမ်းငှက်နက်က အတောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ အစဉ်အတိုင်း လိုက်ပါ လာနေသည်။ ယခုကား ဧကရာဇ် အသိစွမ်းအားကို လောင်ကျွမ်းခဲ့ခြင်းက သူ့အား အလွန် အားအင်ကုန်ခန်း မောပန်းနေစေသည်။ မိစ္ဆာနဂါးနယ်မြေတွင် သူက ဧကရာဇ်အသိ စွမ်းအားကို အဆုံးစွန်အထိ လောင်ကျွမ်းခဲ့ခြင်း မရှိသလို နောက်ပိုင်း သူ့ကို ပြန်လည် အားပြည့်စေသော နဂါးမြက်ကိုလည်း စားသုံးခဲ့ရသည်။ ယခုမူကား သူက ရှိရှိသမျှသော စွမ်းအားများကို အသုံးပြုခဲ့ရကာ လက်ရှိ သူ၏မျက်နှာက အနည်းငယ် ပြာနှမ်းနေသည်။ သို့သော်လည်း သည်တစ်ခေါက်ခရီးက သူ့အတွက် အလွန် အကျိုးရှိစေသည်။

လို့လန်ရွှီက ရီဖူရှင်းအား သူမ၏ ငွေရောင် မျက်လုံးများဖြင့် ကြည့်သည်။ သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံ ပြိုလဲခြင်းက ရီဖူရှင်းကြောင့် ဖြစ်သည်ကို သူမသိသည်။ သူက နဝမဘုံတွင် ဘာလုပ်ခဲ့သနည်း။

ထွက်ပေါက်တွင် ရီဖူရှင်းတို့က ရင်းနှီးသော အုပ်စုတစ်စုကို တွေ့သည်။ သူတို့ကား ကျင့်နန်နှင့် ဝမ်ယွီချန်းတို့ ဖြစ်သည်။ သို့သော်လည်း ကျင့်နန်က ရီဖူရှင်းကို အေးစက်စွာ တစ်ချက်ကြည့်ကာ ဘာမှ မပြောပေ။

ကျင်းယွန်ရှောင်း၊ ချန်ယုံနှင့် တခြားလူများကလည်း သူတို့ရှိရာ အရပ်သို့ ပျံသန်း လာကြသည်။ သူတို့က အဋ္ဌမဘုံမှ နှင်ထုတ်ခံရသောအခါ သူတို့၏ မဟာမိတ်အဖွဲ့က ပျက်စီး သွားရသည်။ ထို့ကြောင့် သူတို့က သတ္တမဘုံတွင် လေ့ကျင့် နေခဲ့ကြသည်။ ယခုကား သူတို့က စိတ်တည်ငြိမ်နိုင်ခြင်း မရှိကြတော့။ လျှို့ဝှက်ဘုံအား ပျက်စီးပြိုလဲစေသူက သူတို့ကို အဋ္ဌမဘုံမှ နှင်ထုတ်ခဲ့သော ငွေရောင်ဝတ်လူ ဖြစ်သည်ကို သူတို့က ခန့်မှန်းမိကြသည်။ သူကား အလွန် စွမ်းအားကောင်းပြီး သူတို့အားလုံးကို တစ်ယောက်တည်း အနိုင်ယူနိုင်၏။

လောင်မူနှင့် ချန်းဝမ်တို့ ပြန်လာသောအခါ အဖြေကို သိကြရလိမ့်မည်။

“ဆရာရီ…” ဖရိုဖရဲ ပြန့်ကျဲနေသော လူအုပ်ထဲမှ တစ်ယောက်က လှမ်းအော်သည်။ ကုယွန်ချီက ရီဖူရှင်းတို့ အဖွဲ့အား စိတ်မကောင်းစွာ ကြည့်သည်။ သူမက မိမိကိုယ်ကို အပြစ်ရှိသလို ခံစားရ၏။ သူမနှင့် မဟာမိတ်ဖွဲ့ခဲ့သူများက သူ့အား အဋ္ဌမဘုံမှ နှင်ထုတ်ခဲ့ကြသည်။ ရီဖူရှင်းက အလွန် စိတ်ပျက် ပေလိမ့်မည်။

