မှန်သည် … ချိန်ယုံ၏ စုဆောင်းမှုအားက မြန်ဆန်သော်လည်း ရီဖူရှင်းက စိုးရိမ်စရာ မလိုပေ။ လျှို့ဝှက်ဘုံက ကိုးဆင့်ရှိကာ အဆင့်တိုင်းက ပိုမို ခက်ခဲလာသည်။ ကံစွမ်းအားကို မြန်မြန် စုဆောင်းမှ နောက်ဆုံး နဝမဘုံကို တက်ရောက် နိုင်သည် မဟုတ်ပေ။
အဆင့်မြင့် အကာနာ ပါရမီရှင်များ အတွက်မူ သူတို့က သည်နေရာကို ယခင်ကတည်းက ကြိမ်ဖန်များစွာ ရောက်ဖူးကာ ရှေ့ကို မြန်ဆန်စွာ သွားနိုင်ကြသည်။ သို့သော်လည်း ရီဖူရှင်း အတွက်မူကား သည်နေရာနှင့် ရင်းနှီး ကျွမ်းဝင်အောင် ကြိုးစားနေရ၏။ လက်ရှိတွင် သူ့အား သိုင်းပညာ ကံစွမ်းအားများ ဝန်းရံထားခြင်းက ရီဖူရှင်းက သိုင်းပညာ ကံစွမ်းအားထဲတွင် ပါဝင်သော စွမ်းအင်ကို ဝေဝါးစွာ ခံစားမိနေသည်။
ထိုအခိုက်တွင် အဆင့်ငါး အကာနာ သားရဲတစ်ကောင်က သူ့အား အလစ် တိုက်ခိုက်သည်။ ရီဖူရှင်း၏ခန္ဓာကိုယ်က အနည်းငယ် လှည့်ပတ်သွားကာ သိုင်းပညာ စွမ်းအင်က လေပွေတစ်ခုအလား ဖြစ်သွားသည်။ သူ၏လက်သီးက လေထုကို ခွင်းသွားလျှင် ဘန်းခနဲမြည်ကာ ထိုသားရဲက အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားပြီး ပိုမိုအားကောင်းသော သိုင်းပညာ ကံစွမ်းအားက ရီဖူရှင်း ခန္ဓာကိုယ်ထံကို လာရောက် စီးဆင်းကြသည်။ ထိုစစ်သည်များ၏ တန်ခိုးအဆင့်က သူတို့ ပိုင်ဆိုင်ထားသော ကံစွမ်းအား အဆင့်နှင့် ခွဲခြားထားပေသည်။ ပိုမို အားကောင်းသော စစ်သည်များကို တိုက်ခိုက် သတ်ဖြတ်နိုင်ပါက ပိုမိုအားကောင်းသော သိုင်းပညာ ကံစွမ်းအားကို ရရှိမည် ဖြစ်သည်။ ထို့အပြင် သိုင်းပညာ ကံစွမ်းအားကို သယ်ဆောင်ထားသော စစ်သည်များနှင့် သားရဲများကား မရေမတွက်နိုင်အောင် ရှိသည်။ သည်နေရာကို သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံလို့ ခေါ်တွင်သည်မှာ မထူးဆန်းတော့ပေ။
ထိုစဉ် ရီဖူရှင်းနှင့် သိပ်မဝေးသော တစ်နေရာမှ လူတစ်ယောက်က ကောင်းကင်မှ ပျံသန်းသွားကာ မြေပြင်ကို ကြည့်သည်။ သူက ရီဖူရှင်း သည်နေရာသို့ ရောက်လာသည်ကို မြင်၏။ သူက ပြုံးလျက်ပြောသည်…“လျှို့ဝှက်ဘုံရဲ့ စတုတ္ထအဆင့်က မင်းအတွက် ပိုပြီး သင့်တော်တယ်… ဘာလို့ ဒီနေရာမှာပဲ မနေတာလဲ…”
ထိုလူကား ကျင့်နန်ဖြစ်သည်။ ကြယ်မင်းကျောင်း၏ အကဲဖြတ် စစ်ဆေးပွဲတွင် သူက အရှက်တကွဲ ဖြစ်ခဲ့ရ၏။ ဝမ်ယွီချန်းပင် သူနှင့် သိပ်အဆက်အဆံ မလုပ်တော့ပေ။ ပုံမှန်အားဖြင့် ရီဖူရှင်းကို မကျေနပ်ချက်က ယခင်ကထက်ပင် များပြား လာနေသည်။
ထိုသို့ပြောပြီးနောက် ကျင့်နန်က ရှေ့ကို ထွက်သွားသည်။ သူက ရီဖူရှင်းအား ထပ်တွေ့ရာ အလွန် မပျော်မရွှင် ဖြစ်ရသည်။ ထို့ကြောင့် သူက အခွင့်အရေး ရသည်နှင့် လှောင်ပြောင်ခြင်း ဖြစ်၏။ သူ၏တန်ခိုးအဆင့်က ရီဖူရှင်းထက် မြင့်ရာ သူက ပိုမို၍ အလေးသာ ပေသည်။
ရီဖူရှင်းက သူ့အား စိတ်ရှုပ်စွာ ကြည့်သည်။ သူက ကျင့်နန်နှင့် ဝမ်ယွီချန်းကို တစ်ခါမှဂရုမစိုက်ခဲ့ပေ။ သို့သော် ထိုလူများက သူနှင့်ပတ်သက်၍ အလွန် စိတ်ပူနေကြသည်။
စတုတ္ထဘုံမှ စစ်သည်များနှင့် သားရဲများ အားလုံးက အလယ်အလတ် အကာနာအဆင့်တွင် ရှိကြသည်။ တချို့က အဆင့်ခြောက် အကာနာတွင် ရှိကြ၏။ သို့သော် သူတို့က ရီဖူရှင်းတို့အား မတားနိုင်ပေ။
လက်ရှိတွင် ရီဖူရှင်းတို့က စတုတ္ထဘုံနှင့် ပဉ္စမဘုံအကြား နယ်စပ်နားသို့ ရောက်လာကြသည်။ သူတို့က ရှေ့ကို ဆက်သွားပါက ပဉ္စမဘုံသို့ ရောက်သွားတော့မည် ဖြစ်သည်။ သူက ပဉ္စမဘုံတွင် ပေါ်လာသော စစ်သည်များနှင့် သားရဲများ၏ အဆင့်ကို လေ့လာ ကြည့်သည်။
“ပဉ္စမဘုံကို မဝင်ကြနဲ့ဦး… ငါက သိုင်းပညာ ကံစွမ်းအားကို လေ့လာ ဆင်ခြင်ဖို့လိုတယ်…” ရီဖူရှင်းက ပြောသည်။ ကျန်လူများ အားလုံးက ခေါင်းညိတ်ကြ၏။ သူတို့က မြေကွက်လပ် တစ်ခုရှာကာ ထိုင်လိုက်ကြသည်။
ရီဖူရှင်းက မျက်လုံး မှိတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တွင် လှည့်ပတ်နေသော မရေမတွက်နိုင်သော အကာနာ အဆင့်တစ်မှ အဆင့်ခြောက် အတွင်းရှိ သိုင်းပညာ ကံစွမ်းအား အမျှင်တန်းများကို သူက ခံစား၍ ရနေသည်။ ထိုသိုင်းပညာ ကံစွမ်းအားများအား အသေးစိတ် အာရုံခံစားကြည့်လျှင် ထိုအရာများက ရီဖူရှင်း၏ ခေါင်းထဲတွင် အရိပ်သဏ္ဌာန်များ အဖြစ် လှုပ်ရှား အသက်ဝင် လာကြသည်။ သူက ပုံရိပ်တစ်ခုကို အသေးစိတ် ကြည့်ရှုလျှင် သူ၏လှုပ်ရှားဟန်က နိုဘယ်အဆင့် တန်ခိုးရှင် တစ်ယောက်၏တိုက်ကွက် တစ်ခုကို ဖြစ်နေသည်။ ထိုလူ၏ လက်ချောင်းက ညွှန်ရာအရပ်မှ ဓားအသိက အရာအားလုံးကို ဖြတ်ကျော်ကာ ကောင်းကင် တစ်ခွင်လုံးအား ထွင်းဖောက် သွားသည်။
ရီဖူရှင်းက နောက်ပုံရိပ် တစ်ခုကို ထပ်မံ၍ လေ့လာသည်။ နောက်ထပ် နိုဘယ်တန်ခိုးရှင် တစ်ယောက်၏ ပုံရိပ်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ကား ရွှေသားအတိဖြင့် ပြုလုပ်ထားသလို ထင်ရကာ သူ၏ ရွှေလက်သီး တစ်ချက်က တောင်များကိုပင် ပြိုလဲသွားစေ၏။
သူ၏ခေါင်းထဲတွင် ထိုပုံရိပ်များက အဆက်မပြတ် ပေါ်လာနေသည်။ သူတို့က သိုင်းပညာ နည်းစနစ်များ၊ ဓားနည်းစနစ်များ၊ လှံနည်းစနစ်များ၊ လက်နက်မဲ့ တိုက်ခိုက်ရေး နည်းစနစ်များနှင့် ပညာရပ်များစွာတို့ကို တွေ့ရ၏။
ရီဖူရှင်းက ကောက်ချက်ချသည်။ လျှို့ဝှက်ဘုံ အတွင်း၌ သိုင်းပညာ ကံစွမ်းအားများ အားလုံးက တန်ခိုးရှင်များ၏ ပညာရပ်များက အားကောင်းသော သဘာဝ စွမ်းအင်များနှင့် ပေါင်းစပ်ကာ သိုင်းပညာ ကံစွမ်းအားများ အဖြစ် ပြောင်းလဲ သွားခဲ့ခြင်း ဖြစ်သည်။
သိုင်းပညာ ကံစွမ်းအားများကား သိုင်းပညာနှင့် ပတ်သက်သော အခွင့်အလမ်းကောင်း ဖြစ်သည်။ သည်အရာများကို ရရှိခြင်းက သိုင်းပညာကို လေ့လာ ဆင်ခြင်ခွင့် ရရှိစေသည်။
ရီဖူရှင်းက လျှို့ဝှက်ဘုံ၏ တကယ့် ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ သည်နေရာကား အမှန်ပင် ကြီးမားသော အခွင့်အလမ်း ဖြစ်သည်။ ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များက လက်လွှတ် မခံလိုကြသည်မှာ မထူးဆန်းတော့ပေ။ ထိပ်သီးကလန်များမှ တပည့်များက ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်ရောက် လိုကြသည်မှာ သည်ကဲ့သော အထောက်အပံ့များကြောင့် ဖြစ်ရပေမည်။
“မင်းတို့ ခံစားမိလား…” ရီဖူရှင်းက မျက်လုံးဖွင့်ကာ ကျန်လူများကို မေးသည်။
“အင်း…” ရီဝူချင်းက ခေါင်းညိတ်သည်။
“ကြည့်ရတာ ငါတို့ အမြန်လိုလို့ မရတော့ဘူး… ဒီမှာပဲ နေပြီး လေ့လာ ဆင်ခြင်ကြတာပေါ့…” ရီဖူရှင်းက ပြောလျှင် ယူချင်းနှင့် ရီဝူချင်းက သဘောတူစွာ ခေါင်းညိတ်ကြသည်။ သူတို့အုပ်စုက မျက်လုံးများကို မှိတ်ကာ သိုင်းပညာ ကံစွမ်းအားများကို တိတ်ဆိတ်စွာ လေ့လာ ဆင်ခြင်ကြသည်။
သိုင်းပညာရပ်များ ဖြစ်စေ မှော်ပညာရပ်များ ဖြစ်စေ ရီဖူရှင်း လေ့ကျင့်သော နည်းစနစ်များက သိုင်းပညာ ကံစွမ်းအားတွင် ပါဝင်သော ပညာရပ်များထက် အဆင့်မြင့်ပေသည်။ သို့သော်လည်း သူက သိုင်းပညာ ကံစွမ်းအားကို အသုံးပြု၍ တိုက်ခိုက်ရန် သူတို့၏မူလဇာတိ နည်းစနစ်များနှင့် အသားကျရန် လိုအပ်ပေသည်။ ထိုမှသာလျှင် သူက ပိုမို အားကောင်းသော စစ်သည်များနှင့် ရင်ဆိုင်နိုင်မည် ဖြစ်သည်။
သူကား စတုတ္ထဘုံတွင်သာ ရှိသေးသော်လည်း သည်နေရာမှ ကံစွမ်းအားများက အလွန် အားကောင်းနေပြီး ဖြစ်သည်။ ပဉ္စမဘုံနှင့် ဆဋ္ဌမဘုံတို့ကရော…။ သို့မဟုတ်လျှင် သတ္တမဘုံနှင့် အဋ္ဌမဘုံတို့ကရော…။ ထို့နောက် တစ်ချိန်က လောင်ရီထျန်း တက်ရောက်ခဲ့သော နဝမဘုံကရော…။
သူတို့ ကျင့်ကြံနေစဉ်အတွင်း ရီဖူရှင်းတို့အဖွဲ့အား ကျော်ဖြတ်လျက် လူအများအပြားက ရှေ့ကို ဖြတ်ကျော် တက်ရောက် သွားကြသည်။ သူတို့က ရီဖူရှင်းတို့အား သတိထားမိကြ၏။ ထိုအထဲတွင် ကြယ်မင်းကျောင်းမှ တပည့်များလည်း ပါဝင်ကြသည်။ ရီဖူရှင်းတို့က ထိုနေရာတွင် ရပ်တန့် နေကြသည်ကို မြင်လျှင် သူတို့၏ အဆင့်နိမ့်သော တန်ခိုးများကြောင့်ဟု သတ်မှတ်ကာ သိပ်မအံ့ဩကြပေ။ သူတို့က အထက်ဘုံများသို့ တက်ရောက်ပါက အမှန်ပင် အန္တရာယ်များပေသည်။ ပဉ္စမဘုံတွင် အဆင့်မြင့် အကာနာစစ်သည်များ ရှိသည်ကို သူတို့က သိဟန်ရ၏။
အချိန်များစွာ ကြာပြီးမှ ရီဖူရှင်းတို့က မျက်လုံးကို ဖွင့်လိုက်ကြသည်။ သူတို့က ထရပ်ကာ ပဉ္စမဘုံသို့ ဝင်ရောက် လာကြ၏။ သူတို့ မတိုင်မီကလည်းက တခြား တန်ခိုးရှင်များက ဦးစွာ လာရောက်ထားပြီး ဖြစ်ရာ နယ်စပ်နားတွင် စစ်သည်များကို ရံဖန်ရံဖန်သာ တွေ့ရသည်။ သို့သော် သူတို့က ရှေ့ကို ဆက်လျှောက် လာရင်းက ကျယ်ပြန့်သော မြေနေရာ တစ်ခုကို ရောက်သွားသောအခါ လူအများအပြားက များစွာသော စစ်သည်များ သားရဲများနှင့် တိုက်ခိုက် နေသည်ကို မြင်ကြရ၏။
မျှော်လင့်ထားသည့်အတိုင်း စစ်သည်များနှင့် သားရဲများက အဆင့်မြင့် အကာနာများ ဖြစ်ကြကာ အားကောင်းသော စွမ်းရည်များ နည်းစနစ်များကို အသုံးပြုနိုင်ကြသည်။ ရီဖူရှင်းတို့ ရောက်ရှိလာလျှင် ထိုစစ်သည်များ သားရဲများကလည်း ရီဖူရှင်းတို့ထံသို့ စုပြုံဝင်ရောက်ကာ တိုက်ခိုက်ကြသည်။ ရီဖူရှင်း၏ရှေ့ကို လာရပ်သော တစ်ယောက်ကား အကာနာ အဆင့်ခြောက်နှင့် ညီမျှသော စွမ်းရည် ရှိသည်။
ဟူး…
ရီဖူရှင်း၏ ခန္ဓာကိုယ်က မီးဘီလူးအလား မီးလျှံများ တောက်လောင် လာသည်။ သူ၏ခန္ဓာကိုယ်တွင် စီးဆင်းနေသော သိုင်းပညာ ကံစွမ်းအားများကလည်း မီးဓာတ်သဘာဝသို့ ပြောင်းလဲ သွားကြ၏။
ရီဖူရှင်းက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လျှင် ဧရာမလက်ဝါး တံဆိပ်ကြီးက သူ့ရှေ့မှ လေဟာနယ်ကို ဘန်းခနဲ ကျသည်။ ဘန်းခနဲ မြည်သံနှင့်အတူ သူ့ရှေ့မှ စစ်သည်အုပ်စုက အမှုန့် ဖြစ်သွားကာ ရီဖူရှင်း၏ ခန္ဓာကိုယ်၌ ပိုမို အားကောင်းသော ကံစွမ်းအားများ ရစ်ပတ်သွားသည်။
သူက ပဉ္စမဘုံတွင်ရှိသော အကာနာ အဆင့်ခြောက် ကံစွမ်းအားများကို စုပ်ယူထားပြီး ဖြစ်သည်။ သူထံကလည်း အကာနာ အဆင့်ခြောက် စွမ်းအင်များကို ထုတ်လွှတ်နိုင်သည်။ ရီဖူရှင်း၏ မူလ တန်ခိုးအဆင့်က နိမ့်သော်လည်း သူ၏ တိုက်ခိုက်ရေး စွမ်းရည်ကား ယခုကတည်းက ကြောက်မက်ဖွယ် အားကောင်းပေသည်။ သူ့အတွက် အကာနာ အဆင့်ခြောက်မှ စစ်သည်များကို သတ်ဖြတ်ရသည်က လွယ်ကူလွန်းလှသည်။
သိုင်းပညာ ကံစွမ်းအား၏ အကျိုးသက်ရောက်ပုံကို နားလည်ပြီးနောက် ရီဖူရှင်းကလည်း မြန်ဆန်စွာပင် ကံစွမ်းအားများကို စုပ်ယူနေသည်။ သူ၏ ခန္ဓာကိုယ်တွင်လည်း အကာနာ အဆင့်ခြောက် ကံစွမ်းအားများက တဖြည်းဖြည်း အားကောင်း လာနေသည်။
ထိုစဉ် ထက်ရှသော အကြည့်တစ်ခုကို သူက ခံစားရသည်။ ရီဖူရှင်းက ပြန်ကြည့်လျှင် အဆင့်ခုနစ် အကာနာ စစ်သည် တစ်ယောက်က သူ့ထံကို လျှောက်လာသည်ကို မြင်၏။ အားကောင်းသော ကံစွမ်းအားများ သူ့ထံမှ ပျံ့နှံ့လာနေသည်။ သူ၏လက်ကို ဆန့်ထုတ်လိုက်လျှင် ဧရာမလက်ဝါး တံဆိပ်တော်က လေထုကို ခွင်းလျက် ရီဖူရှင်းထံသို့ တိုးဝင်လာသည်။
ရီဖူရှင်းက ရှေ့ကို ခုန်လွှားကာ လေထဲပျံသန်း လိုက်သည်။ သူ၏လက်ညှိုးက လှံသွားအလား ရှေ့ကို ဆန့်တန်းလိုက်လျှင် ထုထည်ကြီးမားသော သိုင်းပညာ ကံစွမ်းအားများက ဓားအသိများအဖြစ် ပြောင်းလဲကာ လက်ဝါးအား အလယ်မှ ထွင်းဖောက် သွားသည်။
ရီဖူရှင်းက ရှေ့ကို ဆက်လက် ပျံသန်းသွားကာ သူ၏ခန္ဓာကိုယ်မှ သိုင်းပညာ ကံစွမ်းအားများက သစ်သားဓာတ်များ ဖြစ်သွားပြီး ရွှေရောင်နွယ်ပင်များက ထိုစစ်သည်အား ရစ်ပတ်သွားသည်။
ထိုစစ်သည်က နွယ်ပင်များကို ဖြတ်တောက်ရန် ကြိုးစားသော်လည်း နွယ်ပင်များကား မရေမတွက်နိုင်အောင် ဖြစ်ပေါ်လာနေကာ မကြာမီ သူ့အား ရစ်ပတ်ကာ ထက်ရှသော နွယ်ပင်ထိပ်ဖျားများက သူ၏ခန္ဓာကိုယ်ထဲကို ထွင်းဖောက် သွားကြတော့သည်။ ထို့နောက်တွင် ပိုမို အားကောင်းသော သိုင်းပညာ ကံစွမ်းအားများက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို စတင် ရစ်ပတ်သည်။
သည်ကံစွမ်းအားက ယခင် ကံစွမ်းအားများထက် အားကောင်းသည်ကို ရီဖူရှင်းက ခံစားရသည်။ သူက အနိမ့်ဆုံး အဆင့်မှ စတင် စုဆောင်းကာ ရရှိသော ကံစွမ်းအားများဖြင့် ပိုမိုမြင့်မားသော အဆင့်များကို စိန်ခေါ်ရမည် ဖြစ်သည်။ သူက သည်နည်းဖြင့် စုဆောင်းနိုင်ခြင်းက ရီဖူရှင်း၏ တိုက်ခိုက်ရေး စွမ်းရည်က လွန်စွာ အားကောင်း သောကြောင့် ဖြစ်သည်။
ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များပင် သူတို့က သတ်မှတ်ထားသော အဆင့်တစ်ခုကို ရောက်လျှင် အဆင့်တူအတွင်း အနိုင်ယူရန် ခက်ခဲသွားသလို ပိုမိုမြင့်မားသော ကံစွမ်းအား အဆင့်ကို ရရှိရန်မူကား မဖြစ်နိုင်တော့ပေ။ ဤသို့ဖြင့် သူတို့၏ အကန့်အသတ်ကို ရောက်ရှိကာ အထက်ဘုံများသို့ မတက်ရောက် နိုင်တော့ပေ။ ထို့ကြောင့်လည်း အဆင့်ကိုး အကာနာ တန်ခိုးရှင်များပင် သတ္တမဘုံသို့ တက်ရောက်ရန် ခက်ခဲခြင်း ဖြစ်သည်။
ရီဖူရှင်းက အဆင့်ခုနစ် အကာနာစစ်သည်အား သတ်ဖြတ်လိုက်သည်ကို အားလုံးက မြင်ကြသည်။ ကြည့်ရသည်မှာ သူ၏ပါရမီက အမှန်ပင် မြင့်မားကာ သိုင်းပညာ ကံစွမ်းအားများကို သုံးလျက် သူ့ထက် တန်ခိုး အဆင့်မြင့်သော စစ်သည်များကိုပင် တိုက်ခိုက် သတ်ဖြတ်နိုင်သည်။ ရီဖူရှင်းသာ မဟုတ်ဘဲ ယူချင်း၊ ရီဝူချင်းနှင့် လို့လန်ရွှီတို့ကလည်း ထိုနည်းတူပင်။
ဆဋ္ဌမဘုံကို မတက်ရောက်မီ ပဉ္စမဘုံတွင် ရီဖူရှင်းက ကြာမြင့်စွာ နေခဲ့ကာ ကြီးမား များပြားသော သိုင်းပညာ ကံစွမ်းအားများကို စုဆောင်းခဲ့သည်။ ဆဋ္ဌမဘုံက အကန့်အသတ် တစ်ခု ဖြစ်သည်မှာ ထင်ရှားသည်။ ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်အများစုက ဤနေရာတွင် ရပ်တန့်နေကြသည်။
ဆဋ္ဌမဘုံကား တိတ်ဆိတ်နေသည်။ ရီဖူရှင်းက ရှေ့ကို တစ်လှမ်းပြီး တစ်လှမ်း သွားနေသည်။ သူက ဧရာမ ဟင်းလင်းပြင်ကြီး တစ်ခုထဲကို ရောက်လာကာ များစွာသော မိုးထိုးနေသော ကျောက်တုံး တောင်ကုန်းများကို တွေ့ရသည်။ ထိုတောင်ကုန်းများပေါ်တွင် စစ်တပ်များက စခန်းချသည့်အလား စစ်သည်များနှင့် သားရဲများကို တစ်စုချင်းစီ မြင်တွေ့ရသည်။
ထိုသို့ ကျောက်တုံး တောင်ကုန်းများက မရေမတွက်နိုင်အောင် ရှိကာ သူတို့ရှေ့ကို သွားမည့်လမ်းကို ပိတ်ဆို့ထားကြသည်။ ထိုဧရာမ စစ်တပ်ကြီးရှေ့တွင်ကား ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များက ရပ်ကြည့်နေကြသည်။ သူတို့က ထိုနေရာများသို့ တိုးဝင် တိုက်ခိုက်ခြင်း မရှိကြသေးပေ။ သူတို့က လူများ ထပ်ရောက်လာရန် စောင့်ဆိုင်း နေကြခြင်း ဖြစ်သည်။
ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များက လျှို့ဝှက်ဘုံ၏ ပုံစံကို သိနားလည်ကြသည်။ ထိုမျှ ကြီးမားသော ဧရာမ စစ်တပ်ကြီးအား မည်သူမှ တစ်ယောက်တည်း ရင်မဆိုင်လိုကြပေ။ အတူတကွ တိုက်ခိုက်ခြင်းကသာ သည်နေရာအား ဖောက်ထွက်ရန် အခွင့်အရေး ရှိပေသည်။
ရီဖူရှင်းက ထိုနေရာသို့ ရောက်သွားသောအခါ တန်ခိုး အဆင့်မြင့်သူများ အပြင် သူသိသော လူများလည်း ရှိနေသည်ကို တွေ့ရ၏။ ဥပမာ လောင်မူ၊ ကုယွန်ချီနှင့် တခြားလူများ ဖြစ်သည်။
လူအများအပြားက ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်ကြသည်။ အဆင့်လေး အကာနာ တန်ခိုးရှင်က သည်နေရာကို ရောက်လာနိုင်သည်။ ထို့အပြင် သူ တစ်ယောက်တည်းလည်း မဟုတ်ပေ။ သို့သော်လည်း ကြယ်မင်းကျောင်း၏ အကဲဖြတ် စစ်ဆေးပွဲတွင် ရီဖူရှင်း၏ စွမ်းရည်ကို မြင်ခဲ့သော လူများက သိပ်ထူးဆန်းသည် မခံစားရပေ။ သူ၏ အရည်အချင်းဖြင့် သည်ဘုံအဆင့်လောက် အထိတော့ ရောက်နိုင်ပေမည်။ သို့သော် ဤနေရာသို့ ရောက်လာသော လူအများစုက နောက်တစ်ဘုံသို့ တက်လှမ်းရန် ခက်ခဲမည်ကို အားလုံးက နားလည် ထားကြသည်။
***
စာစဉ်(၃၁)ပြီးပါပြီ
ဆက်ပါဦးမည်။
***