ကောင်းကင် တံတားပေါ်၌ လူတိုင်းက ငွေရောင်ဝတ်လူကို စိတ်နှလုံး တုန်လှုပ်စွာ ကြည့်ကြ၏။ ဤသို့ မောက်မာ ဝင့်ကြွားသော လူမျိုး သူတို့မမြင်ဘူး။ ထူးခြား အေးစက်သော ဟန်ပန်၊ မာနဝင့်ထည်သော မျက်လုံးများနှင့် ထူးခြား ဆန်းကြယ်သော အရောင်အဝါတို့က သူ့အား ပြိုင်ဘက်ကင်းသော အသွင် ဖြစ်စေ၏။ သူကိုယ်တိုင်က လောကကို ငုံ့ကြည့် ရလောက်သော မြင့်မြတ်မှုဖြင့် မွေးဖွားလာဟန် ရသည်။ ထို့အပြင် သူ့တွင် ထိုသို့ အားကောင်းသော တိုက်ရည်ခိုက်ရည် ရှိ၏။ သူကား အလွန် သန်မာသော်လည်း သူတို့ သူ့ကို မသိကြ။
“ခင်ဗျား ဘယ်သူလဲ…” ကျင်းယွန်ရှောင်းက ရီဖူရှင်းကို ကြောက်လန့် တုန်လှုပ်စွာ ကြည့်သည်။ ထိပ်သီးကျောင်း သုံးကျောင်းတွင် ထောင်ပေါင်း များစွာသော တပည့်များ ရှိကြ၏။ ထိုမျှ များပြားသော လူများ အားလုံးကို သူတို့ မမှတ်မိနိုင်။ မိမိ တက်ရောက်နေသော ကျောင်း၌ပင် သူသိသောလူက အနည်းအကျဉ်းမျှသာ ရှိသည်။
သို့သော် သူ့ကဲ့သို့ စွမ်းအားမြင့် လူတစ်ယောက်က မည်သို့ လူသူမသိ ဖြစ်ရသနည်း။
မဟုတ်လျှင် သည်လူက တမင် ဟန်ဆောင်ဖုံးကွယ်ကာ နောက်ဆုံး အချိန်တွင်မှ လျှို့ဝှက်ဘုံမှ သိုင်းပညာ ကံစွမ်းအားများ အားလုံးကို သိမ်းယူရန် အကြံဖြင့် ထွက်ပေါ်လာခြင်း ဖြစ်ရမည်။
ရီဖူရှင်းက ကျင်းယွန်ရှောင်းကို အေးစက်စွာ ကြည့်သည်။ သူက ကောင်းကင်မှ နတ်ဘုရား တစ်ပါးအလား ဆင်းသက် လာ၏။ ထိုခဏတွင်ပင် ကျင်းယွန်ရှောင်း ကြီးစွာ ထိတ်လန့်ခြင်း ဖြစ်၏။
ဒုန်း…
ထိုလူက ကျင်းယွန်ရှောင်၏ ခေါင်းပေါ်ကို ကျဆင်းလျှင် ပြင်းထန်သော ဖိအားက သူ၏ခန္ဓာအား တုန်ယင် လာစေသည်။ ထိုအခိုက်တွင်ပင် သူက မြေပြင်ပေါ်ကို ဒူးထောက်ကျ၏။
ခေါင်းငုံ့ရင်းက သူ၏မျက်နှာက သွေးဆုတ်သွားကာ ပါးစပ်မှ သွေးများ ယိုစီးကျလာ၏။ သည်ကဲ့သို့ အရှက်ကွဲမှုမျိုးကို သူ့ဘဝတွင် တစ်ခါမှ မကြုံဖူး။
“ကျွန်မက လျူကလန်က လျူစုရှင်းပဲ… ရှင်က နဝမဘုံကို တက်ရောက် ချင်ရင်တောင်မှ ကျွန်မတို့ကို ထွက်သွားခိုင်းစရာ မလိုဘူး မလား…” လျူစုချင်းကား လှသည်။ သူမက စကားပြောရာတွင် အထက်စီး ဆန်ခြင်းလည်း မရှိ။ သူမက အနည်းငယ်ပင် ယဉ်ကျေးစွာ ပြောဆိုခဲ့၏။ သူက ဘယ်သူ ဖြစ်ပါစေ သူ့တွင် ထူးခြား ထက်မြက်ကာ ပါရမီနှင့် စွမ်းရည်များ ရှိသည်။