“ဆရာရီ… ဘာဖြစ်တာလဲ…” ရီဖူရှင်းက အခြေအနေ မဟန်သည်ကို ကုယွန်ချီက သတိထားမိကာ မေးသည်။

“ကျုပ်က သတ္တမဘုံကို ပြန်ရောက်တဲ့အချိန်မှာ ရှီအဆင့်သိုင်းပညာ ကံစွမ်းအားတွေ အများကြီးစုဖို့ ကြိုးစားခဲ့တယ်… ကျုပ်က စွမ်းအားတွေ အကုန်အသုံးပြုခဲ့ပြီး ဒဏ်ရာနည်းနည်း ရခဲ့တယ်… ဒါပေမဲ့ ကြီးကြီးမားမားတော့ မဟုတ်ဘူး… ” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“တော်သေးတာပေါ့…” ကုယွန်ချီက ညင်သာစွာ ပြောသည်… “ခုနက ဖြစ်ခဲ့တာတွေကို စိတ်ထဲမထားပါနဲ့… ရှင်ထွက်သွားပြီး နောက်ပိုင်း ကျွန်မတို့ကလည်း အဋ္ဌမဘုံကနေ နှင်ထုတ်ခံရတာပဲ…”

ရီဖူရှင်းက ထိုအဖြစ်ကို သိသည်ထက်ပင် ကျော်လွန်၏။ ကုယွန်ချီက ထိုစကားကို အမှန်ပြောကာ သူ့အား နှစ်သိမ့်ရန် ကြိုးစားသည်။ ကုယွန်ချီကား အမှန်ပင် စိတ်နှလုံး ကောင်းမွန်သူဟု ရီဖူရှင်းက တွေးလိုက်သည်။ ရီဖူရှင်းက ထိုကိစ္စကြောင့် အရှက်ရကာ မိမိကိုယ်ကို ယုံကြည်မှုများ ပျက်ပြားသွားမည်ကို သူမက စိုးရိမ်ဟန်ရသည်။ မှန်သည်… ရီဖူရှင်းက အားလုံးကို သိသည်ဟု ပြော၍ မရပေ။ သူက ကုယွန်ချီတို့အုပ်စုကို နှင်ထုတ်ခဲ့သည် မဟုတ်ပါလား…။

“ဘာလဲ… ဘယ်သူက ဒီလောက် အတင့်ရဲရတာလဲ…” ရီဖူရှင်းက ဘာမှ မသိသလို ဟန်ဆောင်ကာ သူမအတွက် စိတ်မကောင်းသော အမူအရာဖြင့် ပြောသည်။ သို့သော် သူလုပ်ခဲ့သည်ကိုကား လျှို့ဝှက် ထားရမည်။

“ကျွန်မလည်း မသိဘူး… သူက ငွေရောင်ဝတ်စုံကို ဝတ်ထားပြီး အရမ်းကို စွမ်းအားမြင့်တယ်… လျှို့ဝှက်ဘုံပြိုလဲရတာ သူ့ကြောင့် ဖြစ်ဖို့များတယ်…” ကုယွန်ချီ၏ မျက်လုံးများတွင် အံ့အားသင့်ဟန်များ အထင်းသား တွေ့ရသည်။ အဋ္ဌမဘုံမှ ထိုလူ၏ပုံရိပ်များကို ပြန်တွေးရင်း သူမ၏စိတ်က မတည်မငြိမ် ဖြစ်ရသည်။ ထိုလူကား အလွန် ထူးခြား ထက်မြက်လွန်းသည်။ ကျင်းယွန်လင်၏ရှီအဆင့်ရှေးဟောင်း ခေါင်းလောင်းအား သူက တိုက်ရိုက် ယူဆောင်သွားသည်။

“ဒီလိုလူက ပြိုင်ဘက်ကင်းရမယ်…” ရီဖူရှင်းက ချီးကျူးသည်။ သူ့ဘေးမှ ယူချင်းက ရီဖူရှင်းကို ကြည့်သည်။ သူက မိမိကိုယ်ကို ချီးမြှောက်နေသည်လား…။

“ဟုတ်တယ်…” ကုယွန်ချီက ခေါင်းညိတ်သည်… “မိုးမြေ ကောင်းကင်မြို့မှာ လူငယ်မျိုးဆက်ထဲက သူ့ကို ယှဉ်နိုင်မည့်လူ မရှိဘူး…”

