အဋ္ဌမဘုံသည်လည်း ယခင် ဘုံဌာနများထက် အရွယ်အစား ပိုမိုသေးငယ်၏။ အဋ္ဌမဘုံ၏ အရပ်ရှစ်မျက်နှာတွင် ကောင်းကင်တမျှ မြင့်သော တံတားကိုးခု ရှိ၏။ ထိုတံတားများက ကောင်းကင်ဘုံသို့ သွားရာလမ်းအလား ထင်မှတ်ရသည်။
ကောင်းကင် တံတားများထဲမှ တစ်ခုကား ပြိုလဲပျက်စီးနေပြီး ဖြစ်သည်။ ပြင်းထန်သော တိုက်ပွဲကသာ ထိုသို့ အခြေအနေကို ဖြစ်စေသည်။ တံတားအလယ် တစ်နေရာကား လုံးဝ ကျိုးပျက်နေသည်။
ထိုတံတားများ ဦးတည်ရာ အရပ်ကား နဝမဘုံဖြစ်မည်မှာ မလွဲဧကန်ပင်။ ရီဖူရှင်းတို့က အဋ္ဌမဘုံကို ရောက်ရှိ လာသောအခါ သူတို့က ကောင်းကင် နန်းတော်များကို ဝေဝေဝါးဝါး မြင်ကြရ၏။
သူတို့ရှေ့မှ မြင်ကွင်းက ရီဖူရှင်းတို့အား အံ့အားသင့်စေသည်။ ပျက်စီးနေသော တံတားတစ်ခုမှလွဲ၍ ကျန်သော တံတားများပေါ်တွင်မူကား အလွန် စွမ်းအား ကောင်းဟန်ရသော လူများ စောင့်ကြပ် နေကြ၏။ သည်နေရာကို ရီဖူရှင်းတို့က လောင်မူတို့ထက် ဦးစွာ ရောက်လာခြင်း ဖြစ်ဟန်ရသည်။ ထိပ်သီးကျောင်း သုံးကျောင်းမှ ပါရမီရှင်များ ပူးပေါင်းထားသော အဖွဲ့က လူအရေအတွက် ပိုများရာ သူတို့ ရှာဖွေရသော သိုင်းပညာ ကံစွမ်းအားများကလည်း များပြားပေသည်။
“ရာစုနှစ်ပေါင်း များစွာထဲမှာ လောင်ရီထျန်း တစ်ယောက်ပဲ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တယ်… သူက ပျက်စီးနေတဲ့ တံတားပေါ်က တက်သွားတာ ထင်တယ်…” ရီဖူရှင်းက ရေရွတ်သည်။ ယခင်ကသို့ပင် သူတို့က နဝမဘုံသို့ တက်လှမ်းရန် လုံလောက်သော ကံစွမ်းအားများကို အဋ္ဌမဘုံ၌ စုဆောင်းရမည်။ လောင်မူတို့အုပ်စုက ပူးပေါင်းခဲ့ကြ သော်လည်း အမှန်တကယ်အားဖြင့် သူတို့ထဲမှ အချို့ကသာ နဝမဘုံကို တက်လှမ်းရန် အခွင့်အရေး ရှိသည်။
မှန်သည်… သူတို့က တံတားပေါ်မှ စောင့်ကြပ်သူများကို အရင်ဦးဆုံး အနိုင်ယူရမည် ဖြစ်သည်။ ထို့အပြင် ရီဖူရှင်းတို့ လေးယောက်နှင့် သိမ်းငှက်နက်တို့က နဝမဘုံကို တက်ရောက်လိုပါက တံတားငါးခုတိတိ ဖျက်ဆီးရပေဦးမည်။
“ငါတို့ ဘယ်တံတားကို အရင်ဦးဆုံး ရွေးကြမလဲ…” ရီဖူရှင်းက မေးသည်။ သတ္တမဘုံ တိုက်ပွဲများကပင် သူတို့အတွက် အလွန် ခက်ခဲပင်ပန်းကြရ၏။ ယခု အဋ္ဌမဘုံမှ စောင့်ကြပ်သူများက ပိုမိုသန်မာပေမည်။ တိုက်ပွဲမတိုင်မီ သူတို့က အပြည့်အဝ ယုံကြည်မှု မရှိပေ။
ရှီအဆင့် လက်နက်များကို ပိုင်ဆိုင်သော ထိပ်သီးကျောင်း သုံးကျောင်းမှ ပါရမီရှင်များက အဘယ်ကြောင့် ပူးပေါင်းခဲ့ကြသနည်း။ တိတိကျကျ ပြောရလျှင် သူတို့က အဋ္ဌမဘုံကို လွန်မြောက်၍ နဝမဘုံကို တက်လှမ်းလိုကြ သောကြောင့် မဟုတ်ပါလား။
“မင်း ဆုံးဖြတ်ပါ…” ရီဝူချင်းက ပြောသည်။
“ဒါဆို ငါတို့ရှေ့က တံတားကို အရင်တက်ကြမယ်…” ရီဖူရှင်း သူ၏ရှေ့တည့်တည့်မှ ကောင်းကင်တံတားကို ကြည့်သည်။ ထို့နောက် သူတို့က ထိုတံတားပေါ်သို့ တက်လိုက်ကြသည်။
တံတားအလယ်တွင် ထိတ်လန့်ဖွယ် ရွှေရောင် သင်္ကေတတစ်ခု ရှိသည်။ အတိုင်းအဆမဲ့ ရွှေရောင်ခြည်များက မရေမတွက်နိုင်သော ရှေးဟောင်း သင်္ကေတများဖြင့် ရောယှက်ကာ ကောင်းကင်မှ ဖြန့်ကြက်ထားလျှင် တံတားတစ်ခုလုံးကို ရွှေရောင် ဝင်းလက်စေသည်။
ထိုနေရာတွင်ကား လူတစ်ယောက် ရပ်နေသည်။ သူက ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ နတ်စစ်သူကြီး တစ်ပါးနှင့် သဏ္ဌာန်တူ၏။ ရီဖူရှင်းတို့အား အကဲခတ်နေသော သူ၏ မျက်ခုံး မျက်လုံးများကပင် ရွှေရောင် ဝင်းလက်နေသည်။ သူ၏ဆံပင်များက ရွှေရောင် ဓားသွားများအလား ထင်မှတ်ရသည်။ လေမတိုက်သော်လည်း သူ၏ဆံပင်များက တလွင့်လွင့် ဖြစ်နေဟန်မှာ ထည်ဝါ ခန့်ညားသော ဟန်ပန်ကို ခံစားရစေ၏။
“သတိထား…” ရီဖူရှင်းက သတိပေးသည်။ သူ့ရှေ့မှ လူထံမှ ကြီးစွာသော အန္တရာယ် အငွေ့အသက်ကို ရ၏။ သူတို့က ရှီကံစွမ်းအားများကို ရရှိထားသော်လည်း လုံးဝ သတိလစ်ဟင်း၍ မရပေ။ သတ္တမဘုံတွင်ပင် သူတို့က ရန်သူများကို ပူးပေါင်းနှိမ်နင်းခဲ့ရ၏။ ယခု အဋ္ဌမဘုံမှ ရန်သူက ပို၍ အားကောင်းသည်။ ရာစုနှစ်များစွာအတွင်း လောင်ရီထျန်း တစ်ယောက်သာ သည်အဆင့်ကို ကျော်ဖြတ်နိုင်၏။
သိုင်းပညာ ကံစွမ်းအား လက်ဝယ် ပိုင်ဆိုင်ထားရာ ရီဖူရှင်းက အကာနာအဆင့် အမြင့်ဆုံး၏ တိုက်ခိုက်ရေး စွမ်းရည်ကို ထုတ်ဖော်နိုင်သည်။ သို့သော် သူ၏ပင်ကိုမူလ တန်ခိုးအစွမ်းက အနည်းငယ် နိမ့်ပေသည်။ ထို့ကြောင့် သူ၏တိုက်ခိုက်ရေး စွမ်းရည်ကလည်း အနည်းနှင့်အများ ယုတ်လျော့သွား၏။
ထိုလူက ရီဖူရှင်းတို့ကို ရွှေရောင် မျက်လုံးကြီးများဖြင့် အေးစက်စွာ ကြည့်သည်။ ထို့နောက် သူက လက်နှစ်ဖက်လုံးကို လေထဲတွင် စက်ဝိုင်းပုံစံ ဝှေ့ယမ်း၏။ ချက်ချင်းပင် ကောင်းကင်တွင် ချွန်ထက်သော လှံရှည်များ ပေါ်လာသည်။
“တိုက်…” ရီဖူရှင်းက ပြောကာ အလင်းတန်းအလား တစ်ဖက်လူထံသို့ ပြေးဝင်၏။ တစ်ချိန်တည်းတွင် ကောင်းကင်မှ လှံရှည်များက ရွှေရောင် အလင်းတန်းများ အသွင်ဖြင့် ဒေါင်လိုက်ပုံစံ ကျဆင်းလာသည်။
လို့လန်ရွှီက လေထဲကို ပျံတက်လိုက်သည်။ သူမ၏ရေခဲစာအုပ် မွေးဖွားလာကာ ပတ်ဝန်းကျင်အား အအေးလှိုင်းများ ဒီရေအလား ရိုက်ခတ်သွားသည်။ ရွှေရောင်လှံရှည်များက အေးခဲသွားကာ နှေးကွေးသွားဟန် ရ၏။ သို့သော် သူတို့၏ ဆက်လက် ကျဆင်းလာမှုကိုမူကား အအေးဓာတ်က မတားဆီးနိုင်ပေ။
လို့လန်ရွှီ၏မျက်လုံးများက ငွေကြယ်ပွင့်အလား ဖျတ်ခနဲ လင်းလက် သွားသည်။ သူမ၏လက်က ဝှေ့ယမ်းလိုက်သည်နှင့် ပိုမိုအားကောင်းသော ရေခဲမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ လှံရှည်များအား ဆန့်ကျင်၍ တိုက်ခတ်သည်။
လှံရှည်များက တဖြည်းဖြည်း မုန်တိုင်းကြားတွင် အေးခဲရပ်တန့် သွားသော်လည်း လို့လန်ရွှီ၏ စိုးရိမ်စိတ်က လျော့ကျသွားခြင်း မရှိပေ။ ပထမ တိုက်ခိုက်မှုကပင် အလွန်အမင်း အားကောင်းနေသည်။
တခြားတစ်ဖက်တွင် ရီဖူရှင်းက ပြိုင်ဘက်အနီးသို့ ပြေးဝင် လာနေသည်။ ထိုအခိုက်တွင် ရွှေရောင်လူက ကောင်းကင်တံတား အပေါ် လေထဲတွင် ပေါလောရပ်နေသည်။ သူက လက်တစ်ဖက်ကို ဆန့်တန်းလိုက်သည်နှင့် ထူးဆန်းသော ရွှေရောင်သင်္ကေတ တံဆိပ်တစ်ခု သူ့ရှေ့၌ ပေါ်လာသည်။ တံဆိပ်က တဝှီးဝှီး လည်ပတ်ကာ အရွယ်အစား ကြီးမားလာသည်။ ရီဖူရှင်း၊ ယူချင်းနှင့် ရီဝူချင်းတို့၏ တိုက်ခိုက်မှုများက သင်္ကေတ တံဆိပ်ပေါ်သို့ တစ်ဘန်းဘန်းနှင့် ကျဆင်းလာသည်။ သို့သော် အက်ကွဲရာ တချို့မှလွဲ၍ တံဆိပ်က ပျက်စီးသွားခြင်း မရှိပေ။