ရီဖူရှင်းမူကား သူမကို ကြည့်ပင် မကြည့်ပေ။ သူက လက်ဆန့်တန်းလျှင် ကြောက်မက်ဖွယ် လက်ဝါးတံဆိပ်က လေထုကို ခွင်းကာ ထွက်သွားသည်။ သူမကလည်း သိုင်းပညာ ကံစွမ်းအားများကို ချက်ချင်း စုစည်းကာ ခုခံသည်။ ဘုန်းခနဲ မြည်သံနှင့်အတူ အလှပဂေးကား လွင့်စဉ် သွားရရှာသည်။ သူမက ဒဏ်ရာ ရသွားသည်တွင် လူတိုင်းက ဆွံ့အရသည်။ မိန်းမလှ တစ်ယောက်ကို သူက ဘယ်လို စိတ်နှလုံးဖြင့် လုပ်ရက်ရသနည်း။
“ဒီနေရာက အရာခပ်သိမ်းကို ကျုပ်ပိုင်တယ်… မင်းတို့က ကျုပ် တံတားပေါ်ကို မတက်ခင် မသွားသေးဘူး ဆိုရင် ဒီအတွက် ပေးဆပ်ရမယ်…” ရီဖူရှင်း၏အသံက သူတို့၏နားစည်ကို ရိုက်ခတ် သွားသည်။ လူတိုင်း၏စိတ်နှလုံး တုန်ယင်ကြရ၏။
ဒီနေရာက သိုင်းပညာ ကံစွမ်းအားတွေက သူ့အပိုင်တဲ့လား…။
သူက တခြားလူတွေအတွက် မြူမှုန်တစ်စမျှပင် ချန်ထားလိုဟန် ရှိပုံမရ။ သူက အလွန် အားကောင်း သော်လည်း နောက်ဆုံးမှ ရောက်လာကာ အားလုံးကို မောင်ပိုင်စီး လိုသေးသည်။ သူက သတ္တမဘုံက သိုင်းပညာ ကံစွမ်းအားတွေကို စုဆောင်းနေသဖြင့် နောက်ကျနေခြင်းလား။
ရီဖူရှင်းက ရှေ့ကို တိုးလာသည်တွင် ပိုင်ချွန်က လက်ဆန့်တန်း လိုက်သည်။ ချက်ချင်းပင် ကြယ်တာရာ လက်ဝါးပုံရိပ်က ကောင်းကင်ကို မိုး၍ ပေါ်လာကာ အောက်ကို ပြင်းထန်သော အရှိန်ဖြင့် ကျဆင်းလာ၏။
“မတိုက်ကြသေးဘူးလား…” ပိုင်ချွန်က ဒေါသတကြီး ပြောသည်။
လူတိုင်း၏ မျက်လုံးများက စူးရှသွားကြသည်။ သူတို့အားလုံးက တစ်ယောက်ထဲကို ကြောက်ရမည်လော။
“မင်းက သေချင်နေတာပဲ…” ရီဖူရှင်းက ပိုင်ချွန်ကို ပြောသည်။ ထိုအခိုက်တွင် သူ့အနီးမှ ထိတ်လန့်ဖွယ် သိုင်းပညာ ကံစွမ်းအားများက မရေမတွက်နိုင်သော လက်ဝါးအသွင်များ ပြောင်းလဲ သွားကြကာ အရှိန်အဟုန်ပြင်းစွာ လှည့်ပတ်ကြ၏။ သို့သော် ကြယ်တာရာ လက်ဝါးတံဆိပ် ဆင်းသက် လာသောအခါ ဧကရာဇ် လက်ဝါးနှင့် ရင်ဆိုင်တိုးပြီး ပျက်စီး သွားရသည်။
