“မင်းက ဒီလိုပဲ ထွက်သွားတော့မှာလား…” ရီဖူရှင်း ထွက်သွားသည်တွင် တစ်စုံတစ်ယောက်က လှမ်းပြော၏။ စကားပြောလိုက်သူအား မြင်လျှင် အားလုံးက စိတ်ဝင်စား သွားကြ၏။
တားလိုက်သူကား တိမ်တိုက်ကိုးခု နန်းတော်ကလန်မှ ကျင်းယွန်ရှောင်း ဖြစ်သည်။ အံ့အားသင့်စရာ ကောင်းအောင်ပင် လောင်မူနှင့် အမြဲလို ရန်သူများ ဖြစ်သော သူက ရီဖူရှင်းအား လောင်မူနှင့်အတူ ဖိနှိပ်ရန် ကြိုးစားနေသည်။
ထိုအဖြစ်က ရီဖူရှင်းအတွက် စိတ်ပျက်ဖွယ်ရာပင်။ သူ့အား လောင်မူက အသိအမှတ် ပြုသည့်အပြင် ကျင်းယွန်ရှောင်း ကလည်း သူ့အား တားဆီးနေ၏။
ရီဖူရှင်းက ဘာမှ သတိထားမိဟန် မရဘဲ စင်ပေါ်မှ ဆက်လက် ဆင်းသွားနေသည်။ ယနေ့ သူ ဝင်စွက်ဖက်ခြင်းက လောင်လင်းအာ ကြောင့်သာ ဖြစ်၏။ လောင်လင်းအာက သူ၏အမြင်ကို တောင်းရာ ရီဖူရှင်းက သူ့အမြင်ကို ပြောရုံမျှသာ။ လောင်မူနှင့် ကျင်းယွန်ရှောင်းတို့ကိုမူကား သူက ဂရုမစိုက်ပေ။ သူတို့က သူ့အား လေးစားမှုရှိလျှင် သူက ပြန်လေးစားမည်။ သို့သော် လောင်မူက သူ့အား နှစ်ကြိမ်တိတိ စော်ကားခဲ့ပြီးဖြစ်ရာ သူက အဘယ်ကြောင့် သူ့ကို မျက်နှာသာ ပေးရမည်နည်း။
လောင်မူကား နဂါးကလန်၏ လူငယ်မျိုးဆက် တစ်ယောက်သာ ဖြစ်သည်။ သူက နောက်ထပ် ဆက်ခံသူ အသစ်ဟု နာမည်ထွက် နေသော်လည်း လက်ရှိတွင် လောင်လင်းအာ၏ မိဘများ သက်ရှိထင်ရှား ရှိနေစဉ် လောင်မူက လောင်လင်းအာ၏ ကိစ္စရပ်များကို ဝင်ရောက် ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။
ကျင်းယွန်ရှောင်းက မျက်ခုံးပင့်ကာ သူ့အား လျစ်လျူရှုထားသော ရီဖူရှင်းကို ကြည့်သည်။ သူက ပြုံးလျက် ပြောသည်… “မင်းရဲ့ ကု့ချင်းပညာက အရမ်း ထူးခြား ထက်မြက်တယ် ဆိုတော့ ကျုပ်က မင်းနဲ့ လက်ရည် စမ်းချင်တယ်…”
ထို့နောက် ကျင်းယွန်ရှောင်းက ရွှေရောင် အလင်းတန်းအလား ပြောင်းလဲသွားကာ ရီဖူရှင်းထံသို့ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ပျံသန်းသွားသည်။
ကျင်းယွန်ရှောင်းက စိန်ခေါ်ခြင်းမှာ အကြောင်းရှိသည်။ ကုယွန်ချီ၏စကားက ကြယ်မင်းကျောင်း၏ ဂုဏ်သိက္ခာကို ဆယ်လိုက် နိုင်သော်လည်း ရီဖူရှင်းက ကြယ်မင်းကျောင်းမှ တပည့်များကို အနိုင်ယူခဲ့ခြင်းမှာ မှန်ကန်သော အချက်ဖြစ်သည်။ သူက ရီဖူရှင်းအား အနိုင်ယူနိုင်ခဲ့ပါက သူက ကျောင်း၏ဂုဏ်ကို ဆယ်နိုင်သလို အကြီးအကဲများ၏ မျက်နှာသာ ပေးမှုကိုလည်း ရမည်။ ထို့အပြင် ကုယွန်ချီနှင့်လည်း တချို့ သက်ဆိုင်သည်။ ယခင် နဂါးကလန် ခေါင်းဆောင် အသက်ရှင်စဉ်က လောင်မူနှင့် ကုယွန်ချီအား လက်ဆက်ရန် စီစဉ်ဖူးခဲ့ကြ၏။ ထိုကိစ္စက ပျက်သွားသော်လည်း ကလန်နှစ်ခုက ယခုတိုင် ထိုအတွေးများ ရှိနေကြဆဲ ဖြစ်သည်။
