Switch Mode

အပိုင်း(၄၅၅)

သိပ်အားနဲ့ မလုပ်နဲ့

လူအများအပြားက နတ်သမီး ရေကန်တွင် ရီဖူရှင်းအား တွေ့လိုကြောင်း ဆူပူနေကြ၏။ သူတို့က အစေခံများအား ခက်ခဲအောင် လုပ်ကြသည်။ မိန်းကလေး စိန့်ယွီကလည်း အရေးကြီးကိစ္စ မရှိဘဲ နတ်ဗိမာန် အိမ်တော် ပိုင်ရှင်ကို နှောင့်ယှက်ခြင်း မပြုရန် ပြောထားသည်။

ဘန်း … ထိုအခိုက်တွင် ကြီးမားသော အသံကြီးတစ်ခု ကြားကြရသည်။ လူအများက လှမ်းကြည့်လျှင် တံတားကလေးများနှင့် ဆက်ထားသော တစ်ခုသော အဆောင်ပေါ်မှ လာခြင်း ဖြစ်သည်။

“ဒီနေရာက အစားအသောက်တွေက စားလို့ကော ရလား…” ထိုအသံနှင့်အတူ အဆောင်ထဲမှ လူအနည်းငယ် ထွက်လာကြကာ အော်ဟစ်ကြသည်… “လာကြစမ်း…”

အစေခံ တစ်ယောက်က ချက်ချင်းပင် သွားရောက်ကာ မေးသည်… “ကျွန်မတို့ ဘာများ ကူညီရမလဲရှင့်…” ဤသီးသန့်ဆောင်ထဲတွင် လာရောက် စားသောက်သူက အဆင့်အတန်း မြင့်မားကာ သူမက အပြစ်လုပ်၍ မရနိုင်သောဟု နားလည်ပေသည်။

“အစားအသောက်က ညံ့ဖျင်းတယ်… ပိုင်ရှင် ပြောင်းသွားပြီး ကတည်းက အရသာက ဆိုးဝါးလာတယ်… မင်းတို့ပိုင်ရှင် ကိုယ်တိုင်လာဖို့ ပြောလိုက်…” ထိုလူက ဒေါသတကြီး ပြောသည်။

“ဒါ…” အစေခံ၏အမူအရာက သိပ်မကောင်းတော့ပေ။ တစ်ဖက်လူက ပိုင်ရှင်နှင့် တွေ့နိုင်ရန် အကြောင်းပြချက် ရှာနေခြင်းသာ ဖြစ်ကြောင်း သူမသိသည်။

“မင်း ဘာလုပ်နေတာလဲ… မြန်မြန်သွား…” ထိုတန်ခိုးရှင်က သူ၏ ကိုယ်ရောင်ကိုယ်ဝါ တချို့ကို ထုတ်ဖော်ကာ အော်ဟစ်လိုက်၏။

အစေခံ မိန်းကလေးက အရိုအသေပေးကာ ပြန်ပြောသည်… “ကျွန်မသွားပြီး ပြောပေးပါ့မယ်…” ထို့နောက် သူမက ဘာမှ မတတ်နိုင်ဘဲ သွားရောက် အစီရင်ခံ ရတော့သည်။

အခန်းထဲတွင် ရီဖူရှင်းက စိန့်ယွီ၏စကားကို ကြားကာ မျက်မှောင်ကြုတ် လိုက်သည်… “နတ်ဗိမာန် အိမ်တော်မှာ ပြဿနာ ရှာရအောင် ဘယ်သူက ဒီလောက် အတင့်ရဲရတာလဲ…” သူက နတ်ဗိမာန် အိမ်တော်ပိုင်ရှင် ဖြစ်သော်လည်း သည်နေရာအား နဂါးကလန်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ နဂါးကလန်ဝင် များစွာကလည်း နတ်ဗိမာန် အိမ်တော်တွင် နေထိုင်နေကြဆဲ ဖြစ်ကာ သူတို့က နဂါးကလန်အား အနည်းဆုံး မျက်နှာသာပေးရန် လိုပေသည်။

နတ်ဗိမာန် အိမ်တော်တွင် ပြဿနာရှာခြင်းက အကြံကောင်းတော့ မဟုတ်ပေ။

“မိုးမြေ ကောင်းကင်မြို့က ချိန်ကလန်…” စိန့်ယွီက ပြန်ပြောသည်။ သူမက လာရောက် မပြောခင် ကတည်းက ပြဿနာ လာရှာသူက ဘယ်သူ ဖြစ်သည်ကို စုံစမ်းပြီး ဖြစ်သည်။

စိန့်ယွီ၏စကားကို ရီဖူရှင်းက ခေါင်းညိတ်သည်။ ယခုကား သူက မိုးမြေ ကောင်းကင်မြို့မှ ထိပ်သီးကလန်များကို သိထားပြီး ဖြစ်သည်။ ချိန်ကလန်ကလည်း ရှည်လျား ခိုင်မာသော သမိုင်းနောက်ခံရှိကာ အင်အားကြီး ကလန်တစ်ခု ဖြစ်သည်။

ချိန်ကလန်၏ အင်အားက ထိပ်သီးကျောင်း သုံးကျောင်း၏ စန္ဒာငွေလမင်း ကျောင်းတွင် အခြေတည်ထားခြင်း ဖြစ်သည်။ ချိန်ကလန်ဝင်များက ထိုကျောင်းတွင်သာ တက်ရောက် လေ့ကျင့်ကြ၏။ သူတို့က နဂါးကလန်နှင့် အင်အားတန်းတူ ရှိသော ကလန် ဖြစ်သည့်အလျောက် နတ်ဗိမာန် အိမ်တော်တွင် လာရောက် ပြဿနာရှာခြင်းက အံ့ဩစရာတော့ မဟုတ်ပေ။ နတ်ဗိမာန် အိမ်တော်က ဘာမှ မတတ်နိုင်ပေ။

“သွားကြည့်ကြရအောင်…” ရီဖူရှင်းက ထရပ်ကာ အပြင်ဘက်ကို လျှောက်ထွက် သွားလျှင် ယူချင်းက နောက်မှ လိုက်ပါသွားသည်။

လက်ရှိတွင် ထိပ်သီး ကလန်များပင် နတ်ဗိမာန် အိမ်တော်ကို ရောက်လာရာ ရီဖူရှင်းက လူလုံးထွက် မပြဘဲ မဖြစ်နိုင်တော့ပေ။ သူတို့က တခြား နည်းလမ်းများကို သုံးကာ သူ့အား တွေ့နိုင်ရန် ကြိုးစား ကြပေရော့မည်။ သူက မိုးမြေ ကောင်းကင်မြို့တွင် အနည်းငယ် နာမည် ရှိသော်လည်း ထိပ်သီးကျောင်း သုံးကျောင်းနှင့် ထိပ်သီးကလန်များနှင့် စာလျှင် သူက ဘာမှ မဟုတ်ပေ။

ရီဖူရှင်းက စိန့်ယွီနှင့် ယူချင်းတို့ကို ခေါ်ကာ နတ်သမီးရေကန်သို့ ထွက်လာသောအခါ အားလုံးက စိတ်ဝင်တစား ကြည့်ကြသည်။ မှန်သည်… ယခု နတ်သမီးရေကန်သို့ လာရောက် စားသောက်သူများ ထဲတွင် အများစုက ကြယ်မင်းကျောင်းကို တစ်ယောက်တည်း ရင်ဆိုင်ရဲသော လူအား မြင်တွေ့လိုကြသည်။ ကောလာဟလများအရ ဂီတအဆောင်မှ မည်သူကမှ သူ့အား ယှဉ်နိုင်ခြင်းမရှိဟု ဆိုကြသည်။ ကုယွန်ချီပင်လျှင် သူ့လောက် မကောင်းဟု ဝန်ခံ၏။