“တကယ်ပဲ သူ့မှာ ရှီအဆင့် သိုင်းပညာ ကံစွမ်းအား တစ်မျိုးထက် ပိုရှိနေတယ်…”
လူတိုင်းက ရီဖူရှင်းကို မျက်ခြည်မပြတ် အကဲခတ် နေကြသည်။ သိုင်းပညာ ကံစွမ်းအား တစ်ခုစီက ကွဲပြားကာ ပြင်းထန်သော တိုက်ခိုက်ရေး စွမ်းအင် ပါရှိသည်။
ဘုန်း…
မရေမတွက်နိုင်သော ဧကရာဇ်လက်ဝါး တံဆိပ်များက ရောင်စဉ်တန်းများ အဖြစ် ပြောင်းလဲ သွားကြ၏။ ထိုရောင်စဉ်တန်းများက လေတိုးသံများ ပေးကာ ပိုင်ချွန်ထံသို့ ပြေးဝင်သွားကြ၏။ ဤသည်ကို မြင်လျှင် ပိုင်ချွန်၏ မျက်နှာက အလွန်အမင်း လေးနက်သွား၏။ သူက ရှီလက်နက်ကို တင်းတင်း ကိုင်စွဲကာ အပြင်းအထန် ရင်ဆိုင် ခုခံသော်လည်း လက်ဝါး တံဆိပ်များကား မြန်ဆန်လွန်း လှသည်။ စက္ကန့်ပိုင်းမျှ နှေးကွေးမှု၏ အပြစ်ဒဏ်ကား လက်ဝါးရိုက်ချက်သာ ဖြစ်သည်။ ဘန်းခနဲ မြည်သံနှင့်အတူ သူ၏ခန္ဓာက ဖွဲအိတ်အလား မြေပြင်ပေါ်ကို လွင့်စဉ်သွားကာ ပါးစပ်မှ သွေးများ အဆက်မပြတ် အန်ကျသည်။ မြေပြင်ပေါ်တွင် လဲလျောင်းရင်း အသက်မျှဉ်းမျှဉ်း မျှသာ ရှူနိုင်ခြင်းက သူ၏ဒဏ်ရာ ပြင်းထန်မှုကို ပြသည်။
ရီဖူရှင်းအား တိုက်ခိုက်ရန် ဟန်ပြင်နေသူများ ကျောက်ရုပ်အလား ဖြစ်သွားကြသည်။ ရှေ့မှ မြင်ကွင်းကို ကြည့်ကာ သူတို့အားလုံး စိတ်ပျက် သွားရသည်။ တံတားပေါ်မှ စောင့်ကြပ်သူများပင် ဤမျှ အားမကောင်းနိုင်။
သူတို့အားလုံး မျှော်လင့်ချက် မဲ့နေပြီကို သိလိုက်ကြသည်။ သူတို့ကျောင်းတွင် ဤသို့ အစွမ်းထက်သူ တစ်ယောက် အဘယ်သို့ ပုန်းအောင်း နိုင်ရသနည်း။
“ကျုပ်က စကားကို နှစ်ခါ မပြောဘူး…” ထိုသို့ပြောကာ ရီဖူရှင်းက တံတားပေါ်မှ စောင့်ကြပ်သူထံသို့ ပျံသန်း သွားသည်။ သူ၏ခန္ဓာကိုယ်က တစ်မုဟုတ်ချင်း မီးလျှံများနှင့် အလင်းရောင်များ ရောယှက် ထွန်းလင်း လာသည်။ သူ့အနီးမှ လေထု နယ်နိမိတ်က မီးလျှံကမ္ဘာ တစ်ခု ဖြစ်နေပြီး ထိုအထဲတွင် ကြောက်မက်ဖွယ် မီးလျှံ ပုံသဏ္ဌာန် များစွာကို တွေ့ရသည်။ သူကား ထိုနေရာတွင် မီးနတ်ဘုရား တစ်ပါးလို ရပ်နေသည်။
ရီဖူရှင်းက ရှေ့ကို လျှောက်သွား လိုက်သည်။ သူ့ခန္ဓာကိုယ် ဘေးပတ်လည်တွင် ဧကရာဇ် လက်ဝါး တံဆိပ်တော်များ ပျံသန်း လှည့်ပတ် နေကြသည်။ ရီဖူရှင်း၏ လက်ညှိုး စေညွှန်ရာ အောက်တွင် သူတို့က စောင့်ကြပ်သူထံသို့ ပြေးဝင် သွားကြ၏။
စောင့်ကြပ်သူက လက်ဆန့်တန်း လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် မီးလျှံပုံရိပ်တစ်ခု မွေးဖွားလာသည်။ ထိုအရာက ကမ္ဘာ လောင်မီးကဲ့သို့ ထင်ရ၏။ မီးလျှံပုံရိပ်ထံမှ မီးလျှံ အလင်းတန်းများ တောက်ပ လင်းလက်စွာ ဖြာထွက်လာသည်။ သူတို့က လောကအား ဖျက်ဆီးတော့မည့်အလား ထင်ရသည်။
မဆုံးနိုင်သော အလင်းများ ခွဲဖြာထွက်လာကာ လက်ဝါး တံဆိပ်တော်နှင့် ထိရိုက် ပျက်စီး သွားကြသည်။ ရီဖူရှင်း၏ လက်ဝါးတံဆိပ်က လောင်ကျွမ်း သွားသည်။ ထိုအရာက ရှေ့ကို ဆက်သွား နေသော်လည်း တစ်စတစ်စ လောင်ကျွမ်းနေ၏။
ဝုန်း…
ပိုမို အားကောင်းသော အလင်းတစ်ခု ရီဖူရှင်းထံမှ ထပ်မံ ဖြာထွက် လာသည်။ သူက သည်တစ်ခေါက် ရန်သူထံသို့ တိုက်ရိုက် ခုန်ပျံသွားသည်။
မီးဓာတ်ပိုင်ရှင် စောင့်ကြပ်သူက လက်ဆန့်တန်းသည်။ ချက်ချင်းပင် ကမ္ဘာဖျက် မီးလျှံပုံရိပ်က ရီဖူရှင်းထံ ကျရောက် လာသည်။ ကမ္ဘာ့လောင်မီးက ရီဖူရှင်းကို ပစ်မှတ်ထား လောင်ကျွမ်း စေလိုဟန်ရ၏။ သို့သော်လည်း ဧကရာဇ်အလား သိုင်းပညာ ကံစွမ်းအားများက သူ့ခန္ဓာကိုယ်ကို လှည့်ပတ် စီးဆင်းနေကြခြင်းက သူ့အား ဖြိုဖျက် မရနိုင်သောလူ၊ လောင်ကျွမ်း ပြာချမရသောလူ ဖြစ်စေသည်။
ကြောက်မက်ဖွယ် မီးလျှံများ သူ့ကို မလောင်ကျွမ်းစေနိုင်။ သူ့အား ဒဏ်ရာပင် မရစေနိုင်။
လျူစုရှင်းက တုန်ယင်နေသော အချိန်တွင် တခြားလူများ အားလုံး၏ မျက်လုံးများ ပြူးကျယ် သွားကြသည်။ ဤလူကား စွမ်းအားကြီးလွန်းရကား သူတို့အားလုံး ကြောက်လန့်ခြင်းကြီးစွာ ဖြစ်ရ၏။ သူက တံတားပေါ်မှ သိုင်းပညာ ကံစွမ်းအားများ အားလုံးကို ရယူလိုသည်။ သည်လို နေ့ရက် ရောက်လာရန် အတွက် သူက ထိပ်သီးကျောင်း သုံးကျောင်းထဲတွင် ပုန်းအောင်း နေခဲ့၏။
ရီဖူရှင်းက သူ၏လက်ကို မြှောက်လိုက်သည်။ သူ့ပတ်လည်တွင် အသစ် အသစ်သော လက်ဝါး တံဆိပ်တော်များ ပေါ်လာကာ မီးဓာတ်ပိုင်ရှင် စောင့်ကြပ်သူထံသို့ တဝှီးဝှီး ပြေးဝင် သွားကြသည်။ ထို့နောက် ရီဖူရှင်းက ရွှေရောင် အလင်းတန်းအလား ရှေ့ကို တစ်ဟုန်ထိုး ပြေးဝင်သွားကာ မီးဓာတ်ပိုင်ရှင် စောင့်ကြပ်သူ၏ခေါင်းကို လက်ဝါးဖြင့် ရိုက်ချကာ သတ်ဖြတ် ဖျက်ဆီး လိုက်သည်။
ချက်ချင်းပင် ပိုမို အားကောင်းသော သိုင်းပညာ ကံစွမ်းအားများ ရီဖူရှင်းကို ရစ်ပတ်သွားသည်။ ယခု သူကား လုံလောက်သော စွမ်းအင်ကို ရရှိပြီဖြစ်သည်။ သို့သော် သူက အားလုံးသော သိုင်းပညာ ကံစွမ်းအားများကို ရယူလိုနေဆဲ။ သူက အဋ္ဌမဘုံအတွက် အားလုံးကို ရယူလိုခြင်း ဟုတ်ပုံမရ။ သူ၏နောက်ဆုံး ရည်မှန်းချက်က နဝမဘုံ ဖြစ်ရပေမည်။
ရီဖူရှင်းက လျှပ်တစ်ပြက် နောက်တံတား တစ်ခုပေါ်သို့ ရောက်သွားသည်။ သူက နောက်မှ လူများ အားလုံးကို အေးစက်စွာ တစ်ချက် ပြန်ကြည့်သည်။ သူ၏စကားများကို ပြန်တွေးမိကြကာ အားလုံးက ကျောချမ်း သွားကြ၏။
“သွားစို့…” ကုမိန်က ပြောသည်။ လျူစုရှင်းကလည်း ခေါင်းညိတ်သည်။ သူတို့အားလုံးက အဋ္ဌမဘုံမှ နောက်ဆုတ် ထွက်ခွာ သွားကြတော့သည်။
ချိန်ယုံ၏လှပသော မျက်လုံးများက ထိုလူကို စိတ်အာရုံ ထွေပြားစွာ ကြည့်သည်။ သူမက စွမ်းအားမြင့်သော လူများကို အမြဲတမ်း မြတ်နိုး ကိုးကွယ်တတ်သူ ဖြစ်သည်။ သို့သော် ယခုကား သူမက သူ့လိုလူကို အမှန်တကယ် မသိခဲ့။ ထို့နောက် သူမကလည်း နောက်လှည့်ကာ ထွက်သွားသည်။
ပိုင်ချွန်ကိုမူကား ကြယ်မင်းကျောင်းမှ သူ၏အဖော်များက ထမ်းပိုး ယူသွားကြသည်။
အားလုံးက ထွက်ပေါက်မှ ပျောက်ကွယ် သွားကြသောအခါ ရီဖူရှင်းက သူ ဖျက်ဆီးလိုက်သော တံတားပေါ်မှ မီးလျှံအရောင် ဝင်းဝင်း တောက်နေသော ပုဆိန်သွားလှံရှည်ကို ဆုပ်ကိုင်လိုက်သည်။ ထိုအရာက ဝင်ပေါက်၏ မြေပြင်တွင် ပိတ်ဆို့ စိုက်ဝင်နေခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သိမ်းငှက်နက်က တခြားလူများကို နောက်ထပ် ဝင်ပေါက်တစ်ခုမှ ခေါ်လာသည်။ အဋ္ဌမဘုံမှ နဝမဘုံသို့ တံတားကိုးခု ရှိသည်။ ထို့အတူ သတ္တမဘုံမှ အဋ္ဌမဘုံကိုလည်း ဝင်ပေါက် များစွာ ရှိ၏။
“သွားစို့…” ရီဖူရှင်းက ပြောသည်။ သူက နောက်တံတား တစ်ခုပေါ်သို့ တက်သည်။ ထိုနေရာတွင်ကား စစ်ပုဆိန် တစ်လက်ကို ကိုင်ထားသော ထည်ဝါ ခန့်ညားသော လူတစ်ယောက် ရှိသည်။ သူ့နောက်မှ နဝမဘုံသို့ ဝင်ပေါက် အလယ်တွင်ကား ပုဆိန် တစ်လက်ကို စိုက်ထူထား၏။ ထိုအရာက မီးဓာတ် ပုဆိန်သွား လှံရှည်ကဲ့သို့ ရှီအဆင့် လက်နက်ဖြစ်သည်။
တံတားတစ်ခုစီတွင် ရှီအဆင့် လက်နက်တစ်ခု ရှိပြီး စောင့်ကြပ်သူများက ထိုလက်နက်များကို မသုံးကြပေ။
စစ်ပုဆိန်နှင့်လူထံတွင် လေတိုးသံများ တဝီဝီ မြည်လာကာ လေဓာတ် သဘာဝများ သူ့ခန္ဓာကိုယ်ကို ရစ်ပတ် လာနေသည်။ ရီဖူရှင်း၏ လက်ဝါး တံဆိပ်များက သူ့ကို တိုက်ခိုက်သောအခါ သူ့ပုဆိန်ဖြင့် ခုတ်ချသည်။ ချက်ချင်းပင် လေထဲတွင် ဧရာမလေပွေတစ်ခု ဖြစ်ပေါ်လာကာ လက်ဝါး တံဆိပ်တော်အား အလယ်မှ ထက်ခြမ်းကွဲ သွားစေသည်။
ရီဖူရှင်း၏လက်တွင် ဓာတ်ငါးမျိုး နှင်တံပေါ်လာပြီး ရွှေရောင် ပြောင်းသွားသည်။ ထိုလူများ သူ့အနီးတွင် မရှိရာ ရီဖူရှင်းက သူ့ပညာရပ်များအား ဖုံးကွယ်ရန် မလိုပေ။
သူ၏ ဧကရာဇ် အသိက လောင်ကျွမ်းနေကာ သိုင်းပညာ ကံစွမ်းအားများက ဓာတ်ငါးမျိုး နှင်တံထံသို့ စီးဆင်းသွားသည်။ သူက ခန္ဓာကိုယ်ကို လှည့်ပတ်လျက် နှင်တံဖြင့် လေပေါ်မှခုန်၍ ရိုက်ချသည်။ သို့သော်လည်း ထိုလူ၏ ဒုတိယ တိုက်ခိုက်မှုက ပိုမို အားကောင်းသည်။ ထိုအရာက ကြိုတင် စွမ်းအင်တစ်ခု အနေဖြင့် ဖြစ်တည်လာကာ လေပွေကို အထောက်အကူ ပေးသည်။ ထို့ကြောင့် သူ၏တိုက်ခိုက်မှုက ထိတ်လန့်ဖွယ် ဖျက်ဆီးအား ပါဝင်နေသည်။
ကျယ်လောင်သော အသံကြီး တစ်ချက်နှင့်အတူ ကောင်းကင် ကမ္ဘာက ပေါက်ကွဲသွားသည်။ သိုင်းပညာ ကံစွမ်းအားဖြင့် ဖန်ဆင်းထားသော စစ်ပုဆိန်ကလည်း ပျက်စီးသွားသည်။ ထို့အတူ ရီဖူရှင်းလည်း နောက်ကို လွင့်စဉ်သွား၏။ သို့သော်လည်း တစ်ဖန် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ စွမ်းအားများ တစ်ဖန် နှင်တံထံသို့ စီးဆင်းသွားကာ နောက်ထပ် ရိုက်ချက်တစ်ခု ထပ်ပေးလိုက်သည်။
စစ်ပုဆိန်တစ်ခု ထပ်မံ ဖြစ်ပေါ်လာကာ ရီဖူရှင်းထံကို ဝင်လာပြန်သည်။
ဘုန်း…
သည်တစ်ခေါက်မူကား နောက်ထပ် ပေါက်ကွဲမှု တစ်ခုနှင့်အတူ ဓာတ်ငါးမျိုး နှင်တံက စစ်ပုဆိန်အား အစိတ်စိတ် ဖြစ်သွားစေလျက် ထိုလူ၏ပခုံးပေါ်ကို တိုက်ရိုက်ကျသည်။
“ယူချင်း…” ရီဖူရှင်းက ခေါ်လိုက်သည်။
ယူချင်းက သူ၏မိစ္ဆာတိုင်အား မိုး၍ ရိုက်ချကာ ထိုလူအား အမှုန့်ဖြစ်စေလျက် အဖြေ ပေးလိုက်သည်။ သိုင်းပညာ ကံစွမ်းအားက သူ့ထံကို ရောက်သွားသည်။
“အခု ဒီမှာ မင်းအပေါ် မူတည်သွားပြီ…” ရီဖူရှင်းက ယူချင်းကို ပြောသည်။
ယူချင်းက ခေါင်းညိတ်လျှင် ရီဖူရှင်းက တံတား အစွန်းသို့ လျှောက်သွားသည်။ လောင်ရီထျန်းက ဤအဆင့်အား ကျော်ဖြတ်ခဲ့သည်။ ယူချင်းက တန်ခိုးအဆင့် နိမ့်သော်လည်း အဋ္ဌမဘုံမှ သိုင်းပညာ ကံစွမ်းအားများကို ရယူပြီးနောက် သူက တခြား စောင့်ကြပ်သူများကို အနိုင် ယူနိုင်ပေသည်။
ရီဖူရှင်းက လက်ရှိ အခြေအနေကို တာရှည် မထိန်းထားနိုင်။ သူက နဝမဘုံကို သွားရောက် ကြည့်ရှု ရပေဦးမည်။
တံတား အားလုံးက တစ်နေရာတည်းကို ဦးတည် ထားသည်။ ထိုနေရာကား နဝမဘုံ၏ ဝင်ပေါက်သို့ ဖြစ်၏။ သူက အဝေးမှ နန်းတော် တစ်ခုအား ဝေဝေဝါးဝါးပင် မြင်ရသည်။ သူက တံတား အဆုံးအထိ လျှောက်သွားပြီးမှ သူ၏သိုင်းပညာ ကံစွမ်းအားကို အသက်သွင်းကာ တစ်ဖက်ကို လှမ်းဝင်လိုက်သည်။
ချက်ချင်း သူက အဋ္ဌမဘုံမှ ပျောက်ကွယ် သွားသည်။
နဝမဘုံကား နောက်ဆုံး နေရာဖြစ်သည်။ နေရာက အလွန် သေးငယ် သွားသည်။ သူတို့ရှေ့တွင် မြင်ကွင်း တစ်ခုသာ ရှိသည်။ ထိုအရာကား တိမ်များပေါ်သို့ ထိုးတက်နေသော နန်းတော်တစ်ခု ဖြစ်သည်။ ထိုနန်းတော်သို့ သွားရန် လှေကားထစ် တစ်ခုသာ ရှိသည်။ သို့သော် လှေကား ခြေရင်းတွင်ကား လူနှစ်ယောက်က ရှိသည်။ သူတို့က နဝမဘုံကို ရောက်ရှိ လာခဲ့ကြသော ချန်းဝမ်နှင့် လောင်မူတို့ ဖြစ်ကြသည်။ သို့သော် သူတို့က လှေကားထစ်များကို ကူရာမဲ့စွာ ကြည့်နေကြသည်။
သူတို့ တတ်နိုင်စွမ်း မရှိပေ။
လှေကားထစ်များ ပေါ်တွင် လူဆယ့်ရှစ်ယောက်က အဆင့်ဆင့် စောင့်ကြပ် နေကြသည်။ တစ်ယောက်စီက အဋ္ဌမဘုံမှ တံတား စောင့်ကြပ် သူများထက် အားကောင်းကြသည်။ သူတို့က သည်အဆင့်ကို တခြားလူများ၏ ပါဝင် အားဖြည့်ခြင်းဖြင့် ရောက်လာကြသည်။ ယခု သူတို့က နှစ်ယောက်တည်းဖြင့် ဘာမှ တတ်နိုင်ခြင်း မရှိတော့ပေ။
***