Switch Mode

အပိုင်း(၄၅၇)

ထိပ်သီးကျောင်းသုံးကျောင်းစုဝေးခြင်း

ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များ လာရောက် ဆူပူပြီး နောက်ပိုင်း နတ်ဗိမာန် အိမ်တော်က တစ်ဖန် တိတ်ဆိတ် ငြိမ်သက် သွားသည်။

ရီဖူရှင်းက သူ၏ အဆောင်ထဲတွင် ကု့ချင်း တီးခတ်ခြင်း၊ သိုင်းပညာ လေ့ကျင့်ခြင်းများဖြင့် အချိန်ကုန်ဆုံး နေသည်။ လို့လန်ရွှီကလည်း တစ်ခါတစ်ရံ အပြင်ကို ထွက်ကာ တန်ခိုးကျင့်ရာတွင် အထောက်အကူ ဖြစ်သော ဆေးမြစ် ဆေးရွက်များ ထွက်ဝယ်လေ့ရှိသည်။ သူတို့အားလုံးက တဖြည်းဖြည်း တိုးတက် နေကြ၏။

ရီဖူရှင်းကလည်း ဤရည်ရွယ်ချက်ဖြင့် မိုးမြေ ကောင်းကင်မြို့ကို လာရောက်ခြင်း ဖြစ်သည်။ မြေရိုင်းဒေသ၏ အရှေ့ဘက်နယ်တွင် သူတို့က တန်ခိုးအဆင့်များ မြှင့်ကာ နိုဘယ်အဆင့်သို့ တက်လှမ်းမည်။ တခြားကိစ္စများ အားလုံးကို ခေတ္တခဏ ဘေးချိတ်ထားသည်။ သူက နိုဘယ်အဆင့်ကို ရောက်သောအခါ ရွေးချယ်စရာ ပိုများလာလိမ့်မည်။ သူက မိုးမြေ ကောင်းကင်မြို့တွင် ဆက်လက် လေ့ကျင့်နိုင်သလို တခြား နေရာများသို့လည်း စွန့်စားခန်းများ ထွက်နိုင်သည်။ အကာနာ အဆင့်ဖြင့် မြေရိုင်းဒေသကို ခရီးသွားခြင်းကား မလွယ်ကူပေ။

သည်ရက်ပိုင်း လောင်လင်းအာကလည်း ရီဖူရှင်းထံ မကြာမကြာ လာလည်၏။ ရီဖူရှင်းက သူမအား ကု့ချင်း လေ့ကျင့်ရာတွင် ညွှန်ကြား ပြသပေးလေ့ ရှိသည်။ လက်ရှိတွင် လောင်လင်းအာက ရီဖူရှင်း ကု့ချင်း တီးခတ်နေသည်ကို ဘေးမှ တိတ်ဆိတ်စွာ နားထောင်နေသည်။

သံစဉ်က နောက်ဆုံး ရပ်တန့်သွားသည်။ လောင်လင်းအာက ရီဖူရှင်းက ရပ်လိုက်သည်တွင် ချစ်စဖွယ် ပြုံးလျက်      မေးသည်… “အစ်ကိုဖူရှင်း… ရှင်တီးတဲ့သံစဉ်ကို လင်းအာ နားထောင်တိုင်း ကု့ချင်းသံစဉ်က ဖန်တီးတဲ့ အိပ်မက်ကမ္ဘာထဲကို လင်းအာက ကျဆင်းသွားတာပဲ… လင်းအာက အဲဒီအဆင့်ကို ဘယ်တော့ ရောက်မလဲ…”

“လေ့ကျင့်ခြင်းက ပြီးပြည့်စုံစေတယ်… မင်းက ပိုပြီး လေ့ကျင့်လေလေ ပိုပြီး နားလည်လေလေပဲ… ငါက ကု့ချင်းကို စပြီး လေ့လာတုန်းက မင်းအခု အသက်ထက် တစ်နှစ်တောင် ကြီးသေးတယ်…” ရီဖူရှင်းက ပြောသည်။

“ရှင်က လိမ်နေပြန်ပြီ…” လောင်လင်းအာက သံသယ မျက်လုံးများဖြင့် ကြည့်သည်။ လေ့ကျင့်ခြင်းဖြင့် ပြီးပြည့်စုံလျှင် ပါရမီက လိုသေးလို့လား…။

ရီဖူရှင်းက သူမအား ဒေါသတကြီး ကြည့်သည်။ သည်မိန်းကလေးကား အမှန်ပင် အပိုးမကျိုးပေ။

“အစ်ကိုဖူရှင်း … အမေက လင်းအာကို သတ်မှတ်ချက် တစ်ခု ပေးထားတယ်… အဲဒါကို လင်းအာက တစ်နှစ်အတွင်း မလုပ်နိုင်ရင် နောက်နှစ်မှာ ကြယ်မင်းကျောင်းကို ဝင်ကို ဝင်ရမယ်တဲ့…” လောင်လင်းအာက မကျေမနပ် ပြောသည်။

“ကြည့်ရတာ မင်းက ဒီထက် ကြိုးစား လေ့ကျင့် ရတော့မည့်ပုံပဲ…” ရီဖူရှင်းက ပြုံးလျက် ဆက်ပြောသည်… “မင်းက မလုပ်နိုင်ရင် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်တော့… မင်းရဲ့ အမေစကားကို နားထောင်ပြီး ကျောင်းမှာ သွားလေ့ကျင့်…”

“အင်း…” လောင်လင်းအာက ညှိုးငယ်စွာ ပြောသည်။ သူမက လိုလားပုံ မရပေ။

“မင်းက အပြင်ထွက်လာတာ ကြာနေပြီ… ပြန်တော့…” ရီဖူရှင်းက သူမ၏ဆံပင်များကို ကိုင်ကာ ပြောသည်။

လောင်လင်းအာက ရီဖူရှင်းအား တွန်းလိုက်ပြီးမှ ထရပ်သည်… “သိတယ်… သိတယ်… အစ်ကိုဖူရှင်းနဲ့ လင်းအာက ဘာမှ မပတ်သက်ဘူး…” ထို့နောက် သူမက အဆောင် အပြင်ဘက်ကို ထွက်သွားတော့သည်။

ရီဖူရှင်းက မသက်မသာ ပြုံးကာ ခေါင်းယမ်းသည်။ ထို့နောက် သူက နောက်လှည့်ကာ လှမ်းခေါ်သည်… “လို့လန်…”

မကြာမီ လို့လန်က ရီဖူရှင်း၏ အဆောင်ထဲကို ဝင်လာသည်။ ရီဖူရှင်းက သူမအား ပြောသည်… “ငါမှတ်ထားတဲ့အတိုင်း ဆိုရင် မနက်ဖြန်က သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံဖွင့်တဲ့နေ့မလား…”

“ဟုတ်တယ်…”လို့လန်ရွှီက ခေါင်းညိတ်သည်။

“ငါမင်းကို စုံစမ်းခိုင်းထားတာရော…” ရီဖူရှင်းက မေးသည်။

“အင်း…” လို့လန်ရွှီက ခေါင်းညိတ်ကာ ရှင်းပြသည်… “သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံက မိုးမြေကောင်းကင်မြို့ရဲ့ အလယ်ဗဟိုမှာ ရှိတယ်… ကောလာဟလတွေအရ မိုးမြေ ကောင်းကင်မြို့က လျှို့ဝှက်ဘုံကို အခြေပြုပြီး ဆင့်ကဲ ချဲ့ထွင်ရင်း မြို့ဖြစ်လာတာတဲ့… အခုထိ သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံကို ထိပ်သီးကျောင်း သုံးကျောင်းက ထိန်းချုပ် စောင့်ကြပ်တယ်…”

“ကျွန်မတို့က လျှို့ဝှက်ဘုံကို ဝင်မယ်ဆိုရင် ရှီအဆင့် တန်ခိုးရှင်က ကျွန်မတို့ကို အထဲကို ခေါ်သွားမှ ရမယ်… လျှို့ဝှက်ဘုံကို ကာရံထားတဲ့ အရံအတားက ရှီအဆင့် ဘိုးဘေးတွေ ပြုလုပ်ထားခဲ့တာ ဖြစ်ပြီး အထဲကို ဝင်ချင်ရင် သူတို့ရဲ့ ရှီစိတ်စွမ်းအားတွေကို ခံနိုင်ရည်ရှိဖို့ လိုတယ်… လူငယ်မျိုးဆက်တွေက ကိုယ့်သဘောနဲ့ကိုယ် ဝင်မယ်ဆိုရင် သူတို့က ရှီအသိတွေရဲ့ တိုက်ခိုက်မှုကြောင့် အသက် သေဆုံး သွားနိုင်တယ်…” လို့လန်ရွှီက ဆက်လက်၍ ရှင်းပြသည်… “ပြီးတော့ လျှို့ဝှက်ဘုံက ကိုးဆင့်ရှိပြီး သိုင်းပညာ ကံစွမ်းအား ကိုးဆင့်လို့ သိကြတယ်… အတွင်းပိုင်းကို ရောက်လေလေ ဝင်တဲ့လူအတွက် အကျိုးရှိလေလေပဲ… သမိုင်းတစ်လျှောက်မှာ ရာစုနှစ် အတွင်းမှာ နဝမဘုံကို ရောက်ဖူးတဲ့လူ တစ်ယောက်ပဲ ရှိခဲ့တယ်… သူက နှစ်ပေါင်း တစ်ထောင်အတွင်း အတော်ဆုံး ပါရမီရှင်လို့လည်း ပြောကြတယ်…”

“အဲဒါ ဘယ်သူလဲ…” ရီဖူရှင်းက မေးသည်။

“လောင်ရီထျန်း … လောင်လင်းအာရဲ့ ဦးလေး…” လို့လန်ရွှီက ဖြေသည်။

ရီဖူရှင်းက တွေးမိသည်။ သည်ကဲ့သို့ ပါရမီရှင်က မည်သို့ သေဆုံးခဲ့ရသနည်း။

“ဒါဆို ထိပ်သီးကျောင်း သုံးကျောင်းရဲ့ တပည့်အဖြစ်ကလွဲရင် တခြားနည်းနဲ့ သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံထဲကို ဝင်လို့မရဘူးပေါ့…” ရီဖူရှင်းက မေးသည်။ ထိုကိစ္စကိုသာ သူက စိတ်ပူသည်။

“ရှိတယ်… သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံကို ဝင်ဖို့ ရှီတန်ခိုးရှင်တွေက ကာကွယ်ပြီး လိုက်ပို့ဖို့ လိုတယ်… တကယ်လို့ အပြင်လူ တစ်ယောက် ယောက်က ကိုယ်တိုင်ဝင်ဖို့ ကြိုးစားရင် ဘယ်သူကမှ တားမှာ မဟုတ်ဘူး… ဒီလို သေကြောင်း ကြံတာမျိုးကိုလည်း ဘယ်သူကမှ အဖက်မလုပ်ဘူး…” လို့လန်ရွှီက ပြောသည်။

“နားလည်ပြီ… ပြင်ဆင်ထားလိုက်… မနက်ဖြန် ငါတို့ သွားကြမယ်…” ရီဖူရှင်းက ညွှန်ကြားသည်။ လို့လန်ရွှီက ခေါင်းညိတ်ကာ ထပ်မမေးတော့ပေ။ သူမက ရီဖူရှင်း ခိုင်းမျှကို လုပ်ဆောင်မည် ဖြစ်ကာ သူ၏ အကန့်ထက် ကျော်လွန်မည်လည်း မဟုတ်ပေ။ အချိန် ကြာလာသည်နှင့်အမျှ သူမက ဤသို့သော အခြေအနေကို အသားကျလာပြီး ဖြစ်ကာ ရီဖူရှင်းကလည်း ယခင်ကလို သူမအပေါ် ပြောဆို ဆက်ဆံရာတွင် တွန့်ဆုတ်နေခြင်း မရှိတော့ပေ။

ရီဖူရှင်းက ရင့်ကျက် လာသည်နှင့်အမျှ သူ၏ စိတ်နေ သဘောထားများ ကလည်း ပြောင်းလဲ လာသည်ကို သူမသိသည်။ သူ၏ပေါ့ပြက်ပြက် အမူအရာများလည်း ပျောက်ကွယ်သွားပြီး ဖြစ်ကာ သူ့ထံမှ တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းသော ယုံကြည်မှု ရှိသော ပုံစံကို မြင်လာရသည်။ သူကား ယခုမှ အကာနာ အဆင့်တွင် ရှိသေးသည်။ နောက်ပိုင်း နိုဘယ်အဆင့်ကို ရောက်လာသောအခါ မည်သို့ပုံစံ ဖြစ်မည်နည်း။ သို့မဟုတ် ရှီအဆင့်နှင့် တခြား အဆင့်များတွင်ရော…။ ရီဖူရှင်း၏ အနာဂတ်ကို သူမက မြင်တွေ့လိုသည်။ ထို့အတူ သူမတွင် ထိုသို့သော အခွင့်အလမ်းလည်း ရှိနေသည်။

***

သည်နေ့တွင် မိုးမြေကောင်းကင်မြို့က တစ်ဖန် စည်ကား သိုက်မြိုက် လာပြန်သည်။ နှစ်တိုင်း ထိပ်သီးကျောင်း သုံးကျောင်း၏ ဝင်ခွင့် အကဲဖြတ် စာမေးပွဲက ဦးစွာ မြို့ကို လှုပ်ခတ်စေပြီး ဒုတိယ သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံ ဖွင့်သည့်နေ့ဖြစ်သည်။

သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံကို ဝင်ရောက်ခြင်းဖြင့် ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များ၏ အလားအလာကို အကဲဖြတ်ခွင့် ရပေသည်။ သူတို့က မည်သည့်ဘုံ အဆင့်အထိ ရောက်ရှိ နိုင်သည်ကို ကြည့်ခြင်းဖြင့် သူတို့၏ အနာဂတ် အလားအလာကို သတ်မှတ်နိုင်သည်။ ထို့အတူ ထိပ်သီးကျောင်း သုံးကျောင်း အကြားလည်း ပြိုင်ဆိုင်မှုတစ်ခုဟု ပြောရမည် ဖြစ်သည်။

မှန်သည်… မိုးမြေကောင်းကင်မြို့မှ လူများက အဓိက တွေ့မြင်လိုသည်ကား ဘယ်သူက အဋ္ဌမအဆင့်နှင့် နဝမအဆင့်ကို တက်ရောက် နိုင်မည်ကိုပင်။

မိုးမြေကောင်းကင်မြို့၏ သမိုင်းတွင် အဋ္ဌမအဆင့်နှင့် နဝမအဆင့် အထိ တက်ရောက် နိုင်သူများကား နောင်တွင် မိုးမြေကောင်းကင်မြို့၏ ဩဇာ လွှမ်းမိုးနိုင်သော စွမ်းအားမြင့် တန်ခိုးရှင်များ ဖြစ်လာကြမြဲ ဖြစ်သည်။

မိုးမြေကောင်းကင်မြို့မှ လူများက ဤသို့သော အခွင့်အရေးကို မည်သို့ လက်လွှတ် မည်နည်း။ ထိပ်သီးကျောင်း သုံးကျောင်းက မြေရိုင်းဒေသ အရှေ့ဘက်နယ်မှ ပါရမီရှင်များ အားလုံးကို စုဆောင်းထားရာ ဘယ်သူက ထိပ်ဆုံးတွင် ရပ်နိုင်မည်ကို လူတိုင်းက တွေ့မြင်လိုကြသည်။

ယခု မိုးမြေကောင်းကင်မြို့ အလယ်ရှိ လျှို့ဝှက်ဘုံ အပြင်စည်းတွင် မရေမတွက် နိုင်သော လူများ စုစည်း နေကြသည်။ သို့သော်လည်း လျှို့ဝှက်ဘုံ၏ အရှေ့ဘက်နေရာကား ကွက်လပ်ကြီး ဖြစ်နေသည်။ ထိုနေရာကား ပုံမှန်အားဖြင့် ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များအတွက် ဖြစ်သည်။

လေထဲတွင် ဧရာမ လူပ်အုပ်ကြီးတစ်အုပ် ပေါ်လာသည်။ သူရိယနေမင်းကျောင်းမှ လူများ ရောက်ရှိ လာကြခြင်းပင်။ သူရိယနေမင်းကျောင်းမှ တပည့်များအပြင် များစွာသော စီနီယာများ အကြီးအကဲများလည်း လိုက်ပါလာကြသည်။ သူတို့အားလုံးက လူငယ်မျိုးဆက်များ၏ အရည်အချင်းကို တွေ့မြင်လိုကြသည်။

သူရိယနေမင်းကျောင်း ပြီးသည်နှင့် စန္ဒာငွေလမင်း ကျောင်းနှင့် ကြယ်မင်းကျောင်းတို့ ရောက်လာကြ၏။ မျက်လုံးတစ်မှိတ် အတွင်းတွင် ကျယ်ပြန့်သော မြေကွက်လပ်ကြီး၌ အကာနာအဆင့် လူငယ်များနှင့် ပြည့်နှက် သွားသည်။

သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံကား အကာနာအဆင့်မှ တန်ခိုးရှင်များအတွက် လေ့ကျင့်ရေးကွင်း တစ်ခုလည်း ဖြစ်သည်။

ကောင်းကင်တွင် များစွာသော သတ္တဝါဆန်းများ ပေါ်ထွက်လာသည်။ တစ်နေရာတွင် နဂါးကြီး တစ်ကောင်ကိုလည်း တွေ့ရ၏။ နဂါးပေါ်တွင်ကား လှပသော မိန်းမတစ်ယောက်က မြေပြင်ကို ကြည့်နေသည်။ လူအများအပြားက သူမအား လှမ်းကြည့်ကြသည်။ သူမကား အနောက်တောင်ကုန်း နဂါးကလန်မှ သခင်မလောင် ဖြစ်သည်။ သူမက လောင်မူ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်ကို လာရောက် ကြည့်ရှုခြင်းလည်း ဖြစ်သည်။

သူမ ဘာလို့ ရောက်လာသည်ကို အားလုံးက သိသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက လောင်ရီထျန်း၏သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံတွင် စွမ်းဆောင်ရည်က မိုးမြေကောင်းကင်မြို့တွင် အုတ်အော်သောင်းနင်း ဖြစ်သွားစေပြီး သူသည်လည်း နောက်ပိုင်း မိုးမြေကောင်းကင်မြို့၏ နံပါတ်တစ် တန်ခိုးရှင် ဖြစ်လာခဲ့သည်။ ယခု လောင်မူက သူ၏အမွေကို ဆက်ခံကာ ဖခင်၏ခြေရာကို နင်းနိုင်မည်လား သူမက သိလိုသည်။

မှန်သည်… လက်ရှိ အလယ်အလတ် အကာနာအဆင့်သာ ရှိသေးသော လောင်မူက သိပ်တော့လည်း မျှော်လင့်ချက် မရှိပေ။ သူက အကာနာအဆင့် အမြင့်ဆုံးကို ရောက်မှ နဝမဘုံကို ရောက်ကောင်း ရောက်နိုင်ပေသည်။

သခင်မလောင်အပြင် တခြား အဓိက ကလန်များမှ အကြီးအကဲများ ခေါင်းဆောင်များလည်း လာရောက်ကြသည်။ သူတို့တွင်လည်း မျှော်လင့်ချက်ကြီးစွာ ထားခြင်းခံရသော လူငယ်များ ရှိပေသည်။

“သခင်မလောင်… မမြင်ရတောတောင် တော်တော် ကြာပြီပဲ… ခင်ဗျားက အမြဲတမ်း လှနေတာပါပဲ…” လေထဲတွင် လူတစ်ယောက်က သခင်မလောင်ကို လှမ်းပြောသည်။ သူကား ကျင်းကလန်မှ အကြီးအကဲ တစ်ယောက် ဖြစ်သည်။

သခင်မလောင်က သူ့အား ကြည့်လည်း မကြည့်သလို ပြန်လည်း မပြောပေ။

“ဒီတစ်ခေါက် နဂါးကလန် လူငယ်တွေထဲမှာ လောင်မူက အတွင်းပိုင်းကို အများဆုံး ရောက်နိုင်ချေ ရှိတဲ့လူပဲ… သူ့ရဲ့ တန်ခိုးအဆင့်နဲ့ သူက အဆင့်ခြောက်လောက်ကို ရောက်နိုင်တယ်… ဒါပေမဲ့ ကျုပ်တို့ ကလန်က ကျင်းယွန်လင်နဲ့ ကျင်းယွန်ရှောင်းတို့က လောင်မူထက် မနိမ့်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်လိမ့်မယ်… အထူးသဖြင့် ကျင်းယွန်လင်က ပြီးခဲ့တဲ့နှစ်က အဆင့်ခြောက်ကို ရောက်ခဲ့ပြီးပြီ… ဒီနှစ်က သူက အဆင့်ရှစ်ကို စိန်ခေါ်နိုင်လိမ့်မယ်…” ကျင်းကလန် တန်ခိုးရှင်က ယုံကြည်ချက်ရှိစွာ ပြောသည်။

ကျင်းယွန်လင်ကား ကျင်းကလန်မှ အဆင့်မြင့် အကာနာ အဆင့်တွင် ရှိကာ ကြယ်မင်းကျောင်းတွင် လေ့ကျင့်နေသည်။

“ရှင်က ကျင်းယွန်လန်ကို တခြားကျောင်း နှစ်ကျောင်းက လူတွေနဲ့ပဲ​ ပြိုင်ခိုင်းသင့်တယ်…” သခင်မလောင်က အေးစက်စွာ ပြောသည်။

နှစ်သစ်ဖြစ်ရာ ကျောင်းသုံးကျောင်းက ပါရမီရှင် အသစ်များစွာကို ခေါ်ယူထားရာ ဘယ်ကျောင်းက ဦးဆောင်နိုင်မည်ကို တစ်ယောက်မှ အတိအကျ မခန့်မှန်းနိုင်ပေ။

ကြယ်မင်းကျောင်းတွင် ကျင်းယွန်လင်၊ ကုမိန်၊ ကျင်းယွန်ရှောင်း၊ လောင်မူနှင့် ကျောင်းမှ အကာနာအဆင့် ထိပ်သီးပါရမီရှင် ပိုင်ချွန်တို့ ရှိသည်။

နေမင်းကျောင်းနှင့် စန္ဒာငွေလမင်းကျောင်းမှ ပါရမီရှင်တို့မှာလည်း အလွန် အားကောင်းလွန်းလှသည်။

သည်တစ်ခေါက် စမ်းသပ် စစ်ဆေးခြင်းက ရက်စက်သေည်။ သည်စစ်ဆေးမှုက သူတို့၏ အလားအလာကိုသာ စစ်ဆေးသည် မဟုတ်ဘဲ အခွင့်အလမ်း ကံကောင်းမှုတို့လည်း ပါဝင်နေသည်။ သူတို့က အတွင်းဘက်သို့ ဝင်နိုင်လေလေ အခွင့်အလမ်း များလေလေ ဖြစ်သည်။

မည်သူမှ သည်ကဲ့သို့ အခွင့်အရေးကို လက်မလွှတ်လိုကြပေ။

“အစ်ကိုဖူရှင်း…” ထိုအခိုက်တွင် သခင်မလောင်၏ဘေးမှ စူးရှရှ မိန်းကလေး အသံတစ်သံ ထွက်လာသည်။ သူမကား လောင်လင်းအာ ဖြစ်သည်။ သူမ၏အကြည့်က လူအုပ်ထဲကို ရွေ့လျားသွားကာ ရီဖူရှင်းနှင့် သူ၏အုပ်စုသို့ ရောက်လာသည်။

သူမ၏အသံကို ကြားလျှင် မရေမတွက်နိုင်သော အကြည့်များက ရီဖူရှင်းထံကို ရောက်လာသည်။ တစ်လခန့် အကြာက အဖြစ်အပျက်များကို လူအများက အမှတ်ထင်ထင် ရှိနေကြဆဲ ဖြစ်သည်။ သို့သော်လည်း လူအများအပြားက သူ့ကို အေးစက်စွာ ကြည့်ကြသည်။ သည်တစ်လအတွင်း ရီဖူရှင်းက နတ်ဗိမာန် အိမ်တော်ထဲတွင်သာ နေခဲ့ရာ သူ၏သတင်းများကို သိပ်မကြားကြရပေ။ သူက ချိန်ယုံနှင့် ချန်းလျူတို့ကိုလည်း သွားမတွေ့ပေ။ သို့သော် သူက ယခု သည်နေရာကို ရောက်နေသည်။ သူက သည်နေရာကို အဘယ်ကြောင့် ရောက်လာသနည်း။

“ဒါက ရှင့်ရဲ့ နောက်ဆုံး အခွင့်အရေးပဲ… ရှင်က သေသေချာချာ စဉ်းစားပြီးပြီလား…” စန္ဒာငွေလမင်း ကျောင်း၏ လူအုပ်ထဲမှ ဆွဲဆောင်မှု ကောင်းကာ ချောမောလှပသော မိန်းကလေး တစ်ယောက်က ရီဖူရှင်းကို လှမ်းကြည့်သည်။ သူမက ချိန်ယုံဖြစ်သည်။ သူမက ရီဖူရှင်းအား နောက်ဆုံး တစ်ခေါက် မေးခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ လကတည်းက ကျုပ်က အဖြေပေးခဲ့ပြီးပြီ…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ ချိန်ယုံက တစ်ဖက်ကို လွှဲသွားကာ ရီဖူရှင်းကို မကြည့်တော့ပေ။

ကြယ်မင်းကျောင်း တပည့်များထဲမှ ဝမ်ယွီချန်းက ရီဖူရှင်းကို ကြည့်ကာ စိတ်မကောင်းသလို ခံစားရသည်။ ရီဖူရှင်းက ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်ရောက်သင့်ပေသည်။ အကယ်၍ သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံကို ဝင်ရောက်နိုင်ပါက သူ၏စွမ်းရည်များ ပိုမိုမြင့်တက် လာနိုင်ပေသည်။

“သွားစို့…” အသံတစ်သံ ကြားလျှင် ထိပ်သီးကျောင်း သုံးကျောင်းမှ လူများက ခေါင်းညိတ်ကြသည်။ လူအုပ်ကြီးက သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံသို့ ဦးတည် လိုက်ကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset