Switch Mode

အပိုင်း(၄၆၃)

စုဆောင်းခြင်း

ကျင်းယွန်ရှောင်းက သူကိုယ်တိုင် ရှီအဆင့်သိုင်းပညာ ကံစွမ်းအားကို ရယူရန် စိတ်ကူးမရှိပေ။ သူ၏အဆင့်ဖြင့် သူ့အလှည့်က နောက်ဆုံးတွင် ဖြစ်သည်ကို သိသည်။ သို့သော်လည်း ရီဖူရှင်းတို့အဖွဲ့က အမှန်ပင် ဝင်ရောက် တိုက်ခိုက် လုယူလို၏။ ဘယ်လောက် အဓိပ္ပာယ် ကင်းမဲ့သနည်း။ ကြယ်မင်းကျောင်း အကဲဖြတ် စစ်ဆေးပွဲတွင် နာမည် ကျော်ကြားလာကာ နဂါးကလန်မှ နတ်ဗိမာန် အိမ်တော်အား လက်ဆောင်ပေးခံရပြီး နောက်ပိုင်း ရီဖူရှင်းက သူ၏ကိုယ်ပိုင် အဆင့်အတန်းကိုပင် မှတ်မိဟန် မရတော့ပေ။

ချိန်ယုံက သူ့အား တိုက်ခိုက်ရေး အစေခံ အဖြစ်သာ ခေါ်ယူလိုခဲ့သည်။ လောင်လင်းအာက သူနှင့် ရင်းနှီး ကျွမ်းဝင်သော်လည်း နဂါးကလန်၏ နောင်တက်မည့် ခေါင်းဆောင်ဖြစ်သူ လောင်မူက သူ့အား အသိအမှတ် မပြုပေ။ ရီဖူရှင်းက နတ်ဗိမာန် အိမ်တော်ပိုင်ရှင် ဟူသော ဂုဏ်ပုဒ် တစ်ခုတည်းဖြင့် သူတို့အဖွဲ့ထဲကို ဝင်လိုသည်လား…။ မဖြစ်နိုင်ပေ။ ရီဖူရှင်းတို့အဖွဲ့က အများဆုံး သတ္တမဘုံတွင်သာ နေရမည်။

ယူချင်းက ကျင်းယွန်ရှောင်းကို ကြည့်ကာ ရှေ့ကို တက်သွားဟန် ပြင်သည်။ သို့သော် ရီဖူရှင်းက သူ့ကို လက်ဝှေ့ယမ်းကာ တားလိုက်သည်။ တခြား တစ်ဖက်တွင် ကျောက်ဘီလူးကား သတ်ဖြတ်ခြင်း ခံရကာ သူ၏ရှီအဆင့် ကံစွမ်းအားကို ကျင်းယွန်ရှောင်း၏ အစ်ကို ကျင်းယွန်လင်က ရရှိသွားသည်။ ထိုမြင်ကွင်းကို ကြည့်နေသော ကျင်းယွန်ရှောင်း၏ မျက်နှာက ကျေနပ်ဟန် အထင်းသားပင်။ သူ၏အစ်ကိုက ရှီကံစွမ်းအားကို ရရှိပါက သူကလည်း ခွဲဝေရရှိမည်ကို သိသည်။ သူက အဌမဘုံကို ရောက်ရှိပေတော့မည်။

တချို့က ကျင်းယွန်လင်ကို မနာလိုစွာ ကြည့်ကြသည်။ သို့သော် သဘောတူညီချက်အရ သူတို့က ဘာမှ မပြောကြပေ။ ကျင်းယွန်လင်က တခြားလူများထက် ပိုမို အားကောင်းသောကြောင့် ကံစွမ်းအားကို ရရှိသွားခြင်း မဟုတ်ဘဲ သူ၏ရှီအဆင့် လက်နက်ကြောင့် ဖြစ်သည်။

“ဘာဖြစ်နေတာလဲ…” ကျင်းယွန်လင်က ကျင်းယွန်ရှောင်းကို မေးသည်။

“လူတချို့က ကျုပ်တို့ အဖွဲ့ထဲကို ခိုးဝင်ပြီး သိုင်းပညာ ကံစွမ်းအားကို ယူချင်ကြတယ်…” ကျင်းယွန်ရှောင်းက လှောင်ပြုံးပြုံးသည်။

“သူတို့က ဘယ်သူတွေလဲ…” ကျင်းယွန်လင်က ရီဖူရှင်းတို့ကို ကြည့်ကာ မေးသည်။ သူက ရီဖူရှင်းတို့ကို မသိပေ။

“အစ်ကိုက လောင်မူကို မေးသင့်တယ်…” ကျင်းယွန်ရှောင်းက လောင်မူကို ပြုံးလျက် ကြည့်သည်။ လောင်မူက အေးစက်စွာ ပြောသည်… “သူတို့က ကျုပ်နဲ့ မသက်ဆိုင်ဘူး… ဆက်သွားရအောင်…”

“လူပိုများတာက ကျုပ်တို့ အတွက် ပိုပြီး အဆင်မပြေဘူးလား…” ကုမိန်က သဘောမကျစွာ ပြောသည်။

“ကျုပ်တို့ မလိုဘူး…” ကျင်းယွန်ရှောင်းက ပြုံးလျက် ပြောကာ ထွက်သွားသည်။

“သွားစို့…” ချန်းဝမ်က ပြောသည်။ ကျင်းယုံက ရီဖူရှင်းအား ခံစားချက် ကင်းမဲ့စွာ ကြည့်ကာ ဘာမှ မပြောပေ။ ရီဖူရှင်း၏ခရီးက သည်နေရာတွင် အဆုံးသတ်ပေပြီ။ ကျင်းယွန်ရှောင်းနှင့် လောင်မူတို့က ရီဖူရှင်းကို သဘောမကျရာ ရီဖူရှင်းအား ခေါ်မည် မဟုတ်သည်မှာ သေချာသည်။ ထို့အပြင်က ရီဖူရှင်းက သူမနှင့် ချန်းလျူကိုလည်း ငြင်းပယ်ခဲ့၏။

“အစ်ကို… ငါတို့ ဆရာရီတို့နဲ့ သွားရအောင်…” ကုယွန်ချီက ကုမိန်ကို မေးသည်။

ရီဖူရှင်းက ကုယွန်ချီကို အံ့အားသင့်စွာ ကြည့်သည်။ သူမကား ပိန်သွယ်ကာ လှပချောမောပြီး သူ့အား အမြဲတမ်း လေးစားစွာ ဆက်ဆံခဲ့သည်။ သို့သော် ယခုလို အခြေအနေမှာပင် ကုယွန်ချီက သူ့အား ရွေးချယ်သည်။ သူမ၏သဘောထားက ရီဖူရှင်းကို အမှန်ပင် အံ့အားသင့်စေသည်။

ကုမိန်က တွေးတွေးဆဆ ပြောသည်… “ငါတို့က သူနဲ့ လိုက်သွားရင် သတ္တမဘုံကိုတော့ ကျော်မယ်… ဒါပေမဲ့ နောက်တစ်ဘုံကို ရောက်မှာ မဟုတ်ဘူး…” ထို့နောက် သူက ထွက်သွားကြသော အုပ်စုကို ကြည့်သည်။ ထိုလူများ အားလုံးက နဝမဘုံကို ရောက်သွားပြီး သူက မရောက်ပါက အခွင့်အရေးများစွာ လွဲချော် ရပေတော့မည်။

“ကုမိန်းကလေး… သူတို့နဲ့ လိုက်သွားသင့်တယ်… ကျုပ်တို့ကို ဂရုမစိုက်ပါနဲ့…” ရီဖူရှင်းက ပြောသည်။

“ဒါပေမဲ့…” ကုယွန်ချီက အနည်းငယ် တွန့်ဆုတ်နေသည်။ ကျင်းယွန်ရှောင်းနှင့် ကျန်လူများ၏ အပြုအမူများက သိပ်မူမမှန်ပေ။ ထို့အပြင် သည်မတိုင်မီက ကျင်းယွန်ရှောင်း၏ ဓားချက်က သေစေနိုင်သည်။

“အခုလို နားလည်ပေးတာ ကျေးဇူးတင်ပါတယ်…” ကုမိန်က ရီဖူရှင်းကို ခေါင်းညိတ်သည်။

“သွားကြ…” ရီဖူရှင်းကလည်း ပြုံးလျက် ခေါင်းညိတ်သည်။ ဤတွင် ကုယွန်ချီက ပြောသည်…

“ဆရာရီ… ဂရုစိုက်ပါ…”

“သေချာတာပေါ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ကုမိန်နှင့် ကုယွန်ချီတို့က တခြားလူများ နောက်ကို လိုက်ပါသွားကြသည်။

ရီဖူရှင်းက ပြုံးလိုက်သည်… “ငါတို့က သတ္တမဘုံကို ကျော်ဖြတ်ဖို့ဆို ရှီအဆင့် ကံစွမ်းအားကို လိုတယ်… သွားကြမယ်…” ထို့နောက် သူတို့က ဆန့်ကျင်ဘက် အရပ်သို့ ပျံသန်း ထွက်ခွာ သွားကြ၏။

မကြာမီ ရီဖူရှင်းတို့အဖွဲ့ တစ်နေရာသို့ ရောက်လာသည်။ သူတို့နှင့် သိပ်မဝေးသော တစ်နေရာတွင် ဧရာမ ဓားတစ်လက်က မြေကြီးထဲကို တစောင်း နစ်ဝင်နေကာ မြေပြင် ပတ်ပတ်လည် ကလည်း အက်ကွဲကြောင်းကြီးများ ဖြစ်နေ၏။ ထိုနေရာ တစ်ခုလုံးကိုလည်း အနက်ရောင် စွမ်းအင်များ လွှမ်းခြုံထားသည်။

ဧရာမဓားကြီး၏ ဘေးနားတွင်လည်း မရေမတွက်နိုင်သော ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသော ဓားများ ပြန့်ကျဲနေကာ ကြောက်မက်ဖွယ် ဓားအသိလှိုင်းများ လေထုထဲ လှိုင်းထနေသည်။ ဧရာမ ဓားကြီးပေါ်တွင် လူတစ်ယောက်က ငြိမ်သက်စွာ ရပ်နေသည်။ သူက အနီးမှ ဓားများ အားလုံးနှင့် တသားတည်း ဖြစ်နေသည့်အလား သူ့ထံမှ လွန်စွာ ထက်ရှသော ခံစားချက်ကို ရသည်။

ထိုစဉ် ဓားများ စတင် လှုပ်ယမ်းလာကာ တချွင်ချွင် အသံများ ပေးကြ၏။ ပုံသဏ္ဌာန်မဲ့ ဓားအားလှိုင်းက လေထုထဲ ပျံ့နှံ့သွားလျှင် ကောင်းကင်ပင် မှေးမှိန်သွား၏။ ထိုစဉ် ဧရာမဓားပေါ်မှ လူက သူ၏လက်ညှိုးအား ရီဖူရှင်းတို့ဘက်ကို ထိုးလိုက်သည်။ ချက်ချင်းပင် မဆုံးနိုင်သော ဓားစွမ်းအားများ ရီဖူရှင်းထံသို့ ရိုက်ခတ်လာကြသည်။ ထိုအရှိန်အဝါ ကြီးသော ဓားအဟုန် အောက်တွင် ရီဖူရှင်းက မိမိကိုယ်ကို လွန်စွာ သေးငယ်သွားကာ တစ်ဖက်လူမူကား ဓားနတ်ဘုရား တစ်ပါးအလား ခံစားရ၏။

“စိတ်စွမ်းအားရဲ့ လွှမ်းမိုးမှုကို သတိထား ကာကွယ်ကြ …” ရီဖူရှင်း၏ မျက်လုံးများက လေးနက် တည်ကြည် သွားသည်။ သူတို့က ရှီအဆင့် သိုင်းပညာ ကံစွမ်းအား ပိုင်ဆိုင်သူနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ သူ့အား ရင်ဆိုင်ရာတွင် သတိ တစ်ချက်မျှ လွတ်၍ မရပေ။

ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်မှ သိုင်းပညာ ကံစွမ်းအားများက ကြမ်းတမ်းစွာ စီးဆင်းသွားသည်။ ရီဖူရှင်းက သူ၏ရှေ့တွင် အလင်း အရံအတား တစ်ခု ဖန်တီးလိုက်၏။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်တွင် အားကောင်းသော စွမ်းအင်တစ်ခု စတင် စုစည်း လာနေသည်။ သူ့လက်မှ ဓာတ်ငါးမျိုး နှင်တံအား ဆုပ်ကိုင်ကာ မြေပြင်အား ဆောင့်နင်း လိုက်သည်နှင့် သူ၏နောက်ကျောက လှပထည်ဝါသော အဖြူရောင် နတ်ငှက် အတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။ သူ၏ရှေ့မှ အလင်း အရံအတားက ဓားစွမ်းအားများကို တားဆီးထားသော အချိန်တွင် ရီဖူရှင်းက သူ၏နှင်တံအား ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် အားလှိုင်းက ဓားပေါ်မှ လူထံသို့ ပြေးဝင်သွားသည်။ ဓားပေါ်မှ လူကလည်း သူ၏လက်ညှိုးကို ရီဖူရှင်းထံသို့ တစ်ဖန် ညွှန်လိုက်ပြန်သည်။ ထောင်ပေါင်းများစွာသော ဓားအသိများက စွမ်းအားများအဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်းထံသို့ တိုးဝင် လာကြပြန်၏။ ဘန်းခနဲ မြည်သံနှင့်အတူ စွမ်းအင်နှစ်ခုက ပြင်းထန်စွာ တွေ့ဆုံကာ လေထုက တုန်ခါသွားသည်။

ထိုစဉ်မှာပင် လို့လန်ရွှီ၏နောက်တွင် ရေခဲစာအုပ် ပေါ်လာကာ ကြောက်မက်ဖွယ် ကောင်းသော အအေးလှိုင်းများ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွား၏။ အအေးဓာတ်များက အမှန်ပင် ဓားများ၏ တုန်ခါမှုကို လျော့ကျသွားစေကာ ထိုဓားများမှ ထုတ်လွှတ်နေသော ဓားအသိစွမ်းအင်များ သိသိသာသာ ယုတ်လျော့သွားသည်။ အတိုင်အဖောက် ညီစွာပင် ယူချင်းက လေထဲကို ခုန်လွှားလိုက်၏။ သူ၏နတ်ဆိုး အတောင်ပံက ပြန့်ကားသွားကာ မိစ္ဆာတိုင်က မြန်ဆန်စွာပင် ကြီးမား ရှည်လျားသွား၏။ ထို့နောက် သူက အပေါ်မှ ရိုက်ချလိုက်သည်နှင့် နတ်ဆိုးစစ်တပ်တစ်ခု ဝင်စီးသည့်အလား မိစ္ဆာအားလှိုင်းတစ်ခု ဆင်းသက် လာသည်။

ရီဝူချင်း၏ဓားက ပိုမြန်သည်။ အယ်ကိုင်ဓားကို ကိုင်ထားသော သူ၏လက်က ပြစ်မှတ်ထံ ချက်ချင်း ရောက်လာသည်။ ဓားပေါ်မှလူက ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်သည်။ ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လျှင် ဓားအသိများက ကွန်ချာတစ်ခုအဖြစ် ပြောင်းလဲသွား၏။

ဝုန်း… ဝုန်း… ဝုန်း…

ရီဖူရှင်း၏ နှင်တံက တောက်လျှောက် တစ်ဖက်လူ၏ ဓားစွမ်းအင် စီးကြောင်းကို ဖျက်ဆီးလာနေသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်က လေထဲတွင် ဟန်ချက်မှန်မှန်ဖြင့် လှည့်ပတ်နေကာ သူ၏နောက်တွင် ရွှေရောင် အတောင်ပံတစ်စုံ ပါရှိသော လူဝံပုံရိပ်တစ်ခုကို ရေးရေးမျှ မြင်ရသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်က လေထဲကို မြောက်တက်သွားကာ နှင်တံရိုက်ချက်က ပတ်ဝန်းကျင်မှ ဓားစွမ်းအင် အားလှိုင်းများကို ဖယ်ရှားလိုက်သည်။