“ကျုပ်က သူ့ကို တွေ့ခွင့်မရတာက ကံမကောင်းတာပဲ…” ရီဖူရှင်းက သက်ပြင်းချသည်။ လို့လန်ရွှီက မျက်လုံးပြူး သွားသည်။

စကားတပြောပြောဖြင့် သူတို့က ဂိတ်တံခါးအနီးကို ရောက်လာကြသည်။ သူတို့က လျှို့ဝှက်ဘုံ အပြင်ဘက်ကို ထွက်လာကြသောအခါ ကျင်းယွန်လင်၊ ပိုင်ချွန်နှင့် တခြားလူများက ထွက်ပေါက်မှ ထွက်လာသူများ အားလုံးကို စေ့စေ့စပ်စပ် လိုက်လံကြည့်ရှု နေကြသည်။

သူတို့ ရှာဖွေနေသော သူကို ရီဖူရှင်းက သိသည်။ သူက ရုပ်ဖျက်ခဲ့သည်ကို ထိုလူများ သိမည်မဟုတ်ပေ။ ယခု သူတို့က အပေါက်ဝမှ စောင့်ကာ ငွေရောင်ဝတ်လူအား စောင့်မျှော်နေကြ၏။

သူတို့က ရီဖူရှင်းတို့ကိုလည်း မြင်သည်။ ရီဖူရှင်းတို့ကို မြင်သည်တွင် တစ်ချက်မျှသာ ကြည့်ကာ တခြားဘက်ကို လွှဲသွားသည်။ ရီဖူရှင်းက ငွေဝတ်ရုံလူ ဖြစ်မည်ဟု သူတို့ လုံးဝ တွေးတောမိခြင်း မရှိပေ။

“အစ်ကိုဖူရှင်း…” ရီဖူရှင်း ထွက်လာသည်ကို မြင်လျှင် လောင်လင်းအာက ပြေးလာပြီး မေးသည်… “အစ်ကိုဖူရှင်း… ရှင်က ဘာဖြစ်လာတာလဲ…”

“ဘာမှ မဟုတ်ဘူး.. ဒဏ်ရာ အသေးအမွှားပါပဲ…” ရီဖူရှင်းက ညင်သာစွာ ပြုံးသည်။

“အစ်ကိုဖူရှင်း… ရှင့်ကို ဘယ်သူက ဒဏ်ရာရအောင် လုပ်တာလဲ…” လောင်လင်းအာက ဒေါသတကြီး မေးသည်။

“လျှို့ဝှက်ဘုံထဲက စစ်သည်တွေက ဒဏ်ရာရအောင် လုပ်ခဲ့တာ… မင်းက လက်စား ပြန်ချေချင်လို့လား…” လောင်လင်းအာ၏ ချစ်စဖွယ် အမူအရာကို ကြည့်ကာ ရီဖူရှင်းက သူမ၏ခေါင်းကို ပုတ်လိုက်သည်။

မိန်းကလေးက တစ်ခစ်ခစ် ရယ်မောလိုက်သည်။

ထိုအခိုက်တွင် လျှို့ဝှက်ဘုံ အပြင်ဘက်မှ​ လူအုပ်ကြီးကား ဆူညံစွာ ပြောဆို ဝေဖန် နေကြသည်။ ယခု သူတို့အားလုံး ထိတ်လန့် အံ့အားသင့်ဖွယ် ကောင်းသော သတင်းတစ်ခုကို ရခဲ့ကြ၏။ သည်တစ်ခေါက် လူအနည်းငယ်က နဝမဘုံကို တက်လှမ်း နိုင်ခဲ့ကြကာ ယခု လောင်ရီထျန်း၏ စံချိန်ကို လိုက်မီခဲ့ကြ၏။

လူအများအပြား ကလည်း အဋ္ဌမဘုံကို ရောက်ခဲ့ကြသည်။

“ကြည့်လိုက်… အဲဒါ ချန်းဝမ်နဲ့ လောင်မူ…” တစ်ယောက်က ရုတ်တရက် ထပြောသည်။ မရေမတွက်နိုင်သော လူများက သူတို့ နှစ်ယောက်ကို ကြည့်လိုက်ကြ၏။ လောင်မူ၏ နာမည်ကိုကြားလျှင် သခင်မလောင်နှင့် လောင်လင်းအာတို့ ကလည်း လှမ်းကြည့်သည်။

ယခု ချန်းဝမ်နှင့် လောင်မူတို့၏ အသက်ရှူနှုန်းကလည်း ဒဏ်ရာ ပြင်းထန်သည့် အတွက် ပုံမှန် အနေအထားတွင် မရှိပေ။ သူတို့ နှစ်ယောက်လုံးက တစ်ချက်မျှသာ အရိုက်ခံခဲ့ရသော်လည်း ဒဏ်ရာက ပြင်းထန်ပေသည်။

ချန်းဝမ်က အားလုံး၏ အကြည့်ကို လျစ်လျူရှု ထားသည်။ လျှပ်တစ်ပြက် သူက အကြီးအကဲ တစ်ယောက်ထံကို ရောက်သွားကာ တိုက်တွန်း လိုက်သည်… “ဆရာ… ဒီနေရာကို ပိတ်ဆို့ဖို့ အမိန့်ပေးဖို့ လိုပါတယ်… ထိပ်သီးကျောင်း သုံးကျောင်းက တပည့်တွေကို တခြားနေရာကို ထွက်သွားခွင့် မပေးပါနဲ့…”

“ကောင်းပြီ…” သူက ခေါင်းညိတ်သည်။ ထို့နောက် တခြားကျောင်း နှစ်ကျောင်းကိုလည်း သွားရောက် အကြောင်းကြားစေ၏။ ယခု သူတို့အားလုံးက လျှို့ဝှက်ဘုံ ပြိုလဲစေသည့်လူအား ခန့်မှန်းနေကြသည်။ ချန်းဝမ်နှင့် လောင်မူတို့က နဝမဘုံကို ရောက်ရှိခဲ့ကြရာ သူတို့က အကြောင်းအရာ အသေးစိတ်ကို ပိုသိရပေမည်။ သည်ကိစ္စကား အလွန် အရေးကြီးရာ သည်နေရာတွင်ပင် ဂရုတစိုက် ကိုင်တွယ်ရန် လိုသည်။

ထို့နောက် ထိပ်သီးကျောင်း သုံးကျောင်းမှ စွမ်းအားမြင့် တန်ခိုးရှင်များက လျှို့ဝှက်ဘုံမှ​ထွက်လာသော တပည့်များ အားလုံးကို ဝန်းရံလိုက်ကြသည်။ သူတို့က လျှို့ဝှက်ဘုံ ပြိုလဲသည့် အကြောင်းကို စုံစမ်း ဖော်ထုတ်ရန် လိုသည်။

“သူရိယနေမင်းကျောင်းက လူတွေအားလုံး နားထောင်ကြ… လျှို့ဝှက်ဘုံက ထွက်လာတဲ့လူတွေ ဘယ်ကိုမှ သွားခွင့်မရှိဘူး…”

“ကြယ်မင်းကျောင်း တပည့်တွေ…”

ထိပ်သီးကျောင်း သုံးကျောင်းမှ အကြီးအကဲများက တစ်ယောက်ပြီး တစ်ယောက် ညွှန်ကြားချက်များ ထုတ်ကြသည်။ လျှို့ဝှက်ဘုံမှ ထွက်လာသူများ အားလုံးကို တစ်နေရာတွင် စုစည်းသည်။

ချန်းဝမ်နှင့် လောင်မူတို့ကိုမူကား အကြီးအကဲများက ဝန်းရံကာ မေးခွန်းများ ထုတ်ကြသည်။ မကြာမီ သူတို့က ဖြစ်ပျက်ခဲ့သည်များကို အကြမ်းဖျင်း နားလည် လိုက်ကြ၏။

သူတို့ကလည်း လူအုပ်ကြီးနှင့်အတူ ဂိတ်တံခါးကို စိုက်ကြည့် နေကြသည်။ ထိပ်သီးကျောင်း သုံးကျောင်းမှ အကြီးအကဲများပင် သူတို့၏ တပည့်များ အားလုံးကို တစ်ယောက်ချင်း မမှတ်မိနိုင်။ ထို့အတူ ဘယ်သူကမှလည်း ငွေရောင်ဝတ်လူကို ယခင်က မြင်ဖူးပုံမရ။ အကယ်၍ သူတို့က တစ်ယောက်ကိုမှ မလွတ်အောင် စောင့်ကြပ်နိုင်ခဲ့ပြီး ရှာမတွေ့ခဲ့ပါက ထိုလူက မူလကတည်းက မရှိသောလူသာ ဖြစ်ရမည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ လျှို့ဝှက်ဘုံမှ လူများ တဖြည်းဖြည်း ထွက်လာကြကာ နောက်ဆုံး ဘယ်သူမှ ထပ်ထွက်လာခြင်း မရှိတော့။ သူတို့ ရှာဖွေနေသော လူကိုလည်း မတွေ့ရပေ။

“သူ ဒီမှာ မရှိဘူး…” ကျင်းယွန်ရှောင်းက အေးစက်စွာ ပြောသည်။ အဋ္ဌမဘုံတွင် သူကား အဆုံးစွန်သော အရှက်ကွဲမှုနှင့် ကြုံခဲ့ရသည်။ ထို့အပြင် သူက ထိုအဖြစ်အား တခြားလူများကိုလည်း မပြောနိုင်။ သည်ကဲ့သို့ အရှက်ရမှုက မိမိဘာသာ သိမ်းဆည်း ထားရမည့် အကြောင်းအရာ ဖြစ်သည်။ ထိုအဖြစ်ကို မြင်သောလူ တစ်ယောက်က တခြားလူများကို ပြန်ပြောပြမည်ကိုပင် ကျင်းယွန်ရှောင်းက စိုးရိမ်သည်။

“သူက ရုပ်ဖျက်ထားတာ ဖြစ်ရမယ်…” ချန်းဝမ်က ပြောသည်။

လောင်မူ၏ မျက်လုံးများက စူးရှထက်မြက် နေသည်။ ထိုလူက အပြင်ကို ထွက်မလာသေးသည့်တိုင် သူက အထဲတွင် ကြာရှည် ပုန်းကွယ်၍ မရသည်ကို အားလုံးက နားလည်ကြသည်။ သူက ပုန်းကွယ်နေလျှင်ကော ဘယ်လောက် ကြာကြာ ပုန်းကွယ် နိုင်မည်နည်း။

ထိုလူက အပြင်ကို ရောက်နေပြီး ဖြစ်ကာ မူလရုပ်ရည်ဖြင့် မဟုတ်တော့သည်မှာ လွန်စွာ ဖြစ်နိုင်ဖွယ်ရှိ၏။

ထိုလူကား ထိပ်သီးကျောင်း သုံးကျောင်းတွင် အမြဲတမ်း ပုန်းကွယ်၍ နေခဲ့သည်။ အထဲတွင် ထိုလူက တခြားလူများအား တိုက်ခိုက်ကာ သိုင်းပညာ ကံစွမ်းအားများကို လုယူခဲ့သည်။ သူ့ကြောင့် လျှို့ဝှက်ဘုံပင်လျှင် ပြိုလဲခဲ့ရ၏။

အရာအားလုံးကို သူယူသွားခဲ့သည်။

သူတို့၏မျက်နှာများ သုန်မှုန်နေကြသည်။ လျှို့ဝှက်ဘုံကို ဝင်ရောက်ခဲ့သူများကား မရေမတွက်နိုင်အောင် များပြားလွန်းလှသည်။ ထိုအထဲတွင်မှ ရုပ်ဖျက်ထားသောလူကို သူတို့က မည်သို့ ရှာဖွေမည်နည်း။ သူတို့က တစ်ယောက်ချင်း လိုက်လံ စစ်ဆေး၍ မရပေ။

“ငွေရောင်ဝတ်လူကို ဘယ်သူ မြင်ခဲ့ကြလဲ…” သူရိယနေမင်းကျောင်းမှ အကြီးအကဲ တစ်ယောက်က ပြောသည်။

လူအများအပြားက တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ ခေါင်းယမ်းကြသည်။

“ငွေရောင်ဝတ်လူ…” တစ်ယောက်က ရုတ်တရက် ထမေးသည်။ ချက်ချင်းပင် မရေမတွက်နိုင်သော လူများက စကားပြောလိုက်သူကို လှမ်းကြည့်ကြ၏။ သူကား ကျင့်နန် ဖြစ်သည်။

“ကျင့်နန်… မင်းက သူ့ကို အထဲမှာ မြင်ခဲ့တာလား…” ကျင်းယွန်ရှောင်းက မေးသည်။

“မဟုတ်ဘူး… ကျုပ်က အရင်တုန်းက မြင်ဖူးတာ… ပြီးတော့ ကျုပ် တစ်ယောက်တည်းလည်း မဟုတ်ဘူး…” ကျင့်နန်က ပြန်ပြောသည်… “အဲဒီအချိန်တုန်းက မိစ္ဆာနဂါးနယ်မြေမှာ ထိပ်သီးကျောင်း သုံးကျောင်းက လူတွေ နဂါးမြက်ကို သွားယူကြတယ်… ဒါပေမဲ့ ထူးဆန်းတဲ့ ငွေရောင်ဝတ်လူ နဂါးမြက်ကို လုယူပြီး ထွက်ပြေးသွားတယ်…”

“မှန်တယ်… ကျုပ်လည်း မြင်ခဲ့တယ်…”

“ကျုပ်လည်း သူ့ကို တွေ့ခဲ့တယ်…” မိစ္ဆာနဂါးနယ်မြေသို့ သွားခဲ့သော လူအများအပြားက ပြောကြသည်။ ဝမ်ယွီချန်း၏ အတွေးများက ဟိုဟိုဒီဒီ ပြေးလွှားသွားသည်။ လျှို့ဝှက်ဘုံကို ပျက်စီးစေသည်က သူများလား…။

“ဒါဆို ဒီလူက တစ်ခါတည်း မဟုတ်တော့ဘူးပေါ့…” ကျင်းယွန်ရှောင်းက အေးစက်စွာ ပြောသည်။

ထိုစဉ်ကတည်းက ငွေရောင်ဝတ်လူက ထိပ်သီးကျောင်း သုံးကျောင်းထဲတွင် ရောနှောနေပြီး ဖြစ်မည်။ ထို့နောက် သူက ထိပ်သီးကျောင်း သုံးကျောင်း၏ အကဲဖြတ်ပွဲကို ဝင်ရောက် ဖြေဆိုကာ နှိမ့်ချ နေထိုင်ခဲ့ရမည်။

“အဲဒီတုန်းက ဘယ်သူတွေ လိုက်ပါ သွားကြတာလဲ… အကုန်ထွက်စမ်း…” ထိပ်သီးကျောင်း သုံးကျောင်းမှ အကြီးအကဲ တစ်ယောက်က ပြောသည်။ သည်တစ်ကြိမ်ကား ထိပ်သီးကျောင်း သုံးကျောင်းမှ အကာနာတန်ခိုးရှင်များ အားလုံးနီးပါး ရှိကြသည်။ ထို့ကြောင့် မိစ္ဆာနဂါးနယ်မြေကို သွားခဲ့သော လူများကလည်း သည်လူအုပ်ထဲတွင် ရှိပေသည်။

မကြာမီ လူအများအပြားက ရှေ့ကို ထွက်လာကြသည်။ သို့သော်လည်း တစ်ယောက်က ပြောသည်… “အဲဒီတုန်းက လူတွေ အကုန်လုံး ဒီမှာ ရှိတယ် … ထူးဆန်းတဲ့လူက အပြင်ဘက်က ဝင်လာတာ…”

“အဲဒီတုန်းက ဒီလူတွေ အပြင် နောက်ထပ် လူတချို့လည်း ရှိသေးတယ်…” ကျင့်နန်က ရုတ်တရက် ရီဖူရှင်းတို့ကို ကြည့်ကာ ပြောသည်။

ကျင့်နန်၏ အကြည့်နောက်ကို လိုက်သွားလျှင် ထိပ်သီးကျောင်း သုံးကျောင်းမှ လူများအားလုံးက ရီဖူရှင်းတို့ကို ကြည့်ကြသည်။ ရီဖူရှင်းက ရှင်းပြသည်… “ကျုပ် အဲဒီတုန်းက တကယ်ပဲ အပြင်မှာ ရှိတယ်… ဒါပေမဲ့ ဝင်မပါခဲ့ဘူး…”

ကျင်းယွန်ရှောင်းက အံ့အားသင့်သွားကာ မေးသည်… “သူတို့က ရုပ်ဖျက်ထားတာ ဖြစ်နိုင်ပါ့မလား…”

သူက ထိုသို့ ပြောလိုက်သည်နှင့် လောင်မူ၊ ကုယွန်ချီနှင့် တခြားလူများ အားလုံးက ရီဖူရှင်းကို သေချာစွာ ကြည့်ကြသည်။

ဖြစ်နိုင်ဖွယ်အား လုံးဝ ဖယ်ရှားပစ်၍ မရပေ။ သို့သော်လည်း ရီဖူရှင်းတို့ အဖွဲ့ထဲတွင် ဘယ်သူကများ ထိုမျှ စွမ်းအားမြင့်ရသနည်း။ ထို့အပြင် သူတို့က ထိုမျှ အားကောင်းနေလျှင် အဘယ်ကြောင့် တံတားပေါ်တွင်တုန်းက ပြန်လည် မတိုက်ခိုက်ကြ သနည်း။

“အဲဒါ ကျုပ်တို့လို့ မင်းက ထင်တာပေါ့…” ရီဖူရှင်းက ကျင်းယွန်ရှောင်းကို စူးစူးရဲရဲ ကြည့်သည်။ ကျင့်နန်ကား သူ့ကို ချောက်ချရန် ကြိုးစားနေခြင်းသာ။

“စီနီယာ… အဲဒီတုန်းက ကျွန်တော်က အပြင်မှာပဲ ရှိနေပြီးတော့ ဘာမှ မလုပ်ခဲ့ပါဘူး… ပြီးတော့ ကျုပ်ကလည်း ထူးဆန်းတဲ့လူက ဂူထဲက ထွက်ပြေးသွားတာကို ကိုယ်တိုင် မြင်ခဲ့ပါတယ်… အဲဒီတုန်းက ကျွန်တော်နဲ့ အတူရှိတဲ့လူတွေက သက်သေပြုနိုင်ပါတယ်…” ရီဖူရှင်းက သူ့အနီးမှ လူများကို ကြည့်ကာ ပြောသည်။

“စီနီယာ…” လှပသော မိန်းမပျို တစ်ယောက်က ထွက်လာသည်။ သူမက လီမင်ဖြစ်သည်။ သူမက လူအုပ်ကို ကြည့်ကာ ပြောသည်… “တကယ်ပဲ အဲဒီလူထူးလူဆန်း ထွက်ပြေး သွားတဲ့အချိန်မှာ သူက ဘေးက ရပ်ကြည့်နေခဲ့တာပါ…”

“ဟုတ်တယ်… ကျွန်မကလည်း ဒါကို သက်သေပြနိုင်တယ်…” ဝမ်ယွီချန်းက ပြောသည်တွင် ရီဖူရှင်းက သူမအား အံ့အားသင့်စွာ ကြည့်သည်။ သူမက ရှေ့ကို ထွက်ကာ သူ့အတွက် ပြောပေးမည်ဟု ရီဖူရှင်း မထင်ထားပေ။

သည်မျှလောက်ဖြင့် အမှန်တရား ထွက်ပေါ်လာမည်ဟု ရီဖူရှင်းက စိတ်မပူပေ။ သူက နှစ်ကြိမ်တိတိ ထွက်ပေါ်ခဲ့သော်လည်း ပထမတစ်ကြိမ်က ထွက်ပြေးသွားသော ပုံရိပ်မှာ ရေဓာတ်ပညာ ပုံတူကိုယ်ပွားဖြစ်ကာ မူရင်းက ဘေးတွင် ရပ်ကြည့်နေခဲ့သည်။ ကျောင်းသားများနှင့် အကြီးအကဲ တချို့ကလည်း ထိုအရာကို မြင်ခဲ့ကြ၏။ ထို့ကြောင့် ရီဖူရှင်းက ငွေဝတ်စုံလူ ဖြစ်မည်ဟု အတိအကျ စွပ်စွဲရန် သက်သေ မရှိပေ။

ဝမ်ယွီချန်းက ရီဖူရှင်းအတွက် အမှန်တကယ် ဝင်ပြောခဲ့သည်ကို မြင်လျှင် ကျင့်နန်၏ မျက်နှာက သုန်မှုန်သွားခဲ့သည်။ ထိုအချိန် ရီဖူရှင်းအား သူလည်း မြင်ခဲ့သည့်တိုင် သူက တမင်ပင် ချောက်ချ ကြံစည်ခဲ့သည်။

“ခင်ဗျားတို့ မြင်တဲ့အရာတိုင်းက အစစ်ဖြစ်မှာတဲ့လား… ကျုပ် သိသလောက် ပုံရိပ်ယောင်တွေ လုပ်လို့ရတဲ့ နည်းစနစ်တွေ ရှိတာပဲ…” ကျင့်နန်က အေးစက်စွာ ပြောသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset