သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံရှေ့တွင် ဝင်ပေါက်ကြီး တစ်ခု ရှိသည်။ ဝင်ပေါက် ရှေ့တွင်ကား လွန်စွာ ကြီးမား ကျယ်ပြန့်သော တံတားကြီးတစ်ခု ရှိ၏။ ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များက ထိုတံတားမှ ဖြတ်သန်း သွားကြရမည် ဖြစ်သည်။
သိုင်းပညာ ကံစွမ်းအား ဘုံတံခါးမှ လွန်စွာ အားကောင်းသော ဖိအားလှိုင်းများ ပျံ့လွင့်လာနေကာ တံတားအား ဖုံးအုပ်ထားသည်။ တံတား၏ တစ်ဖက် တစ်ချက်တွင် ထိပ်သီးကျောင်း သုံးကျောင်းမှ တန်ခိုးရှင်များက စောင့်ကြပ် နေကြသည်။ လေထဲတွင် ထိပ်သီးကျောင်း သုံးကျောင်းမှ ရှီတန်ခိုးရှင်များ ပေါ်လာကြ၏။ သူတို့က အားကောင်းသော ရှီအသိများအား တံတားပေါ်သို့ ထုတ်လွှင့်ကာ တံခါးပေါက်မှ ပျံ့လွင့်လာသော ဖိအားများကို ရင်ဆိုင် ပေးကြသည်။
ကြီးမားသော လူအုပ်ကြီးက တံတားပေါ်မှ တစ်ဆင့် လျှို့ဝှက်ဘုံထဲသို့ အဆက်မပြတ် ဝင်ရောက်ကြသည်။ နောက်ဆုံးတွင် လျှို့ဝှက်ဘုံ အရှေ့မှ မြေကွက်လပ်ကြီးတွင် တစ်ယောက်မှ မကျန်တော့ဘဲ အားလုံးက အထဲကို ရောက်ရှိ သွားကြတော့သည်။ ပရိသတ်များက သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံ တံခါးကို ကြည့်ကာ ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များ မည်သို့ စွမ်းဆောင် နိုင်မည်ကို တွေးတော နေကြသည်။
ဘယ်သူက အမြင့်ဆုံး ရောက်နိုင်မည်နည်း။
“စီနီယာများ… ကျွန်တော်ကလည်း သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံထဲကို ဝင်လိုပါတယ်… ဒါက အဆင်ပြေပါသလား…” လူအုပ်ထဲမှ တစ်ယောက်က ထွက်လာကာ ထိပ်သီးကျောင်း သုံးကျောင်းမှ တန်ခိုးရှင်များကို မေးသည်။
“မင်းက ဝင်နိုင်စွမ်းရှိရင် ဝင်လို့ရတယ်… ဖြစ်လာသမျှက ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ…” ထိပ်သီးကျောင်း သုံးကျောင်းမှ အကြီးအကဲ တစ်ယောက်က ထူးမခြားနားစွာ ပြောသည်။ နှစ်စဉ် နှစ်တိုင်း သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံ ဖွင့်လှစ်တိုင်း ကံစမ်းကာ ဝင်ရောက်လိုသော လူများလည်း အနည်းနှင့် အများ ရှိပေသည်။
ရီဖူရှင်း၏ မျက်ခုံးက မြင့်တက် သွားသည်။ လို့လန်ရွှီ ပြောသကဲ့သို့ပင် သူတို့က ကိုယ့်ဘာသာ ဝင်ရောက်နိုင်ကာ ထိပ်သီးကျောင်း သုံးကျောင်းက ဝင်ရောက် စွက်ဖက်မည် မဟုတ်ပေ။ ပုံမှန်အားဖြင့် ကိုယ့်ဘာသာ ဝင်ရောက်သူများက အောင်မြင်လေ့မရှိပေ။ ကိုယ်တိုင် ဝင်နိုင်စွမ်း ရှိလျှင်လည်း ထိပ်သီးကျောင်း သုံးကျောင်းအတွက် ဆုံးရှုံးစရာ မရှိပေ။
မည်သို့ဆိုစေ သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံကား ထိပ်သီးကျောင်း သုံးကျောင်းမှ လူငယ်မျိုးဆက်များ အတွက် လေ့ကျင့်ရေးကွင်း ဖြစ်သည်။ ထိပ်သီးကျောင်း သုံးကျောင်း၏ ခွင့်ပြုချက်ရလျှင် လူအများအပြားက တံတားပေါ်သို့ ပြေးလွှား သွားကြသည်။ သို့သော်လည်း သူတို့က တံတားပေါ်သို့ ခြေချမိသည်နှင့် ကြောက်မက်ဖွယ် ဖိအား အဟုန်က သူတို့ထံ ဆင်းသက် လာသည်။ ရှေ့ဆုံးမှ လူကား တစ်လှမ်းမျှသာ လှမ်းလိုက်ရပြီး သွေးများ အန်ကာ နောက်ကို လွင့်စဉ် သွားသည်။
ထိပ်သီးကျောင်း သုံးကျောင်းမှ တန်ခိုးရှင်များက ထိုမြင်ကွင်းကို သည်အတိုင်း ကြည့်နေကြသည်။ သူတို့က ဤကဲ့သို့ မြင်ကွင်းမျိုးအား မရေမတွက် နိုင်အောင် မြင်ဖူးပြီး ဖြစ်သည်။ သာမန်လူများက တံတားကို ဖြတ်ရန် မလွယ်ကူပေ။ မဟုတ်လျှင် ထိုလူများက ရှီအဆင့် သိဒ္ဓိဝင် လက်နက်ကို သုံးနိုင်သော ထိပ်သီးကလန်များမှ ပါရမီရှင်များဖြစ်မှ အခွင့်အရေး ရှိနိုင်ပေသည်။ သို့သော်လည်း ထိပ်သီးကလန်များမှ လူငယ်များက ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်ရောက် လေ့ကျင့်ကြရာ သူတို့က ရှီအဆင့် တန်ခိုးရှင်များ၏ ကာကွယ်မှုဖြင့် အလွယ်တကူ ဝင်ရောက်နိုင်သည်။
ထိုစဉ် လူတစ်စုက လူအုပ်ထဲမှ ထွက်လာလျှင် အားလုံးက စိတ်ဝင်တစား ကြည့်ကြသည်။
“အစ်ကိုဖူရှင်း…” လောင်လင်းအာက အံ့အားသင့် သွားသည်။ အစ်ကိုဖူရှင်းကလည်း လျှို့ဝှက်ဘုံထဲကို ဝင်ရောက် လိုသည်လား…။ သို့သော် သူက ထိပ်သီးကျောင်း သုံးကျောင်းကို မဝင်ရောက်လိုရာ မည်သို့ လျှို့ဝှက်ဘုံထဲသို့ ဝင်ရောက်မည်နည်း။
“အမေ… အစ်ကိုဖူရှင်းကို နည်းလမ်း တစ်ခုလောက် စဉ်းစားပြီး ဘာလို့ မကူညီပေးတာလဲ…” လောင်လင်းအာက သခင်မလောင်ကို ကြည့်ကာ မေးသည်။
သခင်မလောင် ကလည်း ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်သည်။ သူမ၏အမြင်တွင် ရီဖူရှင်းက မျက်ကန်းသဖွယ် မာနကြီး မောက်မာသူ မဟုတ်ပေ။ သူက တံတားပေါ်မှ ရှီစွမ်းအားကို ခံစားကြည့်လိုသည် များလား…။ မှန်သည်… သူက ထိုသို့ စမ်းကြည့်ခြင်းက ပြဿနာ မရှိပေ။ ရီဖူရှင်းကို ကူညီရန်ကား ကြယ်မင်းကျောင်းမှ အကြီးအကဲများစွာက သည်နေရာတွင် ရှိနေရာ သူမအတွက် ခက်ခဲပေသည်။
လက်ရှိတွင် ကြယ်မင်းကျောင်းမှ လူများကလည်း ရီဖူရှင်းကို သတိထားမိကြသည်။ တချို့ဆိုလျှင် လှောင်ပြောင် ရယ်မောကြ၏။ လူငယ်တချို့က သူတို့၏ ထူးခြား ကောင်းမွန်သော ပါရမီများကြောင့် မောက်မာကာ လေးစားမှု ကင်းမဲ့ကြသည်။ သို့သော်လည်း သူတို့က ကျရှုံးမှုနှင့် ကြုံရသောအခါမှ သူတို့က အမှန်တကယ် အရှက်တကွဲ ဖြစ်ကြရ၏။
ယခုကား ရီဖူရှင်း၊ ယူချင်း၊ ရီဝူချင်း၊ လို့လန်ရွှီနှင့် သိမ်းငှက်နက်တို့က တံတား အစပ်နားကို ရောက်လာကြသည်။ ရီဖူရှင်းက ပြောသည်… “မင်းတို့ စောင့်နေ… ငါအရင် စမ်းကြည့်လိုက်မယ်…”
ထို့နောက် ရီဖူရှင်းက တံတားပေါ်သို့ တက်လိုက်သည်။
ချက်ချင်းပင် ကြောက်မက်ဖွယ် အသိစွမ်းအား တစ်ခုက သူ၏ခေါင်းထဲကို တိုးဝင်လာသည်။ သူ၏ စိတ်သဏ္ဌာန်ထဲတွင် နတ်ဘုရားအလား ပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ သူ့အား နင်းခြေရန် ကြိုးစားသည်။
ရှီအသိ…။ ရီဖူရှင်းက မျက်လုံးကို မှိတ်လိုက်သည်။ နတ်ဘုရားအသွင် လူက သူ၏ စိတ်နယ်ပယ်ထဲမှ အရာအားလုံးကို ဖျက်ဆီးကာ သူ၏ စိတ်အသိအား ဝါးမျိုရန် ကြိုးစားသည်။ သူတို့၏ အဆင့်ကွာဟချက်က ကြီးမားလွန်းရကား အကြည့် တစ်ချက်က သူ၏စိတ်ဝိညာဉ်အား ဖျက်ဆီးတော့မည်ကဲ့သို့ ခံစားရသည်။
ရီဖူရှင်း၏ စိတ်ထဲတွင် မြင့်မြတ်သော အရောင်အဝါများက တစ်ဖက်လူ၏ ဖျက်ဆီးအားကို ခုခံကာ သူ၏ စိတ်အသိအား ကာကွယ် ပေးထားသည်။
“သူက နောက်မဆုတ်ဘူး… သေမှာ မကြောက်ဘူးလား…” လေထဲမှ အကြီးအကဲ တစ်ယောက်က ပြောသည်။ ထိုလူက များများ ခုခံရန် ကြိုးစားလေလေ အကျိုးဆက်က ဆိုးဝါး ပြင်းထန်လေလေ ဖြစ်သည်။ ရှီအသိကို ခုခံရန် ကြိုးစားခြင်းကား သေကြောင်းကြံခြင်း ဖြစ်သည်။
နိုဘယ် တန်ခိုးရှင်များပင် ရှီအသိကို ခုခံရဲမည် မဟုတ်ပေ။ ထိုအချိန်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ရောင်စဉ်ခုနစ်ခု စတင် ထွန်းလင်းလာသည်။ အားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်ကြသည်။
ထိုအရာကား ထိပ်သီး ပါရမီရှင်များတွင်သာ ရှိသော အသန့်စင်ဆုံးသော နိုဘယ်အသိများ ဖြစ်ကြသည်။ သူက ထိုအရာများဖြင့် ရှီအသိကို ခုခံမည်လား…။
“ဓာတ်စွမ်းအင် မျိုးစုံ နိုဘယ်အသိ…” အကြည့်များစွာက ရီဖူရှင်းထံကို ရောက်နေသည်။ ကြည့်ရသည်မှာ သူက မှော်ဂီတပညာရှင်သာ မဟုတ်ဘဲ ကြောက်မက်ဖွယ် ပါရမီမြင့်သော ဓာတ်စွမ်းအား မျိုးစုံသုံး မှော်ဆရာလည်း ဖြစ်သည်။
သခင်မလောင်ကလည်း ထိတ်လန့်သွားဟန် ရ၏။ သူမက ရီဖူရှင်းကို အထင်သေးမိပြီ။ သူက ဘယ်လောက် နောက်ခံ အင်အားမဲ့ပါစေ အလွန် မာနကြီးသည်မှာ မထူးဆန်းတော့။
ထိုအခိုက်တွင် လူတိုင်း၏ အကြည့်အောက်တွင် ရီဖူရှင်းက ရှေ့ကို နောက်တစ်လှမ်း ထပ်လှမ်းလိုက်သည်။ အားလုံးက သူ့အား မျက်တောင် မခတ်တမ်း ကြည့်နေကြသည်။ သူက လျှို့ဝှက်ဘုံသို့ အတင်း ဝင်ရောက် တော့မည်လော။
ယခု ရီဖူရှင်းက သူ၏စိတ်အသိကို ကာကွယ်ထားသော ဧကရာဇ်အသိကို တဖြည်းဖြည်း အားနည်းသွားစေကာ ရှီအဆင့်ဖိအားကို သူ၏ နိုဘယ်အသိဖြင့် ခုခံရန် ကြိုးစားကြည့်သည်။ သူ၏ နိုဘယ်အသိ စွမ်းအားက မြန်ဆန်စွာ လောင်ကျွမ်း သွားနေကာ နောက်ဆုံး နိုဘယ်အသိက မီးစာကုန်ဆီခန်း အခြေအနေသို့ ရောက်လာသည်။ သူက တံတား၏ တစ်ဝက်ခန့်ကို ရောက်လာနေပြီး ဖြစ်သည်။
ထိုအကွာအဝေးက လူအများကို အေးခဲစေသည်။ အကာနာအဆင့် တန်ခိုးရှင် တစ်ယောက်က နိုဘယ်အသိဖြင့် တံတား အလယ်သို့ အထိ သွားနိုင်သည်။ သူက ရှေ့ကို ဆက်သွား နိုင်သေးသလော။
သို့သော် ရီဖူရှင်းက ခြေလှမ်း မတည်မငြိမ်ဖြင့် နောက်ကို လွင့်စဉ် လာပုံရ၏။ ချက်ချင်းပင် သူက တံတား အပြင်ဘက်ကို ပြန်ရောက် လာသည်။
“သူက ကျရှုံး သွားတာလား…” လူအုပ်က သူ့ကို စူးနစ်စွာ ကြည့်ကြသည်။ ရီဖူရှင်းကား လုံးဝ ဒဏ်ရာရခြင်း မရှိပေ။ ထိုအဖြစ်က လွန်စွာ ရှားပါး ဖြစ်စဉ်ပင်။
လေထဲတွင် ထိပ်သီးကျောင်း သုံးကျောင်းမှ တန်ခိုးရှင်များက မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ မည်သူမှ လှောင်ပြောင် သရော်ခြင်း မရှိကြတော့ပေ။ ထိုမျှအထိ ဝင်ရောက် သွားနိုင်ကာ ဒဏ်ရာ မရခြင်းက သူ၏ရူးသွပ်ဖွယ် ပါရမီကို ပြသနေ၏။
“ဒီလို အလားအလာနဲ့ သူက ဒီလောက် မာနကြီးတာ မထူးဆန်းဘူး… ဒါပေမဲ့ ဒီအတွက်ကြောင့်ပဲ သူ့တိုးတက်မှုက နှေးကွေး သွားလိမ့်မယ်…” ကြယ်မင်းကျောင်းမှ အကြီးအကဲ တစ်ယောက်က သက်ပြင်းချသည်။ ရီဖူရှင်း၏ပါရမီက အလွန် မြင့်မားသည်ကို သူက ဝန်ခံရ၏။
ရီဖူရှင်းက သူ၏မူလနေရာကို ပြန်ရောက် လာသောအခါ တခြားလူများ ဘာတွေးနေသည်ကို သူ ဂရုမစိုက်တော့ပေ။ သူက ယူချင်းကို ကြည့်ကာ ပြောသည်… “ငါတို့ရဲ့ နိုဘယ်အသိ စွမ်းအားကို သုံးပြီး ရှီအဆင့် လက်နက် အထောက်အပံ့နဲ့ဆို ငါတို့က အထဲကို ဝင်လို့ ရနိုင်တယ်… စမ်းကြည့်ရအောင်…”
“ဒါဆိုလည်း စမ်းကြည့်ကြမယ်…” ရီဝူချင်းက ခေါင်းညိတ်ကာ ပြောသည်။
“ကောင်းပြီ…” ကျန်လူများကလည်း သဘောတူကြသည်။
သူတို့၏ ရတနာတချို့ကို ထုတ်ဖော်ရမည် ဖြစ်သော်လည်း သိုင်းပညာ ကံစွမ်းအင် လျှို့ဝှက်ဘုံကား ထူးခြား ဆန်းကြယ်သော နေရာဖြစ်ကာ ထိုမျှ ရင်းနှီးရခြင်းက ထိုက်တန်ပေသည်။ နတ်ဗိမာန် အိမ်တော်ပိုင်ရှင် တစ်ယောက်က အလွန် ကြွယ်ဝ ချမ်းသာသည်ဟု ပြောနိုင်ကာ ထိုမျှလောက်သော ရတနာများကို ထုတ်ဖော်ခြင်းက ပြဿနာ မရှိနိုင်ပေ။
“သွားစို့…” ရီဖူရှင်းက ကြေညာသည်။ ချက်ချင်းပင် ကျန်လူများ၏ ခန္ဓာကိုယ်မှ သန့်စင်ဆုံးသော နိုဘယ်အသိများ မွေးဖွားလာကြကာ သူတို့က တံတားထံသို့ လျှောက်သွား လိုက်ကြသည်။
အားလုံးက စိတ်ဝင်စားစွာ ကြည့်နေကြသည်။ ရီဖူရှင်းက နောက်တစ်ဖန် ကြိုးစားပြန်သည်။ ခုနက သူက ရှီစွမ်းအင် ဖိအားကို မည်မျှအထိ ခံနိုင်သည်ကို စမ်းသပ်ဟန် ရသည်။
ထိုအခိုက်တွင် ရီဝူချင်းထံမှလည်း နိုဘယ်ဓားအသိ ဖြာထွက်လာကာ လေထုက ထက်ရှသွားဟန် ရသည်။ သူက ရှေ့ကို တစ်လှမ်းပြီး တစ်လှမ်း တက်သွားသည်။
လို့လန်ရွှီ၏ သက်စောင့်ဝိညာဉ် ထွက်ပေါ်လာကာ သူမ၏ သက်စောင့်ဝိညာဉ်ထဲတွင် ရှီအဆင့် ရေခဲစာအုပ် ပေါ်လာပြီး အဖြူရောင် အလင်းတန်း များစွာက သူမအား ရစ်ပတ်ထားသည်။
ယူချင်း၏ ခြေလှမ်းများက ကြီးမားလေးလံပြီး တည်ငြိမ်စွာ တစ်လှမ်းချင်း လှမ်းနေသည်။ သူ့အား နတ်ဆိုးတစ်ကောင် ပူးကပ်ထားသလို နိုဘယ်အသိနှင့်အတူ ကြောက်မက်ဖွယ် စွမ်းအင် အငွေ့အသက်များက သူ့အား ရစ်ပတ် စီးဆင်းနေ၏။
သိမ်းငှက်နက်၏ မျက်လုံးများက လုံးဝ နက်မှောင်နေသည်။ သိမ်းငှက်နက်ကား ရီဖူရှင်း၏ ဧကရာဇ် အသိကို ခွဲဝေယူထားကာ သူ၏မိစ္ဆာအသိဖြင့် ပေါင်းစပ်ထားသည်။
“ဝူချင်း… လို့လန်…” ရီဖူရှင်းက အော်လိုက်သည်နှင့် ရီဝူချင်းက သူ၏ဓားကို ဆွဲထုတ်လိုက်သည်။ သူ၏နောက်ကျောတွင် ဓားနှစ်လက်ရှိကာ တစ်လက်က နာမည်ကျော် ဓားအယ်ကိုင်း ဖြစ်သည်။ ထိုဓားက ဖူယွန်ဓားကလန် ခေါင်းဆောင်က ချင်ပြည်ထောင်ထံမှ ရခဲ့သော ဓားဖြစ်ပြီး သူသေဆုံး သွားသောအခါ ရီဖူရှင်း၏ လက်တွင်းသို့ ကျဆင်း လာခဲ့သည်။ ရီဖူရှင်းက ထိုဓားအား ရီဝူချင်းကို ပေးခဲ့၏။
ဓားကို ထုတ်ဖော် လိုက်သည်နှင့် ဓားကွန်ချာ တစ်ခုဖြစ်လာကာ သူတို့အားလုံးကို လွှမ်းခြုံသွားသည်။ လို့လန်ရွှီ၏ ရတနာ စာအုပ်ကလည်း တူညီစွာပင် အလင်းရောင်များ ဖြာထွက်လာကာ သူတို့အားလုံးကို ရစ်ပတ်သွားသည်။
သူတို့က ဝင်္ကပါတစ်ခု ပုံစံအလား သိမ်းငှက်နက်၏ နောက်ကျောပေါ်သို့ တက်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်း၏ နိုဘယ်အသိကလည်း ကွန်ချာထံသို့ ပျော်ဝင် ပေါင်းစပ်သွား၏။ သိမ်းငှက်နက်က အလင်းတန်းအလား သူ၏မျက်လုံးများမှ မိစ္ဆာ အငွေ့အသက်များ လောင်ကျွမ်းလျက် လေထုကို ထွင်းဖောက် ပျံသန်း သွားသည်။
ပုံမှန်အားဖြင့် တံတားက သိပ်မရှည်ပေ။ သိမ်းငှက်နက်၏ အမြန်နှုန်းဖြင့် သူတို့က အလင်းတန်းအလား ပြောင်းလဲသွားကာ ဝင်ပေါက်သို့ တိုးဝင် သွားကြသည်။ ရှီစွမ်းအင် ဖိအားများက သူတို့ထံတွင် ပိုမို အားကောင်းစွာ ကျဆင်းလာသလို သူတို့အား ရစ်ပတ်ထားသော ကွန်ချာကလည်း ပိုမို လင်းလက်လာပြီး စက္ကန့်ပိုင်း အတွင်းတွင်ပင် သူတို့က ဝင်ပေါက်အား ဖြတ်ကျော်ကာ ပျောက်ကွယ် သွားကြသည်။
အပြင်ဘက်မှ လူများက ထိုမြင်ကွင်းကို ကြည့်ကာ ငေးမော နေကြသည်။ ဘာဖြစ်သွားသနည်း။ ထိုမျှ ရိုးရှင်းသည်လား။ ထိုအရာက ရှီအဆင့် လက်နက်များ ကြောင့်လား။
သခင်မလောင်ပင် မယုံကြည်နိုင်စွာ ကြည့်သည်။ ရီဖူရှင်းက ထိပ်သီးကျောင်း သုံးကျောင်းကို မဝင်ရောက်ဘဲ လျှို့ဝှက်ဘုံသို့ တက်လှမ်း သွားနိုင်သည်။
***
လက်ရှိတွင် လျှို့ဝှက်ဘုံထဲတွင် ရီဖူရှင်းတို့အဖွဲ့ ပေါ်လာသည်။ အမှန်အားဖြင့် သူတို့က အလွယ်တကူ ဝင်ရောက်နိုင်စွမ်း ရှိပေသည်။ သူတို့က သည်မျှ အားထုတ်ကာ ဝင်ရောက်ခြင်းက သူတို့တွင် ရှိသော ရတနာများကို ထုတ်ဖော် ပြသလိုခြင်း မရှိသောကြောင့် ဖြစ်သည်။
ထိုအရာများ အားလုံးကို မေ့ထားရင်းက ရီဖူရှင်းက ရှေ့ကို ကြည့်သည်။ များစွာသော ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များက တက်ကြွစွာဖြင့် ရှေ့ကို သွားနေကြသည်။
သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံကား ကောင်းကင် နန်းတော်နှင့် အလားသဏ္ဌာန်ရကာ ရှေ့ကို သွားလေလေ သတ်မှတ်ထားသော အမြင့်တစ်ခုကို ရောက်တိုင်း အစဉ်အတိုင်း အဆင့်များ ခွဲခြားထားသည်။ အဝေးကို မျှော်ကြည့်လျှင် ကောင်းကင်တွင် အလွှာများစွာကို ရေးရေးမျှ မြင်ရသည်။
ထိုနေရာများက လျှို့ဝှက်ဘုံ၏ အဆင့်ကိုးဆင့် ဖြစ်ရပေမည်။
လက်ရှိ သူတို့ ရောက်နေသော နေရာကား သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံ၏ ပထမထပ် အစပ်နားဖြစ်သည်။ လေထဲတွင် မမြင်ရသော စွမ်းအားများ ပေါလော မျောနေသည်ကို တွေ့ရ၏။ ရှေ့မှလူတချို့က နောက်ကို ကြည့်မိလျှင် ရီဖူရှင်းတို့ကို မြင်ကာ ထိတ်လန့် ကြရသည်။
ဝမ်ယွီချန်းကား နောက်ဆုံးတွင် လမ်းလျှောက်နေကာ ရီဖူရှင်းတို့ကို မြင်လျှင် အေးခဲသွားသည်။ သူက ဘယ်လို ဝင်လာတာလဲ…။ သို့မဟုတ်လျှင် သူက ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်ရောက်ခဲ့သောကြောင့် သည်နေရာကို ဝင်ခွင့်ရခဲ့သည် များလား။ သူက ဘယ်ကျောင်းကို ရွေးချယ်ခဲ့သလဲ…။
***