‘ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့် အစစ်အမှန် ပေါ်သွားတာလား ’
လီချန်ရှို့သည် တုနတ်ဝိဇ္ဇာခန်းမသို့ တိမ်စီး၍ သွားနေရင်း ဂိုဏ်းချုပ်ခေါ်ရသည့် အကြောင်းအရင်းကို တွေးတောနေ၏။
ယခုတွင် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကြောင့် အရှင်မဝမ်နှင့် သူ ခေတ္တမျှ ထိပ်တိုက်ရင်ဆိုင်ရကိန်း ရှိလေသည်။
‘ ငါ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာက ဝှက်ဖဲလို့မယူဆနိုင်တော့ဘူး… ’
‘ တကယ့်ပညာရှင်တွေသာသိသွားရင် ငါ့ရဲ့ အသက်အန္တရာယ်စိုးရိမ်ရတယ် ’
လီချန်ရှို့သည် ကျင့်ဝတ်နှင့်မလျော်ညီသော ချီငြိမ်မန္တန်ကို တီထွင်နိုင်ရန် များစွာကြိုးစားခဲ့ရ၏။ ကနဦးတွင် သူသည် ကျင့်ကြံခြင်းနည်းလမ်းအကုန်လုံးကို လေ့လာခဲ့ပြီး ၎င်းတို့ကို ပြောင်းပြန် ပြန်၍ သုံးသပ်လေ့လာခဲ့သည်။ တုနတ်ဝိဇ္ဇာဂိုဏ်းတွင် ရှိသော ကိုယ်ရောင်ကိုယ်ဝါကို ဖုံးကွယ်နိုင်သည့် ပညာရပ်များကိုလည်း လေ့လာခဲ့၏။ နောက်ဆုံးတွင် သူသည် ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်နိုင်မည့် နည်းလမ်းတစ်ခုကို တီထွင်နိုင်ခဲ့လေသည်။
သူ နတ်ဝိဇ္ဇာအဖြစ် မတက်လှမ်းနိုင်ခင်ကပင် ထို ချီငြိမ်မန္တန်ကို အကြိမ်များစွာ အဆင့်မြှင့်ခဲ့၏။ လိချန်ရှို့တစ်ယောက် နတ်ဝိဇ္ဇာဖြစ်လာသောအခါ ထိုနည်းလမ်းအတတ်သည် ကိုယ်ယောင်ဖျောက်အတတ်နီးနီး စွမ်းအားကြီးလာတော့သည်။
သို့သော် လီချန်ရှို့သည် မည်မျှသက်တမ်းကြာကြာ နေခဲ့ပြီကိုပင် မသိရသော အာကာသနတ်မင်းအဆင့်ရှိသူ တစ်ဦး၏ အရှေ့တွင် သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ဖုံးကွယ်ထားရန် မဝံ့မရဲ ဖြစ်နေသည်။
‘ အခုတော့ ငါ့မှာ ဖုံးကွယ်မလား၊ မဖုံးကွယ်ဘူးလားဆိုတဲ့ ရွေးစရာ နှစ်ခုပဲရှိတာပဲ။ တကယ်လို့ ဂိုဏ်းချုပ်က ငါ့ကို တမင်စမ်းသပ်နေတာဆိုရင်တော့ တတိယအရန်အစီအစဉ်ကို သုံးရမှာပဲ… ’
ထိုအရန်အစီအစဉ်ဆိုသည်မှာ သူ၏ အပြစ်ကင်းမှုကို ချက်ချင်း သက်သေပြရန်ဖြစ်သည်။ သူသည် အခြားဂိုဏ်းများမှ သူလျှိုတစ်ယောက်မဟုတ်သလို၊ အခြားလောကမှ မိစ္ဆာတစ်ကောင်လည်းမဟုတ်သည့်အပြင် တုနတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်စစ်စစ်သာဖြစ်ကြောင်း သက်သေပြရပေမည်။ သို့သော် တိုက်ဆိုင်မှုများကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်သည် အချိန်တိုအတွင်း အနည်းငယ်ခုန်တက်သွားခြင်းသာ ဖြစ်ကြောင်း ပြောရမည်ဖြစ်၏။ ထို့ကြောင့် သူသည် မမျှော်လင့်ဘဲ ကောင်းကင်ပြစ်ဒဏ်ခံလိုက်ရကာ နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းနိုင်ခဲ့ကြောင်း တင်ပြရမည်။
သူသည် ခမ်းနားလှသော တုနတ်ဝိဇ္ဇာခန်းမအရှေ့သို့ ရောက်လာပေပြီ။ သူ ခန်းမကြီးကို ငေးကြည့်လိုက်၏။
လီချန်ရှို့သည် စိတ်တည်ငြိမ်အောင် ပြန်လုပ်၍ နတ်အာရုံကို ရုတ်သိမ်းလိုက်ပြီး သူ၏ ကိုယ်ရောင်ကိုယ်ဝါကို ဗလာနတ္ထိ အဋ္ဌမအဆင့်ရှိသူ တစ်ယောက်၏ ကိုယ်ရောင်ကိုယ်ဝါအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် သူ ခန်းမအတွင်းသို့ ဝင်လိုက်လေသည်။
သူ ခန်းမအတွင်းသို့ ဝင်လိုက်သည်နှင့် တိုးညင်းသော အသံပို့လွှတ်မှုတစ်ခုကို ကြားလိုက်ရသည်။
“ အဟမ်း…အဟမ်း… ချုံတောင်လေးက တပည့် လီချန်ရှို့လား.. ဘာမှပြန်မပြောနဲ့… ခေါင်းညိတ်ခေါင်းခါသာ လုပ်ပြ ”
လီချန်ရှို့သည် ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး ရိုရိုကျိုးကျိုး ရပ်နေလိုက်သည်။
အသံပို့လွှတ်မှုကို ဆက်ကြားလိုက်ရ၏။
“ ဘယ်ဘက်ခြမ်းကို လာခဲ့ပါ။ ခန်းမရဲ့ ထောင့်မှာ တံခါးအသေးလေးတစ်ခုရှိတယ်။ စိတ်မလှုပ်ရှားပါနဲ့… ငါက တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ… ငါ မင်းကို ခေါ်လိုက်ရတာက အသေးအဖွဲကိစ္စလေးအကြောင်း ပြောချင်လို့ပါ ”
“ အဟွတ်..အဟွတ်… ”
လီချန်ရှို့ ဆွံအသွားသည်။
‘ တခြားကိစ္စတွေ ခဏထားပါဦး… ဘာလို့ ဂိုဏ်းချုပ်ရဲ့ အသံပို့လွှတ်မှုက ဘာလို့ ဒီလောက် အားနည်းနေရတာလဲ ’
လီချန်ရှို့သည် ဦးညွှတ်၍ ရှင်းလင်းနေသော ဂိုဏ်း၏ ပင်ပခန်းမအတွင်း လျှောက်သွားလိုက်သည်။ သူသည် ပင်မခန်းမ၏ လက်ဝဲထောင့်သို့ သွားလိုက်ရာ သစ်သားတံခါးရွက် နှစ်ချပ်ရှိသော တံခါးလေးတစ်ခု၏ အရှေ့သို့ ရောက်သွားလေသည်။ သူသည် ထိုတံခါးလေးရှေ့တွင် ခေတ္တမျှ ရပ်နေလိုက်၏။ ထို့နောက် ဂိုဏ်းချုပ်၏ အသံပို့လွှတ်မှုကိ ထပ်မံကြားလိုက်ရသဖြင့် သူသည် သစ်သားတံခါးလေးကို အသာအယာတွန်းဖွင့်လိုက်လေ၏။
ထိုအခန်းသည် ရိုးရှင်း၍ ကျက်သရေရှိသော လက်ဖက်ရည်သောက်ခန်းလေးဖြစ်သည်။ အထဲတွင် စားပွဲများ၊ ကုလားထိုင်များရှိပြီး ဖွင့်ထားသည့် ပြတင်းပေါက်နှစ်ချပ်မှနေ၍လည်း တိမ်တိုက်များအကြားမှ တောင်ထွတ်များကိုလှမ်းမြင်နေရလေသည်။
လီချန်ရှို့သည် ထိုရှုခင်းများကို မခံစားနိုင်သေးပေ။ သူသည် ခေါင်းမော့၍ ပြူတင်းပေါက်အရှေ့တွင် ထိုင်နေသော လူငယ်လေးကို လှမ်းကြည့်လိုက်သည်။
ထိုလူငယ်လေးသည် ဂိုဏ်းချုပ်ဖြစ်ပြီး အတုမဲ့တုအယ်၏ အမည်ခံတပည့်လည်း ဖြစ်လေသည်။ သူ၏ အမည်မှာ ကျိဝူယုံ ဖြစ်၏။ သူ၏ မျက်နှာသည် ကျောက်စိမ်းသရဖူတစ်ခုကဲ့သို့ ဝင်းမွတ်နေသည်။ သူ၏ မျက်ခုံးများသည် ဓားကောက်နှစ်ချောင်းကဲ့သို့ ကွေးညွတ်နေပြီး မျက်လုံးများသည်လည်း ကြယ်များကဲ့သို့ တောက်ပနေပေသည်။ သူသည် ချောမောခန့်ညား၍ သိက္ခာရှိသည့်ပုံပေါ်၏။ သူ၏ ရုပ်သွင်ကို များစွာဖော်ပြရန် လိုမည်မထင်ပေ။
သက်လတ်ပိုင်းအရွယ်၊ လူငယ်အရွယ် ဆောင်ထားကြသော အမျိုးသား ချီကျင့်ကြံသူအများစုသည် သူတို့၏ရုပ်သွင်ကို တာအိုလက်တွဲဖော်၏ အကြိုက်အတိုင်း အထူးပြောင်းလဲထားခြင်းမဟုတ်လျှင် ချောမောခံ့ညားသည်သာ များလေ၏။ ထိုအရာသည် သာမန်သာဖြစ်သည်။
ဂိုဏ်းချုပ်၏ အပြုံးသည် ညင်သာပြီး မျက်ထားထားသည်လည်း နူးညံ့လှ၏။ သူသည် သိမ်မွေ့သောသူတစ်ယောက်ဟု ထင်ရလေသည်။ သို့သော် ထိုအရာများသည် အဓိကမဟုတ်ပေ။
အဓိကအချက်မှာ…
အာကာသနတ်မင်းအဆင့်ဂိုဏ်းချုပ်၏ မျက်နှာသည် ဖြူဖြော့နေ၏။ သူ၏ ကိုယ်ရောင်ကိုယ်ဝါသည် အားနည်းနေပြီး သူ၏မျက်လုံးများသည်လည်း မှိုင်းညို့နေပေသည်။ သူသည် အရပ်မြင့်ပြီး တောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက်ရှိသော်လည်း အနည်းငယ် နွမ်းနယ်နေပြီး အားနည်းနေပုံရ၏။
အကယ်၍ လီချန်ရှို့သာ ဂိုဏ်းချုပ်၏ အမည်သည် ကျိဝူယုံဖြစ်ပြီး အရှေ့ကျွန်းတွင် ဂိုဏ်းချုပ်ဝူယုံအဖြစ် အမည်တွင်ကြောင်း မသိခဲ့လျှင် သူသည် ဂိုဏ်းချုပ်ကို ‘ အာဒိကပ္ပလောက၏ ဗလာနတ္ထိသခင်လေး ’ဟု အမည်ပြောင်ပေးမိပေလိမ့်မည်။
ဂိုဏ်းချုပ်သည် လီချန်ရှို့ကို တွေ့သောအခါ ပြုံးလိုက်သည်။ သူ၏ နှုတ်ခမ်းစွန်းမှနေ၍ နတ်သွေးအချို့ စီးကျလာ၏။
လီချန်ရှို့သည် အံ့အားသင့်သွားသဖြင့် စိုးရိမ်တကြီးခေါ်လိုက်သည်။
“ ဂိုဏ်းချုပ်… ”
“ အသေးအဖွဲ ဒဏ်ရာလေးပါ။ စိုးရိမ်စရာ မရှိပါဘူး။ ငါ့ရဲ့ မူလဝိညာဉ်မှာ နည်နည်းထိခိုက်သွားလို့။ ဒဏ်ရာပျောက်စေတဲ့ ဝိညာဉ်ဆေးလုံးတွေ သောက်ပြီးသွားပါပြီ… ”
ဂိုဏ်းချုပ် ကျိဝူယုံသည် နှုတ်ခမ်းစွန်းမှ သွေးများကို သုတ်လိုက်ပြီး အသက်ဝဝ တစ်ချက် ညင်သာစွာရှူသွင်းလိုက်သည်။ သူသည် ဒဏ်ရာကို တည်ငြိမ်အောင် လုပ်ပြီးသောအခါ ဆက်ပြောလိုက်သည်။
“ ငါခဏလောက်အနားယူလိုက်ရင် ဒီအသေးအဖွဲ ဒဏ်ရာလေးက ပြန်ကောင်းသွားမှာပါ။ မင်းက ချန်ရှို့မလား… ရော့ယူလိုက်… ငါမင်းကို ဒါပေးဖို့ စောင့်နေတာ ရက်နည်းနည်းလောက်ရှိပြီ ”
ဂိုဏ်းချုပ် ကျိဝူယုံသည် သူ၏ အင်္ကျီလက်အတွင်းမှနေ၍ ကျောက်စိမ်းပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်ပြီး လီချန်ရှို့ထံ ညင်သာစွာတွန်းပို့လိုက်သည်။ လီချန်ရှို့သည် ဦးညွှတ်၍ လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်၏။
ထိုအခိုက်တွင် လီချန်ရှို့သည် ဝမ်းနည်းနေမိ၏။
‘ ငါတို့ရဲ့ ဂိုဏ်းချုပ်က တုနတ်ဝိဇ္ဇာဂိုဏ်းကို ကာကွယ်ဖို့အတွက်နဲ့ ဒဏ်ရာတွေအများကြီး ရသွားတာပဲ။ ဒါကိုတောင် ငါက ဂိုဏ်းချုပ်ရဲ့ မှော်အစွမ်းတွေကအားနည်းတယ်။ ပြည့်စုံမှုမရှိသေးဘူး။ ဗလာနတ္ထိသခင်လေး ဘာညာနဲ့ ဝေဖန်လိုက်သေးတယ်… ငါကတော့ တကယ်ပါပဲ… ’
လီချန်ရှို့ သက်ပြင်းချလိုက်ပြီး ရှက်ရွံ့နေကာ ဂိုဏ်းကို အစွမ်းကုန် ကာကွယ်ပေးခဲ့သော ဂိုဏ်းချုပ်ကို ကျေးဇူးတင်နေလေသည်။
“ ဂိုဏ်းချုပ်… ဂိုဏ်းချုပ်က ဒဏ်ရာရထားတယ်ဆိုတော့ မြန်မြန် အခန်းအောင်းကျင့်ကြံလိုက်ပါတော့… ဂိုဏ်းချုပ်လည်း ပင်ပန်းခဲ့ရပါပြီ။ ဂိုဏ်းကို ကာကွယ်ဖို့ ရန်သူမိစ္ဆာတွေနဲ့ တိုက်ခိုက်ခဲ့ရတာပဲ ”
“ အဲဒါက အသေးအဖွဲလေးပါ ”
ကျိဝူယုံသည် အိုးတိုးအန်းတန်း ရယ်လိုက်ပြီး သက်ပြင်းချ၍ ဆက်ပြောလိုက်သည်။
“ တကယ်တော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ငါ့ရဲ့ မွေးရာပါချီဓာတ်ကို အားဖြည့်နိုင်မယ့် မှော်အတတ်တစ်ခုကို ဂိုဏ်းတည်ထောင်သူ ဆရာ အတုမဲ့တုအယ်ဆီက ရခဲ့တယ်။ ဒါပေမဲ့ ငါက ဒီရက်ထဲ စိတ်လောလောနဲ့ ကျင့်လိုက်မိလို့ ငါ့ရဲ့ မူလဝိညာဉ်ကို ထိခိုက်သွားတာပါ..ဟားဟား… ”
ကျိဝူယုံ ချောင်းဆိုးသွား၏။ လီချန်ရှို့တစ်ယောက် ဆွံ့အသွားသည်။
“ ချန်ရှို့… ”
ကျိဝူယုံသည် သူ၏ နှုတ်ခမ်းစွန်းမှ သွေးများကို တည်တည်ငြိမ်ငြိမ်သုတ်လိုက်သည်။ ထို့နောက် လီချန်ရှို့၏ လက်အတွင်းရှိ ကျောက်စိမ်းပုလင်းကို ကြည့်လိုက်၏။ သူ့အကြည့်များတွင် တွန့်ဆုတ်နေသည့် အရိပ်အယောင်များရှိနေသော်လည်း ပါးပါးနပ်နပ် ပြောလိုက်သည်။
“ မင်းလက်ထဲက ပစ္စည်းကို သေသေချာချာ သိမ်းထားရမယ်နော်။ တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ တည်ထောင်သူ ငါ့ရဲ့ ဆရာ အတုမဲ့တုအယ်က ခွန်းလွန်တောင်က ကမ္မာနှောင်ကြိုးတွေ တွယ်တာမကြိုက်တဲ့ နတ်မင်းတစ်ပါးဆိုတာ မင်းသိလား… ”
သူက ဆက်ပြောလိုက်သည်။
“ ဒီကျောက်စိမ်းပုလင်းက ရန်ကျောင်းတော်ရဲ့ တပည့်ကြီးတစ်ယောက်က ငါ့ဆရာကနေတဆင့်..အဟွတ်… မင်းကို ပေးခိုင်းလိုက်တာပဲ။ သူက မင်းနဲ့ ကမ္မနှောင်ကြိုးတွေ ဖြတ်ချင်တယ်လို့ ပြောခိုင်းလိုက်တယ်။ ငါလည်း ဘာကိစ္စလည်းဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ဒါက မင်းရဲ့ ကံတရားပဲ… အထဲက ဝိညာဉ်ဆေးလုံးတွေကို အကျိုးရှိရှိသုံးရမယ်နော်…နားလည်လား ”
လီချန်ရှို့ ရုတ်တရက် သဘောပေါက်သွားတော့သည်။ သူဦးညွှတ်၍ ပြန်ဖြေလိုက်သည်။
“ ကျွန်တော် နားလည်ပါတယ် ”
“ ကဲ…ဒါဆို မင်းပြန်လို့ရပြီ။ တစ်ခုတော့ မှတ်ထား… မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ပါရမီက မဆိုးဘူး။ မင်းသာ နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းနိုင်ခဲ့ရင် ဂိုဏ်းမှာ အေးအေးလူလူ ဆက်ကျင့်ကြံလို့ရပြီ ”
ကျိဝူယုံသည် လက်ကိုဝှေ့ယမ်းလိုက်၏။ လီချန်ရှို့သည် ဦးညွှတ်၍ နာခံလိုက်ပြီး အခန်းထဲမှ ထွက်သွားလိုက်လေ၏။
လီချန်ရှို့တစ်ယောက် အခန်းတံခါးကို အဆုံးထိပြန်မပိတ်ရသေးခင် ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်သံနှင့် သွေးအန်လိုက်သည့်အသံများကို ကြားလိုက်ရသည်။
လီချန်ရှို့၏ နှုတ်ခမ်းစွန်းနှစ်ခု တွန့်ကွေးသွား၏။ သူသည် သစ်သားတံခါးကို ပိတ်လိုက်ပြီး မည်သည့်အသံမှ မကြားဟန်ဆောင်လိုက်လေသည်။ ထို့နောက် သူသည် နောက်လှည့်ကာ ခန်းမအပြင်သို့ လျှောက်သွားလိုက်လေ၏။
ဂိုဏ်းချုပ်၏ နောက်ဆုံးစကားကြောင့် သူစိတ်အေးသွားရ၏။
တုနတ်ဝိဇ္ဇာဂိုဏ်းသည် နှစ်(၂၀၀)လျှင် တစ်ကြိမ် မျိုးဆက်သစ်တပည့်များ လက်ခံ၏။ ဂိုဏ်းသည် တပည့်သစ်များကို လက်မခံမီ တပည့်ဟောင်းများကို ရွေးချယ်စရာတစ်ခုပေး၏။ တပည့်ဟောင်းများသည် ဂိုဏ်းတွင်ဆက်နေ၍ရသလို ဂိုဏ်းမှထွက်၍ လောကအနှံ့ခြေဆန့်ရင်း ဆက်ကျင့်ကြံ၍လည်း ရလေသည်။
ဂိုဏ်းချုပ် နောက်ဆုံးပြောလိုက်သောစကား၏ ဆိုလိုချက်မှာ အကယ်၍ လီချန်ရှို့တစ်ယောက် ကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားနိုင်ပြီး နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းနိုင်ခဲ့လျှင် ဂိုဏ်းသည် သူ့ကို ပို၍ ကောင်းကောင်းမွန်မွန်ထားမည်ဟု ဆိုလိုခြင်းပင်။ ခန်းမအတွင်းမှ ထွက်လာသောအခါ လီချန်ရှို့သည် စိတ်လက်ပေါ့ပါးသွားပေပြီ။
ကံအားလျှော်စွာပင် သူစိုးရိမ်ခဲ့သည်များ တစ်ခုမှ မဖြစ်ခဲ့ပေ။
သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန် မပေါ်သွားသေးချေ။ ဂိုဏ်းချုပ်သည် လီချန်ရှို့ကို ဆင့်ခေါ်ရခြင်းမှာ ကျောက်စိမ်းပုလင်းလေးကို ပေးရန်သာဖြစ်၏။
လီချန်ရှို့၏ မှန်းဆချက်သာမှန်ခဲ့လျှင် ဤ ကျောက်စိမ်းပုလင်းကို ပေးသည့်သူမှာ အရှင်ရွှမ်းဒူပင် ဖြစ်ရပေမည်။ သူ ဖြတ်တောက်လိုသော ကမ္မနှောင်ကြိုးမှာ သူ့အား မကြာသေးခင်က လာတွေ့ခဲ့သော လဘိုးဘိုးပြောခဲ့သည့် အကြောင်းများနှင့် သက်ဆိုင်ပေလိမ့်မည်။
‘ အမ်… ’
‘ အရှင်ရွှမ်းဒူနဲ့ လဘိုးဘိုးတို့ နှစ်ယောက်ပေါင်းပြီး ငါ့ရဲ့ မင်္ဂလာရွှံ့ရုပ်ကို ဘာများလုပ်လိုက်ကြလို့တုန်း… ’
လီချန်ရှို့သည် ကျောက်စိမ်းပုလင်းအတွင်းရှိ ဝိညာဉ်ဆေးလုံးများကို ကြည့်လိုက်သည်။ အတွင်းရှိ ဝိညာဉ်ဆေးလုံးများ၏ တန်ဖိုးကို ထည့်မတွက်သေးဘဲ ကျောက်စိမ်းပုလင်းသည်ပင် သာမန်ဓမ္မရတနာတစ်ခု ဖြစ်လေသည်။ ထိုကျောက်စိမ်းပုလင်းသည် ဆေးလုံးများကို တည်ငြိမ်အောင်လုပ်ပေးပြီး ဆေးအာနိသင်များ မရောထွေးသွားအောင် ကာကွယ်ပေးနိုင်၏။
အဆင့်(၆) ဝိညာဉ်ဆေးလုံးများ၏ အာနိသင်ကို သူ၏ခေါင်းထဲတွင် ခွဲခြမ်းစိတ်ဖြာပြီးသွားသောအခါ လီချန်ရှို့ ပြုံးသွား၏။ ထိုဆေးလုံးများသည် အသုံးပြုသူ၏ မူလဝိညာဉ်အခြေခံကို အားဖြည့်ပေးနိုင်ပြီး တည်ငြိမ်မှုရှိအောင် လုပ်ပေးနိုင်၏။ ထို့ပြင် မွေးရာပါယန်ဓာတ်ကိုလည်း အားဖြည့်ပေးနိုင်လေသည်။
‘ ရန်ကျောင်းတော်ရဲ့ တပည့်ခေါင်းဆောင်က ဆေးဖော်တဲ့အတတ်မှာ တော်တော်လေး တော်တာပဲ… တော်ရုံလူက အဆင့်(၆) ယန်ဝိညာဉ်ဆေးလုံးကို ဖော်နိုင်တာမှ မဟုတ်တာ ’
‘ ဒီဆေးလုံးတွေကို… ’
‘ ဆရာ့ကို သုံးခိုင်းရမယ်… ’
အဆင့်(၆) ဝိညာဉ်ဆေးလုံးများသည် မွေးရာပါ ယန်ဓာတ်ကို အားဖြည့်ပေးပြီး မူလဝိညာဉ်ကို တည်ငြိမ်စေလေသည်။ မြေနတ်ဝိဇ္ဇာဖြစ်သော ချီယွမ်အတွက် လွန်စွာ အကျိုးရှိပေလိမ့်မည်။
သို့သော် ထိုဆေးလုံးသည် အမျိုးသားချီကျင့်ကြံသူများ၏ ယန်ဓာတ်ကို အားဖြည့်ပေးသဖြင့် ရှောင်လွှဲ၍မရသော အာနိသင်တစ်ခုလည်း ရှိလေသည်။
‘ ငါ့ဆရာကို တာအိုလက်တွဲဖော် ရှာပေးရင် ကောင်းမလား ’
‘ ဒီဆေးလုံးအတွက်ပဲ ဆိုရင်တော့ အဲဒီလိုလုပ်ဖို့ မလိုပါဘူး… ’
‘ အဲ… ဆရာ တာအိုလက်တွဲဖော်ရသွားမှ ဒီဆေးလုံးကို လက်ဖွဲ့အနေနဲ့ ပေးတာကောင်းမယ်… ’
လီချန်ရှို့သည် ပြုံးလိုက်ပြီး ကျောက်စွမ်းပုလင်းကို ပြန်သိမ်းလိုက်သည်။ သူသည် တုနတ်ဝိဇ္ဇာခန်းမနှင့် ခပ်လှမ်းလှမ်းသို့ ရောက်သွားသောအခါမှ သူ၏ နတ်အာရုံများကို ဖြည်းဖြည်းချင်း ပြန်ထုတ်လွှတ်လိုက်၏။
သူ၏ ညီမလေးသည် ဆရာဒေါ်လေးကျိုးရှစ်၏ အခန်းတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။ သို့သော် သူမ၏ ခါးတွင် ချည်ထားသော အိတ်လေးသည် အဆက်မပြတ်လှုပ်ရမ်းနေပေသည်။
‘ ဆရာနိုးလာပြီလား… ’
လီချန်ရှို့သည် တိမ်စီး၍ အလျင်အမြန်သွားလိုက်လေသည်။ သူသည် ဆရာ့ကို မည်သို့ အကြောင်းပြချက်ပေးရမည်ကို စဉ်းစားနေခဲ့သည်မှာ ကြာပေပြီ။ လမ်းတွင် လီချန်ရှို့သည် ပိုင်ဖန်ခန်းမကို ဖြတ်သွားရသဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။
သစ်ပင်တစ်ပင်၏ အရိပ်အောက်တွင် ကျောက်ပြားနှစ်ချပ် စိုက်ထူထား၏။ ကျောက်ပြားတစ်ချပ်၏ အပေါ်တွင် တုနတ်ဝိဇ္ဇာဂိုဏ်းသို့ ရုတ်တရက်ကျရောက်လာသော အန္တရာယ်အကြောင်း၊ ဂိုဏ်းသားများသည် ဂိုဏ်းကို ကာကွယ်ရန် ပြန်၍ တိုက်ခိုက်ခဲ့ခြင်းအကြောင်းများကို ကမ္ပည်းထိုးထား၏။ အခြားကျောက်ပြားတစ်ချက်အပေါ်တွင် တုနတ်ဝိဇ္ဇာဂိုဏ်းမှ တိုက်ပွဲအတွင်း ကျဆုံးသွားသော နတ်ဝိဇ္ဇာများ၏ အမည်များကို မှတ်တမ်းတင်ထားလေသည်။
ဂိုဏ်း၏တည်ငြိမ်မှုသည် ဂိုဏ်းအတွင်းရှိ ဂိုဏ်းကို ကာကွယ်ပေးမည့် ချီကျင့်ကြံသူများ၏ အပေါ်တွင်သာ မူတည်လေသည်။ ဂိုဏ်းသားများသည် မိမိတို့၏ ဂိုဏ်းကို ကာကွယ်ရပေမည်။
သို့သော် လီချန်ရှို့သည် ထိုကျောက်ပြားနှစ်ချပ်၏ ဆန့်ကျင်ဘက်နေရာရှိ ထောင့်တစ်ခုကို ကြည့်လိုက်မိ၏။ ထိုနေရာတွင် ကျောက်ရုပ်တု သုံးခုကို မြေပေါ်တွင် ထောင်ထား၏။
လက်ဝဲအစွန်ရှိ ရုပ်တုသည် သွယ်လျလှပသော အမျိုးသမီးကျင့်ကြံသူတစ်ယောက်၏ ရုပ်တုဖြစ်သည်။ အလယ်တွင်မူ ဓားကိုင်ထားသော အမျိုးသားကျင့်ကြံသူတစ်ဦး၏ ရုပ်တုပင်။ လက်ယာဘက်တွင်မူ ပုဆိန်ကြီးကို ကိုင်ထားပြီး သွားဖြဲ၍ ရယ်နေသော လူသန်ကြီး၏ ရုပ်တုဖြစ်၏။
ထိုကျောက်ရုပ်တု သုံးခုသည် အနုစိတ်လှ၏။ ရုပ်တု ထုလုပ်သူသည် ထိုစက္ကူကိုယ်ပွားများ၏ အသေးစိတ်အချက်အလက်များကိုပါ ထည့်၍ ထုလုပ်ထားလေသည်။
ထိုရုပ်တုသုံးခု၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ကျောက်ပြားတစ်ခုစီ စိုက်ထူထား၏။ ထိုအပေါ်တွင် အောက်ပါ စာများကို ရေးထားလေသည်။
“ လူသားမျိုးနွယ်၏ သူရဲကောင်းများ ”
“ တုနတ်ဝိဇ္ဇာဂိုဏ်းသည် ထိုသူရဲကောင်းများကို ထာဝရ ကျေးဇူးတင်နေပေမည် ”
ရုပ်တုများအရှေ့ရှိ အမွှေးတိုင်ထွန်းရန် နေရာလေးတွင်လည်း အမွှေးတိုင်သုံးချောင်း စိုက်ထား၏။
လီချန်ရှို့သည် နဖူးအလယ်ရှိ နေရာလေးကိုသာ ပွတ်သပ်လိုက်ရလေတော့သည်။ သူသည် ထိုရုပ်တုများကို မမြင်ချင်ယောင်ဆောင်၍ သူ၏ ညီမလေးထံသို့သာ ခပ်သုတ်သုတ် သွားလိုက်၏။
တုနတ်ဝိဇ္ဇာဂိုဏ်းသည် သွေးခြင်ရုပ်သေးများ၏ နောက်ကွယ်မှကြိုးကိုင်သူနှင့် ထိုသူရဲကောင်းများ၏ နောက်ကြောင်းကို စုံစမ်းနေပေ၏။ ရုပ်သေးများ၏ နောက်ကွယ်မှကြိုးကိုင်သူကို စုံစမ်းရခြင်းမှာ လက်စားချေရန်ဖြစ်သည်။ သူရဲကောင်းများ၏ နောက်ကြောင်းကို စုံစမ်းရခြင်းမှာ ထိုသူရဲကောင်းများ၏ မိတ်ဆွေ၊ မိသားစုများကို သူရဲကောင်းများအတွက် ကျေးဇူးဆပ်ရန်ဖြစ်၏။
လီချန်ရှို့သည် ရုပ်သေးများ၏ နောက်ကွယ်မှကြိုးကိုင်သူကို ဆက်လက်ဖုံးကွယ်ထား၍ တုနတ်ဝိဇ္ဇာဂိုဏ်းကို ဦးတည်ချက်မရှိ ဆက်ရှာနေစေခြင်းမှာ သူသိသည့် အကြောင်းများကို တုနတ်ဝိဇ္ဇာဂိုဏ်းကို အမှန်အတိုင်းပြောလိုက်ခြင်းထက် ပိုကောင်းသည်ဟု တွေးလိုက်၏။ ထို ဖြောင့်မတ်သော သူရဲကောင်းများအတွက်မူ…
လီချန်ရှို့ ရုတ်ခြည်း အကြံတစ်ခုရလိုက်၏။
‘ ငါ စက္ကူကိုယ်ပွားနည်းနည်းကို သူတို့ရဲ့ မိသားစုလို ဟန်ဆောင် ငိုကြွေးခိုင်းပြီး ဂိုဏ်းကကျေးဇူးဆပ်မယ့် အဖိုးတန်ရတနာတွေ၊ ဝိညာဉ်ကျောက်တုံးတွေကို တစ်ဖက်လှည့်နဲ့ ယူလိုက်ရမလား… ’
လီချန်ရှို့သည် ပြုံး၍ ထိုအတွေးကို ခေါင်းထဲမှ ထုတ်လိုက်သည်။
ထိုတိုက်ပွဲတွင် သူသည် မန္တန်အစီအရင်များ၏ အသုံးဝင်ပုံကို ပို၍ သဘောပေါက်ခဲ့၏။ သူသည် အနာဂတ်အတွက် အစီအစဉ်များလည်း ဆွဲထားပြီးပေပြီ။
ချုံတောင်လေးရှိ မန္တန်အစီရင်များကို ဆက်လက်အဆင့်မြှင့်၍ မြေအောက်နက်နက်ရှိုင်းရှိုင်းအထိ ခြုံငုံနိုင်အောင် လုပ်ရပေမည်။ မန္တန်အစီအရင်အတွင်းလွှာ၏ အောက်ခြေများကို တစ်ခုတည်းအဖြစ်ပေါင်းစည်းပြီး ချုံတောင်လေးတစ်ခုလုံးကို ရွေ့လျားမန္တန်အစီအရင်ကြီး တစ်ခုအဖြစ် ပြောင်းလဲပစ်ရမည်ဖြစ်၏။
ကျင့်ကြံခြင်းအဆင့်မြင့်သော နတ်ဝိဇ္ဇာများသည် သူတို့၏ တရားကျင့်ကြံရာ လိုဏ်ဂူများကို ဓမ္မရတနာတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်၏။ ထိုလိုဏ်ဂူများသည် နတ်ဝိဇ္ဇာများအလိုရှိသော အရွယ်အစားအဖြစ် ပြောင်းလဲနိုင်၏။
‘ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်မြင့်လာရင် ငါလည်း အဲဒီလိုလုပ်နိုင်မှာပါ ’
‘ ဂိုဏ်းတစ်ခုလုံးကို ဒုက္ခပေးနိုင်တဲ့ အန္တရာယ်မျိုးနဲ့ ထပ်ကြုံရရင် ငါ ချုံတောင်လေးကို သုံးပြီး ရန်သူတွေကို သတ်ပစ်လို့ရတာပေါ့… ’
‘ တကယ်လို့ ထွက်ပြေးစရာလိုလာရင်လည်း ချုံတောင်လေးရဲ့ အရွယ်ကိုချုံ့ပြီး ငါ့အင်္ကျီလက်ထဲထည့်ပြီး မြေကိုယ်ယောင်ဖျောက်အတတ်နဲ့ လီ(၁၀၀,၀၀၀)လောက်ဝေးတဲ့နေရာကို ပြေးလို့ရတယ် ’
‘ ဒါပေမဲ့ အဲဒီလိုလုပ်နိုင်ဖို့ အဖိုးတန်ရတနာတွေ တောင်ပုံရာပုံလိုတယ်။ ပြီးတော့ ဒါက ရေရှည်လုပ်ရမယ့် ပြင်ဆင်မှုဆိုတော့ အချိန်လည်း အများကြီးလိုမှာပဲ ’
‘ အခု အချိန်ကို ပူစရာမလိုတော့ဘူးဆိုတော့ ငါလုပ်စရာရှိတာတွေကို လုပ်လို့ရပြီ… ’
လီချန်ရှို့ ဆုံးဖြတ်ချက်ချလိုက်သည်။ ကျိုးနတ်ဝိဇ္ဇာကိုးပါးတို့နေထိုင်သည့် နေရာအနီးသို့ ရောက်နေပြီဖြစ်ကြောင်း သူသတိပြုမိလိုက်၏။ သူသည် စိတ်တည်ငြိမ်အောင်လုပ်၍ ခေါင်းငုံ့လိုက်သည်။
သူသည် ညီမလေးကို အရင်နှိုး၍ ချုံတောင်လေးသို့ အတူတကွ ပြန်ရမည်ဖြစ်သည်။ ချုံတောင်လေးသို့ ရောက်ခါမှ ဆရာ့ကို အိတ်အတွင်းမှ ထုတ်ပေး၍ ဒေါသပြေလျော့သွားအောင် အကျိုးအကြောင်း ရှင်းပြရပေမည်။
*****
‘ ငါ ညီမလေးဟန်ကျစ်အတွက် ဘာလုပ်ပေးနိုင်မလဲ ’
ရွှေနတ်လိပ်ကျွန်းပေါ်ရှိ ရတနာရေကန်ဘေးတွင် ခံ့ညားသော လူငယ်လေး အောင်းရိသည် ကြေကွဲဝမ်းနည်းနေသော ဟန်ကျစ်ကိုကြည့်လိုက်၏။ သူ၏ အကြည့်များတွင်လည်း ညှိုးငယ်မှုများဖြင့် ပြည့်နေ၏။
ဆရာဦးလေး ယွမ်ကျဲသည် တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုကို ခံလိုက်ရပြီး မသင့်တော်သော လုပ်ရပ်များကို လုပ်ခဲ့မိလေသည်။ လွန်ခဲ့သည် ရက်အနည်းငယ်ခန့်က ရန်ကျောင်းတော်၏ တပည့်ခေါင်းဆောင်သည် ဆရာဦးလေးယွမ်ကျဲတို့ကို ရွှေနတ်လိပ်ကျွန်းသို့ ပြန်ခေါ်လာခဲ့၏။
ကျဲကျောင်းတော်မှ ပညာရှင်အချို့သည် ရန်ကျောင်းတော်၏ တပည့်ခေါင်းဆောင်ကို အသနားခံခဲ့ရ၏။ ထို့ကြောင့် နောက်ဆုံးတွင် ဆရာဦးလေးယွမ်ကျဲ၏ ဝိညာဉ်အကြွင်းအကျန်များကို အပြစ်လွှတ်လိုက်ပြီး ပြန်လည်ဝင်စားခွင့် ပေးလိုက်လေသည်။ သူသည် ကျဲကျောင်းတော်နှင့် မည်သို့မှ မသက်ဆိုင်တော့ပေ။
အောင်းရိသည် ဆရာဦးလေးယွမ်ကျဲတစ်ယောက် သူ့ကို ဂရုစိုက်ပေးခဲ့သည်များကို ပြန်တွေးတောမိသောအခါ ဆုံးဖြတ်ချက်တစ်ခု ပြတ်ပြတ်သားသား ချလိုက်လေသည်။
‘ ကျွန်တော် ဆရာဦးလေးရဲ့ တပည့်ကို စောင့်ရှောက်ပေးပါ့မယ် ’
“ ဟန်ကျစ်… ”
အောင်းရိသည် တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်စဉ် ရွှေနတ်လိပ်ကျွန်း အပြင်မှနေ၍ တာအိုရသေ့အိုကြီးနှစ်ဦးသည် သူတို့ထံ ပျံသန်း၍ လာနေသည်ကို အာရုံခံမိလိုက်သည်။
သူသည် ခါးမတ်မတ်ထိုင်လိုက်ပြီး လျင်မြန်စွာပြောလိုက်လေသည်။
“ ဆရာဦးလေးယွမ်ကျဲကို မြေအောက်လောကသွားပို့တဲ့ ဆရာဦးလေးနှစ်ယောက် ပြန်ရောက်လာပြီ ”
ဟန်ကျစ် မော့ကြည့်လိုက်၏။ သူမ၏ မျက်လုံးများသည် ရဲတွတ်နေသည်။ သူမသည် ကပျာကယာ တိမ်တစ်အုပ်ကိုစီး၍ သူမ၏ဆရာ မြေအောက်လောကတွင် အဆင်ပြေ၊ မပြေကိုမေးရန် ထိုဆရာဦးလေးနှစ်ယောက်ဆီသို့ ပျံတက်သွားလိုက်လေသည်။
ခေတ္တမျှကြာသောအခါ ဆရာဦးလေးနှစ်ယောက်နှင့် ဟန်ကျစ်တို့သည် အောင်းရိ၏ အနားသို့ ဆင်းသက်လိုက်ကြသည်။ သူတို့သည် မျက်မှောင်ကြုတ်လိုက်ပြီး မည်သို့ပြောရမည် မသိဖြစ်နေ၏။
အောင်းရိ ခပ်သွက်သွက်မေးလိုက်သည်။
“ ဆရာဦးလေးတို့… မကောင်းတာ တစ်ခုခုများ ဖြစ်ခဲ့လို့လား ”
“ အင်း… ”
“ အာ… မကောင်းတာတော့မဟုတ်ပါဘူး… အဆင်ပြေလောက်မှာပါ ”
လက်ဝဲဘက်ရှိ တာအိုရသေ့အိုကြီးသည် သက်ပြင်းချ၍ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ ကျဲကျောင်းတော်ရဲ့ မျက်နှာကို ထောက်ပြီး မြေအောက်လောကရဲ့ တာဝန်ရှိသူတွေက ညီလေးယွမ်ကျဲကို အခက်တွေ့အောင် မလုပ်လောက်ပါဘူး… ”
“ ဒါပေမဲ့ တန်ခိုးရှင်တွေရဲ့ စည်းကမ်းတွေအရ ငါတို့က ပြန်လည်ဝင်စားခြင်း လမ်ကြောင်းခြောက်ခုမှာ ဝင်ပြီး စွက်ဖက်လို့ မရဘူးမဟုတ်လား။ မြေအောက်လောက,က တာဝန်ရှိသူတွေကတော့ ညီလေးယွမ်ကျဲကို ကံတရားကောင်းတဲ့သူတစ်ယောက်အဖြစ် ပြန်ဝင်စားနိုင်အောင် လုပ်ပေးမယ်လို့တော့ ပြောပါတယ်။ သူ အခုဘဝနဲ့ ဘာသက်ဆိုင်မှုမှ ရှိတော့မှာ မဟုတ်ပါဘူး… ဒါပေမယ့်..မမျှော်လင့်ထားဘဲ… ”
လက်ယာဘက်ရှိ တာအိုရသေ့အိုကြီးသည်လည်း ခေါင်းမော့၍ သက်ပြင်းချလိုက်သည်။
“ ညီလေးယွမ်ချဲ မုန်ပိုစွတ်ပြုတ်ကို မသောက်လိုက်ခင်… သူ့ရဲ့ ဝိညာဉ်အကြွင်းအကျန်က စကားထပြောတယ်…”
( မှတ်ချက်။ ။ သေဆုံးသွားသောသူများသည် ဘဝင်မကူးခင် ယခင်ဘဝမှ မှတ်ဉာဏ်များကို မေ့သွားစေရန် မုန်ပိုစွတ်ပြုတ်ကို သောက်ရ၏ )
“ ဘာ..ဘာပြောတာလဲဟင်… ”
ဟန်ကျစ်သည် အသံတုန်တုန်ရင်ရင်ဖြင့် မေးလိုက်သည်။
“ သမီးရဲ့ ဆရာက ဘာပြောလိုက်တာလဲဟင်… ”
“ သူပြောတာက မစိုးရိမ်ပါနဲ့တဲ့… သူ့ရဲ့ ပြန်ဝင်စားခြင်းကိစ္စမှာ ဘာပြဿနာမှ မရှိနိုင်ပါဘူးတဲ့ ”
ဟန်ကျစ်တစ်ယောက် မူးမေ့သွားသဖြင့် သူမ၏ နဖူးလေးကို လက်တစ်ဖက်ဖြင့် ကိုင်ထားလိုက်ရလေသည်။
အောင်းရိက လျင်မြန်စွာမေးလိုက်သည်။
“ ဘာဆက်ဖြစ်သွားသေးလဲ ”
“ သူ ဘဝသံသရာတံတားကို ဖြတ်ပြီး မုန်ပိုစွတ်ပြုတ်ကို သောက်လိုက်တယ်။ ဒါပေမဲ့ သူ လမ်းခွဲအနည်းငယ်ရဲ့ ရှေ့ကိုရောက်သွားတဲ့အချိန်မှာ အကြောင်းတစ်ခုခုကြောင့် မေ့မျောခြင်း မြစ်ထဲမှာ လှိုင်းတစ်ခုထလာပြီး သူ့ကို သားရဲဖြစ်မယ့် လမ်းကို တွန်းပို့လိုက်တယ်။ သူ့ရဲ့ ဝိညာဉ်ကို သံသရာစက်ဝိုင်းက စုပ်ယူသွားတာပေါ့။ ငါတို့လည်း နောက်ပိုင်းကိစ္စတွေကို အဲဒီမှာ လိုက်မေးကြည့်တော့ ညီလေးယွမ်ကျဲက သားရဲတစ်ကောင်အနေနဲ့ ပြန်ဝင်စားသွားတဲ့ပုံပဲ။ သူ့ရဲ့ နောက်ဘဝမှာ ကျားသစ်နက် တစ်ကောင်အဖြစ် ပြန်ဝင်စားမယ်တဲ့… ”
“ ဆရာ… ”
ဟန်ကျစ်သည် ထိုစကားများကို ကြားသောအခါ လွန်စွာ ပူဆွေးသောကရောက်သွားလေတော့သည်။ သူမ၏ မူလဝိညာဉ်သည် ကသောင်းကနင်းဖြစ်နေပြီး စိတ်အခြေအနေသည်လည်း မတည်မငြိမ်ဖြစ်နေ၏။ သူမ၏ ခန္ဓာကိုယ်လေးသည် ပုံကျသွားတော့မလို ဖြစ်သွားသဖြင့် အောင်းရိက လျင်မြန်စွာ ထိန်းပေးထားလိုက်ရလေသည်။
Good