လိန်ဆားနှင့် ယူချင်းတို့က နတ်သမီးရေကန် အပေါ် ကောင်းကင်သို့ ပြိုင်တူ ထိုးတက် သွားကြသည်။
လိန်ဆား၏ ခန္ဓာကိုယ်ကို ရစ်ပတ် စီးဆင်းနေသော အနက်ရောင် စွမ်းအင်များက ဧရာမ အမှောင်ထုနတ်ငှက် အဖြစ် ပြောင်းလဲသွားသည်။ ထို့အတူ အမှောင်ထု နတ်ငှက်၏ အပေါ်ယံကလည်း ခရမ်းရောင် လျှပ်စီးများ စီးဆင်းနေကာ လူအများအား ရင်တုန်ပန်းတုန် ခံစားချက်ကို ပေးသည်။ ထိုကြောက်မက်ဖွယ် အရှိန်အဝါက ယူချင်းကို ဖိအားပေးလာကာ သူ့အား တိုက်ခိုက်သည်က လူသား မဟုတ်ဘဲ နတ်ငှက် တစ်ကောင်အလား ခံစားရစေသည်။ တစ်ကွက်တည်းက အာကာသနှင့် အချိန်ကို ဖြတ်တောက်ကာ ဖျက်ဆီးနိုင်စွမ်း ရှိ၏။
ယူချင်းက ရှောင်တိမ်းရန် စိတ်ကူးရှိပုံ မရပေ။ သူက ရန်သူထံသို့ ပြေးဝင်သွားလျှင် နက်ရွှေရောင် စွမ်းအင်လှိုင်းများက သူ၏ခန္ဓာကိုယ်အား စတင် စီးဆင်းလာကာ သူ၏ နောက်ကျောတွင်လည်း အတောင်ပံတစ်စုံ ထွက်လာသည်။ သူ၏ ကိုယ်ရောင် ကိုယ်ဝါကလည်း နတ်ဆိုး တစ်ကောင်အလား အားလုံးကို ထီမထင်သည့် ပုံဟန်ဖြင့် ကြီးမား ပြင်းထန်လာ၏။
သူတို့၏ အလျင်ကလည်း မယုံကြည်နိုင် လောက်အောင် မြန်ဆန်လွန်းကာ လေထဲတွင် ရင်ဆိုင်မိကြသည်။ လျှပ်စီးကြောင်းများနှင့် အနက်ရောင် စွမ်းအင်တို့က လေထုကို ဖြတ်သန်း စီးဆင်းကာ အရပ်မျက်နှာမျိုးစုံသို့ ပျံ့လွင့်သွားသည်။ ပေါက်ကွဲမှုတစ်ခု ပြီးနောက် အနက်ရောင် လျှပ်စီးကြောင်း တစ်ခုက နောက်ကို ပြန်လည် လွင့်စဉ်သွားကာ သီးသန့်ဆောင် တစ်ခုအား သွားရောက် ထိမှန်ပြီး ထိုသီးသန့်ဆောင် တစ်ခြမ်းအား အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားစေခဲ့၏။
လေထုက တည်ငြိမ်သွားကာ ကောင်းကင်တွင်ကား ကြီးမား ခန့်ထည်သော လူငယ် တစ်ယောက်က လူအုပ်အား ထီမထင်သော ပုံဟန်ဖြင့် ကြည့်နေသည်။ သူ၏နတ်ဆိုး အတောင်ပံများက တဖျတ်ဖျတ် လှုပ်ခတ်နေ၏။ မရေမတွက်နိုင်သော လူများက ကောင်းကင်မှ လူငယ်ကို ကြည့်ကာ သူ၏ စွမ်းအားကို ရင်သပ်ရှုမော ဖြစ်ရ၏။
ကြယ်မင်းကျောင်းမှ အဖြစ်အပျက်ကို မမြင်တွေ့လိုက်ရသော လူများက ထိုကောလာဟလများမှာ ပိုလွန်းသည်ဟု ခံစားကြရသော်လည်း ယခုတွင် ဘာစကားမှ မပြောနိုင်တော့…။ ကျင်းယွန်ရှောင်းနှင့် တိုက်ခိုက်နိုင်သော ထိုလူကား ရုန့်ရင်း ကြမ်းတမ်းသော အင်အားကို ပိုင်ဆိုင် ထား၏။
ထိုနေ့က သူ့အား ရီဖူရှင်းက ဆက်လက် မတိုက်ခိုက်ရန် တားမြစ်ခဲ့သည်။ အကယ်၍ တိုက်ပွဲက ဆက်ဖြစ်ခဲ့လျှင် ရလဒ်ကို ဘုရားမှသာ သိပေလိမ့်မည်။ အဆင့်နိမ့် အကာနာတွင် ပြိုင်ဘက်ကင်းသော လိန်ဆားကား လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့သည်။
ရီဖူရှင်းက ယူချင်းအား သုန်မှုန်စွာ ကြည့်သည်။ ပျက်စီးသွားသော သီးသန့်ဆောင်ကို ကြည့်ကာ သူ၏နှလုံးက တဆစ်ဆစ် နာရ၏။ ဤသို့ ဖြစ်လာမည်ကို သူသိခဲ့သည်။ သီးသန့်ဆောင်များက သူ့အတွက် ငွေတွင်းများ ဖြစ်သည်။ သူ့ကို သိပ်အားနဲ့ မလုပ်နဲ့လို့ မပြောခဲ့ဘူးလား…။
ထိုအခိုက်တွင် ပျက်စီးသွားသော သီးသန့်ဆောင်မှ လူတစ်စု ထွက်လာကြသည်။ ရှေ့ဆုံးမှကား လှပသော မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမကား အေးစက်ကာ ဂုဏ်မောက်ဟန် ရသည်။ သူမ၏လှပခြင်းက ကုယွန်ချီနှင့် ကွဲပြားသည်။ သူမ၏ရုပ်ရည်က ကုယွန်ချီကို မှီဟန် မရသော်လည်း သူမသည်လည်း အလှပဂေး တစ်ယောက် ဖြစ်၏။ သူမကား ချိန်ကလန်၏ သခင်မလေး ချိန်ယုံဖြစ်သည်။ သူမထံမှ အထက်တန်းစား ဟန်ပန်က လူအများအား ကွာဟမှုကို ခံစားရစေသည်။
“သိဒ္ဓိဝင်ပစ္စည်း အတွက် ကျေးဇူးပဲ…” ရီဖူရှင်းက ချိန်ယုံကို ပြောသည်။
ချိန်ယုံက ဘာမှ မပြောဘဲ ရီဖူရှင်းကို ကြည့်သည်။ ထိုအရာက သိဒ္ဓိဝင် ပစ္စည်းတစ်ခုသာ ဖြစ်ပြီး သူမအတွက် ဘာမှ မဟုတ်ပေ။ သူမက ခေါင်းမော့ကာ လေထဲမှ ယူချင်းကို ကြည့်သည်။ လိန်ဆား၏အားကို သူမထက် ဘယ်သူမှ မသိပေ။ သူ့အား တိုက်ခိုက်ရေး အစေခံအဖြစ် ခေါ်ယူပြီး ကတည်းက သူ့အား ကြီးစွာသော အထောက်အပံ့များ ပေးကာ သူ၏တိုက်ခိုက်ရေး စွမ်းအားများကို မြှင့်တင်ခဲ့ရာ လိန်ဆားကား မူလကထက် များစွာ ထက်မြက်လာခဲ့ပြီး တကယ့်ပါရမီရှင်များ အဆင့်တွင် ရှိပေသည်။ သို့သော်လည်း လိန်ဆားက ယူချင်း၏ လက်ဝါး တစ်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။ ယူချင်း၏ တိုက်ခိုက်ရေး စွမ်းရည်ကို သူမက ခန့်မှန်း၍ ရနေသည်။
ခေါင်းမော့ကာ သူမက ပြောသည်… “ရှင်က ကျွန်မရဲ့ တိုက်ခိုက်ရေး အစေခံ လုပ်မလား… လိုချင်တာကိုသာပြော… ကျွန်မက နဂါးကလန်ထက် ပိုပြီး ပေးနိုင်တယ်…”
ချိန်ယုံကား ချိန်ကလန်၏ သခင်မလေး ဖြစ်ကာ တန်ခိုးကျင့်ခြင်းတွင် ခုံမင်ပြီး သူမ၏ အနီးပတ်ဝန်းကျင်မှ ယောက်ျားများထက် သာလွန် မြင့်မြတ်သော စိတ်နေ သဘောထားကို ပိုင်ဆိုင်သည်။ သူမက နတ်ဗိမာန် အိမ်တော်အား လာရောက်ခြင်းကာ နဂါးကလန်မှ တန်ဖိုးထားသော ထိုလူက မည်မျှ အရည်အချင်း ရှိသည်ကို သိလို၍ ဖြစ်၏။ ထိုလူ၏ ဂုဏ်သတင်းက ထိုက်တန်မှု မရှိလျှင် သူမ၏ လာရောက်မှုက အလဟဿ ဖြစ်သည်ဟု သတ်မှတ်မည်။ အကယ်၍ ထိုလူက အရည်အချင်း ရှိပါက သူ့အား သူမ၏လူအဖြစ် သိမ်းသွင်းမည် စိတ်ကူးထားခဲ့၏။
ယူချင်း၏ တိုက်ခိုက်ရေး စွမ်းရည်ကလည်း သူမအား စိတ်လှုပ်ရှား စေခဲ့သည်။
တိုက်ခိုက်ရေး အစေခံ…။ ရီဖူရှင်းထံမှ အေးစိမ့်သော အငွေ့အသက်များ ထွက်လာသည်။ သည်မိန်းမက ယူချင်းအား အစေခံ ဖြစ်စေလိုသည်လား…။
ရီဖူရှင်းက အေးစက်စွာ ပြောသည်… “ကျုပ်ညီက အစေခံ တစ်ယောက်လို နေတယ်… ခင်ဗျားက သူ့ကို ပြုစုပေးမလား… ခင်ဗျားသာ ဆန္ဒရှိရင် အနာဂတ်မှာ ခင်ဗျား အခု ရနေတာထက် သေချာပေါက် ပိုရလိမ့်မယ်…”
ရီဖူရှင်း၏စကားက အားလုံးကို ထိတ်လန့်စေသည်။ သူက အမှန်ပင် ထိုမျှ ရဲတင်းသော စကားကို ပြော၏။ ချိန်ယုံ၏ဘေးမှ လူများက ရီဖူရှင်းကို မီးဝင်းဝင်း တောက်သော မျက်လုံးများဖြင့် ကြည့်ကြ၏။ တစ်ယောက်က သူ့အား ဝါးစားမတတ် ကြည့်ကာ ပြောသည်… “အတင့်ရဲလိုက်တဲ့အကောင်… သခင်မလေးကို စော်ကားရဲတယ်…”
လူအုပ်က သူ့အား ထူးဆန်းစွာ ကြည့်ကြသည်။ ရီဖူရှင်း၏စကားက အမှန်ပင် လွန်ကဲ ရိုင်းစိုင်းပေသည်။ ရီဖူရှင်းက ချိန်ကလန်မှ လူများကို အေးစက်စွာ ကြည့်သည်။ ချိန်ယုံက ယူချင်းကို အစေခံအဖြစ် လိုသည်က သူတို့အတွက် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်ကာ သူမကို အစေခံဖြစ်စေ လိုသည်က စော်ကားသည်လား…။
“မင်းတို့က တခြားလူတွေကို သဘောထားသလို တခြားလူတွေက မင်းတို့ကို သဘောထားတော့ စော်ကားတာလား… ချိန်ကလန်လူတွေက ဒီလိုဆိုမှတော့ ဒီနေရာက ခင်ဗျားတို့ကို ကြိုဆိုမှာ မဟုတ်ဘူး…” ရီဖူရှင်း၏ အကြည့်က တည်ငြိမ်ကာ ခံစားချက် ကင်းမဲ့သည်။ သူက ထိုလူများကို နှင်ထုတ်နေခြင်း ဖြစ်သည်။
ချိန်ကလန်မှ လူများက ဆွံ့အရသည်။ ကျိုးကြောင်းဆီလျော်စွာ ပြောလျှင် နှစ်ဖက်လုံး၏ အပြုအမူက တူညီသည်။ သို့သော် လူတစ်ယောက်၏ အပြုအမူက သူ၏ ဂုဏ်ထူးဝိသေသတွင် စကားပြောသည်။ ချိန်ကလန်၏ သခင်မလေးက သူတို့အား အစေခံ ဖြစ်စေလိုသည်က သူတို့အတွက် ထူးဆန်းခြင်း မရှိပေ။
“စိတ်ဝင်စားစရာပဲ…” ချန်းလျူက ပြုံးသည်။ မိုးမြေကောင်းကင် မြို့တွင် ချိန်ယုံကို အစေခံလုပ်မလား မေးရဲသည်က သူတစ်ယောက်သာ ဖြစ်မည်။ သည်စကားက နောင်တွင် သည်မြို့၏ ပြက်လုံးတစ်ခုလည်း ဖြစ်လာလိမ့်မည်။
ချိန်ယုံက ရီဖူရှင်း၏စကားကို သိပ်ဂရုစိုက်ဟန် မရပေ။ သူမ၏အမူအရာက မူလကလိုပင် အေးစက်သည်။ သူမက သူမ၏လူများကို လက်ဝှေ့ယမ်းသည်။ ထို့နောက် သူမက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “လောကကြီးက စွမ်းအားမြင့် တန်ခိုးရှင်တွေ အပေါ်မှာ မျှတမှုကို ပေးတယ်… ဒါပေမဲ့ ပါရမီအပြင် အခွင့်အလမ်းတွေ ကလည်း လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲစေတယ်… ကျွန်မက ကိုယ်ပိုင် မာန်မာနရှိတဲ့ အလားအလာ ကောင်းတဲ့လူတွေ အများကြီး မြင်ဖူးပြီးပြီ… တချို့လူတွေက ကိုယ့်ရဲ့ မာန်မာနကို ခေတ္တချတာက သူတို့ရဲ့ လမ်းကို ပိုပြီး အဆင်ပြေ ချောမွေ့စေတယ်… သူတို့က သာမန်လူတွေရဲ့ ပြောဆို ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ သူတို့ နှလုံးသားစေရာ ပိုမို မြင့်မားတဲ့ နေရာကို ရည်မှန်းပြီး ဆက်လျှောက်ကြတယ်… ကျွန်မ လက်အောက်မှာ အစေခံတစ်ယောက် အနေနဲ့ နေတာက ဂုဏ်သိက္ခာကို ထိခိုက်တယ် ဆိုပေမဲ့ သူက ချိန်ကလန်ရဲ့ အထောက်အပံ့တွေကို ကျွန်မက ရသလိုပဲ သူက ရလိမ့်မယ်… အသုံးပြုနိုင်တယ်… နောက်ပိုင်း သူက ပိုပြီး စွမ်းအားကြီး လာတဲ့အခါ တိုက်ခိုက်ရေး အစေခံနာမည်က သူ့ကို ချည်နှောင် ထားနိုင်မှာတဲ့လား…”
ကျင်းယုံ၏ စကားကိုကြားကာ ချန်းလျူ၏ အမူအရာက ပြောင်းသွားသည်။ တန်ခိုးကျင့်ခြင်းတွင် ခုံမင်ကာ မာနကြီး ဂုဏ်မောက်သော သခင်မလေး တစ်ယောက် ဖြစ်သည့်အလျောက် သူမက လူများကို ဆွဲဆောင်သည့် နည်းကလည်း ထူးခြားပေသည်။
“ခင်ဗျား ပြောတာက မှန်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ပြောင်းပြန်ပြောရရင် ခင်ဗျားကလည်း ကျုပ်ညီအတွက် အစေခံဖြစ်ဖို့ သင့်တော်တယ်… ခင်ဗျားက စဉ်းစားပေးမလား…”
ချိန်ယုံက ရီဖူရှင်းကိုသာ ကြည့်သည်။ ယနေ့ သူမက သူ့အား ဘာပြောပြော အသုံးဝင်မည် မဟုတ်ဟု သုံးသပ်မိသည်။ သည်ချောမောသော ကောင်လေးကား အလွန် မာနကြီးကာ ထိုမာန်မာနများ ကြားတွင် လမ်းပျောက်နေပုံ ရ၏။
ရီဖူရှင်းက မည်သို့ ခံစားရမည်ကိုလည်း သူမက နားလည်သည်။ ခြွင်းချက်မဲ့ ပါရမီရှင်များက တကယ့်ကျရှုံးမှု တစ်ခုနှင့် ကြုံရသောအခါ သူတို့က မာနကြီးရန် အခွင့်အရေး ရှိသည်ဟု ခေါင်းမာစွာ ယုံကြည်ကြသည်။ ထိုအတွေးများက သူတို့ကို တကယ့် အမှန်တရားအား မမြင်စေနိုင်တော့ဘဲ ဖြစ်တတ်သည်။
“ကျွန်မတို့က သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံဖွင့်ဖို့ တစ်လ အလိုမှာပဲ ရှိတယ်… ရှင် စဉ်းစားပြီးရင် ကျွန်မဆီကို လာပြောလို့ ရတယ်… ရှင်နဲ့ ရှင့်ညီ နှစ်ယောက်လုံးက တိုက်ခိုက်ရေး အစေခံလုပ်လို့ရတယ်… ကျွန်မက ရှင်တို့ကို စန္ဒာငွေလမင်းကျောင်းကို ဝင်စေပြီး လျှို့ဝှက်ဘုံကို သွင်းပေးလို့ ရတယ်… ဒီအခွင့်အရေးကို ရှင်တို့လွဲသွားရင် ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပဲ…” ထို့နောက် သူမက နောက်လှည့်ကာ ထွက်သွားသည်။ သူမ၏ တိုက်ခိုက်ရေး အစေခံ လိန်ဆားအပြင် တခြား အစေခံများနှင့် နောက်လိုက်များက သူမ၏နောက်မှ လိုက်ပါ သွားကြသည်။
ထွက်သွားသော ချိန်ယုံကို ကြည့်ကာ ချိန်ကလန်၏ သခင်မလေးက ရီဖူရှင်းနှင့် ယူချင်းကို လွန်စွာ တန်ဖိုးထားသည်ကို သိလိုက်ကြသည်။ မျှော်လင့်ထားသလိုပင် ထူးချွန် ပြောင်မြောက်သော သူများက ကောင်းမွန်သော အခွင့်အရေးများကို ရရှိပေသည်။ ပထမက သူတို့အား နဂါးကလန်က နတ်ဗိမာန် အိမ်တော်ကို ပေးခဲ့ကာ ချိန်ကလန် သခင်မလေးက ကိုယ်တိုင် လာရောက် ဖိတ်ခေါ်သည်။
“မင်းတို့ နှစ်ယောက်က ကျုပ်ရဲ့ တိုက်ခိုက်ရေး အစေခံလုပ်စရာ မလိုဘူး… ကျုပ်က မင်းတို့က သူရိယနေမင်း ကျောင်းမှာ လေ့ကျင့်ဖို့ တိုက်ရိုက် ပို့ပေးနိုင်တယ်… မင်းတို့ ဆန္ဒရှိလား…”ရုတ်တရက် ချန်းကလန်မှ ချန်းလျူက မေးသည်။ လူအများအပြားက ချန်းလျူအား ကြည့်ကြသည်။ ထိပ်သီးကျောင်း သုံးကျောင်းက သည်ပါရမီရှင်များအပေါ် ယှဉ်ပြိုင် နေကြပြီလား…။
ကြည့်ရသည်မှာ ရီဖူရှင်းနှင့် ယူချင်းတို့က အမှန်ပင် အဖိုးထိုက်တန်သော ကျောက်ရိုင်းများ ဖြစ်ပုံရ၏။ ချန်းကလန်ကလည်း သူတို့ကို ခေါ်ယူလိုသည်။ အကယ်၍ ရီဖူရှင်းက သူတို့၏ ကမ်းလှမ်းမှုကို လက်ခံလျှင် သူတို့အား ချန်းကလန် အဖွဲ့ဝင်အဖြစ် သတ်မှတ်ကာ နောင်တွင် ချန်းကလန်၌ အထင်ကရ နေရာများကို ရရှိနိုင်ပေသည်။
“ကျေးဇူးပဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်… “ဒါပေမဲ့ ကျုပ် အဲဒီလို စိတ်ကူးမရှိဘူး…”
“မင်းက ကြယ်မင်းကျောင်းကို သူတို့ရဲ့ အကဲဖြတ် စစ်ဆေးပွဲမှာ အပြစ် လုပ်ခဲ့တယ်… မင်းက လုံလောက်တဲ့ အရည်အချင်း ရှိရင်တောင် သူတို့က မင်းကို လက်ခံမှာ မဟုတ်ဘူး… ဒါပေမဲ့ သူရိယနေမင်းနဲ့ စန္ဒာငွေလမင်းကျောင်းတို့က ဒီအတွက် ပြဿနာ မရှိဘူး… မကြာခင် သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံက ဖွင့်တော့မယ်… မင်းက တကယ်ပဲ ဒီအခွင့်အရေးကို လွဲချော်တော့မှာလား…” ချန်းလျူက ပြုံးလျက် ပြောသည်… “သေချာ စဉ်းစားပါ… တကယ်လို့ မင်း စိတ်ဝင်စားရင် ငါ့ဆီကို အချိန်မရွေး လာခဲ့လို့ရတယ်…” ထို့နောက် ချန်းလျူကလည်း သူ၏လူများကို ခေါ်ကာ ထွက်သွားသည်။
နတ်သမီးရေကန်တွင် ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များက ရီဖူရှင်းကို ကြည့်ကြသည်။ အမှန်ပင် အရည်အချင်း ရှိသူများက အခွင့်အရေး မရှားပေ။ ရီဖူရှင်းတို့ကသာ ထိုအခွင့်အရေးကို ဆုပ်ကိုင်လျှင် သူတို့က နဂါးကလန်၊ ချိန်ကလန်နှင့် ချန်းကလန်တို့ကို ဝင်ရောက် နိုင်ပေမည်။
အကယ်၍ လောင်ရီထျန်းသာ သက်ရှိထင်ရှား ရှိလျှင် နဂါးကလန်က အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ သို့သော် ယခု လောင်ရီထျန်းက သေဆုံးသွားကာ နဂါးကလန်က အာဏာလုပွဲများ ကြား၌ အားနည်း သွားခဲ့ရသည်။ ယခု သူတို့က အနည်းငယ် တည်ငြိမ်စ ပြုလာသော်လည်း တခြား ထိပ်သီး ကလန်များနှင့် ယှဉ်လျှင် နောက်ကို ရောက်နေပြီ ဖြစ်သည်။
သို့သော်လည်း စိန်ခေါ်ပွဲ တစ်ပွဲကို မြင်ပြီးနောက် ကျန်လူများက နောက်ထပ် စိန်ခေါ်ရန် ဆန္ဒ မရှိကြတော့ပေ။ သူတို့က အဆင့်မြင့် သိဒ္ဓိဝင် လက်နက်ကို ထုတ်နိုင်သည့်တိုင် ထိုလူငယ်အား အနိုင်ရရန် ယုံကြည်မှု မရှိကြပေ။ ယူချင်းကား လိန်ဆားကိုပင် တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်သည်။
“ဆရာရီ… ရှင်က တကယ်ပဲ ထိပ်သီးကျောင်း သုံးကျောင်းကို မဝင်တော့ဘူးလား…” ထိုစဉ်မှာပင် လှပချောမွေ့သော မိန်းကလေး တစ်ယောက်က ရီဖူရှင်း၏ ဘေးနားကို ရောက်လာသည်။ လူအများအပြား၏ မနာလိုဝန်တိုသော အကြည့်များက ရီဖူရှင်းထံကို အလုံးအရင်းဖြင့် ရောက်လာကြ၏။
ကုယွန်ချီက ရီဖူရှင်းအား အလေးပေး ဆက်ဆံဟန်ရ၏။
“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်… “သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံဆိုတာ ဘယ်လို နေရာလဲ…”
“မိုးမြေ ကောင်းကင်မြို့က အခွင့်အလမ်း တစ်ခုပဲ… ကောလာဟလတွေ အရ ဒါက ထိပ်သီးကျောင်း သုံးကျောင်းရဲ့ တည်ထောင်သူနဲ့ သက်ဆိုင်တယ်တဲ့… ဒါကြောင့် အဲဒါကို ထိပ်သီးကျောင်း သုံးကျောင်းက ထိန်းချုပ်တယ်… နှစ်တိုင်း ထိပ်သီးကျောင်း သုံးကျောင်းရဲ့ ကျောင်းသားသစ် ခေါ်ယူတာတွေရဲ့ တစ်လအကြာမှာ လျှို့ဝှက်ဘုံကို ဖွင့်တယ်… အဲဒါက တစ်နှစ်မှ တစ်ခါဖွင့်ပြီး ထိပ်သီးကျောင်း သုံးကျောင်းရဲ တပည့်တွေပဲ ဝင်လို့ရတယ်… ဆရာရီက ကြယ်မင်းကျောင်းကို ဝင်ချင်တယ်ဆိုရင် ကျွန်မက အတတ်နိုင်ဆုံး ကြိုးစားပေးလို့ ရတယ်…” ကုယွန်ချီက သိမ်မွေ့စွာ ပြောသည်။
ကုကလန်က ကြယ်မင်းကျောင်း အပေါ် လွှမ်းမိုးမှု အနည်းငယ် ရှိသည်။ အကယ်၍ သူမကသာ ကုကလန်၏ အင်အားကို အသုံးပြုလျှင် ရီဖူရှင်းအား တစ်နေရာ ရအောင် လုပ်ပေးနိုင်ပေသည်။
“ကျေးဇူးတင်ပါတယ်… ကုမိန်းကလေး…” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။ ထို့နောက် ဘေးမှ စိန့်ယွီကို ပြောသည်… “စိန့်ယွီ… နောက်ပိုင်း ကုမိန်းကလေးက နတ်ဗိမာန် အိမ်တော်ကို လာတဲ့အခါ ဘာအဖိုးအခမှ မတောင်းနဲ့တော့…”
သူက အဖြေမပေးပေ။ ထို့ကြောင့် ရီဖူရှင်းက ငြင်းပယ်သည်ဟု သတ်မှတ်ရမည် ဖြစ်သည်။ ကုယွန်ချီက ခေါင်းညိတ်ကာ ပြုံးသည်။ သူမက ဆက်လက် မဖျောင်းဖျတော့ဘဲ ကျေးဇူးတင်လိုက်သည်… “ကျေးဇူးပါ ဆရာရီ… ကြည့်ရတာ ကျွန်မက နတ်ဗိမာန် အိမ်တော်ကို များများ လာလည် ရဦးမှာပေါ့…” ပုံမှန်အားဖြင့် သူမက ထိုမျှ ပမာဏများကို စိတ်ထဲထားစရာ မလိုပေ။ သို့သော် မိတ်ဆွေများ အတွက်မူ တစ်ဖက်လူ၏ စိတ်ရင်းကို အသိအမှတ် ပြုခြင်းဖြင့် ပိုမိုရင်းနှီး သက်ဝင်စေနိုင် ပေသည်။
“ဒါဆို ကျွန်မ ပြန်လိုက်ဦးမယ်…”ကုယွန်ချီက ပြုံးကာ ပြောသည်။
“ကောင်းပြီ… လမ်းမှာ သတိထားပါ… ကုမိန်းကလေး…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ကုယွန်ချီ၏ စိတ်သဘောထားက နှစ်လိုဖွယ် ကောင်းကာ သူမနှင့် ဆက်ဆံ ပြောဆိုရသည်က လွန်စွာ အဆင်ပြေလှသည်။
***