Switch Mode

အပိုင်း (၄၆၁)

တစ်ပါးသူအား မှီခိုသူ

ရီဖူရှင်းက လူအုပ်ထဲတွင် တိတ်ဆိတ်စွာ ရပ်နေကာ ကြောက်မက်ဖွယ် သိုင်းပညာ ကံစွမ်းအားများ ထုတ်လွှတ်နေသော ကြီးမားသော စစ်တပ်ကြီးအား ကြည့်နေသည်။ စစ်တပ်ကြီးက မျက်စိတစ်ဆုံး ကျယ်ပြောလွန်းရာ စစ်သည်ပေါင်း မည်မျှ ရှိမည်ကို ဘယ်သူမှ အတိအကျ မပြောနိုင်ပေ။

ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များအားလုံး လေးနက် တည်ကြည် နေကြသည်။ သည်နေရာက အကန့်အသတ်တစ်ခု ဖြစ်သည်ဟု သူတို့ နားလည်ထားကြ၏။ သည်နေရာကို ဖြတ်သန်း သွားနိုင်သူက ပိုမိုကောင်းမွန်သော အခွင့်အရေးများနှင့် တွေ့ကြုံရမည်။

ထိုနေရာသို့ လူများ တဖြည်းဖြည်း ရောက်ရှိ လာနေကြသည်။ ဆဋ္ဌမဘုံသို့ ရောက်ရှိလာနိုင်သူကား အဆင့်မြင့် အကာနာ တန်ခိုးရှင်များ သို့မဟုတ် ပါရမီမြင့် တန်ခိုးရှင်များ ဖြစ်ကြ၏။ မကြာမီ ထိပ်သီးကျောင်း သုံးကျောင်းကလည်း စစ်တပ်တစ်တပ် အလား ဖြစ်လာ၏။ သူတို့အားလုံးက လေးနက်သော အမူအရာများ ရှိနေကြသည်။

သူရိယနေမင်း ကျောင်းမှ တပည့်တစ်ယောက်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်… “အချိန်ကျပြီ… သွားစို့… ” ချက်ချင်းပင် လူတိုင်းက သူတို့၏ သိုင်းပညာ ကံစွမ်းအားများကို ထုတ်လွှတ် လိုက်ကြကာ ရှေ့ကို ပြေးသွားကြသည်။

လူအုပ်ကြီး၏ရှေ့ဆုံးမှ ပြေးနေသူကား သူရိယနေမင်းကျောင်းမှ တပည့်တစ်ယောက် ဖြစ်၏။ နေသူရိန် ဓားတစ်လက်ကို ဆုပ်ကိုင်ကာ  သူက လေထဲကို လွှားခနဲ ခုန်ပျံသွားသည်။ သူ၏ ခန္ဓာကိုယ်တွင် သိုင်းပညာ ကံစွမ်းအားများက မီးတောက်များအဖြစ် ပြောင်းလဲသွားကာ သူ၏ နေသူရိန်ဓားသို့ စီးဆင်းသွားသည်။ ဓားက ချက်ချင်း နီရဲလာကာ သူက ဓားကို ထောင့်ဖြတ် ဝှေ့ယမ်းလိုက်သည်နှင့် နေမင်း ရောင်ခြည်များကဲ့သို့ အလင်းတန်းများက သူ၏ရှေ့မှ စစ်သည်များထံသို့ ကျဆင်းသွား၏။ တဝုန်းဝုန်း မြည်ဟည်းသံများနှင့်အတူ များစွာသော စစ်သည်များက သေဆုံးသွားကာ သိုင်းပညာ ကံစွမ်းအားများက ထိုသူရိယ နေမင်းကျောင်းသားထံသို့ ပျံသန်းကာ စီးဆင်းသွား၏။

စက္ကန့်ပိုင်းအတွင်း တိုက်ပွဲက ပြင်းထန်စွာ ဖြစ်ပွားသွားသည်။ ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များက ညာသံပေးကာ တိုက်ခိုက် နေကြသည်။ ထိုအထဲတွင် အများစုက အဆင့်မြင့် အကာနာ တန်ခိုးရှင်များ ဖြစ်ကြ၏။ လက်ရှိ သူတို့ အင်အားကလည်း မသေးပေ။

တစ်နေရာတွင် စန္ဒာငွေလမင်းကျောင်း၏ တပည့်တစ်ယောက်ထံမှ အအေးဓာတ်များ ဖြာထွက်နေကာ သူဖြတ်သွားသမျှ နေရာမှ စစ်သည်များက အေးခဲကာ ပျက်စီး သွားကြရသည်။

ရီဖူရှင်းက ချိန်ယုံကိုလည်း မြင်သည်။ သူမ၏ စီးတော် သတ္တဝါကား အကာနာ အဆင့်အမြင့်ဆုံးတွင် ရှိကာ လမ်းကြောင်း တစ်လျှောက် ရန်သူများကို တိုက်ခိုက်နေသည်။ သို့သော်လည်း သူမက စစ်သည်များကို သတ်မည့်အစား ဒဏ်ရာရရုံမျှသာ တိုက်ခိုက်သည်ကို တွေ့ရသည်။ သူမ၏လက်တွင် ထူးခြား ဆန်းကြယ်သော ဓားတစ်လက်ကို ကိုင်စွဲထားပြီး သူမ ဖြတ်သွားသော နေရာတိုင်းမှ သွေးညှီနံ့များ ထောင်းထောင်းထ သွားလေ့ရှိသည်။ အကာနာအဆင့် ခြောက်မျှသာ ရှိသော်လည်း သူမ၏တိုက်ခိုက်ရေး စွမ်းရည်ကား အလွန် အားကောင်း၏။ မည်သို့ဆိုစေ သူမကား တန်ခိုးကျင့်ရာတွင် ရူးသွပ်သူ ဖြစ်သည် မဟုတ်ပါလော။

လောင်မူ၏ နောက်တွင် သိုင်းပညာ ကံစွမ်းအားများက သွေးနဂါး တစ်ကောင် ပုံစံဖြင့် သူ့အား လှည့်ပတ် ပျံသန်းနေသည်။ သူသည်လည်း အကာနာ အဆင့်ခြောက်တွင် ရှိသည်။ သူက ရှေ့ကို လှမ်းသွားလျှင် သွေးနဂါးက ပတ်ဝန်းကျင်မှ စစ်သည်များကို တိုက်ခိုက် ဖျက်ဆီးသည်။

“ငါတို့ ရည်ရွယ်ချက်က ဒီစစ်တပ်ကြီးကို ဖြတ်ကျော်သွားဖို့ မဟုတ်ဘူး… သိုင်းပညာ ကံစွမ်းအားတွေကိုပဲ တတ်နိုင်သမျှ စုဆောင်းကြ…” ရီဖူရှင်းက ပြောသည်။ သည်နည်းဖြင့်သာ သူတို့က နောက်ဘုံဌာနများသို့ တက်ရောက်နိုင်မည်။ သူတို့က ပိုမို အဆင့်မြင့်မားသော စစ်သည်များနှင့် ရင်ဆိုင် တိုက်ခိုက်ရန် လုံလောက်သော ကံစွမ်းအားများကို စုဆောင်းနိုင်ရန် လိုပေသည်။

ရီဖူရှင်း၏အမြင်တွင် သတ္တမဘုံသို့ တက်ရောက်ခြင်းက မဖြစ်နိုင်သောအရာ မဟုတ်ပေ။ လက်ရှိတွင်ကား သူ၏အဓိက ရည်ရွယ်ချက်က သည်စစ်တပ်ကြီးကို ဖြတ်ကျော်သွားရန် မဟုတ်ဘဲ​ အရည်အသွေးမြင့်ကာ လုံလောက်သော သိုင်းပညာ ကံစွမ်းအားများကို စုဆောင်းရန် ဖြစ်သည်။

“ကောင်းပြီ…” ယူချင်းတို့က ရီဖူရှင်း၏စကားကို နားလည် သဘောပေါက် ကြသည်။ ထို့နောက် သူတို့က စစ်တပ်ထဲကို ပြေးဝင်ကာ ရုန့်ရင်းကြမ်းတမ်းစွာ တိုက်ခိုက်ကြ၏။

သူတို့ လေးယောက်တွင်ကား ပဉ္စမဘုံတွင် ကတည်းက အဆင့်ခုနစ် သိုင်းပညာ ကံစွမ်းအားများကို အများအပြား စုဆောင်းခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့က အနည်းဆုံး အကာနာအဆင့် ခုနစ်များနှင့် ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း​ ရှိကြသည်။ သူတို့က အဆင့်ရှစ် အကာနာများနှင့် ရင်ဆိုင်ရလျှင်ပင် အနိုင်ရရန် ယုံကြည်မှု ရှိကြ၏။

သို့သော်လည်း လက်ရှိတွင် များစွာသော အဆင့်ခုနစ် အကာနာ စစ်သည်များက သူတို့အား ဝန်းရံတိုက်ခိုက် လာနေကြသည်။ ရီဖူရှင်းက ရှေ့ကို ခုန်လွှားလိုက်လျှင် သိုင်းပညာ ကံစွမ်းအားများ ကလည်း လျှပ်စီးဓာတ်နှင့်အတူ သူ၏ခန္ဓာကိုယ်ကို စီးဆင်းလာသည်။ သူက လက်ကို ဆန့်တန်း လိုက်သည်နှင့် လက်ဝါးတံဆိပ်တော် များစွာက အရပ်ရှစ်မျက်နှာသို့ ပျံသန်း သွားကြသည်။ တံဆိပ်တော်များက ဖြတ်သန်းသွားသော နေရာတိုင်း လျှပ်စီး အက်ကွဲသံများကို ကြားကြရကာ စစ်သည်များနှင့် သားရဲများက အစိတ်စိတ် အမြွှာမြွှာ ဖြစ်ကြရသည်။ ထို့နောက် သိုင်းပညာ ကံစွမ်းအားများက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို လာရောက် စီးဆင်းသည်။

သို့သော်လည်း စစ်သည်များကား ရေတွက်၍ပင် မရပေ။ ရီဖူရှင်းအား စစ်သည်များက အုံလိုက်ကျင်းလိုက် အထပ်ထပ် ဝန်းရံ တိုက်ခိုက် နေကြသည်။ သို့သော်လည်း ရီဖူရှင်းက စိုးရိမ်စိတ်ဝင်ပြီး သွေးရူးသွေးတန်း ထိုးဖောက်ထွက်လိုစိတ် မရှိပေ။ သူက ရောက်လာသမျှသော စစ်သည်များအား တော်ဝင် လက်သိုင်းဖြင့် ပြင်းထန်စွာ တိုက်ခိုက်သည်။ ထူထပ်သော စစ်သည်များ ကြားထဲတွင် သူ၏ လှုပ်ရှားမှုတိုင်းက ရန်သူများအား အတုံးအရုံး ပျက်စီး သွားစေသည်။ မှန်သည်… ရီဖူရှင်းက သည်နေရာအား သူ၏လက်သိုင်း လေ့ကျင့်ရာ နေရာ တစ်ခုကဲ့သို့ပင် သဘောထား နေသည်။

ရီဖူရှင်းတို့၏ အခြေအနေကို လူအများအပြားက သတိထားမိကြ၏။ ဥပမာ ရီဖူရှင်းအား အမြဲ အကဲခတ်နေသော ကျင့်နန်က ရီဖူရှင်းတို့ စစ်သည်များ ကြားတွင် ပိတ်မိနေသည်ကို မြင်ကာ လှောင်ပြုံး ပြုံးသည်။ ရီဖူရှင်းက ပါရမီမြင့်သည့်တိုင် စစ်သည်များအကြား နစ်မြုပ်သွားပါက ပြန်ထွက်ရန် ခက်ခဲ၏။

ထို့နောက် ကျင့်နန်က အဝေးကို ပျံသန်း ထွက်ခွာ သွားသည်။ သူကလည်း ပိုမို အားကောင်းသော စစ်သည်များကို ရှာဖွေ တိုက်ခိုက်ကာ အနိုင်ယူရန် ကြိုးစားရပေမည်။

ရီဖူရှင်းတို့ အုပ်စုက အဆင့်ခုနစ် အကာနာများကို အရူးအမူး တိုက်ခိုက် နေကြသည်။ ထိုအခိုက်တွင် ပိုမို အားကောင်းသော စစ်သည် တစ်အုပ်က ရီဖူရှင်းအား သတိထားမိသွားကာ လေထဲမှ ပျံသန်း ရောက်ရှိ လာကြသည်။ သူတို့အားလုံးက လှံရှည်များကို ညီညာစွာ ဝှေ့ယမ်းလျက် ရီဖူရှင်းအား ဝန်းရံ တိုက်ခိုက်ကြသည်။

ရီဖူရှင်းက သူ့ထံ တိုးဝင်လာသော လှံရှည်များအား ယိမ်းနွဲ့ကာ ရှောင်တိမ်း လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်တွင် လှည့်ပတ် စီးဆင်းနေသော စွမ်းအင်များက ရုတ်တရက် ရွှေဝါရောင် ထသွားသည်။ သူ၏ရှေ့တွင် များစွာသော မှော်သင်္ကေတများ ပါဝင်သော အလင်းရောင် အရံအတားတစ်ခု ပေါ်လာသည်။ သူ၏သိုင်းပညာ ကံစွမ်းအားများက မှော်သင်္ကေတများ အဖြစ် ပြောင်းလဲသွားဟန် ရ၏။

ရီဖူရှင်းက နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်ကာ သူ၏လက်ညှိုးအား ကောင်းကင်သို့ ညွှန်လိုက်သည်။ ချက်ချင်းပင် မှော်သင်္ကေတများက တဝုန်းဝုန်း ပေါက်ကွဲကာ ပတ်ဝန်းကျင်များသို့ ကြောက်မက်ဖွယ် အားလှိုင်းများ ရိုက်ခတ်သွားသည်။ သည်တိုက်ကွက်ကား သိုင်းပညာ ကံစွမ်းအားများထဲမှ သူ ဆင်ခြင် စဉ်းစား၍ ရလာသော နည်းစနစ်တစ်ခု ဖြစ်၏။

လေထုပေါက်ကွဲသံ များစွာနှင့်အတူ အားကောင်းသော စွမ်းအင်လှိုင်းများက ထိုစစ်သည်များအား ဟန်ချက် ပျက်သွားစေသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်မှ စွမ်းအင်များက သစ်သားဓာတ်များ အဖြစ် ပြောင်းလဲသွားကာ နွယ်ပင်များ အရပ်မျက်နှာမျိုးစုံသို့ ခွဲဖြာထွက်သွားကြ၏။ မကြာမီ ထိုအကာနာအဆင့်ရှစ် စစ်သည်များ အားလုံး ရီဖူရှင်း၏ သိုင်းပညာ ကံစွမ်းအားများ ဖြစ်သွားကြသည်။

ထိုတစ်အုပ်ကို သတ်ဖြတ်ပြီးသောအခါ ရီဖူရှင်းတွင် ကြီးမား များပြားသော သိုင်းပညာ ကံစွမ်းအားများ စုဆောင်းမိပြီး ဖြစ်သည်။ သို့သော် ရီဖူရှင်း၏ ကံစွမ်းအား စုဆောင်းမှုက မြန်ဆန်သော်လည်း သူ့ထက်မြန်သူများ ရှိပေသည်။ သူတို့ကား အဆင့်မြင့် အကာနာမှ ပါရမီရှင်များ ဖြစ်ကြသည်။ အားကောင်းသော သတ္တဝါဆန်းများကို စီးနင်းကာ ရှီအဆင့် လက်နက်ကို ဝှေ့ယမ်း တိုက်ခိုက်ခြင်းဖြင့် သူတို့၏ သတ်ဖြတ်အားကာ သာမန်လူများထက် အဆများစွာ သာပေသည်။ ကြီးမားများပြားသော သိုင်းပညာ ကံစွမ်းအားများကို ပိုင်ဆိုင်နေခြင်းက သူတို့အား လွန်စွာ စွမ်းအားမြင့်သူများဟု ထင်မှတ်ရပေသည်။

သို့သော်လည်း အဝေးမှ ပျံသန်းလာသော လူရိပ် အများအပြားကို တွေ့ကာ အားလုံး ထိတ်လန့် သွားကြသည်။ သူတို့က ရွှေရောင်ချပ်ဝတ်များကို ဝတ်ဆင်ထားကာ နတ်စစ်သူကြီးများ အလား ထင်မှတ်ရပြီး အလွန်အမင်း အားကောင်းသော ကံစွမ်းအားများကို ပိုင်ဆိုင်ကြ၏။

ထိုနတ်စစ်သူကြီးများက လေထဲမှ စွမ်းအားမြင့် ပါရမီရှင်များထံသို့ တိုက်ရိုက် ပျံသန်း သွားကြသည်။ ဥပမာ ချိန်ယုံ၏ရှေ့တွင် စစ်သူကြီးတစ်ဦး ပေါ်လာ၏။ ထိုစစ်သူကြီးက သူ၏လက်ဝါးကို မြှောက်လိုက်လျှင် လေထဲတွင် ဝင်္ကပါတံဆိပ်တစ်ခု ပေါ်လာပြီး စက်ဝိုင်းပုံစံဖြင့် လေထဲတွင် တဝှီးဝှီး လည်ပတ်ကာ ကြောက်မက်ဖွယ် စွမ်းအားကို ချိန်ယုံထံသို့ ထုတ်လွှတ်၏။

ချိန်ယုံက သူမ၏ရှီအဆင့် လက်နက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ သူမက ထိုဓား၏ စွမ်းအား အစစ်အမှန်ကို အသုံးမပြုနိုင်သော်လည်း ထိုဓားအား ဝှေ့ယမ်းတိုင်း ကောင်းကင်က အနီရောင် လွှမ်းသွားသည်။ သူမက ပြင်းထန်သော တိုက်ကွက် တစ်ကွက်ဖြင့် ဝင်္ကပါတံဆိပ်အား ထက်ခြမ်းခွဲနိုင် သော်လည်း ဝင်္ကပါတံဆိပ်၏နောက်မှ လိုက်ပါလာသော အားလှိုင်းအရှိန် ရိုက်ခတ်မှုက သူမအား နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်သွားစေသည်။

ချိန်ယုံ၏အမူအရာ ပြောင်းလဲသွားသည်။ ဆဋ္ဌမဘုံမျှသာ ဖြစ်သော်လည်း ရန်သူများကား လွန်စွာ ရန်ဆိုင်ရခက်ပုံ ရနေသည်။ သတ္တမဘုံက မည်သို့ဖြစ်မည်ကို ခန့်မှန်း၍ပင် မရပေ။

သည်စစ်သူကြီးများကား နိုဘယ်များနှင့်ပင် သဏ္ဌာန်တူ၏။ သူတို့က အကာနာအဆင့် အမြင့်ဆုံးဟုပင် မခံစားရဘဲ အဆင့်နှိမ့်ထားသော နိုဘယ်များဟု ထင်ရ၏။

ချိန်ယုံအပြင် စစ်သည် အများစုကို သတ်ဖြတ်ခဲ့သော လူများကလည်း ထိုစစ်သူကြီးများနှင့် ရင်ဆိုင် တိုက်ခိုက်ရသည်။ လောင်မူလည်း ထိုနည်းလည်းကောင်းပင်။ သူ၏တန်ခိုးအဆင့်က ရီဖူရှင်းတို့ ကဲ့သို့ပင် သိပ်မမြင့်သော်လည်း သူ၏တိုက်ခိုက်ရေး စွမ်းရည်က မြင့်မားရာ သူက အဆင့်ကိုး သိုင်းပညာ ကံစွမ်းအားများကိုပင် စုဆောင်းထားပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏လက်ရှိ တိုက်ခိုက်ရေးအားက အဆင့်ကိုး အကာနာနှင့် ညီမျှနေသည်။

သူ့ရှေ့တွင်ကား ကြမ်းတမ်း ခက်ရော်သော စစ်သူကြီးတစ်ဦး ပေါ်လာ၏။ လောင်မူ၏ သွေးနဂါးထံမှ ဟိန်းသံ ထွက်လာကာ သူက ထိုစစ်သူကြီးနှင့် ရုန့်ရင်းကြမ်းတမ်းစွာ တိုက်ခိုက်ကြ၏။ တိုက်ပွဲ အားလှိုင်းများက ပတ်ဝန်းကျင် လေထုကို ပြင်းထန်စွာ တုန်ခါစေသည်။

လောင်မူ၏ လက်မောင်းများက ဆင့်ကဲ ပြောင်းလဲနေဟန် ရသည်။ သူ၏ခန္ဓာကိုယ်မှ နဂါးသွေးများ ဆူပွက်လာကာ လက်များက နဂါးတစ်ကောင်အလား သန်မာလာသည်။ သူ၏ခန္ဓာကိုယ်တွင်လည်း စွမ်းအင် အားလှိုင်းများ အရှိန်အဝါကြီးစွာ ထွက်ပေါ် လာနေသည်။

အနောက်တောင် နဂါးကလန်၏ ပင်မမျိုးဆက်များက ရှေးဟောင်း ဘိုးဘေး နဂါးများ၏ မျိုးရိုးဗီဇကို ဆက်ခံရရှိသည်။ သူတို့တွင် အစစ်အမှန် နဂါး၏စွမ်းအားများကို ပိုင်ဆိုင်ကြသည်။ သူတို့၏သွေးများ ဆူပွက်လာသော အချိန်တွင် သူတို့ခန္ဓာကိုယ်တွင် ခိုအောင်းနေသော စွမ်းအားများက စတင် အသက်ဝင်ကြ၏။

လောင်မူက မာန်သွင်းလိုက်လျှင် နဂါးဟိန်းသံက ကောင်းကင်ကို ညံသွားသည်။ သူက နဂါးတစ်ကောင် အလား လက်ကို ဝှေ့ယမ်းလိုက်လျှင် သူ့ရှေ့မှ ပြိုင်ဘက်အား လေထဲတွင်ပင် အစိတ်စိတ်ဖြစ်ကာ ပျောက်ကွယ် သွားစေ၏။ ထို့နောက် သူက ရှေ့ကို တက်လာကာ သူ့ထံကို ရောက်လာသမျှသော ပြိုင်ဘက်များအား တိုက်ခိုက် အနိုင်ယူသည်။

လောင်မူက ရန်သူများစွာအား တိုက်ခိုက်နှိမ်နင်းကာ နန်းတော်တစ်ခုရှေ့ကို ရောက်လာသည်။ ထိုနေရာတွင်ကား နောက်ဘုံဌာန တစ်ခုသို့ တက်လှမ်းနိုင်သော တံခါးပေါက်တစ်ခု ရှိသည်။

ထိုနေရာတွင် လူအနည်းငယ်က မူလကတည်းက ရောက်ရှိနေပြီး ဖြစ်သည်။ သူတို့အားလုံးက ထိပ်သီးကျောင်း သုံးကျောင်းမှ အတော်ဆုံးများလည်း ဖြစ်ကြ၏။ သူတို့၏ ဘေးနားတွင်ကား နတ်ဘုရားအလား ဩဇာအာဏာ ကြီးမားသော လူတစ်ယောက် ရှိနေသည်။ သူက တိုက်ပွဲ ကွင်းပြင်အား ရယ်ခြင်း ပြုံးခြင်းကင်းသော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။

လောင်မူက လျှောက်သွားရင်းက သူ့ကို အကဲခတ်လိုက်သည်။

“မင်းက သတ္တမဘုံကို တက်ရောက်ဖို့ အဆင့်မီတယ်…” ထိုလူက လောင်မူကို မျက်နှာသေကြီးဖြင့် ပြောသည်။ သူ့အား ကြည့်ရသည်မှာ လူနှင့်ပင် မတူဘဲ အချိန်မရွေး ပျောက်ကွယ် သွားနိုင်သော ပုံရိပ်ယောင်တစ်ခု သို့မဟုတ် ဝိညာဉ် တစ်ကောင်နှင့် တူသည်။

လောင်မူက ဘာမှ မပြောပေ။ သူက လှေကားထစ်အတိုင်း တက်သွားကာ တခြားလူများနှင့်အတူ အနားယူသည်။ သူက တိုက်ပွဲကွင်းပြင်အား ကြည့်ကာ လူဘယ်နှယောက်က သတ္တမဘုံသို့ တက်လှမ်းခွင့် ရမည်ကို တွေးနေမိသည်။ သူက သတ္တမဘုံတွင် မည်သို့ တွေ့ကြုံရမည် ကိုလည်း သိလိုသည်။ သူ၏အဖေက ထိုစဉ်က ဘာတွေ တွေ့ကြုံခဲ့သနည်း။

ထိုအချိန် တိုက်ပွဲကွင်းပြင်၌ ကုယွန်ချီ၏ အခြေအနေက သိပ်မဟန်ပေ။ သူမက စစ်သူကြီး တစ်ယောက်နှင့် တိုက်ခိုက်နေကာ အောက်စည်းကို ရောက်နေသည်။ အနီးတွင်လည်း စွမ်းအားမြင့် စစ်သည်များစွာက သူမအား တိုက်ခိုက်ရန် အလစ်ချောင်း နေကြ၏။

မြေပြင်တွင် ရီဖူရှင်းက အချိန်အတန်ကြာ တိုက်ခိုက်ပြီးကာ သိုင်းပညာ ကံစွမ်းအား များစွာကို စုဆောင်းရရှိပြီး ဖြစ်သည်။ သူက ကုယွန်ချီထံသို့ တစ်ချက် ကြည့်လိုက်ပြီး လျှပ်စီးတန်းအလား ကောင်းကင်သို့ ထိုးတက် သွားသည်။

ဝှီး…

ဧရာမ ရွှေရောင် လက်ဝါးကြီး တစ်ခုက ကုယွန်ချီထံသို့ ကျဆင်း လာနေသည်။ ကုယွန်ချီ၏မျက်နှာက ပျက်ယွင်းသွားကာ နောက်ကို ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမ၏ဘေးမှ လေလှိုင်းတစ်ခု ဖြတ်ရိုက်သွားကာ အရောင်အဆင်း လင်းလက်သော လူတစ်ယောက်က ခန္ဓာကိုယ်အား လှည့်ပတ် ပျံသန်းလာသည်ကို မြင်လိုက်ရ၏။ သူ၏လက်ထဲတွင် ကြောက်မက်ဖွယ် အားအဟုန်အား စုစည်း သယ်ဆောင်လာသော နှင်တံတစ်ချောင်း ပါသည်။

ဘန်း…

ကျယ်လောင်သော အသံနှင့်အတူ ထိုစွမ်းအားမြင့် စစ်သူကြီး အပါအဝင် စစ်သည်တချို့ အမှုန့်ဖြစ်သွားပြီး သူတို့၏ ကံစွမ်းအားများက ရီဖူရှင်း၏ ခန္ဓာကိုယ်ထဲကို စီးဝင်သွားကြသည်။ ရီဖူရှင်းက နောက်လှည့်ကာ မေးသည်… “ကုမိန်းကလေး… အဆင်ပြေလား…”

ကုယွန်ချီကား စက္ကန့်မျှ မှင်တက်နေပြီးမှ သတိဝင်လာကာ ပြုံးလျက်ပြောသည်… “ကျေးဇူးတင်ပါတယ်… ဆရာရီ…”

“ပြဿနာမရှိဘူး… သွားရအောင်…” ရီဖူရှင်းက ထိုသို့ပြောကာ ရှေ့မှ လမ်းကြောင်းတစ်ခု ဖောက်ရန် ကြိုးစားသည်။ ယူချင်းတို့အဖွဲ့လည်း ကောင်းကင်မှ ဆင်းသက်လာကာ သူ့နောက်မှ လိုက်ပါ တိုက်ခိုက်ကြသည်။ နောက်တစ်ယောက် ရောက်လာကာ သူကား ကုကလန်၏ပါရမီရှင် ကုမိန်ဖြစ်သည်။ သူက ရီဖူရှင်းတို့အား ကြည့်ကာ သူကလည်း ဝင်ရောက် တိုက်ခိုက်ပြီး လမ်းကြောင်း ဖောက်ရန် ကြိုးစား၏။

တိုက်ပွဲကား လွန်စွာ ပြင်းထန်ကာ သူတို့က အချင်းချင်း စကားပြောရန် အချိန်မရှိပေ။

ထိုအခိုက်တွင် ကျင့်နန်က တိုက်ခိုက်မှု တစ်ခုကြောင့် နောက်ဆုတ် လိုက်ရသည်။ ရီဖူရှင်းက ကုမိန်နှင့်အတူ ရှေ့ကို တက်သွားနေသည်ကို မြင်လျှင် သူ၏မျက်နှာက နက်မှောင်သွားသည်။ ဒီအရှက်မရှိတဲ့ အကောင်က ကုကလန်နဲ့ မိတ်ဆွေ လုပ်နိုင်ပြန်ပြီလား။

မကြာမီ ရီဖူရှင်းနှင့် သူ့အဖွဲ့တို့က လောင်မူတို့ထံသို့ ရောက်လာကြသည်။ ရီဖူရှင်း ရောက်လာသည်တွင် လောင်မူနှင့် ချိန်ယုံတို့က အံ့အားသင့်သွားဟန် ရ၏။ သို့သော်လည်း ကုမိန်ကိုမြင်မှ သူတို့က တစ်စုံတစ်ခုကို နားလည် လိုက်ကြ၏။

ရီဖူရှင်းက ကုယွန်ချီနှင့် ကုမိန်တို့၏ ကာကွယ်မှု အောက်တွင် အမှန်တကယ် သည်နေရာသို့ ရောက်လာသည်ဟု တွေးမိကာ လောင်မူက မပျော်မရွှင်သော မျက်နှာထားဖြင့် ရီဖူရှင်းကို ကြည့်သည်။ သူကား တစ်ပါးသူအား အမြဲ မှီခိုတတ်ဟန် ရ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset