Switch Mode

အပိုင်း(၄၅၉)

သိုင်းပညာ ကံစွမ်းအားကို စုဆောင်းကြခြင်း

ရီဖူရှင်းက ဝမ်ယွီချန်းကို မကြည့်ပေ။ သူက သီးသန့် နေရာများကို ကြည့်နေသည်။

သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံတွင် သဘာဝ စွမ်းအင်များ မရှိပေ။ သူ့တွင် ကွဲပြားကာ သီးသန့်ဆန်သော သိုင်းပညာ ကံစွမ်းအားများသာ ရှိသည်။ လျှို့ဝှက်ဘုံထဲကို ဝင်ရောက်လာသော တန်ခိုးရှင်များက မည်သည့် တန်ခိုးအဆင့်တွင် ဖြစ်ပါစေ မိမိ၏ကိုယ်ပိုင် သဘာဝ စွမ်းအားများနှင့် လျှို့ဝှက်ဘုံမှ စုဆောင်း ရရှိသော သိုင်းပညာ ကံစွမ်းအားများကိုသာ အသုံးပြု၍ တိုက်ခိုက် နိုင်ပေသည်။

သည်လျှို့ဝှက်ဘုံထဲတွင် စည်းမျဉ်းများ ရှိသည်။ တချို့က ပြောသည်မှာ သည်နေရာက ယခင် ရှီတန်ခိုးရှင်များ ဖန်တီးခဲ့သော စိတ်ကူးယဉ်နေရာ ဖြစ်ပြီး တကယ့်အစစ်အမှန် မဟုတ်ဟု ပြောကြသည်။ တခြားလူများက သည်နေရာက အမှန်တကယ် တည်ရှိနေသော လျှို့ဝှက်ဘုံဟု ပြောကြသည်။ ရှီတန်ခိုးရှင်များက ထူးဆန်းသော စွမ်းအားတစ်မျိုးကို သုံး၍ လျှို့ဝှက်ဘုံအဖြစ် ပြောင်းလဲခဲ့ခြင်းဟု ယူဆကြသည်။

လျှို့ဝှက်ဘုံအား အဆင့်ကိုးဆင့် ခွဲခြားထားကာ အောက်ခြေ အဆင့်ထက် အပေါ်မှ အဆင့်များက ပိုမိုသော သိုင်းပညာ ကံစွမ်းအားများ ရှိပေသည်။ ယခု ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များက အလျှိုလျှို ခွာကာ သွားလာ နေကြသည်။ သူတို့က နေရာအနှံ့ကို သွားလာကာ သိုင်းပညာ ကံစွမ်းအားများကို စတင် ရှာဖွေကြသည်။

အများစုက ယမန်နှစ်များက လာရောက်ဖူးသူများ ဖြစ်ကြသည်။ သည်နေရာနှင့် ရင်းနှီးကျွမ်းဝင်ပုံ ရနေသည်။ ဥပမာ လောင်မူကား လွန်စွာ မြန်ဆန်စွာ လှုပ်ရှားနေသည်။ သည်တစ်ခေါက် သူက အဆင့်ခုနစ် အထက်ကို တက်နိုင်ရန် မျှော်မှန်းထားသည်။ နောက်တစ်နှစ်တွင် သူသာ တိုးတက်ခဲ့လျှင် သူ့အဖေ၏ အဆင့်ကိုးကို ရောက်ရှိခဲ့သော ဂုဏ်ယူဖွယ် စံချိန်အား လိုက်မီနိုင်မည်။

“သွားစို့…” ရီဖူရှင်းက ပြောသည်။ သူက ထိုသို့ ပြောလိုက်သည်နှင့် သိမ်းငှက်နက်က သူ၏ အတောင်ပံများကို ဖြန့်လိုက်သည်။ လူလေးယောက်က သူ၏နောက်ကျောတွင် ရပ်ကာ ခရီးသွားခြင်းဖြင့် သူတို့၏ အင်အားများကို ချွေတာရာ ရောက်ပေသည်။

ရီဖူရှင်းတို့က ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များနောက်မှ ဆက်လက် လိုက်ပါသွားသည်။ သူတို့၏ရှေ့တွင် ပုံဆောင်ခဲ စစ်သည်များကို မရေမတွက် နိုင်အောင် မြင်ရသည်။ သူတို့က သက်ရှိများ ဟုတ်ဟန်မရဘဲ မည်သည့် အချိန်တွင်မဆို ပျောက်ကွယ် သွားနိုင်သော ပုံရိပ်ယောင်များအလား ထင်မှတ်ရသည်။ သူတို့၏ခန္ဓာကိုယ်တွင် သိုင်းပညာ ကံစွမ်းအားများ လှည့်ပတ် စီးဆင်းနေပြီး ငွေရောင်ချပ်ဝတ်များ ဝတ်ဆင်ထားကာ လှံရှည်များကို ကိုင်ဆောင် ထားကြသည်။

“လျှို့ဝှက်ဘုံထဲက အရာတွေ အားလုံးက သိုင်းပညာ ကံစွမ်းအားတွေပဲ… နင်က အားလုံးကို ယူလို့ရတယ်…” လို့လန်ရွှီက ပြောသည်။ ထိပ်သီးကျောင်း သုံးကျောင်းက ထိုငွေရောင် ချပ်ဝတ်စစ်သည်များ ထံသို့ ပြေးဝင်ကာ တိုက်ခိုက်နေကြပြီး ဖြစ်သည်။

စွမ်းအားမြင့်သူများက အတားအဆီးမရှိ စစ်သည်များကို တိုက်ခိုက်ကာ ရှေ့ကို အဆက်မပြတ် သွားနေကြသည်။ အားနည်းသူများက ဖြည်းဖြည်းသာသာ သွားရောက် နိုင်ကြ၏။

ငွေရောင်ချပ်ဝတ် စစ်တပ်က ရီဖူရှင်းတို့ ရှေ့တွင်လည်း​ ပေါ်လာသည်။ သိုင်းပညာ ကံစွမ်းအားများ လေထဲတွင် ပြည့်နှက်နေကာ ကြောက်မက်ဖွယ် အားလှိုင်းများအဖြစ် ပြောင်းလဲလာသည်။

“အဆင့်ငါးအထိ မရောက်ခင် အားကို ချွေတာထားကြ…” ရီဖူရှင်းက ပြောသည်။ အဆင့်တိုင်းမှ သူတို့ ရင်ဆိုင်တိုက်ခိုက်ရသော စစ်သည်များက ကွဲပြား ခြားနားပေသည်။ နောက်ပိုင်း အဆင့်များမှ စစ်သည်များက ပိုမို အားကောင်းပေသည်။ ထို့ကြောင့် တန်ခိုး အဆင့်မြင့်သူများက အဆင့်မြင့်ဘုံများသို့ တက်ရောက်နိုင်ခြင်း ဖြစ်သည်။

လက်ရှိတွင်ကား သူတို့က အလယ်အလတ် အကာနာ အဆင့်တွင်သာ ရှိသည်။ ရီဖူရှင်း၏ သဘောက ပဉ္စမဘုံသို့ မရောက်မီ ကိုယ်ပိုင်သဘာဝ စွမ်းအင်များကို အသုံးမပြုရန် ဖြစ်သည်။

သိမ်းငှက်နက်၏ နောက်ကျောမှ လူလေးယောက်က ပျံသန်း ထွက်ခွာ သွားကြသည်။ သူတို့ရှေ့တွင်ကား ငွေရောင်ချပ်ဝတ် စစ်သည်များက သူတို့၏လှံများဖြင့် ဝှေ့ယမ်း တိုက်ခိုက်ကြသည်။ သူတို့ထံမှ ကြောက်မက်ဖွယ် ကံစွမ်းအားများက ဖျက်ဆီးအားများ အဖြစ် ပြောင်းလဲကာ ရီဖူရှင်းတို့ကို တိုက်ခိုက်သည်။ နိုဘယ်စွမ်းအင်များ ကဲ့သို့ပင် သူတို့၏အားလှိုင်းများက အရာအားလုံးကို ထွင်းဖောက်နိုင်စွမ်း ရှိသည်။

သူတို့၏ အငွေ့အသက်များကို ခံစားရသည်မှာ ထိုစစ်သည်များအား နိုဘယ် ကံစွမ်းအားများဖြင့် ပြုလုပ်ထားပြီး တိတိကျကျ ပြောရလျှင် နိုဘယ်အဆင့် သိုင်းပညာ ကံစွမ်းအားများဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့က အဆင့်တစ် အကာနာ စွမ်းရည်များကိုသာ ပြသနိုင်ကြသည်။ သို့တိုင်အောင် သူတို့၏ တိုက်ခိုက်မှုများက သိုင်းပညာ ကံစွမ်းအားများကြောင့် လွန်စွာ အားကောင်း ပေသည်။

ငွေရောင် ချပ်ဝတ် စစ်သည်များ ကလည်း ကြောက်မက်ဖွယ် ကောင်းအောင် တိုက်ခိုက်ကြ၏။ ယူချင်းက သူတို့အကြား နတ်ဆိုးတစ်ပါးလို တိုက်ခိုက်နေသည်။ ဘုန်းခနဲ မြည်သံနှင့်အတူ သူ၏အနီးမှ စစ်သည်များအားလုံး အမှုန့်ဖြစ်သွားသည်။ သိုင်းပညာ ကံစွမ်းအားများက ချက်ချင်း သူ၏ခန္ဓာကိုယ်တွင် လာရောက် စုစည်းသည်။ သူက ငွေရောင် လှံတစ်ချောင်းကို ကိုင်ကာ ရှေ့ကို ပြေးဝင်သွားလျှင် မည်သူကမှ သူ့အား တားဆီးနိုင်စွမ်း ရှိဟန်မရပေ။

ရီဝူချင်းက ဓားတစ်ချောင်းအလား ပြောင်းလဲသွားဟန် ရသည်။ သူက လေထဲတွင် ဓားတစ်ချက် ဝှေ့ယမ်းတိုင်း များစွာသော စစ်သည်များ သေဆုံးရပြီး သူတို့၏သိုင်းပညာ ကံစွမ်းအားများကို ရရှိသည်။

လို့လန်ရွှီက အနည်းငယ် အားနည်းသလို ထင်ရသည်။ သူမက မှော်ပညာကို အဓိကထား လေ့ကျင့်သူဖြစ်ရာ သူမက သဘာဝ စွမ်းအားကို ထုတ်သုံးရန် လိုပေသည်။ သူက သက်စောင့်ဝိညာဉ်ကို ထုတ်လျှင် ချက်ချင်း လေထုက ကြောက်မက်ဖွယ် အအေးလှိုင်းများ ဖုံးလွှမ်းသွားသည်။ အရာအားလုံးက သူမ၏ ရေခဲစက်ကွင်းထဲတွင် အေးခဲသွားကာ ပျက်စီးသွားရသည်။ သူမက အတတ်နိုင်ဆုံး မြန်ဆန်စွာ တိုက်ခိုက်နေသည်။

ယူချင်းကဲ့သို့ပင် ရီဖူရှင်းက စစ်သည် အုပ်စုထဲကို တိုက်ရိုက် ဝင်တိုးကာ တိုက်ခိုက်သည်။ သူက ခန္ဓာကိုယ် သန်မာသော နည်းစနစ်ကို လေ့ကျင့်ရာ ပထမအဆင့်မှ စစ်သည်များက သူ့အား ရပ်တန့်နိုင်စွမ်း မရှိပေ။

သိမ်းငှက်နက်ကလည်း သူ၏ လက်သည်းများဖြင့် ကုတ်ခြစ်ကာ တိုက်ခိုက်နေသည်။ လူလေးယောက်နှင့် သတ္တဝါဆန်း တစ်ကောင်က စစ်သည်များအား အဆက်မပြတ် ရင်ဆိုင် ချေမှုန်းနေကြသည်။

သူတို့က ရပ်တန့်ခြင်း မရှိဘဲ ရှေ့ကို ဆက်သွားနေကြသည်။ တခြား စစ်သည်များက သူတို့ထံ လာရောက် တိုက်ခိုက် ကြသော်လည်း သူတို့က အလွယ်တကူ ချေမှုန်းနိုင်ပေသည်။

“ဆရာရီ…” သာယာသော အသံလေး တစ်ခုကို ကြားကြရသည်။ ရီဖူရှင်းက နောက်လှည့်ကြည့်လျှင် မနီးမဝေးမှ ကုယွန်ချီကို မြင်ရ၏။ သူမ၏ဘေးတွင် လူငယ် တစ်ယောက်ကိုလည်း မြင်ကြရသည်။ သူ၏ ရုပ်လက္ခဏာကလည်း ထူးခြား ကောင်းမွန်လှသည်။ သူကား ကုကလန်မှ ကုမိန်ဖြစ်သည်။ သူတို့အပြင် ထိုနေရာတွင် ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များဖြင့် ပြည့်နှက်နေသည်။

ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။ ကုယွန်ချီက ပြုံးလျက်မေးသည်… “ရှင်တို့ ဘယ်လို ဝင်လာခဲ့ကြတာလဲ…”

သူမက ဝမ်ယွီချန်းကဲ့သို့ မတွေးရာ သည်အတိုင်း မေးခြင်းဖြစ်သည်။

“ကျုပ် ဒီအတိုင်း လမ်းလျှောက် ဝင်လာတာ…” ရီဖူရှင်းက ဟာသစွက်ကာ ပြောသည်။ ကုယွန်ချီက ပြုံးရောင်သန်း သွားသည်။ ရီဖူရှင်းက သည်အခွင့်အရေးအား လွဲချော် သွားတော့မည်ဟု သူမက ထင်မှတ်ခဲ့သော်လည်း မထင်မှတ်စွာ သူက ဝင်လာခဲ့သည်။

“ပထမ သုံးဆင့်က လွယ်တယ်… ဒါပေမဲ့ အလယ်အဆင့်တွေမှာ နှစ်ဆလောက် ခက်သွားတယ်… တစ်ဆင့်စီက အောက်တစ်ဆင့်ထက် ပိုခက်သွားတယ်… နောက်ဆုံး သုံးဆင့်ကတော့ အတော်ဆုံး လူတွေကပဲ တက်နိုင်တယ်… အထူးသဖြင့် အကာနာ အဆင့်ကိုးတွေပဲ တက်နိုင်တယ်… နှစ်တစ်ထောင် အတွင်းမှာ လောင်ရီထျန်းပဲ အဆင့်ကိုးကို တက်ခဲ့ဖူးတယ်… ဆရာရီ… ရှင့်ရဲ့ တန်ခိုးအဆင့် နည်းနည်း နိမ့်တယ် ဆိုပေမဲ့ တစ်ဆင့်စီတိုင်းမှာ လုံလောက်တဲ့ သိုင်းပညာ ကံစွမ်းအားတွေကို စုဆောင်းနိုင်ရင် နောက်ပိုင်း အဆင့်တွေမှာ ကိုယ်ပိုင် စွမ်းအင်တွေနဲ့ သိုင်းပညာ ကံစွမ်းအားတွေကို ပေါင်းပြီး အသုံးပြုတဲ့နည်းနဲ့ တိုက်ခိုက်နိုင်ပြီး အထက်ကို ပိုပြီး တက်နိုင်လိမ့်မယ်…”

ကုယွန်ချီကား လျှို့ဝှက်ဘုံနှင့် ပိုမိုရင်းနှီးကာ သည်နေရာနှင့် မရင်းနှီးသော ရီဖူရှင်းကို ပိုမို ရှင်းပြနိုင်သည်။ ရီဖူရှင်း၏ တန်ခိုးအဆင့်က နိမ့်သော်လည်း သူက အဆင့်များစွာ တက်ရောက်နိုင်ဖို့ သူမက မျှော်လင့်သည်။

“နားလည်ပြီ… ​ကျေးဇူးပဲ…” ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်သည်။ သူက ရှေ့ကို ဆက်လက် တိုက်ခိုက်သလို စစ်သည်များကလည်း အဆက်မပြတ် ပေါ်ထွက် လာနေသည်။

တခြားတစ်ဖက်တွင် လင်းလက် တောက်ပသော အရောင်အဝါနှင့် လူတစ်ယောက် ရောက်ရှိလာသည်။ သူ့နောက်ကျောတွင် ရွှေရောင် အတောင်ပံ တစ်စုံကိုလည်း တွေ့ရ၏။ သူ၏ထက်ရှသော အတောင်ပံများက သိုင်းပညာ ကံစွမ်းအားများကို တိုက်ခိုက် စုဆောင်းနေ၏။

ကျင်းယွန်ရှောင်းက ရီဖူရှင်းကို ကြည့်သည်။ အံ့အားသင့်စွာပင် သူတို့လည်း ရောက်လာသည်။ သူကား ကြယ်မင်းကျောင်း၏ အကဲဖြတ် စစ်ဆေးပွဲတွင် ယူချင်းထံ၌ ရှုံးနိမ့်ခဲ့သည်။ သူက ထိုအရှုံးအား မေ့မည် မဟုတ်ပေ။

ထိုနေရာတွင်ကား အများအားဖြင့် ကြယ်မင်းကျောင်းမှ တပည့်များကိုသာ တွေ့ရသည်။ လောင်မူကလည်း ထိုနေရာတွင် ရှိသည်။ သူက ရီဖူရှင်းတို့ကို မကြည့်ပေ။ သူ့တွင် ကိုယ်ပိုင်ရည်မှန်းချက် ရှိကာ တခြားကိစ္စများကို မတွေးအားပေ။

လူများက ရှေ့ကို ဆက်သွားနေကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော အရှိန်အဝါတစ်ခု စုစည်း လာနေသည်။ ထိုအရာများကား သိုင်းပညာ ကံစွမ်းအားများ ဖြစ်သည်။ ရီဖူရှင်းက ထိုကံစွမ်းအားများကို အသုံးပြုနိုင်သည်ဟု ခံစားရနေသည်။ ထို့အပြင် ထိုသိုင်းပညာ ကံစွမ်းအားများက လက်ရှိတွင် လွန်စွာ အားနည်းကာ အမှန်တကယ်အားဖြင့် အကူအညီ မဖြစ်သေးပေ။ ထိုအရာများကို အရူးအမူး စုဆောင်းခြင်းကလည်း သိပ်အသုံး မဝင်သေးပေ။ သို့သော်လည်း ရီဖူရှင်းက ထူးဆန်းသည့် အရာတစ်ခုကို တွေ့ရှိသည်။ သူ့အနီးတွင် မရေမတွက်နိုင်သော သိုင်းပညာ ကံစွမ်းအား အမျှင်တန်းများကို တွေ့ရသည်။ တစ်ခုစီက ကွဲပြားခြားနားသည်။ သူသတ်ခဲ့သော စစ်သည် တစ်ယောက်စီက ကွဲပြားသလို ဖြစ်သည်။

သူ့ရှေ့တွင် နောက်ထပ် စစ်သည်တစ်ယောက် ပေါ်လာသည်။ ရီဖူရှင်းက အကြံတစ်ခု ရသွားသည်။ သူက ကိုယ်မှ သိုင်းပညာ ကံစွမ်းအား အမျှင်တန်းများကို စုစည်းကာ လက်ဝါးဖြင့် နောက်ထပ် စစ်သည်များကို ရိုက်ချလိုက်သည်။ ဤနည်းဖြင့် နောက်ထပ် များစွာသော စစ်သည်များ၏ သိုင်းပညာ ကံစွမ်းအားများကို စုစည်းနိုင်သည်။

ရီဖူရှင်းက သိုင်းပညာ ကံစွမ်းအားများဖြင့် ဆက်လက် တိုက်ခိုက်နေသည်။ အမှန်တကယ်အားဖြင့် လက်ရှိအဆင့်တွင် ထိုအရာများက မလိုအပ်သော်လည်း နောက်ပိုင်း သူက အသုံးပြုရန် လိုလာနိုင်ပေသည်။ ထို့ကြောင့် သူက အသုံးမပြုခင် ရင်းနှီးအောင် လုပ်ရန် လိုပေသည်။

သူက ရှေ့ကို ဆက်သွားရင်းက အားကောင်းသူများနှင့် အားနည်းသူများက တဖြည်းဖြည်း ကွဲထွက်သွားသည်။ သာမန်လူများက နောက်တွင် ကျန်ရစ်သည်။ တန်ခိုး အဆင့်မြင့်သူများကား ဒုတိယထပ်ကို ရောက်သွားပြီး ဖြစ်သည်။

အဆင့်မြင့် အကာနာ တန်ခိုးရှင်များ အတွက်မူကား အမြန်ဆုံး ဖြစ်သည်။ ပထမ အဆင့်များက သူတို့အတွက် ဘာမှ မဟုတ်ပေ။ ဒုတိယထပ်တွင်လည်း များစွာသော ငွေရောင်ချပ်ဝတ် စစ်သည်များ ရှိသည်။ စွမ်းအားမြင့် တန်ခိုးရှင်များက သူတို့ အားလုံးကို သတ်ခဲ့ကြသည်။

တန်ခိုး အဆင့်မြင့်သူများက ထိုသိုင်းပညာ ကံစွမ်းအားများကို ယူဆောင်ခြင်းပင်  မရှိသည်ကို ရီဖူရှင်း တွေ့ရသည်။ သူတို့က သည်အတိုင်း ထားခဲ့ကာ ထွက်သွားကြသည်။ သိသာစွာပင် ပထမသုံးဆင့်မှ သိုင်းပညာ ကံစွမ်းအားများက သူတို့အတွက် အသုံးမဝင်ပေ။ ထို့ကြောင့် သူတို့က လျစ်လျူရှုကာ အပေါ်ကို ဆက်သွားကြသည်။ တချို့ကား အဆင့်သုံးကို ကျော်ဖြတ်ကာ အဆင့်လေးကို ရောက်လာကြသည်။

သည်အဆင့်တွင်ကား စစ်သည်များနှင့် သတ္တဝါဆန်းများလည်း ပါလာသည်။ သူတို့က တန်ခိုးအဆင့် တစ်ခုတည်းတွင်သာ မဟုတ်တော့သည်ကို ရီဖူရှင်းက ခံစားရသည်။ သူတို့၏ ကိုယ်ရောင် ကိုယ်ဝါများက အားကောင်းကာ အလယ်အလတ် အကာနာ အဆင့်များပင် ပါလာသည်ကို တွေ့ရသည်။

ရီဖူရှင်းက လှမ်းကြည့်သည်။ သူမြင်သည်ကား မဆုံးနိုင်သော စစ်သည်များနှင့် သတ္တဝါဆန်းများ ဖြစ်သည်။ အဆင့်မြင့် အကာနာ တန်ခိုးရှင်များက သိုင်းပညာ ကံစွမ်းအားများကို စတင်၍ စုဆောင်းကြသည်။ သူတို့ပင်လျှင် သဘာဝ စွမ်းအင် ကုန်ခန်းမည်ကို စိုးရိမ်ရပေသည်။ သူတို့က နောက်ပိုင်း ပြင်းထန်သော တိုက်ပွဲများအတွက် လုံလောက်သော ကံစွမ်းအားများကို စုဆောင်း ရပေမည်။

ရီဖူရှင်းကလည်း ရှေ့ကို ဆက်သွားနေသည်။ သို့သော် သူက ကိုယ်ပိုင်စွမ်းအားများကို အသုံးမပြုပေ။ သိုင်းပညာ ကံစွမ်းအားများက  သူ၏ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေကာ သူ့အား ကာကွယ်ထားသည်။ အားကောင်းသော သားရဲတစ်ကောင်က သူ့ထံ ခုန်အုပ်သည်နှင့် ရီဖူရှင်းက လက်ဝါးဖြင့် ဆီးရိုက်သည်။ သူ၏လက်ဝါးက နဂါးတစ်ကောင်အလား ရှေ့ကို ပြေးဝင်သွားသည်။ ဘန်းခနဲ မြည်သံနှင့်အတူ သားရဲ အမှုန့်ဖြစ်သွားသည်။ ထိုအရာများက ကံစွမ်းအားများ အဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်းထံတွင် လာရောက် စီးဆင်း၏။

နောက်ထပ် ဝံပုလွေတစ်ကောင်က ရီဖူရှင်းထံကို ခုန်အုပ်ပြန်သည်။ သူ၏မျက်လုံးများက မီးရောင် တလက်လက် ထနေသည်။

ရီဖူရှင်းက  ခန္ဓာကိုယ်ကို တစ်စောင်းလှည့် လိုက်သည်။ သူ၏လက်ဝါးကလည်း လေထုကို ဓားတစ်လက်အလား ခွင်းသွား၏။ ခဏချင်းတွင် ဝံပုလွေ နှစ်ခြမ်း ဖြစ်သွားသည်။ ရီဖူရှင်း၏လက်ဝါးက ရွှေရောင်များ လင်းလက်နေကာ နတ်ငှက်၏ သားမွေးအလား ထက်ရှနေသည်။ သူက ရှေ့ကို ဆက်သွားကာ တိုက်ခိုက်သည်။ ထိုစဉ် သူ့ရှေ့ကို လင်းလက် တောက်ပသော အရိပ်တစ်ခု ဖြတ်ပြေး သွားသည်။ သူက မော့ကြည့်လျှင် ကြီးမားသော သတ္တဝါဆန်း တစ်ကောင် ဖြတ်သန်းကာ ပျံသန်း သွားသည်ကို တွေ့ရသည်။ သူ ဖြတ်သွားသမျှ နေရာတိုင်းမှ သားရဲများ အားလုံး သေဆုံးသွားကြသည်။ သူက မော့ကြည့်လျှင် သတ္တဝါဆန်း၏ နောက်ကျောတွင် လှပသော မိန်းမပျို တစ်ယောက်ကို မြင်သည်။ သူမကား ချိန်ယုံဖြစ်သည်။ သူမ၏နတ်သမီး ဓားချက်က သားရဲများထံမှ ကံစွမ်းအားများ အားလုံးကို ယူဆောင် သွားသည်။ သူမက ခဏချင်းတွင် ထိုနေရာ တစ်ခုလုံးကို ရှင်းလင်းပစ်၏။

ချိန်ယုံက ရှေ့ကို ဆက်မသွားခင် နောက်လှည့်ကာ ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ သူမကား သိုင်းပညာ ကံစွမ်းအားကို စုဆောင်းရာတွင် မြန်ဆန်လွန်း လှသည်။

ရီဖူရှင်း အေးစက်သွားသည်။ လျှို့ဝှက်ဘုံကား ထိပ်သီးကျောင်းသုံးကျောင်းမှ တပည့်များအတွက် မျှတသည်ဟု ပြောရမည်။ တန်ခိုးအဆင့်တိုင်းမှ လူများက တစ်နေရာရာတွင် သတ်သတ်စိန်ခေါ်မှုများကို ရှာဖွေလေ့ရှိကြသည်။ သို့သော် အားကောင်းသော နောက်ခံရှိသူများက ပိုမို၍ အလေးသာပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset