ကြယ်မင်းကျောင်း၏ ဂီတအဆောင်မှ အကြီးအကဲများနှင့် တပည့်များ အားလုံးက ကုယွန်ချီ၏ စကားကို ကြားကာ သက်သာရာ ရသွားကြ၏။ ရီဖူရှင်းက ဂီတပညာတွင် ထိုမျှ ထူးချွန်ကာ သခင်မလောင်၏ တန်ဖိုးထားခြင်းကို ခံရမှတော့ သူတို့၏အရှုံးကို လက်ခံရန် သိပ်မခက်ခဲတော့ပေ။
ကုယွန်ချီမူကား ကုကလန်၏ ဂုဏ်ဆောင် ပါရမီရှင် တစ်ယောက်ဖြစ်ကာ အခြေအနေကို ကောင်းစွာ နားလည် အကဲခတ်တတ်ပြီး ကု့ချင်းတွင် ထူးချွန်ကာ စိတ်သဘောထား ကောင်းမွန်သည်။
သူမ၏စကားကြောင့် ရီဖူရှင်း၏ပုံရိပ်က မြင့်တက်ခဲ့သလို ကြယ်မင်းကျောင်း ကလည်း မျက်နှာ မပျက်ရတော့ပေ။ နှစ်ဖက်လုံး အဆင်ပြေအောင် စကားအနည်းငယ်ဖြင့် ညှိနှိုင်းပေးခဲ့သော သူမကား ဉာဏ်ကောင်း လွန်းသည်ဟု ပြောရမည်။
သူမက ရီဖူရှင်းအား မယှဉ်နိုင်ဟု ပြောသော်လည်း သူမ၏နှိမ့်ချတတ်သော စိတ်နေ သဘောထားကာ လူအများ၏ လေးစားမှုကို ရရှိစေ၏။ သူမကား လှပကာ စိတ်သဘောထား ကောင်းမွန်ပြီး ရီဖူရှင်းထံသို့ပင် သွားရောက်ကာ ကု့ချင်းပညာနှင့် ပတ်သက်၍ အကြံဉာဏ် တောင်းခံသည်။ သူမ၏စကားများက တင်းမာနေသော အခြေအနေကို ပျော့ပျောင်း သွားစေသည်။
ကုယွန်ချီက ကြယ်မင်းကျောင်း စင်မြင့်ဘက်မှ အကြီးအကဲများထံသို့ ထပ်မံ၍ အရိုအသေပေးကာ ပြောသည်…”ကျင်းကလန်က ကျင်းဖေးနဲ့ နဂါးကလန်က လောင်လင်းအာတို့ တိုက်ပွဲမှာ ကျင်းဖေးက တကယ်ပဲ တော်ပါတယ်… ဒါကြောင့်ပဲ လောင်လင်းအာက ရှုံးရတယ် ဆိုပေမဲ့ သူတို့ နှစ်ယောက်လုံးရဲ့ အရည်အချင်းက တခြားလူတွေထက် ထင်ပေါ်နေတာပဲ… ဒါကြောင့် လောင်လင်းအာကိုပဲ ထုတ်ပယ်တယ် ဆိုတာက သူမအတွက် မတရားပါဘူး… ဂုဏ်သရေရှိ ဆရာများက လင်းအာကို နောက်ထပ် အခွင့်အရေးပေးဖို့ စဉ်းစားစေလိုပါတယ်…”
ရီဖူရှင်းက သူမအား ကြည့်သည်။ သူမအား ချမ်းသာ ကြွယ်ဝသော သူဌေးသမီး တစ်ယောက်မျှသာဟု ထင်မှတ်ခဲ့သော်လည်း ယခု သူမ၏ စကားတစ်ခွန်းက နှစ်ဖက်လုံးမှ တင်းမာမှုများ အားလုံးကို ဖယ်ရှားနိုင်ခဲ့သည်။
ကြယ်မင်းကျောင်းမှ အကြီးအကဲများက အမှန်ပင် ခေါင်းညိတ် ထောက်ခံကြ၏။ ကုယွန်ချီက သူတို့အား ထွက်ပေါက်တစ်ခု ပေးခဲ့ကာ ယခုအချိန်က ကြယ်မင်းကျောင်း၏ သဘောထားကို ထုတ်ပြရန် အကောင်းဆုံး အချိန်ဖြစ်သည်။
“အမှန်ပဲ… လောင်လင်းအာနဲ့ ကျင်းဖေးတို့ တိုက်ပွဲမှာ ကျင်းဖေးက နိုင်တယ် ဆိုပေမဲ့ သူမကလည်း ထူးခြားတဲ့ အရည်အသွေးတွေကို ထုတ်ပြခဲ့တာပဲ… သူမက ကျောင်းဝင်ဖို့ အရည်အချင်း ရှိတယ်…” အကြီးအကဲ တစ်ယောက်က တည့်တိုး ပြောသည်။
“မှန်တယ်… ကျုပ်တို့က အမြင် ကွဲပြားနေတယ် ဆိုတော့ လောင်လင်းအာကို နောက်လူတချို့နဲ့ တိုက်ခိုက်ခိုင်းရင် ဘယ်လိုလဲ… ဒီနည်းနဲ့ ကျုပ်တို့က ကောင်းကောင်း သုံးသပ်ဆင်ခြင်ပြီး ဆုံးဖြတ်နိုင်တယ်…” နောက်တစ်ယောက်က ပြောသည်။ တခြားလူများကလည်း လောင်လင်းအာ ကျောင်းကို ဝင်ရောက်ရန် ပြဿနာ မဟုတ်သည်ကို သိကြသည်။
အမှန်တကယ်အားဖြင့် ကျင်းကလန်က သူမအား ပြစ်ချက်ရှာကာ ကျောင်းဝင်ခွင့်ရရန် တားမြစ်ခြင်းက နဂါးကလန်ကို အရှက်ရအောင် ကြိုးစားခြင်းသာ ဖြစ်သည်။ အမှန်တကယ်အားဖြင့် လောင်လင်းအာက ကျောင်းကို မဖြစ်မနေ ဝင်ရောက်မည် ဆိုပါက သူတို့ တားနိုင်စွမ်း ရှိမည် မဟုတ်ပေ။ မည်သို့ဆိုစေ သူမ၏ အလားအလာကို လူတိုင်းက ရှင်းလင်းစွာ မြင်ပေသည်။
ထိုအချက်အား နှစ်ဖက်လုံးက နားလည်ကြသည်။ သူတို့က ငြင်းခုံနေခြင်းက ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်း၏ စွက်ဖက်ခြင်းက အားလုံးကို ရှုပ်ထွေး သွားစေခဲ့၏။ ကံကောင်းစွာဖြင့် ကုယွန်ချီ၏စကားက အားလုံးကို ပုံမှန် အခြေအနေသို့ ရောက်သွားစေသည်။
“ခင်ဗျားတို့ ငြင်းစရာ ရှိလား…” ကြယ်မင်းကျောင်းက နှစ်ဖက်လုံးကို ကြည့်ကာ မေးသည်။
“ဒီလိုဆိုရင်လည်း သူမကို နောက်တစ်ခါ အခွင့်အရေး ပေးကြတာပေါ့…” ကျင်းကလန် ကိုယ်စားလှယ်က ခေါင်းညိတ်ကာ ပြောသည်။
“သေချာတာပေါ့…” လောင်လင်းအာ အတွက် ပြောပေးသော တန်ခိုးရှင်က ပြုံးလျက် ခေါင်းညိတ်သည်။ ကျင်းကလန်က သူတို့အား အရှက်ခွဲလိုသည်။ သူတို့က သည်အကြွေးအား မှတ်ထားပေသည်။
“နှစ်ဖက်လုံးက ငြင်းစရာ မရှိဘူးဆိုတော့ ဒီလိုပဲ ဆုံးဖြတ်ကြတာပေါ့… လောင်လင်းအာ စင်ပေါ် တက်လာခဲ့တော့…” ကြယ်မင်းကျောင်းမှ အကြီးအကဲက သူမကို ပြောသည်။ လောင်လင်းအာ၏ မျက်လုံးက စင်ပေါ်တွင် ရပ်နေဆဲဖြစ်သော ရီဖူရှင်းထံ ရောက်သွားသည်…“အစ်ကိုဖူရှင်း… လင်းအာ ကြယ်မင်းကျောင်းကို မဝင်တော့ဘူး…”
အားလုံး၏ အမူအရာများ ပြောင်းလဲ သွားကြ၏။ အနောက်တောင်ကုန်း နဂါးကလန်မှ မင်းသမီးလေးသည်လည်း စိတ်ကြီးပေသည်။ ယခု သူမက အနိုင်ကျင့် ခံရပြီးမှတော့ သူမကလည်း ထိုလူများကို မျက်နှာသာ ပေးမည့်ပုံ မပေါ်တော့…။
သူမက သာမန်လူဆိုပါက ထိုသို့ အခွင့်အရေး မရှိသော်လည်း လောင်လင်းအာကား ကွဲပြား ခြားနားပေသည်။ သူမက ကြယ်မင်ကျောင်းကို မဝင်ရောက်လျှင်လည်း လူအများက အံ့ဩမည် မဟုတ်ပေ။ နဂါးကလန်ကလည်း ကြယ်မင်းကျောင်း နည်းတူ ကြွယ်ဝသော ကိုယ်ပိုင် အထောက်အပံ့များ ရှိပေသည်။
“လင်းအာ… မရူးစမ်းနဲ့…” ကြယ်မင်း ကျောင်းသားများထဲမှ လောင်မူက လောင်လင်းအာကို ပြောသည်…“မင်းက ကျောင်းမှာ ကောင်းကောင်း လေ့ကျင့်ပြီး ရင့်ကျက်စေချင်တယ်… ဦးလေးနဲ့ အဒေါ်တို့ရဲ့ မျှော်လင့်ချက်ကို အလဟဿမဖြစ်စေနဲ့…”
သည်မတိုင်မီ လောင်မူက ဘာမှ ဝင်မပြောခဲ့ခြင်းမှာ လောင်လင်းအာက အပြစ်ရှာ ခံရသော်လည်း အမှန်တကယ်အားဖြင့် နောက်ဆုံးရလဒ်က ပြောင်းလဲမည် မဟုတ်သောကြောင့်ပင်။ လင်းအာက အခက်အခဲများကို ကိုယ်တိုင်ရင်ဆိုင်ကာ ရင့်ကျက်ရန် လိုပေသည်။ အနာဂတ်ခရီးကား ရှည်လျားလွန်း လှသည်။ ရီဖူရှင်းက သူမအတွက် ဝင်မပြောလျှင်ပင် လောင်လင်းအာက ကြယ်မင်းကျောင်းကို ဝင်ရောက်နိုင်ပေမည်။ အများဆုံး ကျင်းကလန်က လုပ်နိုင်သည်မှာ နဂါးကလန်အား အရှက်ရစေရုံမျှသာ ဖြစ်သည်။
“လင်းအာ မရူးဘူး…” လောင်းအာက ပြန်အော်သည်။ ထို့နောက် သူမက ရီဖူရှင်းကို ကြည့်သည်။ သူမက သည်ရက်ပိုင်းအတွင်း ရီဖူရှင်းအပေါ် မှီခိုစိတ်က ပိုမိုအားကောင်း လာသည်။ ရီဖူရှင်းက သူမ၏စိတ်ကို ပိုမိုနားလည်သည်ဟု ခံစားရကာ သူ့အား အစ်ကိုအရင်း တစ်ယောက်လိုပင် သဘောထားနေပြီ ဖြစ်သည်။
“မင်း မဝင်ချင်ရင်လည်း မဝင်နဲ့တော့…” ရီဖူရှင်း၏အဖြေကား ရိုးရှင်းသည်။ တန်ခိုးကျင့်ခြင်းကား ထိပ်သီးကျောင်း သုံးကျောင်းကိုသာ မှီခိုနေခြင်း မဟုတ်ပေ။ လောင်လင်းအာ၏ နောက်ခံဖြင့် သူမက နဂါးကလန်တွင်လည်း တူညီသော အထောက်အပံ့များကို ရရှိနိုင်သည်သာ…။ အမှန်တကယ်အားဖြင့် အလွန်အမင်း စွမ်းအားမြင့်သော နဂါးဆရာက အနောက်ဘက် တရားရေးရာ စံအိမ်တွင် နေထိုင်ပေသည်။
ထိုအကြောင်းပြချက် ကြောင့်ပင် ရီဖူရှင်းလည်း ထိပ်သီးကျောင်း သုံးကျောင်းကို မဝင်ရောက်ခြင်းပင်။ သူ လေ့ကျင့်သော နည်းစနစ်များက ထိပ်သီးကျောင်း သုံးကျောင်းထက် အားနည်းခြင်း မရှိပေ။ သူက ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်ရောက်လျှင်ပင် ထိုကျောင်းမှ ရှီတန်ခိုးရှင်များက သူ့အား ဘာမှ သင်ပေးစရာရှိမည် မဟုတ်ပေ။
သူ၏အစ်ကိုကြီး၊ အစ်မနှစ်နှင့် အစ်ကိုသုံးတို့ အားလုံးက နိုဘယ်အဆင့် အမြင့်ဆုံးကို ရောက်ရှိနေကာ ရှီအသိကို နားလည်ထားကြပြီး ဖြစ်သည်။
“ကောင်းပြီ…” လောင်လင်းက ကျေနပ်စွာ ပြုံးလိုက်သည်။ အစ်ကိုဖူရှင်းက သူမအား ထောက်ခံသည် ဆိုမှတော့ သူမ၏ ဆုံးဖြတ်ချက်ကလည်း ခိုင်မာသွားသည်။ နောင်တွင် သူမက အစ်ကိုဖူရှင်းနှင့် လေ့ကျင့်ချိန် ပိုမို ရရှိပေတော့မည်။
“ဒီကိစ္စကို ဝင်ပြောရအောင် မင်းက ဘာလဲ…” လောင်မူက ရုတ်တရက် ပြောသည်။ သူ၏အသံက တည်ငြိမ်သော်လည်း ထိုစကားထဲမှ မောက်မာမှုကို အတိုင်းသား ခံစားကြရ၏။
အခြေအနေက တစ်ဖန် ပြန်လည် တင်းမာသွားသည်။ လူအများအပြား ကလည်း စိတ်ဝင်စားစွာ ကြည့်နေကြ၏။
ရီဖူရှင်းက နဂါးကလန်ဘက်မှ ဖြစ်ကာ မင်းသမီလေး လောင်လင်းအာနှင့် လွန်စွာ ရင်းနှီးသည်။ လောင်လင်းအာက သူ့အား အစ်ကိုဖူရှင်းဟု ခေါ်ခြင်းက သက်သေပင်။ ယခု လောင်မူက ရုတ်တရက် ထိုသို့ ပြောလိုက်ခြင်းက အခြေအနေက လွန်စွာ ထူးဆန်းကာ ရှုပ်ထွေး သွားစေသည်။
ပတ်ဝန်းကျင်က တိတ်ဆိတ် သွားသည်။ လူအများအပြားက လောင်မူအား ကြည့်ကြသည်။ ရီဖူရှင်းက နတ်ဗိမာန် အိမ်တော်အား လက်ဆောင်ပေးအပ်ခြင်း ခံရသော်လည်း သူ၏အဆင့်က လောင်မူနှင့် ယှဉ်၍ မရပေ။ လောင်မူကား နဂါးကလန်၏ အနာဂတ် ခေါင်းဆောင် ဖြစ်ကာ ကြယ်မင်းကျောင်း၏ ထိပ်သီးပါရမီရှင် ဖြစ်သည်။
“အစ်ကို…” လောင်လင်းအာပင် မှင်တက်သွားကာ လောင်မူကို စူးရှစွာ ကြည့်သည်။ သူက အစ်ကိုဖူရှင်းကို အဘယ်ကြောင့် ထိုသို့ ပြောရသနည်း။ ရီဖူရှင်းက သူမအား ကြယ်မင်းကျောင်းကို မဝင်ခိုင်းလို့များလား…။
ကုယွန်ချီကလည်း လောင်မူကို အံ့အားသင့်စွာ ကြည့်သည်။ ကျင်းကလန်က နဂါးကလန်ကို အရှက်ခွဲရန် ကြိုးစားနေသော အချိန်တွင် သူက အဘယ်ကြောင့် ရီဖူရှင်းကို ထိုစကားများ ပြောရသနည်း။ သူ၏စကားများက ရီဖူရှင်းကို အခက်တွေ့စေသည်။
သူက လောင်လင်းအာ၏ အစ်ကိုအရင်း ဆိုပါက သူက လောင်လင်းအာ အပေါ် ပိုမို၍ ဩဇာသက်ရောက် ပေမည်။ သို့သော်လည်း သူ၏စကားများက ရီဖူရှင်း၏ ဂုဏ်သိက္ခာများအား အောက်ဆုံးသို့ ကျဆင်းစေ၏။
အမှန်တကယ်အားဖြင့် လောင်မူက ထိုစကားကို အဓိပ္ပာယ်မဲ့ ပြောသည် မဟုတ်ပေ။ သူ၏အမြင်တွင် လောင်လင်းအာက ကြယ်မင်းကျောင်းကို မကြာမီ ဝင်ရမည် ဖြစ်သည်။ ယနေ့ ဖြစ်ပျက်ခဲ့သည်များကပင် သူမ၏ ကျောင်းဝင်ခွင့်ကို မတားဆီးနိုင်ပေ။ ရီဖူရှင်း ဝင်ပြောခြင်းက နဂါးကလန်ကို ကူညီရာ ကျသည်ဟု လူအများက မြင်သော်လည်း အမှန်တကယ်အားဖြင့် ရီဖူရှင်းကိုသာ နာမည်ကောင်း ရစေသည်ဟု သူက မြင်သည်။ ထို့အပြင် ရီဖူရှင်းက မည်သို့ ပြဿနာ ရှာပါစေ လူအများက နဂါးကလန်ကိုသာ မြင်ကြမည် ဖြစ်သည်။
လူတိုင်းက ရီဖူရှင်းအား နဂါးကလန်မှဟု တွေးကြမည် ဖြစ်သည်။ သူ ပြဿနာ ရှာသမျှကို နဂါးကလန်အား သွားထိပေသည်။ ထို့ကြောင့် သူက ရီဖူရှင်းကို ကျေးဇူးလုံးဝ မတင်ပေ။ ထို့အပြင် ရီဖူရှင်း၏ အပြုအမူက ရူးမိုက်ကာ လောင်လင်းအာ၏ ဆုံးဖြတ်ချက်ကို မဆိုင်ဘဲ ဝင်စွက်ဖက် နေသည်ဟုသာ မြင်သည်။ သူမက ကျောင်းဝင်မည် မဝင်မည်ကို သူက ဆုံးဖြတ်ခွင့် မရှိပေ။
သည်ကဲ့သို့သော အခြေအနေတွင် ရီဖူရှင်းက နဂါးကလန်နှင့် မပတ်သက်သည်ကို လူအများအား ရှင်းလင်းအောင် လုပ်ရန် လိုသည်။ လောင်လင်းအာ၏ကိစ္စကိုလည်း သူက ဆုံးဖြတ်နိုင်စွမ်း မရှိပေ။
ကျင်းယွန်ရှောင်းက ပြုံးလိုက်သည်။ သူလည်း လွန်စွာ စိတ်ဝင်စားသွား၏။
ကျင့်နန်၏ မျက်လုံးများတွင် အလင်းတစ်ချက် လက်သွားသည်။ လောင်မူ၏ စကားက သူ့အား လွန်စွာ စိတ်ကျေနပ်စေ၏။ သို့သော်လည်း ရီဖူရှင်းကား ထူးဆန်းစွာပင် တည်ငြိမ်လွန်းနေသည်။ သူက ခေါင်းအနည်းငယ် ပင့်ကာ လောင်မူကို လှမ်းကြည့်သည်။
“ကျုပ် စကားပြောတာ မင်းက ဘယ်တုန်းက ဝင်ပြီး မှတ်ချက်ချပိုင်ခွင့် ရှိသွားတာလဲ…” ရီဖူရှင်း၏ အေးစက်သော အသံက လူအများအား တစ်ဖန် အေးခဲသွားစေသည်။
လူငယ်နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ နှစ်ယောက်လုံးက မာနကြီးကာ ဘဝင်မြင့်ကြ၏။ သူတို့ နှစ်ယောက်လုံးက ဘာမှ ဂရုစိုက်ဟန် မရပေ။
ကုယွန်ချီ၏စကားက ရီဖူရှင်းအား သာမန်ထက်ပိုသော အမြင်တစ်ခုကို ပေးနိုင်ခဲ့သော်လည်း လောင်မူ၏စကားက ရီဖူရှင်းအား ပြန်ရိုက်ချလိုက် သလိုပင်။
ရီဖူရှင်းက မျက်နှာပျက် သွားမည်ဟု လူတိုင်းက ထင်မှတ်ခဲ့သော အချိန်တွင် ရီဖူရှင်းက တူညီသော လေသံဖြင့် ပြောကာ သူ၏မာနကို ပြသခဲ့သည်။ သူ၏စကားတွင် ပြောလိုသော အကြောင်းအရာများစွာ ပါဝင်သည်။
သူက လောင်လင်းအာ၏ ဝင်စွက်ဖက်မှုကို မေးခွန်းထုတ်ခြင်းဖြင့် သူက နဂါးကလန်နှင့် သက်ဆိုင်မှုနှင့် ပတ်သက်၍ သူ၏ရပ်တည်ချက်ကို ပြသည်။ နဂါးကလန်မှ အဆင့်အတန်းဖြင့် ပြောလျှင် ရီဖူရှင်းက လောင်မူထက် နိမ့်ကျသည်ဟု ပြောနိုင်သည်။ သို့သော် ရီဖူရှင်းကား နဂါးကလန်မှ မဟုတ်ပေ။ သူက နဂါးကလန်နှင့်လည်း တစ်ခါမှ ပူးပေါင်းလိုခြင်း မရှိခဲ့ပေ။
စကားတစ်ခွန်းတွင် သတင်း အချက်အလက် များစွာ ပါဝင်ပေသည်။
ကျင့်နန်၏ မျက်နှာက တင်းမာသွား၏။ ရီဖူရှင်းကား လောင်မူကိုပင် မျက်နှာသာ မပေးပေ။ သူ့ဘေးမှ ဝမ်ယွီချန်းကား မိမိကိုယ်ကို စိတ်ပျက်စွာ ရယ်မောလိုက်သည်။ သူကား သူမတို့က မျက်နှာလို မျက်နှာရ လုပ်တတ်သည်ဟု ထင်မှတ်ခဲ့သောသူ ဖြစ်၏။
နဂါးကလန်၊ လောင်မူ၊ လောင်လင်းအာ…။ သူတို့အားလုံးက သူ့အတွက် အထင်ကြီးစရာ မဟုတ်ပေ။ သူကား သူကိုယ်တိုင်သာ ဖြစ်၏။ တခြားလူများကသာ အတွေးလွန်နေခြင်း ဖြစ်သည်။
လောင်မူက ရီဖူရှင်းကို စူးစူးဝါးဝါး ကြည့်နေဆဲ ဖြစ်သော်လည်း ရီဖူရှင်းက ဂရုပင် မစိုက်ပေ။ သူက နောက်လှည့်ကာ စင်မြင့်ပေါ်မှ ဆင်းသွားသည်။ ယနေ့ ဖြစ်ပျက်သမျှက ဤနေရာတွင် အဆုံးသတ်ပြီ ဖြစ်သည်။ သို့သော်လည်း သူ၏အတွေးက တခြားလူများ၏ အတွေးနှင့်တော့ တူညီမည် မဟုတ်ပေ။
***