အကယ်၍ ကုကလန်နှင့် နဂါးကလန်တို့က လက်ထပ်ခြင်းဖြင့် မဟာမိတ် ပြုလုပ်ခဲ့ပါက ဖိအားများသွားမည်က ကျင်းကလန်ဖြစ်သည်။ ထို့ကြောင့် ကျင်းယွန်ရှောင်းက ကုယွန်ချီကို ရမည်ဆိုလျှင် ကျင်းကလန်အတွက် အောင်မြင်မှုပင်။ ထို့အပြင် သူမကဲ့သို့ မိန်းမလှကို ကျင်းယွန်ရှောင်း ကလည်း ရယူရန် လွန်စွာ လိုလားပေသည်။
ယခု ကုယွန်ချီက ရီဖူရှင်းအပေါ် လေးစား ကြည်ညိုမှုကို ဖော်ထုတ်ပြသရာ အကယ်၍ သူက ရီဖူရှင်းကို အနိုင်ယူခဲ့ပါက သူမ၏ စိတ်ကူးယဉ်မှုများ အားလုံး ပျက်စီး သွားရပေမည်။
“မြန်လိုက်တာ…” အားလုံးက စင်မြင့်ပေါ်မှ ရွှေရောင် အလင်းတန်းကို ကြည့်နေကြ၏။ ချက်ချင်းပင် သူက ရီဖူရှင်း၏နောက်ကို ကျဆင်းလာကာ နတ်ငှက်၏ လက်သည်းများ အလား သူ၏လက်ဖြင့် ရီဖူရှင်းကို ကုတ်ခြစ်လိုက်သည်။
“ခုထိ နားမလည်သေး ဘူးလား…” ရီဖူရှင်းကား စင်အောက်ကို ဆင်းရာတွင် ဖြစ်ပျက် နေသည်များကို သိသည့်ပုံ မပေါ်သလို နောက်လှည့်မည့်ဟန်လည်း မရှိပေ။ အားလုံး၏ အမူအရာများ ပြောင်းလဲ သွားကြသည်။ သူက ဘာလို့ ပြန်မတိုက်ခိုက်တာလဲ…။ သို့သော် ရီဖူရှင်း၏ရှေ့မှ တစ်ယောက်က လှုပ်ရှားလိုက်သည်ကို သူတို့ သတိမထားမိကြပေ။ သူက လှုပ်ရှားလိုက်မှတော့ ရီဖူရှင်းက ဘာမှ လုပ်စရာ မလိုတော့ပေ။
ဘန်း…
စင်မြင့်က တုန်ခါသွားသည်။ ရီဖူရှင်း၏ နောက်ကျောကို ဦးတည်နေသော ကျင်းယွန်ရှောင်း၏ လက်သည်းများရှေ့ကို အားကောင်းသော လက်ဝါးရိုက်ချက် တစ်ချက် ပေါ်လာသည်။
ဘန်း…
ထိုလက်ဝါးက ရွှေရောင်နတ်ငှက် လက်သည်းများ အောက်တွင် ကြေပျက် သွားတော့မည်ဟု လူတိုင်းက တွေးတောနေသော အချိန်တွင် ထိုလင်းလက် တောက်ပသော ခန္ဓာကိုယ်က နောက်ကို လွင့်စဉ်သွားကာ သူ၏စူးရှသော မျက်လုံးများက သူ့ရှေ့ကို ရုတ်တရက် ပေါ်လာသော ကြံ့ခိုင် သန်မာသော လူငယ်လေးအား ကြည့်နေသည်။
ကြောက်မက်ဖွယ် စွမ်းအားက ထိုလူငယ်၏ လက်မောင်းမှတစ်ဆင့် သူ့အား ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။ ထိုခံစားချက်က လောင်မူနှင့် တိုက်ခိုက်စဉ်က ခံစားချက်နှင့် တူညီပေသည်။
လူအများက ကျင်းယွန်ရှောင်းနှင့် ရင်ဆိုင်ခဲ့သော လူငယ်အား စိတ်ဝင်စားစွာ ကြည့်ကြသည်။ ရီဖူရှင်းနှင့်အတူ ပါလာသော လူငယ်အား လူအများက သတိမထားမိကြပေ။ သို့သော်လည်း သူက ကျင်းယွန်ရှောင်းနှင့်ပင် အထက်စီးမှ တိုက်ခိုက်နိုင်သည်။
သူက ထိုနေရာတွင် ရပ်နေခြင်းကပင် လူအများအား အလွန် အားကောင်းသော အရှိန်အဝါကို ပေးသည်။ သူက ဘယ်သူလဲ…။
ကျင်းယွန်ရှောင်း၏ ခန္ဓာကိုယ်က ရွေရောင်အလင်းများ ပိုမိုလင်းလက် တောက်ပလာနေသည်။ နတ်ငှက်ဝိညာဉ် ပေါ်လာကာ အတောင်ပံများကို တဖျတ်ဖျတ် ခတ်သည်။ ရုတ်တရက် သူ၏အတောင်ပံများကို ပြင်းထန်စွာ ရိုက်ခတ်လိုက်လျှင် သားမွေးများက ရွှေရောင် ဓားသွားများအလား ယူချင်းထံသို့ တိုးဝင်လာကြသည်။
ကြမ်းတမ်းသော လေထုရိုက်ခတ်သံနှင့်အတူ ယူချင်း၏ နောက်ကျောမှလည်း နက်ရွှေရောင် အတောင်ပံတစ်စုံ ပေါ်လာသည်။ ယူချင်းက သူ၏ နတ်ဆိုး အတောင်ပံများအား သူ၏ရှေ့တွင် ကာကွယ်လိုက်သည်။ သားမွေးဓားသွားများက ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ပြေးဝင် လာကြသော်လည်း ယူချင်း၏ အတောင်ပံများကို ကျော်ဖြတ်နိုင်စွမ်း မရှိပေ။
လူအများ၏ အမူအရာများ ပြောင်းလဲသွားကြသည်။ ရီဖူရှင်း၏နောက်ကို လိုက်ပါလာသော တစ်ယောက်က ကျင်းယွန်ရှောင်းကို ယှဉ်နိုင်သည်။ ထိုအချက်က ထိတ်လန့်ဖွယ် အမှန်တရား တစ်ခုဖြစ်သည်။ ကြယ်မင်းကျောင်းတွင် ကျင်းယွန်ရှောင်း၏ပါရမီကား ထိပ်သီးအဆင့်တွင် ရှိသည်။
ဝမ်ယွီချန်းက မည်သို့ ခံစားနေရသည်ကိုပင် မသိတော့ပေ။ ယခုမှ သူမက ရီဖူရှင်းတို့နှင့် မည်မျှ ကွာဟချက် ကြီးသည်ကို သိလိုက်သည်။ ထိုသန်မာသော လူငယ်လေးကား ရီဖူရှင်း၏ဘေးတွင် အမြဲ တိတ်ဆိတ်စွာ ရှိနေခဲ့သည်။ သို့သော် သူ၏တိုက်ခိုက်ရေး စွမ်းရည်ကား အားကောင်းလွန်းရကား ကျင်းယွန်ရှောင်းနှင့်ပင် ယှဉ်နိုင်သည်။ ကြည့်ရသည်မှာ သူမတို့က ရီဖူရှင်းတို့အား လှောင်ပြောင် နေခြင်းက မည်မျှ ရူးမိုက်သည်ကို သိလိုက်ရသည်။
ဒုန်း… ဒုန်း… ဒုန်း…
စင်မြင့်က စတင် တုန်ခါလာသည်။ လူအုပ်ကြီးပင်လျှင် ကြက်သီးများ ထကြရ၏။ ယူချင်းက အတောင်ပံများကို ဖြန့်ကာ ကျင်းယွန်ရှောင်းထံသို့ တစ်လှမ်းချင်း လှမ်းသွားသည်။ သူက စတင် တိုက်ခိုက်သည်နှင့် လူအများအား ပေးသော ခံစားချက်က သူ၏ တိတ်ဆိတ် ငြိမ်သက်သော ပုံစံဖြင့် ကွဲပြားစွာ အရှိန်အဝါ ကြီးမားမှု ရုန့်ရင်းကြမ်းတမ်းမှုတို့ ဖြစ်သည်။
“ယူချင်း…” ရီဖူရှင်းက ခေါ်လိုက်သည်။ ယူချင်း၏ခြေလှမ်းများက ရပ်တန့်သွားသည်။ “ငါတို့ သွားမယ်…” ရီဖူရှင်းက နောက်လှည့်ကာ ပြောသည်။ ယူချင်း၏ သက်ညှာခြင်း ကင်းသော အကြည့်က ကျင်းယွန်ရှောင်းထံ ရောက်သွားသည်။ ထို့နောက် သူက နောက်လှည့်ကာ စင်မြင့်ပေါ်မှ ဆင်းသွားသည်။
ရီဖူရှင်းက ကျင်းယွန်ရှောင်းအား တစ်ချက်မှပင် မကြည့်ဘဲ ကြယ်မင်းကျောင်းမှအကြီးအကဲများကို ပြောသည်… “ဒီနေ့ နှောင့်ယှက်မိတာ တောင်းပန်ပါတယ်… စီနီယာများက စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်… နှုတ်ဆက်ပါတယ်…”
ထိုသို့ပြောကာ သူက နောက်လှည့် ထွက်ခွာလာသည်။ ယူချင်းက သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွား၏။ သူက လောင်လင်းအာ၏ဘေးကို ရောက်လာသောအခါ ရီဖူရှင်းက သူမကို ပြောသည်… “လင်းအာ… မင်းက ကိုယ့်ဘာသာ ဆုံးဖြတ်ပါ… မဟုတ်ရင်လည်း သခင်မလောင်ဆီ သွားပြီး ဘယ်လိုလုပ်ရမလဲမေး…”
“အင်း …” လောင်လင်းအာက ပြုံးလျက် ခေါင်းညိတ်သည်… “အစ်ကိုဖူရှင်း … သွားကြစို့…” သူမက ရီဖူရှင်း၏ လက်မောင်းတစ်ဖက်ကို ပွေ့ဖက်ကာ သူတို့နှစ်ယောက်က ထွက်သွားကြသည်။ လူအများအပြားက လောင်မူကို လှမ်းကြည့်လျှင် သူက ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေသည်ကို တွေ့ကြရ၏။ သူတို့နှစ်ယောက် ထွက်သွားသည်ကို သူက ဘာမှ မပြောပေ။
သူက ဘာကို တွေးနေသည်ကို ဘယ်သူမှ မသိပေ။ ရီဖူရှင်းကလည်း မသိပေ။ သူက သိလျှင်လည်း ဂရုမစိုက်ပေ။ သူ၏အမြင်တွင် သည်ကိစ္စက နဂါးကလန်၏ ကိစ္စဖြစ်၏။ ထို့ကြောင့် သူက ဝင်စွက်ဖက်မည် မဟုတ်သော်လည်း သူက လောင်လင်းအာကို ညီမတစ်ယောက်ကဲ့သို့ သဘောထားသည်။ သူက လောင်လင်း၏ ဆုံးဖြတ်ချက်ကို ဝင်စွက်ဖက်မည် မဟုတ်သော်လည်း လောင်လင်းအာက ကြယ်မင်းကျောင်းကို မဝင်ရောက်လိုပါက သူက ထောက်ခံမည် ဖြစ်သည်။
သခင်မလောင်က လောင်လင်းအာကို ကြယ်မင်းကျောင်းကို ဝင်ရမည်ဟု ပြောလျှင် သူမက လောင်လင်းအာ၏ အမေဖြစ်ရာ ထိုသို့ ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ သို့သော် လောင်မူကား လောင်လင်းအာ၏ အစ်ကိုဝမ်းကွဲသာ ဖြစ်သည်။ သူ့တွင်လည်း လောင်လင်းအာနှင့် ပတ်သက်၍ ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။
ကျင်းယွန်ရှောင်းကလည်း စင်မြင့်ပေါ်တွင် ဘာလုပ်ရမည်မသိ ဖြစ်နေသည်။ မူလက သူက ရီဖူရှင်းအား အားကောင်းသော အရှိန်အဝါဖြင့် နင်းခြေပစ်လိုခဲ့သော်လည်း သူက ရီဖူရှင်း၏ဘေးမှ တစ်ယောက်ဖြင့် ရင်ဆိုင်ခဲ့ရ၏။ သူက ထိုလူအား အနိုင် မယူနိုင်သည်ကို သိသည်။ ထို့ကြောင့် ရီဖူရှင်းတို့ ထွက်သွားသောအခါ သူက ဘာလုပ်ရမည် မသိတော့ပေ။
ကုယွန်ချီက ကျင်းယွန်ရှောင်းအား ကြည့်သည်။ ထို့နောက် ရီဖူရှင်းတို့ အုပ်စုကို ကြည့်သည်။ သူတို့ကရော ဘယ်သူတွေလဲ…။ ရီဖူရှင်းက ကု့ချင်းတွင် နက်ရှိုင်းစွာ နားလည် တတ်ကျွမ်းကာ နဂါးကလန်တွင် ထုတ်ဖော်ခဲ့သော သူ၏ သိုင်းစွမ်းရည်မှာလည်း အားမနည်းပေ။ သူ့နောက်မှ လိုက်နေသော ယူချင်းကလည်း လွန်စွာ အားကောင်း၏။
အားလုံး၏ အကြည့်အောက်တွင် ရီဖူရှင်းတို့က ကြယ်မင်းကျောင်းမှ ထွက်သွားကြသည်။ ကျောင်းပြင်ပမှ လူများကလည်း သူတို့အတွက် လမ်းဖယ်ပေးကြသည်။ ယနေ့တွင် ဂီတအကူဟု ပြောသော လူငယ်ကား သေချာပေါက် နာမည်ကြီး သွားပေတော့မည်။
သူက သည်မျှ ပါရမီမြင့်မားပြီး ထိပ်သီးကျောင်း သုံးကျောင်းနှင့် မထိုက်တန်သော သာမန် ဂီတအကူဟု မိမိကိုယ်ကို ပြောခဲ့သည်။
ရီဖူရှင်းတို့ ထွက်သွားပြီးနောက် ကြယ်မင်းကျောင်း၏ အကဲဖြတ် စစ်ဆေးပွဲကလည်း ပြီးဆုံးခြင်းကို ရောက်သည်။ သို့သော်လည်း စာမေးပွဲ ဝင်မဖြေသော တစ်ယောက်ကသာ တကယ်တမ်း လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။
ကြယ်မင်းကျောင်းမှ လူများကလည်း စတင်၍ ထွက်ခွာကြသည်။ ကြယ်မင်းကျောင်း၏ ဂုဏ်သတင်းကား ယနေ့တွင် ညစ်ထေးခဲ့ရသည်။ သို့သော် သူတို့၏ ဒေါသကို ရီဖူရှင်းအပေါ် ပုံချရန် ထိုမျှ အရှက်မမဲ့ကြပေ။ ထို့အတူ ရီဖူရှင်းအား ထိပ်သီးကျောင်း သုံးကျောင်းသို့ ဖိတ်ခေါ်ခြင်းလည်း မပြုကြပေ။ သူ့တွင် ကျောင်းဝင်ရန် အရည်အချင်း ရှိသည့်တိုင် သူတို့တွင်လည်း ကိုယ်ပိုင်ဂုဏ်သိက္ခာ ရှိပေသည်။ သူက ယနေ့လုပ်ခဲ့သော အပြုအမူက ကျောင်း၏ အကြီးအကဲများစွာအား မပျော်မရွှင် ဖြစ်စေခဲ့သည်။
မိုးမြေကောင်းကင်မြို့၏ ထိပ်သီးကျောင်း သုံးကျောင်းက မည်သူတစ်ဦး တစ်ယောက်ကိုမှ ကျောင်းကိုဝင်ရန် တောင်းပန်စရာ မလိုပေ။
လူအုပ်ကြီးက ထွက်သွားသော်လည်း ဝမ်ယွီချန်းက မသွားသေးပေ။ သူမက သက်ပြင်းမော တစ်ချက် ချသည်။ သူမ၏ညီမ ဝမ်ယွီရိုက ဘေးကို ရောက်လာသည်။ ညီအစ်မနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ကြသည်။
“ငါသူ့ကို သွားပြီး တောင်းပန်မယ်…” ဝမ်ယွီချန်းက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
“သူ့လို မာနကြီးတဲ့လူက တောင်းပန်တာနဲ့ လုံလောက်မယ် ထင်လား…” ဝမ်ယွီရိုက မေးသည်။ ဝမ်ယွီချန်းက ခေါင်းငုံ့လိုက်သည်။ ဝမ်ယွီရို ပြောသည်က မှန်ပေသည်။ လောင်မူနှင့် ကျင်းယွန်ရှောင်း တို့ကိုပင် စိတ်ထဲ မထားသည့်သူက သူမ၏တောင်းပန်မှုကို ဂရုစိုက်မည်လား။ သူမက လှသည့်တိုင် ကုယွန်ချီကိုပင် မမီပေ။
အရာအားလုံးက မိုးမြေ ကောင်းကင်မြို့ကို ရောက်ပြီး နောက်ပိုင်း ကျင့်နန်၏ စကားများကို သတိရမိ၏။ သူတို့၏ဘဝကား မိုးနှင့်မြေပမာ ကွာခြားကာ တစ်ယောက်နှင့် တစ်ယောက် ဆက်စပ်ရန် မလွယ်ကူပေ။
***
ထိပ်သီးကျောင်း သုံးကျောင်း၏ ဝင်ခွင့်စာမေးပွဲက ပြီးသွားပြီ ဖြစ်သည်။ စာမေးပွဲမှ ထူးခြား ထက်မြက်သူများလည်း ပေါ်ထွက် လာခဲ့ကြ၏။
သူရိယ နေမင်းကျောင်းနှင့် စန္ဒာငွေလမင်း ကျောင်းတို့ကလည်း ပါရမီရှင်များစွာကို ခေါ်ယူနိုင်ခဲ့ကြသည်။ သို့သော် ကြယ်မင်းကျောင်း၏ ဝင်ခွင့်စာမေးပွဲတွင် ကျောင်းကို မဝင်ရောက်ခဲ့သော တစ်ယောက်က အားလုံးထက် သာလွန်သော ပါရမီကို ပြသကာ လူအများအား အံ့ဩ ထိတ်လန့်စေခဲ့သည်။ ထို့အပြင် သူကား နတ်ဗိမာန် အိမ်တော်၏ ပိုင်ရှင်အသစ်လည်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က နဂါးကလန်က နတ်ဗိမာန် အိမ်တော်အား ဝယ်ယူခြင်းက သူ့အား လက်ဆောင်ပေးရန် ဖြစ်သည်။ ထို့ကြောင့် ယခု နတ်ဗိမာန် အိမ်တော်က လာရောက် လည်ပတ်သူများဖြင့် စည်ကား သိုက်မြိုက် နေကြသည်။ လူအများအပြားက နတ်ဗိမာန် အိမ်တော်ပိုင်ရှင် အသစ်အား တွေ့လိုကြသည်။ အများစုက ထိပ်သီးကျောင်း သုံးကျောင်းမှ ပါရမီရှင်များ ဖြစ်ကြသည်။
ထိုလူက မည်မျှ ထူးချွန်သည်ကို သူတို့ တွေ့မြင် လိုကြသည်။ အထူးသဖြင့် တခြားကျောင်း နှစ်ကျောင်းမှ လူများက ကောလာဟလများကို ယုံကြည်ခြင်း မရှိဘဲ ကိုယ်တိုင် စမ်းသပ်လိုကြ၏။
လက်ရှိတွင် နတ်သမီးရေကန်တွင် လူအများအပြား ရောက်ရှိ နေကြသည်။ တစ်ယောက်က မေးသည်… “နတ်ဗိမာန် အိမ်တော်ပိုင်ရှင်ကို တွေ့ဖို့ ဒီလောက် ခက်တာလား…”
“နတ်ဗိမာန် အိမ်တော်ပိုင်ရှင်က တန်ခိုးကျင့်နေတာမို့ ဧည့်သည် မတွေ့နိုင်ပါဘူး… စိတ်မရှိပါနဲ့…” အစေခံမက ပြုံးလျက် ပြောသည်။
“ဒီလောက် နာမည်ကြီး နေပြီးတော့… ဒီမှာ လူတွေ ဒီလောက်များတာ သူ့အတွက် မလုံလောက်ဘူးလား…” စားပွဲဝိုင်းက တစ်ယောက်က လှောင်ပြောင်သော လေသံဖြင့် ပြောသည်။
အစေခံမက မသက်မသာ ပြုံးသည်။ သည်ရက်ပိုင်းတွင် လူအများအပြားက နတ်ဗိမာန် အိမ်တော်ပိုင်ရှင်ကို လာရောက် တွေ့ဆုံကာ စိန်ခေါ်လိုကြသည်။
***