နောက်ဆုံးတွင် သူကား ရောက်လာလေပြီ။ ထို့အတူ သူတို့က ကျင်းယွန်ရှောင်းနှင့် တိုက်ခိုက်ခဲ့သော သိုင်းပညာရှင် ကိုလည်း မြင်ကြရ၏။

ရီဖူရှင်း ရောက်လာသည်နှင့် ထင်သည့်အတိုင်း ထိုနေရာက တိတ်ဆိတ် သွားသည်။

“ခင်ဗျားတို့ အားလုံးက ကျုပ်ကို တွေ့ချင်ကြတာလား…” ရီဖူရှင်းက လူအုပ်ကြီးအား ကြည့်ကာ မေးသည်။

“မင်းရဲ့ ကု့ချင်းပညာက အဆင့်မြင့်ပြီးတော့ ကြယ်မင်းကျောင်းက မင်းနဲ့ တန်ခိုးအဆင့်တူတွေ အကုန်လုံးကို အနိုင်ယူနိုင်စွမ်း ရှိတယ်လို့ ကြားတယ်… ကျုပ်က ကိုယ်တိုင် တွေ့ချင်လို့ လာခဲ့တာပဲ…” တစ်ယောက်က ပြုံးလျက် ပြောသည်။ သူကား သူရိယနေမင်း ကျောင်းမှ ပါရမီမြင့် လူငယ်တစ်ယောက် ဖြစ်သည်။ သူ၏အနီးမှ လူများမှာလည်း သူရိယနေမင်းကျောင်းမှ တပည့်များ ဖြစ်ကြ၏။ သူသာ ရီဖူရှင်းအား အနိုင်ယူနိုင်ပါက ကြယ်မင်းကျောင်းအား ပါးရိုက်သလို အရှက်ခွဲ နိုင်တော့မည် ဖြစ်သည်။

“ကျုပ်လည်း ဒီအတိုင်းပဲ…” နောက်တစ်ယောက်က ပြောသည်။ သူကား တည့်တိုးပင် ပြောသည်။

“ဒါဆို ကျုပ်က ဒီမှာ ထိုင်ပြီး ခင်ဗျားတို့ တစ်ယောက်ပြီး တစ်ယောက် လာပြီး စိန်ခေါ်မှာကို စောင့်နေရမှာပေါ့…” ရီဖူရှင်းက ပတ်ဝန်းကျင်မှ လူအုပ်ကြီးကို မေးသည်။ သူ့တွင် သည်ကဲ့သို့ အားလပ်ချိန်နှင့် စိတ်ကူးမရှိပေ။

“တစ်ပွဲ နှစ်ပွဲလောက် တိုက်ပြီးရင် လိုမယ် မထင်တော့ဘူး…” တစ်ယောက်က ခံစားချက် ကင်းမဲ့စွာ ပြောသည်။

“ဒါ မှန်တယ်… ဒီလို ဆိုရင်လည်း ကျုပ်ရဲ့ နတ်ဗိမာန် အိမ်တော် အတွင်းမှာ လူတွေ အများကြီး လေ့ကျင့်နေကြတယ်… ခင်ဗျားတို့ တန်ခိုးအဆင့် အတွင်းမှာလည်း လူတွေ အများကြီး ရှိတယ်… တကယ်လို့ ခင်ဗျားတို့က ကျုပ်ကို စိန်ခေါ်မယ်ဆိုရင် သူတို့ကို အရင် စိန်ခေါ် အနိုင်ယူပြီးမှ ကျုပ်ဆီကို လာရင် ဘယ်လိုလဲ…” ရီဖူရှင်းက အကြံပေးသည်။

“မင်းက ဟာသ ပြောနေတာလား…” နောက်တစ်ယောက်က မျက်မှောင်ကြုတ် လိုက်သည်။ နတ်ဗိမာန် အိမ်တော်က တန်ခိုးရှင်များကို စိန်ခေါ်ရမည်လား…။ ထို့အပြင် တစ်ယောက်ပြီး တစ်ယောက်…။ သူတို့တွင် ထိုမျှ အချိန် အားလပ်ခြင်း မရှိပေ။

“ဒါက ရယ်စရာဆိုတာ မင်းတို့အားလုံး သိကြသားပဲ…” ရီဖူရှင်း၏အကြည့်က အားလုံးထံကို ရောက်သွားကာ တည်ငြိမ်စွာ ပြောသည်… “တန်ခိုး အဆင့်တူက ကျုပ်ကို စိန်ခေါ်ချင်တယ် ဆိုရင်… သေချာတာပေါ့… အဆင့်မြင့် နိုဘယ် သိဒ္ဓိဝင် လက်နက်တစ်ခု ပြင်ဆင်ထား… မင်းတို့ရှုံးရင် အဲဒါကို ထားခဲ့… နိုင်ရင် နှစ်ခု ပြန်ယူသွား … ဘယ်လိုလဲ…”

ရီဖူရှင်း၏ စကားကို ကြားလျှင် လူအများအပြားက မျက်မှောင်ကြုတ် သွားကြသည်။ အဆင့်မြင့် နိုဘယ်သိဒ္ဓိဝင် လက်နက်ကား သူတို့တွင် အားကောင်းသော နောက်ခံမရှိဘဲ အကာနာအဆင့် တန်ခိုးရှင်များ ထုတ်နိုင်သော အရာမဟုတ်ပေ။

သည်အကောင်ကား အလောင်းအစား သဘော လုပ်လိုနေခြင်းပင်။

“သေချာတာပေါ့…” သီးသန့်ဆောင် အတွင်းမှ အသံတစ်သံကို ကြားကြရသည်။ ရီဖူရှင်းက လှမ်းကြည့်လျှင် သူ့ဘေးမှ အစေခံ မိန်းကလေးက ပြောသည်… “သူတို့အုပ်စုက မကျေမနပ် ဖြစ်ပြီး ပိုင်ရှင်ကို တွေ့ချင်တယ် ပြောတာပါ…”

သီးသန့်ဆောင်မှ လူတစ်စု ထွက်လာသည်။ ခေါင်းဆောင်ကား လူငယ်လေး တစ်ယောက် ဖြစ်၏။ ထိုလူငယ်လေးက ရီဖူရှင်းတို့အား အေးစက်စွာ ကြည့်သည်။ သို့သော်လည်း အသံပိုင်ရှင်ကား မိန်းကလေး ဖြစ်သည်။ သူမက သီးသန့်ဆောင်ထဲမှ ထွက်လာခြင်း မရှိပေ။ သို့သော်လည်း သူတို့က ဟင်းအရသာ မကောင်းကြောင်း ပြစ်တင် ဝေဖန်ခြင်း မရှိတော့ပေ။ သူတို့၏ရည်ရွယ်ချက်က ရီဖူရှင်းကို တွေ့ရန်ဖြစ်သည်။

“သူက အကာနာ အဆင့်ငါးရှိတယ်… သူလည်း စိန်ခေါ်လို့ရလား…” သီးသန့်ခန်းထဲမှ အသံရှင်က ထပ်ပြောသည်။

ဆရာရီ… သတိထားပါ… သူ့နာမည်က လိန်ဆား… သူက မိုးမြေကောင်းကင် တိုက်ခိုက်ရေးကွင်းက လာတာ … သူက အကာနာအဆင့်နိမ့်မှာ ရှိနေတုန်းက အဆင့်နိမ့် အကာနာက လူတိုင်းကို အနိုင်ယူပြီး အဆင့်နိမ့်အကာနာ ချန်ပီယံဖြစ်ခဲ့တယ်… အခု သူက ချိန်ကလန်က မိန်းကလေးချိန်ယုံရဲ့ တိုက်ခိုက်ရေး အစေခံဖြစ်လာတယ်… နောက်ထပ် သီးသန့်ဆောင် တစ်ခုမှ ညင်သာသော အသံတစ်သံ ထွက်လာသည်။ ထိုအသံအား ရီဖူရှင်းက မှတ်မိ၏။ သူမကား ကုယွန်ချီဖြစ်သည်။ သူမလည်း ယနေ့ ဤနေရာကို ရောက်လာ၏။

ချိန်ယုံ၏ တိုက်ခိုက်ရေး အစေခံ…။ အားလုံးက သီးသန့်ဆောင်ကို လှမ်းကြည့်ကြသည်။ ချိန်ကလန်မှ ချိန်ယုံလည်း ရောက်လာသည်လား…။

မိုးမြေကောင်းကင် တိုက်ခိုက်ရေး ကွင်းကား နာမည်ကျော်နေရာ တစ်ခုဖြစ်၏။ ပုံမှန်အားဖြင့် လူတိုင်းက ထိုနေရာကို သိကြ၏။ ထိုနေရာက မိုးမြေကောင်းကင်မြို့မှ ထိပ်သီးကလန်များနှင့် ချမ်းသာ ကြွယ်ဝသော မိသားစုများအတွက် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုနေရာတွင် များစွာသော အရည်အချင်း ရှိသူများ ပေါ်ထွက်လာလေ့ရှိသည်။ ထိုနေရာမှ လူများအား ထိပ်သီး မိသားစုများ၏ လူငယ် မျိုးဆက်များက သူတို့၏တိုက်ခိုက်ရေး အစေခံအဖြစ် ရွေးချယ်လေ့ ရှိကြသည်။

တချို့ တိုက်ခိုက်ရေး အစေခံများကား ထိပ်သီးကျောင်း သုံးကျောင်းမှ ပါရမီရှင်များထက် မနိမ့်သော အရည်အချင်းများ ရှိကြ၏။ သို့သော် အဘယ်ကြောင့် သူတို့က ထိပ်သီးကျောင်း သုံးကျောင်းကို မဝင်ရောက်ဘဲ တိုက်ခိုက်ရေး အစေခံအဖြစ် ရွေးချယ်ခဲ့ကြသနည်း။ ထိုအရာက သူတို့၏ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်သည်။ တိုက်ခိုက်ရေး အစေခံများက သူတို့၏ သခင်များကို လွတ်လပ်စွာ ရွေးပိုင်ခွင့်ရှိသည်။ သူတို့က တစ်ဖက်လူ၏ ကမ်းလှမ်းမှုကိုလည်း ငြင်းပိုင်ခွင့် ရှိသည်။ ထို့ကြောင့် သူတို့၏ အဆင့်အတန်းက မနိမ့်ကျသော်လည်း သူတို့၏ ဂုဏ်သိက္ခာကတော့ အနည်းနှင့်အများ ထိခိုက်ပေသည်။ သူတို့က အင်အား ကောင်းသော မိသားစုနှင့် ကလန်များမှ ထိပ်သီး ပါရမီရှင်များ၏ နောက်မှလိုက်ကာ သူတို့နှင့်အတူ လေ့ကျင့်ကာ စွမ်းအားများ ပိုမို မြင့်တက် လာနိုင်သည်။ နောက်ပိုင်းတွင် သူတို့၏သခင်များက အရှိန်အဝါ ကြီးသူများ ဩဇာ အာဏာရှိသူများ ဖြစ်လာသောအခါ သူတို့ကလည်း မြင့်မားသော အဆင့်အတန်းများကို ရရှိနိုင်ပေသည်။

“ကုကလန်နဲ့ ချိန်ကလန်က သခင်မလေးတို့ ကိုယ်တိုင် ဒီကို ရောက်လာတယ် ဆိုတော့ ဘယ်လောက်တောင် ဂုဏ်ယူဖို့ ကောင်းလဲ…” လူတစ်ယောက်က ပြောသည်။ နောက်ထပ် သီးသန့်ခန်းတစ်ခုမှ ဆယ်ကျော်သက် လူငယ်တစ်ယောက် ထွက်လာသည်။ သူ၏ရုပ်ရည်ကလည်း ချောမောခန့်ညားကာ ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင်သည်။ သူ၏မျက်လုံးက စူးရှတောက်ပကာ မီးလျှံများ လှိုင်းထနေသည်ဟု ထင်ရ၏။

“ချန်းလျူ…” လူအုပ်ထဲက တစ်ယောက်က သူ့ကို မှတ်မိသည်။ အားလုံးက မှင်တက် သွားကြ၏။ ချန်းကလန်မှ ချန်းလျူလည်း ရောက်လာသည်။ ယနေ့ ဘာဖြစ်နေသနည်း။ ထိပ်သီးကျောင်း သုံးကျောင်းမှ လူများအားလုံး ယနေ့ ရောက်လာသည်။

ကုယွန်ချီက ရီဖူရှင်းနှင့် ယခင်ကတည်းက သိကျွမ်းသောကြောင့် ယနေ့ ရောက်လာသည်က နားလည်၍ ရ၏။ သို့သော် တချို့ကလည်း ထူးခြားသလို ခံစားကြရသည်။ ကုကလန်၏ သခင်မလေးက နတ်ဗိမာန် အိမ်တော် ပိုင်ရှင်ကို စိတ်ဝင်စား နေသည်များလား…။

ချန်းကလန်၏ နောက်ခံကား သူရိယနေမင်းကျောင်း ဖြစ်ကာ ချိန်ကလန်၏ နောက်ခံကား စန္ဒာ ငွေလမင်းကျောင်း ဖြစ်သည်။ ယခုတွင် ထိပ်သီးကျောင်း သုံးကျောင်းလုံး၏ လူငယ် ပါရမီရှင်များက ဤနေရာသို့ ရောက်လာသည်ဟု ပြောရမည်။

“မင်းက လောင်မူနဲ့ ကျင်းယွန်ရှောင်း တို့ကိုတောင်မှ မျက်နှာသာ မပေးဘူးလို့ ကြားတယ်…” ချန်းလျူက ရီဖူရှင်းကို မေးခွန်းထုတ်သည်။ လောင်မူနှင့် ကျင်းယွန်ရှောင်းတို့ကား သူနှင့် မျိုးဆက် တစ်ခုတည်း ဖြစ်ကာ အချင်းချင်း ပြိုင်ဆိုင်မှု ပြင်းထန်ပေသည်။

ထို့ကြောင့်လည်း ချန်းလျူက ရီဖူရှင်းကို စိတ်ဝင်စားမိခြင်း ဖြစ်သည်။ သူက တစ်ချိန်က လောင်မူထံတွင် ရှုံးနိမ့်ခဲ့၏။ လောင်မူကား သူ၏အဖေကဲ့သို့ပင် ဂုဏ်မောက်သောလူ ဖြစ်သည်။ သို့သော် သူ၏ အရည်အချင်းကား သူ၏အဖေနှင့်ယှဉ်လျှင် လွန်စွာ လိုသေးသည်။

လောင်ရီထျန်း အသက်ရှိစဉ်က သူက မြေရိုင်းဒေသ အရှေ့ဘက်နယ်၏ နံပါတ်တစ် ဂုဏ်ပုဒ်ကို ရရှိခဲ့သူဖြစ်သည်။ သူက မြေရိုင်းဒေသအဆင့် ဇယားတွင်ပင် ရပ်တည်ခဲ့သည်။ သူငယ်စဉ်ကား သူကား ပြိုင်ဘက်ကင်းသည်။ လောင်မူက အားကောင်းသော်လည်း လောင်ရီထျန်း၏ အရည်အချင်း တစ်ဝက် မမီပေ။

ရီဖူရှင်းက ချန်းလျူကို ကြည့်သည်။ နတ်သမီးရေကန်မှ တီးတိုး စကားသံများအရ သူက ထိုလူငယ်က ဘယ်သူ ဖြစ်သည်ကို သိလိုက်သည်။

“ရှင်က စိန်ခေါ်တာကို လက်ခံမှာလား… လက်မခံဘူးလား…” ချိန်ကလန်မှ မိန်းကလေးက သီးသန့်ဆောင်ထဲမှ လှမ်းပြောသည်။

“သိဒ္ဓိဝင်လက်နက်…” ရီဖူရှင်းက သီးသန့်ဆောင်ကို ကြည့်ကာ မေးသည်။ မိုမြေကောင်းကင်မြို့တွင် နေထိုင်ရသည်က စျေးကြီးပေသည်။ သူက အခွင့်အရေးရသည့် အချိန်တိုင်း ငွေရှာရမည်။

မကြာမီ အစေခံ မိန်းကလေး တစ်ယောက် ထွက်လာကာ သိဒ္ဓိဝင် လက်နက် တစ်ခုအား ကိုင်လာသည်။ သူမက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “သခင်မလေးက ပြောတာက ရှင်က ဒါကို ခဏယူထားလို့ ရတယ်တဲ့…”

“လို့လန်… ဒါကို သိမ်းထားလိုက်…” ရီဖူရှင်းက ပြောသည်။

“နားလည်ပြီ…” လို့လန်ရွှီက ရှေ့ကို တက်လာကာ သိဒ္ဓိဝင် လက်နက်ကို အပိုင် သိမ်းထားလိုက်သည်။ ထိုမြင်ကွင်းကို ကြည့်ကာ လူအများက အံ့အားသင့်ကြရ၏။ သူကား အလွန် ယုံကြည်မှု ရှိသည်။

ရီဖူရှင်းက အကာနာ အဆင့်လေးတွင်သာ ရှိသည်ဟု သူတို့ ကြားသည်။ တစ်ဖက်တွင် ချိန်ယုံ၏ တိုက်ခိုက်ရေး အစေခံကား အကာနာ အဆင့်ငါးတွင်ရှိကာ အလွန် အားကောင်းသည်။ သူကား ထိပ်သီးကျောင်း သုံးကျောင်းမှ ပါရမီရှင်များ၏ အဆင့်ဖြစ်သည်။

“ယူချင်း… သူ့ကို သိပ်အားနဲ့ မလုပ်နဲ့…” ရီဖူရှင်းက ယူချင်းကို ပြောသည်။

“…” ရီဖူရှင်း၏ စကားကို ကြားကာ လူတိုင်းက ထိတ်လန့် ကြရသည်။ သူကား အမှန်ပင် လေကြီးလွန်းလှသည်။

ယူချင်းက ရှေ့ကို တက်လာလျှင် လိန်ဆား မျက်မှောင်ကြုတ် လိုက်သည်။ ရီဖူရှင်း၏ အမူအရာအား သူက သဘောမကျပေ။

ထိတ်လန့်ဖွယ် အနက်ရောင် အငွေ့အသက်များ လိန်ဆားထံမှ စတင် ပျံ့နှံ့လာသည်။ ထို့နောက် ထိုအငွေ့အသက်များက ကြောက်မက်ဖွယ် လေပွေအား သူ့အား စတင် လှည့်ပတ် လာသည်။ ချိန်ယုံကား သိုင်းပညာကို မလေ့ကျင့်သော မှော်ပညာရှင် ဖြစ်သည်။ သို့သော် သူမ၏ တိုက်ခိုက်ရေး အစေခံကား အလွန် အားကောင်းသော သိုင်းပညာရှင် ဖြစ်သည်။

လိန်ဆားက အနက်ရောင် လေပွေမုန်တိုင်း တစ်ခု လှည့်ပတ်လျက် ယူချင်းထံ တက်လာသည်။ တစ်ချိန်တည်းမှာပင် ယူချင်းက ရှေ့ကို တက်လိုက်လျှင် ကြောက်မက်ဖွယ် ရုန့်ရင်း ကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခု ဖြာထွက် လာသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset