“အရမ်း အားကောင်းတာပဲ…” မရမတွက်နိုင်သော လူများက စင်မြင့်ပေါ်မှ လူငယ်ကို ကြည့်နေကြ၏။ သူကား စင်မြင့်အလယ်တွင် ထိုင်ကာ ကု့ချင်းကို လှပညက်ညောစွာ တီးခတ်ခြင်းက နတ်ဘုရားများ ဒေါသထွက်သည့်အလား ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီး မိုးကြိုးများ ပြိုင်ဘက်ထံသို့ ကျဆင်းစေသည်။
ကြယ်မင်းကျောင်း၏ ဝင်ခွင့် အကဲဖြတ် စာမေးပွဲ သမိုင်းတွင် ဤသို့ အခြေအနေမျိုး တစ်ခါမှ မရှိခဲ့ပေ။ နဂါးကလန်မှ ဂီတအကူ တစ်ယောက်က ကြယ်မင်းကျောင်းမှ တပည့်များကို ချေမှုန်းပစ်နေသည်။ သူ၏ဒေါသ ဇာစ်မြစ်က မိန်းကလေး တစ်ယောက်က အနိုင်ကျင့် ခံရသောကြောင့် ဖြစ်သည်။
သည်အဖြစ်အပျက်က ကြယ်မင်းကျောင်း၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်။ အကြီးအကဲများက နားမလည်ကြပေ။ အဘယ်ကြောင့် ရီဖူရှင်းက ထိုမျှ အရည်အချင်းဖြင့် ကျောင်းဝင်ခွင့် မလျှောက်ရသနည်း။
ယခု ထူးခြား ထက်မြက်သော မှော်ဂီတ ပညာရှင်များက စင်မြင့်ပေါ်ကို အဆက်မပြတ် တက်ရောက် ယှဉ်ပြိုင်ကြသော်လည်း ရီဖူရှင်း၏ ဂီတသံစဉ်ကား တုတ်တုတ်မျှ မလှုပ်ပေ။ စင်ပေါ် တက်ရောက်သူတိုင်း ခဏအတွင်းတွင် သူ၏သံစဉ်အောက်၌ ပြိုလဲသွားရမြဲ ဖြစ်သည်။
အချိန်အနည်းငယ် အတွင်းတွင် ကြယ်မင်းကျောင်း၏ ဂီတအဆောင်မှ ပါရမီရှင် နှစ်ဆယ်ခန့်က ပြိုလဲသွားကြပြီး ဖြစ်၏။
ဂီတအဆောင်မှ အကြီးအကဲများ၏ မျက်နှာများက သုန်မှုန်နေကြ၏။ လူအများအပြားက အကြီးအကဲ တစ်ယောက်ကို လှမ်းကြည့်ကြသည်။ ဂီတ အဆောင်မှူး ကိုယ်တိုင်က သံစဉ်ကြောင့် စိတ်လှုပ်ရှားရသည်။ ဂီတသံစဉ်က သိမ်မွေ့နက်ရှိုင်းကာ ရီဖူရှင်း၏ တီးခတ်ခြင်းက အလွန် ပြည့်စုံသည်ဟု ပြောရမည်။ သူ့သံစဉ်မှ ဖြစ်ပေါ်လာသော စိတ်ကူးယဉ် ပုံရိပ်များက သူတို့၏ စိတ်ထဲတွင် ပြတ်သားစွာ ပေါ်လာစေကာ သူ၏ မှော်စွမ်းအင်ကို အားကောင်းစွာ အထောက်အပံ့ ပေးသည်။ သည်ကဲ့သို့ ပါရမီရှင်များအား သူ၏ ဂီတအဆောင်တွင် ရှာတွေ့ရန် လွန်စွာ ခက်ခဲပေသည်။
“ယွန်ချီ…” သူ၏အကြည့်က ဂီတအဆောင်၏ ခြွင်းချက်မဲ့ ပါရမီရှင် ကုယွန်ချီထံသို့ ရောက်သွားသည်။
အလယ်အလတ် အကာနာ အဆင့်တွင် သူမ၏ မှော်ဂီတပညာကား အမြင့်ဆုံးတွင် ရှိသည်ဟု ပြောရမည်။ ကုယွန်ချီ၏မျက်နှာတွင် ဝေခွဲမရဟန်များ အတိုင်းသား တွေ့ရ၏။
သူမက စင်ပေါ်ကို သိမ်မွေ့စွာ တက်ရောက်လာသည်။ မရေမတွက်နိုင်သော လူများက သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အား ကြည့်ကာ စိတ်လှုပ်ရှား သွားကြသည်။ ကုကလန်၏ ဂုဏ်ဆောင် ပါရမီရှင်မလေး ကုယွန်ချီက ဝင်ပါတော့မည်လော။
“ဆရာရီ… ဘာလို့ ဒီလို လုပ်ရတာလဲ…” ကုယွန်ချီက တီးတိုးပြောသည်။ ရီဖူရှင်းက ခေါင်းမော့ကာ သူမအား ကြည့်သည်…“မိန်းကလေးကုက ဝင်ပါတော့မှာလား…”
ကုယွန်ချီက ခေါင်းယမ်းသည်…“ကျွန်မတို့က ဂီတပိုင်းဆိုင်ရာ နားလည် တတ်ကျွမ်းမှုကို ယှဉ်မယ်ဆိုရင် ကျွန်မက ဆရာရီကို ဘယ်လို ယှဉ်နိုင်ပါ့မလဲ… ဆရာရီက ဒီလောက်နဲ့ ရပ်လိုက်ဖို့ မေတ္တာရပ်ခံပါတယ်…”
ကုယွန်ချီ၏ စကားကို ကြားလျှင် အားလုံးက ထိတ်လန့် သွားကြသည်။ သူမက ရီဖူရှင်းကို မယှဉ်နိုင်ဟု ဝန်ခံလိုက်သည်လား။
ဒါက… သူမကား ကုကလန်၏ သမီးဖြစ်ကာ ကြယ်မင်းကျောင်း၏ ထိပ်သီးပါရမီရှင် တစ်ယောက် ဖြစ်သည်။ သူမက ရီဖူရှင်းနှင့် ယခင်ကတည်းက သိဟန်ရကာ တိုက်ပွဲမဖြစ်မီကပင် အရှုံးကို ဝန်ခံခဲ့သည်။ ရီဖူရှင်းက အမှန်တကယ်ပဲ ဂီတအကူ တစ်ယောက်ပဲလား…။ သို့ဆိုလျှင် သူက ကုကလန်၏ပါရမီရှင် ကုယွန်ချီထက် မည်သို့ သာလွန်ရသနည်း။
ကြယ်မင်းကျောင်း တပည့်များကြားတွင် ကျင့်နန်နှင့် ဝမ်ယွီချန်းတို့၏ မျက်နှာများ ပျက်ယွင်း သွားကြသည်။
ကုယွန်ချီက ရီဖူရှင်းအား ဆရာရီဟု ခေါ်ခဲ့သည်။ ထို့အပြင် သူမက ရီဖူရှင်းလောက် မထူးချွန်ဟု ကိုယ်တိုင်ဝန်ခံ၏။ ဘာကို ဆိုလိုသနည်း။
ဆိုလိုသည်က သူတို့ အချင်းချင်း သိကြသည်။ နတ်ဗိမာန် အိမ်တော်မှ နတ်သမီး ရေကန်တွင် သူတို့ တွေ့ဆုံခြင်းက ရီဖူရှင်းက သွားရောက်ရောနှောခြင်း မဟုတ်ဘဲ သူတို့က မူလကတည်းက အချင်းချင်း သိကြ၍ တွေ့ဆုံခြင်းသာ ဖြစ်သည်။
ရီဖူရှင်းနှင့် ကုယွန်ချီတို့က မိတ်ဆွေများ ဖြစ်ကြသည်။ သူတို့အတွက်မူ ကုယွန်ချီကား သူတို့ အထင်ကြီး လေးစားရကာ မော့ကြည့်ရုံမျှသာ တတ်နိုင်သောသူ ဖြစ်သည်။ သူတို့က ရီဖူရှင်းကို စော်ကားခဲ့သည်များကို ပြန်တွေးလျှင် ထိုအရာများ အားလုံးက အထင် လွဲမှားခြင်းများလား…။
“သူက ကုယွန်ချီနဲ့ ဘယ်လို သိရတာလဲ..” ကျင့်နန်က သူ၏အမှားကို ဝန်ခံရန် ငြင်းဆန်နေဆဲ ဖြစ်သည်။ သူက မိမိကိုယ်ကို ပြောသည်…“သူက ဘာနည်းလမ်းတွေ သုံးခဲ့တာလဲ…”
သူက ရီဖူရှင်း၏ အရည်အချင်းကို မြင်ခဲ့သော်လည်း အရှိတရားကို လက်ခံရန် ခက်ခဲနေဆဲ ဖြစ်သည်။ သူက ဝမ်ယွီချန်း၏ရှေ့တွင် ရီဖူရှင်းအား အကြိမ်များစွာ လှောင်ပြောင်ကာ စော်ကားခဲ့သည်။ သူ၏အမှားကို ဝန်ခံလိုက်ခြင်းက သူက ညစ်ပတ်သောလူဟု ဝန်ခံခြင်းနှင့် အတူတူပင်။
ကျင့်နန်နှင့် ဝမ်ယွန်ချန်းတို့ တွေးနေသည်ကို ရီဖူရှင်းက မသိပေ။ သူက ဂရုလည်း မစိုက်ပေ။
ကုယွန်ချီ၏စကားကို ကြားလျှင် သူ၏သံစဉ်က တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။ သံစဉ်အဆုံးတွင် ရီဖူရှင်းက ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ထိုင်နေရင်းက သူ၏ကု့ချင်း ဝိညာဉ်အား ရုပ်သိမ်းလိုက်၏။ သူက ခေါင်းမော့ကာ ပြောသည်…“မိန်းကလေးကုက အရမ်း နှိမ့်ချတတ်တာပဲ…”
“ဒါက အမှန်တရားပါပဲ…” ကုယွန်ချီက ပြန်ပြောသည်။ သူမက ကြယ်မင်းကျောင်းမှ အကြီးအကဲများကို ကြည့်ကာ သာယာ ကြည်လင်သော အသံဖြင့်ပြောသည်…“ဆရာများ… ဆရာရီက ဂီတအကူလို့ ပြောပေမဲ့ အမှန်က သူက နှိမ့်ချပြီး နေတာပါ… ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကျွန်မက ချိန်ယွန်လမ်းမှာ ဆရာရီကိုယ်တိုင် ဖန်တီးခဲ့တဲ့ သံစဉ်တစ်ခုကို နားဆင်ခွင့် ရခဲ့ပါတယ်… အဲဒါက ခုနက သူတီးခတ်ခဲ့တဲ့ သံစဉ်ပါပဲ… ဒါကြောင့်ပဲ ကျွန်မရဲ့ ဂီတပညာက သူ့ထက် နိမ့်ကျတယ်လို့ ပြောတာပါ… ဒါကြောင့် ကျွန်မက နတ်ဗိမာန် အိမ်တော်ကို သွားပြီး သူ့ဆီက ဂီတနဲ့ပတ်သက်တဲ့ အကြံဉာဏ်တွေ သွားတောင်းခဲ့ပါ သေးတယ်… ဒါကြောင့် ကျွန်မတို့ ဂီတအဆောင်က သူ့ကို ရှုံးနိမ့်ခဲ့တယ် ဆိုပေမဲ့ ဒါက ရှက်စရာ မဟုတ်ဘူးလို့ ပြောတာပါ… ဂုဏ်သရေရှိ ဆရာများက ဒီကိစ္စကို ဗွေမယူဖို့ တောင်းဆိုပါတယ်…”
ကြယ်မင်းကျောင်းမှ အကြီးအကဲများကား အရှုံးကို လက်ခံရန် ခက်ခဲနေကြသည်။ ကြယ်မင်းကျောင်း၏ ဂုဏ်သိက္ခာက ကျဆင်းခဲ့ရသည်ဟု သူတို့ ခံစားရ၏။ သူတို့၏ တပည့် အများအပြားက ဂီတအကူ တစ်ယောက်ကိုပင် အနိုင်မယူနိုင်ကြပေ။ တခြားလူများက ကြယ်မင်းကျောင်းကို မည်သို့ တွေးထင်ကြ မည်နည်း။
ရီဖူရှင်း၏ပညာက ကုယွန်ချီပင်လျှင် နိမ့်ကျသည်ဟု ဝန်ခံရသည် ဆိုပါက တခြားလူများ၏ အရှုံးက အမှန်ပင် အံ့အားသင့်စရာ မဟုတ်တော့ပေ။
“သူက ကိုယ်ပိုင်သံစဉ်ကို ရေးစပ်ခဲ့တယ်လား…” ဂီတ အဆောင် အကြီးအကဲများက ထိတ်လန့် သွားကြသည်။ ကုယွန်ချီ ပြောသည်မှာ အမှန်ဆိုပါက ရီဖူရှင်း၏ပါရမီကား ထိပ်သီးအဆင့်တွင် ရှိပေသည်။
“မှန်ပါတယ်…” ကုယွန်ချီက ဆက်ပြောသည်…“ပြီးခဲ့တဲ့နှစ်ကုန် နောက်ဆုံးနေ့က ဆရာရီက လင်းအာရဲ့ မွေးနေ့ပွဲကို သွားပြီး ဒီသံစဉ်နဲ့ ဂုဏ်ပြုပေးခဲ့တယ်… သခင်မလောင်က သူ့ကို အများကြီး မျှော်လင့်ထားပြီးတော့ ဆရာရီကို နတ်ဗိမာန် အိမ်တော်ကို လက်ဆောင်ပေးခဲ့တယ်…”
ထိုနေ့က ရီဖူရှင်းက နတ်ဗိမာန် အိမ်တော်ကို ပြန်ပေးအပ်ခဲ့သော်လည်း ရီဖူရှင်းက ထိုနေရာတွင် ဆက်နေခြင်းက သခင်မလောင်က နတ်ဗိမာန် အိမ်တော်ကို ရီဖူရှင်းကို တစ်ခါ ပြန်ပေးခဲ့သည်ဟု သူမက နားလည်သည်။ သူမကလည်း ရီဖူရှင်း၏ အရည်အချင်းကို မြင်ကာ အိမ်တစ်လုံး လက်ဆောင် ပေးသော်လည်း သူက ငြင်းဆိုခဲ့သည်။
ကုယွန်ချီ၏ စကားက လူအုပ်အား မှင်တက်စေသည်။ အနောက်တောင်ကုန်း နဂါးကလန်က နတ်ဗိမာန် အိမ်တော်ကို ဝယ်ယူခဲ့သော်လည်း အကြောင်းပြချက်ကို ဘယ်သူမှ မသိကြပေ။ လူအများအပြားက ကလန်၏ မင်းသမီးလေး အတွက်ဟု ခန့်မှန်းကြသည်။ သို့သော်လည်း ယခုမှ သူတို့၏ရှေ့မှ လူငယ်လေးကို လက်ဆောင်အဖြစ် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ကြရသည်။
နတ်ဗိမာန် အိမ်တော်က နဂါးကလန် အတွက် သိပ်အရေးမပါသည့်တိုင် တန်ခိုးရှင် အများစုအတွက် သူတို့ တစ်ခါမှ ရယူပိုင်ဆိုင်နိုင်သည့် အရာမျိုး မဟုတ်ပေ။ ကြယ်မင်းကျောင်းမှ တပည့်များပင် နတ်ဗိမာန် အိမ်တော်တွင် သွားရောက် စားသောက်ခြင်းက အလွန် စျေးကြီးနေပြီး ဖြစ်သည်။ နတ်ဗိမာန် အိမ်တော်အား ပိုင်ဆိုင်ခြင်းက မည်သို့ဖြစ်မည်ကို သူတို့ ခန့်မှန်း၍ပင် မရပေ။
သခင်မလောင်က ရီဖူရှင်းအား နတ်ဗိမာန် အိမ်တော်ကိုပင် ပေးခဲ့သည်။ ထိုအရာက ဂီတအကူ တစ်ယောက် ရသင့်သည့်အရာ မဟုတ်ပေ။ နဂါးကလန်၏ တိုက်ရိုက် မျိုးဆက်များပင် ထိုသို့ မရနိုင်ပေ။ ရီဖူရှင်းက သာမန် ဂီတအကူ တစ်ယောက်ဟု တွေးထင်ပါက ရူးနေ၍သာ ဖြစ်ရပေမည်။
“နတ်ဗိမာန်အိမ်တော် ပိုင်ရှင်အသစ်…” ဝမ်ယွီချန်း၏ မျက်နှာက ပြာနှမ်းသွားသည်။ ထိုဆွေးနွေးမှုများကို ပြန်စဉ်းစားလျှင် ပိုင်ရှင်အသစ်က နဂါးကလန်မှ ဖြစ်ခဲ့ရပေမည်။
ယနေ့ ဘယ်သူက ပိုင်ရှင်အသစ် ဖြစ်သည်ကို သူမက သိလိုက်သည်။ သူမက နတ်ဗိမာန် အိမ်တော်ကို သွားရောက်ကာ ဂုဏ်ပြုပွဲ ကျင်းပစဉ်က ရီဖူရှင်းနှင့် တွေ့ခဲ့သည်ကို ပြန်စဉ်းစားခဲ့သည်။ ရီဖူရှင်းက သူက ထိုနေရာတွင် ရက်အနည်းငယ် နေမည်ဟု ပြောခဲ့ကာ သူမတို့က ပြစ်တင် ဝေဖန်ခဲ့ကြ၏။
ဒုတိယအကြိမ် သူတို့က ရီဖူရှင်းအား တွေ့ခဲ့စဉ်ကလည်း လှောင်ပြောင် ရယ်မောကာ စော်ကားသော စကားများပင် ပြောဆိုခဲ့ကြသည်။
ရီဖူရှင်းက သူမတို့အား သဘာဝစွမ်းအင် ကျောက်တုံးများကို အဘယ်ကြောင့် ခရီးစရိတ်အဖြစ် ပေးသည်ကို နားလည်လိုက်သည်။ နတ်ဗိမာန် အိမ်တော်တွင် ရီဖူရှင်းအား စော်ကားသော စကားများ ပြောစဉ်က သူက ဘာမှ ပြန်မပြောဘဲ ထွက်သွားသည်ကို နားလည်လိုက်သည်။
အရာအားလုံးက စကားတစ်ခွန်းတွင် ရှင်းလင်းခဲ့ရ၏။ ငါတို့ အချင်းချင်း သိကြလို့လား…။
ရီဖူရှင်းက သူမအား ရှင်းပြနေစရာ မလိုပေ။
သူမက ဘေးတွင် ရပ်နေသော ကျင့်နန်အား စောင်းငဲ့ကြည့်သည်။ သူမက သူ့အား အမြဲ အထင်ကြီး လေးစားခဲ့သည်။ သို့သော် သူပြောခဲ့သော စကားများကို ပြန်တွေးလျှင် ကျင့်နန်က အမြဲတမ်း သူများကို ပြစ်တင်ဝေဖန် နေတတ်သည်ကို သတိထားမိသည်။ သူက တခြားလူများထက် အထက်တန်းကျသည့် အကြောင်းကို ပြောနေရလျှင် စိတ်ကျေနပ်ဟန် ရသည်။ သို့သော် ရီဖူရှင်းမူကား ကုကလန်၏ ပါရမီရှင် ရှေ့တွင်ပင် သူ၏ရဲရင့် တည်ကြည်မှုကို ထိန်းထားနိုင်သည်။
ထိုအရာက တကယ့်ယုံကြည်မှု ဖြစ်သည်။ အဆင့်အတန်း တန်ခိုးအာဏာ ကွာခြားသည့်တိုင် သူက တခြားလူများထက် မိမိကိုယ်ကို နိမ့်ကျသည်ဟု မခံယူထားပေ။ ထိုအရာက မွေးရာပါ သူ၏ စိတ်ဓာတ် ခိုင်မာမှု မိမိကိုယ်ကို ယုံကြည်မှု ဖြစ်သည်။ သူက ကြယ်မင်းကျောင်း တစ်ခုလုံးကို ရင်ဆိုင်ရလျှင်ပင် သူက တုန်လှုပ်ခြင်း ကင်း၏။ သူတို့က တိုက်ခိုက်လိုပါက သူကလည်း ပြန်တိုက်ခိုက်မည် ဖြစ်သည်။
သူမက ထိုသို့တွေးလျှင် သူမ၏ အကြည့်က ဝမ်ယွီရိုထံသို့ ရောက်သွားကာ မျက်လုံးချင်း ဆုံမိကြသည်။ ဝမ်ယွီရိုက သူမအား ကြည့်ကာ တစ်စုံတစ်ခုကို ဆိုလိုဟန် ရနေသည်။ သူမ၏အဘိုးက ဝမ်ယွီချန်းအား ရီဖူရှင်းကို ခေါ်သွားခိုင်းသည်မှာ ဝမ်ယွီချန်းက ရီဖူရှင်းကို ဂရုစိုက်ခိုင်းခြင်း မဟုတ်ဘဲ သူတို့အချင်းချင်း အကြား ရင်းနှီးမှုတစ်ခု ရစေလိုခြင်းသာ ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းကား သူမတို့အဘိုး ထင်မှတ် ထားသည်ထက်ပင် ထူးချွန် ပြောင်မြောက် နေသေးသည်။
မိုးမြေကောင်းကင် မြို့ကဲ့သို့သော မြေရိုင်းဒေသ အရှေ့ဘက်နယ်၏ အချက်အချာ နေရာတွင်ပင် ရီဖူရှင်း၏ပါရမီက အားလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိသည်။
ဝမ်ယွီချန်း ခေါင်းငုံ့လိုက်သည်။ သူမ၏အဘိုးနှင့် ဝမ်ယွီရိုတို့က ရီဖူရှင်းအား အထင်ကြီးခြင်းက အသိအမြင် နည်းသည်ဟု သူမက ထင်မှတ်ခဲ့သည်။ သူမက လောကကြီးကို မြင်တွေ့ခဲ့ပြီဟု ထင်မှတ်ခဲ့ကာ မိမိကိုယ်ကို အထင်ကြီးခဲ့သည်။ ကြယ်မင်းကျောင်း၏ တပည့်တစ်ယောက် အနေဖြင့် သူမက အမြဲတမ်း ရီဖူရှင်းအပေါ် အထက်စီးက ဆက်ဆံခဲ့၏။ သို့သော်လည်း သူမက တခြားလူများကို ထား၍ မိမိကိုယ်ကိုပင် ဝေဖန်ပိုင်းခြား ဆင်ခြင်နိုင်စွမ်း မရှိသေးသည်ကို သိလိုက်ရ၏။
“ကျင့်နန် … ဝမ်ယွီချန်း…. မင်တို့ပြောတာနဲ့ ကုယွန်ချီ ပြောတာ မတူပါလား… သူက အဆက်အသွယ်ကိုပဲ လိုက်ရှာနေတဲ့ သာပေါင်းညာစား ကောင်ဆို…” လီမင်က လှောင်ပြုံး ပြုံးသည်။ တခြားလူများက သူတို့ နှစ်ယောက်ကို လှမ်းကြည့်ကြလျှင် ကျင့်နန်နှင့် ဝမ်ယွီချန်းတို့က ပါစပ်ပိတ် ထားကြသည်။ ကျင့်နန်က ရီဖူရှင်း၏ အရည်အချင်းမှာ သာမန်ဟု ဝေဖန်နေချိန်တွင် ကုယွန်ချီက ရီဖူရှင်းထက် နိမ့်ကျသည်ဟု ကိုယ်တိုင် ဝန်ခံနေ၏။ ထိုအရာက အလွန် အရှက်ရစရာ ကောင်း၏။
ထိုအကြည့်များကို ခံစားမိလျှင် ဝမ်ယွီချန်းက မြေကျင်းတစ်ခု ချက်ချင်းတူးကာ ဝင်ရောက် သွားလိုသောစိတ်ပင် ပေါက်လာသည်။ ကျင့်နန်၏ အမူအရာမူကား ပျက်ယွင်းသည်ထက် ပိုသည်။ သူ၏ အကျင့်စရိုက်နှင့် ဂုဏ်သိက္ခာကား အားလုံး ပျက်စီး သွားရလေပြီ။
***