ရီဖူရှင်း၏နှင်တံက လေထဲတွင် စည်းချက်မှန်မှန် ကခုန်နေကာ ကောင်းကင်တစ်ခွင် သိုင်းပညာ စွမ်းအင်များ ပြည့်နှက် လာနေ၏။ ထို့နောက် သူက ဒုတိယတစ်ကြိမ် နှင်တံရိုက်ချက်အား ထုတ်လိုက်ကာ သူ့ရှေ့မှ ဓားစွမ်းအင်များ အားလုံးကို ဖယ်ရှားလိုက်သည်။

ရီဖူရှင်းက နီးကပ်လာသည်ကို မြင်လျှင် ဓားပေါ်မှ လူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။ ချက်ချင်းပင် သူ့အနီးမှ​ ဓားစွမ်းအင်များက ဧရာမ ဓားကြီးတစ်လက် အသွင်ဖြင့် ရီဖူရှင်းထံသို့ ကန့်လန့်ဖြတ် ဝင်လာသည်။ သို့သော်လည်း နှင်တံက ထိုဓားကို ကွဲကြေစေလျက် ဆက်လက် ဆင်းသက် လာသည်။

တခြားတစ်ဖက်တွင် ယူချင်း၊ ရီဝူချင်း၊​ လို့လန်ရွှီတို့ကလည်း အသီးသီး ဝင်ရောက် တိုက်ခိုက်ကြသည်။ သိမ်းငှက်နက်က ဘေးမှ အသံမျိုးစုံပေးကာ အားပေးအားမြှောက် လုပ်သည်။ လုံလောက်သော ဖျက်ဆီးအား တစ်ခုတွင် ဘန်းခနဲ မြည်ဟည်းသွားပြီး ဓားပေါ်မှ လူက ထိရိုက်ခံရကာ ပြင်းထန်စွာ တုန်ယင်သွားသည်။

“ဝူချင်း…” ရီဖူရှင်းက အော်ဟစ်လိုက်သည်။ သူနှင့် ယူချင်း နောက်ဆုတ် လိုက်သည်တွင် ရီဝူချင်းက တစ်ဖက်လူအား ဓားဖြင့် မြန်ဆန်စွာ ခုတ်ချလိုက်သည်။ ထို့နောက်တွင် ထိုလူ၏ခန္ဓာကိုယ်က ဓားမိုးစက်များအဖြစ် ပြောင်းလဲသွားပြီး လက်ကျန် သိုင်းပညာ ကံစွမ်းအားများက ရီဝူချင်း၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည်။

မြေပြင်မှ​ဓားများ အားလုံးကလည်း အမှုန့်ဖြစ်သွားကြ၏။

“အရမ်း အားကောင်းတယ်…” ရီဝူချင်းက သိုင်းပညာ ကံစွမ်းအားကို ခံစားမိရင်းက မှတ်ချက်ချသည်။ သူက တောက်လျှောက် သိုင်းပညာ ကံစွမ်းအားများကို စုဆောင်းလာခဲ့ရာ သည်တစ်ခေါက်ရသော ကံစွမ်းအားများနှင့် ကွာဟမှုကို ခွဲခြား၍ ရသည်။ သည်တစ်ခေါက် ကံစွမ်းအားက အလွန် အားကောင်းကာ သူ့အား ဓားပညာနှင့် ပတ်သက်၍ ပိုမိုနက်ရှိုင်းစွာ နားလည်စေသည်။

“မင်းက လေ့လာ ဆင်ခြင်ပြီးမှ ငါတို့ ဆက်သွားကြမယ်…” ရီဖူရှင်းက ပြောသည်။ ရီဝူချင်းက ခေါင်းညိတ်ကာ ထိုနေရာတွင်ပင် ထိုင်ချလိုက်ပြီး တိတ်ဆိတ်စွာ တွေးတော ဆင်ခြင်သည်။ အတန်ကြာလျှင် သူ၏ခန္ဓာကိုယ်အား ဓားအသိတချို့ စီးဆင်းသွားပြီး သူ၏လေ့ကျင့်မှု ပြီးဆုံးသွားသည်။

“သိုင်းပညာ ကံစွမ်းအားတွေကို ဆက်ရှာရအောင်…” ရီဖူရှင်းက ပြုံးသည်။ သတ္တမဘုံတွင် သည်မျှ တန်ဖိုးရှိသော ကံစွမ်းအားများ ရှိရာ သူတို့က သေချာပေါက် စုဆောင်း ရပေမည်။ သည်အခွင့်အရေးကား အမှန်ပင် ကြီးမားလှ၏။ ထိပ်သီးကျောင်း သုံးကျောင်းက လျှို့ဝှက်ဘုံသို့ ဝင်ရောက်ခြင်းကို လွန်စွာ အလေးအနက် ထားကြသည်မှာ မထူးဆန်းတော့။ သို့သော်လည်း သတ္တမဘုံကား သူတို့အတွက် အမှန်ပင် ဖိအားများလွန်း၏။ အဋ္ဌမဘုံနှင့် နဝမဘုံက ပိုမို ခက်ခဲမည်ကား မုချပင်။

သူတို့က ဆက်လက် ရှာဖွေလျှင် မကြာမီ နောက်ထပ် နေရာတစ်ခုသို့ ရောက်လာသည်။ သူတို့ရှေ့တွင်ကား ဆယ်မီတာခန့် မြင့်မားသော ရှေးဟောင်း နတ်ဘုရားအလား လူတစ်ယောက် ရပ်နေသည်။

ရီဖူရှင်းတို့အဖွဲ့ ရောက်လာသည်ကို သတိထားမိသည်နှင့် ထိုလူက မြေပြင်ကို ဆောင့်နင်းကာ ကမ္ဘာကြီးအား တုန်ခါစေသည်။ ထို့နောက် သူက လက်ဝါးကြီးကို မြှောက်ကာ ရီဖူရှင်းတို့ထံကို လှမ်းရိုက်သည်။ ကောင်းကင်တွင် လက်ဝါးပုံရိပ်များစွာက တစ်ပြိုင်နက်တည်း ဆင်းသက်လာကာ ထိုနေရာ တစ်ခုလုံးကို အုပ်မိုး၍ ကျလာသည်။

ရီဝူချင်းက ချက်ချင်း လှုပ်ရှားလိုက်သည်။ သူက သိုင်းပညာ ကံစွမ်းအားကို ခုနကမှ ရရှိခဲ့ရာ ရှေ့မှ ဦးဆောင်၍ တိုက်ခိုက် သင့်ပေသည်။ သူက အယ်ကိုင်ဓားကို ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်မှ သိုင်းပညာ ကံစွမ်းအားများက ဓားစွမ်းအင်များ ဖြစ်သွားသည်။ ထောင်ပေါင်း များစွာသော ဓားပုံရိပ်များက ကောင်းကင်မှ ကျဆင်းလာသော လက်ဝါးပုံရိပ်များကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားစေသည်။

ရီဖူရှင်းတို့က ရန်သူအား ချက်ချင်း ဝန်းရံလိုက်ကြသည်။ ထိုလူက မြေပြင်အား ဆောင့်နင်းကာ ပြင်းထန်သော အားအဟုန်ဖြင့် လက်ဝါးရိုက်ချက်များ ထုတ်လွှတ်လိုက်သည်။ ရီဖူရှင်းက နှင်တံကို မြှောက်ကာ ခုခံသည်တွင် အမှန်ပင် ကြောက်မက်ဖွယ် တန်ပြန်ကန်အားကို ခံစားရကာ နောက်ကို လွင့်စဉ်သွားသည်။ ထို့အတူ ရန်သူ၏လက်ကလည်း တုန်ယင်သွား၏။

ရီဝူချင်း၏ဓားက လျှပ်စီး၏ အမြန်နှုန်းဖြင့် ရောက်ရှိလာကာ တစ်ဖက်လူ၏ လက်မောင်းအား ဓားဖြင့် ခုတ်ချလိုက်သည်။ သို့သော်လည်း ထိုလက်က ပြတ်တောက်သွားခြင်း မရှိပေ။ ထိုလူ၏လက်က သံမဏိအလား မာကျောလွန်း လှသည်။

ရီဝူချင်းက ဓားတစ်လက်အလား ရန်သူ၏ရှေ့တွင် ပေါ်လာ၏။ ထို့နောက် သူ၏ဓားက ထောင်ပေါင်း များစွာသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ရန်သူ၏ခေါင်းကို ထွင်းဖောက် သွားကြသည်။ ထိုလူ၏ခန္ဓာကိုယ်က ပြင်းထန်စွာ လှုပ်ယမ်းသွားပြီး မျက်လုံးကို မှိတ်လိုက်သည်။

ထိုစဉ်မှာပင် ယူချင်းက ကောင်းကင်မှ ဆင်းသက် လာသည်။ ဧရာမ အရွယ်အစား မိစ္ဆာတိုင်က ထိုလူ့ဘီလူးကြီး၏ ခေါင်းအား ခွပ်ခနဲမြည်အောင် ရိုက်နှက်မိသည်။ နောက်ဆုံးတွင် လူ့ဘီလူးကြီးက တအိအိဖြင့် မြေပြင်သို့ ပြိုလဲသွားကာ ကျောက်သားများအလား တစ်စတစ်စ အက်ကွဲပြိုလဲကာ ပျက်စီးသွားသည်။ ထို့နောက် သိုင်းပညာ ကံစွမ်းအားများက ယူချင်း၏ ခန္ဓာကိုယ်ထဲကို ရောက်ရှိသွား၏။

“သူက အရမ်း အားကောင်းတယ်…” ရီဝူချင်းက ပြုံးလျက်ပြောသည်… “ယူချင်း… မင်းက ဒီမှာ လေ့ကျင့်သင့်တယ်…”

“မလိုသေးဘူး … ငါတို့ သိုင်းပညာ ကံစွမ်းအားတွေ များများ စုဆောင်းပြီးမှ အတူတူ လေ့ကျင့်ကြမယ်…” ယူချင်းက ပြောသည်။

“ဒီလိုလည်း ရတာပဲ… ငါတို့က ကံစွမ်းအားတွေ အများကြီး စုပြီးတော့မှ အတူတူ လေ့ကျင့်ကြတာပေါ့… ပြီးရင် အဋ္ဌမဘုံကို တက်ကြမယ်…” ရီဖူရှင်းက သဘောတူသည်။ ထို့နောက် သူတို့က တခြား နေရာများကို ထပ်မံ ရှာဖွေကြသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားနေသည်။

လျှို့ဝှက်ဘုံတွင် လူအနည်းငယ်မျှသာ သတ္တမဘုံကို တက်ရောက်နိုင်၏။ လောင်မူတို့ အဖွဲ့အပြင် နောက်ထပ် တစ်ယောက်တလေက သတ္တမဘုံကို ရောက်လာ နိုင်သော်လည်း ရှီအဆင့် သိုင်းပညာ ကံစွမ်းအားကို ရရှိရန်မူကား မဖြစ်နိုင်ပေ။ တချို့ဆိုလျှင် ကံစွမ်းအားများ အတွက် တိုက်ခိုက်ရင်းက ဒဏ်ရာရ သေဆုံးကြရ၏။

လျှို့ဝှက်ဘုံ အပြင်ဘက်တွင် မိုးမြေကောင်းကင်မြို့မှ တန်ခိုးရှင်များ အားလုံးက စောင့်ဆိုင်း နေကြသည်။ သူတို့ကား အလွန် စိတ်ရှည်ကြ၏။ နှစ်စဉ်နှစ်တိုင်း လျှို့ဝှက်ဘုံ ဖွင့်လှစ်ခြင်းက သူတို့ အားလုံးအတွက် အလွန် အရေးပါသော ကိစ္စတစ်ရပ် ဖြစ်သည်။ ဘယ်သူက သတ္တမဘုံ သို့မဟုတ် ပိုမိုမြင့်မားသော ဘုံဌာနများသို့ တက်ရောက်နိုင်မည်ကို အားလုံးက သိလိုကြသည်။ ဘယ်ပါရမီရှင်က ထိုသို့လုပ်နိုင်မည်ကို အားလုံးက သိလိုစိတ်ဖြင့် စောင့်မျှော်နေကြ၏။

***


Comment

Leave a Reply

Options

not work with dark mode
Reset