ချန်းဝမ်နှင့် လောင်မူတို့က တစ်စုံတစ်ခုကို ခံစား သိရှိဟန်ရသည်။ သူတို့က နောက်လှည့်ကာ ငွေရောင်ဝတ်လူအား ကြည့်သည်။ သူတို့၏မျက်တောင်များ ကွေးညွတ် သွားကြ၏။
သည်လူအား သူတို့ မသိပေ။
သူတို့ နဝမဘုံကို ရောက်ရှိပြီးနောက် တခြားလူများကလည်း ထပ်မံ ကြိုးစားကြမည် ဖြစ်သော်လည်း နောက်ထပ် ဘယ်သူမှ ရောက်မလာခဲ့။ ထိုအချက်က သူတို့အား တွေဝေ သွားစေသည်။ သည်နေရာကို ရောက်လာသူ၏ စွမ်းရည်က သေချာပေါက် အကောင်းဆုံးထဲတွင် ရှိရမည်။ ပိုကြောက်စရာ ကောင်းသည်ကား သူက တစ်ယောက်တည်း ရောက်လာခြင်းပင်။ သူက အလွန် အန္တရာယ်ရှိသော သူတစ်ယောက် ဖြစ်ရမည်။
ထိပ်သီးကျောင်း သုံးကျောင်းတွင် ဤကဲ့သို့သောလူမျိုး ဘယ်တုန်းက ရှိလို့လဲ…။
“ခင်ဗျားက ဘယ်သူလဲ…” ချန်းဝမ်က မေးသည်။
“မင်းတို့ ဘာလို့ အပေါ်ကို မတက်တာလဲ…” ရီဖူရှင်းက သူ၏မေးခွန်းကို လျစ်လျူရှုကာ ချန်းဝမ်ကို အေးစက်စွာ မေးသည်။
“အပေါ်ကို တက်ဖို့ မလွယ်ဘူး… ငါတို့ ပူးပေါင်းရင် မကောင်းဘူးလား…” ချန်းဝမ်က မေးသည်။ သူနှင့် လောင်မူက မတတ်နိုင်ခဲ့သော်လည်း ယခု သုံးယောက်၏ အင်အားက တစ်ခုခု ထူးခြားနိုင်သည်။
“မင်းက အဆင့်မီလို့လား…”
ရီဖူရှင်းက သူ့ကို အထင်သေးစွာ ကြည့်သည်။ ချန်းဝမ်၏ အမူအရာက တင်းမာ ခက်ထန် သွားသည်။ ရီဖူရှင်း၏ အထင်သေးသော မျက်လုံးများက သူ့အား အလွန်အမင်း အရှက်ရစေသည်။ ထိုစဉ်မှာပင် ရီဖူရှင်းက လှေကားထစ်ထံသို့ လျှောက်သွား လိုက်သည်။
သိုင်းပညာ စွမ်းအင်များ သူ့ကို ရစ်ပတ် စီးဆင်းသွားသည်။ စွမ်းအား အမြင့်ဆုံးကား အဋ္ဌမဘုံတွင် ရရှိခဲ့သော မီးဓာတ်အခြေပြု သိုင်းပညာ ကံစွမ်းအား ဖြစ်သည်။ ယခု ဧကရာဇ်အသိက သိုင်းပညာ ကံစွမ်းအားကို အထောက်အပံ့ ပြုထားသည်။ ရီဖူရှင်းကား ခဏချင်းတွင် မီးလူသား တစ်ယောက်အသွင် ဖြစ်သွားသည်။
သူက မျက်လုံးကို မှိတ်လိုက်ကာ ခန္ဓာကိုယ်မှ စွမ်းအင်ကို ခံစားသက်ဝင်သည်။ သူ့အား စီးဆင်းနေသော သိုင်းပညာ ကံစွမ်းအားက ရှီအသိ အနည်းငယ်မျှဖြင့် ဖန်တီးထားဟန် ရသည်။ နောက်ထပ် အမျိုးအမည် မသိသော နည်းစနစ်တချို့ ပေါင်းစပ်ခြင်းဖြင့် သိုင်းပညာ ကံစွမ်းအားက ဖြစ်လာခဲ့သည်။
ဧကရာဇ်အသိ၏ အထောက်အပံ့ဖြင့် ရှီအဆင့် သိုင်းပညာ ကံစွမ်းအားအပေါ် သူ၏ ခံစား သက်ဝင်အားက ပိုမိုအားကောင်း သွားသည်။ အကယ်၍ သည်လှေကားထစ်ပေါ်မှ စောင့်ကြပ်သူများက ကောင်းကင် တံတားပေါ်မှ စောင့်ကြပ်သူများနှင့် သိပ်ကွာဟမှု မရှိလျှင် သူဘာကိုမှ ဂရုစိုက်နေစရာ မလိုတော့…။
ထိုအခိုက်တွင် ရီဖူရှင်းက ကောင်းကင် တံတားပေါ်မှ မီးဓာတ် အသုံးပြု စောင့်ကြပ်သူ၏ စွမ်းရည်များကို ခံစား နားလည်လိုက်သည်။ သူက ရှင်းရှင်းလင်းလင်း နားလည်လိုက်ခြင်း ဖြစ်သည်။
ဘုန်း…
အဆုံးစွန်အထိ လင်းလက် တောက်ပသော လက်ဝါး တံဆိပ်တော်များ ရီဖူရှင်း၏ ခန္ဓာကိုယ် ပတ်လည်တွင် ဖြစ်ပေါ်လာသည်။ ထိုအရာများ အားလုံးက ကောင်းကင် မီးတောက်များက မီးစာအဖြစ် ရှိနေသလား မှတ်ရအောင် ကြောက်မက်ဖွယ် ရွှေရောင်ဟုန်းဟုန်း ထတောက် နေကြသည်။
ရီဖူရှင်းက သူ၏လက်ကို ဝှေ့ယမ်းသည်တွင် အရပ်မျက်နှာမျိုးစုံမှ လက်ဝါးတံဆိပ်များ ရောက်လာသည်။ သူတို့က ရီဖူရှင်းရှေ့တွင် ကြောက်မက်ဖွယ် ပုံရိပ်သဏ္ဌာန်တစ်ခု ပေါင်းစပ် ဖြစ်ပေါ် လာစေသည်။ ထိုအရာက ကောင်းကင် တံတားပေါ်မှ မီးဓာတ်စောင့်ကြပ်သူ ထုတ်လွှတ်ခဲ့သော အရာနှင့်တူသည်။ သို့သော် ကွဲပြားခြားနားသည်။ ရီဖူရှင်းက သူ၏ကိုယ်ပိုင် ထိုးထွင်း သိမြင်မှုများကိုပါ ပေါင်းစပ်ကာ ဧကရာဇ် အသိစွမ်းအားဖြင့် ထောက်ပံ့ထားသည်။
သူက မျက်လုံးကို ဖွင့်လိုက်သော အခိုက်တွင် အလင်းရောင်တစ်ချက် ဖျတ်ခနဲ လင်းသွားသည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ပုံရိပ်သဏ္ဌာန်မှ မီးတောက် ရောင်ခြည်တစ်ခု ထွက်သွားသည်။ အမှန်က ထိုအရာက လက်ဝါးတံဆိပ် တစ်ခုမဟုတ်ဘဲ ဧကရာဇ်အသိ စွမ်းအင်များ ရောယှက်နေသော ဖျက်ဆီးခြင်း မီးတောက်လက်ဝါး ဖြစ်သည်။
ဖုန်း…
တစ်ချိန်တည်းမှာ ရီဖူရှင်းက လှေကားထစ်ပေါ်သို့ တက်ရောက် သွားသည်။
ဦးဆုံး ရင်ဆိုင်ရသော တန်ခိုးရှင်ကား လျှပ်စီးနှင့် မိုးကြိုးကို အစိုးရသူဖြစ်သည်။ ရီဖူရှင်း၏ တိုက်ကွက်ကို မြင်သည်တွင် သူ့ရှေ့၌ မိုးကြိုးနတ်ဘုရား ဒိုင်းကာတစ်ခု ပေါ်လာသည်။ လက်ဝါးတံဆိပ်များက တဝုန်းဝုန်းဖြင့် ရိုက်ခတ်လျှင် အဆုံးမဲ့သော မိုးကြိုး စွမ်းအင်များဖြင့် ဖွဲ့စည်း ဖြစ်ပေါ်လာသော ဒိုင်းကာကား အက်ကွဲရာများ စတင် ဖြစ်ပေါ် လာရတော့သည်။ နောက်ဆုံးတွင် မီးလျှံ မီးတောက်များ၏ ဝါးမျိုခြင်းကိုပင် ခံရကာ ဝုန်းခနဲ ပျက်စီး လောင်ကျွမ်း သွားတော့သည်။ လျှပ်စီး အားလှိုင်းများ လေထုထဲ ရုန့်ရင်းကြမ်းတမ်း သွားကြ၏။
ဘုန်း… ရီဖူရှင်း၏ ခန္ဓာကိုယ်က ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားကာ မိုးကြိုး တန်ခိုးရှင်၏ရှေ့တွင် ပေါ်လာသည်။ ရီဖူရှင်း၏ ရှေ့မှလူကား ခုခံချိန်ပင် မရလိုက်ဘဲ လောင်ကျွမ်း ပျက်စီးသွားရ၏။ သိုင်းပညာ ကံစွမ်းအားများ ရီဖူရှင်းအပေါ် ကျဆင်းလာသည်။
“ဒါ…” လောင်မူ၏လက်များက တုန်ယင် သွားကြသည်။ ချန်းဝမ်ကလည်း ရီဖူရှင်းအား မယုံကြည်နိုင်စွာ ကြည့်သည်။ သူက ဘယ်လိုကြောင့် ဤမျှ အားကောင်းရသည်း။ သူတို့က ကောင်းကင်တံတား တိုက်ပွဲတွင် အားလုံး ပူးပေါင်း တိုက်ခိုက်ပြီးမှ အောင်မြင်ခဲ့သည်။ သူတို့က နဝမဘုံကို ရောက်သောအခါလည်း လှေကား တစ်ထစ်ကိုမျှ တက်ရောက်နိုင်ခြင်း မရှိခဲ့။ သို့သော်လည်း ထိုငွေရောင်ဝတ်လူက တစ်ယောက်တည်း တက်သွားကာ တံတားပေါ်မှ စောင့်ကြပ်သူ တစ်ယောက်အား အနိုင်ယူဖျက်ဆီးခဲ့သည်။ ထိပ်သီးကျောင်း သုံးကျောင်းတွင် ဘယ်တုန်းက ဤသို့ ထက်မြက်သောလူ ရှိနေခဲ့သနည်း။
နောက်ထပ် သိုင်းပညာ ကံစွမ်းအား စက်ကွင်းတစ်ခု ရီဖူရှင်း၏ခန္ဓာကိုယ်ကို ရစ်ပတ်သွားသည်။ ထို့နောက် သူက ဒုတိယမြောက် သိုင်းပညာ ကံစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သူ့ရှေ့တွင် မိုးကြိုးနတ်ဘုရား ဒိုင်းကာတစ်ခု ပေါ်လာသည်။ ကောင်းကင်က အဆုံးမဲ့သော လျှပ်စီးများ ပြည့်နှက်နေသည်။ ဒိုင်းကာပေါ်တွင် နတ်ဘုရားအလင်းများ စီးဆင်းနေသည်။
“မဖြစ်နိုင်တာ…” လောင်မူက မျက်လုံးများ ပြူးကျယ်လျက် ကြည့်သည်။ ထိုအရာက ပြည့်စုံခြင်း မရှိသော်လည်း တစ်စုံတစ်ယောက်က သိုင်းပညာ ကံစွမ်းအားကို ထိုမျှ မြန်ဆန်စွာ မည်သို့ ထိုးထွင်းသိမြင် နားလည်ခဲ့ရသည်။
ရီဖူရှင်းက လွတ်လပ်ခြင်း ကျင့်စဉ်ဖြင့် ဆင်ခြင်သုံးသပ်ခဲ့ကာ ဧကရာဇ် အသိစွမ်းအားဖြင့် သိုင်းပညာ ကံစွမ်းအားကို အသက်သွင်းခဲ့သည်။ ထိုအရာက ပြီးပြည့်စုံခြင်း မရှိသော်လည်း လောင်မူနှင့် ချန်းဝမ်တို့အားလုံး အထင်ကြီး အားကျရ၏။
ဘုန်း…
နောက်ထပ် ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ဒုတိယမြောက် စောင့်ကြပ်သူက ဖျက်ဆီး ခံလိုက်ရပြန်သည်။ ရီဖူရှင်းက ရှေ့ကို ဆက်သွားသည်။ လှေကားထစ်တိုင်းက အဆုံးစွန်သော အင်အားများကို ကိုယ်စားပြုသည်။ သူက တဖြည်းဖြည်း ပိုမိုအားကောင်း လာနေသည်။
ထို့နောက်တွင် တတိယလူ၊ စတုတ္ထလူ…. ရီဖူရှင်းက တစ်ဆင့်ပြီးတစ်ဆင့် တိုက်ခိုက် အနိုင်ယူကာ တက်သွားလျှင် ထိုလူများက သူ့ကို တားဆီးနိုင်စွမ်း မရှိသည်ကို လောင်မူတို့က ရိပ်မိလိုက်ကြသည်။
လောင်မူက သူ၏ရှီလက်နက်ကို တင်းကျပ်စွာ ဆုပ်ကိုင်သည်။ သူ၏အဖေက သူ့အား သည်လက်နက်ကို ပေးခဲ့သည်။ သူ၏အဖေကလည်း ဤလှေကားထစ်များကို တက်ရောက်နိုင်ခဲ့ခြင်း မရှိသည်ကို သိသည်။ ထို့ကြောင့် သူ၏သားက လှေကားထစ်ကို တက်ကာ အဆုံးသတ်တွင် ဘာရှိသည်ကို သိမြင်စေလိုခဲ့သည်။ သို့သော်လည်း သူကား လှေကား တစ်ထစ်မျှပင် မတက်နိုင်ခဲ့။ ယခု ထူးဆန်းသော ငွေရောင်ဝတ်လူက အပေါ်ကို တစ်ထစ်ချင်း တက်နေသည်။ တဖြည်းဖြည်းဖြင့် ငွေရောင်ဝတ်လူက နောက်ဆုံး လှေကားထစ်ကို ရောက်သွားသည်။
ချန်းဝမ်က သူ့အား ငေးမောကာ ကြည့်နေသည်။ နောက်ဆုံး တိုက်ခိုက်မှုအပြီးတွင် ထိုလူက လေထဲမှ ဆင်းသွားသည်။ နတ်ဘုရားအလား သူ့ပုံစံက ချန်းဝမ်၏စိတ်ထဲ စွဲထင်စေကာ မေ့ပျောက်၍ ရတော့မည် မဟုတ်တော့။ ထိုလူကား စွမ်းအားမြင့် တန်ခိုးရှင် ဆယ့်ရှစ်ယောက်လုံး၏ စွမ်းရည်များ အားလုံးကို ဆင်ခြင် သင်ယူနိုင်ခဲ့ပြီး ဖြစ်သည်။
ငွေရောင်အဝတ်စများက လေမတိုက်ဘဲ တဖျတ်ဖျတ် လွင့်နေကြသည်။ ထိုလူက တံခါးကို ကျော်ဖြတ်ကာ နန်းတော်ထဲကို ဝင်သွားသည်။
လောင်မူနှင့် ချန်းဝမ်တို့ ရှေ့ကို ခုန်လွှား သွားကြသည်။ သူတို့ကလည်း အသည်းအသန် နန်းတော်ထဲကို ဝင်ရန် ကြိုးစားကြ၏။ သို့သော် သူတို့က လှေကားထစ်ကို တက်မည် လုပ်သည်နှင့် ရီဖူရှင်းက နောက်လှည့် လိုက်သည်။ သူ၏အေးစက်သော မျက်လုံးများ အောက်တွင် သူတို့၏ စိတ်နယ်ပယ်ထဲ၌ လူတစ်ယောက် ပေါ်လာသည်။ နတ်ဘုရား တစ်ပါးအလား ထိုလူက သူတို့အား ခံနိုင်ရည်အား မဲ့စေသည်။ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားစေနိုင်သော လက်ဝါးတံဆိပ်တော် တစ်ခုအား ထိုနတ်ဘုရားအလား လူက ထုတ်လွှတ်သည်တွင် သူတို့က လောက၏ ပျက်စီးခြင်း တစ်ခုကို တွေ့ကြုံခံစားရ၏။
သူတို့က ပြန်လည် တိုက်ခိုက်သော်လည်း မည်သို့ ယှဉ်နိုင်မည်နည်း။ သူတို့က မြေပြင်ပေါ်ကို ပြန်ကျသောအခါ လှေကားထစ်၏ အောက်ခြေကို တစ်ဖန် ပြန်ရောက်သွားသည်။ မြေပြင်ပေါ်တွင် လေးဖက်ထောက်ရင်း သူတို့ပါးစပ်မှ သွေးများ စီးကျလာကြသည်။ သူတို့၏ကလီစာများ ကွဲကြေသွားပြီ ဖြစ်သည်။
လောင်မူက ထိုလူအား ခက်ခဲစွာဖြင့် လှမ်းကြည့်သည်။ သိုင်းပညာ ကံစွမ်းအားများ သူ့ကို ပြင်းထန်စွာ လောင်ကျွမ်း ရစ်ပတ်နေရာ အမှန်ပင် နတ်ဘုရား တစ်ပါးနှင့် ဆင်တူလှသည်။ ထို့နောက် ရီဖူရှင်းက နောက်လှည့်ကာ နန်းတော်ထဲကို ဝင်ရောက် သွားသည်ကို မြင်လိုက်ကြရသည်။
ဒုန်း…
တံခါးက တစ်ဖန် ပိတ်သွားသည်။ မမြင်ရသော အားအင်များ နေရာအနှံ့ တုန်ခါသွား၏။ ချက်ချင်းပင် လျှို့ဝှက်ဘုံ တစ်ခုလုံး တုန်ခါသွားသည်။
“ဘာဖြစ်နေတာလဲ…” ထိုအခိုက်တွင် လျှို့ဝှက်ဘုံ အတွင်းမှ လူများအားလုံးက ဖြစ်ပေါ်လာသော အခြေအနေကို ကြည့်ကာ အံ့အားသင့် သွားကြသည်။ လျှို့ဝှက်ဘုံက အမှန်ပင် တုန်ခါနေသည်။
လောင်မူနှင့် ချန်းဝမ်တို့ အားလုံးက မြေပြင်ကို ကြည့်ကြသည်။ ပိတ်ထားသော တံခါးကို ကြည့်ကာ သူတို့က ကြောက်လန့်ခြင်း ကြီးစွာ ဖြစ်ကြရ၏။
ထိုစဉ်က လောင်ရီထျန်းက သည်နေရာကို ရောက်လာကာ မိုးမြေ ကောင်းကင်မြို့၏ အထက်မြက်ဆုံး ပါရမီရှင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ယခု သူတို့ကလည်း တခြားလူများ အကူအညီဖြင့် သည်နေရာကို ရောက်လာခဲ့ကြသည်။
ယခု သူတို့က လောင်ရီထျန်းထက် ပါရမီမြင့်သော လူတစ်ယောက်ကို မြင်နေရသည်။ သူက သည်နေရာကိုသာ ရောက်လာခဲ့သည် မဟုတ်ဘဲ နန်းတော်ထဲကိုလည်း ဝင်ရောက် သွားနိုင်ခဲ့သည်။ ထိုလူက ဘယ်သူ ဖြစ်သည်ကိုပင် သူတို့က မသိကြ။
အတန်ကြာလျှင် စူးရှကျယ်လောင်သော အသံတစ်ခု နန်းတော်ထဲမှ ထွက်ပေါ်လာသည်ကို ကြားလိုက်ကြရ၏။ သူတို့က နန်တော်ထဲမှ အလင်းတစ်ချက် ဖျတ်ခနဲ ထွက်လာသည်ကို မြင်ကြသည်။ အလင်းက နတ်ဘုရား အလင်းရောင်အလား လျှို့ဝှက်ဘုံ တစ်ခုလုံးကို ပျံ့လွင့်သွားသည်။
ထို့နောက် နန်းတော်က တုန်ခါလာသည်။
ထို့အတူ လျှို့ဝှက်ဘုံကလည်း တုန်ခါလာသည်။ ထို့နောက် ပိုမိုပြင်းထန်စွာ လှုပ်ယမ်းလာသည်။ လူများက မြေပြင်တွင် မြဲမြံစွာပင် ရပ်နိုင်စွမ်း မရှိကြတော့ပေ။ ထို့နောက်က ကျောက်တုံး ကျောက်ဆောင်များနှင့် တောင်ကုန်းများ စတင် ပြိုလဲလာကြသည်။ နေရာအနှံ့တွင် တဝုန်းဝုန်း ပေါက်ကွဲသံများ ကြားလာကြရသည်။ ထိုအခိုက်တွင် သိုင်းပညာ ကံစွမ်းအားများ လိုက်လံ ရှာဖွေနေကြသူများ ရှေ့တွင်လည်း စစ်သည်များက အမှုန့်များဖြစ်ကာ ပျောက်ကွယ် သွားကြသည်။
“ဘာဖြစ်နေတာလဲ…” မရေမတွက်နိုင်သော စိတ်နှလုံးများ တုန်လှုပ် ချောက်ချား ကြရသည်။ လျှို့ဝှက်ဘုံက ပြိုလဲနေသည်။ ဘာဖြစ်နေသနည်း။
“နဝမဘုံကို လှမ်းကြည့်ကြဟေ့…” လူအများအပြားက လှမ်းကြည့်ကြသည်။ အဝေးမှ မှုန်ဝါးဝါး နန်းတော်က တဖြည်းဖြည်း ပြိုဆင်း လာနေသည်။ ထိုအရာကား ပျက်စီးတော့မည် ဖြစ်သည်။
လောင်မူနှင့် ချန်းဝမ်တို့က ထိုနေရာတွင် ရှိနေသည်။ သူတို့က တကယ့် အမှန်တရားကို အနီးကပ် မြင်တွေ့ကြသူများ ဖြစ်ကြသည်။ လျှို့ဝှက်ဘုံက ပြိုလဲရခြင်းမှာ သူရှာဖွေနေသော တစ်စုံတစ်ခုအား တွေ့ဆုံသွားသောကြောင့် ဖြစ်သည်ကို သူတို့ နားလည်လိုကြသည်။
ထိုစဉ်မှာပင် လူတစ်ယောက် နန်းတော်ထဲမှ ထွက်လာသည်။ သူကား ငွေရောင်ဝတ်လူ ဖြစ်၏။ သူက မြန်ဆန်စွာပင် နန်းတော်ထဲမှ အရိပ်သဏ္ဌာန်အလား ထွက်သွားသည်။
သူက အဋ္ဌမဘုံကို ပြန်ရောက် လာသောအခါ သိမ်းငှက်နက်က မိစ္ဆာငှက်အဖြစ် ပြောင်းလဲပြီး သူ့ကို စောင့်ကြိုနေသည်။ ယူချင်းတို့လည်း သိမ်းငှက်နက်ပေါ်တွင် ရှိနေကြသည်။ ရီဖူရှင်းက သိမ်းငှက်နက်ပေါ်ကို တက်လိုက်သည်နှင့် သူက တခြား ထွက်ပေါက်တစ်ခုကို မြန်ဆန်စွာ ပျံသန်း ပျောက်ကွယ် သွားတော့သည်။
လျှို့ဝှက်ဘုံက ပျက်စီးပြိုလဲခြင်း မရှိလျှင်ပင် ရီဖူရှင်းက သူတို့ကို ခေါ်သွားရမည်။ သူတို့အားလုံးက အဋ္ဌမဘုံတွင် ရှိနေ၍ မရပေ။
လက်ရှိတွင်ကား လျှို့ဝှက်ဘုံပြင်ပမှ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံး ထိတ်လန့် အံ့အားသင့် နေကြသည်။ လက်ရှိတွင်ကား ထိုထူးဆန်းသော လျှို့ဝှက်ဘုံက တုန်ခါနေသည်။
“ဘာဖြစ်နေတာလဲ…” တချို့စွမ်းအားမြင့် တန်ခိုးရှင်များ၏ မျက်လုံးများက ထက်ရှသွားကြ၏။ နှစ်ပေါင်းများစွာအတွင်း ဤသို့ တစ်ခါမှ မဖြစ်ပျက်ဖူးပေ။
“အမေ… ဘာတွေ ဖြစ်နေတာလဲ…” လောင်လင်းအာက သူမ၏အမေကို မေးသည်။
“ငါမသိဘူး…” သခင်မလောင်က ခေါင်းယမ်းသည်… “ဒါက ကြီးကြီးမားမား တစ်ခုခုပဲ…”
သူမ၏အမူအရာက သုန်မှုန်နေသည်။ သိုင်းပညာစွမ်းအင် လျှို့ဝှက်ဘုံကား အလွန် အရေးပါသည်။ သည်နေရာက ထိပ်သီးကျောင်း သုံးကျောင်းအတွက် သိုင်းပညာ ကံစွမ်းအားများ ရယူရန် အရေးပါသောနေရာ ဖြစ်၏။ သို့သော် ပြင်းထန်စွာ တုန်ခါ လှုပ်ယမ်းနေစဉ်မှာပင် တစ်စုံတစ်ယောက်က ဂိတ်တံခါးမှ ထွက်လာသည်။
“ဘာဖြစ်နေတာလဲ…” အားလုံးက တစ်ပြိုင်နက်တည်း မေးမြန်းကြသည်။
ထို့နောက်တွင်ကား ဂိတ်တံခါးမှ ထိပ်သီးကျောင်း သုံးကျောင်း၏တပည့်များ အလျှိုလျှို ထွက်ပေါ်လာကြကာ သူတို့ကလည်း မသေချာခြင်း များစွာဖြင့် ပြန်ပြောကြသည်… “လျှို့ဝှက်ဘုံက ပြိုလဲနေပြီ…”
“မဖြစ်နိုင်ဘူး…” စွမ်းအားမြင့် တန်ခိုးရှင် တစ်ယောက်က မေးသည်… “အထဲမှာ ဘာတွေ ဖြစ်ခဲ့ကြတာလဲ…”
“ကျွန်တော်တို့ မသိဘူး… နဝမဘုံက နန်းတော်က အလင်းတစ်ချက် ထွက်လာပြီးတော့ လျှို့ဝှက်ဘုံက စပြီး ပြိုလဲတော့တာပဲ…” တစ်ယောက်က တုန်ယင်စွာဖြင့် ပြောသည်။
ထို့နောက် များစွာသော တပည့်များ ထွက်လာရင်းမှ တစ်ယောက်ကလည်း လှမ်းအော်သည်… “စစ်သည်တွေနဲ့ သားရဲတွေ အကုန် ပျောက်သွားပြီ…”
လျှို့ဝှက်ဘုံကား ယခု သမိုင်းထဲတွင်သာ ကျန်ရစ်တော့မည်။ ထိုအတွေးများ အားလုံး၏ ခေါင်းထဲကို ဝင်လာကာ စိတ်တည်ငြိမ်အောင် မထားနိုင်ကြတော့။
***