ထိုလူက ထပ်မံ၍ လက်ဝှေ့ယမ်းလျှင် တံဆိပ်က ပျောက်ပျက်သွားပြီး များစွာသော လှံရှည်များ တစ်ဖန် ပေါ်ထွက်လာကာ ရီဖူရှင်းတို့ထံသို့ ပြေးဝင်လာသည်။ သည်တစ်ကြိမ်ကား အကွာအဝေးက အလွန် နီးကပ်သည်။
ရီဝူချင်း၏လက်က လှုပ်ယမ်းသွား၏။ ချက်ချင်းပင် ကောင်းကင်အား ဆန့်ကျင်၍ ဓားကွန်ချာတစ်ခု ဖြစ်ပေါ်လာကာ လှံရှည်များကို တားဆီးသည်။ ထို့နောက် သူက အယ်ကိုင်ဓားအား ရွှေဝါရောင်လူထံသို့ ခုတ်ချလိုက်သည်နှင့် ထောင်ပေါင်း များစွာသော ဓားအလင်းများက လေထုကို ခွင်းလျက် ပြေးဝင် သွားကြ၏။
ထိုစဉ် ယူချင်းက သိုင်းပညာ စွမ်းအင်များ ခန္ဓာကိုယ်တွင် ရစ်ပတ်လျက် ဆင်းသက်လာရာ သူ့အား ကမ္ဘာမြေကို ခြေဖဝါးအောက်တွင် နင်းခြေနိုင်သော ရှေးဟောင်း နတ်ဆိုးတစ်ပါးအလား ထင်မှတ်ရ၏။ ရီဖူရှင်း၏ခန္ဓာကိုယ်က လေထဲတွင် ငြိမ်သက်စွာ ရပ်နေသည်။ သူ့အနီးမှ စွမ်းအင်များ လှုပ်ခတ်သွားကာ ထောင်ပေါင်း များစွာသော ရွှေရောင်နွယ်ပင်များ ကောင်းကင်တစ်ခွင် ပြည့်နှက်သွားသည်။
ရွှေဝါရောင်လူကား တည်ငြိမ်စွာ ရပ်နေဆဲ…။ သူက လက်ကို လှုပ်ရှား လိုက်သည်နှင့် သူ့အနီးတွင် ရောင်ခြည်တော် စက်ဝန်းသုံးခု ပေါ်လာသည်။ စက်ဝန်း၏ ဘေးအနားသတ်များတွင် များစွာသော ရှေးဟောင်း သင်္ကေတများ ရေးထွင်းထားသည်။ ထို့နောက် ရောင်ခြည်တော် စက်ဝန်းက မြန်ဆန်စွာ လည်ပတ်သွားကာ ဧရာမ တံဆိပ်တော်ကြီးများ ဖြစ်သွားကြသည်။ ရီဖူရှင်းတို့၏ တိုက်ခိုက်မှုများက တံဆိပ်တော်များအား ကျော်ဖြတ်နိုင်ခြင်း မရှိပေ။ ထို့အပြင် ရွှေဝါရောင် တံဆိပ်တော်များက မြန်ဆန်စွာ လည်ပတ်လျှင် ကြီးမားသော တွန်းကန်အား တစ်ခုကိုလည်း ထုတ်လွှတ်သည်။
ဘုန်း…
ကြောက်မက်ဖွယ် ရွှေရောင်အလင်း ပေါက်ကွဲမှု တစ်ခုနှင့်အတူ ရီဖူရှင်း၊ ယူချင်းနှင့် ရီဝူချင်းတို့အားလုံး နောက်ကို လွင့်စဉ်သွားကြ၏။ လေထဲတွင် ပေါလောရပ်နေရင်းက သူတို့အားလုံးက ရွှေဝါရောင်လူအား သတိ ဝီရိယကြီးစွာ စိုက်ကြည့် နေကြသည်။ အဋ္ဌမဘုံကား အမှန်ပင် ခက်ခဲလွန်းလှသည်။ နှစ်ပေါင်းများစွာ အတွင်း လောင်ရီထျန်း တစ်ယောက်သာ ကျော်ဖြတ်နိုင်သည်မှာ မထူးဆန်းတော့…။ သည်အချက်က လောင်ရီထျန်း၏ ပါရမီကို သိသာ ထင်ရှားစေသည်။ ယနေ့တိုင် လူအများက သူ့အား သတိတရ ဖြစ်နေကြသည်မှာ အံ့ဩစရာ မဟုတ်တော့…။
ထိုစဉ် လူတစ်စု အဋ္ဌမဘုံသို့ ကျော်ဖြတ် ရောက်ရှိလာကြသည်။ ယခုကား မူလကထက် သူတို့၏ အရေအတွက်က ယုတ်လျော့သွားသည်။ လက်ကျန်လူများကား စွမ်းအားအမြင့်ဆုံး လူများလည်း ဖြစ်ကြ၏။ သူတို့က ရီဖူရှင်းတို့အဖွဲ့ကို မြင်လျှင် အခိုက်အတန့်အားဖြင့် မှင်တက် သွားကြသည်။ ရီဖူရှင်းတို့က အမှန်ပင် ရှီအဆင့်သိုင်းပညာ ကံစွမ်းအားများကို စုဆောင်းကာ သည်နေရာကို ရောက်လာကြသည်။
“ဆရာရီက တကယ်ပဲ ထူးထူးခြားခြား ထက်မြက်တာပဲ…” ရီဖူရှင်းတို့ အဖွဲ့ကို မြင်သော ကုယွန်ချီ၏ မျက်လုံးများက ဝမ်းသာ ပျော်ရွှင်ဟန် အထင်းသား ပေါ်လွင်နေ၏။ သည်မတိုင်မီက ရီဖူရှင်းတို့အတွက် သူမက စိုးရိမ်ခဲ့သည်။ သို့သော် တခြားလူများ၏ အကူအညီ မပါဘဲနှင့်ပင် ရီဖူရှင်းတို့က ရှီအဆင့် ကံစမ်းအားများကို ရယူနိုင်စွမ်း ရှိကြ၏။
ကျင်းယွန်ရှောင်းနှင့် လောင်မူတို့၏မျက်နှာက တင်းမာသွားသည်။ ရီဖူရှင်းတို့က အဋ္ဌမဘုံကို အမှန်တကယ် ရောက်လာသည်။ သူ့တွင် လူအနည်းငယ်မျှသာ ရှိသော်လည်း အဋ္ဌမဘုံကို ရောက်လာခြင်းက သူတို့၏ထူးခြား ထက်မြက်သော စွမ်းရည်ကို ဖော်ကျူးနေသည်။
ရီဖူရှင်းတို့ကလည်း လူတချို့ ရောက်လာသည်ကို သိလိုက်သည်။ နောက်လှည့်ကြည့်လျှင် ရှေ့ဆုံးမှ ချန်းဝမ်က ရီဖူရှင်းကို တားဆီးရန် စိတ်ကူးရှိပုံမရဘဲ ပြောသည်… “ဆက်တိုက်ပါ…”
ရီဖူရှင်း၏ဦးနှောက်က မြန်ဆန်စွာ အလုပ် လုပ်သွားသည်။ သည်လူများ ကြည့်နေရင်းက သူတို့က ဆက်လက် တိုက်ခိုက်နေ၍ မသင့်တော်ပေ။ သတ္တမဘုံတုန်းက သည်လူများက မိမိတို့အား ရှီအဆင့် သိုင်းပညာ ကံစွမ်းအားကိုပင် ရယူရန် ခွင့်မပြုကြပေ။ အဋ္ဌမဘုံတွင် သူတို့က ပိုမို၍ပင် ပေးလိုမည် မဟုတ်ပေ။ သူတို့က တံတားပေါ်မှ လူ၏ စွမ်းအားကို အကဲဖြတ် လိုရင်းသာ ဖြစ်မည်။ ထို့အတူ သူက မိမိတို့ ပန်းနေချိန်တွင် ဝင်ရောက် တိုက်ခိုက်ပါက အခြေအနေ ပိုဆိုးသွားနိုင်သည်။
“မင်းတို့ အရင်တိုက်…” ရီဖူရှင်းက ပြုံးကာ တံတားပေါ်မှ ခုန်ဆင်းသည်။ ယူချင်းတို့ကလည်း နောက်ဆုတ် လိုက်ကြသည်။ သူတို့အားလုံးက ရီဖူရှင်း၏သဘောကို နားလည်ကြသည်။
“မင်းကို ငါတို့က ဆက်တိုက်လို့ ပြောရင် ဆက်တိုက်ပါ…” ချန်းဝမ်က ရီဖူရှင်းတို့အား စိုက်ကြည့်ကာ ပြောသည်။ သူက သတ္တမဘုံအား ဖြတ်ကျော်ရန် ယုံကြည်ချက် ရှိသော်လည်း လောင်ရီထျန်း တစ်ယောက်သာ ကျော်ဖြတ်နိုင်သော နဝမဘုံကို ယုံကြည်ချက် မရှိပေ။ ထို့ကြောင့် သူက ရီဖူရှင်းဖြင့် ဦးစွာ စမ်းသပ်လိုသည်။
“ထိပ်သီးကလန်နဲ့ ကျောင်းတွေက လူတွေလောက် ကျုပ်တို့က ဘယ်လိုလုပ် စွမ်းပါ့မလဲ… ခင်ဗျားတို့ အရင် သွားတိုက်ပါ…” ရီဖူရှင်းက ပြုံးသည်။
“သွားစမ်းပါ… မင်းက ဘာလို့ ဒီလောက် အဓိပ္ပာယ် မရှိတာတွေ ပြောနေရတာလဲ…” ချန်ကလန်မှ တန်ခိုးရှင် တစ်ယောက်က အေးစက်စွာ ပြောသည်။ သူက ချန်းဝမ်၏ ရည်ရွယ်ချက်ကို နားလည်သည်။
ထို့နောက် တန်ခိုးရှင်တချို့က သူတို့၏ ပြေးလမ်းများကို ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။
“ဘာသဘောလဲ…” ရီဖူရှင်း၏ မျက်နှာက တင်းမာ သွားသည်။
ကျင်းယွန်ရှောင်းက နှာခေါင်းရှုံ့သည်။ ဘာသဘောလဲ…။ သူတို့ ရည်ရွယ်ချက်ကား ရှင်းသည်။ ရီဖူရှင်းကို အသုံးချ၍ တံတားပေါ်မှ လူ၏ စွမ်းရည်များအား အကဲဖြတ်လို၏။
“မင်းက ဒီကို ရောက်လာပြီးမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့… ရှေ့ကလူဆီကို သွားပြီး တိုက်…” ချန်းဝမ်က တည်ငြိမ်စွာ ပြောသည်။ ရီဖူရှင်းက သူတို့အဖွဲ့ထဲမှ မဟုတ်မှတော့ သူကလည်း ရီဖူရှင်းတို့ကို အသုံးချရမည်။ ရီဖူရှင်းတို့၏ သဘောထားကိုမူကား သူက လုံးဝ ဂရုမစိုက်ပေ။
“စိတ်မကောင်းပါဘူး… ကျုပ်က စိတ်မဝင်စားဘူး…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ ထို့နောက် သူက လေထဲကို ပျံတက်သွားလျှင် ယူချင်းတို့ကလည်း သူ့နောက်မှ လိုက်ပါ သွားကြသည်။ သူတို့ နောက်ဆုတ်ရန် ကြိုးစားကြ၏။
ချန်းဝမ်က ဓားကို ဆွဲထုတ်ကာ ခုတ်ချလိုက်သည်။ ချက်ချင်းပင် လင်းလက်သော နေသူရိန် ရောင်ခြည်က လေထုကိုခွင်းလျက် ရီဖူရှင်းတို့ အုပ်စုထံ ရောက်ရှိ သွားသည်။
လို့လန်ရွှီ၏ ငွေရောင် အဝတ်စများက လေထဲ တဖျတ်ဖျတ် လွင့်သွားကာ ရေခဲမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ဓားချက်အား ကာကွယ်လိုက်သည်။ ထိုစဉ် နတ်ငှက်အလား လူတစ်ယောက်က မြန်ဆန်စွာ အနီးကို ရောက်လာသည်။ သူကား ကျင်းယွန်လင်…။ ကျင်းယွန်လင်က ရှေးဟောင်း ခေါင်းလောင်းကို လို့လန်ရွှီထံသို့ ပစ်လွှင့်လိုက်သည်။ ရေခဲမုန်တိုင်းက ချေဖျက်ခြင်း ခံရကာ များစွာသော နတ်ငှက်ငယ်လေးများ လို့လန်ရွှီထံသို့ ပြေးဝင် သွားကြသည်။
လန့်လန်ရွှီ၏ လက်များက လေထဲလှပစွာ ကခုန်သွားကာ ကြောက်မက်ဖွယ် ရေခဲလက်ဝါး ပုံရိပ်များ အောက်ကို ကျဆင်း သွားသော်လည်း ရှေးဟောင်း ခေါင်းလောင်း၏ ဖျက်ဆီးခြင်းကို ခံရရသည်။ ကျင်းယွန်လင်က တစ်ဟုန်ထိုးပြေးကာ လို့လန်ရွှီအား ကုတ်ခြစ်လိုက်ရာ လို့လန်ရွှီက ပြန်လည်၍ လက်ဝါးရိုက်ချက် ထုတ်ကာ ခုခံသည်။
ဝုန်း…
လို့လန်ရွှီ၏လက်မှ အဝတ်စများက စုတ်ပြတ်သွားပြီး သူမ၏ ဖြူဖွေးသော လက်က အထင်းသား ပေါ်လာသည်။ သူမ၏ လက်ဝါးတွင်လည်း ကျင်းယွန်လင်၏ ကုတ်ခြစ်မှုကြောင့် သွေးစီးကြောင်း တစ်ခု ဖြစ်သွား၏။
ကျင်းယွန်လင် ကလည်း ရှီအဆင့် ကံစွမ်းအားကို ပိုင်ဆိုင်ကာ သူကိုယ်တိုင်က အကာနာအဆင့် အမြင့်ဆုံးတွင် ရှိသည်။
ကျင်းယွန်လင်က လို့လန်ရွှီနှင့် ဆက်လက် တိုက်ခိုက်ရန် ဟန်ပြင်လိုက် သော်လည်း ရုတ်တရက် ကောင်းကင်မှ ယူချင်း ဆင်းသက်လာကာ သူ့အား နတ်ဆိုးတစ်ပါးအလား လက်ဝါးဖြင့် လှမ်းရိုက်သည်။ တိုက်ခိုက်မှုနှစ်ခုက ပြင်းထန်စွာ ဆုံတွေ့လျှင် ကောင်းကင်က တုန်ခါသွားကာ နှစ်ယောက်လုံး နောက်ကို လွင့်စဉ် သွားကြ၏။
ထို့နောက် ကြယ်မင်းကျောင်းမှ ပါရမီရှင် ပိုင်ချွန်က ကောင်းကင်ကို ကြည့်သည်။ သူက လက်ကို ကောင်းကင်သို့ မြှောက်လိုက်သည်နှင့် လွန်စွာ အားကောင်းသော မြေဆွဲအား ပေါ်လာကာ ရီဖူရှင်းတို့အဖွဲ့အား လေးလံ နှေးကွေး သွားစေ၏။
“သူတို့နဲ့ အချိန်မဖြုန်းနဲ့တော့…” လျူစုရှင်းက ပြောသည်။
ပိုင်ချွန်က ခေါင်းညိတ်သည်။ ထို့နောက် သူက လက်ကို ပြန်ချလိုက်၏။
“မင်းတို့က မတိုက်ခိုက်ဘူး ဆိုမှတော့… ဒီနေရာက ထွက်သွားကြ…” ပိုင်ချွန်က ရီဖူရှင်းတို့ အဖွဲ့အား ခံစားချက် ကင်းမဲ့စွာ ကြည့်သည်။
***